“ လမိုင်းရွာ ” ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် ) ( စ - ဆုံး )
lotaya.mpt.com.mm
|
2019-05-16

မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နယ်မြို့လေးတွေက ရွာငယ်လေးတွေတိုင်းမှာ

တစ်ရွာတစ်ပုဒ်ဆန်းဆိုတဲ့ ဇာတ်လမ်းလေးတွေ ၊ ပရလောကဖြစ်ရပ်ဆန်းလေးတွေကတော့

ရှိတတ်ကြပါတယ် ၊အဲ့လိုမျိုးဆန်းကျယ်တဲ့အဖြစ်အပျက် ၊ နှောင်းလူတွေ..ကလေးငယ်တွေအထိ

လက်ဆင့်ကမ်းပြီးအိပ်ယာဝင်ပုံပြင်ဆန်ဆန်ကျောရိုးယူပြီးပြောစမှတ်တွင်လောက်တဲ့ ချောက်ချောက်ချားချား

ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတွေဆိုတာလည်း မနည်းမနောပါပဲ… ၊ ဒီလိုဇာတ်လမ်းလေးတွေကိုဖြစ်ခဲ့ …

ကြုံခဲ့ဖူးကြတဲ့ သူတွေဆိုတာလည်း တစ်ချို့က ကွယ်လွန်သွားကြသလို ၊ ဟိုးရှေးလူတွေလည်းဖြစ်နိုင်ပါတယ် ၊

တစ်ချို့ကအခုထိ သက်ရှိထင်ရှားရှိပြီး လက်ဆုပ်လက်ကိုင်သက်သေနဲ့တကွ တိတိကျကျပြောပြနိုင်တဲ့အထိ

ရှိနေဆဲဖြစ်တဲ့ ပုဂ္ဂိုလ် ၊ နေရာတွေလည်း ရှိနေတုန်းပါပဲ ၊အဲ့ဒီလို ပြောပြနိုင်ဆဲဖြစ်တဲ့ ရွာလေးတွေထဲမှာ

ရွာလေးတစ်ရွာကလည်းအပါအဝင်ပေါ့… ၊ ရွာကလေးရဲ့နာမည်ကိုက ဆန်းနေတာ လမိုင်းရွာ တဲ့….. ။

လမိုင်းဆိုတဲ့ ရွာကလေးက ဒေသအခြေအနေအရ တောဆန်ပြီးတော့ လုံးဝနီးပါး မဖွံ့ဖြိုးသေးတဲ့

ရွာကလေးတစ်ရွာပါပဲ ၊ လမိုင်းရွာဆိုတာလည်း ကွင်းပြင်ကျယ်ကြီးထဲမှာ တည်ထားတဲ့

ရွာသေးသေးလေးတစ်ခုပေါ့ ၊ ရွာနာမည်ကလည်း ရွာစတည်ကတည်းကပေးထားတဲ့နာမည်လေးပါ ၊

ရွာကလေးရဲ့ထူးခြားချက်တွေထဲက တစ်ခုက လမိုင်းရွာတစ်ရွာလုံးက လောင်းကစားကို ခုံမင်ကြတာပါပဲ ၊

တစ်ရွာလုံးက လောင်းကစားနဲ့ပတ်သတ်ရင်လူညီပြီးသား… ၊ လောင်းကစားထဲမှာမှ ဖဲရိုက်တဲ့ဘက်မှာ

ပိုအားသန်ကြတဲ့သူတွေ ၊အလှူမင်္ဂလာဆောင် ၊ ဘုန်းကြီးဆွမ်းကပ် ၊ ကုန်ကုန်ပြောရရင်…

ကလေး ကင်ပွန်းတပ်ပါ မကျန် ဖဲဝိုင်းအမြဲရှိတယ် ၊ မိန်းမဝိုင်း ၊ ယောကျာ်းဝိုင်း ၊ ကလေးဝိုင်း ..

ဝိုင်းကလည်း ဘာစုံသလည်းမမေးနဲ့ ၊ ဒီနေ့ဒီအချိန်အထိလည်း ဆော့နေကြတုန်းပဲ ၊ ဒါပေမယ့်

နယ်မြေ ဖွံ့ဖြိုးလာလို့ထင်တယ် ဟိုးအရင်ကလောက်တော့ မရဲကြတော့ဘူး ၊ သူတို့ရွာမှာ

လူတစ်ယောက် သေပြီဆို သိပ်ပျော်ကြတာ ၊ ဘေးနားကရွာတွေကဆိုရင် တစ်ခုခုအချင်းချင်း

စနောက်ကြတဲ့အခါ တွင်တွင်ပြောလေ့ရှိတာတစ်ခုရှိသေးတယ် …ဘာတဲ့

“ မင်းသေရဲ့ လမိုင်းသွားပို့မယ်အနည်းဆုံးတော့ ဆိုင်ကယ်တစ်စီးလောက်တော့

စီးလို့ရမှာသေချာတယ် ” လို့ ပြောလေ့ရှိကြတယ် ၊ ဆိုလိုတာက ဒီမသာ (အသုဘ)ကို

အမှီပြုပြီး ဖဲရိုက်ရင်းက ငွေတွေနိုင်ပြီး ဆိုင်ကယ်တောင်စီးနိုင်တဲ့အထိလို့ပြောချင်တာ… ၊

