“ ခေါစာ မမည် ”
lotaya.mpt.com.mm
|
2019-05-16



ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )

( စ - ဆုံး )

လွန်ခဲ့သော နှစ်ပေါင်း ၁၅နှစ်ကျော်မှ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခု…. ။

တစ်ချို့ကိစ္စတွေက လက်တွေ့မဆန်လို့ မယုံဘူးလို့ပြောလို့မရဘူး ၊

ကြားဖူးနားဝမို့မယုံပါဘူးကွာလို့ တထစ်ချ သတ်မှတ်လို့မရတဲ့ကိစ္စတွေ လောကမှာ

အများကြီးပါပဲ… ၊အဲ့ဒီထဲကမှ လူသားတွေနေထိုင်ကြတဲ့ ကမ္ဘာလောကလူ့ဘုံလိုပဲ

၃၁ဘုံဝေနေယျ ဘုံဘဝတွေထဲက မျက်စိနဲ့မြင်ရတဲ့ တိရစ္ဆာန်ဘုံတစ်ခုလက်တွေ့ပြနိုင်သလို

မျက်စိနဲ့မမြင်ရတဲ့ ပြိတ္တာဘုံတစ်ခုကိုလည်း လက်ခံထားရမယ်… ။

ပြိတ္တာဘုံသားတွေအတိအလင်းရှိခဲ့ကြောင်းကို မြန်မာရာဇဝင်တွေ ၊

ဗုဒ္ဓကျမ်းစာတွေထဲက ပေတဝတ္တုတော်ကြီး နဲ့ နိုင်ငံရပ်ခြားမှာဆိုရင်လည်း

သိပ္ပံပညာရှင်တွေအထိလက်ခံထားကြတဲ့ ဒီ….. ပြိတ္တာဘုံသား ပရလောကသားတွေအကြောင်း

အဖြစ်အပျက်တွေအများကြီး ရှိနေဆဲပါ … ၊ ဘယ်လိုပဲပြောပြော ယုံတာမယုံတာကိုတော့

လူတစ်ဦးတစ်ယောက်ရဲ့ ခံယူချက်နဲ့ပဲဆိုင်တာပါ .. ၊ တစ်ချို့ကိစ္စတွေကတော့

ပြောမယုံ ..ကိုယ်တိုင် နဖူးတွေ့ဒူးတွေ ကြုံမှ ယုံကြတာမဟုတ်လား… ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၀၀ ခုနှစ်ဝန်းကျင်ခန့်အခါက …. ။

ရန်ကုန်ရွှေမြို့တော်ကြီးမှာ တိုးတက်လာတဲ့ လူနေမှုအရ မြို့သစ်တည်ဖို့အတွက် ၊

လှိုင်သာယာဆိုတဲ့ မြို့သစ်ကြီးတစ်ခုကို စတည်နေတဲ့အချိန်ပေါ့ ၊ မြို့သစ်တည်ကာစဆိုတော့

မြို့သစ်မှာစတင်နေထိုင်အခြေချကြတဲ့သူတွေအတွက်အရမ်းဒုက္ခရောက် …အရမ်းစိတ်ညစ်ကြရတဲ့

အချိန်တွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရတယ်… ၊ လမ်းတွေကအခုမှ ဖောက်ကာစမို့

မညီမညာအကြမ်းထည်တွေဖြစ် … ၊ လျှပ်စစ်မီးဆိုတာ ချိုနဲ့လားလို့မေးနေရတဲ့ကာလာ ၊

စပြီး နေကြတဲ့သူတွေအတွက် တောရွာမှာ နေတာကမှ ပိုသာဦးမယ့်အခြေအနေတွေ…. ၊

စဉ်းစားကြည့်လေ… မြို့သစ်ဆိုတော့..အိမ်လေးတွေကလည်း ကျောတစ်ခင်းစာနဲ့မိုးလေလုံရင်ပြီးရော

ဆိုပြီး ဆောက်နေကြတဲ့ တဲသာသာအိမ်လေးတွေ … ၊ တစ်အိမ်နဲ့ တစ်အိမ်ဆိုတာကလည်း

ကားတစ်မှတ်တိုင်စာလောက်ဝေးကြတယ် ၊ ပတ်ပတ်လည်မှာလည်း လယ်ကွင်းတွေနဲ့

ရွံ့တွေ ၊ ဗွက်တွေ ၊ မြေစာပုံတွေ ၊ ဆောက်လုပ်ရေးပစ္စည်းတွေ ၊ မြေသယ်ကားတွေနဲ့ ပြည့်နေတာပဲ ။

မြို့သစ်မှာ စနေထိုင်ကြတဲ့ လူတွေ ဒုက္ခမသေးတဲ့အထဲကအကြီးဆုံးဒုက္ခတစ်ခုရှိသေးတယ်… ၊

အိမ်ကနေ…ရန်ကုန်မြို့နေရာအသီးသီးမှာအလုပ်ဆင်းရတဲ့သူတွေအများဆုံးကြုံရတဲ့အခတ်အခဲပေါ့.. ၊

