ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
၁၉၇၀ ဝန်းကျင်ခန့် …………
မြို့ပြနဲ့မနီးမဝေးမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်လေးတစ်ပုဒ်ကိုပြန်လည်း
အသက်သွင်းလိုက်တဲ့အခါအသက်ရှုသံတွေရဲ့ခေါ်ဆောင်ရာကျောရိုးအတိုင်း လိုက်ပါစီးဆင်းမိပြန်တော့
အိမ်ခြေ တစ်ရာဝန်းကျင်လောက်ရှိတယ် မန္တလေးမြို့ကြီးနားက ရွာကလေးကိုစမြင်တွေ့နိုင်မှာပါ ။
ရွာကလေးက သူ့ဟာနဲ့သူတော့ စည်ကားတဲ့ရွာတွေထဲမှာပါဝင်ပါတယ် ၊ ရွာမှာရှိတဲ့သူတွေကလည်း
ဘာသာတရားကိုင်းရှိုင်းကြပြီး ၊ သစ္စာတရားကို တန်ဖိုးထားကြတဲ့သူတွေများတယ် ။
ရွာကလေးရဲ့ မြောက်ဘက်မှာရှိတဲ့ တောစပ်နေရာလေးမှာတော့ သဘာဝအတိုင်းဖြစ်နေတဲ့
ကြာကန်လေးတစ်ကန်နဲ့ ၊ ခပ်လှမ်းလှမ်းကိုဆက်ကြည့်မယ်ဆို မှိုင်းပြာညိုနေတဲ့ ရိုးမတောကြီးကို
လှမ်းတွေ့ရမှာပါ …. ၊ ကြာကန်လေးရဲ့အနားမှာတော့ ရွာထဲကအချစ်ငှက်ငယ်လေးတွေ သူ့အတွဲလေးနဲ့သူ
ချစ်စကားလေးတွေ တီတီတာတာ ဆိုတဲ့နေရာလေးရှိနေသေးတယ် ၊ ဖိုမ စုံတွဲလေးတစ်တွဲလည်းအပါအဝင်ပေါ့
“အသန်း ….နင်တို့မိဘတွေက ငွေအရမ်းမက်တော့ ငါတို့ဝေးသွားမှာစိုးရိမ်မိတယ်ဟာ..
ငါလေ နင့်ကိုသိပ်ချစ်တယ် နင့်ကိုဘယ်လိုနည်းနဲ့မှုအဆုံးရှုံးမခံနိုင်ဘူး ၊ နင်ရော ငါချစ်သလောက်
ချစ်ရဲ့လား ”
ဆယ်ကျော်သက်အရွယ်ဆိုပေမယ့် လူပျိုပေါက်လုံးလုံးဖြစ်နေကြတဲ့ စုံတွဲလေးမှာ ကောင်လေး
မေးလိုက်တဲ့အမေးကို မိန်းမငယ်လေးက ကောင်လေးရင်ခွင်ထဲ ခေါင်းလေးလျှိုလိုက်ရင်း
လေသံလေးနဲ့ပြန်ဖြေလိုက်တယ်
“ ချစ်တာပေါ့ကိုရင်ရယ်….ကျုပ်ကဘယ်လိုလုပ် ကိုရင်နဲ့ခွဲနိုင်မှာလဲ ”
ကောင်လေးကလည်း မျက်နာမှာ ကြည်နူးရိပ်လေးသန်းသွားပြီး ကောင်မလေးကို
တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ရင်း
“ တကယ်နော်…. ”
ကောင်မလေးကသဘောကျသလို ရယ်ပြီး ပြန်ဖြေလိုက်တယ်
“ နှစ်ကယ်…. ”
တောအုပ်ကြီးကအလိုက်တသိ သူတို့အချစ်အိမ်လေးကို သစ်ရွက်စိမ်းစိမ်းလေးတွေနဲ့
ကာမိုးပေးထားလိုက်တော့ ရှက်သလိုလိုနဲ့ပါးကလေးတွေမို့သွားတဲ့ နေမင်းကြီးကတောင်
ခိုးမကြည့်ဝံ့သလိုဖြစ်သွားခဲ့ရပြီ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရေနံချေးဝနေအောင်သုတ်ထားတဲ့အိမ်ကြီးကို ထူးထည်ကောင်းလွန်းတဲ့
အိမ်တိုင်ကြီးတွေက စိတ်ချလက်ချသာနေဆိုတဲ့သဘောဆောင်နေသလို ထမ်းပိုးပေးထားကြတယ် ၊
နွေဦးဆိုပေမယ့် သစ်ရိပ်ဝါးရိပ်တွေနဲ့ ရာသီဥတုသင့်တင်တယ်လို့ဆိုရမယ် ။
