“ KTV မှာ … ”
lotaya.mpt.com.mm
|
2019-05-16

ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )

( စ - ဆုံး )

မကွေးမြို့…………. ၊

“ မိနှင်း … ညက ညည်းတို့

အိပ်မက်ထဲ ဟိုကောင်နှစ်ကောင်လာသေးလား… ”

“ ဟုတ်တယ် Rosey ငါ့အိပ်မက်ထဲတော့

ဒီကောင်တွေ လာကမြင်းသွားသေးတယ် ၊

အိပ်မက်လိုလို တကယ်လိုလိုပါပဲဟာ…. ”

“ ဟယ်.. ညည်းဟာကလည်း

ကောင်မနော် မပြောလိုက်ချင်ဘူး သာယာနေတာ… ”

“အောင်မယ် ညည်းတို့က မသာယာဘူးပေါ့လေ ”

“ ဟုတ်ပါ့အစက ကြောက်တယ် ကြောက်တယ်ဆိုပြီး

နောက်တော့ သာယာနေတာပဲမဟုတ်လား… ”

ထိုမိန်းမငယ်တစ်စု စကားများအား

အခြား မိန်းမငယ်လေးတစ်ဦးက နားမလည်ဟန်နဲ့

“အစ်မတို့ ဘာတွေသာယာနေကြတာလဲ

ဘာတွေပြောနေကြတယ်ဆိုတာ သမီးတော့

နားကိုမလည်တော့ပါဘူး ”

ထိုအခါမှအချင်းချင်း ချောင်းဟန့်သံတွေပေးကြရင်း

ထိုအဖွဲ့မှတစ်ယောက်က

“ သော်တာရယ် ညည်းက ဘာတွေသိချင်နေတာလည်း

အေးလေ ညည်းကအသစ်လေးဆိုတော့ ဘယ်သိပါ့မလဲ

ကြာတော့ ငါတို့လိုပဲ နေသားကျသွားမှာပါ နော် ကောင်မတွေ

ဟီးဟီး..ဟီး..ဟီး… ”

သူ့ရယ်သံကြီးနောက်မှာအဓိပ္ပါယ်တွေအများကြီးပါတယ်ဆိုတာ

သော်တာ ဘာကြောင့် မသိခဲ့တာလဲ……..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သော်တာ….သော်တာ….

လူမှန်းသိတတ်စအရွယ်ကတည်းက မိတဆိုးလေး…

အဖေကအရက်သမားကြီးဆိုတော့ ငယ်ငယ်လေးကတည်းက

အနှိမ်ခံ နှင်းပြားဘဝနဲ့ ယုတ်မာတဲ့ ဆွေမျိုးတွေဆီမှာအစားတစ်လုပ်အတွက်

ထမင်းစား ကျွန်ခံသဘောမျိုးနဲ့ နေလာရင်း ကြီးပြင်းလာတဲ့သူ… ၊

အရွယ်လေးရောက်လာတော့ ဘဝကံအကျိုးပေးကြောင့်

ပညာမတတ်ပေမယ့် ကိုယ်ခန္ဓာအချိုးအဆစ်ကောက်ကြောင်းလေးတွေက

ပြေပြစ် သွယ်လျနေပြီး မျက်နာကလည်း မင်းသမီးနီးပါး ချောမောလှတဲ့သူလေး

ဖြစ်လာခဲ့တယ် ၊ ဖြူဝင်း ညက်ညောတဲ့အသားအရည်လေးကို

ပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်တယ်... ၊ ဆုတောင်းကောင်းပေမယ့်

