“ ဦးနှောက်ပျက်နေတဲ့ မိစ္ဆာ ” ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် ) ( စ - ဆုံး )
lotaya.mpt.com.mm
|
2019-06-26

ပြင်ဦးလွင်ဆိုတာ မြန်မာနိုင်ငံရဲ့မြို့တွေထဲက

ပြင်ဦးလွင်ဆိုတာ မြန်မာနိုင်ငံရဲ့မြို့တွေထဲက

နေချင်စရာအကောင်းဆုံးမြို့လေးတစ်မြို့လေးဆိုတာသိထားနှင့်ပြီးသားမို့

ဒီမြို့လေးမှာ တစ်နှစ်တာအခြေချရမှာဖြစ်တဲ့အတွက်ကြောင့်

မေနှင်း စိတ်လှုပ်ရှားနေမိတာအမှန်ပဲ … ၊

မေနှင်း ကအသက် သုံးဆယ်နားကပ်နေပြီဖြစ်တဲ့အိမ်ထောင်သည်အမျိုးသမီးတစ်ယောက် ၊

အမျိုးသားဖြစ်သူကအစိုးရဝန်ထမ်းဆိုတော့ ရောင်နောက် ဆံထုံးပါ ဆိုတဲ့ ဆိုရိုးလေးအတိုင်း

အမျိုးသား တာဝန်ကျတဲ့ မြို့တွေ နယ်တွေမှာ လိုက်ပြီးနေရတယ် ၊ သူတို့လင်မယားမှာ ချစ်ခွန်းချို လို့

ခေါ်တဲ့ မူလတန်းအရွယ် သမီးလေးတစ်ယောက်လည်းရှိနေသေးတယ် ၊အမျိုးသားဖြစ်သူ လွင်ကို နဲ့ မေနှင်းတို့

အိမ်ထောင်သက် ၇နှနှစ်အတွင်းမှာ မေနှင်းတို့သားအမိလည်း လွင်ကိုတာဝန်ကျတဲ့ဘက်ကို

လိုက်နေပေးရင်း မြန်မာပြည်ကိုတော်တော်လေး နှံ့နေပြီလို့ပြောရမယ် … ၊

အခုလည်း မေနှင်းတို့ မိသားစု ပြင်ဦးလွင် ပန်းမြို့တော်ဆီကို ရောက်လာခဲ့ကြရပြီ ၊

လွင်ကို တာဝန်ကျတဲ့နေရာမှာ မိသားစုရှိတဲ့သူတွေအတွက်အစိုးရက သတ်မှတ်ပေးထားတဲ့

အိမ်ထောင်သည် လိုင်းခန်းတွေကို ထားရှိပေးထားပေမယ့် လိုင်းခန်းလေးတွေက ကြပ်ကြပ်ကပ်ကပ်လေးတွေနဲ့မို့

အသန့်ကြိုက်တတ်ပြီး လွတ်လွတ်လပ်လပ်နေတတ်သူ မေနှင်းနဲ့ ဘယ်လိုမှအဆင်မပြေနိုင်ဖြစ်နေပြန်တယ် ၊

ဒါ့ကြောင့်လည်း ပြင်ဦးလွင်မှာ ဈေးသက်သက်သာသာလည်းဖြစ် လွင်ကိုတို့တာဝန်ကျတဲ့နေရာနဲ့လည်းနီး

နေရထိုင်ရတာလည်းကျယ်ပြီးအဆင်ပြေမယ့်အိမ်လေးတစ်အိမ်ကို ငှားဖို့ လိုက်စုံစမ်းရင်း

နောက်ဆုံး ဒီအိမ်ကိုရောက်လာခဲ့ကြတယ် ။

အိမ်ပုံစံက တစ်ထပ်တိုက်ပုလေး ၊ ခြံဝန်းကျယ်ကြီးထဲမှာ တိုက်ပုလေးနှစ်လုံးကို ဘေးချင်းယှဉ်

ဆောက်ထားပြီး တိုက်နှစ်လုံးကြားထဲမှာ ကားနှစ်စီးစာ ကောင်းကောင်းရပ်နိုင်တဲ့အထိ ခွာဆောက်ထားသေးတယ် ၊

ခြံတံခါးကနေ ဝင်ဝင်ခြင်း စမြင်ရတဲ့ ယာဘက်ခြမ်းက တိုက်ပုလေကို မေနှင်း တို့ တော်တော်လေး

သဘောကျမိသွားကြတယ်… ၊ ဒီလိုမြို့ ၊ ဒီလိုနေရာမျိုးတွေမှာ ခေါ်ထားတဲ့ဈေးတွေထဲမှ

သုံးချိုးတစ်ချိုးနီးပါးလောက်ကို သက်သာနေတာရယ် ၊ သစ်သားအိမ်တောင်ငှားမရတဲ့ဈေးနဲ့ လုံလုံခြုံခြုံ

တိုက်ပုလေးမှာ ရေမီးအစုံနဲ့ နေနိုင်မှာရယ်ကြောင့် ဒီနေရာလေးကို မေနှင်း ရွေးချယ်ဖြစ်ခဲ့တယ် ၊

ဈေးချိုပြီးတန်လွန်းတာကြောင့် တော်တော်လေးကျေနပ်နေမိတယ် ၊အိမ်ထဲမှာလည်း

သူတို့ချည်းပဲမဟုတ်ဘဲ ဘေးချင်းကပ်တိုက်မှာအိမ်ပိုင်ရှင်ခြံပိုင်ရှင်အဘွားကြီးနဲ့သူ့သမီးအဒေါ်ကြီး

