ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
#ညမဖတ်ရ
တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်အပိုင်ထဲမှာရှိတဲ့ မထင်မရှားရွာငယ်လေးတစ်ခု …….. ။
ရွာငယ်လေးက တစ်ခြားရွာတွေလိုအိမ်ခြေ များများစားစားမရှိဘူးရယ်… ၊
ဆယ်အိမ်စုရွာလေးလိုဖြစ်နေတော့လေ ၊ နောက်ပြီး ရွာမှာရှိတဲ့အိမ်တွေကလည်း
တစ်အိမ်နဲ့တစ်အိမ်ကိုအဝေးကြီးမှ တော်တော်အဝေးကြီးတွေ ဆောက်ထားကြတော့
မသိရင် ရွာမြေပုံကြည့်ပြီး ရွာအကြီးကြီးလို့ထင်ရပေမယ့် တကယ်တော့ ရွာက ဧရိယာသာကြီးတာအိမ်ခြေက ခဲကျဲကျဲနဲ့ ။
တစ်ကျောင်း တစ်ဂါထာ ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလိုအဲ့ဒီရွာငယ်လေးမှာလည်း
ပရလောကနဲ့ဆက်နွယ်ပြီးနာမည်ကြီးတဲ့အိမ်မဲကြီးလို့နာမည်ရတဲ့အိမ်ကြီးတစ်အိမ်ရှိသေးတယ် ။
ဘယ်ခေတ်က ဘယ်သူတွေနေသွားပြီး ဘာတွေဖြစ်ခဲ့ကြတာလဲ ၊
ဘယ်သူတွေက ဆောက်ခဲ့ကြတဲ့အိမ်ကြီးလည်းဆိုတာကိုတော့……….
ဘယ်သူမှ မသိကြဘူးတဲ့ ။
ဒါပေမယ့်အခြောက်အလှန့်ကြမ်းတယ်ဆိုတာတို့
ရွာထဲက ကလေးလူကြီးအပြင် ၊ တစ်ခြားရွာတွေကလည်း
ကောင်းကောင်းကြီးသိထားပြီးသားဖြစ်တဲ့အိမ်မဲကြီး ၊
အိမ်မဲကြီး နဲ့ ပတ်သတ်တဲ့အမှုအခင်းတွေကလည်း နည်းမှမနည်းတော့တာလေ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွာထဲက ဘယ်အချိန်ကတည်းကရှိနေမှန်းမသိတဲ့ ရှေးပုံစံအိမ်အိုကြီးတစ်အိမ်ရှိတယ် ၊
အိမ်ပုံစံက ခြေတံရှည်ကိုမှ သစ်ကောင်းကောင်းတွေနဲ့သေသေချာချာဆောက်ထားပြီး
ရေနံချေးတွေ ဝနေအောင်သုတ်ထားတဲ့အိမ်ကြီး ၊အိမ်ပတ်ပတ်လည်မှာလည်း
အပင်ကြီးတွေအုံ့မှိုင်းမှိုင်း ၊ ခြုံတွေ ၊နွယ်တွေနဲ့ နေ့နေ့ ညည
အမြဲနက်နက်မှောင်နေတော့
အများကအိမ်မဲကြီး ၊အိမ်မဲကြီးလို့အလွယ်ခေါ်ရင်က နာမည်တွင်သွားခဲ့ပါရော့လား ။
ခြံဝန်းအကျယ်ကြီးနဲ့အိမ်ကြီးပေမယ့် ပိုင်ရှင်မရှိဘူး ၊အိမ်ကြီးကလည်း နှစ်တွေ
ဘယ်လောက်ကြာနေပြီလားမသိလောက်အောင် ပျက်စီးယို့ယွင်းနေလိုက်တာ
ပင့်ကူအိမ်တွေ သစ်ရွက်ခြောက်တွေနဲ့ ဘယ်လောက်အကျဉ်းတန်နေလည်းဆိုရင်
ညဘက်မပြောနဲ့ နံနက်ဘက်အချိန် ကြည့်မိမယ်ဆိုရင်တောင်အတော်လေး
ချောက်ချားစရာကောင်းလောက်တဲ့အိမ်အိုအိမ်ပျက်ကြီးတစ်ခုပဲ ။