ဘဝအကျိုးပေးမကောင်းတဲ့ သော်တာလေးပါပဲ… ၊

မွေးချင်း သုံးယောက်ထဲမှာအကြီးဆုံးသမီး… ၊

အောက်ကအငယ်လေးတွေ သူ့လို စာမတတ်ပေမတတ် မဖြစ်ပဲ

နင်းပြားဘဝကနေ ရုန်းထွက်နိုင်အောင် သူမ ဆယ့်ရှစ်နှစ်ပြည့်ပြီးတာနဲ့

ဇာတိအိမ်ဖြစ်တဲ့ မန္တလေးမြို့ကနေအထုပ်လေးထုပ်ရင်း ထွက်ပြေးသွားပြီး

ရရာအလုပ်တစ်ခုခုဝင်လုပ်ဖို့…အဓိက ပညာမတတ်ပေမယ့် ငွေများများရနိုင်မယ့်

အလုပ်ကို ရှာဖွေဖြစ်ခဲ့တယ်… ၊အဲ့လိုရှာရင်းကနေ ခဏတည်းခိုနေတဲ့

အဆောင်ကအဆောင်သူ သူငယ်ချင်းတွေအဆက်အသွယ်နဲ့

မကွေးမြို့က နာမည်ကြီး KTV တစ်ခုမှာ သော်တာတစ်ယောက်

အလုပ်ရခဲ့တယ်… ၊ ပညာတတ်စရာလည်းမလို ၊အနေအစားလည်းငြိမ်းတဲ့အပြင်

မကြာခဏဆိုသလို ဘောနက်(စ်)တွေရပြီး လက်ဖြား ငွေသီးတဲ့

အလုပ်မို့ … မကောင်းမှန်းသိပေမယ့်လည်း သော်တာအနောက်က

တက်လူတွေဖြစ်ကြတဲ့အငယ်လေးတွေအတွက် ရင်းဖို့ဆုံးဖြတ်ခဲ့လိုက်တယ် ၊

KTV ကို စရောက်ရောက်ချင်းကတည်းက မရောက်ဖူးတဲ့အရပ်မို့ထင်တယ်

ကိုယ်ရော စိတ်ရော ထိုင်းမှိုင်းသွားသလို ခံစားလိုက်ရတယ် ၊ KTV နဲ့

ကျောချင်းကပ် တိုက်ပုလေးမှာလည်း သူမနဲ့ ဘဝတူအသက်မတိမ်းမယိမ်း

မိန်းမငယ်လေးတွေအယောက်နှစ်ဆယ် လောက်အတွက်အဆောင်လေး

တစ်ခု ပေးထားသေးတယ် ၊ စားချိန်သောက်ချိန်ဆိုလည်း

၀၀လင်လင်တော့မစားရပေမယ့် စားကောင်းသောက်ကောင်းတွေကို

ဝေပုံကျ ခွဲစားရတယ်လေ… ၊အဝတ်အစားတွေ ဆင်ပေးတယ် ၊

အိမ်သာ ရေချိုးခန်းကလည်းအဆောင်တစ်ခုလုံးမှာ သုံးလုံးပဲထားတော့

နည်းနည်းခတ်ခဲပေမယ့် နေရင်းနေရင်းကနေအသားကျလာလိုက်တာ…. ၊

ဘာပဲဖြစ်ဖြစ် သူမကြီးပြင်းလာခဲ့တဲ့ ယုတ်မာတဲ့အမျိုးတွေရဲ့

အိမ်စုတ်လေးထက်တော့အများကြီးသာတာအမှန်ပဲ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“အကောင်းဆုံး မင်းကိုပေးမယ်အချစ်ကလေးယူမလား

အကြင်နာခမ်းခမ်းနားနား ကိုယ့်ရဲ့ရင်မှာ…………. ”

“ တစ်ယောက်ဆို တစ်ယောက်သာ ပုံချစ်မှာပါ…

ပြန်လည် တို့ရဲ့အချစ်ကအေးမြစေမှာ……. ”

ဆိုနေတဲ့သီချင်းလေး ပြီးသွားတော့အခန်းငယ်လေးထဲမှာ

လက်ခုပ်သံတွေ ဆူညံသွားတယ် ၊

“ ဝိုး….မိုက်တယ်ကွာ… သော်တာက

အရမ်းလှတဲ့အပြင် ၊အသံလေးကလည်းအဆိုတော်တွေ

ထမင်းငတ်သွားမယ့်အသံရှင်လေးပါလား ”

အဖွဲ့ထဲက ယောကျာ်းလေးတစ်ယောက်စကားကို

ဘေးက ယောကျာ်းလေးတွေကလည်း ထောက်ခံအားပေးတဲ့သဘောတွေနဲ့

“ ဟုတ်တယ် ဟုတ်တယ်… မုန့်ဘိုးပေးလိုက်ကွာ….

ကောင်မလေးက တကယ်တော်တယ် ”

သော်တာနဲ့အတူတူ တွဲဆိုနေတဲ့ လူငယ်လေးက

ပြောပြောဆိုဆိုနဲ့ သောက်လက်စအရက်ကို တစ်ငုံသောက်လိုက်ရင်း

သူ့ဘောင်းဘီအိတ်ထဲက တစ်သောင်းတန် ငါးရွက်ကို ထုတ်ပြီး

သော်တာ့ ပုခုံးလေးကိုအသားယူဖတ်လိုက်ရင် ငွေကမ်းပေးလိုက်တယ် ၊

ရွေးချယ်ခွင့်မရှိတဲ့ဘဝမို့ ရင်ထဲက ခံစားချက်ကို မြိုချလိုက်ရင်း

ပိုက်ဆံကိုမြင်တော့အိမ်မှာ ကျန်ရစ်ခဲ့ကြတဲ့အငယ်လေးနှစ်ယောက်

ကျောင်းဝတ်စုံလေးတွေဝတ်ထားရင်း ပျော်ရွှင်နေကြမယ်ဆိုတဲ့

ပုံလေးကို မြင်ယောင်ရင်း ငွေကို လှမ်းယူလိုက်တယ် ၊

သော်တာက ငွေကိုလှမ်းယူလိုက်တုန်းမှာပဲ တစ်ဖက်က ငွေပေးတဲ့

ကောင်လေးက

“ ဒီလိုတော့ လွယ်လွယ်ဘယ်ရမလဲ…

ငွေရှာရတာ ခတ်တယ် သိရဲ့လားသော်တာ ”

ဆိုပြီး ပြောပြောဆိုဆိုနဲ့ လက်တစ်ဖက်က စကပ်အတိုလေးဝတ်ထားတဲ့

သော်တာ ရဲ့ ပေါင်လေးတစ်ဖက်ပေါ်တင်ထားရင်း…သူ့ပါးလေးတစ်ဖက်ကို

သော်တာဘက် ထိုးပေးလိုက်တယ်…. ၊

သော်တာ စိတ်ထဲမှာ နှမချင်းမစာနာတဲ့ ဒီတဏှာရူးကောင်ရဲ့

အရက်မူးပြီး ဖောနေတဲ့ ပါးကြီးကိုအားပါးရ ဖိနပ်ချွတ် ပြီး ဖိနပ်နဲ့

လွှဲရိုက်လိုက်ရရင်တော့ကွာ… ဆိုပြီး တွေးမိလိုက်ပေမယ့်

ခံစားချက်ကို မြိုချလိုက်ရင်းအတက်နိုင်ဆုံးပြုံးလိုက်ပြီး

အဲ့ဒီလူရဲ့ ပါးကို တစ်ချက်နမ်းလိုက်ရတယ်……. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ သော်တာရေ သော်တာ

