" မြင်းကပါ ကျိန်စာသင့်သူ " ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် ) ( စ - ဆုံး )
lotaya.mpt.com.mm
|
2019-06-20

စိန်တိုး တို့ရွာငယ်လေးက ပုဂံမြေမှာ နာမည်ကြီး မြင်းကပါရွာနဲ့

ခပ်လှမ်းလှမ်းမှာရှိနေတယ် ၊ ရွာထဲမှာတော့ ထုံးစံအတိုင်း ထန်းပင်တွေဝေေ၀ဆာဆာနဲ့

ထန်းနဲ့ပတ်သတ်တဲ့လုပ်ငန်းတွေ ၊ ယွန်းထည်လုပ်ငန်းတွေ ၊ တစ်ချို့တစ်ချို့က မွေးမြူရေးလုပ်ပြီး

အသက်မွေးကြတယ် ၊ ရာဇဝင်တွေထဲက မြန်မာတွေရဲ့အသည်းနှလုံးလို့ တင်စားလောက်တဲ့

ပုဂံမြေမှာ လူဖြစ်လာရလို့လားမသိဘူး ၊ တစ်ရွာလုံးက မချမ်းသာကြပေမယ့် သူ့ဟာနဲ့သူတော့

ဘဝင်ကျတဲ့စိတ်ကလေးတွေကိုယ်စီနဲ့ နေပျော်အောင်နေနေကြတယ် ၊ ဘုရားပျက်တွေ..

စေတီအပြိုတွေ ၊အုတ်ရိုးအပဲ့တွေကြားမှာ သူတို့ကလေးဘဝက ဆော့ကစားရင်းနဲ့

လွမ်းမောဖွယ်ရာအတိတ်တွေကလည်း တထွေကြီး… ၊

အဲ့ဒီအချိန်တုန်းကဆိုရင်အစိုးရကလည်း ရဲဘော်နီ ၊ ရဲဘော်ဖြူ စတဲ့ ပါတီတွေကွဲ ၊အုပ်ချုပ်မှုတွေ

ပျက်ဆီးနေတဲ့အချိန် တိုင်းပြည်တစ်ခုလုံးကို ထိထိရောက်ရောက် မထိန်းနိုင်ဖြစ်နေတဲ့ကာလ… ၊

စိန်တိုး တို့ ရဲ့ ရွာလေးကလည်းအစိုးရအုပ်ချုပ်မှုရင်ခွင်နဲ့ ဝေးနေတဲ့ကလေးငယ်လိုဖြစ်နေရတယ် ၊

ဒါပေမယ့် ရွာတွင်းရွာပြင်မှ ပြသနာတစ်စုံတစ်ရာတစ်ခါမှမဖြစ်ကြဘူး ၊ ဒီလိုမဖြစ်အောင်လည်း

ရွာတွေမှာရှိကြတဲ့ ဘုန်းတော်ကြီးတွေ ၊ ရွာလူကြီး ရပ်မိရပ်ဖတွေက စည်းစည်းလုံးလုံးနဲ့

ထိန်းနိုင်ကြတယ်လေ ၊ မြန်မာပြည်မှာ သာသနာတော် စပြီးထွန်းကားစေတဲ့

အရပ်မို့ထင်တယ် တစ်ရွာလုံးကအေးချမ်းပြီးသားပါပဲ ၊

ဒါပေမယ့် တစ်ခါတစ်လေမှာ ပုထုစဉ်တွေမို့ လူတွေရဲ့စိတ်မှာဖြစ်လေ့ရှိတဲ့ လောဘ ၊ ဒေသ ၊ မောဟ

မီးတွေကိုတော့ ထိန်းချုပ်ရခတ်ခဲနေတတ်တယ် ၊ စိန်တိုးတို့ရွာကလေးက ဘေးနားဝန်းကျင်ကရွာတွေလို

မချမ်းသာကြပေမယ့်လည်း သူ့ဟာနဲ့သူတော့ နေနိုင်စားနိုင်ကြတယ် ၊ ချွင်းချက်အနေနဲ့ တစ်ချို့ ရွာထဲမှာ

နေ့ချင်းညချင်း ချမ်းသာသွားကြတဲ့သူတွေလည်းရှိသေးတယ် ၊ ဘယ်လိုကြောင့်

နေ့ချင်းညချင်း ချမ်းသာသွားကြတာလဲဆိုရင် ရွာကလေးရဲ့ ရေခံမြေခံကြောင့်လို

တစ်ချို့ကပြောကြတယ် ၊ တစ်ချို့ကတော့ ဒီလိုကြီးပွားမှုတွေက သံသရာအတွက်မကောင်းဘူးလို့

ပြောကြတယ် ၊ ဘာကြောင့်သူတို့တွေဒီလိုပြောနေကြတာလဲ….. ၊

စိန်တိုးကတော့ ကိုယ်နဲ့ထိုက်လို့ကိုယ်ရတာ..ဒါကြောင့် ချမ်းသာရတာလို့ပဲ

ယုံကြည်ထားတယ် … ၊ ဘယ်လိုတွေချမ်းသာကြတာလဲ … ၊

“ စိန်တိုး မင်းသိပြီးပြီလား … ”

အတူတူထန်းရည်သောက်နေရင်းကနေ

ဝက်သိုးကလှမ်းမေးလိုက်တဲ့အခါ စိန်တိုးက

“ေ၀ ဘာတုန်းကွ ”

“ ရွာတောင်းပိုင်းက ကိုကျော်မြတို့တွေ

မနေ့ကအိမ်ဝိုင်းထဲမှာ ရေတွင်းတူးရင်း မြေထဲကနေ

ရွှေအိုးကြီးတွေ့လို့တဲ့ဟ… ”

