“ ငါမသေသေးဘူး ” { ဖြစ်ရပ်မှန် }
lotaya.mpt.com.mm
|
2019-05-16



“ ငါမသေသေးဘူး ” { ဖြစ်ရပ်မှန် }

ဇာတ်လမ်း/စာရေးသူ - မိုးစွေ

အေးစက်စက်ခံစားချက်တစ်ချို့ ………

ဖျာကြမ်းတစ်ချပ်က တစ်ကိုယ်လုံးကို ကျစ်ကျစ်ပါအောင်

ထုပ်ပိုးထားရင်း ဖျာကြမ်းရဲ့အပေါ် ..

စိုစွတ်နေတဲ့ မြေဆိုင်ခဲတွေက ကိုယ်တစ်ခုလုံးပေါ်မှာ ပိနေပြီး

ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားရခတ်ခဲနေတဲ့အခြေအနေ ၊ ခြေထောက်ကို

အသာအယာလှုပ်ကြည့်ပြန်တော့လည်း လှုပ်မရ… ၊

ခြေနှစ်ဖတ်လုံးရဲ့ ခြေမတွေကို ခြေမချင်းပူးတွဲပြီး ကြိုးတစ်ချောင်းက

တင်းတင်းကြပ်ကြပ်နှောင်ထားတာကိုသိလိုက်ရတယ် ၊ တစ်ပြိုင်တည်းဆိုသလို

မျက်နာပေါ်မှာလည်း ပြေးလွှားနေကြတဲ့ တွင်းအောင်းသတ္တဝါမျိုးနွယ်တစ်ချို့ကြောင့်

ယားယံမှုကိုခံစားလိုက်ရတာမို့ လှမ်းကုပ်ဖို့အတွက် လက်ကို ဆန့်ထုတ်လိုက်ပြန်တော့လည်း

လက်နှစ်ဖက်လုံး လှုပ်မရအောင် လက်မတွေကိုအချင်းချင်း ကြိုးတစ်ချောင်းနဲ့

ပူးတွဲချည်နှောင်ထားတာကိုသိလိုက်ရတယ် ၊အကူအညီတစ်ချို့ရလိုရငြား

အော်ဟစ်ဖို့ ပါးစပ်ဟလိုက်ပြန်တော့လည်း ပါးစပ်ထဲကနေ မတ်စေ့(အကြွေစေ့) လေး တစ်ပြားက

လည်ချောင်းအတွင်းထဲကိုအရှိန်နဲ့လှိမ့်ဆင်းသွားတော့တယ် ၊ လည်ချောင်းပြွန်အဝအနား

မတ်စေ့ရောက်ခါနီးမှအော်ဟစ်နေတာကို ချင်ချင်းရပ်လိုက်ရင်း ခေါင်းကို တစ်ခြမ်းစောင်းလိုက်ပြီး

အကြွေစေ့ပြားကို ထွေးထုတ်ပစ်လိုက်ရတယ် ၊

ယာဘက်ခြေထောက်… ခြေဖမိုးအနားက သွေးပုတ်တွေအသားထဲကနေ

ထိုးထွက်လာတဲ့အတွက် စပ်ဖျင်းဖျင်း ခံစားချက်တစ်ခုကို

ရုတ်တစ်ရက်ဆိုသလိုခံစားလိုက်ရတော့ မှ ဝေဒနာရှင်က

တစ်စုံတစ်ခုကို သတိရသွားပြီး … ၊ မျက်လုံးတွေပြူးကျယ်သွားရင်း

အသည်းအသန် ရုန်းကန်လှုပ်ရှားလိုက်လို့ ဇောချွေးတွေပြန်လာတဲ့ကြားက

ကယ်ပါ ယူပါအော်ဟစ်လိုက်တော့တယ်…. ၊

ရုန်းလေ ရုန်းလေခြေတွေလက်တွေကို ချည်နှောင်ထားတဲ့

ကြိုးတွေက တင်းလာလေပဲ… ၊ ဖျာကြမ်းအောက်ထဲကနေ

ကိုယ်လုံးအား.... ဒူး ၊ တံတောင်အားတွေကိုအသုံးပြုပြီးအပေါ်ဘက် ၊ ဘေးနံရံတွေကို

တအား တွန်းကန်ကြည့်လွန်းတော့အပေါ်က မြေသားတွေက

ပိုပိုပြီး ပြိုကျလာလေလေဖြစ်… ၊ ကြောက်လန့်လာရင်း

တဖြည်းဖြည်းအရှင်လတ်လတ်ကြီး သေရတော့မယ်ဆိုတဲ့ ခိုကိုးရာမဲ့

သောကတွေဝင်လာတဲ့ နောက်ဆုံး

တောက်တစ်ချက်ပြင်းပြင်းကြီးခေါက်လိုက်ပြီး တင်းထားသမျှစိတ်တွေ

လျော့ချလိုက်ရင်း…..အော်လည်းမအော်…

ရုန်းလည်းမရုန်းနိုင်…အသက်ရှုမ၀ ၊

တစ်ချက်တစ်ချက်ရှိုက်သံတွေကိုတောင် မြေဆိုင်ခဲတွေရဲ့

သနားညှာတာမှုကို မရနိုင်ခဲ့တော့ပြီ……. ။

သုသာန်မြေမှာတော့အဖော်အသစ်တစ်ယောက်တိုးလာတာကို

ကြိုဆိုတဲ့သဘောထားတွေနဲ့ ရယ်မောသံကြီးလိုလို လေအဝှေ့ သစ်ပင်ချင်း

စကားပြောဟန်တွေက ခြောက်အက်အက်နဲ့ ။

မော်လမြိုင်အနီးအနားရှိ ရွာငယ်လေးတစ်ခု….