သားအမိနှစ်ယောက်နေကြတယ် ၊အိမ်ရှင်သားအမိတို့ရဲ့တိုက် ကျောဘက်ခြမ်းမှာတော့

အိမ်နောက်ဖေးအဖီလေးထိုးထားတဲ့ တဲသာသာအဖီလေးတစ်ခုရှိတယ် ၊အဲ့ဒီမှာလည်း

အိမ်လခမတက်နိုင်လို့ဆိုပြီးအဖီလေးကိုငှားပြီးနေနေကြတဲ့ ဝန်ထမ်းမိသားစု လေးယောက်ရှိနေတယ် ၊

အဘိုးကြီးတစ်ယောက်ရယ် ၊အဘွားကြီး ၊ သူ့သမီးဆယ်တန်းကျောင်းသူလေးနဲ့အလယ်တန်းအရွယ်

ကလေးလေး ၊ လေးယောက် နေနေကြတယ် ။

ဒီလို ဈေးတန်တန်နဲ့ရလိုက်တဲ့ တိုက်ပုလေးရှိတဲ့ ခြံကြီးထဲမှာ နေမယ့် သူနဲ့သမီးလေးအတွက်

အရမ်းကို စိတ်ချရလွန်းနေပြီ ၊အိမ်ဘေးမှာကအိမ်ရှင် ၊အိမ်ရှင်အိမ်နောက်မှာလည်း မိသားစုတစ်စုရှိနေတော့

လူတွေအများကြီးအားကိုးလို့ရပြီမဟုတ်လား ၊ တိုက်ထဲကနေ ခြံအပြင်ဘက်ထွက်လိုက်တာနဲ့ ရပ်ကွက်ဈေးထဲ

တန်းရောက်သွားတာပဲ… ဒီလောက်ပြည့်စုံနေတာ.. ၊ ဒီလိုမျိုးနေရာ ရန်ကုန် ၊ မန္တလေးမှာတောင် မရှိနိုင်တော့ဘူး ၊

အိမ်ရှင်အဘွားကြီးက ဈေးတွေလျော့ပေးထားတာဆိုတော့ တော်တော်လေး သဘောကောင်းမှာပဲလို့တော့

မေနှင်းတစ်ယောက် စိတ်ထဲမှာ ကြိတ်အမှတ်ပေးဖြစ်ခဲ့တယ် ၊ တိုက်ပုလေးထဲဝင်ဖို့ တိုက်အိမ်အဝင်တံခါးကို

ဖွင့်လိုက်ပြီဆိုတာနဲ့အိမ်ထဲကအေးစိမ့်စိမ့် ညှီစိုစိုအနံ့စိမ်းကြီးတစ်ခုကကြိုဆိုနေတာနဲ့ ကြုံလိုက်ရတယ် ၊

အိမ်ကအသစ်တော့မဟုတ်တော့ပေမယ့် ခဏခဏပြင်ဆင်ထားပုံရတော့ သစ်လွင်နေတယ် ၊

အိမ်ထဲကအနံ့တွေကြောင့် ဒီအိမ်ကအခန်းပိတ်ထားတာ ကြာပြီဆိုတဲ့သဘောကိုပြသနေတယ် ၊

အိမ်ထဲရောက်တော့ ဟိုဒီပတ်ကြည့်ဖြစ်တယ် … ၊အိပ်ခန်းတစ်ခန်း ၊အိပ်ခန်းကထွက်တာနဲ့အိမ်အဝင်ပေါက်နဲ့

တစ်တန်းတည်းဖြစ်နေတဲ့ ဧည့်ခန်းကိုရောက်မယ် ၊ ဧည့်ခန်းကနေ ဆက်သွားမယ်ဆိုရင်

အနောက်မှာ မီးဖိုခန်းနဲ့အိမ်သာကိုတွဲလျက်သားတွေ့နိုင်မှာပါ ။

မေနှင်း လည်း ပါလာတဲ့ တစ်ကိုယ်ရည်စာအဝတ်အစား

ပစ္စည်းတွေကိုအထုတ်ထဲကနေ ထုတ်လိုက်ပြီး နေရာချနေတုန်းအမြဲကိုယ်နားမှာဆောင်ထားတတ်တဲ့ ဖုန်းလေးက

မြည်သံကြားလိုက်ရတယ် ၊

“ ဟဲလို… ”

“ ဟဲလို မမလား … ”

တစ်ဖက်ကလူကို မေနှင်း ကောင်းကောင်းသိသွားပြီ…. မကြာခင်ရက်ကမှ ကလေးမွေးပြီး

ဆေးရုံကဆင်းလာတဲ့ သူ့ယောကျာ်းဘက်ကအမျိုးဝမ်းကွဲညီမတစ်ယောက်ဖြစ်နေတယ်

“အေးညီမလေးပြော ”

“ ဟုတ် မမရေ..ညီမလေးကိုအမျိုးသားသဘောၤတက်နေတုန်း မန္တလေးအိမ်မှာပျင်းနေတယ်ဆိုရင်

ပြင်ဦးလွင်မှာ မမ ငှားထားတဲ့အိမ်ရှိတယ်တဲ့အဲ့မှာ မမကိုအဖော်လုပ်ပြီး လာနေဆိုပြီး ကိုကို လှမ်းဖုန်းဆက်လို့

မမ ရေ ”

ယောကျာ်းဖြစ်သူလွင်ကိုက သူတာဝန်ကျတဲ့နေရာကနေ ခွာလို့မရပေမယ့်

သမီးနဲ့မိန်းမကို စိတ်ပူလို့ မေနှင်းတို့အဖော်ရဖို့အတွက် မန္တလေးက သူ့ညီမတစ်ယောက်ကို

လှမ်းခေါ်လိုက်တယ်ဆိုတာ မေနှင်း ရိပ်စားမိသွားပြီ ….