“ ဟ..မင်းပြောတာတကယ်လားဟ

ငါတို့တွေတောင်မသိလိုက်ဘူး ”

“ ဟုတ်တယ်ဟေ့..အဲ့သတင်းကို ကိုကျော်မြရဲ့မိန်းမ

မညိုချောပါးစပ်က ယောင်ပြီးထွက်လာလို့ ငါတို့သိရတာ…

ငါလည်းငါ့မိန်းမဆီက ပြန်ကြားလာတာဟေ့… ၊

ငါတို့ ကိုကျော်မြကတော့ ဘူးခံငြင်းနေတာပဲ ၊

မကြာခင်ရက်ပိုင်းကျရင် ဒီလူတွေအိမ်ဝိုင်းတွေပြင်မလား ၊

မြို့ပဲတက်မလားမသိဘူး စောင့်ကြည့်ရမှာပဲ… ”

သူတို့နှစ်ယောက်စကားကို ကြားဖြတ်အနေနဲ့

သာခင်က

“ ဟုတ်တယ် ဒီလူတွေ သွားမေးရင်လည်း

ဟိုဘက်ရွာတွေက ဘယ်ကမှန်းမသိတဲ့အမျိုးတွေဆီက

အမွေရတယ်လို့ပဲလိမ်မှာသေချာတယ် ”

သူငယ်ချင်းတွေစကားကိုနားထောင်ပြီးနောက် စိန်တိုး ကအားအင်ပြည့်၀ ဝင်းလဲ့နေတဲ့

မျက်ဝန်းအစုံနဲ့ တစ်စုံတစ်ရာကိုတွေးနေမိတော့တယ် … ။

အညာမြေရဲ့ နေ့လည်ခင်းလေက ပူအိုက်တဲ့အငွေ့အသက်တွေပါနေမြဲပဲ

ဒီနှစ်ပိုင်းထဲမှာတင် စိန်တိုး တို့ ရွာထဲမှာအဲ့လို မြေတွင်းတူးရင်း ၊ ရေတွင်းတူး ၊

ရေကန်တူးရင်း ရွှေတိုငွေစတွေရလာတဲ့အကြောင်းတွေ ၊ တစ်ချို့ဆို နေ့ချင်းညချင်း

ကြီးပွားသွားကြတဲ့အကြောင်းတွေ ကြားကြားနေရတတ်တယ် ၊ တစ်နေ့တော့ ဘာအစီအစဉ်မှ

မရှိပါဘဲ စိန်တိုး ရဲ့အဖေကအိမ်ဝိုင်းထဲမှာရှိတဲ့ မြေတွေကိုတူးဆွနေတာကိုသွားမြင်လိုက်တယ်

“အဘ…ဘာတွေလုပ်နေတာလဲ … နေပူကြီးထဲကို ဖယ်ဖယ် ကျုပ်လုပ်လိုက်မယ် ”

အဖေလုပ်သူက ဒီနေရာမှာအပင်တစ်ပင်ပျိုးချင်လို့ မြေတွေကို ဆွနေတာပါလို့

ပြောလာတယ် … သိပ်ကြာကြာမတူးလိုက်ရပါဘူး ၊ သင့်တင့်သလောက် မြေအကျယ်နဲ့ မြေလေးတွေ မွ

ထွက်လာတယ် ၊ စိန်တိုးလည်း နောက်ဆုံးတစ်ချက်အနေနဲ့ မြေကြီးထဲကိုအားစိုက်ပြီး ပေါက်တူးနဲ့

လွှဲပေါက်လိုက်တဲ့အခါ မြေထဲမှာမှာ ပေါက်တူးက မြေအိုးတစ်လုံးနဲ့ ထိတဲ့အသံကိုကြားလိုက်ရတော့တယ်

“ ဂွက်….. ”

“ ဟာ….ဟင်… ”

စိန်တိုး တစ်ယောက်အတော်လေး ရင်ခုန်သွားမိပြီးတော့ မြေကြီးကိုသာသာလေး

ယက်ကြည့်လိုက်တဲ့အခါ မြေကြီးထဲမှာ ပေါက်တူးအရှိန်နဲ့ကွဲအက်သွားတဲ့အိုးခြမ်းပဲ့လေးတွေကို

တွေ့လိုက်ရတယ် … ဖြည်းဖြည်းချင်း ဆက်ပြီးတော့ လက်ကလေးနဲ့ ယက်ကြည့်တဲ့အခါမှာ

အိုးခြမ်းပဲ့တွေအများကြီးအောက်ထဲကနေ ဖြိုးဖြိုးဖြောက်ဖြောက် ဖြစ်နေတဲ့ ပတ္တမြားခဲလေးတွေကို

ညစ်နွမ်းအိုမင်းနေပြီးအိစင်းနေတဲ့ ရွှေထည်ပစ္စည်းအမျိုးမျိုးကို တွေ့လိုက်ရတယ် …. ၊

ရွေတွေကို သာသာလေးယူပြီး ပုဆိုးစနဲ့ပွတ်ကြည့်လိုက်တော့မှအရည်အသွေးအရမ်းကောင်းတဲ့

ရွှေမှန်းသိသာအောင် ဝင်းတောက်လာပါလေရော… ၊ ဘာပြောကောင်းမလဲ စိန်တိုးရော သူ့အဖေရော

ခဏလေး ကြောင်အမ်းအမ်းဖြစ်နေရာက စိန်တိုးက

“အဖေ…အဖေ…သားတို့ချမ်းသာပြီးဟား.ဟား.. ချမ်းသာပြီအဖေ…. ”