“ ဖိုးလုံး …နင်တို့ဘေးအိမ်က ကောင်လေးလေ..

ညီကျော်ဆိုလား..အဲ့ဒီကလေးကို မနေ့ကအားချင်း သဂြိုလ်လိုက်ကြတယ်ဆို ”

အသက် ၂၀ကျော်အရွယ် ဖိုးလုံး ဆိုသူက မျက်နာလေး ညှိုးလို့…

“ ဟုတ်တယ်ဗျ ညီကျော် သနားပါတယ်…

သူပြန်သက်သာလာမယ်လို့ထင်ထားတာ… ၊အခုတော့

ညနေဘက်တွေမှာ သူရှိတုန်းက သူနဲ့အတူတူ

ဘောလုံးကန်နေကျ…အခုတော့ ကျွန်တော်တစ်ယောက်တည်း

ဒီကောင့်ကို တော်တော်လွမ်းမိတယ်… ”

ဖိုးလုံးစကားကို တစ်ဘက်ကအဒေါ်ကြီးတွေကလည်း

“အေးကွယ်…အရွယ်ကောင်းလေးပါ…. ”

“ ကောင်လေး သနားပါတယ် ”

“ ညည်းတို့ကလည်း ကလေးကိုအိမ်မှာ ကျောပူအောင်တောင်

မထားကြဘူး တန်းချလိုက်ကြတယ် ”

“ ဒီမယ်အေးသွယ် ညည်းက တစ်ဘက်ရွာသူဆိုပေမယ့်

တို့ရွာအကြောင်းမသိသေးတာလည်းမဟုတ်ဘူး…

တို့ရွာမှာ ဝမ်းရောဂါတို့ ၊ ပုလိပ်ရောဂါ ၊ ကူးစပ်ရောဂါ ၊ ပိုးထိတာ…

ဒါမှမဟုတ်အထိအခိုက်တစ်ခုခုနဲ့ ပဲဖြစ်ဖြစ် ၊ သမရိုးကျမဟုတ်ပဲ

ဥပစ္ဆေဒကံတွေနဲ့ သေတဲ့ မသာတွေဆို ရွာမှာ ကျောပူအောင် ထားခွင့်မရှိတဲ့

ဓလေ့ရှိတယ်ဆိုတာ ညည်းမသိချင်ယောင်ဆောင်မနေနဲ့… ”

“ တော်ကြပါတော့ နာရေးရှင်တွေ

စိတ်ထိခိုက်အောင် ပြန်ပြန်မပြောကြပါနဲ့တော့ ကွယ်… ”

တစ်ယောက်တစ်ပေါက် ပြောနေကြတဲ့

ညီကျော် ပိုးထိပြီး ဆုံးသွားတဲ့အကြောင်းလေးက တစ်ရွာလုံး

နားရည်ကို ဝလို့…. ။

**********************************************

နွေရာသီရဲ့အပူဒဏ်ကို ဖိုးလုံးတို့ ရွာသားတွေလည်း

အလူးအလဲ ခံစားနေကြရတယ် ၊ ညဘက်ဆို ပူအိုက်လွန်းလို့ ချွေးတစ်လုံးလုံးနဲ့

အိပ်ပျော်အောင် မနည်းကြိုးစားအိပ်နေကြရတဲ့အချိန်မဟုတ်လား ၊

ဖိုးလုံးတစ်ယောက်လည်းအိပ်ကမပျော် ၊ ရာသီဥတုကပူတော့

အိမ်အပြင်မှာ သစ်ရိပ်ဝါးရိပ်လေးအောက် ဖြတ်တိုက်လာတဲ့

လေညှင်းလေးတွေကများအေးချမ်းမှုရစေမလားလို့ တွေ့ရင်း

အိမ်ရှေ့ ဝါးကွပ်ပျစ်လေးပေါ်မှာ တစ်ရေးတစ်မော

အိပ်ပျော်ဖို့ကြိုးစားနေတုန်း ညည်းညူသံကြီးတစ်ချက်ကြားလိုက်ရတယ် ။

“ ဟင်း..ဟင်း..ဟင်း..ဟင်း..ဟင်း..ဟင်း.. ”

ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်အတိကျနေတဲ့ကြားက

ရုတ်တရက် ခြံဝဘက်နားက ကြားလိုက်ရတဲ့ ညည်းသံကြီးကြောင့်

ဖိုးလုံးတစ်ယောက် ခေါင်းနပမ်းကြီးသွားပြီး ခေါင်းရင်းက

ငါးတောင့်ထိုး ဓါတ်မီးကို ဖွင့်လိုက်ရင်းအသံလာတဲ့နေရာဘက်ကို

ထိုးပြီး လှမ်းမေးလိုက်တယ် …

“ ဟေ့ ဘယ်သူလဲဟေ့ ဒီအချိန်ကြီး ”

သူဓါတ်မီးထိုးလိုက်တဲ့နေရာမှာ မြင်ရတဲ့အရာက

အဝတ်အစား ပေပေတေတေလူပုံစံဝိုးတဝါးလေး.. ၊

အဲ့ဒီလူက သူ့ခြေထောက်နားကဘယ်ကဘယ်လိုရောက်နေမှန်းမသိတဲ့

ဘောလုံးလေးကို ဖိုးလုံးအိပ်ဖို့ပြင်နေတဲ့ဘက်ကို

အရောက်အောင်ဖြည်းဖြည်းလေး ကန်ပစ်လိုက်တယ် ၊

ဘောလုံးလေးက လိမ့်ရင်း လိမ့်ရင်း ဖိုးလုံးနားရောက်လာပြန်တော့

ဖိုးလုံးလည်း ဘောလုံးလေး လိမ့်လာတာကို ကြောင်ကြည့်နေတုန်း

ဘောလုံးလေးသူ့ဆီအရောက် ဘောလုံးကို ကုန်းကောက်လိုက်ပြီး

ပြန်အထ….

သူ့မျက်နာနားမှာမျက်နာချင်း ကပ်လျှက်အနေအထားနဲ့

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဘေးအိမ်က သူငယ်ချင်း ညီကျော် ရဲ့

ရုပ်ပျက်ဆင်းပျက် မျက်နာကြီးကို မြင်လိုက်ရတော့တယ် ၊

ညီကျော်မျက်နာ နဲ့ ဖိုးလုံးမျက်နာ ဘယ်လောက်နီးတယ်ဆိုရင်

နှာခေါင်းထိပ်ချင်း ထိလုလုလေးဖြစ်နေလောက်အောင်

နီးနီးကပ်ကပ်လေးဖြစ်နေကြတဲ့အနေအထား… ၊

ညီကျော်မျက်နာကြီးက လောက်ကောင်တွေ တစ်ရွရွနဲ့

မျက်နာတစ်ခုလုံးအညိုပုတ်ရောင်ဖြစ်နေပြီး မျက်လုံးတွေက

မျက်ဆံ မဲမဲကြီးတွေမတွေ့ရတော့ပဲ မျက်လုံးနှစ်ခုလုံးက

မျက်သားအဖြူထည်ကြီးအတိုင်းသား ၊ ပြီးတော့ ပလုံးပထွေး

အသံဝါကြီးနဲ့ ညီကျော်က ပြောတယ်…

“ ငါ..မ…ေ..သ…ေ..သ..း…ဘူး…. ” တဲ့

ဖိုးလုံးလည်း ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်ယင်နေရင်းက ငယ်သံပါအောင်

အော်ဟစ်လိုက်တော့တယ်

“အား……. ”

“ ဟဲ့ ဖိုးလုံး ဘာဖြစ်တာလဲ… ဖိုးလုံး ”

“ ဖိုးလုံး သတိထားဦးလေ.. ညဘက်ကြီးဘာဖြစ်တာလဲ ”

အိမ်သားတွေအကုန်နိုးလာကြပြီးအကုန်လုံး ဖိုးလုံးကို

နှာနှပ်ပေးကြရင်း ဘာဖြစ်တယ်ဆိုတာကို သေချာမေးကြည့်တော့

ဖိုးလုံးကတစ်ကိုယ်လုံး ချွေးတွေရွဲနေတဲ့ကြားက မျက်လုံးပြူးမျက်ဆံပြူးရင်း ကျောမလုံသလိုနဲ့

မိမ်ရှေ့အပေါက်ဝဆီကို တစ်ချက်လှမ်းကြည့်လိုက်ရင်း သူဘာတွေဖြစ်ခဲ့တယ်ဆိုတာကို

အကြောင်းကုန်စင်ပြောပြလိုက်တော့ တစ်အိမ်လုံးလည်းအံ့သြသွားကြပြီး

မအိပ်ရဲကြတော့ဘူး… ၊ ဖိုးလုံးပြောနေတာတွေကို မယုံတဲ့သူတစ်ယောက်ရှိသေးတယ်

သူက…ဖိုးလုံးအဖေ….