“ ဟုတ်တယ်ညီမလေး လာခဲ့လေ မမတို့ပဲရှိတာ ဘာမှပူစရာမရှိဘူး

သွေးနုသားနုနဲ့နော် လာတာလည်းလာ လမ်းမှာလည်း ဂရုစိုက်ဦး ကြားလား

ပြင်ဦးလွင်(…)ကားဂိတ်ရောက်ရင် မမကိုဖုန်းဆက်လိုက်…မမအခုနေနေတဲ့ လိပ်စာကိုလည်း

ဖုန်းထဲကနေ စာပို့ထားပေးမယ် ညီမလေး လာဖြစ်အောင်သာလာခဲ့ ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နာရီတော်တော်ကြာအတွင်းမှာ မေနှင်း ဆီကိုအမျိုးသားဘက်က ဝမ်းကွဲညီမ

သူသူ နဲ့ သူ့ရဲ့ မွေးခါစ ကလေးငယ် နီတာရဲလေး ရောက်လာခဲ့ကြတယ် …

“ မမ ဒီအိမ်ကြီးမှာနေရတာ မသိုးမသန့်မဖြစ်မိဘူးလား…. ”

“ ဟင့်အင်း သတိမထားမိပါဘူး ညီမလေးရာ မမက ဒီနေ့မှဒီမှာစနေမှာဆိုတော့

စိတ်လောနေမိလို့လား ၊ ခရီးပန်းလို့လားမသိဘူးအိပ်ချင်တာပဲသိတယ် ”

တစ်ပြိုင်တည်းဆိုသလိုပင် သူတို့ညီအစ်မနှစ်ယောက်စကားပြောနေတုန်းအိမ်အဝင်ဝကနေ

အရိပ်တစ်ခုက ပြေးဝင်လာတာကိုမြင်လိုက်ရတယ်

“ ဟဲ့အိမ်ထဲကို လူပြေးဝင်လာတယ် လာလာညီမလေး ဘယ်သူလည်းမသိဘူး

ငါတို့ငှားထားတာကိုမသိလို့လားမသိဘူး ၊အန္တရယ်ပြုမယ့်သူဆို ဒုက္ခပါပဲ ”

ပြောပြောဆိုဆိုနဲ့ မေနှင်း နဲ့ သူ့ညီမတို့နှစ်ယောက်သားအိမ်နောက်ဖက်ကို ပြေးလိုက်ကြည့်ကြတော့

မြင်လိုက်ရတဲ့ လူအရိပ်ကြီးကအိမ်အနောက်ဖက် ရေချိုးခန်းနားမှာ လစ်ခနဲပျောက်သွားတော့တယ် ၊

နှစ်ယောက်သားတစ်ယောက်မျက်နာတစ်ယောက်ကြည့်နေမိတုန်း ရုတ်တရက် ရေချိုးခန်းထဲက ရေပန်းက

ပွင့်လာပြီး သူတို့နှစ်ယောက်ပေါ်ကျလာလို့အော်ပြီးထွက်ပြေးလာရသေးတယ် ၊

မေနှင်း တစ်ခုခုကိုတော့ သိလိုက်ပြီ…ဒါပေမယ့် ညီမဖြစ်တဲ့သူက သွေးနုသားနုနဲ့

ကြောက်သွားမှာစိုးလို့ လိမ်ပြောဖြစ်ခဲ့တယ် …

“အိမ်က လူမနေတာကြာလို့ထင်တယ် ရေပိုက်တွေအကုန်ပြန်ပြင်ရမယ့်သဘောရှိတယ်

ညီမလေးရေ…ခုနကအစ်မအမြင်မှားတာ ကြောင်တွေလာတွေဖြစ်မှာပါ ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆိတ်ငြိမ်ရပ်ကွက်မို့ထင်တယ် ညတစ်ညက တိတ်ဆိတ်ပြီး ဘာအသံမှကိုမကြာရဘူး

မေနှင်း တို့လည်း ပင်ပန်းထားတော့ တစ်ညလုံးအိပ်ပျော်နေမိတယ် ၊ မေနှင်းရဲ့ထူးခြားချက်က

အပျိုအရွယ်ကတည်းက ပါးစပ်ထဲမှာ စွဲနေတဲ့ ပဌာန်းအကျယ်ကို တောက်လျောက်အားရင်အားသလို

ရွတ်နေမိတာကိုပဲ ဒါ့ကြောင့်လည်း ဘယ်လိုအန္တရယ်ကြီးကြီးမားမားကြုံပါစေ ဘာမှကိုမဖြစ်ခဲ့ဖူးတာလို့

ယုံကြည်နေမိတာပေါ့ ၊ တစ်ညလုံးအိမ်ယာအသစ်ပြောင်းလို့ဆိုပေမယ့် ပင်ပန်းတဲ့ဒဏ်ကြောင့်

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ကြတယ်…. ၊

မနက် လင်းအရုဏ်မတက်ခင်အလန်းမလိုဘဲ နိုးနေတတ်တဲ့အကျင့်ဖြစ်နေတာမို့

မေနှင်း နိုးလာပြီး နာရီကြည့်ဖို့ ကုတင်ဘေးနားကဖုန်းကိုလှမ်းယူလိုက်တဲ့အခါ

“ ဟင် … ”