“ ဟား…ဟား…. ဘုရားက ငါတို့ကို ပေးပြီသားရေ

ငါတို့ဘဝတော့ နေ့ချင်းညချင်းပြောင်းပြီ….ဟားဟား ”

သားအဖနှစ်ယောက်တည်းရှိကြတာမို့ တစ်ယောက်နဲ့တစ်ယောက်

အားရဝမ်းသာ ပွေ့ဖက်ထားကြရင်းအပျော်လွန်နေမိတယ်…. ၊

ရွာထဲကလူတွေ မြေကြီးထဲကနေ ရရနေတယ်လို့သတင်းကြားထားတာ

အခုတော့ သူတို့သားအဖလည်း ရခဲ့ပြီမဟုတ်လား….. ၊

ရှေးဟောင်းလက်ရာအုတ်ကျောက်တွေနဲ့ သေချာဆောက်ထားတဲ့

ကျောင်းကြီးမို့အတော်လေးအိုနေယုံကလွဲပြီး ခန့်ထည်နေတုန်းပဲ… ၊

ကျောင်းအိုကြီးရဲ့အထဲမှာ သီတင်းသုံးနေတဲ့ ဆရာတော်အိုကြီးတစ်ပါးအနားမှာလည်း

ရွာသူရွာသားတစ်ချို့ကအုံနေပြီးအဲ့ဒီ့ရွာသူရွာသားတွေထဲက တစ်ယောက်က

အရင်ဆုံး လျှောက်လိုက်တာက

“ ဘုန်းဘုန်းဘုရား တပည့်တော်တို့ရွာထဲမှာ

လူတော်တော်များများက မြေကြီးတူးရင်းနဲ့ မြေကြီးထဲက ရွှေငွေရတနာတွေကို

ရနေတယ်လို့သိထားရတယ်ဘုရား…ဘာကြောင့်လို့အရှင်ဘုရားမြင်ပါသလဲဘုရား ”

“အိမ်း ပစ္စည်းဥစ္စာဆိုတာ လူတွေရဲ့ ကုသိုလ်အကုသိုလ်ကံတွေအလျှောက် ရရှိနိုင်တယ် ၊

ဘဝဟောင်းက ဆွေတော်မျိုးတော်တွေက သူတို့အတွက်ရည်စူးပြီး ကုသိုလ်လုပ်ပေးစေချင်လို့

ပေးတာမျိုးတို့ ၊ သိုက်နန်းတွေက ပေးတာမျိုးတို့ ၊ ကိုယ်နဲ့အကြောင်းတိုက်ဆိုင်ပြီး ရချိန် ၊ ပိုင်ဆိုင်ချိန်တန်လို့

ရတာတို့…စသဖြင့်ပေါ့ ဦးဇင်း နားလာထားပေမယ့် ၊ တစ်ဖက်ကအခြေခံကျကျပြန်တွေးကြည့်မယ်ဆိုရင်

ဒီမြေ ဒီနေဆိုတာ ရှေးဟောင်းနယ်မြေ … ၊ ပိုတိကျသွားတာကအခုရတဲ့သူတွေအားလုံးရထားတဲ့

ဒီပစ္စည်းတွေက ရှေးဟောင်းပစ္စည်းတွေဖြစ်နေတာပဲလေ… ၊ ဒီလိုမျိုးတန်ဖိုးကြီးပစ္စည်းတွေကို

ရနေတယ်ဆိုတော့ ဒါတွေက ဘုရားရဲ့ ဌာပနာပစ္စည်းတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ၊

ဦးဇင်းတို့ ရွာသားတွေ ကိုယ့်အိမ်အောက်..အိမ်နေရာမှာ ရှေးဟောင်းဘုရားပြို ဘုရားပျက်တွေ

မရှိနိုင်ဘူးလို့ ဘယ်သူများအာမခံနိုင်မှာတဲ့လဲ ၊ နောက်ပြီး ရွှေဆိုတဲ့ သတ္ထုမျိုးက မြေအောက်က

မြေလွှာတွေကြောင့် မြေကြီးထဲမှာပဲ နေရာရွှေ့တတ်တဲ့သဘောရှိသေးတယ်… ၊ ဒီတော့

ဦးဇင်းအနေနဲ့အကြံပေးချင်တာပါ… ၊ ကိုယ်ရထားလို့ ကိုယ့်ဥစ္စာမှန်ပါတယ်… ၊ ကိုယ်ကျိုးလည်းသုံးရင်း

ကုုသိုလ်လည်း ပြုကြပါလို့ပဲပြောချင်တယ် ”

တစ်ချို့ကလည်းပြောကြတယ်… ဒီရွှေတွေငွေတွေ တန်ဖိုးကြီးပစ္စည်းတွေက

ဘုရား ဌာပနာတိုက်ကနေ ပေါက်ထွက်လာတာတဲ့ …. ၊

စေတီပြို ၊ စေတီပျက်တွေထဲကနေ ငလျက်ဒဏ်ကြောင့် မြေကြီးထဲကိုရောက်ပြီး

မြေလွှာအလိုက် ရွေ့လာတဲ့ ရတနာတွေတဲ့ …. ၊

ဘယ်လိုပဲဖြစ်ဖြစ်အနီးစပ်ဆုံးဖြစ်နိုင်တာက ရှေးလူတွေ ဝှက်ထားခဲ့တဲ့ပစ္စည်းဥစ္စာတွေဖြစ်ရင်ဖြစ် ၊