သမီးရေ…သမီး ဧည့်သည်လာတယ်ဟေ့… By name နဲ့

ခေါ်ထားတာတဲ့ ကိုယ့် Customer ကို ကောင်းကောင်းဆက်ဆံလိုက်နော် ”

ဆိုင်မန်နေဂျာ စကားကြောင့်

သော်တာလည်း စားလတ်စ ဝက်သား ခေါက်ဆွဲကြော်ကို

ချထားခဲ့ပြီး ပါးစပ်သုတ် ၊ နှုတ်ခမ်းနီကိုအမြန်ဆိုးလိုက်ရင်း

သူဝင်ရမယ့်အခန်းဆီကိုအလှဆုံးခြေလှမ်းတွေနဲ့ လှမ်းသွားခဲ့လိုက်တယ် ၊

အခန်းထဲမှာ လူနှစ်ယောက်ပဲရှိတယ်

အဲ့ဒီထဲက လူကြီးတစ်ယောက်ကအရက်အရှိန်တွေတက်ပြီး

တော်တော်အခြေအနေ ဆိုးလောက်အောင် ခေါင်းပါ ကျိုးကျနေတဲ့အထိ.. ၊

ကျန်တဲ့တစ်ယောက်က Rocker ကြီးတွေလို ဆံပင်အရှည်ကြီးကို

ဖျားလျားချလို့ မိုက်နဲ့ သီချင်းဆိုနေတုန်း…သီချင်းက ဘာတဲ့

သော်တာအရဆုံးအကောင်းဆုံးအမြဲဆိုဖြစ်တဲ့သီချင်း…

အာဇာနည်နဲ့ဝိုင်းစုခိုင်သိန်းရဲ့ လိုက်ဖက်တဲ့ဘ၀ ဆိုတဲ့ သီချင်းလေး…

ဆံပင်အရှည်နဲ့ လူက တစ်ခြားဧည့်သည်တွေလို

သော်တာကို ဆွဲလားရမ်းလားမလုပ်ဘူး ညှင်ညှင်သာသာပဲ

သူ့လက်ထဲက ပိုနေတဲ့ မိုက်တစ်ခုကို ကမ်းပေးလိုက်တယ်…

ဆိုခိုင်းတဲ့သဘောပေါ့…. ၊အခန်းကလည်းမှောင် ဆံပင်ကလည်းအရှည်ကြီးဆိုတော့

အဲ့ဒီလူရဲ့ မျက်နာအနေအထားတွေကို သော်တာ သေချာမမြင်ရဘူး ၊

ဘာပဲဖြစ်ဖြစ်လေ ကိုယ့်အလုပ်ပဲဆိုပြီး ဟိုလူ သီချင်း တစ်ဗိုဒ်ဆိုပြီးတာနဲ့

သော်တာကလည်း တစ်ပိုဒ် ဆိုလိုက်တယ်… ၊ ထုံစံအတိုင်း သီချင်းတွဲဆိုတဲ့သူ

ဘေးနာမှာအလိုက်တသိ ကပ်ထိုင်ပေးလိုက်တော့ သော်တာ ထူးထူးခြားခြား

အပုတ်နံ့တစ်ခုကိုရလိုက်မိလို့ မျက်နာပျက်သွားမိတဲ့အထိပဲ ၊အခန်းထဲမှာ

ကြွက်များသေနေသလားမသိဘူးဆိုပြီး တွေးလိုက်မိရင်း စိတ်ကိုပြန်ထိန်းလိုက်တော့

အအေးလှိုင်းတစ်ခုက သော်တာရဲ့ ကျောရိုးတစ်လျောက်

အေးစိမ့်သွားအောင်လုပ်လိုက်ပြန်တယ်… ရုတ်ရက်

ကြက်သီးတွေထလာမိတော့ သော်တာအခန်းကအဲကွန်းကို

အရှိန်နည်းနည်းလျော့လိုက်မိတယ်… ၊

သီချင်းကတော့ ဆိုနေဆဲပဲ တစ်ဖက်ကလူကလည်း

အရုပ်ကြီးလို မလှုပ်မရှား သီချင်းကို့ သည်းသည်းမဲမဲ ဆိုနေတယ်..