ဖုန်းက ဖွင့်မရတော့ဘဲ ဖုန်းတစ်ခုလုံး ရေပုံးထဲနှစ်ထားသလိုရေတွေ ရွှဲစိုနေတာကိုတွေ့လိုက်တယ်

သူကဘေးနားကိုကြည့်တော့လည်း သမီးလေးကအိပ်နေတယ် ၊ ညာဘက်မှာလည်း ညီမနဲ့သူ့ရဲ့

ကလေးလေးကအိပ်လို့….. ၊ မိုးများရွာလေးသလားဆိုပြီး ထမလို့ခြုံထားတဲ့စောင်ကိုဖယ်လိုက်တော့လည်း

စောင်က ရေတွေရွှဲနှစ်နေတာကိုတွေ့လိုက်ရတယ်အိပ်ယာခင်း ၊ မွှေ့ယာကလွဲရင် စောင်တွေ ၊ ခေါင်းအုံတွေမှာ

ရေတွေအပြည့် ရွှဲနစ်နေတာကိုအံ့သြတကြီး တွေ့လိုက်ရတော့ မေနှင်း စိတ်ထဲတော်တော်လေး

ထူးဆန်းမိသွားတယ် ၊အိမ်က မိုးမလုံလို့များလားဆိုပြီး မီးဖွင့်ရင်း မျက်နာကျက်တွေကိုစစ်ပြန်တော့လည်း

ရေတစ်စက်တောင်မရှိဘူး ၊အပေါ်ကလည်း လုံတယ် ၊ ဘေးပတ်ပတ်လည်မှာလည်းအုတ်တွေနဲ့အပိတ်ကြီး

ဒါနဲ့အပြင်ကိုထွက်ကြည့်ပြန်တော့လည်း မိုးရွာထားတဲ့ပုံစံမျိုးမတွေ့ရဘူး ၊ ဒါဆို……………..

မေနှင်း တစ်ခုခုကိုသေချာပိုပြီးသိလိုက်ပေမယ့် ဒီလိုရောက်ခါစနေ့မှာတော့ ဒီလောက်ထိ

မခြောက်လန့်လောက်ပါဘူးလို့ထင်ထားခဲ့တာအခုတော့အထင်နဲ့အမြင် လွဲနေခဲ့ပြီ…

စရောက်တဲ့နေ့ကတည်းကအိမ်မှာရှိတဲ့ မိစ္ဆာတစ်ကောင်ကောင်က နှုတ်ဆက်လိုက်တာများ

ကြမ်းကြမ်းတမ်းတမ်း…. ၊

ညီမလုပ်တဲ့သူ မနိုးခင်လေး ရေတွေရွှဲနေတဲ့ စောင်တွေ ခေါင်းအုံးတွေကို

လျှော်ဖို့နေရာမှာထားလိုက်ပြီး လောလောဆယ်အဆက်အသွယ်လုပ်ဖို့အရေးကြီးနေတာမို့

ဈေးထဲကဖုန်းဆိုင်ကိုတစ်ယောက်တည်းသွားဖြစ်ခဲ့တယ် ဖုန်းဆိုင်ရောက်တော့ ဆိုင်က မေနှင်းရဲ့ ဖုန်းကို

ဖွင့်ချလိုက်တဲ့အခါ ဖုန်းအပြားထဲကနေ ရေတွေ ဝေါဆိုပြီး တောက်လျောက်ထွက်လာပါလေရော… ၊

ဆိုင်ကလူတွေတောင် မေနှင်း ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်ပြီး

“အစ်မဖုန်းက ရေပုံးထဲ ပြုတ်ချသွားတာလား ” လို့မေးလိုက်တော့

မေနှင်း မတတ်သာဘဲ လိမ်ပြီးခေါင်းငြိမ်ပြလိုက်ရတယ် ၊ ဆိုင်က ပြင်လို့တော့ရတယ်

ချက်ချင်းမရဘူးဆိုတာနဲ့ ဝေနှင်း လက်တလောသုံးဖို့ တစ်သန်းကျော်ဝန်းကျင်ဖုန်းတစ်လုံးကို

ကောက်ဝယ်လာခဲ့လိုက်တယ်အိမ်ရောက်တော့အိမ်ရှေ့မှာ ကလေးနှစ်ယောက်နဲ့ ငုတ်တုတ်လေး ထိုင်စောင့်နေတဲ့

ညီမလေးကိုတွေ့လိုက်ရတယ်

“ သူသူ ညီမလေး ဘာဖြစ်လို့လဲ ” စိုးရိမ်တကြီးနဲ့ မေးလိုက်တော့ သူသူက

“ ညီမလေးကြောက်တယ် မမ ညီမလေးအိမ်သာဝင်ပြီးပြန်ထွက်တာတော့အိမ်နောက်ဖေးကနေ

ပြေးလာတဲ့ တစ်ခုခုက ညီမလေးကိုယ်ကိုအရှိန်နဲ့ပြေးတိုက်သွားလို့ ညီမလေးတောင်ယိုင်သွားတယ်.. ၊