“ သမီးရေ…လာဦး ဒီမှာထိုင် ဟော့…ဒီက မောင်ရင်က ကိုမောင်မောင်ခ တဲ့
မန္တလေးမြို့မှာနေတဲ့သူတစ်ယောက် သမီးအဘတို့နဲ့ ဒီကလေးရဲ့ မိဘတွေက မိတ်ဆွေရင်းတွေကွဲ့
မောင်မောင်ခ က လက်ရှိ မန္တလေးမှာပဲ တက္ကသိုလ်တတ်နေတဲ့သူအခု စာမေးပွဲတွေဖြေထားပြီး
ကျောင်းခဏပိတ်တုန်းအမေတို့ဆီအလည်လာတာ ငါ့သမီး…မောင်မောင်ခကို ရွာရောက်တုန်း
သေချာဂရုစိုက်ပေးလိုက်ဦးကွယ်…. ”
မသန်းအေးလည်း မျက်စိရှေ့မှာအမေလုပ်တဲ့သူမိတ်ဆက်ပေးတဲ့
မြို့သားကြီးကိုကြည့်ရင်း ခေါင်းညိတ်ပြလိုက်တယ်
“ ဟုတ်ကဲ့မေမေ ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်က နွားလှည်းလေးတစ်စီးနဲ့ရွာတစ်ပက်ကို မြို့သားတစ်ယောက်နဲ့အတူ
လျှောက်သွားဖို့ဆိုတာ စိတ်ကူးမရှိပေမယ့် မိဘတွေရဲ့အမိန့်ကို မလွန်ဆန်နိုင်သူမို့
မောင်မောင်ခ နဲ့အတူ တစ်လှည်းတည်းစီးပြီး ရွာကို ပတ်ပြီး ရှုခင်းတွေ စိုက်ခင်းတွေ
ရောက်တက်ရာရာအကြောင်းတွေ ပြောပြ ၊ ရှင်းပြပေးနေရတော့တယ် ။
“ မသန်းအေး က တော်တော်လှတာပဲနော် ”
“ မြို့သား မောင်မောင်ခ စကားကြောင့် မသန်းအေးတစ်ယောက်
မျက်နာတစ်ခုလုံးရဲသွားပြီးမျက်လုံးပြူးသွားမိတော့ မောင်မောင်ခက ချက်ချင်း
“ သြော် ဟော…ဟော.. ဆောရီးပါဗျာ ကျွန်တော်မှားပြောလိုက်တာ
မသန်းအေးက တော်တော် တော်တာပဲနော်လို့….ဗဟုသုတလည်းစုံတယ် ၊
မြို့က ကလေးမတွေလို့အားရှိအလှပြင်ဖို့ပဲသိတာမဟုတ်ဘူး…ရိုးရိုးလေးအတိုင်းကို
လှနေတာကိုတွေးမိပြီး ပါးစပ်က ပြောချင်နေတဲ့စကားလေး လွှတ်ခနဲထွက်သွားမိတာပါ…. ”
“အို…. ”
ရုတ်တရက် ရှက်စိတ်လေးနဲ့မူလိုက်ရပေမယ့် မသန်းအေးကိုယ်တိုင်
စမက်ကျပြီး သန့်သန့်ပြန့်ပြန့်ရုပ်ရည်ဟန်ပန်ရှိတဲ့ မောင်မောင်ခကို
သဘောကျနေမိတာအမှန်ပဲ ၊ တစ်ရွာလုံးကအပျိုအအိုပါမကျန် ၊ မောင်မောင်ခကို
ဓါတ်ရှင်မင်းသားနဲ့တူတယ်ဆိုပြီး ဝိုင်းကြည့်ကြ….မသန်းအေးကို ခဏခဏလာလာမေးကြတာလည်း
အဆန်းတော့မဟုတ်ပါဘူး…တကယ်လည်းချောတာကို… ၊ ဒီအချိန်မှာ မသန်းအေးအတွေးတွေကို
ရပ်လိုက်ပြီး မျက်လုံးထဲမှာ ချစ်သူ ထွန်းဖေ ..ကိုရင်ထွန်းဖေ ကို ပြေးမြင်လိုက်မိတယ်…. ၊
ချစ်သူကိုလည်းတအားချစ် သစ္စာမဖောက်ချင် ၊ တစ်ဖက်မှာလည်း မိဘကိုစိတ်မဆင်းရဲစေချင် ၊
အဲ့ဒီစိတ်နှစ်ခုလွန်ဆွဲနေမိတာကို မသန်းအေး သောကဝေနေမိတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“အသန်း…..အသန်းစိမ်းကားလိုက်တာ….ကိုယ်တို့ချိန်းနေကျနေရာလေးတောင်
မလာတာကြာပြီနော်..ကိုယ့်မှာတော့ မျှော်လိုက်ရတာ မနေ့ကဆို တစ်နေကုန်ပါပဲ..