ပါးစပ်ရာဇဝင်တွေကတော့အမျိုးမျိုးပြောကြတာပဲ
ဘယ်တုန်းကအဲ့ဒီအိမ်ထဲမှာ ဘယ်သူတွေအသတ်ခံရတာတို့ ၊ ဘယ်သူတွေကဘယ်လို
ရုတ်ပျက်ဆင်းပျက် ကိုယ့်ဘာကိုယ် သတ်သေသွားကြတာတို့ ၊အရင်နေကြည့်တဲ့သူတွေ
မယုံလို့စမ်းတဲ့သူတွေ ဘာဖြစ်တာတို့အိုး….လူတွေရဲ့ ပါးစပ်ထဲမှာအိမ်မဲအိုကြီးနဲ့ပတ်သတ်ပြီး
ပြောလိုက်ကြတာ စုံနေတာပဲ ။
ဘာတဲ့အဲ့ဒီအိမ်မဲကြီးထဲမှာ ဓါးပြဝင်တိုက်သွားတော့ ကနဦးနေကြတဲ့
မိသားစု လေးယောက်လုံးအသတ်ခံရပြီး မကျွတ်ဘူးလို့လည်းပြောကြတယ် ၊
တစ်ချို့ကပြောတာကတစ်မျိုးအပျိုကြီးညီအစ်မ နှစ်ယောက်ပိုင်တဲ့အိမ်မဲကြီးက
မိသားစုဘိုးဘွားပိုင်အမွေတဲ့… တစ်နေ့ ဘာကြောင့်ရယ်မသိ သူတို့ညီအစ်မနှစ်ယောက်လုံး
အိမ်ထဲမှာ လည်ပင်းကြိုးကွင်းစွပ်လျှက်သား တွဲလောင်းလေးတွေ မျက်လုံးပြူးမျက်စံပြူးတွေနဲ့
သေနေကြတာကို တွေ့ရတယ်တဲ့ လူသတ်သွားတာလား ၊ ကိုယ့်ဘာကိုယ်တကယ်ပဲသတ်သေသွား
ကြတာလား ဆိုတာ ဘယ်သူမှ သေချာမသိနိုင်ကြဘူး ၊ တစ်ခြားရာဇဝင်တွေလည်းရှိသေးတယ်
ဘယ်အတွဲက ဘယ်လို လူပြတ်တဲ့အိမ်မဲကြီးမှာ ခိုးချိန်းတွေ့ရင်း လွန်လွန်ကြူးကြူးဖြစ်နေတုန်း
တောက်…တောက်…တောက်…ဆိုပြီး ကြမ်းပြင်ကိုလက်နဲ့ခေါက်တဲ့အသံမျိုးကြားတော့
ကြည့်လိုက်မှအိမ်မဲကြီးအနောက်ဘက်ကနေ ဘောလုံးမဲမဲကြီးလို
ခေါင်းပျက်ကြီးက ခုန်ဆွခုန်ဆွနဲ့ သူတို့ဆီလာနေလို့
အသက်လုပြေးခဲ့ရတာတို့ …. ၊ တစ်ခြား ဆေးသမားတွေ
မှောင်ခိုတွေကလည်း လူလုံးဝမလာလောက်တဲ့ လူပြတ်တဲ့အဲ့ဒီအိမ်မဲကြီးထဲမှာ
အရောင်းအဝယ်တို့ ၊ တရားဝင်အလုပ်တွေ ခိုးလုပ်လေ့ရှိတဲ့အခါ ပတ်ပတ်စက်စက်ကို
အခြောက်အလှန့်ခံရသတဲ့ ….
တလောက ဟိုးလေးတကျော်ဖြစ်သွားသေးတယ် … ၊
အဲ့လိုပဲ ဆေးသမားတွေ စုပြီးအိမ်မဲကြီးထဲမှာ ဆေးတွေချ…အရောင်းအဝယ်တွေလုပ်… ၊
ရွာထဲက ငှက်ပစ်တဲ့ကလေးတွေကလည်းအိမ်ကြီးအနားရောက်မှန်းမသိရောက်သွားတုန်း
အိမ်ထဲက ဆေးသမားတွေကြောင့် ထွက်လာတဲ့ မီးခိုးငွေ့တွေကို သရဲခြောက်တယ်ထင်ပြီး
ပြေးသွားကြသေးတယ် ၊ တကယ်က ကလေးတွေစိတ်ထဲအဲ့ဒီအိမ်မဲကြီးထဲ
သရဲခြောက်တယ်ဆိုပြီး စိတ်စွဲနေတာကြောင့် ထစ်ခနဲ့ရှိ သရဲထင်သွားတာလည်းပါတယ် ၊
ဆေးသမားတွေကျပြန်တော့ တကယ်ကြီးအခြောက်အလှန့်ခံလိုက်ရတာ …..