ပထမကအိမ်ကနေကားဂိတ်ကိုအဝေးကြီးလမ်းလျှောက်ရတယ်… ၊ ဒုတိယက ကားစောင့်ရတာ

ကြာတာပဲ… မျှော်နေတဲ့ကားကလာပြီဆိုရင်လည်း လူအပြည့်ပါလာတာလေ… ဒီတော့

အိမ်ကနေအကျီ ၤအဖြူကျော့ကျော့လေးဝတ်လာရင်တော့ ကားပေါ်ကဆင်းတာနဲ့

ချွေးနံ့တွေ တသင်းသင်းနဲ့အကျီ ၤလေးလည်းအရောင်တွေပြောင်းလို့ပေါ့… မိန်းကလေးတွေဆို

ပိုဒုက္ခရောက်ကြတယ် ၊ တတိယအချက်က ကားပေါ်မှာ ခါးပိုက်နှိုက်တွေအရမ်းပေါတာပဲ ၊

အဲ့….စတုတ္ထအချက်ကအဆိုးဆုံးပဲ…အလုပ်ဆင်းတဲ့အချိန်အလာတုန်းကလိုပဲ

ကားအကြာကြီးစောင့် တိုးဝှေ့စီးပြီးပြန်လာရင်တောင်..ကိုယ့်အိမ်နေရာကို

အဝေးကြီးလမ်းလျှောက်ရတယ်လေ.. ၊အခုလို လင်းလင်းချင်းချင်းမဟုတ်ဘူးနော်… ၊

တောရွာတွေလို လမင်းအလင်းရောင်နဲ့အိမ်လမ်းကိုရှာပြီးအိမ်ပြန်ရတာ ၊

မိန်းကလေးဝန်ထမ်းတွေဆို သူတို့အိမ်တွေက မိသားစုတွေက ကားဂိတ်တွေမှာ

လာကြိုပေးတတ်ကြတယ် … ၊အဆိုးဆုံးကအိမ်မမှတ်မိကြတာပဲ… ၊

အဲ့လိုပြောရင် ရယ်ချင်ရယ်ကြလိမ့်မယ်… ရယ်စရာမဟုတ်ပါဘူး…

တကယ်ကိုကြုံခဲ့ဖူးတဲ့သူတွေသိပါတယ်… မြို့သစ်စတည်တုန်းက

လှိုင်သာယာမှာ နေတဲ့သူတွေဆိုသိကြပါတယ်… ၊ ညဘက်ဆို မှောင်ကလည်းမှောင်တဲ့အပြင်

ဆောက်ထားတဲ့အိမ်ကလေးတွေကလည်း ဆင်တူလေးတွေ…. ဆင်တူအိမ်လေးတွေကိုမှ

သွပ်မိုးနဲ့ထရံကာ ဆောက်ထားတာဆိုအဲ့ဒီဘက်မှာ သူဌေးပဲ… ၊ ထားပါတော့

အိမ်ဆင်တူလေးတွေအကြောင်းပြန်ပြောပြမယ်…အိမ်လေးတွေကလည်းဆင်တူ..

ညဘက်မှောင်မဲနေတော့အိမ်ခဏခဏမှားကြတဲ့အဖြစ်ကလေး ဖြစ်ကြတယ်ဗျ… ၊

တစ်ချို့အိမ်တွေကျအိမ်ပဲဆောက်ထားကြတာ လူမနေကြသေးဘူး..အဲ့လိုအိမ်တွေလည်းများတယ် ၊

နောက်ပိုင်း ကိုယ့်အိမ်ရှေ့ကိုယ်အမှတ်အသားလေးတွေ လုပ်လာကြတယ်…

စွတ်ကျယ်အကျီ ၤအစုတ်လေးတွေကိုအလှံတိုင်လိုလုပ်ပြီးအိမ်ရှေ့မှာ ထောင်ထားတာတို့

ကိုယ့်အိမ်ရှေ့နားမှာ ထုံးတွေကို ကိုယ့်အမှတ်အသားနဲ့ကိုယ် ကြမ်းပြင်တွေမှာ ဖြူးထားတာတို့

စသဖြင့် လုပ်ထားကြတယ်.. ဆောက်ထားတာအိမ်ဆင်တူပုံလေးတွေမို့

နေ့ခင်းဘက်တောင်ရောနေတာလေ….အဓိက ကတော့ ညဘက်အိမ်ပြန်လာရင်အိမ်မမှားအောင်ပေါ့လေ ။

နိုင်ဝင်းအောင်ဆိုတဲ့ ၁၄နှစ်သားအရွယ် ကောင်လေးတစ်ယောက်ကလည်း

အဲ့ဒီလှိုင်သာယာ မြို့သစ်ကြီးတည်တုန်းက မြို့သစ်နေရာမှာ နေထိုင်ခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်ပေါ့ ၊

သူ့မှာ မိသားစုဝင် ပေါင်း ၅ဦး ရှိတယ်…အဖေအမေအပြင် သူ့ထက်အများကြီးကြီးတဲ့အစ်မကြီးနဲ့