အသန်းသတင်းတွေလည်း ကြားပါတယ်….ဒါပေမယ့် ကိုယ့်ချစ်သူကို ကိုယ်ယုံပြီးသား
အသန်းမိဘတွေက ဟိုမြို့သားနဲ့ ပေးစားဖို့လုပ်နေကြပေမယ့်အသန်းကတော့
ကိုယ့်ကိုပဲ ယူမှာ ၊ ကိုယ့်ကိုပဲချစ်တာမို့လား…ဟင်..ဖြေပါဦးအသန်းရယ် ”
ခါတိုင်းတွေ့နေကျနေရာလေးဆိုပေမယ့်အရင်လို ချစ်တေးတွေမသီနိုင်တော့တဲ့
စကားလုံးတွေကစိုးမိုးထားတယ်… ။
“ ကိုရင်…ကိုရင့်ကို ကျုပ်သိပ်ချစ်တယ် ၊ ဒါပေမယ့်…. ”
“ ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေအသန်း ”
“ ဒါပေမယ့် ကျုပ်မှာရွေးချယ်ခွင့်မရှိဘူးကိုရင် ”
“ ဘာလို့ရွေချယ်ခွင့်မရှိရမှာလဲ ကိုယ်တို့ထွက်ပြေးကြမယ်လေ
ကိုရင်အသန်းတစ်ယောက်ကိုတော့ ကောင်းကောင်းတင့်တောင်းတင့်တယ် ထားနိုင်ပါတယ်
ကိုရင့်ကို မယုံဘူးလား ”
“အသန်းအဲ့လို မိဘကိုစိတ်ဆင်းရဲအောင် မလုပ်ချင်ဘူးကိုရင်
အသန်းကိုတကယ်ချစ်ရင် ကိုရင်ကြိုးစားပြီး လာတင်တောင်းပါ…
အသန်း ကိုရင့်ကိုစောင့်နေမယ် ”
မျက်ရည်ပုတီးလေးကိုလည်မှာဆွဲပြီး မသန်းအေးတစ်ယောက်
လှည့်ထွက်သွားတော့တယ်….တစ်ခါတစ်လေ ကျန်ခဲ့တဲ့သူရင်ထဲမှာလည်း
မိုးတွေမတိတ်နိုင်တာကို လူတွေမသိကြဘူးလေ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငွေကြေးကို နေ့ချင်းညချင်းချမ်းသာကြီးပွားအောင် ဘယ်လိုကြိုးစားရမယ် ဆိုတာကို
မသိသေးခင်မှာတောင် ကိုယ့်ချစ်သူရဲ့အိမ်ကလူကြီးတွေက မြို့သားနဲ့ချစ်သူကို နီးနီးစပ်စပ်ဖြစ်အောင်
အကြံနဲ့ နှစ်ယောက်တည်း လွှတ်လွှတ်ပေးထားတာကို မြင်နေရတဲ့သူတစ်ယောက်ရင်ထဲမှာ
ဘယ်လောက်ကမ္ဘာပျက်နေမယ်ဆိုတာ ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှစာနာသနားသိမြင်နိုင်မယ်
မထင်မိပါဘူး..သြော်အချစ်အချစ်….ဘယ်လောက်ချစ်ချစ်နောက်ဆုံးတော့…..