“ မင်းအိပ်ချင်မူးတူးနဲ့ ကယောင်ကတမ်း ထအော်တာပါ

ငါ့သားရာ… ဘာမှမရှိပါဘူးဟ ”

ဒါကို ကိုယ်တွေ့ကြုံထားတဲ့ ဖိုးလုံးက မျက်ရည်တွေဝိုင်းနေရင်းက

အကြောက်အကန်ငြင်းဆန်မိတယ်

“ မဟုတ်သေးဘူးနော်အဖေ..သားကိုယ်တိုင်တွေ့ခဲ့တာ

သားလုံးဝမလိမ်ဘူး…အဖေက ဘာကြောင့်သေချာပြောနိုင်ရတာလည်း

သားအိပ်မက်ယောင်တာလုံးဝမဟုတ်ဘူး..အပြင်မှာတကယ်တွေ့လိုက်တာ ”

“ ဟေ့ကောင် ဖိုးလုံး…တော်တော့

ညဘက်ကြီး ပေါက်ကရတွေ လျှောက်ပြောနေတယ်…

ဒီကောင်ကွာ…ဘယ်မလဲ မင်းပြောတဲ့

သရဲက မင်းဆီကန်လိုက်တဲ့ ဘောလုံး..

မင်းတကယ်ဖြစ်တာဆို

အိမ်အပြင်မှာ ဘောလုံးရှိနေရမှာပေါ့…ဟော့အခုကြည့်စမ်း

ဘောလုံးကအိမ်ထဲရောက်နေတယ် ဟောဟိုမှာ တွေ့လား ”

ဖိုးလုံးအဖေအသံက ဒေါသသံနည်းနည်းပါလာသလိုပဲ

အိမ်မှာအမျိုးသမီးတွေပါကြောက်ကုန်မှာစိုးလို့ သူ.... ရဲပြတာလည်း

ဖြစ်ချင်ဖြစ်မှာပေါ့လေ…. ၊ ဖိုးလုံးကတော့အဖေဖြစ်သူ ညွှန်ပြတဲ့

နေရာကိုတစ်ချက်ကြည့်လိုက်တယ် ၊အိမ် ဧည့်ခန်းထောင့်လေးမှာ

သူကန်နေကျ တစ်အိမ်လုံးမှာ တစ်ခုတည်းရှိတဲ့ ဘောလုံးလေ…

သူ့ဆီ ညီကျော် ကန်ပေးလိုက်တဲ့ ဘောလုံးလေးဖြစ်နေတာကို

အံ့သြသင့်စရာကောင်းလောက်အောင် မြင်လိုက်ရတယ်…

ဖိုးလုံးအတော်လေးအံ့ာသြသွားရင်း

“ မ..မ..မ..မဟုတ်သေးဘူးနဲ့တူတယ်နော်

ဒ..ဒ..ဒ.ဒီဘော်လုံးက ဒီနေရာမှာ ဘာလို့ရောက်..ရောက် ”

ဖိုးလုံးက မကျေနပ်သေးတဲ့ပုံနဲ့ ဆက်ပြောလိုက်သေးတယ်

“ မှားနေပြီနော်…သားသေချာတွေ့လိုက်တယ်

ညီကျော်က သူ..မ..မ..မသေသေးဘူးလို့တောင် ပြောသွားသေးတယ် ”

ဖိုးလုံးအဖေ ပေါက်ကွဲပြီလေ….

“ ကဲ ဒီကောင် စိတ်စွဲတာတွေများပြီးတော့အိပ်မက်တွေယောင်

ပေါက်ကရတွေ ထအော်နေတာ မိန်းမရေ ညည်းသားကို

ပရိတ်ရည်လေး တိုက်ပြီးအိမ်ထဲမှာပဲအိပ်ခိုင်းချေ ”

“ မဟုတ်သေးဘူးနော်.. ညီကျော်က

သူမသေသေးဘူးတဲ့….. ”

“ ဒီမယ် ငါ့သား..သားသူငယ်ချင်းက

လွန်ခဲ့တဲ့ရက်က ပိုးထိပြီး ဆုံးသွားလို့အိမ်မှာ ၃ရက်ထားပြီး

အလောင်ကို ဖျာလိပ်နဲ့ ပတ်ပြီး မြေချလိုက်တာကို

သားလည်းသိသားပဲ… ၊ ညဘက်ကြီး ပေါက်ကရတွေ

မပြောနဲ့ ညီကျော်လည်း ကောင်းရာမွန်ရာရောက်နေလောက်ပါပြီကွယ်…. ”

နားဝင်ချိုအောင်အေးအေးလူလူပြောတတ်တဲ့

အမေစကားကြောင့် ဖိုးလုံး သိပ်မကျေနပ်သေးပေမယ့်

လက်ခံပြီးခေါင်းညိမ့်လိုက်ရင်းအိပ်ယာပြန်ဝင်ဖြစ်ခဲ့ပြန်တယ် ၊

ညလေးတစ်ညကတော့အနက်ရောင်ကြယ်မှုံတွေ မင်းမူလို့ ။

********************************************

( ညီကျော်ဆုံးပြီး တစ်ပတ်အကြာ )

“ ချစ်ယောက်ဖကြီးထွန်းလွင်ရေ… ”

“ ဝေ့ ဘာလဲကွ လင်းမြိုင် ..ဂေ့…. ”

အရက်သမားနှစ်ယောက်အရက်သောက်ပြီးအပြန်

အရှိန်ကောင်းကောင်းလေးနဲ့ တစ်ယောက်ပုခုံးပေါ်တစ်ယောက်လက်တင်ထားလို့

ခန္ဓာကိုယ် ဟန်ချက်ကိုအပြန်အလှန်ထိန်းထားကြရင်း ရွာအနောက်ဘက်က

သချိ ုၤင်းကုန်းဘက်လမ်းကနေ ရွာထဲကို လှောက်လာကြတယ် ၊

အချိန်က ညီအစ်ကိုမသိတစ်သိအချိန်….