သူတို့တွေ ဆေးချနေတုန်း သူတို့အဖွဲ့ထဲကတစ်ယောက်က
ကြောက်ကြောက်လန့်လန့်နဲ့ ထပြောတာ
“ ငါ့ပါးကို လျှာအေးအေးကြီးတစ်ခု တစ်ချက်လာလျှက်သွားတယ်
မင်းတို့ မင်း..မင်း..တို့ စနောက်နေတာလား ” ဆိုတော့
ကျန်သူတွေကတစ်ယောက်ကလည်း…
“ ငါတို့မနောက်ပါဘူးဟ..နောက်စရာလား..
ကိုယ့်အာရုံနဲ့ကိုယ်နေနေတာပါကွာ မကြောင်စမ်းပါနဲ့
ဒီအိမ်မှာ ဘာမှမရှိဘူးအလကားလျှောက်ပြောနေကြတာ ”တဲ့
နောက်တစ်ယောက်ကလည်း
“ ဟေ့ယောင်တွေ ငါ့နာခေါင်းထဲအပုတ်နံ့ရတယ်နော် …
မင်းတို့ရောမရကြဘူးလားအန်တောင်အန်ချင်တယ်
တော်တော်ဆိုးဆိုးပဲကွ….ကြွက်တွေဘာတွေများသေနေတာလား ”
အဲ့ဒီအချိန်မှာပဲအိမ်အနောက်ဘက်က ငိုသံလိုလို ရယ်သံလိုလိုအသံကြီးတစ်ခု
ကြားလိုက်ရပြီး သူတို့တွေလည်းအကုန် ချနေတဲ့ဆေးကြောင့်လွတ်သွားတဲ့
စိတ်တွေအကုန်ပြန်စုမိသလိုဖြစ်သွားကြပြီး မျက်လုံးပြူးမျက်စံပြူးတွေနဲ့
မမျှော်လင့်ထားတဲ့အရာတစ်ခုကို စောင့်နေတုန်း …..
တစ်ဆက်တည်းမှာပဲ သူတို့လူအုပ်ကြားထဲကိုအိမ်ခေါင်မိုးထုပ်တန်းပေါ်ကနေ
“ ဝုန်း ” ဆိုတဲ့အသံကြီးနဲ့ မိန်းမတစ်ယောက် ဆံပင်ကဖားလျား ၊ စုတ်ပျက်နေတဲ့အဝတ်အစားတွေနဲ့
ဆွဲကြိုးချလျှက်အတိုင်းသားနဲ့ ကျလာပါလေရော…. ၊ ကျလည်းကျလာပြီးရော
အဲ့ဒီ မိန်းမက ဆံပင်တွေနဲ့ မျက်နာကိုအုပ်ထားရင်း ဇာတ်ကျိုးကျ
ငြိမ်နေရာကနေ ချက်ချင်းခေါင်းထောင်လာပြီး ဆေးသမားလူစုကို
တစ်ချက်လှမ်းကြည့်လိုက်ပါလေရော ၊ ကြည့်လိုက်တယ်လို့သာပြောတယ်
တကယ်က ဇာတ်ကျိုးကျ သေနေရာကနေ ဆက်ခနဲ ခေါင်းပြန်ထောင်ပြလိုက်တာ ၊
ခေါင်းထောင်လာမှ သူ့မျက်နာကိုကွယ်ထားတဲ့ ဆံပင်တွေက
ဖယ်သွားတဲ့အခါ မျက်နာကိုအတိုင်းသားမြင်လိုက်ရတယ် ၊
အဲ့ဒီအမျိုးသမီးမျက်နာက ပျက်စီးနေတာများအသားတွေက မရှိသလောက်ပုတ်ပွနေပြီး
မျက်လုံးကအဆမတန်ပေါက်ထွက်မတတ် ပြူးလို့ ပါးစပ်ထဲက လျှာကြီးအရှည်ကြီး ထွက်ကျနေတာတဲ့ ။
ဘာပြောကောင်းမလည်း ဆေးသမားတွေလည်း ခြေကုန်ပြေးကြတော့တာပဲ
ကျန်တဲ့သူတွေလည်းကျန်ခဲ့ကြတယ် … တစ်ချို့ကအကြောက်လွန်ပြီး တခွီခွီ
အမြုပ်တစီစီ နဲ့ တက်ပြီး ကျန်နေခဲ့တာ ၊ တစ်ချို့ကတော့ ဆေးအရှိန် …
ရုတ်တရက် ကြောက်လန့်သွားတဲ့အရှိန်တွေကြောင့် နေရာမှာပဲ နှလုံးရပ် လို့
သေကုန်ကြတယ် ။
ဒီသတင်းတွေကိုလည်း ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဆေးသမားတွေထဲက
တစ်ယောက်က ကမူးရှူးထိုး ပြောပြလို့ရပ်ရွာကသိပြီးအင်အားစု….