ကိုရင်ထွန်းဖေတစ်ယောက် ရွာထဲက ထန်းရည်ဆိုင်မှာ နေ့နေ့ညည ခေါင်းစိုက်နေရင်း
ဒီလိုအတွေးတွေနဲ့ပဲအချိန်ုန်နေမိခဲ့တယ်..အခုလည်း ထပ်တွေးနေမိပြန်ပြီ…
ဒီအတွေးတွေကိုအဆုံးသတ်ပြီးတစ်ခုခုကိုအကောင်အထည်ဖော်ရတော့မယ်…
“ ဟုတ်တယ်…ငါမရှုံးသေးဘူး…ငါကဘာလို့အရှုံးပေးရမှာလဲ
နှလုံးသားတိုက်ပွဲမှာ တရားသဖြင့်မနိုင်ရင် ဒဿတိုကထုံး နှလုံးမူပြီး
အကြမ်းနည်းနဲ့ ငါ့ရဲ့ချစ်သူအသန်းလေးကို ရအောင်ယူမယ်…
ဒီတစ်သက်သူနဲ့ဝေးနေရမှ ငါနောင်တမရချင်ဘူး… ဟုတ်တယ်….
ငါဒီအတိုင်းလုပ်ရမယ် ”
မကြာခင်ရက်ထဲမှာပဲ ကိုရင်ထွန်းဖေအကြံအစည်တွေကို
အကောင်အထည်ဖော်ခွင့်ရခဲ့တယ်လို့ဆိုရမယ် ….
အချိန်က သီတင်းကျွတ်အခါတော်နေ့…..
ရွာမှာ ဒီလို ရက်ကြီးရက်မြတ်တွေဆိုရင် ရွာထဲမှာရှိတဲ့
လူပျို ၊အပျိုတွေ စုပေါင်းပြီး ကာလသားခေါင်းတွေဦးဆောင်လို့ တစ်အိမ်အိမ်မှာ
ညဘက် စုပြီးအစားအသောက်တွေကိုချက်ပြုတ်ကြတယ်
ပြီးတော့အဲ့ဒီ့အစားအသောက်တွေကိ ရွာထဲက ဥပုဒ်သည်တွေကို
အာဟာရဒါန ကုသိုလ်အဖြစ်နဲ့ ကျွေးမွှေးလှူဒါန်း ဒါနပြုတဲ့အလေ့လေးရှိတယ် ။
ကိုရင်ထွန်းဖေကလည်းအဲ့လိုနေ့မှာ သူ့အကြံကို
အကောင်အထည်ဖော်ဖို့စောင့်နေတဲ့သူမို့ ချက်ပြုတ်ကြမယ့်ညမှာ
တွေ့ပါရစေဆိုပြီး မသန်းအေးကိုချိန်းဆိုလိုက်တယ်…. ၊ မသန်းအေးကလည်း
လာတွေ့ပေးရှာပါတယ် ။
အဲ့နေ့ညမှာ ကိုရင်ထွန်းဖေက ချစ်သူ မသန်းအေးကို သူနဲ့အတူတူလိုက်ခဲ့ဖို့
နှစ်ယောက်တစ်ဘဝတည်ထောင်ကြဖို့အကြိမ်ကြိမ် တောင်းဆိုခဲ့တယ် ၊ ဘယ်လောက်တောင်းဆိုနေပါစေ
မသန်းအေးတို့က ဘူးဆိုရင် ဖရုံမသီးတဲ့အထိ ငြင်းဆန်တယ်… ၊ မိဘကိုစိတ်ချမ်းသာစေချင်တယ်
တကယ်ချစ်တာမှန်ရင် တရားသောနည်းနဲ့ လာတောင်းပါလို့ပြောလာတော့ ကိုရင်ထွန်းဖေ
တဖြည်းဖြည်း ဒေါသထွက်လာပြီး ချိန်းတွေ့နေတဲ့လူကွယ်ရာကနေ
မသန်းအေး လှည့်အထွက်မှာ ချစ်သူကို ရူးရူးမိုက်မိုက်နဲ့
ငါမပိုင်ရတဲ့အရာတစ်ကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူးဆိုပြီးအသင့်ပါလာတဲ့ ဓါးမြှောင်နဲ့
အားရပါးရ ထိုးသတ်ခဲ့လိုက်တယ် ။
ပြီးတော့မှ သွေးဆူတုန်းလုပ်ခဲ့မိတဲ့ သူ့လုပ်ရက်က မှားသွားပြီဆိုတာကိုသိပြီး
အဖမ်းလည်းမခံချင်တာကြောင့် ပြေးမိပြေးရာကို ခြေလွတ်လက်လွတ် ထွက်ပြေးသွားခဲ့လိုက်တယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“အမလေး သမီးရယ်…ငါ့သမီးလေးအဖြစ်ဆိုးလိုက်တာ…
ဒင်းကိုမိအောင်ဖမ်းပေးကြပါ….မိတဲ့နေ့ ငါ့သမီးသေသလို ဒင်းကိုပြန်သတ်ပစ်မယ်….