မဟုတ်ရင် ဘုရားဌာပနာတွေပဲ…. ၊

ခေတ်ကာလကလည်းအစိုးရက တစ်နိုင်ငံလုံးအထိအာဏာမရောက်နိုင်သေးတော့

ဒီလိုတိူးလို့ရလာတဲ့ရတနာတွေကိုလည်း သိမ်းတာဆည်းတာ ဖမ်းတာတွေ မရှိဘူး ၊

ကိုယ့်ခြံထဲမှာတွေ့တာ ကိုယ်ပိုင်တာပဲလို့သတ်မှတ်ပြီး သိုသိုသိပ်သိပ်နဲ့

နေနေကြတဲ့သူတွေကများတယ်… ၊

ဘုရားပစ္စည်း ဆိုတာထက် ကိုယ်ရ ကိုယ်ယူ ၊ ကိုယ်နဲ့ထိုက်လို့

ကိုယ်ရတာလို့ပဲ ခံယူထားကြတယ်လေ … ၊

နောက်ပိုင်းမှာ တစ်ရွာလုံးက ရနေမှန်းသိတော့ ဘုရားအိုတွေ နားမှာလည်း

မြေတွေ လိုက်တူးလိုတူး နဲ့အလုပ်တောင်ကောင်းကောင်းမလုပ်စားကြတော့ဘဲ

ဒီလို ဟိုတူးဒီတူးလုပ်ရတာကို ပိုခုံမင်နေတတ်သွားကြတယ် ၊

ပုဂံခေတ်က ရှေးလူတွေရဲ့ ကျိန်စာတွေက ဘယ်လောက်ထိပြင်းတယ်ဆိုတာတို့ ၊

ဘုရားပစ္စည်းအဆိပ်သီးဆိုတဲ့စကားတွေကိုလည်းမစဉ်းစားနိုင်တော့….

လောဘမီးကြောင့်အမြင်တွေကို ကွယ်သွားနေတာမျိုး…. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရောဂါ ထွေထွေထူးထူးမရှိပါဘဲနဲ့ စိန်တိုးရဲ့အဖေ ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်

အိပ်နေရင်းနဲ့နှိုးမရတော့ဘဲအသက်ပါ ပါသွားတဲ့အထိဖြစ်သွားခဲ့တာလေ… ၊

စိန်တိုးလည်းအဖေဖြစ်သူအတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်နေတယ် ၊

ရထားတဲ့ ပစ္စည်းလေးတွေကိုတောင် မရောင်းချရသေးခင် ၊ မဖြုန်းရ မသုံးရသေးခင်မှာ

အဖေဖြစ်သူကွယ်လွန်သွားတော့ ပိုစိတ်ထိခိုက်ရတာပေါ့… ၊အဆုံးမှာ စိန်တိုး ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး

တစ်ယောက်တည်း တစ်ကိုယ်တည်းအဝတ်လေးနည်းနည်းနဲ့ ရတနာထုတ်ကို ကျောကအိတ်ထဲမှာ

သေချာဝှက်ထားပြီးတော့ ရန်ကုန်မြို့ကိုတက်လာခဲ့တယ်… ၊

တောမှာမွေး တောမှာကြီးလာတဲ့သူမို့ ရန်ကုန်ဆိုတာ

မျက်လုံးထဲမှာ နတ်ပြည်ကြီးလိုဖြစ်နေတယ် ၊ တောမှာလို ထန်းတောတွေအစား

တိုက်ကြီးကြီးတွေပြည့်နေတယ် ၊ တောက ရွာသူမ ညိုချောလေးတွေအစား

မျက်နာချေးတွေနဲကလှချင်တိုင်းလှနေကြတဲ့ ရန်ကုန်သူတွေကို ငေးနေမိတာအမော… ၊

ရန်ကုန်သာရောက်လာခဲ့တာအသိအကျွမ်းလည်းမရှိ ၊ ဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိ ၊

ရည်ရွယ်ချက်လည်းမရှိ … ၊ ဖြစ်ချင်တာကအိတ်ထဲက ရတနာတွေကို ထုတ်ရောင်းပြီးတော့

ရန်ကုန်မှာ တိုက်လေးတစ်တိုက်နဲ့ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလုပ်ရင်း သူဌေးလိုမျိုးနေချင်တာလေ.. ၊

“ ဗျို့ နောင်ကြီး ”

“ ခင်ဗျာ…ကျွန်တော့်ကိုခေါ်တာလားဗျာ ”

စိန်တိုး တစ်ယောက်တည်း ရန်ကုန်ဘူတာကြီးနားမှာ ယောင်ပေပေနဲ့ ဟိုကြီးဒီကြည့် လုပ်နေတုန်း

အတော်လေးသန့်သန့်ပြန့်ပြန့်နဲ့ သူဌေးရှုံးလောက်အောင်ဝတ်ဆင်ထားတဲ့ မျက်နာစိမ်းတစ်ယောက်က

တော်တော်လေးနားဝင်ချို ဖော်ရွေတဲ့လေသံနဲ့ စပြီး မိတ်ဖွဲ့လာတယ် ၊

ရိုးသားတဲ့ တောသူတောင်သားမို့ စကားကိုချိန်ပြောရမှန်းလည်းမသိ ၊

လူတိုင်းကိုမယုံရမှန်းလည်းမသိနဲ့ စိန်တိုးတစ်ယောက် သူအမွေရထားတဲ့ ရွှေထည် ၊ ကျောက်ထည်တွေ

တစ်ချို့ကို ဈေးများများရတဲ့ဆီမှာ ရောင်းချင်ပြီး ငွေကိုလက်ငင်းလိုချင်တဲ့အကြောင်း ၊