အိမ်မဲကြီးဆီ သွားရှာကြမှ ရုတ်တရက် သေသွားတဲ့သူ နဲ့ တက်ပြီး ခွေခွေလေး
သေနေတဲ့သူအလောင်းတွေကို တွေ့ခဲ့ကြတာ… သူတို့ပြန်ပြောပြသလို
ဆွဲကြိုးချလျှက်နဲ့ တွဲလောင်းကျလာတဲ့ သရဲမကိုတော့
မတွေ့ခဲ့ကြရဘူး… ၊ မှုခင်းကြီးကြီးကျယ်ကျယ်လည်း မကြာခဏ
ဖြစ်တဲ့အိမ်မဲကြီးပေါ့ ။
လက်တလော ရွာထဲမှာ သတင်းထွက်နေတာလည်းရှိသေးတယ် ။
“ ဟဲ့ နင်ကြားပြီးပြီလား …. ခွေးပုတို့ ငှက်ပစ်သွားရင်း
ဟိုအိမ်မဲကြီးထဲက သရဲမ ထွက်လာပြီးအနောက်ကနေ ပြေးလိုက်ဆွဲသလို
ခြောက်လန့်လိုက်လို့ ကောင်လေးတွေအကုန်ကြောက်ဖျား ဖျားနေကြတယ်လေ ”
“ ဟယ်အဲ့ဒါကြောင့် ရွာဦးဘုန်းကြီးကျောင်းမှာ လူစည်နေတာကို … ”
“ နင်တို့ပြောမှ ငါတောင်ကြက်သီးတွေထလာပြီ
အိမ်က ကလေးတွေတောင်အပြင် မလွှတ်ရဲတော့ဘူး ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ဘုန်းဘုန်းဘုရား တပည့်တော်တို့လည်း နေရတာ စိုးတထိတ်ထိတ်နဲ့
ကလေးတွေအတွက်လည်း စိတ်မချရဘူး…အိမ်မဲကြီးက
ဆွဲကြိုးချသေသွားတဲ့ သရဲမ ….. ၊ တစ်ခါတစ်ခါတွေ့ရတဲ့
ခေါင်းပြတ်သရဲနဲ့ တစ်ခြား မကောင်းဆိုးဝါးတွေရန်ကို
တပည့်တော်တို့ ဘယ်လိုရင်ဆိုင်ရမလဲ ……….
ဘယ်လိုလုပ်ရမလည်း မိန့်တော်မူပါဦးဘုရား ”
ရပ်ရွာက လူအင်အားနဲ့ လူကြီးသူမတွေစုပြီး ဘုန်းရွာဦးကျောင်းဆရာတော်ကို
ဝိုင်းလျှောက်ကြတော့ ဆရာတော်အကြပ်ရိုက်ရပြီ ။
“အခုဖြစ်နေတဲ့ကိစ္စကအိမ်မဲကြီးထဲက မကျွတ်မလွတ်တဲ့
ပရလောကသားတွေ ခြောက်လန့်တယ်ဆိုတာ သူတို့တွေ
ဆိုးရွားတဲ့ ဘဝတွေက ကျွတ်ချင်လွတ်ချင်လို့ လူသားတွေရဲ့ကောင်းမှု
အမျှအတန်းတွေ လိုချင်လို့ ခြောက်လန့်တာလည်းဖြစ်နိုင်သလို ၊
သူတို့နေရာကို လူတွေလာတာ …သူတို့အိမ်မှာ မဟုတ်တာတွေလာလုပ်တာကို
သဘောမကျလို့ ခြောက်လှန့်တာလည်းဖြစ်နိုင်ပါတယ် …. ”
ဘုန်းတော်ကြီးက စကား စလိုက်ပြီး
အကြမ်းရေနွေးလေးနဲ့ ခံတွင်းရှင်းလိုက်ရင်း စကားစပြန်ဆက်ပြန်တယ် ….