သူ့အောက် ၄နှစ်ငယ်တဲ့ ညီလေးနဲ့ပေါ့။

နိုင်ဝင်းအောင်တို့က လှိုင်သာယာ (၁) ရပ်ကွက် ၊ သမကုန်းမှတ်တိုင်မှာ နေကြတယ် ၊

သူတို့နေကြတဲ့ရပ်ကွက်က လူအရမ်းပြတ်သလို ၊ ဘေးပတ်ပတ်လည်မှာလည်းအိမ်ဆောက်ပြီး

လူမနေကြတာများတော့ ပတ်ဝန်းကျင်မှာ ပြေးကြည့်ရင် လူဆိုလို့ သူတို့မိသားစုပဲရှိကြတယ် ၊

အဖေက ဝန်ထမ်းဆိုတော့ ရုံးတက်ရုံးပြန်နဲ့အချိန်ကုန်အစ်မကတော့ ဝန်ထမ်းဆိုတော့အဖေ့လိုပဲ

ပြေးလိုက်လွှားလိုက် ပြန်လာရင်အမေနဲ့အတူ သူတို့ညီအစ်ကိုကိစ္စတွေ

အိမ်ကိစ္စတွေ ၊ ချက်ရေးပြုတ်ရေးတွေနဲ့အားတယ်ကိုမရှိ… ၊ နိုင်ဝင်းအောင် တို့ညီအစ်ကိုက

ညီအစ်ကိုချင်းဆော့ရင်ဆော့တယ်…ကစားဖော်မက်ကြပေမယ့်..နေရတဲ့နေရာကြီးက

ဆော့စရာလူမပြောနဲ့ ခွေးတောင်မရှိတဲ့ နေရာကြီးဖြစ်နေပြန်တယ်… ။

ရာသီဥတုကလည်း တစ်နေ့ခင်းလုံးပူတာအားမရလို့

ညပိုင်းဆိုလည်း လေပူတွေတိုက်တိုက်ပြီး ပူသေးသတဲ့ ။

ကလေးတွေဖြစ်ကြတဲ့ နိုင်ဝင်းအောင်တို့ ညီအစ်ကိုအတွက်

ဆော့စရာအဖော်ကမရှိ ၊ ရာသီဥတုကလည်း ပူ ၊အိမ်ရှေ့လမ်းနေရာကလည်း

အခုမှ လမ်းဖော်ကာစဆိုတော့ မြေစာပုံကြီးတွေက တာရိုးအမြင့်ကြီးတွေလိုဖြစ်နေကြတယ် ၊

နိုင်ဝင်းအောင်တို့ ညီအစ်ကိုဆိုအိမ်ရှေ့အိမ်အပြင်လေးထွက်ချင်ရင်တောင် တာရိုးပေါ်ကုန်းကွပြီး

ကျော်တတ်မှ ထွက်လို့ရတဲ့ ဘဝဆိုတော့အဲ့ဒီမှာ နေခဲ့ရတဲ့အချိန်တွေက သူတို့အတွက်တကယ့်ကို

လုံး၀ လောက ငရဲပဲ ။

ကျောင်းတက်ရမယ့် ရာသီရောက်လာပြန်တော့လည်း နိုင်ဝင်းအောင်တို့

ပျော်ကြရပြန်တယ်… ၊ သူတို့ညီအစ်ကိုကအဆော့တအားမက်တဲ့သူတွေဆိုတော့

ကျောင်းမှာ သူငယ်ချင်းတွေအများကြီးနဲ့ ဆော့ရတော့မယ်လေ… ။

နိုင်ဝင်းအောင်ကတော့ ကျောင်းကသူငယ်ချင်းတွေထဲက

ရပ်ကွက်ချင်းလည်းနီးတဲ့သူလည်းဖြစ် ၊ သူငယ်ချင်းတွေထဲမှာအခင်ဆုံးလည်းဖြစ်တဲ့

အတန်းဖော်သူငယ်ချင်း စစ်မိုး နဲ့ တတွဲတွဲဖြစ်သွားတယ် ၊ နောက်ပိုင်း သူ့အိမ်ကိုယ်လိုက်နေ

ကိုယ်အိမ်သူလိုက်နေ… သူ့အိမ်ကိုလက်ဆော့ ကိုယ့်အိမ်သူလိုက်ဆော့လိုက်နဲ့

အဖော်လိုချင်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်အဆင်ကိုပြေလို့ ။