ဒီသီချင်းပြီးသွားရင်လည်း ဒီသီချင်းကိုပဲ Repeat နဲ့

ပြန်ပြန် ဆိုတယ် ၊ သော်တာအထင် ဒီသီချင်းပဲပြန်ဆိုနေရတာ

တစ်နာရီကျော် နှစ်နာရီရှိနေပြီထင်တယ်… ၊ ကြာလာတော့

သော်တာ စိတ်ထဲ တွေးလာမိတယ်… ဒီလူ တော်တော်မူးနေတယ်ထင်တယ်

သူ့အဖော်ကလည်း မူးပြီးအိပ်နေလိုက်တာ သူ့အိမ်လိုပဲ…. ၊

ဒီလူကလည်း ဒီသီချင်းပဲ ပြန်ပြန်ဆိုနေတာ ငါတောင်မောလာပြီ…

ဘယ်နှ section ယူထားတာလည်းမသိဘူး ငါတော့ လျာထွက်သေမှာပဲ.. ၊

ဒီလူ ခြေဆော့လက်ဆော့မရှိတာပဲ ကျေးဇူးတင်ရမှာပါလေ… ။

ကိုယ့်စိတ်ကိုယ်ပြန်ဖြေရင်း သော်တာ သီချင်းဆိုနေတုန်း

ဘေးနားကလူကို မူးမမူးစမ်းသပ်တဲ့သဘောနဲ့

မိန်းမ မာယာနဲ့အသံချိုချိုလေးထုတ်ရင်း မေးလိုက်မိတယ် ၊

“အစ်ကိုကြီး…ဒီသီချင်းကြီးပဲဆိုနေတာ

မပျင်းဘူးလား…သော်တာတို့ နောက်သီချင်း မြူးမြူးလေးတွေ

ပြောင်းဆိုရအောင်လေ… ၊ ဒါနဲ့အစ်ကိုကြီး ဘီယာထပ်ယူဦးမလား

သော်တာ မှာပေးမယ် ၊အမြည်းရော ”

ဆိုတော့ တစ်ဖက်က ဘာမှစကားပြန်မပြောဘူး ၊

သော်တာလည်း စိတ်ထဲ မသင်္ကာဖြစ်လာရင်း ကြောက်လာတာနဲ့

အပေါ့ခဏသွားမယ်လို့ပြောလိုက်ပြီးအခန်းထဲကအမြန်ထွက်သွားလိုက်တယ် ၊

သော်တာအခန်းထဲက ထွက်သွားတာကို ဆံပင်အရှည်နဲ့လူက လှည့်ကြမ်းလိုက်ပုံရတယ် ၊

ဘာလို့အတိအကျပြောနိုင်တာလည်းဆိုတာတော့ သော်တာမသိဘူး

သော်တာ ခံစားမိတာ သူ့နောက်ကျောကိုတစ်စုံတစ်ယောက်က

စူးစူးရဲရဲစိုက်ကြည့်နေတယ် ၊ ပြီးတော့အရိုးချင်းထိတဲ့အသံ

တဂျွတ်ဂျွတ်ဆိုတဲ့အသံကို ကြားလိုက်ရတယ် ၊

သော်တာကတော့ လှည့်မကြည့်ဖြစ်ခဲ့ဘူး… ။

အပြင်ခဏထွက်ပြီး သော်တာအခန်းထဲပြန်ဝင်လာတော့

အခန်းထဲက ခုနက ဆံပင်ရှည်နဲ့လူ မရှိတော့ဘူး…အိပ်နေတဲ့

လူကြီးတစ်ယောက်ပဲရှိနေတာကိုတွေ့လိုက်တယ် ၊ ဒီလူ

အပြင်မှာ တစ်ခုခုသွားမှာတာလား ၊အပေါ့သွားသလား ၊

ပြန်ပဲပြန်သွားတာလား… ၊ သူ့မိတ်ဆွေကိုထားခဲ့ပြီး ပြန်သွားတာတော့

မဖြစ်နိုင်လောက်ပါဘူးလို့ တွေးရင်း သော်တာအခန်းထဲမှာ တစ်နာရီလောက်

ထိုင်စောင့်ဖြစ်တယ် ဆံပင်အရှည်နဲ့လူကတော့ ပြန်မလာဘူး.. ၊

အိပ်နေတဲ့သူလည်းဟောက်တောင်ဟောက်နေပြီ… ၊အချိန်ကလည်း

ည 1နာရီနီးပါးရှိနေပြီ သော်တာတို့ KTV က နှစ်ဆယ့်လေးနာရီဆိုတော့

နေ့ဆိုင်း ညဆိုင်း ခွဲထားရာက သော်တာ ညဆိုင်းဆင်းမှ ဒီလိုကြုံရတာဖြစ်တယ် ၊

ဧည့်သည်ပြန်မလာတဲ့အဆုံး သော်တာအခန်းအပြင်ထွက်သွားဖို့မတ်တပ်ရပ်လိုက်တယ် ၊

ပြီးတော့အခန်းအပြင်ကိုထွက်ရင်း ဧည့်ကြို ကောင်လေးတွေကို သွားမေးဖြစ်တယ် ၊

ထူးဆန်းတာက သော်တာပြောတဲ့လူပုံစံကို တစ်ယောက်မှ မမြင်လိုက်ဘူးတဲ့

အထူးဆန်းဆုံးက သော်တာကို့ခေါ်တဲ့အခန်းထဲမှာက လူတစ်ယောက်ပဲရှိတာတဲ့လေ ၊

ဒါဆို ဆံပင်အရှည်နဲ့လူက ဘယ်သူလဲ……. ၊ သော်တာလုပ်နေသမျှကို

မျက်နာကျက်ပေါ်ကနေ ကုပ်တွယ်ပြီး လိုက်ကြည့်နေတဲ့

ဆံပင်အရှည်နဲ့လူတစ်ယောက်ကိုတော့ သော်တာ မမြင်ခဲ့လိုက်ဘူး ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ သော်တာ သော်တာအခန်းရပြီ….