သေချာတာတော့အဲ့ဒါ လူမဟုတ်ဘူး မမ …မမ..ညီမလေးတို့ ဒီမှာမနေတာကောင်းတယ်…

ဒီအိမ်မှာ.သ..သ.သရဲရှိတယ် ”

မေနှင်း သိပြီးသားဆိုပေမယ့် ညီမဖြစ်သူ ပိုကြောက်သွားမှာစိုးလို့

မုသားသုံးလိုက်ရပြန်တယ်

“ သြော်ညီမလေးကလည်း သွေးနုသားနုဆိုအဲ့လိုပါပဲ ရိပ်ခနဲမူးမူးတတ်တယ် ၊

တစ်ခါတစ်လေလည်းထင်ယောင်ထင်မှားတွေ ဖြစ်တတ်တယ် ကဲလာ…ညီမလေးတို့အတွက်

မနက်စာအဆာပြေ မမ ဝယ်လာခဲ့တယ် ၊ ဒီမယ် နေ့လည်အတွက် ချက်ဖို့ရော

အပြည့်အစုံပဲ …. ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်ပိုင်းညအိပ်တဲ့အခါ မေနှင်း ကအခန်းဝအထိ စည်းချပြီးအိမ်တာမို့

ရေတွေရွှဲတဲ့ကိစ္စတောမကြုံရတော့ပေမယ့် မနေ့ကမှ ဝယ်လာတဲ့ ဖုန်းကအားသွင်းထားရင်း

လုံးဝဖွင့်မရတော့ဘဲ ပျက်သွားတာကိုတော့ ထပ်ကြုံလိုက်ရတယ် ၊ မေနှင်းအိမ်မှာ မေတ္တာသုတ်လည်းရွတ်

အမျှလည်းဝေနေပါလျက် ဒီလိုတွေကြုံနေရတော့အစကသည်းခံခဲ့သမျှ ဒေါသတွေထွက်နေမိတယ် ၊

တစ်ခါတစ်လေအိမ်ရှေ့ကနေအိမ်နောက်ဘက် ရေချိုးခန်းထဲအထိကို ကလေး သွားရည်တွေကို

စေးကပ်ကပ်နဲ့ တွဲလောင်းကြမ်းမှာ ကျရစ်နေတဲ့အရည်တွေကို တွေ့ရတတ်တယ် ၊အစကအိမ်က ကလေးတွေ

သွားရည်ထင်နေကြသေးတယ် နောက်ပိုင်းသတိထားကြည့်တော့မှ ကလေးတွေဟာမဟုတ်မှန်းသိလိုက်ရတယ် ၊

တော်ယုံသတ္တိမျိုးနဲ့တော့ ဒီလိုအိမ်မျိုးမှာ ဆက်နေဝံ့မယ်မထင်ဘူး…. ၊

နောက်တစ်နေ့ရောက်တော့ မေနှင်းက သူ့အမျိုးသားရှိတဲ့ဆီ ခဏသွားဖြစ်ပြီး

အိမ်ကို နေ့လည်ခင်းကျော်ကျော်လောက်မှာ ပြန်ရောက်တဲ့အခါအိမ်ထဲမှာ ညီမလေးသူသူနဲ့

သူ့ကလေးလေးကို မတွေ့ရတော့ဘူး…မတွေ့တော့မှ စိတ်တွေပူသွားပြီး လိုက်ရှာနေမိတယ်

နောက်တော့ ယောကျာ်းဆီကအပိုဖြစ်နေလို့ရလာတဲ့ နိုကီယာဖုန်းလေးနဲ့ သူသူဆီဆက်ကြည့်တော့ သူသူက

ငိုပြီးပြောတယ်

“ ညီမလေးကိုခွင့်လွတ်ပါ မမ… မမအိမ်မှာ သရဲရှိနေတယ် ညီမလေး မနေရဲဘူး

ညီမလေးက သွေးနုသားနုနဲ့ ကလေးကလည်းငယ်သေးတော့ တစ်ခုခုဖြစ်မှာဆိုးလို့

ညီမလေး ပြန်သွားတာပါ မမ ”

“ သူသူ ဒါဆိုလည်း မမလိုက်ပို့မှာပေါ့ ဘယ်လို ဆိုင်းမဆင့်ဘုံမဆင့်ကြီး

ပြန်ရတာလဲ… ”

“ မဟုတ်ဘူး မမ …ဒီနေ့မနက်က မမထွက်သွားတုန်းကအထိအကောင်း

အိမ်ထဲမှာ ညီမလေး ကလေးကို နို့တိုက်ရင်းအိမ်ပျော်သွားတုန်းမှာ

ညီမလေးခြုံထားတဲ့စောင်ကိုလေ လက်ကြီးတစ်ဖက်က ကုတင်အောက်ကနေ ဆွဲသွားတာ

အခန်းဝအထိပဲ …ညီမလေးလည်းအိပ်ပျော်ခါစဆိုတော့ သိသိသာသာကြီးမြင်လိုက်တယ်လေ

ဒါနဲ့ ကိုယ်များအမြင်မှားတာလားဆိုပြီး မျက်စိကိုပွတ်ပြီးအခန်းဝကိုကြည့်လိုက်တော့

အခန်းဝမှာ ဆံပင်စုတ်ဖွားနဲ့ ခါးကုန်းကုန်းပုံစံ မဲမဲကြီး ကိုမြင်လိုက်ရတယ်…အီး..ဟီး..