“ ဦးဇင်းဖြစ်စေချင်တာက သူတို့ကိုကြောက်တယ် လန့်တယ် ဆိုရင်
ကိုယ်ကိုအနှောက်အယှက်ပေးလို့မရအောင်
ကာကွယ်လို့ရတဲ့ နည်းတွေအများကြီးရှိတာပဲ ၊ တို့ဗုဒ္ဓဘာသာမှာ
ဘုရား ၊ တရား ၊ သံဃာတဲ့အမြတ်ဆုံးရတနာ ဒါဆေးသုံးလုံးပဲ ယုံယုံကြည်ကြည်သုံးကြစမ်းပါ ၊
ကာကွယ်ကြစမ်းပါ … သတိရတိုင်းရွတ်ဆိုပေး..ဘာအန္တရယ်မှ မဖြစ်စေရဘူး ၊
နောက်ပြီး ညအိပ်ခါနီးဘုရားရှင့်ခိုးပြီးလို့ မေတ္တာပို့အမျှဝေရင်လည်း
သူတို့ကိုရည်စူးမေတ္တာပို့အမျှဝေပေးလိုက်ပါ ၊ ဒါဆိုအန္တရယ်ကင်းမှာပါ ၊
ကလေးတွေကလည်း ဦးဇင်းအန္တရယ်ကင်း ပရိတ်ကြိုးလေးတွေလုပ်ပေးထားတာရှိတယ်
အဲ့ဒါလေးတွေ ဝတ်ပေးထားလိုက်ပေါ့ …. ၊ နောက်တစ်ခုကအခုလိုခြောက်လှန့်နေတဲ့
ပရလောကသားတွေကို သူတို့ဘဝဆိုးကနေ ကျွတ်ချင်လွတ်ချင်တဲ့စိတ်ရှိကြတယ်ဆိုရင်
ဦးဇင်းတို့အကျွတ်အလွတ်ပွဲပုံစံလေးနဲ့ သူတို့ကိုအမျှအတန်းလည်း ပေးလိုက်ကြရအောင်
ဆန္ဒရှိကြတယ်ဆိုရင်အနီးအနားရွာက ဦးဇင်းတွေကိုအခုပဲ သွားပင့်လိုက်ကြချေတော့…. ”
ရွာဦးဘုန်းတော်ကြီး မေတ္တာရပ်ခံချက်နဲ့အိမ်မဲကြီးအရှေ့ဘက်မှာ
အိမ်မဲကြီးထဲက ပရလောကသားတွေအတွက်ရည်စူးပြီးအလှူအတန်းကုသိုလ်တွေကို
လုပ်ပေးပြီး တစ်ရွာလုံးက စုပေါင်းရေစက်ချ ၊အမျှပေးဝေခဲ့ကြတယ် …..
အမျှပေးသံအဆုံးမှာအိမ်မဲကြီးထဲကနေ သာဓုခေါ်သံတွေ
အကျယ်ကြီး ကြားလိုက်ရပြီးတော့အိမ်မဲကြီးထဲက
ဆင်လိပ်ပြာကြီးတွေအများကြီး ထွက်လာရင်း ပျံသွားကြတာကို
အားလုံးမြင်လိုက်ကြရတယ် …. နောက်ပိုင်းအိမ်မဲကြီးက
ခြောက်တာလန့်တာ ဘာမှ မကြားရတော့ဘူးတဲ့… ၊
ဒါပေမယ့်လည်း နာမည်ကြီးနေဆဲ…နာမည်ကြီးခဲ့တဲ့နေရာမို့
ဘယ်သူမှတော့ညဘက် မသွားရဲအိမ်ထဲမနေရဲကြတော့ဘူးပေါ့… ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွာငယ်လေးမှာ နေထိုင်ကြတဲ့ သူတွေထဲမှာ
မမိုးပွင့်ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်လည်း ရှိသေးတယ် ။
မမိုးပွင့်တို့မိသားစုက သုံးယောက်ရှိကြတယ် ၊ မမိုးပွင့် ရယ် သူ့မိဘနှစ်ပါးရယ်ပေါ့ ၊
သူတို့မိသားစုလေးက ရွာမှာအဆာပြေမုန့်လေးတွေလုပ်ရောင်းကြတယ် ၊
ရန်ကုန်မှာ မုန့်ဖက်ထုတ် လိုမျိုးပေါ့ ၊ မုန့်လုပ်တာတော့ မမိုးပွင့်ရဲ့အမေနဲ့ မမိုးပွင့်တို့
အတူတူလုပ်ကြတာပေါ့ ၊ မုန့်လုပ်ပြီး မုန့်တွေကို နေ့တိုင်းရွာထဲလည်ရောင်းတဲ့အခါတော့
မမိုးပွင့် က လိုက်ရောင်းရတယ် ၊အမေလုပ်တဲ့သူက မမာတော့အိမ်မှာပဲ မုန့်ဝိုင်းစေတာပေါ့ ၊
