" ညောင်ညိုပင် က သူငယ်ချင်း "
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ”
{အပိုင်း - ၃} – (ဇာတ်သိမ်းပိုင်း)
ရွာငယ်လေးရဲ့ နေဝင်ချိန်ကာလလေးကို
အသံတစ်ခုက လွှမ်းမိုးသွားပုံမှာ…..
“ ဟင်း ဟင်း ဟင်း ငါ့ကိုအမဲသားကျွေး…
အမဲသားစားမယ်..အမဲသား… ”
ဒေါ်ပွားစိန်တို့အိမ်ငယ်လေးမှ ထူးခြားသည့်အသံ
ထွက်လာသဖြင့်အိမ်နီးချင်းများက
“ ဟေ့ ဘာဖြစ်ကြတာလဲဟေ့ …. ”
တစ်ချိန်တည်းဆိုသလို ဒေါ်ပွားစိန်တစ်ယောက်
အိထဲကနေ ဝရုန်းသုန်းကား ပြေးထွက်လာရင်းနဲ့အော်ပါလေရော
“ ကယ်ကြပါဦးရှင်..ဒီမှာ ကျွန်မ ယောကျာ်း
ကိုချစ်စိုး တစ်ယောက် ဘာဖြစ်မှန်းမသိဘူး…
အိပ်နေရင်းက လည်ပင်းထညှစ်ပြီးအမဲသားပဲ
တောင်းနေတယ် ကယ်ကြပါဦး…. ”
ဒေါ်ပွားစိန်စကားကြောင့်အိမ်နီးချင်းရွာသားတွေကထဲက
ယောကျာ်းသား ၃ယောက်လောက်က ဒေါ်ပွားစိန်တို့အိမ်ပေါ်ကိုပြေးတက်လိုက်ပြီး
အိမ်ပေါ်မှာ သောင်းကျန်းနေတဲ့ ကိုချစ်စိုးကို ဝိုင်းချုပ်ကြတော့
ကိုချစ်စိုးက ယောကျာ်းသားကြီး ၃ယောက် ချုပ်ထားတဲ့ ကြားက
ဝူးဝူးဝါးဝါးအော်ရင်းနဲ့ ရုန်းကန်နေရင်း
အမဲသားစားမယ်ဆိုတဲ့စကားကိုပဲအော်နေပြန်တယ် ၊
သူ့ကိုချုပ်ထားတဲ့သူတွေကိုလည်း တွန်းဖယ်လိုက်ပုံများ
ကိုချစ်စိုးအစစ်မှဟုတ်ရဲ့လားလို့ သံသယဝင်စရာဖြစ်သွားနိုင်တယ်… ၊
စဉ်းစားကြည့်လေ ကိုချစ်စိုးဆိုတာအရက်သမား ၊ ထန်းရည်အမြဲမူးနေတဲ့သူ
လူက ဗလန်လေး… လက်မောင်းလုံးအရွယ်က လူတစ်ယောက်
လက်တစ်ကိုင်စာပဲရှိတဲ့သူ… တစ်ကိုယ်လုံးအရိုးတွေချည်းပဲ… ၊
အခု သူ့ကိုဝိုင်းချုပ်ထားတဲ့သူ ၃ယောက်က တကယ့်ကို သန်သန်မာမာ
လယ်ယာမှာ နွားနဲ့အတူ ရုန်းကန်နေကြတဲ့ ကြွက်သားကြီးတွေနဲ့
လူသန်သန်မာမာကြီးတွေ…. ။
“ ဟာ.. ဒီလူသန်လှချည်လား ကိုဖိုးခွားရေ ”
“ ဒါ သွေးရိုးသားရိုးမဟုတ်တော့ဘူး ကိုစိုးခင်ရေ ”
“ လုပ်ကြပါဦး ကျွန်မယောကျာ်းကို… ၊
ဘာဖြစ်မှန်းမသိဘူး..ကယ်ကြပါဦးအရပ်ကတို့ရေ…… ”
“ ကိုသာကျော်တို့ရေ…ရွာထဲကမှာ ပယောကနိုင်တဲ့သူ
ဘယ်သူရှိလဲ သွားပင့်ခဲ့ဗျာ… ”
“ ကျုပ်တို့ရွာမှာတော့ ဒီလိုတစ်ခါမှမဖြစ်ဖူးသေးဘူး…
နိုင်တယ်မနိုင်ဘူးဆိုတာလည်းကျုပ်တို့မသိဘူး ၊