ဟုတ်လည်းဟုတ်တာပဲလေ…လမိုင်းရွာက ရွာသာငယ်တာ သူတို့ရွာမှာ ဖဲဝိုင်းဆိုတာ

ပြတ်တယ်လို့ကိုမရှိတော့အနီးအနားပတ်ပတ်လည်မှာရှိတဲ့ ရွာတွေဆီက ဖဲ ၊လောင်းကစား

ဝါးသနာအိုးတွေနဲ့ လမိုင်းရွာက စည်ကားနေဆဲပဲ ၊အသုဘဆိုရင်အလောင်းကိုအရိုးကျတဲ့အထိထားပြီး

ဖဲရိုက်ကြတဲ့ရွာ…အဲ့လောက်အထိခုံမင်ကြတာ ၊ နောက်ပြီးအဲ့ဒီရွာက ရွာခံတွေက

စရိုက်နည်းနည်းကြမ်းကြသေးတယ် ၊ ရွာမှာ ပညာသည်တွေလည်းအရမ်းပေါများကြတယ် ၊

လမိုင်းရွာသူလေးတွေဆိုတာလည်း မြို့ကမင်းသမီးရှုံ့လောက်တဲ့အထိ ချောလှကြတဲ့သူတွေ ၊

ဒါပေမယ့်အဲ့ဒီ့ ရွာသူလေးတွေကို တစ်ခြားရွာက ကာလသားတွေ ပိုးပန်းဖို့ နေနေသာသာ

မျက်လုံးနဲ့တောင် စိုက်မကြည့်ရဲ့ကြဘူး… ၊ ပညာသည်ပေါများတဲ့ရွာမို့လို့ ကြောက်ကြတယ် ၊

တစ်ရွာနဲ့တစ်ရွာအသွားအလာလုပ်ရင်လည်းအခုခေတ်ဆို ဆိုင်ကယ်တွေကို တွင်တွင်ကျယ်ကျယ်

သုံးလာပြီဆိုပေမယ့်အရင်ဆို ထုံးစံအတိုင်း လှည်းကိုပဲအဓိကထား သုံးကြရတာလေ ။

တစ်နေ့ လမိုင်းရွာမှာအသုဘ ရှိတယ်ဆိုတဲ့အသံကိုကြားလို့ လမိုင်းရွာအနီးအနားမှာရှိတဲ့

ကျွဲတွင်း ရွာက ဖဲဝါသနာအိုး သုံးယောက်ဖြစ်တဲ့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေက

လမိုင်းရွာကို ချီတတ်လာဖို့ ပြင်နေကြပြီ ……. ၊ ကျွဲတွင်းရွာဆိုတာ လမိုင်းရွာနဲ့ ကပ်လျက်ဆိုပေမယ့်

တစ်ရွာနဲ့တစ်ရွာကြားမှာ မျက်စိတစ်ဆုံး ကြည့်မကုန်နိုင်တဲ့ လယ်ကွင်းကျယ်ကြီးတွေက

ခြားထားသေးတယ် ၊အနည်းဆုံး တစ်ရွာနဲ့တစ်ရွာအကွာအဝေး နှစ်မိုင်ကျော်ကျော်လောက်တော့

ရှိလိမ့်မယ် ၊ ဒီလိုနဲ့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့ သုံးယောက်သား နွားလှည်းလေးနဲ့ လမိုင်းရွာဆီကို

လှမ်းလာခဲ့ကြတယ် ၊ ဖဲကစားချင်ဇောနဲ့မို့ စိတ်တွေလည်းလောနေကြတယ် ၊

တစ်ယောက်နဲ့တစ်ယောက်လည်း ဘယ်လိုကစားမယ်ဆိုတဲ့အကြောင်းတွေ ၊အရင်တုန်းက

ဘယ်လောက်ထိနိုင်ခဲ့ဖူးတယ် ၊ ဘယ်လိုမျိုးပွဲတွေမှာ ဆန်းဆန်းပြားပြားဖြစ်တာကြုံဖူးတယ်ဆိုတာတွေကို

အချင်းချင်း ရေပတ်မလည်အောင် လမ်းတစ်လျှောက်မှာပြောလာရင်းကနေ လမိုင်းရွာကို

ရောက်လာခဲ့ကြတယ် ၊ ရွာအဝင်မှာသူတို့ကို ကြိုဆိုနေတဲ့ ရွာအဝင်လမ်းဘေးနားက ထန်းပင်ရှည်ကြီးတွေနဲ့