စစ်မိုး တို့က မောင်နှမ၄ယောက်ရှိကြတယ် ၊ စစ်မိုးကအငယ်ဆုံးဆိုတော့

တစ်အိမ်လုံးရဲ့အသည်းကျော်ပဲလေ ၊ သူငယ်ချင်းနှစ်ယောက်ဆုံရင် ဆော့ရင်းဆော့ရင်း

တစ်ခါတစ်အိမ်နဲ့ခပ်ဝေးဝေးတွေရောက်သွားတတ်ကြတယ် ၊အဲ့လိုတွေ သွားတတ်ကြတော့

မိဘတွေက စိတ်ပူပြီး သူတို့ကို ပြောထားကြတာ..ဘာတဲ့…

“ ဟဲ့ကလေးတွေ ဒီနားကနေအဝေးကြီးလျှောက်မသွားကြနဲ့ ၊

အိမ်အနီးအနားမှာပဲဆော့ကြ ၊အဝေးကြီးသွားရင် နင်တို့ကိုသရဲဆွဲသွားပြီး

ဖမ်းစားလိမ့်မယ်..ဘာမှတ်နေလဲ..အရင်က ဒီနေရာတွေက သချို ၤင်းမြေတွေ ” ဆိုပြီး

ခြောက်လှန့်တတ်ကြတယ်… ၊ တကယ်လား ဟုတ်လားမဟုတ်လားဆိုတာထက်

နိုင်ဝင်းအောင်တို့စိတ်ထဲမှာတော့အရိုးစွဲအောင်ကြောက်သွားကြတာအမှန်ပဲ ၊

သရဲဆိုတဲ့အမျိုးက ညမှ ချောက်လန့်ကြတာများတယ်လေ…

ဒါ့ကြောင့် သရဲနဲ့တွဲပြီး ညကိုပါ သူတို့နှစ်ယောက် ကြောက်သွားကြတယ် ၊

နောက်ဆို ဘယ်လောက်ဆော့ဆော့ နေမဝင်ခင်တော့အိမ်တွေကို

ရောက်အောင်ပြန်သွားတတ်တဲ့အကျင့်ရသွားကြတယ် ။

သရဲဆိုတာ ဘယ်လိုပုံကြီးလည်း နိုင်ဝင်းအောင်မမြင်ဖူးပါဘူး..

ဒါပေမယ့်အမေပြောပြတဲ့ ပုံပြင်တွေထဲမှာတော့ ကြားဖူးတယ်… ၊

ပတ်ဝန်းကျင်မှာလည်း ဟိုနားဒီနားက သူတို့ရပ်ကွက်နားမှာ ညဘက်အိမ်ပြန်လာလို့

ခေါက်ဆွဲကြော်ဝယ်လာတဲ့ည ၊ ဒါမှမဟုတ်အစားအသောက်တစ်ခုခုပါလာတဲ့ညတွေဆို

သရဲက လိုက်ဆွဲတတ်တယ်လို့ သတင်းတွေကြားထားသေးတယ်လေ ၊

တကယ်ကြုံသွားတဲ့သူတွေလည်း နည်းမလား… ။

တစ်နေ့ နိုင်ဝင်းအောင် နဲ့ စစ်မိုးတို့ နှစ်ယောက်

အဆော့လွန်ရင်း နေဝင်ချိန်ရောက်မှန်းမိသရောက်လာပါလေရော

ဒါကို သတိထားမိတဲ့ စစ်မိုးက

“ နိုင်ဝင်း မင်းဒီည ငါ့အိမ်မှာပဲအိပ်လိုက်တော့

ငါပြောဖို့မေ့နေတာ မင်းနဲ့ငါအတူစားဖို့ဆိုပြီး ငါ့အစ်မကအလုပ်ကပြန်လာရင်

ခေါက်ဆွဲကြော်ဝယ်လာမယ်လို့ပြောတယ် ၊အဲ့ဒါ မင်းအိမ်ပြန်မနေနဲ့တော့

ငါ့အိမ်မှာပဲ လိုက်အိပ်လိုက် ” လို့ပြောလာတော့ နိုင်ဝင်းအောင် ကလည်း…

“ ဟ…ဒီလိုဘယ်ဖြစ်ပါ့မလဲကွ… ငါ့အမေစိတ်ပူနေမှာပေါ့… ”

“ ဟင့်အင်း..အဲ့အတွက် ဘာမှမပူနဲ့ငါအိမ်ရောက်ရင် ငါ့အစ်ကိုကြီးကို ပြောပေးမယ်

သူမင်းအိမ်ကို ခွင့်သွားတောင်းပေးလိမ့်မယ်..ဘယ်လိုလဲ လိုက်အိပ်မယ်မို့လားကွ…

မင်းစဉ်းစားမနေပါနဲ့ကွာ… ကောင်းကင်ကိုလည်းကြည့်လိုက်ဦး …နေဝင်နေပြီနော်…

မင်းတစ်ယောက်တည်း ပြန်ရဲရင်လည်းပြန်ပေါ့ကွာ…ဟား… ”

စစ်မိုးစကားကြောင့် နိုင်ဝင်းအောင် လည်း ပတ်ဝန်းကျင်ကို

တစ်ချက်ကြည့်လိုက်ပြီး…

“အ..အ..အဲ….အဲ့လိုတော့မလုပ်နဲ့လေကွာ..

ငါလိုက်အိပ်ပါ့မယ်… မင်းသာကတိတည်ပါစေကွာ…. ”

တရုတ်အစားအစာနဲ့ဝေးနေတဲ့ နိုင်ဝင်းအောင်အဖို့

သူငယ်ချင်းနဲ့လည်း စကားတွေပြော.....ဆော့ပြီး တစ်ညလုံးအတူနေရမယ်ဆိုတော့

မငြင်းဖြစ်တော့ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ည ၈နာရီတိတိ… ။