မမိုးပွင့်တို့အဖေကတော့ ရွာမှာအလုပ်မယ်မယ်ရရမရှိဘူး ကြုံရာကျဘန်းလုပ်ကိုင်ပြီး
မိသားစုကိုရှာကျွေးတယ် ၊ သူတို့မိသားစုလေးက ကိုယ်ပိုင်လယ်ယာမြေတွေလည်းမရှိ ၊
ဆင်းရဲတဲ့မိသားစုထဲကလို့ဆိုရမယ် ၊ ဆင်းရဲပေမယ့် ရိုးရိုးသားသားပဲ ကိုယ့်ဝမ်းစာအတွက်
ကိုယ်လုပ်တတ်တဲ့ပညာလေးနဲ့လုပ်ကိုင် ရှာဇွေစားသောက်ကြတယ် ၊
မမိုးပွင့် ကလည်း မိသားစုအပေါ်အရမ်းသိတတ်တော့ မိဘအတွက်
အားဖြစ်စေတယ်လေ …အထက်တန်းကျောင်းသူဆိုပေမယ့် တစ်ခြားမိန်းကလေးတွေလို သူ့ခဗျာ
ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် မနေနိုင်ဘူး ၊ မနက်ပိုင်းကျောင်းတက် ညနေပိုင်းဆို
မိသားစု ဝမ်းရေးအတွက် ရွာစဉ်လှည့်ပြီး မုန့်ရောင်းရတယ် ၊ ညပိုင်းကျပြန်တော့ ကျောင်းစာကျက်ရ
အမေနဲ့အတူ နောက်တစ်နေ့ရောင်းနိုင်အောင် မုန့်တွေအမှီပြန်လုပ်ရနဲ့ သူ့ဘဝကြီးက
လည်ပတ်နေဆဲပေါ့ ။
အဲ့ဒီနေ့က လပြည့်နေ ….
မမိုးပွင့်တစ်ယောက်အရင်လို မုန့်လည်ရောင်းရင်းကနေ
ထူးထူးခြားခြားအဲ့ဒီနေ့ကျမှ မုန့်တွေက ရောင်းမကောင်းဖြစ်နေပြန်တယ် ၊
မုန့်တွေမကုန်ရင် နောက်တစ်နေ့အတွက်အရင်းပြန်မရမှာ စိုးတာနဲ့
မမိုးပွင်လည်း မုန့်တွေမကုန်ကုန်အောင် လိုက်ရောင်းတော့အချိန်က
ပြန်ချိန်ထက် ကျော်မှန်းမသိတဖြည်းဖြည်းကျော်လာခဲ့ပြီ ။
ညတိုင်းအိမ်ကို ၇နာရီနောက်ဆုံးထားပြန်ဖြစ်ခဲ့တဲ့ မမိုးပွင့် … ၊
အခု မုန့်ရောင်းမကောင်းတာနဲ့ မုန်ကဗန်းလေးပိုက်ပြီးအိမ်ပြန်နောက်ကျခဲ့ပြီလေ ။
မမိုးပွင့်အိမ်ပြန်ဖြစ်ခဲ့တဲ့အချိန်က ည ၉နာရီ ။
လပြည့်နေညဆိုပေမယ့် တိမ်ညိုတွေက ပြည့်နေတဲ့လမင်းကြီးရှေ့
ကာစီးကာစီးလုပ်နေကြတော့ ပတ်ဝန်းကျင်က ထင်သဘောက်အလင်းဓါတ်မရခဲ့ဘူး ၊
ခလုတ်မတိုက်ယုံ …. မျက်စိရှေ့တစ်ကမ်းကို မသဲမကွဲ မြင်ယုံလောက်ပဲ
အလင်းရခဲ့တယ် ။
ရွာမှာက ည ၈နာရီလောက်ဆိုရင်အိပ်တဲ့သူကအိပ် ဗီဒီယို (Video) ရုံမှာ
ရုပ်ရှင်ကြည့်နေတဲ့သူတွေကကြည့်နဲ့ ၊ ပတ်ဝန်းကျင်က လူခြေတိတ်နေပြီးတော့ ရွာလမ်းတစ်လျှောက်
မမိုးပွင်တစ်ယောက်တည်း ထီးထီးကြီးဖြစ်နေတယ် ၊ မိန်းကလေးဆိုပေမယ့်
အကြောက်အလန့်သိပ်မရှိတဲ့သူ မမိုးပွင့် … စိတ်ထဲမှာ မနက်ဖြန်ကျောင်းမှာ
ဆရာမ ဘာစာမေးမလဲ….အိမ်ရောက်ရင်အမေနဲ့အတူ မုန့်လုပ်ပြီး
ဘယ်စာတွေ ပြန်နွေးရမယ်ဆိုတာ စဉ်းစားနေတာ…. ။
အဲ့ဒီနေ့ကျမှအိမ်ကိုလည်း ပြန်နေကျလမ်းကနေ မပြန်ဖြစ်ခဲ့ဘူး ၊
ပြန်နေကျလမ်းကဆိုရင်အိမ်ရောက်ဖို့ ပိုကြာသွားမှာမို့ ဖြတ်လမ်းအတိုင်းပြန်ဖြစ်ခဲ့တယ် … ၊