တဲအိမ်ပုပုလေးတွေကို ရင်ခုန်စွာနဲ့ကြည့်လိုက်ရင်း ညိုစိုး က

“ ဟေ့ယောင်တွေ မင်းတို့အသိဆိုတဲ့အိမ်က ရွာဘယ်နေရာနားလောက်မှာလဲ ” လို့

မေးလိုက်တယ် ၊ ညိုစိုးအမေးကို ချက်ချင်းဆိုသလို မြင့်သိန်း က ထဖြေလိုက်တယ်

“ ဒီလမ်းအတိုင်းရှေ့နည်းနည်းဆက်သွား ဟေ့ာဟိုမှာတွေလားအေး..

အဲ့ဒီအိမ်ဘေးနားက လမ်းအတိုင်းဆက်ဝင်လိုက် တစ်အိမ် ၊ နှစ်အိမ် ၊

သုံးအိမ်မြောက်အိမ်ရှေ့မှာ ဒန်းပင်လေးစိုက်ထားတဲ့အိမ်ပဲကွ…အေး..အဲ့ဒီအိမ်ရှေ့မှာရပ်လိုက်တော့ ”

မြင့်သန်းက ညိုစိုးအမေးကိုဖြေလိုက်ရင်း နွားလှည်းမောင်းနေတဲ့ ဖိုးတေ ကိုလည်း

လမ်းသေချာညွှန်ပြလိုက်သေးတယ်

မြင့်သန်းပြောတဲ့အိမ်ရောက်တော့ သူတို့တွေ လှဲပေါ်ကဆင်းလိုက်ကြပြီးအိမ်ထဲကို

ဝင်သွားလိုက်ကြတယ် ၊အိမ်ရှင်တွေက ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့ကို မြင်တော့

အားရဝမ်းသာကြိုဆို နှုတ်ခွန်းဆက်သသေးတယ် ၊အဲ့ဒီ့အခါမှ မြင့်သန်းကအိမ်ရှင်တွေထဲက

သူ့အသိဆိုတဲ့အရီးလေးတစ်ယောက်ကိုစကားလှမ်းပြောလိုက်တယ်

“အရီးလေးကြိုင် … ကျုပ်တို့ ဒီရွာမှာ နာရေးတစ်ခုရှိတယ်ကြားထားလို့

အပျင်းပြေ ဖဲလာကစားတာပါအရီးလေး ”

အဲ့လိုလည်းပြောလိုက်ရော တစ်ဖက်ကအရီးလေးက

“အေးကွယ်…ရွာအနောက်ဘက်နားကအိမ်မှာရှိတာလေ… ၊

စည်းတာမှပြောမနေနဲ့ ငါတို့ရွာအကြောင်းလည်းနင်သိသားပဲ…ကဲကိုယ်တော်တွေ

သွားမယ်ဆိုလည်း မြန်မြန်သွားပြီးမြန်မြန်ပြန်လာကြ ၊ ငါ့တူတွေ နောက်ကျနေရင်

မှောင်ပြီးတော့ ရွာအပြန်ခတ်နေမယ်ကွယ်…. ”

အရီးလေးကြိုင် စကားကြောင့် ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့သုံးယောက်သား

ငွေစက္ကူအပြည့် ထည့်လာတဲ့ ဘေးသိုင်းလွယ်အိတ်တွေကို သိုင်းလွယ်လိုက်ရင်း

သူတို့စီးလာတဲ့နွားတွေကို ကြိုးဖြည်ပေး ၊ ရေတိုက် ၊အစာကျွေးလုပ်ရင်းအရီးလေးအိမ်မှာ

ဒေါက်ထောက်ထားတဲ့ လှည်းကလေးကိုပါ ထားခဲ့လိုက်ပြီး ဖဲဝိုင်းဆီကိုအရမ်း တက်ကြွနေတဲ့

ခြေလှမ်းတွေနဲ့အတူတူသွားဖို့ ပြင်နေကြတုန်း ၊အိမ်ဝိုင်းထဲကို ဝင်လာတဲ့ လူတစ်ယောက်နဲ့ ဆုံပါလေရော..