စစ်နိုင်တို့အစ်မ ပြန်လာခဲ့တယ်လေ… ၊

လက်ထဲမှာလည်းအထုပ်တွေအများကြီးနဲ့ စားစရာတွေဖြစ်မယ် ၊

စစ်မိုးနဲ့ နိုင်ဝင်းအောင်ကိုလည်း သူ့လက်ထဲက ခေါက်ဆွဲကြော်တစ်ထုပ်လှမ်းပေးတယ် ၊

နိုင်ဝင်းအောင် တို့လည်း ခေါက်ဆွဲကြော်ကို တစ်ယောက်တစ်ဝက်ခွဲပြီး

အားရပါးရ စားလိုက်ကြတယ်လေ ။

စစ်မိုးတို့တစ်အိမ်လုံးစားပြီးသောက်ပြီးအိုးတွေပန်းကန်တွေ

ဆေးကြတော့ နိုင်ဝင်းအောင်လည်းအားနာလို့ စစ်မိုးအစ်မကို ပစ္စည်းတွေ

ကူသိမ်းပေးနေတုန်း စစ်မိုးအစ်က ပန်းကန်ဆေးနေရင်းအကူအညီတစ်ခုလှမ်းတောင်းပါလေရော.. ၊

“ မောင်ငယ်လေးရေ…အစ်မကို ဒါလေးအပြင်မှာ သွားပစ်ပေးပါလား

တစ်ယောက်တည်းမသွားရဲရင် စစ်မိုးကိုခေါ်သွားချေ ”

“ ဗျာ..ဟု..ဟု..ဟုတ်..ဟုတ်ကဲ့အစ်မ ”

မုန့်ကျွှေးထားတာမို့ ဒီလောက်တော့ လုပ်ပေးသင့်တယ်ဆိုပြီး

နိုင်ဝင်းအောင် လည်းအမှိုက်သွားပစ်ပေးဖို့ စစ်မိုးအစ်မ ကမ်းပေးလိုက်တဲ့

အထုပ်လေးကိုကြည့်လိုက်တယ် ..ထမင်းထုပ်လေးပဲ ၊ ထမင်းထုပ်နဲ့ဟင်းလေးတွေ

မြင်တာနဲ့ နိုင်ဝင်းအောင် လည်း စစ်မိုးအစ်မအမှှိုက်မှားပေးတယ်ထင်ပြီး

“အစ်မ…ဒါ ထမင်းနဲ့ဟင်းတွေအကောင်းကြီးတွေကို

ပစ်မလို့လား နှမြောစရာကြီးဗျာ.. ”

“ မဟုတ်ဘူးလေမောင်လေး…အဲ့ဒါတွေကမနေ့ကတည်းကဟာတွေ

သိုးနေပြီ သေချာလည်းနမ်းကြည့်ဦး မောင်လေးရ ”

နိုင်ဝင်းအောင် လည်း သေချာအနံ့ခံကြည့်မှ ဟုတ်ပ

သိုးနေတဲ့ ထမင်းနဲ့ ဟင်းတွေ ဖြစ်နေတယ် ။

ဒါနဲ့ပဲ လွင့်ပစ်မယ်ဆိုပြီးအပြင်သွားဖို့ပြင်လိုက်တယ်

ပတ်ဝန်းကျင်က မှောင်မဲနေတာများအိမ်ထဲတောင် ရေနံဆီမီးအိမ်လေးရှိပေလို့

အဲ့ဒါကြောင့်လည်း နိုင်ဝင်းအောင်တစ်ယောက် သူငယ်ချင်း စစ်မိုးကို

အပြင်မှာအမှိုက်သွားပစ်ဖို့အဖော်ခေါ်လိုက်တယ် ။

“ စစ်မိုး …ဟေ့ယောင်…စစ်မိုး ခနလိုက်ခဲ့ကွာ…

အိမ်အပြင်လေးတင်… ”

“အာ..မလိုက်ဘူးကွာ..ငါအပြင်မထွက်ချင်ဘူး…

မင်းကဘာတွေဖြစ်နေတာလဲ မြန်မြန်သွားပစ်ပြီးပြန်လာလိုက်ပါကွာ….

ဘာမှ ကြာတာလည်းမဟုတ်ဘူး… ”