အိမ်မြန်မြန်ပြန်ရောက်ချင်နေပြီ ၊ စာတွေကျက်ရတော့မယ် ၊ နောက်နေ့အတွက်
မုန့်တွေလုပ်ထားရတော့မယ်… ၊ ကျန်းမာရေးမကောင်းတဲ့အမေတစ်ယောက်တည်း
မုန့်တွေလုပ်နေရင်ပင်ပန်းမှာလည်းစိုးတယ်လေ… ၊ ဒါတွေကြောင့် ဖြတ်လမ်းကနေ ပြန်ဖြစ်ခဲ့တယ် ၊
ဖြတ်လမ်းဆိုတာလည်း တစ်ခြားလမ်းမဟုတ်… ၊ ရွာက နာမည်ကြီးအိမ်မဲကြီးအရှေ့ကအလမ်း
ဖြစ်နေပြန်တယ်… ၊ ဒါပေမယ့် မမိုးပွင့် မကြောက်ဘူး…အရင်ကတည်းက မကြောက်တတ်တာ
ကြောက်စိတ်မရှိတာလည်း ပါသလို ၊ ဒီအနီးအနာမှာနေလာတာကြာပြီ သူများတွေသာ
ခြောက်တယ်လန့်တယ်ပြောတာ မမိုးပွင့်တော့တစ်ခါမှအိမ်မဲကြီးက ခြောက်တာလန့်တာ
မကြုံဖူးဘူးမို့လား ၊ နောက်ပြီးအိမ်မဲကြီးက ပရလောကသားတွေလည်းအမျှအတန်းရလို့
ကျွတ်လွတ်သွားကြပြီဆိုတာလည်း သိထားတယ်လေ…. ။
ဖြတ်လမ်းရဲ့အလယ်လောက်…ခြေတံရှည်အိမ်မဲကြီး မရောက်ခင်
အုန်းပင်ကြီးအရှည်ကြီး နှစ်ပင်က သေမင်းခံတွင်းဝထဲဝင်ဖို့ကြိုနေတဲ့ တံခါးစောင့်တွေလိုပဲ ၊
မမိုးပွင့် လမ်းလျှောက်လာရင်းအုန်းပင်ကြီးတွေကို ကျော်လို့အိမ်မဲကြီးရှေ့ဖြတ်လျှောက်မိတာနဲ့တင်
ထူးထူးခြားခြား မဖြစ်စဖူး သူ့ရင်ထဲ လှိုက်ဖိုသွားသလိုခံစားလိုက်ရပြီး ရုတ်ရက် လေစိမ်းတွေ
တိုက်လာသလို ကြက်သီးတွေအလိုလိုထပြီး ကြောက်လာသလိုဖြစ်လာရော… ၊
မမိုးပွင့် ကိုယ့်စိတ်ကိုကိုယ်အားပြန်တင်းရင်းအိမ်နားနီးနေပြီမို့ ခြေလှမ်းသွက်သွက်လှမ်းခဲ့တယ် ။
အဲ့ဒီအချိန်မှာပဲ လူမနေတဲ့ ခြေတန်ရှည်အိမ်မဲကြီးဆီကနေ “ ဝေါ….. ” ဆိုပြီး
အိမ်အောက်ဘက်ကို တစ်ခုခု လျောဆင်းလာတဲ့အသံတစ်သံကိုကြားလိုက်ရတယ်
အသံနဲ့အတူအိမ်ပေါ်ကနေအိမ်အောက်ကို တစ်လှုပ်လှုပ်နဲ့ ဆင်းလာတဲ့
ဘာမှန်းမသိတဲ့အရာတစ်ခုကိုလည်း တစ်ပါးတည်းတွဲမြင်လိုက်ရတယ် … ၊
မြင်နေရတဲ့အရာက မမိုးပွင့် ဆီကို ဦးတည်နေသလိုပါပဲ ၊
မမိုးပွင့် က သရဲခြောက်တယ်လို့မထင်ဘူးလေ ၊ တစ်ခါမှလည်း မကြုံဖူး
အကြောက်အလန့်မရှိတော့ ဘာများလဲဆိုပြီး ကြက်သေသေရင်းအိမ်မဲကြီးကိုကြည့်နေမိတယ်
ကြည့်နေရင်းကနေ သူ့ဆီကို လာနေတဲ့အရာတစ်ခုကြောင့်
ကြောက်ချင်သလိုလိုအားငယ်ချင်းသလိုလို ခံစားလာမိတာနဲ့အိမ်ဘက်ကိုပဲ ခြေလှမ်းမြန်မြန်
လှမ်းလိုက်မိတယ် ၊ မမိုးပွင့် ခြေ တစ်လှမ်းပဲ လှမ်းရသေးတယ် သူ့ဆီကိုအိမ်မဲကြီးကနေ
လာနေတဲ့အရာက တဖြည်းဖြည်းနီးလာတော့ ထိတ်လန့်သွားမိပြီးတော့
အန္တရယ်ပြုမယ့်အရာလား သိရအောင် လက်ထဲကအသင့်ပါလာတဲ့ လက်နှိပ်ဓါတ်မီးနဲ့
ချက်ချင်း ထိုးကြည့်လိုက်တော့မှ ….