အဲ့ဒီ့လူကလည်း မြင့်သိန်းကိုမြင်တာနဲ့ ရင်းရင်းနီးနီးပုခုံးကိုဖက်ထားပြီး စကားတွေပြောရင်း ရွာထဲက

တစ်နေရာဆီကို ဦးတည်ပြီးခေါ်သွားပါလေရော… ၊ ဟိုနေရာရောက်တော့မှ ရွာထဲက

အရက်ပုန်းဆိုင်ဖြစ်နေတာကိုသိလိုက်ရတယ်..ခေါ်လာတဲ့သူကလည်း မြင့်သိန်းနဲကရင်းနီးတဲ့

မိတ်ဆွေတစ်ယောက်ဖြစ်နေပြန်တော့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေလည်းအားနာပါးနာနဲ့

လိုက်ပြီးအရက်သောက်ဖြစ်ခဲ့ကြသေးတယ် ၊အရက်သောက်ပြီးတော့မှ ရွာထဲကအသုဘအိမ် ဖဲဝိုင်းဆီကို

ဦးတည်ပြီးထွက်သွားဖြစ်ကြတယ် ။

နာရေးအိမ် ရောက်တော့အိမ်တွင်းအိမ်ပြင်မှ လူတွေ ပြည့်လျှံနေတာကိုမြင်လိုက်ရတယ် ၊

ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေလည်း ဖဲဝိုင်းတွေကိုလိုက်ကြည့်ပြီး ဝိုင်းချောင်တဲ့ ဖဲဝိုင်းထဲမှာ

ဝင်ထိုင်လိုက်ကြရင်းအိမ်ကနေ မရှိရှိ ရှိတာလေးတွေအကုန်သယ်လာတာလေးနဲ့ ဝင်ကစားဖြစ်ကြတယ် ၊

ကံကပဲဆိုးနေတာလားတော့မသိဘူး တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက်ကို သုံးယောက်လုံး ရှုံးနေကြရော ၊

အရက်ကလေးကလည်းအရှိန်တက်လာတော့ ရှုံးလေ ပိုပြီး ငွေထိုးလေနဲ့ သိပ်မကြာလိုက်ပါဘူး

သုံးယောက်သား ပါသမျှအကုန်ကုန်သွားပါလေရော… ၊အလာတုန်းက လွယ်လာတဲ့ လွယ်အိတ်

ဖောင်းဖောင်းလေးတွေကလည်း ပြားကပ်လို့ ၊ ထပ်ဆော့ချင်သေးပေမယ့် လောင်းစရာငွေကြေးတစ်ပြားတောင်

မရှိတော့တာမို့ သုံးယောက်လုံးလက်လျော့ပြီး ထပြန်လာလိုက်ကြတယ် ။

ဒီ လမိုင်းရွာမှာက ဖဲဝိုင်းတွေ ၊လောင်းကစာဝိုင်းတွေ ဘယ်လောက်များများ ၊

ရန်ဖြစ်တာ ၊ ခိုးတာ ၊ ဝှက်တာ ၊ ကလိန်ကကျစ်ကျတာတွေ မရှိကြဘူး ၊ ဘာလို့လဲဆိုတော့

သူတို့ရွာစည်းကမ်းကိုက လမိုင်းရွာမှာ ဘယ်သူမှ မခိုးရဘူး ၊ ကလိန်ကကျစ်မကျရဘူး ၊

တကယ်လို့လုပ်ချင်လည်းလုပ်ခွင့်ပေးထားတယ် သူတို့မသိအောင်လုပ်ပေါ့လေ… ၊

သိသွားရင်တော့ လုပ်တဲ့သူအတွက် မတွေးဝံ့စရာဘဲ ၊အိမ်ကိုအသက်ပြန်ပါသွားမယ်မထင်လေနဲ့ ၊

တစ်ရွာလုံးနီးပါးက (စုန်း၊အောက်လမ်း)ပညာသည်တွေလေ ။

ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့သုံးယောက်သား လမိုင်းရွာကနေ ဖဲရှုံးပြီး

စိတ်ပျက်လက်ပျက်နဲ့ နွားလှည်းထားထားတဲ့အိမ်ကိုသွား နွားလှည်းလေးယူ ၊အိမ်ရှင်တွေကိုနှုတ်ဆက်ပြီး

ကိုယ့်ရွာကိုယ်ပြန်ဖို့ပြင်လိုက်ကြတယ် ၊အချိန်က ညတောင်ရောက်နေပြီ ၊ ဒီနေ့ညများဖဲနိုင်လိုက်ရင်

ဒီရွာမှာပဲ တစ်ညလုံးမူးအောင်သောက်ပြီး မနက်မှ ပြန်မယ်စိတ်ကူးထားတာအခုတော့အရှုံးသမားတွေရဲ့

အိမ်အပြန်လမ်းက တိတ်ဆိတ်လို့ ။

လရောင်က ညအမှောင်ကို တိုးမပေါက်သလို ဝါးတားတားလေးနဲ့ …..