ဘယ်သူရှိမလဲ..လုပ်စမ်းပါဦး လမ်းညွှန်စမ်းပါဦး… ”
“ ရွာအပြင်က ပညာသည် ဟို..အဘွားကြီးတော့ရှိတယ်…
ဒါ..ဒါ..ဒါပေမယ့် ”
“ ဟင်…. ”
“ သြော် မင်းဟာကလည်း ဒါပေမယ့်တွေဘာတွေ လုပ်မနေစမ်းပါနဲ့
အရေးပေါ်အခြေအနေဖြစ်နေပြီလေ..ဘယ်သူမှလည်းမလုပ်တတ်တော့
သူ့ဆီပဲပြေးရမှာပေါ့… ”
“အဘွား ရေ..အဘွား… ကြီးမေ…
ဟင်… ဟဲ့ ခင်နန်း ကလေးမ .. ညည်းအဘွားဘယ်သွားလဲ ”
ရုတ်တရက် ခင်နန်းတို့တဲလေးရှေ့မှာ လာအော်နေတဲ့ လူတွေကြောင့်
ခင်နန်း တဲအပြင်ကိုထွက်သွားရင်း
“ ဘွားဘွား မရှိဘူး.. မနေ့ညကတည်းက ခရီးထွက်သွားတယ်
ဘယ်သွားမယ်ပြောမသွားဘူး..ဒီနေ့နေ့လည်လောက်တော့ပြန်ရောက်မယ်ထင်တယ်
ဘာကိစ္စရှိလိုကလဲမသိဘူး… ”
“ ရွာထဲမှာ ကိုချစ်စိုးကို သရဲပူးလို့တဲ့ဟေ့…
နင်ရော နင့်အဘွားလို ဆေးတွေဘာတွေ မကုတတ်ဘူးလား… ”
တစ်ဖက်ကအမေးကို ခင်နန်းတစ်ချက်တွေဝေသွားရင်း
“ သ..သ..သမီးလား… ကု..အဲ…အဲ..ကုတတ်တာပေါ့…
ရွာထဲမှာ စောင့်နေ…သမီးပစ္စည်းတွေယူပြီးအနောက်က လိုက်ခဲ့မယ် ”
ခင်နန်းတစ်ယောက် လူနီလေးအားကိုးရှိတာကို
သတိရသွားပြီး ကတိခံလိုက်ရင်း သူ့လက်ထဲမှာတော့ ညောင်ရွက်ကလေး
တစ်ရွက်ကို ဆုပ်ကိုင်ထားလို့…ခြေလှမ်းတွေက ညောင်ညိုပင်ကြီးဆီက
သူငယ်ချင်းလေးဆီသို့….. ၊
ရောက်ပါပြီ…ညောင်ညိုပင်ကြီးနား…
“ သူငယ်ချင်းလေးရေ… သူငယ်ချင်းရေ…
ငါခင်နန်းပါ… ”
ထိုစဉ် ခင်နန်းအနောက်မှအသံသေးသေးလေး
“ ဟဲ မိနန်း ဘယ်တွေလျှောက်ရှာနေတာလဲ
ငါနင့်နောက်မှာဟ…ခစ်ခစ်ခစ်ခစ် ”
“ ဟား..အေးပါဟယ်… ”
“ ဆို…ဘာကိစ္စရှိလို့တုန်း ”
“အရေးကြီးတယ် သူငယ်ချင်းရေ..တစ်ခါတုန်းက နင်ပြောဖူးတယ်လေ
နင်က သရဲ ၊ တစ္ဆေတွေဘာတွေ နိုင်တယ်ဆိုတာ… ၊အဲ့ဒါ ငါတို့ရွာထဲမှာ.. ”
ခင်နန်းစကားမဆုံးခင်မှာပင် လူနီလေးက
“ နင်တို့ရွာထဲကအိမ်တစ်အိမ်မှာ သရဲပူးပြီး
သောင်းကျန်းနေတယ်ဆိုပါတော့လေ… ”
ခင်နန်းအတော်လေးအံ့သြသွားရင်း
“ ဟယ်… နင်က ဘယ်လိုသိတာတုန်း
ဟုတ်တယ် ငါအဲ့ကိစ္စ နင့်ကိုအကူအညီလာတောင်းတာ
သူငယ်ချင်းရေ ”
လူနီလေးက မြောက်ကြွားကြွားလေသံနဲ့
“ ဟင်း ဟင်း ဟင်း..ငါသိတာပေါ့…
သိဆို… ငါတို့ ပရလောကသားတွေက နင်းတို့လို လူတွေထက်