“ ငါဒီနားမှာ ဝိတ်လျော့လိုက်ဦးမယ် ငထွန်း ”

“ ဟေ့ယောင် ငလင်း မင်းသတိထားသွားဦး

ဆိုင်ရာလည်းတောင်းပန်…ဒီနားက နည်းနည်းကြမ်းတယ်ဟ

ဟိုနစ်နေ့ကမှ ကောင်လေးတစ်ယောက် လောလောလတ်လတ်ဆုံးလို့

အလောင်းချထားတာ မကြာသေးဘူး… ”

“ ဟင်…ဟုတ်လား ဆုံးသွားတယ်ပြောတော့ ပြန်မရွေးဘူးလား ”

“ ဟေ့ယောင် ပေါက်ပေါက်ရှာရှာကွာ… ဒီက ကောင်လေးက

ဆုံးသွားတယ်ဆိုတာ ရှောသွားတာကိုပြောတာ..ဂိသွားတာကွာ….

ဘဝကူးသွားတာ..ဂန့်သွားတာ..ဟား..ဟား..

မင်းပြောသလိုအပေါင်ဆုံးသလို ဆုံးတာမဟုတ်ဘူး..

ပြန်ရွေးလို့မရဘူးကွ…နားလည်လား… သောက်ပေါ ”

“ ဒီမယ် ငထွန်း ငါက သရဲတွေ တစ္ဆေတွေ ကြောက်တတ်တဲ့ကောင်

မဟုတ်ဘူး..ဟေ့ယောင် ငါက မူးဝေေ၀လေး ရီဝေေ၀လေးဖြစ်နေတာကို

သဘောကျလို့အရက်သောက်တာကွ…ဒီ သရဲဆိုတဲ့ကောင်တွေကို

ကြောက်လည်းမကြောက်ဘူး..စိတ်လည်းမဝင်စားဘူး..

လုံးဝပဲ…ဒီကောင်တွေ ငါ့ကိုလာခြောက်လို့ ငါအရက်မူးပြေသွားရင်

ဒီကောင်တွေ ငါ့ကိုအရက်ဖိုးပြန်ပေးရလိမ့်မယ်….ငါပြန်ကိုတောင်းမှာ ဟား… ”

ရွာ သုသာန်ကြီးက သားကောင်ချောင်းနေတဲ့

မုဆိုးတစ်ကောင်လို ငြိမ်သက်နေရင်း တစ်ခါတစ်ခါအဝေးက

ခွေးအူသံသဲ့သဲ့လေးကိုပဲကြားနေရတယ် ၊

ပြောရင်းဆိုရင်း လင်းမြုင်တစ်ယောက် ရွာပြန်နေကျအတိုင်း သူငယ်ချင်းကို

ပုခုံးဖက်ပြီး လမ်းဆက်လျှောက်သွားခဲ့တယ် ၊

တစ်ဘက်က ထွန်းလွင်ဆိုတဲ့သူက စကားပြန်မပြော….

စကားမပြောတဲ့အပြင် ထွန်းလွင်ကို ဖက်ထားရတာလည်း ခံစားချက်တစ်မျိုးကြီးပဲ

ထွန်းလွင် ကိုယ်လုံးကြီးက တစ်ခုလုံးအေးတိအေးစက်ကြီးနဲ့

ရေခဲတုံးကြီးကျနေတာပဲ… ဒါနဲ့ သင်္ကာမကင်းဖြစ်နေတုန်းမှာ

လင်းမြိုင်ရဲ့အနောက်ကအသံတစ်သံထွက်လာတယ်

“ ဟေ့ယောင် ယောက်ဖ…ငလင်း…

မင်းကွာ..အမျိုးအရင်းတွေလို့မပြောရဘူး

သစ္စာဖောက်တယ်ကြည့်စမ်း… ငါ့ကိုတောင်မစောင့်ဘူး

သရဲမကြောက်ဘူးလည်းပြောသေး… ရွာကို ပြန်တာ လောလှချည်လား ” တဲ့လေ… ၊

လင်းမြိုင်လည်း ပုံမှန်ဆိုရင် ဒီလောက် ထိတ်လန့်မှာမဟုတ်ဘူး..