လက်ရှိ ရန်ကုန်မှာ နေစရာလေးတစ်ခုကိုဝယ်ချင်တဲ့အကြောင်း ၊ လုပ်ငန်းလေးတစ်ခုကို

စပြီးလုပ်ချင်တဲ့အကြောင်းတွေပြောပြလိုက်တော့ လူစိမ်းကအတော်လေးမျက်နာပွင့်သွားပြီး

“ နောင်ကြီးကျုပ်နဲ့တွေ့တာ ကံကောင်းတာပဲ…ရန်ကုန်လို့နေရာကြီးမှာ

နောက်ကြီးတစ်ယောက်တည်း ဒီလိုနေနေရင် လူလိမ်တွေ ၊အလစ်သုတ်သမားတွေနဲ့

နောင်ကြီးပါလာတာတွေတောင်အကုန်ပြောင်သွားဦးမယ် ၊ ကျုပ်ကလည်း ဘာရယ်မဟုတ်ဘူး

ဒီနားမှာ နိုင်ငံခြားသားတွေနဲ့အရောင်းအဝယ်လေးတစ်ခုလုပ်ပြီးအပြန် မိတ်ဆွေတစ်ယောက်နဲ့

ချိန်းထားတာနဲ့ ရပ်စောင့်နေရင်းကနေ နောင်ကြီးကိုမြင်တော့အကူညီလိုမယ်ထင်လို့မေးကြည့်တာပါ ”

“ ကျေးဇူးတင်ပါတယ် ဗျာ..ဒါနဲ့ ဒီက..နာမည်က ”

“ သြော်…ဟော..ဟော.. ကျွန်တော့်နာမည်က သန်းမြင့်လှိုင်ပါဗျ…

ဒီနားတစ်ဝိုက်မှာ ကျုပ်ကိုမသိတဲ့သူခပ်ရှားရှားပါ.. ၊ ကျုပ်က ကျောက်စိမ်းတွေ ၊

ရှေးဟောင်းပစ္စည်းတွေအရောင်းအဝယ်လုပ်တဲ့ သူတစ်ယောက်ပေါ့ဗျာ… ”

“ ဟုတ်ပါပြီဗျာ… ဒါနဲ့ ကျွန်တော့်ကို ကူညီပေးမယ်ဆို

တစ်ဆိတ်လောက်ဗျာ…ကျွန်တော်အမွေရထားတဲ့ ပစ္စည်းလေးတစ်ချို့ကို

ရောင်းချင်တယ် ”

လူစိမ်းက သူ့လက်က နာရီကိုတစ်ချက်ကြည့်လိုက်ရင်း

“ ကောင်းပြီဗျာ..ကျုပ်ဘော်ဒါတော့ မလာတော့ဘူးထင်ပါတယ်

လာဗျာ ကျွန်တော် နောင်ကြီးကို လိုက်ကူညီပေးမယ်… ကျုပ်နောက်သာလိုက်ခဲ့ပေတော့… ”

လူစိမ်းနောက်ကအားကိုးတကြီးနဲ့ လျှောက်လိုက်သွားရင်း

နာရီတော်တော်လေးကြာအောင် လမ်းလျှောက်လိုက်ပြီးနောက်မှာ

စိန်ကုလားဆိုင်တစ်ဆိုင်ကိုရောက်လာခဲ့တယ်

“ ကဲ ဒီကဆရာကြီးက ဘာပစ္စည်းရောင်းချင်တာလဲ ”

ရတနာဆိုင်ပိုင်ရှင်ပုံစံနဲ့တူတဲ့ ကုလားက

သန်းမြင့်လှိုင်ကို သိသလိုနဲ့ ရင်းရင်းနီးနီးနှုတ်ဆက်ပြီး သန်းမြင့်လှိုင်က

မိတ်ဆက်ပေးလိုက် စိန်တိုး ဘက်ကိုလည့်ပြီးတော့ မေးလိုက်တဲ့အခါ

စိန်တိုး က ဘေးဘီဝဲယာကိုတစ်ချက်ကြည့်ပြီး သူ့ရဲ့ ပုဆိုးအစုတ်လေးနဲ့

ထုတ်ထားတဲ့အထုတ်ထဲကို ဖြည်းဖြည်းလေးနှိုက်လိုက်ပြီး ပြန်ထွက်လာတော့

ရွှေတွေဝင်းအိနေတဲ့ လက်ကောက်တစ်ခုနဲ့အတူ ရဲရဲတောက်နေတဲ့ ကျောက်ကြီးတပြူးပြူးနဲ့

ဘယက်ကြီးတစ်ကုံး ပါလာတယ် ၊

ရတနာဆိုင်ပိုင်ရှင်နဲ့ သန်းမြင့်လှိုင်ကအတော်လေး မျက်လုံးမျက်စံပြုးသွားပြီး

စိန်တိုးပေးတဲ့ ပစ္စည်းတွေကိုအပြန်ပြန်အလှန်လှန် မှန်ဘီလူးနဲ့ကြည့်ရင်း

မယုံသလိုနဲ့

“ ဒါ ခင်ဗျားတို့ ဘိုးဘွားပိုင်တာဟုတ်..ဟုတ်…ဟုတ်ပါတယ်နော် ”

စိန်တိုးကလည်း လိမ်တာကို သိသွားမှာစိုးလို့ စကားနည်းနည်းထစ်သွားပြီး

“ ဟာ..ဟုတ်..ဟုတ်.ပါတယ်ဗျ…ဘာလဲ့ ကျုပ်ကလိမ်ပြောရမှာလား..