သတင်းရတာမြန်ကြတယ်လေ…
နင်တို့ရွာမှာ လူအများဆုံးရှိလှအိမ်ခြေ တစ်ရာပေါ့…
ငါတို့ပရလောကသားတွေကအဲ့လိုမဟုတ်ဘူး…အပင်တစ်ပင်မှာ
အနည်းဆုံးတစ်ကောင်စီနေကြတယ်… ၊ တစ်ချို့နေစရာမရှိရင်
သစ်ကိုင်းလေးတွေ ၊ သစ်ရွက်လေးတွေမှာအစ ခိုကပ်နေကြတာ… ၊
ဒီသတင်းက ငါကြားပြီးပါပြီ…ဝင်ပူးနေတဲ့သရဲက တစ်ခြားသူမဟုတ်ဘူး
နင့်အဘွားလက်ချက်နဲ့ ဆုံးသွားပြီး သရဲဖြစ်နေတဲ့ သူတစ်ယောက်ပဲ
ဖြစ်စဉ်ကအခု ဝင်ပူးခံထားရတဲ့ ငမူးက မူးမူးရူးရူးနဲ့
အဲ့ဒီသရဲနေတဲ့အပင်အောက်အပေါ့သွားတဲ့အပြင် ဆဲဆိုသွားတယ်လေ ၊
အဲ့ဒါကြောင့် ဟိုကောင်က မကျေနပ်လို့ ငမူးကံနိမ့်နေတုန်းဝင်ပူးပြီး
သောင်းကျန်းနေတာပေါ့… ”
“ ဒါ..ဒါ..ဆို ငါက ဘယ်လိုလုပ်ရမလဲ ”
“ နင်က နိုင်ပါတယ် နင့်မှာကပညာလည်းရှိထားတော့ နိုင်မှာပါ… ၊
ငါစိုးရိမ်တာတစ်ခုတော့ရှိတယ်အဲ့ဒီကောင်က နင့်အဘွားလက်ချက်နဲ့သေထားပြီး
သရဲဖြစ်နေတဲ့ကောင်ဆိုတော့ နင့်ကို သိနေမှာပဲအဲ့တော့အန္တရယ်ပြုမှာတော့
ငါစိုးရိမ်တယ်… ဒီတစ်ခါတော့ ငါ နင်နဲ့အတူ
ရွာထဲလိုက်ပြီး ကူညီမှရတော့မယ်… ၊ နင်သတိထားဖို့က ရွာထဲရောက်ရင်
နင်တစ်ယောက်ပဲ ငါ့ကိုမြင်ရတာမို့လို့အပြောအဆို ၊အကြည့်တွေ ၊အနေအထိုင်ကအစ
ဆင်ခြင်ပါ… ၊ ငါမရှိသလိုဟန်ဆောင်ပါ ငါဘေးနားက ကူညီပေးနေမယ် ၊
အဲ့လောက်တော့ နင်တတ်ပါတယ် ”
ခင်နန်းလည်း ခေါင်းညိမ့်ပြလိုက်ရင်း…
“ ငါတတ်ပါတယ်ဟ..မင်းသမီးတောင်လုပ်လို့ရသေး ဟဲဟဲ ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ကဲ ခင်နန်းရေ ရွာအဝင်တောင်ရောက်နေပြီ
နင်တို့ရွာအဝင်မှာ ရွာစောင့်နတ်ကြီးကလည်း လှံကြီးကိုင်လို့
အဝင်အဝကို ပိတ်စောင့်နေပါလား…ဟဲ့…ခင်နန်း ရွာစောင့်နတ်ကို
နင်မမြင်ရပေမယ့် ခွင့်တောင်းလိုက်ပါ…ငါ့ကိုခေါ်ပါရစေလို့ ”
ခင်နန်းလည်း လူနီလေးပြောတဲ့အတိုင်း ရွာစောင့်နတ်ကို
ရည်စူးပြီး ခွင့်တောင်းတဲ့စကားဆိုလိုက်တယ်… ၊
“ ရွာစောင့်နတ်မင်းကြီးရေ…ကျွန်မ ခင်နန်းနဲ့အတူ
ပရလောက သူငယ်ချင်းလေးတစ်ယောက်အတူပါလာပါတယ်… ၊
ရွာထဲမှာ သောင်းကျန်းနေတဲ့ သရဲတစ်ကောင်ကို နှိမ်နှင်းပြီး