စစ်မိုးကို ဘယ်လိုမှအဖော်ခေါ်မရတော့ မထူးပါဘူးဆိုပြီး နိုင်ဝင်းအောင် လည်း

တစ်ယောက်တည်းအိမ်အပြင်ထွက်ခဲ့လိုက်တယ် ၊အချိန်က ည ၁၀နာရီကျော်နေပြီ

ပတ်ဝန်းကျင်ကတိတ်ဆိတ်လို့ ၊အခုခေတ်လို ဖုန်းတွေလည်းမရှိ ၊ ဖုန်းလို့ပြောတာထက်စာရင်

အစကပြောခဲ့သလို လျှပ်စစ်မီးတောင်မရသေးဘူးဆိုတော့အိမ်အပြင်မှာ

ဘယ်လောက်မှောင်မဲနေမယ်ဆိုတာ မြင်သာပါတယ် ။ နိုင်ဝင်းအောင် တစ်ယောက်တည်း

အိမ်အပြင်လေးထွက် မှောင်မဲနေတဲ့ ပတ်ဝန်းကျင်ကို

ဟိုကြည့်ဒိကြည့်လုပ်ရင်း ပထမအမှိုက်ထုပ်ကို ပစ်ဖို့ပြင်ပြီးကာမှစဉ်းစားမိတယ်

“ ငါသူများအိမ်မှာ ကျွေးတာလည်း စားပြီးပြီ…

အခုကူလုပ်ပေးတော့လည်းအမှိုက်ပစ်ရမှာ… သူတို့အိမ်ရှေ့ပြန်ပစ်ထားလို့

မနက်လင်းမှအထုပ်လိုက်ကြီးမြင်နေရင် ငါလည်းမကောင်းဘူး

ငါ့ကိုစိတ်ဆိုးသွားကြလိမ့်မယ်… မထူးပါဘူးလေ…အိမ်ပြင်ထွက်လက်စနဲ့တော့

ငါ ရှေ့နည်းနည်း ခပ်လှမ်းလှမ်းမှာ သွားပစ်လိုက်မယ် ” ဆိုပြီး ကိုယ့်အတွးနဲ့ကိုယ်

ကြောက်ကြောက်နဲ့ပဲအမှောင်ထဲ စမ်းတဝါးဝါးနဲ့ လမ်းနည်းနည်းလေးပိုလျှောက်လိုက်တယ်

ပြီးမှ မျက်လုံးလေးမှိတ် လက်ကိုလွှဲပြီးအဝေးနေရာကိုအားရပါးရလွှင့်ပစ်လိုက်တော့တယ် ၊

စိတ်ထဲမှာလည်း “ ကဲကွာ ရောက်ချင်ရာရောက်… ” လို့ ရေရွတ်လိုက်မိတယ် ၊

တာဝန်တစ်ခုပေါ့သွားတော့အိမ်ထဲပြန်ပြေးဖို့အလုပ်ပဲကျန်တော့တယ်လေ.. ၊

အခုမှ ကြက်သီးတွေကအလုံးလိုက်ပြန်ထလာသလိုပဲ ရာသီဥတုကပူနေမယ့်

နိုင်ဝင်းအောင် တော့ ကြောက်လာလို့ထင်တယ် ချမ်းစိမ့်စိမ့်လေးဖြစ်သလို

ခံစားလိုက်မိတယ်…. ခြေလှမ်းတွေကတော့အမြန်ဆုံးလှမ်းရင်း..အိမ်ထဲကိုပေါ့ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နာရီက ၂ချက်ထိုးလောက်ရှိပြီထင်တယ် ၊

နိုင်ဝင်းအောင်တစ်ယောက် သူငယ်ချင်း စစ်မိုး ဘေးမှာအိပ်နေတုန်း….

သူ့ခြေထောက်ကို တစ်ယောက်ယောက်က ဆောင့်ဆွဲလိုက်သလို ခံစားလိုက်ရပြီး

လူကလည်းအိပ်ယာအပြင် ခြင်ထောင်အပြင်ဘက်ကို ကိုယ်တစ်ပိုင်းလောက်

ထွက်သွားပါလေရော.. ၊ နိုင်ဝင်းအောင်လည်း လန့်နိုးလာပြီး

ပတ်ဝန်းကျင်ကိုလိုက်ကြည့်မိတယ် တော်တော်လည်းကြောက်နေပြီ… ၊

လူက လေးဘက်ကုန်းပြီးအိပ်ယာထဲပြန်ဝင်လာရတယ် ၊အတော်လည်း လန့်သွားတယ်

တစ်ခါမှလည်းမဖြစ်ဖူးဘူးလေ… ၊အိပ်လည်းမအိပ်ရဲတော့ဘူး ၊ ဘေးကသူငယ်ချင်း

စစ်နိုင်ကိုကြည့်တော့လည်းအိပ်မောကျနေပြန်တယ် ၊

အိမ်ထဲမှာလည်း ရေနံဆီမီးခွက်လေး ငြှိမ်းပြီးအိပ်တာဆိုတော့အမှောင်ထုပဲ

ရှိတယ်..ဘယ်အရာမှ သဲသဲကွဲကွဲ မမြင်ရဘူးလေ… ၊ နောက်တော့ကိုယ့်စိတ်ကိုကိုယ်အားပြန်ပေး..

ငါအိပ်မက်ယောင်တာပဲနေမှာပါဆိုပြီး တွေးရင်း သူငယ်ချင်းအနားအသားချင်းထိအောင်တိုးကပ်လိုက်ရင်း

နောက်တစ်ရေးပြန်အိပ်ပျော်သွားပြန်တယ်… ၊ ဒီတစ်ခါလည်း….

“ ဝုန်း….ဝရုန်း..ဝဒုန်း… ”

“အမလေးဗျာ..သရဲ…သရဲ ကျွန်တော့် ခြေထောက်လာဆွဲတယ် လက်အေးကြီးနဲ့

အမေရေ…ကယ်ပါဦး ”

ခြေထောက်ကို နောက်တစ်ခါအဆွဲခံလိုက်ရပြန်တယ် ၊ နိုင်ဝင်းအောင်ဒီတစ်ခါအဆွဲခံလိုက်ရတာ

ပိုကြမ်းတယ်… ၊ လူကအိပ်ယာကနေ တရွတ်တိုက်ပါသွားပြီးအိမ်ပေါက်ဝနားရောက်ခါနီးမှ

အော်လည်းအော် လက်တွေကလည်း မှီတဲ့နေရာတွေကို ကုတ်ထားလိုက်ရတယ် ၊ နိုင်ဝင်းအောင်

ငယ်သံပါအောင်အော်လိုက်တဲ့အသံကြောင့် စစ်နိုင်တို့တစ်အိမ်လုံးနိုးသွားပြီးတော့ ရေနံဆီမီးခွက်တွေထွန်း