ကဲပြော ကျုပ်ကိုဘယ်လောက်ပေးမှာလဲ…တောသားဆိုပြီးဈေးနှိုမ်မယ်တော့မကြံနဲ့နော်

ကျုပ်ဒီပစ္စည်းတွေရဲ့ဈေးကို တစ်ခြားမှာလည်းစုံစမ်းလာခဲ့ပြီးသား…. ”

လောဘရဲ့အရှိန်တွေကြောင့် စိန်တိုး ပြောမိပြောရာတင်းပြောလိုက်မိတယ်

တစ်ဖက်က ရတနာဆိုင်ပိုင်ရှင်ကလည်းအမှန်တကယ်ကိုသဘောကျသွားပြီး

စိန်တိုးပေးတဲ့ ရှေးဟောင်းလက်ဝတ်လက်စားတွေကို ပေါက်ဈေးထက်

သုံးပုံပုံ တစ်ပုံစာကို လျော့ပြီး စိန်တိုးကို ပေးလိုက်တယ်… ၊ ဒီလိုလျော့ထားပေမယ့်လည်း

ရတနာဆိုင်ပိုင်ရှင် ထုတ်ပေးလိုက်တဲ့ ငွေပုံကြီးက စိန်တိုးတစ်သက်

တစ်ကြိမ်မှ မမြင်ဖူးတဲ့ငွေတွေမို့ တစ်ချက်မငြင်းတော့ဘဲ ပွဲဖြစ်သွားခဲ့တယ် ၊

နောက်ပိုင်း သန်းမြင့်လှိုင်အကူအညီနဲ့ရန်ကုန် မင်းလမ်း တာမွေ ဘက်မှာ

အိမ်လေးတစ်လုံးကို ဝယ်ဖြစ်ခဲ့တယ် ၊အဲ့ဒီတုန်းက ဒီနေ့ခေတ်လိုမျိုး ရပ်ကွက်ရယ်လို့တောင်

သီးသန့်မရှိသေးတဲ့အချိန် ၊ တိုက်မြင့်တွေဆို ဝေလာဝေး….. ၊အကုန်ကိုယ့်အိမ်ကိုယ့်ဝန်းလေးတွေနဲ့

နေနေကြတဲ့အချိန် ၊ စိန်တိုးအတွက်တော့ နေစရာမပူရတော့ပြန်ဘူး… ၊ စားဖို့ကလည်း

ပါလာတဲ့ ပစ္စည်းလေးတွေကိုရောင်းလိုက် သုံးလိုက်ဖြုန်းလိုက်နဲ့အဆင်ကိုပြေနေတာပဲ ၊

ဒီကြားထဲ ကိုသန်းမြင့်လှိုင်က ကူညီပေးတော့အများကြီးအဆင်ပြေနေတယ် ၊

ဒီလူကိုလည်း ညီအစ်ကိုအရင်းလိုမျိုး မိတ်ဆွေလိုမျိုး မျက်လုံးမှိုတ်ပြီးကို ယုံနေမိတော့တယ် ၊

အချိန်တွေကြာလာတော့ စိန်တိုးလက်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေလည်း သုံးလိုက်ဖြုန်းလိုက်နဲ့

တော်တော်လေး ပါးလာပြီ… ၊ ဒါ့ကြောင့် ဝင်ငွေရတဲ့ လုပ်ငန်းလေးတစ်ခုတော့

လုပ်မှပဲဆိုပြီး ယုံကြည်ရတဲ့ သန်းမြင့်လှိုင်နဲ့ တိုင်ပင်ကြည့်တဲ့အခါ သန်းမြင့်လှိုင်က

သူလည်း လုပ်ငန်းတစ်ခုလုပ်ဖို့ရှိတယ် ၊အရာင်းအဝယ်ပုံစံမျိုးလေးပဲအရင်လည်းသိပ်မလို

အမြတ်အများကြီးကျန်တယ်တယ်ဆိုတဲ့ လုပ်ငန်းတစ်ခုအကြောင်းပြောပြတော့

စိန်တိုးလည်း လူမပင်ပန်းဘဲ ငွေရွှင်တဲ့လုပ်ငန်းကိုသဘောကျသွားပြီး နောက်ဆုံးကျဉ်ဆံအဖြစ်

ပါလာသမျှရတနာတွေကိုအကုန်ရောင်းထုတ်လိုက်ပြီး ငွေတွေကို ရင်းနီးယုံကြည်ရတဲ့

သန်းမြင့်လှိုင်လက်ထဲကို ထိုးထည့်ပေးလိုက်တယ်

“ ဒါပဲလေ… ကို စိန်တိုး များများလိုချင်ရင် များများရင်းရတယ်….ဟားးး

မပူနဲ့ ခင်ဗျားငွေတွေကို နှစ်ဆ..သုံးဆ…လေးဆ ပွားအောင် ကျုပ်တာဝန်ယူတယ်

ကျုပ်ဖြင့်အရင်းမရှိလို့ငြိမ်နေရတာ ဒီလိုသာဆိုလို့ကတော့ စဉ်းစားစရာတောင်မလိုဘူးဗျို့

အလုပ်ဖြစ်ပြီ … ”