လူတွေကို ကယ်ချင်လို့ပါ ကျွန်မနဲ့အတူ သူငယ်ချင်းလေးကိုလည်း
ရွာထဲကို ဝင်ခွင့်ပြုပါလို့ တောင်းဆိုပါတယ် နတ်မင်းကြီးရှင်…. ”
ထိုအခါမှ လူနီလေးက
“ ဟော..ဟိုမှာ ရွာစောင့်နတ်ကြီးက
ကြည်ကြည်ဖြူဖြူနဲ့ လမ်းဖယ်ပေးနေပြီအမြန်သွားကြရအောင် ”
လို့ပြောလျှင်ပြောချင်း ခင်နန်းတို့လည်း သရဲပူးကပ်နေတဲ့နေရာဆီကို
အမြန်ပြေးသွားဖြစ်ခဲ့ကြတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူတစ်ယောက် ..လူပိန်..လူဗလန်လေးတစ်ယောက်တည်းကို
လူသန်ကြီး ၁၀ယောက်လောက်ကအလုံးကြီးကြီး ကြိုးတွေနဲ့ ခြေတွေလက်တွေကို
တုပ်နှောင်ထားတဲ့အပြင် သူတို့အားတွေနဲ့ပါ ဝိုင်းချုပ်ထားတဲ့ကြားက
လူဗလန်လေးက ရုန်းလိုက်ရင် လူသန်ကြီးတွေပါ ယိုင်ယိုင်သွားတဲ့ မြင်ကွင်း… ၊
“ ငါ့ကိုအမဲသားကျွေးကြစမ်း ၊အမဲသားစားမယ်… ”
အဲ့ဒီမြင်ကွင်းကို ဝိုင်းကြည့်နေကြတဲ့လူတွေက
တစ်ရွာလုံးနီးပါးပဲ.. ခင်နန်းလည်း လူအုပ်ထဲ တစ်ဖြည်းဖြည်းတိုးသွားရင်း
ရှေ့ဆုံးကိုရောက်တော့ သူ့ရှေ့ကနေ လူနီကလေးက
အချက်ပြသလိုလုပ်ပြရင်း သရဲပူးနေတဲ့လူနားကိုလှစ်ခနဲပြေးသွားပါလေရော … ၊
ခင်နန်းလည်း လူနီလေးအရိပ်အကဲပြသွားတဲ့အတိုင်းအသံတုန်းကို
မြင့်နိုင်သမျှမြင့်အောင်ထားပြီး သရဲပူးနေတဲ့လူကို လက်ညှိုးထိုးထားရင်းအော်လိုက်တယ်…. ၊
“ တိပ်စမ်း….. ”
ခင်နန်းအသံကြောင့် ဝိုင်းကြည့်နေတဲ့လူတွေအကြည့်က ခင်နန်းဆီရောက်လာကြပြီး
လူတွေက နေရာဖယ်ပေးသလိုနဲ့ ကျဲသွားကြတယ် ၊ ခင်နန်းပြောလိုက်တာနဲ့
သရဲပူးနေတဲ့လူကလည်းအော်ဟစ်နေတာတွေရပ်သွားပြီး တစ်ဝူးဝူးနဲ့ပဲ
ဖြစ်နေတော့တယ် ၊ သရဲပူးနေတဲ့လူရဲ့ ကိုယ်ထဲက မှီနေတဲ့အပ (သရဲ)ကောင်ရဲ့ ပါးစပ်ကို
လူနီလေးက သူ့လက်သေးသေးလေးနဲ့ ပိတ်ပေးထားတာကိုတော့
ခင်နန်းတစ်ယောက်ပဲမြင်နိုင်တာပေါ့… ၊
ဆက်ပြီး ခင်နန်းက
“ ဟဲအကောင်..နင်က ငါတို့ရွာသားကို နှောက်ယှက်ရဲတယ်ပေါ့လေ…
သေစမ်းဟယ်..သေစမ်း ”
ခင်နန်းကအဲ့လိုပြောလိုက်တာနဲ့ လူနီလေးက ဝင်ပူးနေတဲ့သရဲကို
သူ့လက်သေးသေး ၊ ခြေသေးသေးလေးတွေနဲ့ ထိုးလိုက် ကန်လိုက် လုပ်ပါလေရော…
လူနီလေးထိုးနေပုံက ကလေးတစ်ယောက် လူကြီး ၊ လူသန်ကြီးကို စနောက်ရင်း