အမလေး သမီးလေးရယ်….အီး…….ဟီး…………. ”
နာရေးအိမ်မှာ နာရေးရှင်တွေရဲ့ ငိုယိုသံတွေက ပလဲကျနေသလို
လူသတ်မှုဖြစ်တဲ့အတွက် လုံခြုံရေးတာဝန်ယူထားကြတဲ့ စစ်တပ်နဲ့ရဲဌာနဘက်က တာဝန်ရှိသူတွေပါ
ရောက်လာကြတယ် ၊ နောက်တော့ စစ်သားတွေချည်း လူသတ်သမားကို တောနင်းပြီးရှာဖမ်းဖို့
အမိန့်ပေးလိုက်ပြီးအချိန် ငါးရက် တစ်ပတ်ကျော်လောက်ကို ကိုရင်ထွန်းဖေ ဝင်ပြေးသွားတဲ့
တောထဲမှာ နှံ့အောင်လိုက်ရှာဖြစ်ခဲ့ကြတယ် … ကိုရင်ထွန်းဖေနဲ့တူတာဆိုလို့
ဆံချည်မျှင်လေးတစ်မျှင်တောင် မတွေ့ခဲ့ကြဘူး…နောက်ဆုံးလက်လျော့လိုက်သလို
ဖြစ်သွားကြပြီး ရွာမှာပဲအမှုကိစ္စကို ဆက်လှုပ်ရှားနေပေးကြတယ် ။
နောက်များ မကြာပါဘူး ရက်ပိုင်းလောက်မှာပဲ
လူသတ်သမား ကိုရင်ထွန်းဖေ သူ့စိတ်နဲ့သူ့ကိုယ် ရွာထဲပြန်ရောက်လာပြီး
တာဝန်ရှိလူကြီးတွေဆီမှာအပြစ်ကိုဝန်ခံပြီးအဖမ်းခံသွားရှာတယ်… ၊
သူ့တစ်ကိုယ်လုံးအရိုးပေါ်အရည်တင်သာသာပဲကျန်လောက်အောင် ပိန်သွားတာလည်းတွေ့လိုက်ကြရတယ် ၊
ဘာဖြစ်လို့ဒီလိုုလုပ်တယ် ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှမသိဘဲ
အံ့သြနေမိကြတယ်…. ။
ကိုရင်ထွန်းဖေကို တရားဥပဒေအရ စစ်ဆေးတဲ့အခါ ပြန်ဖြေတာလေးက
တော်တော်လေး စိတ်ဝင်စားစရာကောင်းနေတာကိုတော့တွေ့လိုက်ရတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုရင်ထွန်းဖေရဲ ထွက်ဆိုချက်တွေကိုအဆင်ပြေအောင်နည်းနည်းပါးပါး
စာပြန်စီကြည့်တဲ့အခါ ဒီလိုလေးဖြစ်လာခဲ့တယ် …
“ ကျွန်တော် ချစ်ရတဲ့အသန်းကိုအချစ်စိတ်ကြောင့် သတ်မိပြီးမှ မှားမှန်းသိသွားပြီး
အဖမ်းမခံရဲတာနဲ့ ရောက်ချင်တဲ့နေရာရောက်ဆိုပြီး တောထဲကိုထွက်ပြေးသွားခဲ့ပါတယ် ၊
တောထဲရောက်ပြီး ဒုတိယညမှာတင် ကျွန်တော့်အိပ်ပျော်နေတုန်း ကျွန်တော့်ဘေးနားမှာ
အသန်း ပေါ်လာတယ်အသန်းမျက်နာကလည်းကြောက်စရာအရမ်းကောင်းတယ် ၊
ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့ ပြောတယ်…နင်ငါ့ကိုသတ်သလို ငါနင့်ကိုပြန်သတ်မယ်တဲ့
လုံးဝမကျေနပ်ဘူး ဆိုပြီးပြောလာတယ် ပြီးတော့ ပျောက်သွားပြန်ရော… ၊ ကျွန်တော်လည်း
ငါစိတ်ချောက်ချားတာနေမှာပါဆိုပြီးကိုယ့်ဘာကိုယ်အားတင်းမိရင်း ပြန်အိပ်ပျော်ဖို့ ကြိုးစားပြန်တော့လည်း
အိပ်ပျော်ခါနီးအသန်းမျက်နာကြီးကျွန်တော့်မျက်နာအနားကိုကပ်နေတယ်လို့ ခံစားမိလို့
မျက်လုံးဖွင့်ကြည့်မိလိုက်တာ…အမှန်ပါပဲအသန်းရဲ့ဆိုးဆိုးဝါးဝါးမျက်နာကြီး ဒေါသမီးတွေကိုမြင်နေရတဲ့
မျက်လုံးပြူးကြီးနဲ့အကြည့်တွေက ကျွန်တော့်မျက်နာနဲ့ကပ်လျက်ကိုမြင်နေရတာ….
နောက်နေ့တွေမှာလည်း ကျွန်တော်အိပ်မယ်လုပ်တိုင်အဲ့လိုကြုံရပါတယ်…. ၊
နောက်ပြီး တောထဲမှာ ကျွန်တော် ရေခပ်သောက်ဖို့လုပ်ရင်လည်း ပါးစပ်နဲ့ ရေ မထိခင်မှာတင်
ကျွန်တော့်လက်ထဲက ဖက်ရွက်ကို ကန်တော့လုပ်ပြီး ရေထည့်ထားတဲ့ ခွက်လေးက
ပြုတ်ကျကတတ်ပါတယ် ၊ သူ့ဘာသာပြုတ်ကျတာမဟုတ်ဘူးနော် ကျွန်တော့်ဘေးနားမှာ
အသန်းရဲ့လက်က ပေါ်ပေါ်လာပြီး ရိုက်ချသွားတာ… ၊ နောက် ဗိုက်အ၇မ်းဆာလို့ သစ်သီးတွေခူးပြီး
စားမယ်ကျန်ရင်လည်းအဲ့အတိုင်းပဲ ပုတ်ချပစ်တယ် ပြီးတော့ စားချင်စိတ်ပျောက်အောင်
အပုပ်နံ့တွေပေးတယ် ၊အရမ်းဗိုက်ဆာလို့ သူပုတ်ချလိုက်တဲ့သစ်သီးကိုပဲ လိုက်ကောက်စားဖို့
လုပ်မိရင်အဲ့ဒီ မြေပြင်မှာကြွေနေတဲ့အသီးကိုအသန်းက တက်နင်းပြီး ဖျက်ဆီးပစ်သေးတယ် ၊
ညည ကျွန်တော် ဘယ်လိုဖြစ်ပါစေ မရရအောင်အိပ်မယ်ဆိုပြီး ကြိုးစားတယ်ဆိုရင်
ကျွန်တော့်လည်ပင်ကိုအသက်ရှုမရတဲ့အထိ ညှစ်တာခံရတယ် ၊အသန်းတစ်ယောက်
ကျွန်တော့်အပေါ် ဒီလောက်အညှိုးထားမယ်လို့ မထင်မိခဲ့ဘူး ၊ ကျွန်တော်လည်း သိပ်မှားခဲ့တယ်
ဘယ်လိုဖြစ်ဖြစ် သူ ကျွန်တော့်ကို ခွင့်လွတ်မယ်လို့မထင်ဘူး ၊ ကျွန်တော်သေမှ သူကျေနပ်မယ်ထင်တယ်
အခု ကျွန်တော့်ပုံစံကိုကြည့်ရင် ကျွန်တော်လိမ်လားမလိမ်လား လူတိုင်းသိနိုင်ပါတယ် ၊