လှည်းမောင်းသူကအလာတုန်းကလိုပဲ ဖိုးတေ … ၊ ကျန်တဲ့နှစ်ယောက် ညိုစိုး ၊ မြင့်သိန်း တို့က

လှည်းအနောက်မှာ ပတ်လက်ကလေး မိုးကောင်းကင်မဲမဲကြီးကိုကြည့်ရင်း လိုက်ပါလာကြတယ် ၊

သူတို့သုံးယောက်သားလှည်းကလေး တအိအိနဲ့မောင်းလာလိုက်တာ လမိုင်းရွာထဲကတောင်

ထွက်စပြုနေပြီ…. ၊ ရွာအထွက် လယ်ကွင်းအစပ်လေးအနားရောက်တော့ သူတို့လှည်းအနောက်က

ထူးဆန်းတဲ့အသံတစ်သံကို ကြားလိုက်ရတယ် …. ။

လူတွေက ညစ်နေကြတဲ့အထဲ လမိုင်းရွာက သူငယ်ချင်းထည့်ပေးလိုက်တဲ့

မီးတောက်အရက်ပုလင်းနှလုံးကအစစ်ပါလာသေးတယ်လေ ၊ ရုတ်တရက် လှည်းအနောက်က

အသံကြားရတော့အံ့သြသွားပြီး သုံးယောက်သား လှည်းကိုခဏရပ်လိုက်ရင်း

အသံကြားတဲ့နေရာကို လိုက်ရှာကြည့်နေမိတယ်… ၊အသံက သူတို့အနောက်ဘက်မှာကျန်ခဲ့တဲ့

လမိုင်းရွာအထွက်နားလေးမှာရှိတဲ့ ခြုံထဲကနေ ကြားနေရတဲ့အသံ ၊ ခြုံကလေးကလည်းလှုပ်လှုပ်

လှုပ်လှုပ်နဲ့အားလုံး ခြုံနေရာကို သေချာ စိုက်ကြည့်နေမိတုန်း ခြုံထဲကနေ ဝုန်းဆို

ဝက်ကလေးသေးသေးလေးတစ်ကောက် ခုန်ထွက်လာတာကို တွေ့လိုက်ရတယ် ၊

လရောင်မှိန်ပြပြဆိုပေမယ့် ဝက်ကလေးကိုတော့ သဲသဲကွဲကွဲမြင်နိုင်သေးတယ်လေ ။

ဝက်ကလေးမို့ သူတို့အာရုံတွေကို ပြန်လွှဲလိုက်ရင်း

ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်းတို့လည်း လှည်းကိုဆက်မောင်းလိုက်ကြတော့

ဝက်ကလေးကတော့အန္တရယ်ကိုမြင်ပုံမရဘူး… တအိအိသွားနေတဲ့ သူတို့လှည်းလေးနောက်ကို

ပြေးလိုက်လာပါလေရော ၊ ဝက်ကလေးဆိုပေမယ့် ဝက်ပေါက်တစ်ကောင်ပါ ၊ လူအရမ်းယှဉ်နေတယ် ၊

ဝက်ပေါက်လေးကအချိန်နှစ်ဆယ်လောက်တော့ထွက်မယ့်ပုံရှိတယ် ၊ ဘယ်သူဘယ်ဝါပိုင်တဲ့

ဝက်မှန်းလည်းသူတို့မသိဘူး… ၊ လူအရမ်းယဉ်နေတာနဲ့ သူတို့တွေ ချော့ခေါ်သွားကြဖို့

ဆုံးဖြတ်လိုက်ကြတယ် ။

“ ဟေ့ယောင်တွေ ငါတို့ ဖဲလည်းရှုံးလာတဲ့အတူတူ

ဒီရွာက ငါတို့နဲ့ထိုက်တန်တာ တစ်ခုခုတော့ ယူသွားသင့်တယ်လို့ ငါထင်တယ် ”

ညိုစိုးစကားထဲမှာအဓိပ္ပာယ်တွေပါနေမှန်းသိလိုက်ကြတာမို့ ဖိုးတေ က ဝင်ထောက်လိုက်တယ်

“ လူရိပ်လူကဲလည်းကြည့်ဦး ဒီရွာအကြောင်းမင်းပိုသိပါတယ် မြင့်သိန်း ”

မြင့်သိန်းလည်း ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ လူရှင်းနေတာနဲ့

လူယဉ်နေတဲ့ ဝက်ပေါက်လေးကို ချော့မော့ပြီး လှည်းနောက်က ခေါ်လာခဲ့လိုက်တယ် ၊

ဝက်ကလေးကို ပွေ့ချီပြီး လှည်းပေါ်တင်သယ်လာလိုက်တာ ဝက်ကလေးကလည်း ငြိမ်နေတာပဲ ။

ဒီဝက်ကလေးကအရင်ကလည်း လှည်းတွေဘာတွေလိုက်စီးဖူးတဲ့ပုံမျိုးပဲ ၊

သခင်နဲ့လည်းရင်းရင်းနီးနီးနေတဲ့ပုံပေါ်တယ် ၊ တွေ့တဲ့လူနောက်ကိုလိုက်ရဲတယ်ဆိုတော့

လူမွေးထားတာတော့သေချာနေပြီ ၊ ဒါပေမယ့် ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့သုံးယောက်လည်း