ထိုးကြိတ်နေသလို မြင်ရပေမယ့် ခံရတဲ့သူကအတော်လေးခံရတဲ့ပုံမျိုးနဲ့
လူးလှိမ့်ရင်းအော်နေပါလေရော… ၊အဲ့လိုဖြစ်နေတာကိုမြင်တော့အစက
ဝိုင်းချုပ်ထားကြတဲ့ လူသန်ကြီးတွေလည်း လန့်ပြီးအနားမကပ်ရဲဖြစ်သွားကြတယ် ၊
ခံနေရတဲ့ သရဲကတော့ မြေမှာ လူးလှိမ့်နေရင်းက
“ ကြောက်ပါပြီ ကြောက်ပါပြီ နောက်မလုပ်တော့ပါဘူး… ”
ဟု တောင်းပန်ပါလေရော…ခင်နန်းက မကျေနပ်သေးပဲ
“အောင်မယ် နင်းကလုပ်တုန်းကလုပ်ပြီးအခုမှ
ကြောက်ပါသလေးဘာလေးနဲ့ မလိုချင်ဘူး…နင် ဘာကိစ္စ
ဒီလို သောင်းကျန်းတာလဲဖြေစမ်း ”
အမိန့်ဆန်ဆန် ခင်နန်းစကားအဆုံး လူနီလေးကလည်း
ဝင်ပူးနေတဲ့သရဲရဲ့ လက်နှစ်ဖက်ကို နောက်ပြန်လှန်ပြီးချုပ်ထားပေးတယ် ၊
အဲ့ဒီအခါမှ သရဲက ပြန်ဖြေတေ့ာတယ် ၊ သူ့နေရာမှာ ချစ်စိုးက ကျဉ်ငယ်စွန့်တဲ့အပြင်
မိုက်မိုက်ရိုင်းရိုင်းတွေ ဆဲဆိုသွားတာကြောင့် ဒီလို ဒုက္ခပြန်ပေးရတာဖြစ်တဲ့အကြောင်းပြန်ပြောတယ် ၊
ခင်နန်းလည်း လူနီလေးကို တစ်ချက်ကြည့်လိုက်တော့ လူနီလေးက
သူ့ကို လက်ဟန်ခြေဟန်နဲ့တစ်ခုခုလုပ်ပြနေရော… ၊ လူနီလေးဆိုလိုရင်းကို
ခင်နန်းရိပ်စားမိပြီးတော့… တရားသူကြီးတစ်ယောက်စီရင်ချက်ချသလို ခင်နန်းက
“အဟမ်း..ဒါဆို နင့်ကိုအခု ကာယကံရှင်ကိုယ်တိုင်ကအမဲသား
တစ်ပိသာချက်နဲ့ လာတောင်းပန်ရင်ကျေနပ်မလားပြောစမ်း ” ဆိုတော့ သရဲကလည်း
ခေါင်းကိုတစ်ဆက်ဆက်ညှိမ့်ပြရင်းကျေနပ်ကြောင်းပြောပြီး ထွက်သွားတော့တယ် … ၊
ရှဉ့်လည်းလျှောက်သာပျာ်းလည်းဆွဲသာဖြစ်စေခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်လုပ်ရက်ကြောင့်
တစ်ဖက်က လူလည်းအန္တရယ်ကင်း ၊ သရဲလည်း စားချင်တာစားရပြီလေ… ၊
ပတ်ဝန်းကျင်က ရွာခံတွေကတော့ ခင်နန်းကိုအတော်လေး
လေးစားကြည်ညိုတဲ့အကြည့်တွေနဲ့ ဝိုင်းကြည့်လို့… ၊ ကိုချစ်စိုးရဲ့ မိသားစုတွေကလည်း
ခင်နန်းကိုကျေးဇူးတင်မဆုံးကို ဖြစ်နေပြန်တာ… ၊ ခင်နန်းလည်း ပီတိအပြုံးလေးတွေပန်ဆင်လို့… ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ဒီမယ် မြေးမလေး…ဘွားဘွားမသိအောင် မြေးမလေး
ဘာတွေလုပ်နေလဲ မှန်မှန်ပြောစမ်း… ”
တစ်သက်လုံးမညာရဲခဲ့တဲ့အဘွားမို့ ခင်နန်းအဘွားကို ….