တစ်မိသားစုလုံး နိုင်ဝင်းအောင်အဖြစ်ကိုသိပြီး ဘယ်သူမှ မအိပ်ရဲတော့ပဲ တစ်ညလုံး ကြောက်ကြောက်နဲ့

တစ်စုတစ်ဝေးတည်း ငုတ်တုတ်လေးတွေထိုင်ရင်း မိုးလင်းခဲ့ကြရတယ် ။

မနက် ၇နာရီလောက်မှာ …..

အစာရှာထွက်ကြတဲ့ ငှက်တစ်သိုက်အချင်းချင်း စကားပြောနေကြသလို

တကျွီကျွီနဲ့အသံတွေကြားလိုက်တော့မှ စစ်မိုးတို့မိသားစုလေးလည်း တစ်ညလုံး

စုပြီး ထိုင်နေရာက လှုပ်ရဲကြတော့တယ်… ၊ စစ်မိုးရဲ့အစ်မဖြစ်သူက သူနေ့တိုင်းလုပ်နေကျအတိုင်း

နံနက်ခင်းဘုရားဝတ်ပြုဖို့ ပြင်နေတုန်း….ချက်ချင်းကြီးအသားတွေတဆက်ဆက်တုန်နေရင်း

လက်အုပ်လေးချီလျှက် နတ်ပူးသလိုဖြစ်နေတယ်…ပါးစပ်ကလည်း ကြောက်စရာကောင်းလောက်အောင်

ညည်းသံတွေ ရယ်သံတွေ ဆက်တိုက်ထွက်နေပြန်တယ် … ။

“ ဟား….ဟီး…ဟီး..ဟီး..ဟီး…ဟီး..”

ဒါကိုအခြေအနေအကဲခတ်တတ်တဲ့

စစ်မိုးတို့အဖေက …

“ ဟဲ့နင်ဘယ်သူလည်း ဘယ်ကလည်း…ဘာကိစ္စနှောက်ယှက်နေတာလဲ ” လို့မေးလိုက်တော့

သရဲပူးခံနေရတဲ့စစ်မိုးအစ်မကချက်ချင်း မျက်နာကြီးကို နိုင်ဝင်းအောင် ဘက် လှည့်လိုက်ပြီး

နိုင်ဝင်းအောင်ကို လက်ညှိုးထိုးရင်း…အကြည့်တွေက စားတော့မလိုဝါးတော့မလိုကြည့်လို့

ပါးစပ်ကလည်းအသံသြသြကြီးနဲ့….

“ နင်….နင်…နင်… ” ဆိုပြီး လက်ညှိုးထိုးရင်း

“ မကျေနပ်ဘူး ၊ မကျေနပ်ဘူး ၊ မကျေနပ်ဘူး ” လို့ပြောနေပါလေရော ၊

သတ္တိခဲ နိုင်ဝင်းအောင်လည်း ညကမှ သရဲခြေထောက်ဆွဲတာ ခံထားရတာမို့

အခုလည်းသရဲပူးနေတဲ့သူက သူ့ကို လက်ညှိုးကြီးထိုးပြီး နင်နင်နင်နဲ့ပြောနေပြန်တော့

ဘယ်ရမလည်း တစ်ခါတည်း ဖနှောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်

အိမ်အရောက်ထွက်ပြေးသွားပြီလေ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲ့ဒီမနက်ကအဖြစ်အပျက်ကို နေ့လည်ပိုင်းမှ နိုင်ဝင်းအောင်ပြန်သိလိုက်တာ… ။

စစ်မိုးအစ်မ ကိုယ်ထဲပူးနေတဲ့ သရဲမကို စစ်မိုးအဖေသွားပင့်လာတဲ့

ဆရာတစ်ယောက်က စစ်မေးတော့ သရဲမကပြောပြတာတဲ့…

သူက မကျွတ်မလွတ်သေးတဲ့အစိမ်းသရဲမ ၊ မြို့ကွက်တွေဖော်တော့

သူတို့နေနေကြတဲ့ သစ်ပင်တွေ နေရာတွေအကုန် ပျောက်ကုန်ပြီးတော့

စားရမဲ့သောက်ရမဲ့..နေစရာမရှိဖြစ်ပြီး လမ်းပေါ်လျှောက်သွားနေတာ ကြာပြီ ၊

ညကအဲ့ဒီကောင်လေး(နိုင်ဝင်းအောင်) က ထမင်းထုပ်တွေလာပစ်တော့

အပြင်မှာ သူလိုပဲ စားစရာလိုက်ရှာရင်းစားဖို့စောင့်နေတဲ့ သရဲတွေအများကြီးထဲက

သူရှိတဲ့နေရာကို ပထမပစ်မယ်လုပ်တော့ သူတို့တွေလည်း စားရနိုးနိုးဆိုပြီးဝိုင်းအုံစောင့်နေကြတာလေ