ထွေထွေထူးထူးစဉ်းစားမိမနေတော့ဘူး… သူတို့ရွာအရောက် လှည်းကိုမောင်းလာခဲ့လိုက်ကြတယ် ၊

ရွာအနားကိုပြန်ရောက်တော့ သုံးယောက်သား ညတွင်းချင်းပဲ ရွာအစပ်နားကအိမ်မှာ ကိုင်စရာတွေတောင်းပြီး

ဝက်ကလေးကို (ဖော် ၊ သတ်) ကိုင်ကြတော့တာပဲ ၊ ကိုင်လို့လဲပြီးရောအသားတွေကို သူတို့စီးလာတဲ့

လှည်းပေါ်မှာ ဖက်ခင်းတင်ပြီး ရွာထဲကိုဝင်လာခဲ့ကြတယ် ၊ သူတို့ ဝက်ကိုင်ထားတဲ့ ဓါးတွေ ၊ ရေနွေးတည်ဖို့

ဒယ်တွေ ၊ ပုဆိန်တွေကို ငှားပေးတဲ့ ရွာအစပ်နားကအိမ်အတွက်လည်း ဟင်းစားပေးခဲ့ကြသေးတယ် ၊

ဒါပေမယ့်အဲ့ဒီ့အိမ်က တစ်အိမ်လုံး ဝက်သားရှောင်ထားတဲ့ကရင်စပ်တဲ့အိမ်မို့

မယူကြဘူး သူတို့ပစ္စည်းတွေကိုပဲ သေချာ ပြောင်အောင် ပြန်ဆေးပေးခဲ့ပါလို့ပြောခဲ့တယ် ။

ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေလည်း သူတို့ ဝက်ကိုင်ခဲ့တဲ့ ပစ္စည်းတွေကို

သေချာ ပြန်ဆေးကြောပြီးပေးခဲ့လိုက်ကြတယ် ။

ညက ၂ချက်တီးလောက်ပဲရှိသေးတယ် …..

ဝက်ကလည်းအချိန်နှစ်ဆယ်လောက်ထွက်တဲ့ဝက်ဆိုတော့ မကုန်တာနဲ့

မိသားစု ဆွေမျိုးနီးစပ်အိမ်တွေကို လိုက်ဝေပေးလိုက်ကြတယ် … ၊

ဒီလိုနဲ့ ညတစ်ညက ကုန်ဆုံးသွားခဲ့ပြီ … ။

နံနင်ခင်းတစ်ခုကို မသာယာစေအောင်ပြုလိုက်သူက လမိုင်းရွာက

ရွာသူ မသန်းအေး… ၊အသက်ငါးဆယ်ဝန်းကျင်ရှိတဲ့ မသန်းအေးတစ်ယောက်

သူမွေးထားတဲ့ ဝက်ကလေးပျောက်လို့ တစ်ရွာလုံးကို ပတ်သောင်းကျန်းပြီး

လိုက်ရှာနေလိုက်တာ ဒေါင်းတောက်နေတာပဲ ။

ရှာလည်းရှာရင်းပြောလည်းပြောရင်း ရှိုက်ကြီးတငင်ငိုနေရှာတယ်

“အမလေး …. ကျုပ်သမီးလေး ကိုယ်ကျိုးနည်းပြီထင်ပါရဲ့ ၊

ဝက်ကလေးတွေပေါက်လာကတည်းက သူတစ်ကောင်ပဲအသက်ရှင်တာနဲ့

သားသမီးမရှိတဲ့ကျုပ်မှာလေ…ဒီဝက်ကလေးကို ကလေးတစ်ယောက်လို

ကျုပ်နို့တိုက်ပြီး မွေးလာတာပါတော်…. ၊ ခါတိုင်းဆို သမီးလေးအချိန်တန်ရင်အိမ်ပြန်လာနေကျပါ

မနေ့က တစ်နေကုန်ပျောက်နေတာ ဒီမနက်အထိပြန်မလာဘူး…သေချာနေပါပြီ

ကျုပ်သမီးလေးတစ်ခုခုဖြစ်ပြီထင်တယ်အဟီး…… ”