သူ့သူငယ်ချင်းလူနီလေးအပေါ်အန္တရယ်မပြုပါဘူးဆိုတဲ့ ကတိတစ်ခုတောင်းရင်း
လူနီလေးအကြောင်းတွေအစဆုံးပြောပြ လိုက်တော့တယ်
“ ဒီလိုပါပဲဘွားဘွား…အဲ့ဒီအတိုင်းပါပဲ
သူက သမီးတို့ကို လူရပြန်ဝင်အောင် လူသားတွေလက်ခံလာအောင်
လူတော်တိုးအောင်လမ်းမှန်ပို့ပေးနေတဲ့သူတစ်ယောက်ပါ ဘွားဘွား ”
“အေးကွယ်…ငါ့မြေးလေးအတွက်အဘွားစိတ်ပူနေတာ
အခုတော့စိတ်အေးသွားပြီ..မြေးမှာ စိတ်ချရတဲ့သူငယ်ချင်းရှိနေတာပဲ…
ဒါနဲ့အဘွားတစ်ခုမေးဦးမယ် သူပြောတဲ့အတိုင်း မြေးလေးက
တကယ်ကို စုန်းပညာ မလိုချင်ဘူးလား…. ”
“ ဟုတ်တယ် ဘွားဘွား မလိုချင်ပါဘူး… ၊
သမီး သာမန်လူတွေလိုပဲနေထိုင်ချင်တယ် ၊ ရှင်သန်ချင်တယ်
ဘွားဘွားရယ်…. ၊ ဒါပေမယ့် သမီးကိုမွေးကတည်းက
ဒီပညာကို ဘွားဘွားထည့်ပေးပြီးသားဆိုတော့
“ ဒီလိုလည်းမဟုတ်ဘူးငါ့မြေးရ…
ညည်းဘွားအေကြီးကလည်း စုန်းမဆိုပေမယ့်
သင်ယူတတ်မြောက်ထားတဲ့ စုန်းပညာသည်မဟုတ်ဘူး..ဝမ်းတွင်းမှာ
မွေးကတည်းကပါလာတဲ့ ဝမ်းတွင်းစုန်းပညာသည်ကြီးကွဲ့…
အဘွားလည်း မြေးလေးလိုပဲနေထိုင်ချင်ခဲ့တာပါ… ၊ ဒါပေမယ့်အခွင့်မသာခဲ့ဘူးလေ…
မြေးလေးကိုပညာပေးခဲ့တယ်ဆိုတာလည်း မြေးလေးတစ်ယောက်တည်း
အဘွားမရှိတဲ့အခါ လုံခြုံစေချင်တဲ့စိတ်နဲ့ပါ… ၊အခုမြေးလေးက လက်မခံဘူး
မလိုချင်ဘူးဆို ဒီပညာကိုအဘွားပြန်သိမ်းလို့ရပါတယ်… ကဲကဲ...လာ… ”
ခင်နန်းလည်း ပါးစပ်က ဂါထာတွေရွတ်နေတဲ့အဘွားရှေ့တိုးသွားလိုက်ရင်း…
“ ဘွားဘွားကရော..ပညာတွေ…ဘယ်လိုလုပ်မှာလဲ….
ဆက်သုံးနေမှာပဲလား…သမီးဘွားဘွားကို ကောင်းရာဘုံပဲ
ရောက်စေချင်တယ်… ၊ သံသရာမှာ…. ”
ခင်းနန်းတို့မြေးအဘွားစကားပြောနေတုန်းမှာပဲ…
ကောင်းကင်မှာ စုန်းမီးလုံးကြီးတွေ တစ်လုံးပြီးတစ်လုံး
နိမ့်ချည်မြင့်ချည်ဖြစ်နေတာကို တဲလေးထဲက ပြတင်းဝကနေ မြင်လိုက်ရတော့
ခင်နန်းအထူးအဆန်းဖြစ်နေတုန်း ခင်နန်းအဘွားက..
“ ငါ့မြေးရေ…အဘွားနဲ့ပညာပြိုင်မယ့်သူတွေလာနေပြီ
မြေးလေးကိုယ်ထဲက ပညာစက်တွေကို တစ်ချို့အဘွားပြန်သိမ်းပေးခဲ့ပြီးပြီ
ကျန်တာကိုအခုနေအဘွားတစ်ခုခုဖြစ်သွားခဲ့ရင်လေ…မြေးလေးရဲ့
သူငယ်ချင်းဆီသွားပြီးအကူညီတောင်းနော်…. ”
အဘွားကြီးကပြောပြောဆိုဆိုနဲ့ သူ့မြေးမလေးကို
တစ်ချက် ဝအောင်ကြည့်ပြီး ပါးလေးကိုနမ်းရှိုက်လိုက်ရင်း
မျက်ရည်စမ်းတဲ့မျက်ဝန်းလေးနဲ့အိမ်အပြင်ကိုပြေးထွက်သွားပြီး
တစ်ခုခုကိုကြုံးဝါးသွားတော့တယ်….