အခန်း…. ”

“ ဟုတ်ကဲ့ လာပါပြီ…. ”

ပြာပြာသလဲအလှပြင်ပြီး သော်တာ သူ့ကိုခေါ်ထားတဲ့

ဧည့်သည်ရှိတဲ့အခန်းထဲကို ပြေးသွားလိုက်တယ်အခန်းထဲမှာ မြင်လိုက်ရတာ

ဆံပင်အရှည်တဲ့လူ…တစ်လောက ပျောက်သွားတဲ့သူ

“ ဟင်… ”

မြင်မြင်ချင်း သော်တာ လန့်သွားမိပေမယ့်

ဘာမှမဖြစ်ပါဘူးလေ လူပဲ သရဲမှမဟုတ်တာဆိုတဲ့စိတ်နဲ့

အဲ့လူနားကပ်ထိုင်လိုက်တယ် ထူးခြားချက်လိုပဲအပုတ်နဲ့ဆိုးကြီးနဲ့

အေးစက်စက်ခံစားချက်ကို တန်းပြီးခံစားလိုက်ရပြန်တယ် ၊

ထုံးစံအတိုင်း ဆံပင်အရှည်နဲ့လူက သော်တာကို မိုက်တစ်ခု

ကမ်းပေးလိုက်တယ် ၊ သော်တာလည်း မိုက်လေးကိုင်ရင်း

သီချင်းကိုစောင့်နေတယ် သီချင်းက … လိုက်ဖက်တဲ့ဘ၀ ဆိုတဲ့သီချင်းပဲ

သော်တာ ထင်ထားတဲ့အတိုင်းကိုဖြစ်နေတာ.. ဒီတစ်ခါထူးခြားတာက

ဆံပင်အရှည်နဲ့လူကအရင်တစ်ခါက မလှုပ်ပေမယ့်အခုတော့

သူ့လက်တစ်ဖက်နဲ့ သော်တာကို သိုင်းဖက်ထားလိုက်တယ်

လက်ကြီးကအေးစက်စက်ကြီး ရေခဲတုံးကြီးသော်တာပုခုံးပေါ်

ရောက်လာသလို ခံစားလိုက်ရတယ် ၊ သော်တာစိတ်ထဲထူးဆန်းတယ်လို့

ခံစားမိပေမယ့်အဲကွန်းထဲနေတာကြာလို့ပါလေဆိုပြီး

စိတ်ပြန်ဖြေရင် သီချင်းဆိုပေးလိုက်တယ် ထုံးစံအတိုင်း

ဒီသီချင်းကိုပဲ လေး…ငါးခါ ပြန်ပြန်ဆိုနေတော့ သော်တာ စိတ်ထဲ

ဘဝင်မကျ ဖြစ်နေတုန်း သူတို့အခန်းတံခါးကို ဖွင့်လိုက်တဲ့

ဝုန်းခနဲအသံကြီးကြားလိုက်ပြီးအခန်းဝမှာ မျောက်ဝံလို

လူဝံလိုအရပ်ထောင်ထောင်မောင်းမောင်း ရုပ်ဆိုးဆိုး ၊

တစ်ကိုယ်လုံးမွှေးအမျှင်တွေအပြည့်နဲ့ လူကြီးတစ်ယောက် ဝင်လာတာကို

မြင်လိုက်တော့ သော်တာ မျက်လုံးပြူး….ချောက်ချားသွားရင်း

အော်မယ်လုပ်တုန်းမှာ သော်တာရဲ့ဘေးနာက ဆံပင်အရှည်နဲ့လူက

ဒေါသထွက်သွားတဲ့ပုံနဲ့ လူအသံမဟုတ်တဲ့ ကြောက်စရာမာန်ဖီအသံကြီး

တစ်ခုနဲ့အော်လိုက်ရင်း လက်ထဲက မိုက်ကို လွင့်ပြစ်လိုက်ပြီး

လမ်းမလျှောက်ပါပဲ မြေပြင်မှာ ခြေကားယားလက်ကားယား တွားသွားရင်း

အခန်းဝက လူကြီးနဲ့ တိုက်ခိုက်ပါလေရော…လူဝံလိုလူကြီးက

လက်သီးနဲ့ထိုးလိုက် ဆံပင်အရှည်နဲ့လူက လူဝံ့လိုလူကြီးမျက်နာကို

လက်နဲ့ကုပ်လိုက်နဲ့အော်ဟစ် တိုက်ခိုက်နေကြတယ် ၊ သူတို့ကိုကြည့်ရတာ

သော်တာရှိနေတာကို မေ့သွားကြတဲ့ပုံနဲ့…နောက်မှ သတိရသွားသလိုဖြစ်သွားပြီး

သူတို့နှစ်ယောက် တိုက်ခိုက်နေတာကို ရပ်လိုက်တယ် …… ၊

သော်တာက သူ့ဘဝမှာ တစ်ကြိမ်မှမမြင်ဘူးတဲ့ မူမမမှန်အဖြစ်ကိုမြင်နေရတော့

ကြောက်လန့်ပြီး ဇောချွေးတွေဝဲအော်ဟစ်ဖို့အသံပျောက်နေတုန်း

ဆံပင်အရှည်နဲ့လူက သော်တာဘက်ကို ဘေးဘက်ထောက် တွားသွားအနေအထားနဲ့

သူ့ လည်ပင်ကို တစ်ပတ်လည်အောင် ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့အရိုးတွေ