တဖြည်းဖြည်း တစ်ရွာလုံးလည်းအနှံ့မေးပြီးရော…သူ့ဝက်ကလေးရွာထဲမှာ

မရှိတော့တာသေချာပြီဆိုတာသိလိုက်တဲ့အတွက် မသန်းအေး ဒေါသပိုထွက်သွားမိတယ် ။

မသန်းအေး ဆိုတာ ရွာထဲမှာ ဆယ်နှစ်ကြိုးလို့တောင်အများက သတ်မှတ်ထားကြတဲ့သူတစ်ယောက်

မသန်းအေး နဲ့ ပတ်သတ်တဲ့အရာမှန်သမျှ တစ်ရွာလုံးကရှောင်ကြတယ် ၊ ကြောက်ကြတယ် ၊

အခု တစ်ရွာသားတွေက မသန်းအေးရဲ့ ဝက်ကလေးကို ခိုးသွားတဲ့ကိစ္စဖြစ်ခဲ့ပြီ ၊ လမိုင်းရွာတစ်ရွာလုံးကလည်း

ဒီတစ်ခါ ပွဲကြီးပွဲကောင်းပဲဆိုပြီး မသန်းအေး ဘယ်လိုတုန့်ပြန်မယ်ဆိုတာကို စိတ်ဝင်တစား

စောင့်ကြည့်နေမိကြတယ် ။

ရက်ပိုင်းလောက်တော့ မသန်းအေး ဘာမှလှုပ်ရှားတာမတွေကရဘူး…

ပတ်ဝန်းကျင်ကပြန်သိထားကြတာတော့ မသန်းအေး က စိတ်နာဒေါသကြီးလွန်းလို့

ကိုယ်တိုင်လုပ်ရင် ခံရတဲ့သူ သိပ်မခံရမှာစိုးလို့ဆိုပြီး သူကဆရာကိုပင့်ထားတယ်လို့ပြောကြတယ် ။

ဒီသတင်းတွေကလည်းအမှန်ပါပဲ ရက်ပိုင်းလောက်အကြာမှာ မသန်းအေးရဲ့ ဆရာဆိုတဲ့သူ

မသန်းအေးဆီကို ရောက်လာခဲ့တယ် ၊ မသန်းအေးရဲ့ဆရာ ရုပ်နဲ့တင်အတော်ကြောက်စရာကောင်းလှနေပြီ

ညဘက်များမြင်လိုက်လို့ကတော့ လူလို့ကို ထင်ရက်စရာမရှိဘူး….. ။

အတော်လေး ဝေးဝေးတစ်နေရာကနေ ကြွလာတယ်လို့ပြောတဲ့

မသန်းအေးရဲ့ဆရာက

“ ဟဲ့ သမီး….အချိန်အခါလည်းသင့်ပြီ…ညနေစောင်းနေဝင်ရီတရောအချိန်ကွဲ့

သမီး ဝက်ကလေးကိုအဆာကျွေးနေကျအစာခွက်ကလေးအဘကိုပေးစမ်း ” ဆိုပြီး

တောင်းလိုက်တော့ မသန်းအေး က ကမ်းပေးလိုက်တယ် ။

ဆက်ပြီးတော့ ဆရာက သူ့လက်ထဲက ဝက်အဆာခွက်ကလေးကိုကိုင်ပြီး

ဂါထာတွေကိုဆက်တိုက်ရွတ်နေရင်းလက်ထဲကနေ ခွက်ကို လွှတ်ချလိုက်တယ်.. ၊

ထူးခြားတာက ခွက်က လက်ထဲက လွှတ်ချလိုက်ပေမယ့် မြေကြီးပေါ်ပြုတ်ကျမသွားဘဲ

လေပေါ်ကိုတက်သွားပြီးတော့ ပျံတတ်သွားတယ်…ဘယ်လောက်ဝေးဝေးသွားတယ်မသိဘူး…

တစ်ဖက်ရွာဖြစ်တဲ့ ကျွဲတွင်း ရွာ မှာရှိတဲ့ ဝက်သားစားမိတဲ့သူတွေရဲ့အိမ်ရှေ့တွေမှာ ခုန်ဆွ ခုန်ဆွနဲ့

တစ်အိမ်ပြီးတစ်အိမ်အဲ့ဒီ့ခွက်ကအိမ်ရှေ့တည့်တည့်မှာ ကျလာပါလေရော…. ၊

ကျွဲတွင်းရွာသားတွေလည်းအကုန်အံ့သြနေမိကြတယ် ၊ မကြာပါဘူး…ခွက်ကလေး ကျကျသွားခဲ့တဲ့

အိမ်တွေထဲကအိမ်သားတွေထဲမှာမှ မသန်းအေးရဲ့ ဝက်ကလေးအသားကို သိသိမသိသိ

စားခဲ့တဲ့သူတွေအကုန် ချက်ချင်း ဝမ်းတွေပြိုင် လျောပြီး

ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်းတို့အပါအဝင် တစ်ယောက်ပြီးတစ်ယောက်