“ ငါ့များ ပညာလာစမ်းနေတယ့်
၁၂ကြိုးကောင်မတွေ သေပြီသာမှတ်…. ”
ပြောရင်းနဲ့အဘွားအိုအမှောင်ထုကြီးထဲတိုးသွားပြီးတော့
မကြာခင်အဘွားအိုဝင်သွားတဲ့အမှောင်ထုကြီးထဲကနေ
အတော်လေးကြီးတဲ့အပြာရောင်မီးလုံးကြီးတစ်လုံးက
ကောင်းကင်ပေါ်ပြေးတတ်သွားပြီးအခြားမီးလုံးကြီးတွေနဲ့
တိုက်ခိုက်သလိုဖြစ်နေပြန်တယ်…အပြာရောင်မီးလုံးကြီးနဲ့
ထိထိသမျှ တစ်ခြားမီးလုံးတွေက ကြယ်ကြွေကျသလို
တစ်လုံးပြီးတစ်လုံး ကျကုန်ပြီး မီးရောင်ပျောက်ကုန်ကြနေတုန်း
အပြာရောင်မီးလုံးကြီးဆီကိုအခြားအနီရောင်မီးလုံးသုံးလုံးက
တဟုန်ထိုးတိုက်ခိုက်ကြပြန်တော့အဘွားအိုရဲ့အပြာရောင်မီးလုံးကြီးလည်း
မြေပြင်ကို သက်ဆင်းသွားရရှာတယ်… ၊ မြင်ကွင်းကိုအစအဆုံးမြင်နေရတဲ့
ခင်နန်းက မျက်ရည်လေး ကြိတ်ကျနေယုံကလွဲ………… ။
“ ခင်နန်း…ဟဲ့ခင်နန်း..
နင်မငိုပါနဲ့ဟာ..အခုက နင့်အဘွားက သေမှန်းရှင်မှန်းနင်သေချာသိတာလည်းမဟုတ်ဘူး
ငါဗေဒင်ဟောရမလား သူမသေပါဘူးခင်နန်းရ…မကြာခင် နင့်ဆီပြန်လာလိမ့်မယ်… ”
“ တကယ်နော် သူငယ်ချင်း နင်တကယ်ပြောတာလား… ”
လူနီလေးက ခေါင်းကိုတစ်ချက်ချင်းညှိမ့်ပြလိုက်တော့မှ
ခင်နန်းမျက်ရည်တွေသုတ်လိုက်မိတယ် ။
“ ခင်နန်း နင့်ကို ငါအရေးကြီးတာပြောပြရမယ်
ဟိုဘက်တောက ပြောင်းလာတဲ့ တိမ်ညိုခေါင်းဆောင်တဲ့
ဓါးပြအဖွဲ့က နက်ဖြန်ည နင်တို့ရွာထဲဝင်ဖို့ရှိတယ်လို့
ငါသတင်းကြားထားတယ်… ငါပြောတာနင်ယုံလိုက် ၊
တစ်ရွာလုံးကိုသွားသတိပေးတော့…အခုချိန်က နင်ငိုနေရမယ့်အချိန်မဟုတ်တော့ဘူးနော်
ခင်နန်း ပြေးပေဦးတော့ ခင်နန်းရေ… ”
သူငယ်ချင်းဖြစ်သူစကားကိုအကြွင်းမဲ့ယုံကြည်သူ
ခင်နန်းတစ်ယောက် ရွာထဲကိုခြေဗလာနဲ့ပြေးသွားရင်း
ရွာက တာဝန်ရှိ ရွာလူကြီးနဲက ရပ်မိရပ်ဖတွေကို ပြေးပြောဖြစ်ခဲ့တယ် ၊
လူကြီးတွေက ကလေးစကားဆိုပေမယ့်အခြားကလေးမဟုတ်ပဲ
ဗေဒင်ဆရာမလေး ခင်နန်းဖြစ်နေတဲ့အတွက် ယုံကြည်ကြပြီး
ရွာကို ကာကွယ်ကြဖို့အားချင်းလုပ်ကိုင်ကြရင်း ညဘက်မှာ
မသိသလိုနဲ့ ဟန်မပျက်နေကြတဲ့ပုံမျိုးလုပ်ထားကြပြီ… ၊
အမှန်တော့ရွာပတ်လည် ကင်းပုန်းတွေချထားပြီး
တစ်ရွာလုံးနိုးနိုးကျားကျားနဲ့ ကျားကြီး ထောင်ချောက်ထဲ
ဝင်လာမယ့်အချိန်ကို စိတ်ရှည်လက်ရှည်စောင့်နေမှာမလွဲ ။
မြင်းခွါသံတွေစကြားလိုက်ရပြီး…မြင်တွေက