အဲ့ဒီလိုပြောသွားပြီး နောက်တစ်နေ့ကတည်းက သန်းမြင့်လှိုင်တစ်ယောက်

စိန်တိုးဆီကို ရောက်မလာတော့တာ လေးနှစ်ထဲတောင်ရောက်လာခဲ့ပြီ …. ၊

သန်းမြင့်လှိုင်အကြောင်းကိုလည်း ဘယ်မှာမှ စုံစမ်းမရ ၊

စိန်တိုး သိလိုက်ပါပြီ…. လူယုံသတ်လို့သေတယ်ဆိုတဲ့ ခံစားချက်ကို… ၊

အခုတော့ စိန်တိုးတစ်ယောက်အိမ်ကလေးအဖက်တင်တာကလွဲပြီး

လက်ထဲသုံးစရာငွေတစ်ချို့အပြင် ဘာမှမရှိတော့တဲ့ဘဝကိုရောက်လာခဲ့ရပြီ.. ၊

ရှိတာလေးတွေကလည်းသုံးရင်းသုံးရင်း .. ဝင်ငွေမရှိ …အထွက်ချည်းပဲဆိုတော့

ဘယ်လိုမျိုးကြာကြာ၇ပ်တည်နိုင်မှာလဲ…. ၊

နောက်ဆုံး မရှက်မကြောက်အလုပ်တစ်ခုခုတော့ လုပ်မှဖြစ်မယ်ဆိုပြီး

စိန်တိုး တစ်ယောက် ဆိုက်ကားလေးတစ်စင်းကိုဝယ်ပြီး ရပ်ကွက်ပတ်ဝန်းကျင်မှာ

ပတ်နင်းရင်း ဆိုက်ကားသမားဘဝကိုရောက်သွားခဲ့ရတယ် … ၊

ဆိုက်ကားသမားတွေထဲမှာမှအိမ်ကောင်းကောင်းနဲ့နေနိုင်တဲ့ ရှားပါးဆိုက်ကားသမားလေး

စိန်တိုး ပေါ့….. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပြန်တော့ စိန်တိုးလည်း မိန်းမတွေဘာတွေရပြီး

သားသမီးနှစ်ယောက်တောင် ထွန်းကားလာခဲ့ပြီလေ ၊

ကလေးနှစ်ယောက်မှာအငယ်မလေးက သုံးနှစ်သားလေး နဲ့

အကြီးမက လေးနှစ် …. ၊အရင်လူပျိုတုန်းက ကိုယ့်တစ်ကိုယ်စာ

အဆင်ပြေရင်ပြီးရောဆိုပြီးအလုပ်ကို ငတ်မှ ထလုပ်တတ်ပေမယ့်အခုတော့

မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ဖြစ်လာပြီမို့ စိန်တိုးတစ်ယောက်

နေကောင်းကောင်း မကောင်းကောင်း ၊ လုပ်ချင်ချင် မလုပ်ချင်ချင်

ဆိုက်ကားနင်းတဲ့အလုပ်ကို မရပ်ရဲဘူးဖြစ်နေတယ်… ၊ ပင်ပန်းတာတွေစုလာတော့

သူငယ်ချင်းတွေနဲ့အပျင်းပြေသောက်စားရင်းကအရက်ကိုလည်း ဖြည်းဖြည်းချင်းစွဲစပြုလာတယ် ၊

တစ်နေ့တော့ စိန်တိုးဘဝကိုအပြောင်းလဲကြီးပြောင်းလဲစေမယ့်အဖြစ်ဆိုးကြီးတစ်ခုနဲ့

ကြုံလာခဲ့တယ်… ၊

အိမ်မှာ ဇနီးသည်ဘက်က ဇနီးရဲ့ညီမ … စိန်တိုးရဲ့ခယ်မတော်သူအပျိုမလေးတစ်ယောက်

နယ်ကနေ လာလည်ရင်း စိန်တိုးတို့အိမ်မှာ တည်းဖြစ်တယ် ၊ စိန်တိုးရဲ့ဇနီးသည်ကလည်း

ဇာတ်ဆိုရင် မကြည့်ဘဲမနေနိုင်တတ်တဲ့သူမို့ တစ်နေ့ ယောကျာ်းဖြစ်တဲ့သူဆိုက်ကားနင်းသွားနေတုန်း

ကလေးနှစ်ယောက်ကို ချီပြီး လမ်းထိပ်နားက ဇာတ်ပွဲသွားကြည့်ဖြစ်ခဲ့တယ် ၊ ဖြစ်ချင်တော့

အိမ်မှာလာတည်းတဲ့ ညီမဖြစ်တဲ့သူက နေမကောင်းလို့ဆိုပြီးအိမ်မှာအိပ်ပြီးကျန်နေရစ်ခဲ့တယ် ၊

ဟိုးတုန်းကအိမ်တွေမှာအိပ်ရင်အခန်းမဖွဲ့ဘဲ တန်းဆီအိပ်တတ်ကြတာမို့ စိန်တိုးတို့မိသားစုတွေ

အိပ်တဲ့ ခြင်ထောင်ဘေးနားလေးမှာ ခွေခွေလေးအိပ်ပျော်နေရစ်ခဲ့တယ်… ၊ နောက်တော့ တဖြည်းဖြည်း

ခြင်ကိုက်တာကတစ်ကြောင်း နေမကောင်းလို့ ခြင်ထောင်ထမထောင်ချင်တာကတစ်ကြောင်းကြောင့်

ဘယ်သူမှမရှိတုန်း စိန်တိုးတို့မိသားစု ခြင်ထောင်ထဲ ခယ်မဖြစ်သူကဝင်အိပ်ဖြစ်ခဲ့တယ် ၊

ကံဆိုးမိုးမှောင်ကျချင်တဲ့ စိန်တိုးက ဒီလိုညမျိုးကျမှ စောစောစီးစီး ဆိုက်ကားသိမ်းလာပြီး