ညီမလေးအာ့ကြောင့် ပြန်ပြေးရတာပါ မမ…. ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူသူ မရှိတော့အိမ်က ပိုခြောက်ခြားနေသလိုမျိုးပဲ….

မေနှင်း ကိုယ်တိုင်လည်း နောက်ပိုင်း နေ့တိုင်းလို ကြမ်းကြမ်းတမ်းတမ်းတွေအခြောက်အလန့်

ခံရတော့တယ် ၊ ရေချိုးခန်းမှာ ရေသံပေးတာတို့ လူမရှိဘဲရေပွင့်လာတာ ၊ ဂတ်စ်မီးဖိုကမီးတွေ

အလိုလို ပွင့်နေတာတို့ ၊ ကြောင်အိမ်တံခါးကပွင့်နေပြီးအထဲကဟင်းတွေမှောက်ကျနေရင်း

ကြမ်းပြင်မှာ ပလဲနေတာတို့…. ၊ တစ်ခါတစ်လေအသားစိမ်းငါးစိမ်းဝယ်လာပြီး ချက်ဖို့ပြင်ထားတုန်း

ချက်ခါနီးကြည့်လိုက်ရင် လူကိုက်ထားသလို သွားရာကျန်ပြီး ပဲ့နေတာတို့….အမြဲကြုံနေရတတ်တယ် ၊

မေနှင်း နေရာမှာ တစ်ခြားမိန်းကလေးဆို ပြောင်းပြေးမှာသေချာတယ်… ၊ မေနှင်းကတော့ ငယ်ငယ်ကတည်းက

မန္တလေးမှာရှိတဲ့အောက်လမ်းမိသားစုတွေနေခဲ့ပြီး သရဲတွေပလုံစီအောင် မွေးထားတဲ့အိမ်ကြီးကို

မေနှင်းအဖေက မသိဘဲ ဈေးပေါပေါနဲ့ သွားဝယ်ခဲ့ပြီးအဲ့မှာမှာ ကြီးလာခဲ့တဲ့သူမို့ ဒီလောက်ကို မတုန်လှုပ်တော့တာ

ဖြစ်မယ်… ၊ ဒါပေမယ့် မိန်းမသားမို့ တစ်ခါတစ်လေမှာအားငယ်မိတာအမှန်ပဲ…ကလေးကရှိနေပြန်တော့

ကိုယ့်အတွက်စာရင် ကလေးအတွက်ရောပူပေးနေရတယ်… ၊

တစ်နေ့တော့ မေနှင်း စပ်စုချင်တာနဲ့အိမ်ရှင်တွေအိမ်အနောက်ဘက်မှာအဖီထိုးပြီး ငှားနေကြတဲ့

မိသားစုလေးကို စကားသွားပြောရင်းမေးကြည့်တော့ လူကြီးတွေက မသိဘူးပဲပြောကြတယ် ၊

ဒီလိုပဲပြောမယ်ဆိုတာလည်း မေနှင်း ကြိုသိပြီးသားပါပဲလေ…သူတို့မှာတောင် မတတ်နိုင်လို့သူများအိမ်နောက်

အဖီလေးကို ငှားနေနေရတာလေ… သူတိုု့အမှန်အတိုင်းပြောတာကိုသာအိမ်ရှင်သိရင် သူတို့နှင်ထုတ်ခံရနိုင်တယ်

မဟုတ်လား… ၊ ကလေးတွေကိုမသိမသာချော့မေးကြည့်တော့ တစ်ခါတစ်လေအိမ်ထဲမှာအဘိုးကြီးတစ်ယောက်

လျှောက်သွားနေတာကိုတော့တွေ့ဖူးတယ်လို့ပြောတယ် ၊

မေနှင်း သိချင်သလောက်ကိုသိလာရပြီမို့ သမီးလေးကို

လက်ဆွဲပြီး ကိုယ့်အိမ်ဘက်ကိုယ် ပြန်မယ်အပြုမှာ မေနှင်းတို့ငှားထားတဲ့အိမ်ဘက်က

လူရိပ်တွေ့လို့ ခဏပုန်းနေရင်း လှမ်းခိုးကြည့်တော့…

အိမ်ပိုင်ရှင်အဘွားကြီးက ထမင်းကျန် ဟင်းကျန်တွေကို ဖက်နဲ့ပုံပြီး

မေနှင်းတို့အိမ်ရေချိုးခန်းနားအပြင်ဘက်ကထောင့်နေရာမှာ လာပုံသွားတာကို

မြင်လိုက်ရတယ် ပြီးတော့အဘွားကြီးက လူလစ်တယ်ထင်ပြီး ဟိုကြည့်ဒီကြည့်နဲ့

သူတိုက်ဆီသူပြန်သွားတယ် ၊ မေနှင်း လည်းအဲ့ကျမှ ပုန်းနေရာကနေ ထွက်လာလိုက်ပြီး

တစ်ခုခုကိုစဉ်းစားနေမိလိုက်တယ် … ၊အဘွားကြီးခြံဝန်းထဲမှာ ခွေးစာ ၊ ကြောင်စာကြွေးရအောင်လည်း

ခွေးတွေ ၊ ကြောင်တွေမှ မရှိဘဲ………. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဈေးကလေးက သေးပေမယ့် သူ့ဟာနဲ့သူတော့စည်ကားနေတာပါပဲ ၊