နေ့မကူးခင်မှာပဲ သေကုန်ကြတယ် …. ၊အလောင်းတွေဆိုတာ ကျွဲတွင်းရွာမှာ

တန်းစီနေတာပဲမြင်မကောင်းရှုမကောင်းအောင်ဖြစ်လို့ ၊ မြန်မာတွေအကျင့်ကလည်း

ကိုယ်စားရရင် ကိုယ့်မိသားစိုကိုပါကျွေးချင်ကြတယ်လေ….အခုတော့အကျွေးကောင်းလို့

အလောင်းတွေ ပုံနေတဲ့အထိပါပဲ ၊ စားကောင်းမှန်းမသိ ၊ မစားကောင်းမှန်းမသိ ၊အလကားရတာလေးမို့

စားမိတဲ့သူတွေလည်း ဘုမသိဘမသိနဲ့ ကိစ္စချောကုန်လိုက်တာ …. ကျွဲတွင်းတစ်ရွာလုံး

တစ်ရက်တည်းနဲ့ လုံးပါးပါးကုန်တော့တာပဲ ။

ဝက်ကိုဦးဆောင်ပြီး သတ်ခဲ့ကြတဲ့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်းတို့တွေလည်း မိသားစုလိုက်

သေကုန်ကြတယ် ထူးခြားတာက သူတို့ထဲက ညိုစိုးရဲ့ လူမမယ်အရွယ် လေးနှစ်သားကလေးလေး

တစ်ယောက်ပဲအသက်ရှင်တယ် ကလေးက ဝက်သားမစားလိုက်လို့ထင်ပါတယ် ၊ ကျွဲတွင်းရွာသူကြီးကတော့

ဝမ်းရောဂါဖြစ်တယ်ထင်ပြီးကြောက်ကြောက်လန့်လန့်နဲ့ ရွာပြောင်းပြေးဖို့စီစဉ်နေပြန်တယ် ၊

အဲ့ဒီ့အချိန်မှာပဲ ဝက်ပိုင်ရှင် မသန်းအေး ကျွဲတွင်းရွာသတင်းကိုကြားပြီးရောက်လာခဲ့တယ်..

မသန်းအေး ရွာကိုရောက်တော့ တစ်ရွာလုံးဖြစ်ပျက်နေတာတွေကိုကြည့်ရင်းအားရပါးရရယ်မောလိုက်ရင်း…

“ ဟား..ဟား….ဟား… မှတ်ထားအဲ့ဒါ ငါ့သမီးလေးကို ငါမသိတုန်းခိုးသွားပြီး သတ်စားလို့

မကျေနပ်လို့ လုပ်တာ ….ငါလုပ်တာကို မကျေနပ်တဲ့ကောင်ရှိရင် ငါနဲ့အခုလာရှင်းလို့ရတယ် ဟား.. ”

ဆိုပြီးပြောလာတယ်… ၊ မသန်းအေး စိန်ခေါ်သွားပေမယ့် ကျွဲတွင်းရွာကလူတွေကတော့ တစ်ယောက်မှ

အသံမထွက်ရဲကြဘူး ၊ဖြစ်စဉ်အရဆို မသန်းအေးက မှန်နေတာကို…. ။

ရွာကတော့ နာရေးကိစ္စတွေနဲ့ တော်တော်လေးအလုပ်ရှုပ်သွားကြတယ်… ၊

ရွာတစ်ဝက်နီးပါးလောက်လည်း လျော့သွားကြတယ် ။

နှစ်ပေါင်းတွေအလီလီကြာတော့ ဒီဇာတ်လမ်းလေးက ပုံပြင်လိုလို

ဇာတ်လမ်းလိုလိုနဲ့ ပြောစမှတ်တွင်ကျန်နေရစ်ခဲ့တယ်…. ၊ ကျွဲတွင်းရွာမှာလည်း

ကလေးတိုင်းချစ်တဲ့ ပုံပြင်တွေ ပြောပြတတ်တဲ့အဘိုးကြီးတစ်ယောက်ရှိသေးတယ်

အဲ့ဒီအဘိုးကြီကလည်း ဒီပုံပြင်ဇာတ်လမ်းလေးကို ခဏခဏပြောပြောနေတတ်တယ် ၊

သူပြောတဲ့အကြိမ်ရေ ဘယ်လောက်များပါစေ ကလေးတွေကလည်း လမိုင်းရွာအကြောင်း

ပညာသည်တွေရဲ့ ကလဲ့စားချေတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုရင် မျက်တောင်မခတ်တမ်းကို

နားထောင်နေတတ်ကြတယ်လေ ၊အဲ့ဒီအဘိုးကြီးကိုယ်တိုင်ကလည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့

တစ်ချိန်ကအသက်ရှင်ကျန်ခဲ့သူ ဦးညိုစိုး ရဲ့ လေးနှစ်သားအရွယ် ကလေးလေးဆိုတာကို

ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို နားထောင်နေကြတဲ့သူတွေ သိပါရဲ့သလား…. ။

#END

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 09.5.2019 ( 11 : 11 Pm )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်






ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..