“အား………………. ”
မမိုးပွင့် မြင်လိုက်ရတဲ့အရာကြောင့် ငယ်သံပါအောင်အော်လိုက်ရင်း
ပါလာတဲ့ပစ္စည်းတွေကိုလည်း ဂရုမစိုက်အားတော့ပဲအိမ်ကိုမရောက်ခင်
အရင်တွေ့ရတဲ့ လူတွေရှိလောက်မယ့် ရွာထဲကအိမ်တစ်အိမ်ထဲကို
ခြေကုန်သုတ်ပြေးသွားဖြစ်ခဲ့တဲ့အထိပဲ ။
“ ဟာ.. မိုးပွင့်..သမီး…ဘာဖြစ်လာတာလည်း… ”
“ သ…သ..သ..သရဲမကြီး….မျက်နာ..မပါတဲ့သရဲမကြီး…
အစိမ်းသရဲမကြီး… သမီးနောက်လိုက်လာတယ် ”
“ ဟင်…. ”
မမိုးပွင့် စကားကြားတော့အိမ်ရှင်တွေလည်းလန့်သွားကြပြီး
အိမ်ပတ်ပတ်လည် ပရိတ်ရည်တွေဖြန်း မမိုးပွင့်ကိုလည်း ပရိတ်ရည်တွေ
တိုက်ပြီးမှအိမ်ကလူကြီးတွေစုပြီး မမိုးပွင့်ကိုအိမ်ပြန်လိုက်ပို့ပေးကြတယ် ၊
မမိုးပွင့် ကတော့ တစ်လနီးပါးလောက် ဖျားသွားခဲ့တယ် ။
မမိုးပွင့် ဓါတ်မီးနဲ့ထိုးကြည့်တုန်းက မြင်လိုက်ရတာတော့
သရဲမက ဆံပင်ဖားလျားကြီးနဲ့ မျက်နာကြီးမှာလည်း ….. မျက်လုံး ၊ နှာခေါင်း ၊
ပါးစပ်နေရာတွေမှာ ဘာမှမပါပဲအသားကြီးအတိုင်း ပြောင်ချောကြီးတဲ့ ။
မမိုးပွင့်ကမုန့်ရောင်းပြီးပြန်လာတော့ စားချင်သောက်ချင်လို့ သရဲမကအိမ်ပေါ်က ဆင်းလာတာလား ၊
အမျှအတန်းလိုချင်လို့လားဆိုတာတော့ သရဲမကိုယ်တိုင်ပဲသိပါလိမ့်မယ် ။
ရွာထဲလည်း မမိုးပွင့် သတင်းကြောင့် တော်တော်လေးလှုပ်သွားကြတယ် ၊
အိမ်မဲကြီးက ပရလောကသားတွေ ကျွတ်သွားပြီလို သူတို့ယုံကြည်ထားကြတာ… ၊
ဒါဆို မျက်နာပြောင်ကြီးနဲ့ သရဲမက နောက်ထပ်ရောက်လာတဲ့ သရဲမများလား
ကျန်နေရစ်တဲ့ သရဲမလား……. ။
သေချာတာတစ်ခုကတော့ ခြေတံရှည်အိမ်မဲကြီးထဲမှာ
ကျန်ရစ်သူတစ်ချို့ ရှိကောင်းရှိနေဆဲပဲဆိုတာ……… ။
#END
ကြိုးစားပါဦးမည်……
~ မိုးစွေ ~
စာပြီးချိန် - 6.10.2018 ( 6 : 05 Pm )
#lotaya_shortstory
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို
ဒီလင့်ခ်
ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်