အခုက ထွန်းလွင် ကအနောက်ဘက်မှာ ကျန်ခဲ့တာ သေချာနေပြီ…

ဒါဆို သူစကားပြောနေတဲ့သူ…သူပုခုံးဖက်ထားတဲ့သူကရော

အေးစက်စက်ကိုယ်လုံးပိုင်ရှင်ကြီးက ဘယ်သူလဲ….. ၊

သိချင်စိတ်တွေနဲ့ ကြောက်လန့်စိတ်တွေ ရောထွေးလာရင်း

သောက်ထားသမျှအရက်တွေက မူးတာမှန်သမျှအကုန် ယူပစ်သလို လွင့်စင်ကုန်ပြီး

ဘေးကပုဂ္ဂိုလ်ကို လှည့်ကြည့်ဖို့ကြိုးစားလိုက်တော့တယ်

သူ့ဘေးနားက လူက သူတို့ရွာထဲက ဆုံးသွားတာမကြာသေးတဲ့

ညီကျော်ဆိုတဲ့ လူပျိုပေါက်ကလေး… ၊

မြင်လိုက်ရတဲ့ မြင်ကွင်းက ညီကျော်ရဲ့ ရုပ်ပျက်ဆင်းပျက်မျက်နာကြီး…

ညီကျော်ကိုအနီးကပ်မြင်လိုက်ရတော့ လင်းမြိုင်လည်း ခေါင်းကြီးတစ်ခုလုံး

သုံးလေးဆလောက် ကြီးသွားသလို ခံစားလိုက်ရပြီးအော်တောင်မအော်နိုင်တော့ပဲ

ချက်ချင်း သူ့ပုခုံးပေါ်က ညီကျော့်လက်ကို ပုတ်ချလိုက်ရင်း ရွာဆီကို

ဦးတည်ပြီး ခြေကုန်ထွက်ပြေးသွားတော့တယ် ၊

ဒါကို ဖြစ်စဉ်အစအဆုံး မတွေ့လိုက်ပဲ

သူငယ်ချင်း လင်းမြိုင် ထွက်ပြေးသွားတာကိုပဲ မြင်လိုက်သူ ….

ကျန်ရစ်ခဲ့တဲ့အရက်သမား ထွန်းလွင် တစ်ယောက်….

ထွက်ပြေးသွားတဲ့သူငယ်ချင်းကို နားမလည်သလိုကြည့်နေမိတုန်း ၊

တစ်ဆက်တည်းဆိုသလို သူအနောက်ဘက်

သချိ ၤင်းဘက်နားမှာ ပြေးလွှားနေတဲ့ ခြေသံတွေကိုလည်းအတိုင်းသား

ကြားလိုက်ရပြီး ခြေသံတွေအဆုံးက သူ့ကျောဘက်နားမှာ ရပ်တန့်သွားပြီး

နွေရာသီကြီးဖြစ်ပေမယ့် ကျောရိုးတစ်ခုလုံးအေးစိမ့်သွားလောက်တဲ့အထိ

ခံစားချက်တစ်ခုကို ခံစားမိလိုက်တုန်း… ၊

အသံရှတတ လေသံလေးတစ်ခုက သူ့နားအနားကို

ကပ်ပြောလိုက်တာကို ကြားလိုက်ရတယ်…

“ ငါ မသေသေးဘူး… ” တဲ့…. ၊အရင်ကတည်းက ကြောက်တတ်သူမို့

ထွန်းလွင်လည်း လင်းမြိုင်နည်းတူ ထွက်ပြေးသွားခဲ့ရပြန်ပြီ ။

ခွေးအူသံတွေရုတ်တရက်ကြီးကျယ်လောင်လာရင်း

တညံညံနဲ့ သြဘာပေးနေသလားမှတ်ရလောက်အောင်ပါပဲ ။

လူပြောများလာလို့ ပိုးထိပြီး ဆုံးသွားတဲ့ ညီကျော်တစ်ယောက်

မကျွတ်ဘူးဆိုတာကို ကာယကံရှင် မိသားစုဝင်တွေကြားသိကြတော့

ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြတယ် ၊ ရွာကလူတွေလည်း

ညဘက်ဆို ကြောက်လန့်နေကြရတဲ့အတွက်အများကတိုက်တွန်းပြီး

ညီကျော်အတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးပါလို့ ဆိုလာတော့

ညီကျော့် မိသားစုဝင်တွေလည်း ညီကျော် ကွယ်လွန်ပြီး

၃လပြည့်အထိမ်းအမှတ်နဲ့ ရွာထဲက ဘုန်းတော်ကြီးတွေကို

အိမ်မှာပင့်ဖိတ်လို့ ကွယ်လွန်သူ ညီကျော့်အတွက်

ရည်စူးကုသိုလ် ပြုလုပ်ပေးဖြစ်ကြတယ် ၊

ကုသိုလ်တွေလုပ်ပြီး…

အမျှအတမ်းဝေခါနီး ရေစက်ချမယ်လုပ်တဲ့အခါမှာ….