လည်ထွက်သွားအောင်ချိုးလိုက်ရင်း လည်ပြန်ကြည့်တယ် ၊

သူ့ပုံစံက ကိုယ်လုံးက လေးဘက်အနေအထားဆိုပေမယ့် ခေါင်းက

လည်ထက်နေပြီး မျက်နာက ကျောနေရာရောက်ပြီး ဆံပင်တွေအားလုံး

ဖျားလျားအောက်ကိုကျလို့…မျက်နာမှာ မီးလောက်ဒဏ်ရာတွေရုပ်ပျက်ဆင်းပျက်

ပုံနဲ့ လျှာကြီးတွဲလောင်းထွက်လို့ သော်တာကိုလှမ်းကြည့်နေတယ်လေ… ၊

ဘာပြောကောင်းမလဲ သော်တာလည်း ကြောက်စိတ် လစ်မစ်(Limit)အကုန်ကိုရောက်သွားပြီး

ကြက်သီးတွေထ တစ်ကိုယ်လုံးအေးစက်သွားနေရင်းက

ခေါင်းကြီးတစ်ခုလုံးကြီးသွားမိရင်း … ငယ်သံပါအောင် ကုန်းအော်လိုက်မိတယ်

“အား…!!!!!!!!!!!! ”

“ ဟဲ့ သော်တာ သော်တာ သတိထားဦးလေ…. ”

“ ဟင်… သ..သ..သ..သရဲ ”

သော်တာအိပ်ယာက လန့်နိုးလာပြီး သူ့အနားကအဖော်

စီနီယာအစ်မတစ်ယောက်ကို ပြေးဖက်ထားလိုက်မိရင်းအသံတွေတုန်ယင်လို့

တစ်ကိုယ်လုံးလည်း ရေချိုးထားသလို ခွေးတွေရွှဲလို့….။

“ ဘယ်မှာလည်း သရဲ ဘာမှမရှိပါဘူးသော်တာရ

နင်ညကအိပ်ရေးတွေပျက်ထားလို့အိပ်မက်ဆိုးတွေ

မက်နေတာမို့လား ”

သော်တာလည်း ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ရင်း

နာရီကိုကြည့်လိုက်တော့ နေ့လည် တောင်ရောက်နေပြီ…

သူ………ညက ညဆိုင်းဆင်းထားတော့ နေ့ခင်းအိပ်နေတုန်း

စိတ်ချောက်ချားပြီးအိပ်မက်ဆိုးတွေ မက်နေမှန်းသိလိုက်ပြီး

စိတ်ကိုလျော့ချလိုက်ရင်း ဘေးကအစ်မတိုက်ပေးတဲ့

ရေသန့်ကို ဝအောင်သောက်လိုက်မိတယ်…. ၊

အိပ်မက်သာဆိုတယ်…တကယ်ဖြစ်နေသလိုပဲ

ရှင်းလင်းနေတာပဲ… ၊ ဒါပေမယ့် ဒါတကယ်မှမဟုတ်တာ……. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိပ်မက်ဆိုးတွေ လွန်သွားတဲ့ တစ်ပတ်ခွဲအကြာ…

ရင့်သီးနေတဲ့ နေဝင်ချိန်အပျိုးလေးမှာအဆောင်တစ်ခုလုံး လူတွေအလုပ်လုပ်နေကြဆဲ

သော်တာတစ်ယောက်တည်း ရေချိုးဖို့ပြင်နေတုန်း….

“ ဝေါ………ဝေါ………….ဝေါ………. ”

“ ဟယ်…ရေချိုးခန်းရေတင်ထားပြီး ပိတ်ဖို့မေ့နေတာထင်တယ်

ရေတွေလျံကုန်ပါပြီ မဖြစ်ဘူး ငါတစ်ခါတည်း ဝင်ချိုးမှပဲ… ၊

နေဦး…အခန်းထဲ လူများရှိနေလားမသိဘူး…. ”

ရေချိုးခန်းနားရောက်တော့အခန်းထဲမှာ

ရေပန်းအသံကိုကြားလိုက်ရတယ်… တစ်ယောက်ယောက်ရေချိုးနေတာ သေချာနေပြီ… ၊

သော်တာလည်းအသံပေးလိုက်တယ်…

“အခန်းထဲမှာ လူရှိလား……. လူရှိရင် သော်တာ

ရေမပိတ်ပေးတော့ဘူးနော်..ချိုးပြီးမှ ရေပိတ်လိုက်… ”

“ …………….. ”

တစ်ဖက်က ဘာအသံမှပြန်မပေးဘူး…

စိတ်ထဲ မသင်္ကာဖြစ်လာတာနဲ့ သော်တာလည်း

တံခါးကို ခေါက်လိုက်တယ် ၊

“ ဒေါက် ဒေါက် ”

အထဲက ဘာအသံမှပြန်မကြားရဘူး… ၊

ထူးဆန်းနေတာနဲ့သော်တာ ရေချိုးခန်းတံခါးကိုလှည့်ဖွင့်လိုက်တော့

အထဲက ဂျက်မချထားတာနဲ့ တံခါးကတန်းပွင့်သွားတယ် ၊

တစ်ချိန်တည်းဆိုသလို ရေချိုးခန်းမီးတွေက

ကလပ်တွေမှာလို ဖလပ် ဖလပ်နဲ့ လင်းလိုက်

မှိတ်လိုက်ဖြစ်လာပါလေရော… ၊ သော်တာ သွေးတွေ

ခဲချင်သွားသလို ခံစားမိလိုက်ပေမယ့် သိချင်စိတ်နဲ့

တံခါးကို ဖွင့်လိုက်တော့ ရေချိုးခန်းထဲက ရေပန်းအောက်မှာ

တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာတွေအပြည့်ဖြစ်နေတဲ့ ဆံပင်အရှည်ကြီးနဲ့