အရက်ကမူးလာသေးတယ် ၊ မူးမူးနဲ့ မယားချောလေးရှိတဲ့ခြင်ထောင်ဆီကိုဝင်ပြီး ဇနီးသည်ကို

သိုင်းဖက်လိုက်မိတဲ့အခါ….ဇနီးမဟုတ်ဘဲ သူ့ခယ်မဖြစ်နေတာကို မြင်လိုက်ရတော့တယ် … ၊

စိန်တိုးလည်းအတော်လေးလန့်သွားပြီးချင်ချင်း ခြင်ထောင်အပြင်ကိုထွက်မယ်ပြုလိုက်တဲ့အခါ

ခယ်မလုပ်တဲ့သူက ဘာမပြောညာမပြောအသံဗြဲကြီးနဲ့ ငိုရင်း ထအော်ပါလေရော…

“ ကယ်ကြပါဦးရှင်…ဒီမှာ ကျွန်မအစ်မရဲ့ယောကျာ်းလူယုတ်မာ စိန်တိုး

ကျွန်မကို မတရားပြုကျင့်နေပါတယ်ရှင် …ကယ်ကြပါဦး… ”

စိန်တိုး လည်း ဘာမှမလုပ်မိသေးခင်မှာ မှားယွင်းပြီးဖက်မိရာကနေ

ဖြစ်သွားတဲ့ကိစ္စမို့ လန့်နေတုန်း ရုပ်ရှင်တွေထဲကလိုအရမ်းတိုက်ဆိုင်လွန်းပြီး

ဇနီးဖြစ်တဲ့သူက ဇာတ်ပွဲပြီးလို့ ကလေးနှစ်ယောက်ချီပြီး ပြန်လာတဲ့အချိန်ကြီးဖြစ်နေပြန်တယ်… ၊

ဘယ်သူမှန်တယ် မှားတယ်ဆိုတာထက် ဇနီးဖြစ်တဲ့သူရော ကလေးတွေအပြင် ၊

အော်သံကြားလို့ ရပ်ကွက်ထဲက ပြေးလာပြီးအိမ်ထဲရောက်လာကြတဲ့သူတွေအားလုံးအမြင်မှာ

စိန်တိုးက ခယ်မရဲ့ခြင်ထောင်ထဲကထွက်လာတာကိုပဲမြင်ကြတယ်လေ… ၊

မူးကလည်းမူးနေတဲ့သူမို့အများနဲ့တစ်ယောက်

ဘယ်လိုမှ ရှင်းပြမရတော့ဘဲ စိန်တိုး ဆုံးဖြတ်ချက်ကိုသေချာချလိုက်ပြီး

စိတ်ဆိုးနေတဲ့ ဇနီးသည်ပါးလေးကို ဖွဖွလေးကိုင်လိုက်တယ် …

စိန်တိုးရဲ့လက်ကို ဇနီးသည်က ရိုက်ချလိုက်တဲ့အခါ ဇနီးကိုသိပ်ချစ်တဲ့

စိန်တိုးကအပြစ်မဆိုဘဲ ပြုံးထားရင်း သူ့ကလေးတွေကို ဝအောင်နမ်းလိုက်တယ်

နမ်းနေတုန်းမှာပဲ ဇနီးလုပ်တဲ့သူကအိမ်ပေါ်ကဆင်းမယ်…ရှက်တယ်ဆိုပြီး

အထုတ်တွေဆွဲပြီးအဝတ်တွေထည့်နေတယ် ၊

စိန်တိုးကတော့ ဘယ်သူ့ကိုမှ ဘာမှ ပြောမနေတော့ဘဲ

အိမ်အပေါ်ကိုပြေးတက်သွားလိုက်တယ်… ၊

ခဏလေးကြာတော့အိမ်ပေါ်ကနေ “ဝုန်း” ဆိုတဲ့

အသံကြီးကိုလူတိုင်းကြားလိုက်ရလို့အံ့သြသွားပြီး

ပြေးတက်ကြည့်လိုက်တဲ့အခါအိမ်ပေါ်မှာ

လည်ပင်းကြိုးကွင်းတန်းလန်းကြီးနဲ့ သေနေတဲ့

စိန်တိုးနဲ့အတူ သူကြိုးဆွဲချခါနီး ခြေထောက်နဲ့ကန်ထုတ်လိုက်တဲ့

ခွေးခြေအပုလေးတစ်ခုံးကို လဲလျက်သားလေးမြင်လိုက်ရတယ်.. ၊

ဒီအဖြစ်ကိုမြင်မှ ဇနီးလုပ်တဲ့သူကလည်း

ယူကြုံးမရတွေဖြစ် ၊ ပတ်ဝန်းကျင်ကလည်း သနားတဲ့သူကသနားကြ

တစ်ချို့က စိန်တိုးအရက်ကြောင်ကြောင်ပြီး သတ်သေသွားတာလို့

ခနဲ့ကြနဲ့ စိန်တိုး တစ်ယောက် သူမှန်ကန်ကြောင်းကို

အသက်နဲ့လဲပြီးပြသွားရင်း မိသားစုကိုမျက်နာမပြရဲလို့

ထွက်ပေါက်ရှာသွားခဲ့ပြီလေ….. ။

မြင်းကပါအရပ်က ရတနာပစ္စည်းတွေရဲ့ ကျိန်စာတွေကြောင့်

စိန်တိုး ဒီလိုများ ဖြစ်ရလေသလားလို့ ထင်နိုင်လောက်ပါရဲ့……… ။

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 10.6.2019 ( 8 : 04 Pm )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..