ကောင်လေး(နိုင်ဝင်းအောင်) က လည်း ပါးစပ်က …. “ ဦးတဲ့သူစား ၊အရင်ရောက်တဲ့သူစားကြပါ ” လို့

မပြောတော့ သူတို့က စားရနိုးနိုးနဲ့ ဝိုင်းအုံနေကြတာကို နိုင်ဝင်းအောင်က ပစ်ဖို့ဟန်ုပင်ပြီးမှ

မပစ်ပဲနဲ့ တစ်ခြားနေရာကိုထွက်သွားပြီး လွင့်ပစ်လိုက်တယ်လေ….အဲ့တော့

သူတို့ထက်ရင့်နေတဲ့ သရဲကြီးတွေကအားရပါးရစားသွားကြတယ် ၊ သူတို့ကတော့

ဆာလောင်နေပြီး မစားရတဲ့အတွက်အရမ်းဒေါသထွက်သွားကြတယ်… ၊ ညက

အဲ့ဒီကောင်လေး(နိုင်ဝင်းအောင်)ကို သူလက်ဝါးနဲ့ရိုက်မလို့ပြင်ထားပြီးသား

ဒီအိမ်ကအိမ်စောင့်နတ်က ဝင်တားထားလို့ ဒင်းကံကောင်းသွားတယ်..

ဟင်း..ဟင်း..ဟင်း.. ၊ ဒါကို သူက မကျေနပ်လွန်းလို့အိမ်စောင့်နတ်ကိုခွင့်တောင်းပြီး

မရိုက်ပါဘူး…ဒင်းကို နာအောင်လည်းမလုပ်ပါဘူး ၊ လှန့်တယ်ဆိုတဲ့အထိပဲ လုပ်ပါရစေလို့

ခွင့်တောင်းပြီး ခြေထောက်ကို ဆွဲလိုက်တာ ….ဆိုတဲ့အကြောင်း သေသေချာချာပြောပြသွားတယ် ၊

အဲ့ဒီအခါ ဆရာကလည်း သရဲမနဲ့ညှိပြန်တယ် ကလေး က မသိပဲလုပ်မိတာမို့

ခွင့်လွတ်ပေးဖို့ ၊ ကလေးကိုဘာမှ မလုပ်ဖို့ ကတိတွေတောင်းပြန်တော့

သရဲမက… ၊

အဲ့ဒါဆိုရင် သူတစ်ယောက်တည်းအတွက် …

ထမင်းနဲ့ ဝက်သားတွေချက်ပြီး ကျွေးပါတဲ့ ကတိပေးပါမယ်လို့ ပြောပြီး ထွက်သွားတယ် … ၊

နိုင်ဝင်းအောင် လည်း နောက်မှ ပြန်သိပြီး လှန့်သွားပြီး စစ်မိုးတို့အိမ်နောက်ခါမလာတော့ဘူးလို့

ဆုံးဖြတ်ထားလိုက်တယ်… ၊ ဆရာခိုင်းတဲ့အတိုင်း ညကျတေ့ာ ဝက်သားဟင်းနဲ့ ထမင်းကို ဖက်နဲ့ခင်းပြီး

အပင်တစ်ပင်အောက်မှာ သရဲမနာမည်ခေါ်….. စားပါလို့ပြောပြီး သွားကျွေးလိုက်ရသေးတယ်… ၊

အနောက်လှည့်မကြည့်နဲ့လို့ ဆရာကမှာထားတဲ့အတိုင်း နောက်လှည့်မကြည်ပဲ

အိမ်ကို တစ်ခါတည်း ပြန်ပြေးလာခဲ့လိုက်တာပေါ့လေ…. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဖြစ်အပျက်တွေက မမျှော်လင့်ထားတဲ့အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ…. ၊

ဒီနေ့ညလည်း ရာသီဥတုက ပူအိုက်နေတာနဲ့ နိုင်ဝင်းအောင်တစ်ယောက်အိပ်မပျော်ဖြစ်နေမိတယ်

စိတ်ထဲမှာလည်း စစ်မိုးတို့အိမ်မှာ သရဲမကခြေထောက်လာဆွဲတာခံရဖူးတော့

ခြေထောက်မလုံဖြစ်နေရင်း….ခြေရင်ကို မရဲတရဲလှမ်းကြည့်လိုက်မိမှ … ၊

ခြေရင်းမှာ ဆံပင်ဖျားလျားနဲ့ ဆောင့်ဆောင့်လေး ထိုင်ပြီး သူ့ကိုလှမ်းကြည့်နေတဲ့

မိန်းမတစ်ယောက်ကို ရေနံဆီးခွက်အလင်းပြပြလေးကြောင့် မမျှော်လင့်ပဲ

တွေ့လိုက်ရချိန်မှာတော့ .…. ။

#END

( ဇာတ်လမ်းအတွင်း ပါဝင်ကြသည့်

လူအမည် ၊ လမ်း ၊ နေရာဒေသအမည်များအား

အမှန်အတိုင်းအတိအကျ ဖော်ပြထားပါကြောင်း…. ။ )

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 17.10.2018 ( 2 : 50 Am )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်





Some text some message..