မေနှင်း တို့ငှားနေတဲ့အိမ်ကနေ ထွက်လိုက်တာနဲ့ ဈေးကိုတန်းရောက်တာမို့

မေနှင်းအိမ်ကထွက်လာတိုင်း ဈေးကအသည်တော်တော်များများက

စူးစမ်းချင်သလိုနဲ့ ကြည့်နေကြတာကို ကြုံရတတ်တယ် ၊ သူစိမ်းမို့ကြည့်တယ်

ဘာရယ်မဟုတ်ဘူးလို့ မေနှင်း တွေးပေးထားပေမယ့် ကြာလာတော့ သံသယပိုဝင်လာတာနဲ့

အမြဲဝယ်နေကျ ပဲပြုတ်သည်အဒေါ်ကြီးကို မေနှင်း မေးကြည့်မိလိုက်တယ်

“ ဒေါ်လေး သမီးကိုဈေးကလူတွေ ဘာလို့ဝိုင်းကြည့်နေကြတာလဲဟင် ”

“အယ်. ငါ့သမီးက လှလို့နေမှာပေါ့ ”

အဒေါ်ကြီးရဲ့မျက်လုံးတွေကအသက်မပါတာမို့ လိမ်နေမှန်းကို မေနှင်း သိလိုက်တယ်

“အဒေါ်ပြောချင်တာတစ်ခုခုရှိနေတာ သမီးသိတယ် ၊အဒေါ်ပြောပါ..မလိမ်ပါနဲ့… ၊

သမီးအခုငှားထားတဲ့အိမ်အကြောင်းအဒေါ် ဘယ်လောက်သိထားလဲ သမီးကိုပြောပြပါ ၊

သမီးမှာ မိဘနဲ့အဝေးမှာ ကလေးတစ်ဖက်နဲ့ ဒီမှာ ဒုက္ခလာခံနေရတာ.. ၊

အန္တရယ်ရှိတယ်ဆိုရင်လည်းကြိုရှောင်ရအောင်အဒေါ်ပြောပြပါ ” လို့အစပြုလိုက်ရင်း

သူကြုံခဲ့သမျှကိုပြောပြလိုက်တဲ့အခါအဒေါ်ကြီးက

“ ကဲပါ ငါ့မုန်းချင်မုန်းပါစေတော့ ဒီနားမှာ မြင်နေကျဆိုတော့

ရှောင်မရဘူးသမီးရေ..သူတို့တွေကအရမ်းလည်းအပေါက်ဆိုးကြတော့

လူတိုင်းက သူတို့အိမ်နဲ့သူတို့မိသားစုကိုရှောင်ကြတယ် သမီး ၊

အခု သမီးတို့ငှားနေတဲ့ တိုက်အိမ်မှာလည်း သရဲရှိတယ် ၊

အဲ့ဒီ့သရဲက တစ်ခြားမဟုတ်ဘူး ၊အိမ်ရှိအဘွားကြီးရဲ့ယောကျာ်းအိမ်ရှင်

အဘိုးကြီးပဲ သမီး… ၊အဘိုးကြီးအရင်ခေတ်က နိုင်ငံရေးသမားကြီး ၊

သူ ထောင်ကျပြီး ပြန်ထွက်လာတော့ ထောင်က မှတ်ဉာဏ်ဖျက်တဲ့ဆေးတွေ

ထိုးပေးလိုက်တာ ရူးသွားရှာတယ် … ၊ သူတို့မိသားစုကအရင်က သမီးအခုငှားနေတဲ့အိမ်မှာ

နေကြတာ…တစ်နေ့ သူတို့အပြင်ကိုကိစ္စတစ်ခုနဲ့ရက်တိုခရီးသွားနေတုန်း

အဘိုးကြီးတစ်ယောက်တည်းကိုအိမ်ပိတ်ပြီး ရက်ရက်စက်စက်ထားခဲ့ကြတယ် ၊

အဲ့မှာအဲ့အဘိုးကြီးက ရေချိုးခန်းထဲမှာ ပုတ်ပွပြီးသေနေတာကြာလို့ ပတ်ဝန်းကျင်ကအနံ့ရမှာ

အိမ်ဖျက်ဝင်ပြီးအလောင်းကို မထုတ်ရတယ်… ၊ ဒါတောင်ရပ်ကွက်က သဂြိုလ်ပေးရတာသမီးရေ

အဘွားကြီးက ဘယ်လောက်မိုက်ရိုင်း မောက်မာတယ်ဆိုရင် ကိုယ့်ယောကျာ်းအတွက်

ရက်လည်တောင်မလုပ်ပေးဘူးလေ… ၊ သူသမီးကလည်း မွေးကတည်းက

ယဉ်ယဉ်လေးရူးနေတာ သမီးရေ…တစ်ခါတစ်လေအိမ်အပြင်ကိုပေါက်ကရတွေအော်ပြီး

ပြေးထွက်လာတတ်တယ် …မီးလောင်နေတယ်တို့ ဓါးပြတိုက်နေပါတယ်တို့

သူအရင်ကအော်ရင် ရပ်ကွက်က လူတွေ တရုန်းရုန်းဖြစ်ရသေးတယ် ၊ နောက် ရူးနေမှန်းသိတော့

ရိုးသွားတယ်… ၊ ပြောချင်တာက သမီးတို့နေတဲ့အိမ်မှာအဘိုးကြီးက မကျွတ်သေးဘူး

ခြောက်တယ် လန့်တယ် ၊ ဒါကိုအဘွားကြီးက သိတော့အိမ်ငှားတွေလာတိုင်း

ဈေးကိုလျေ့ာထားပြီး တစ်နှစ်စာ စာချုပ်ချုပ်ကြတယ် ၊အဒေါ်တို့တစ်သက်တော့

တစ်နှစ်မပြောနဲ့ နှစ်လပြည့်အောင်နေနိုင်တဲ့သူမတွေ့သေးဘူး… ၊ ဒီမှာနေပြီးပြန်ပြောင်းသွားတဲ့သူတွေကလည်း