ညီကျော်တို့မိသားစုဝင်ထဲက ညီကျော့်အဒေါ်တော်စပ်သူ

တစ်ယောက်ကအကောင်းကြီးကနေ တငိုငိုတရယ်ရယ်လုပ်ရင်း

တစ်ကိုယ်လုံးလည်းတုန်နေတာကိုအားလုံးသတိထားမိလိုက်တယ် ၊

ဒါကို ရိပ်စားမိတဲ့ ဘုန်းတော်ကြီးတစ်ပါးက…

“ ဒကာလေး ညီကျော်ရောက်လာတာလားကွဲ့ ”

ဘုန်းတော်ကြီးမေးလိုက်တော့ တစ်ဘက်က

ညီကျော်သရဲပူးကပ်နေတဲ့အမျိုးသမီးက ပြန်ဖြေတယ်

“ တင်ပါ့ဘုရား..တပည့်တော် ညီကျော်ပါဘုရား… ”

“ ဒကာလေး မကျွတ်သေးဘူးလား…ကွဲ့…

ဦးဇင်းတို့ ပြုလုပ်ပေးနေတဲ့ ကုသိုလ်တွေ မရလို့လား…

မိသားစုတွေကလည်း မကြာမကြာလုပ်ပေးနေတာပဲလေ…

ဒကာလေး ဒီကုသိုလ်တွေ မရလို့ မကျွတ်သေးတာများလား ”

ဘုန်းကြီးနဲ့ ညီကျော်သရဲတို့အပြန်အလှန်ပြောနေကြတာကို

ရေစက်ချပွဲရောက်နေကြတဲ့ ရွာကလူတွေကလည်း ပွဲတော်ကြီးတစ်ခုလိုမျိုး

ဝိုင်းအုံကြည့်နေကြတယ်… ၊ ဘုန်းကြီးကမေးလိုက် ညီကျော်ကဖြေလိုက်နဲ့

တစ်ခါတစ်လေ ညီကျော်က ဒေါသသံပါပါစကားပြောတတ်သလို

တစ်ခါတစ်လေ ဝမ်းနည်းတဲ့လေသံနဲ့ပြန်ဖြေတတ်သေးတယ် ၊

“ မဟုတ်ပါဘူး ဘုရား..

အီ..ဟီး… တပည့်တော် တပည့်တော်…

မသေပဲအသတ်ခံရတာပါ ဘုရား… ”

“ ဟင်.. ”

ညီကျော်ပြန်ဖြေလိုက်တဲ့အဖြေကြောင့်

တစ်ရွာလုံး မှင်သက်သွားကြတုန်း ဆရာတော်က ဆက်ပြီးမေးတယ်

“ ပြောစမ်းပါဦး ဒကာလေးကို ဘယ်သူသတ်တာလဲ ”

ညီကျော်က ဒေါသတကြီး တုန်ယင်နေရင်း သူ့ပတ်ဝန်းကျင်က

အမျိုးတွေကို လက်ညှိးထိုးပြပါလေရော..ညီကျော် လက်ညှိုးထိုးပြတာ ခံရတဲ့ လူတွေကလည်း

သူတို့တွေ ဘာမှားခဲ့မှန်း မသိကြပဲအလိုလိုနေရင်း တုန်လှုပ်သွားကြတာအမှန်ပဲ…

ဘာဖြစ်လို့လဲဆိုတော့ တစ်ရွာလုံးအကြည့်တွေ…သံသယမျက်လုံးတွေအများကြီးက

သူတို့အပေါ်ရစ်သိုင်းလာပြီလေ ၊

“ သူတို့..သူတို့..သူတို့တွေ သတ်ခဲ့တာ… ”

ညီကျော်စကားအဆုံး တစ်ဘက်က လက်ညှိုးအထိုးခံရတဲ့သူတွေကလည်း

အကြောက်အကန်ငြင်းကြပြန်တာပေါ့

“ မ..မ..မဟုတ်ပါဘူး….တပည့်တော်တို့..ကျွန်တော်တို့

ညီကျော့်ကို လုံးဝမသတ်ပါဘူး… ”

“ မဟုတ်ဘူး. မင်းတို့တွေ ငါ့ကို သတ်ခဲ့တာ… ”

ညီကျော့် ဟန်ကအတော်လေး ဒေါသဖြစ်နေပုံပဲ

“ မင်းတို့သတ်လို့ ငါသေခဲ့ရတာ…အီးဟီး..

တကယ်ဆို ငါမသေသင့်သေးဘူး..ငါလုပ်စရာတွေအများကြီး

ရှိသေးတယ်..ငါငယ်ငယ်လေးပဲရှိသေးတာ..