ရွာထဲကို ဒုန်းစိုင်းပြေးလာပုံရတယ်…. ၊ ရွာထဲကို မြင်းတွေစဝင်ပြီဆိုတာနဲ့
အရှိန်နဲကပြေးလာနဲ့မြင်းတွေကိုအသင့် ပုန်းကွယ်ပြီးစောင့်နေကြတဲ့
ရွာကင်းသမားတွေကအသင့်ပြုလုပ်ပြီးသားမြေကြီးအောက်မှာ မြှုပ်ထားတဲ့
ထောင်ချောက် ကြိုးတစ်ချောင်းကို တင်းနေအောင် ဟိုဘက်ဒီဘက်အချက်ပြီရင်း
ဆွဲမလိုက်ပြီးအနားက တိုင်လုံးတွေမှာ ချည်လိုက်တဲ့အခါ…. ၊ ပြေးလာတဲ့မြင်းတွေအကုန်
အမှောင်ထဲမှာကြိုးကို ရုတ်တရက်မရှောင်နိုင်တော့ပဲ ခြေခွေလဲကျပါလေရော… ၊
မြင်းတွေလဲကုန်တော့ မြင်ပေါ်က ဓါးပြတွေလည်း ဓါးပြတိုက်ဖို့နေနေသာသာ
အတုန်းအရုန်းလဲကျသွားကုန်ပြန်တယ်…. ၊အဲ့ဒီအခါမှ ဓါးပြတွေအပေါ်ကနေ
ပိုုက်ကွန်တွေအုပ်ချလိုက်ပြီးတော့ ရွာသားတွေက
ညာသံပေးရင်း…တုတ် ၊ ဓါးတွေနဲ့ ဝိုင်းထားလို့ ဆိုးသွမ်းပါတယ်ဆိုတဲ့
ဓါးပြတွေကို ကြက်ကလေး ငှက်ကလေးလို ဖမ်းနိုင်ခဲ့ကြပြီလေ ။
တစ်ရွာလုံးကလည်း ခင်နန်းအပေါ်မှာ
ကျေးဇူးတင်မဆုံးဖြစ်နေကြတာပေါ့… ၊ ရွာလူကြီးကိုယ်တိုင်ကလည်း
ခင်နန်းကိုတခမ်းတနား ဂုဏ်ပြုပွဲကြီးလုပ်ပေးသေးတယ် ၊ ခင်နန်းရွာထဲမှာနေဖို့အတွက်
အိမ်တစ်အိမ်လည်း တစ်ရွာလုံးက ဝိုင်းဆောက်ပေးပြန်သေးတယ် ။
ခင်နန်းတို့ရွာငယ်လေးမှာတော့ လပြည့်လကွယ်ဆိုရင်
စုန်းမီးအပြာရောင်ကြီးက မိုးပေါ်မှာ ဝဲ၀ဲနေတာကိုလည်း
မြင်ရတတ်တယ်တဲ့…….. ။
ခင်နန်းဆိုတဲ့ ကလေးမလေး နဲ့ သူ့ရဲ့ ညောင်ညိုပင်က သူငယ်ချင်းကြောင့် ၊
ရွာငယ်လေးအန္တရယ်ဘေးဆိုးကနေ လွတ်မြောက်သွားပြီး … ၊ တိမ်ညိုရဲ့ တပည့်
ဓါးပြတွေအတုန်းအရုန်းအဖမ်းခံလိုက်ရတဲ့အကြောင်းတွေ………. ၊
အထူးသဖြင့် ဘယ်လိုမှမဖြစ်နိုင်အောင် သတိင်းမပေါက်နိုင်အောင်
တိုးတိုးတိတ်တိတ်လုပ်ကိုင်တဲ့ ဓါးပြအစီအစဉ်ကို သိသွားတဲ့
ခင်နန်းရဲ့နောက်ကွယ်က… ကူညီနေသူ… လူမသိတဲ့ သူငယ်ချင်းအကြောင်း…..
ဒီအကြောင်းတွေကို ဓါးပြထွက်တုန်းက စိတ်တွေလေးနေလို့ နေရစ်ခဲ့တဲ့
ဓါးပြခေါင်းဆောင် တိမ်ညိုသာ သိသွားခဲ့မယ်ဆိုရင်… ၊ ဘာတွေများ
ဆက်ဖြစ်နိုင်သလဲ…. ၊ တိမ်ညိုဘက်က ကူညီနေတဲ့…
ပရလောကသားရော ရှိနေလေမလား ။
စာပြီးချိန် - ( 20 . 12 . 2018 )
Myanmar Time 2:30 AM
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို
ဒီလင့်ခ်
ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်