လူငယ်တစ်ယောက်က ရေပန်းအောက်မှာ ဆောင့်ဆောင့်လေးထိုင်ပြီး

မျက်နာမှာလည်း မီးလောင်ဒဏ်ရာတွေအပြည့်နဲ့ မျက်လုံးတစ်လုံး

ကျွတ်ထွက်နေတဲ့ပုံစံနဲ့အသားတွေမရှိတော့တဲ့ နှုတ်ခမ်းနှစ်ခုကြားက

လျာကြီးတစ်လစ်ထွက်ရင်း သော်တာကို ပြုံပြသလို ပြန်ကြည့်နေတယ် ၊

သော်တာလည်း သူမအိပ်မက်ထဲကအတိုင်း လူမဟုတ်တဲ့ ပရလောကသားတစ်ကောင်ကို

မြင်လိုက်ရတဲ့အတွက် ကြောက်စိတ် ငယ်ထိပ်ရောက်ပြီး

အကျယ်လောင်ဆုံးအသံနဲ့အော်ဟစ်ရင်း

ပြေးမိပြေးရာကို ထွက်ပြေးသွားလိုက်မိတယ် ၊

လူအများကြီးရှိနိုင်မယ့် KTVအဝနေရာကို ထဘီရေလျားနဲ့ သော်တာ

ထွက်ပြေးသွားလိုက်တယ်… ၊

KTVအဝနေရာရောက်တော့ လူတွေ ၊ ကားသမားတွေ ၊

ဆိုင်ကယ်သမားတွေ က ဝိုင်းလာကြတယ် ၊ သော်တာကတော့ ငိုပြီးအသံတောင်မထွက်ဘူး ၊

ဘာဖြစ်တာလဲဝိုင်းမေးကြတဲ့ လူတွေကို သော်တာတစ်ခွန်းမှပြန်မဖြေနိုင်ခဲ့ဘူး

တစ်ကိုယ်လုံးလည်း နတ်ပူးသလို တုန်းနေရင်း

အနောက်ဘက် သူ့အဆောင်ဘက်ကိုပဲ လက်ညှိုးထိုးပြနေရင်းက သတိလစ်လဲကျ

သွားတယ် ၊ ဝိုင်းကြည့်နေကြတဲ့လူတွေက ထင်မြင်ချက်တွေ

အမျိုးမျိုးပေးကြပြီ သော်တာကို ရေးပေါ်ကို တင်လိုက်ရတယ် ၊

ဆရာဝန်တွေ လက်စွမ်းထက်ကြလို့ သော်တာတစ်ယောက်

အရေးပေါ်အခန်းမှာ ပြန်ရှင်သန်ခွင့်ရလာခဲ့တယ် ၊ ဆရာဝန်တွေကတော့

သော်တာ ရှော့ဒ် ဖြစ်သွားတာလို့ပြောကြတယ် ၊ သူ့အနားမှာလည်း

ဆိုင်က စီနီယာအစ်မနှစ်ယောက်က လူနာစောင့်အဖြစ်

ရောက်နေကြတယ်.. ၊အလုပ်တူတူလုပ်တဲ့သူတွေဆိုပေမယ့်

စိတ်သဘောထားပြည့်ဝပြီး မပြေလည်တဲ့ဘဝတွေက ရောက်လာကြသူချင်းမို့

သော်တာကို စောင့်ရှောက်ကြတယ် ၊ တစ်ယောက်က သော်တာ လက်ကိုကိုင်ပြီး

“ ညီမလေး ဘာဖြစ်လာတာလဲ ”

“ ရေချိုးခန်းထဲမှာ သ..သ..သရဲ ”

“ Rosey ရေ သော်တာတော့ ဟိုဆံရှည်နဲ့တွေ့သွားတာထင်တယ် ”

မိနှင်းဆိုတဲ့အစ်မရဲ့စကားကြောင့် သော်တာလည်း

ထိတ်သွားရင်း

“ ဟင် ….အစ်တို့သိတယ် ဟုတ်လား… ”

အဲ့ဒီအခါမှ ကျန်နှစ်ယောက်က

တစ်ယောက်မျက်နာတစ်ယောက်ကြည့်ရင်း သက်ပြင်းလေးလေးကြီးချလိုက်ရင်းက

မိနှင်းဆိုတဲ့ မိန်းကလေးက ဖြစ်ကြောင်းကုန်စင်ပြောပြတော့တယ် ၊

“ သော်တာ…အစ်မတို့လုပ်နေတဲ့ KTV မှာ

သရဲမွေးထားတယ်… ”

“ ဟင်…ဘယ်လို..သ..သ…သ… ”

“ ဟုတ်တယ် သော်တာ မင်းမကြောက်သွားနဲ့

အစ်မပြောပြတာသေချာနားထောင် ….”

“ ဟ..ဟဟ.ဟု..ဟု..ဟုတ် ”

“အစ်မတို့သူဌေးကအယူတစ်ခုရှိတယ်

သူ့ KTV မှာ သရဲမွေးထားရင် ငွေပိုရွှင်တယ်ဆိုတဲ့

ယုံကြည်ချက်ပဲ… ၊ သူ့ယုံကြည်ချက်ကပဲမှန်တာလား

တိုက်ဆိုင်တာလားတော့အစ်မ မသိဘူး..