ငါမသေချင်သေးဘူး..မင်းတို့တွေ ရက်စက်တယ် ”

စကားပြောနေရင်းက ညီကျော် ငိုသံတွေပါ ပါလာတယ် ၊

ဒါကို ဆရာတော်က

“ ကဲ ပါ ဒကာလေး ပြောပါ ဦးဇင်း

ဒီကိစ္စကို တာဝန်ယူပါတယ်.. ၊အမှန်တရားအတိုင်း

တရားမျှတစေရမယ်..ကဲပြောပါဦး ဒကာလေးဘယ်လို

သေခဲ့ရတယ် သူတို့ ဘယ်လိုမျိုးနည်းနဲ့ ဒကာလေးကို သတ်ခဲ့ကြတယ်ဆိုတာ

ဦးဇင်းသိချင်တယ် ”

“ ဒီလိုပါအရှင်ဘုရား

တပည့်တော် မမျှော်လင့်ပဲ ပိုးထိခဲ့ (မြွေကိုက်ခံ) ရတယ် ၊ မြွေကိုက်ခံရပြီး

တပည့်တော် မေ့မျောနေတုန်း သုံးရက်မြောက်နေ့ညမှာ

တပည့်တော်အိမ်က သူတို့..သူတို့..သူတို့တွေက

တပည့်တော် ကို သေပြီအထင်နဲ့ ဖျာနဲ့လိပ်ပြီးအရှင်လတ်လတ်

မြေမြှုပ်လိုက်ကြတယ်… ၊ မြေကြီးထဲရောက်မှ မြွေဆိပ်နဲ့

မြေဓါတ်နဲ့ ထိတွေကလို့လားမသိဘူး...တပည့်တော် သတိပြန်လည်လာတယ် ၊ တပည့်တော် မသေသေးဘူးဆိုတာ

သူတို့မသိကြဘူး..အီးဟီး… ၊ သူတို့တပည့်တော်ကို

သတ်တာ … ”

ညီကျော်ပြောပြတဲ့ စကားကိုကြားတော့ တစ်ရွာလုံး

အံ့သြသလို ဝမ်းလည်းနည်းသွားကြတယ်

“ ဒီမယ် ဒကာလေး…

ဒီရွာရဲ့ဓလေ့ကိုက (………)ကိစ္စတွေနဲ့ ကွယ်လွန်ခဲ့ရင်

အိမ်မှာ ကျောပူအောင်မထားရဘူးဆိုတဲ့အယူအဆတွေနဲ့

ကြီးပျင်းလာတဲ့ရွာလေးလေ… ၊အခုဖြစ်စဉ်မှာ

ဒကာလေးဘက်ကအများကြီးနစ်နာသွားတာ ဦးဇင်းသိပါတယ်.. ၊

ဒါပေမယ့် ဒီလူတွေက ဒကာလေးပြောတာ နားထောင်ရသလောက်

သူတို့တွေက ဒကာလေးအပေါ်မှာ သေစေချင်တဲ့စိတ်နဲ့ ပြုလုပ်ခဲ့တာ

မဟုတ်ဘူးလေ… ၊အရာရာက ဖြစ်ချိန်တန်လို့ဖြစ်လာတာပါပဲ

ဒကာလေး… ၊ ဟိုးရှေးတုန်းကလည်းအခု ဒကာလေးကြုံခဲ့တဲ့

အဖြစ်ဆိုးမျိုးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ထပ်တူကျခဲ့တဲ့

အဖြစ်အပျက်လေးတွေရှိသေးတယ် ”

ပြောပြောဆိုဆိုနဲ့ မေတ္တာတရားကို ရှေးရှုထားတဲ့

ဗုဒ္ဓတရားတော်တွေကိုအထိရောက်ဆုံးနဲ့မြန်မြန်လေး နားဝင်လွယ်အောင်

ရှင်းပြ ဟောပြခဲ့ပါတော့တယ် ၊ ဆရာတော် တရားကိုလည်း

ညီကျော်က မျက်ရည်တွဲလွဲနဲ့ လေးလေးစားစား နာယူပြီးတော့

ဆရာတော်က ညီကျော်အပါအဝင် ၃၁ဘုံကို ရည်စူးပြီး

အမျှအတမ်း ပေးဝေတာတွေကိုပြုလုပ်ပေးပြီး

ညီကျော်ကိုယ်တိုင် ရေစက်ချစေခဲ့တယ် ၊ ရေစက်ချ

အမျှအတမ်းဝေပြီးတဲ့နောက်မှာတော့ ညီကျော်တစ်ယောက်လည်း

သူဝင်ပူးထားတဲ့ ခဏကိုယ်က ထွက်သွားတော့တယ် … ညီကျော်

ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်သွားပြီလို့လည်း

အားလုံးက ယုံကြည့်ခဲ့ကြတယ် ၊အဲ့ဒီနောက်ပိုင်းမှာတော့

ညီကျော့်အကြောင်း ထပ်မကြားကြတော့တာအခုချိန်ထိပါပဲ…. ။

ညီကျော် တကယ်ရော ကျွတ်လွတ်သွားခဲ့ပြီလား

ဒါမှမဟုတ် သူ့အကြောင်းကိုဖတ်နေကြတဲ့သူတွေအနားမှာပဲ

ရောက်နေမလားဆိုတာကတော့..... ။

#END

ကြိုးစားလျက်….

မိုးစွေ

စာပြီးချိန်(17/1/2019~3:20AM)

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်





Some text some message..