ကျွန်တော် လူသတ်ပြီးစပြေးတဲ့နေ့ တစ်ရက်ကျော်ကစပြီး ဘာအဆာမှမစားရ ၊ ရေမသောက်ရ ၊
မအိပ်ရဘဲ ဒုက္ခမျိုးစုံကိုကြုံရတယ် ၊ တောကြီးမှောင်မဲထဲမှာ တစ်ယောက်တည်း
ရူးသွပ်စေလောက်တဲ့အထိအသန့်ရဲ့ ခြောက်လန့်တာကိုအလူးအလဲခံခဲ့ရတယ် ၊
ဒီလိုကြုံနေရတာထက်စာရင် ထောင်ထဲမှာဖြစ်ဖြစ် ကြိုးစင်မှာဖြစ်ဖြစ်
ကျွန်တော့်ဘ၀ ပြီးဆုံးသွားတာ ပိုကောင်းမယ်လို့ထင်လို့ ကျွန်တော်
အရဲစွန့်ပြီး ပြန်လာအဖမ်းခံခဲ့တာပါ ”
ဒီလို ဆန်းကျယ်တဲ့အဖြစ်က လောကမှာ မရှိဘူးလို့မပြောနိုင်ဘူးဆိုတာကို
ကိုရင်ထွန်းဖေက သက်သေထူသွားသလိုပါပဲ… ၊ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိ ၊
ရာဇဝတ်ဘေး ပြေးမလွတ်နိုင်ပါ ၊ ခဏတာဖြစ်လာတဲ့ဒေါသကိုမထိန်းနိုင်ခဲ့တဲ့အတွက်
နောက်ဆက်တွဲဒုက္ခဆင်းရဲတွေကိုပါ ခံစားနေရတာ ကိုလည်း သံဝေဂ ရနိုင်ဖွယ်ရှိပါတယ် ၊
မသန်းအေးတစ်ယောက်အခုချိန်မှာရော ကျွတ်လွတ်သွားပြီလားဆိုတာကတော့
ကိုရင်ထွန်းဖေထက် ဘယ်သူမှ သေချာသိနိုင်မှာ မဟုတ်ပါဘူး…. ၊အမှုကိုမပေါ်ပေါ်အောင်
တရားခံကို မမိ မိအောင် သေပြီးသားလူတစ်ယောက်ကအကူအညီပေးတတ်
ဖော်ကောင်လုပ်ပေးတတ်တယ်ဆိုတဲ့အဖြစ်မျိုးကိုလည်း ထူးခြားဖြစ်စဉ်အနေနဲ့
ဒီအဖြစ်လေးကို မှုခင်းပိုင်းဆိုင်ရာ ဝန်ထမ်းတွေနဲ့အတူ မသန်းအေးတို့ရွာကလေးမှာ
ပြောစမှတ်တွင်လောက်အောင် မှတ်တမ်းမှတ်ရာ ထားခံရတဲ့ ဖြစ်ရပ်လေးမို့
ဖော်ကောင်ဆို လူတိုင် မသန်းအေးကိုပြေးမိနေမိကြတာအခုတိုင်အောင်ပါပဲ………….. ။
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 13.5.2019 ( 6 : 50 Am )
#lotaya_shortstory
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို "ဘေလ်မကုန် ဝန်ဆောင်ခပေးစရာမလိုအင်တာနက်ခ မကုန်ဘဲ" ဖတ်ဖို့အခုပဲ လိုတရအယ်လီကေးရှင်းကို
ဒီလင့်ခ်
ကနေနှိပ်ပြီး ဒေါင်းလုဒ်ဆွဲထားဖို့တော့လိုမယ်နော်