သော်တာအခန်းနံပါတ် ခြောက်ကို သိတယ်မို့လား ”

“ သိတယ်လေအစ်မအဲ့အခန်းက မီးလောက်ထားတယ်ဆိုပြီး

ပိတ်ထားတာလေ…အထဲမှာလည်းတစ်ခါတစ်လေ ကြွက်တွေသောင်းကျန်းသံ

ကြားနေရတယ် ”

“အေး..အဲ့ဒါ ကြွက်မဟုတ်ဘူး

သူတို့ပဲ………. ၊ ဟုတ်တယ်သော်တာ…

အဲ့အခန်းမှာ KTV စဖွင့်ခါစကအခန်းမီးလောင်တဲ့ထဲပါသွားတဲ့

ကောင်လေးနှစ်ယောက်ရှိတယ် … သူဌေးက ငွေနိုင်တော့

ဒီကိစ္စကို တိုးတိုးတိတ်တိတ်ဖြေရှင်းလိုက်ပြီး သေသွားတဲ့သူတွေရဲ့

ဆံပင်တို့အသားစ တို့ကို ယူထားပြီး သူကိုးကွယ်တဲ့ဆရာတွေရဲ့

ပညာစွမ်းနဲ့ သရဲမွေးထားလိုက်တာပဲ… ၊အဲ့သရဲတွေကို

အချိန်မှန်လည်းအစာကျွေးတယ် ၊ ဧည့်သည်တွေမကုန်ပဲ ကျန်ခဲ့တာတွေတို့

အစ်မတို့ မကုန်တဲ့အမှိုက်တွေတို့အမှိုက်ပုံးထဲ သွန်ထားရင်

နောက်ပြန်ကြည့်တဲ့အခါ ဘာလို့ ပျောက်နေလည်းဆိုတာ

သော်တာရိပ်မိပြီထင်ပါတယ် ၊အဲ့သရဲနှစ်ကောင်က

နှာဘူးလည်းထတယ်… ၊ တစ်ခါတစ်လေ

အစ်မတို့ မိန်းကလေးတွေအိပ်နေရင် ဟိုကိုင်ဒီကိုင်

လာလုပ်တတ်တယ် ၊အိပ်မက်ထဲမှာလည်း

အဲလိုပဲ… ၊အစ်မတို့လည်းရောက်ခါစက ကြောက်ကြတယ်

ဒါပေမယ့် ရွေးချယ်ခွင့်မရှိတဲ့ဘဝတွေမို့ ကြာတော့လည်း

ရိုးသွားတာပါပဲ မကြောက်တော့ဘူး… ၊ နောက်ပြီး

သော်တာသတိထားမိမှာပေါ့…အစ်မတို့အဆောင်မှာ

ဘုရားပုံမရှိဘူး…ဘုရားကန်တော့အိပ်တဲ့သူမရှိကြဘူး ၊

တရားမဖွင့်ကြဘူး… ၊အဲ့ဒါတွေက သူဌေးချမှတ်ထားတဲ့

စည်းကမ်းတွေထဲမှာပါတယ်… ၊အစ်မတို့ KTV မှ မဟုတ်ဘူး

တစ်ချို့ ဟိုတယ်တွေ ၊ စားသောက်ဆိုင်ကြီးတွေမှာတောင်

ဒီလိုပဲ လူများများလာအောင် သရဲမွေးထားတတ်ကြတယ်….

သရဲတွေကိုလည်း ကျွတ်လွတ်ဖို့ ဘယ်သူမှအမျှအတန်းမလုပ်ပေးကြဘူး ၊

သူတို့ကိုယ်တိုင်ကလည်း ဒီဘဝမှာ ပျော်နေတာပဲလားတော့မသိဘူး

အဖြစ်အပျက်ကတော့ ဒီလိုပါပဲ သော်တာရေ…. ”

သော်တာလည်းအဖြစ်အပျက်တွေကိုသေချာသိပြီးတော့

“အစ်မတို့ ညီမလေးကို

တစ်ခုကူညီပါလားအဆောင်က ညီမလေးပစ္စည်းတွေနဲ့

ညီမလေး လစာကို တောင်းပေးခဲ့ပါ…သော်တာ ကြောက်လို့

ပြန်မလိုက်ရဲတော့ဘူး..သော်တာစုထားတဲ့ငွေလေးတွေနဲ့

မွေးရပ်ကိုပြန်ပြီး ကုန်စုံဆိုင်လေးဖွင့်ပြီးအငယ်လေးတွေကို

ကျောင်းထားဖို့ကြိုးစားတော့မယ်…… ”

ဆေးရုံအရေးပေါ်အခန်းထဲက သော်တာကုတင်အောက်မှာ

တွယ်ကပ်နေတဲ့ ဆံပင်အရှည်ကြီးနဲ့ မီးလောင်ဒဏ်ရာတွေအပြည့်နဲ့

တစ်စုံတစ်ရာက သော်တာပြောနေတဲ့စကားတွေကို

ဂရုတစိုက်နားထောင်နေတယ်ဆိုတာကိုရော.... သော်တာတစ်ယောက်

သိမှာတဲ့လား………. ။

#END

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 29.1.2019 ( 2 : 54 Am )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို

ဒီလင့်ခ် ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်





Some text some message..