မိသားစုတွေကွဲ ၊ စီးပွားတွေပျက် ၊ ဘဝတွေပျက် ၊ လူသေတဲ့အထိ ဒုက္ခရောက်သွားတတ်ကြတယ် ၊

ဒါ့ကြောင့်သမီးတို့ကို စိုးရိမ်လို့အဒေါ်တို့က ကြည့်နေကြတာ….. ၊

အဘွားကြီးကတော့ တစ်မိသားစုနဲ့ တစ်နှစ်စာ စာချုပ်ချုပ်လိုက် .. ၊

သရဲခြောက်တော့ ငှားထားတဲ့ မိသားစုတွေက တစ်လ နှစ်လနဲ့ပြောင်းပြေးသွားလိုက် ၊

နောက်တစ်မိသားစုလာလိုက် တစ်နှစ်ချုပ်လိုက် ၊ ပြောင်းပြေးသွားလိုက်နဲ့

အလုပ်ဖြစ်နေတာပေါ့…. ”အဲ့လိုမျိုး ရှည်ရှည်လျားလျားကြီး ရှင်းပြလိုက်တဲ့နောက်

မေနှင်း မကြောက်တတ်တဲ့သူတောင် ကြက်သီးမွှေးညှင်းတွေလည်းထ

အိမ်ရှင်အဘွားကြီးကို ဒေါသတွေလည်းဖြစ်ရင်း

“ ရတယ်…ဘယ်သူမှနှစ်လမပြည့်တဲ့အိမ်မှာ ကျွန်မ တစ်နှစ်ပြည့်အောင်နေပြမယ် တောက်… ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရူးနေတဲ့သရဲကအမျှယူရမှန်းမသိပေမယ့် သူကြမ်းကိုယ်ပိုကြမ်းလိုက်ရင်တော့

ကလေးတစ်ယောက်လိုနာခံမယ်လို့ မေနှင်း ယုံကြည်ထားတယ် … ၊

ဒီအိမ်ကြီးအကြောင်းကိုအမျိုးသားကိုလည်းမပြောဖြစ်ဘူး..

အမျိုးသားအလုပ်မဖြောင်းမှာစိုးလို့တစ်ယောက်တည်း ကြိတ်ဖြေရှင်းဖို့ဆုံးဖြတ်လိုက်တယ် ၊

အိမ်ကြီးမှာ နှစ်လပြည့်တဲ့နေ့အထိ ကြားထဲမှာ နေ့တိုင်းအခြောက်အလန့်ခံနေရပေမယ့်

ကိုယ်ထိလက်ရောက်တစ်ခါမှအခြောက်အလန့်မခံခဲ့ရဘူး… ပဌာန်းတန်ခိုးတော်ကြောင့်လိုယုံထားတယ် ၊

နှစ်လပြည့်တဲ့နေ့မှာ မေနှင်းအချိန်မှတ်မိနေတာ တစ်နေကုန်အကောင်း ဆယ့်တစ်နာရီထိုးတာနဲ့

ဗိုက်ထဲက ထိုးပြီးအောင့်လာတော့တာပဲ …အိမ်သာကိုအခေါက်ခေါက်အခါခါပြေးရတယ် ၊

အဲ့လိုသွားလိုက်တဲ့ ဝမ်းက မနက် လေးနာရီဆို တိခနဲ ရပ်သွားတတ်တယ် … ၊

ဆရာဝန်သွားပြတော့လည်း မထူးခြား ၊အစာရှောင်လည်း ဝမ်းသွားမြဲသွားတာပဲ ၊

ဘာကြောင့်ရယ်ဆိုတာ သိတော့သိထားလိုက်တယ်… ၊

ပဌာန်းအမြဲရွတ်နေတဲ့ မေနှင်း ကိုအိမ်မှာရှိတဲ့ မိစ္ဆာက မလိုလားတော့ဘူး ၊

ဒီ့အတွက် မေနှင်းကို နာကျင်အောင်လုပ်ချင်ပေမယ့် ကံမြင့်နေတော့ လုပ်မရဖြစ်နေပြန်တယ် ၊

အဲ့ဒါကြောင့် တဖြည်းဖြည်းအားနည်းလာအောင်လုပ်ပြီး မေနှင်း ကုသိုလ်ကောင်းမှု

ဘုရားတရား မလုပ်နိုင်တော့တဲ့နေ့အသက်နုပ်ဖို့အထိ ရည်ရွယ်ထားပုံတယ်…. ၊

တစ်ညမှာ မေနှင်း ထုံးစံအတိုင်းအိမ်သာသွားတော့

အိမ်သာတံခါးကို လာထုပါလေရော..တဝုန်းဝုန်းနဲ့အပြင်ကလာထုနေတာ

လူမဟုတ်မှန်း မေနှင်း သိတော့ ဖွင့်မပေးရဲဘူးအထဲမှာ ငြိမ်နေတဲ့အခါ

အပြင်ကနေအိမ်သာတံခါးကို သောခတ်သွားခဲ့တယ် ၊

ကိစ္စပြီးလို့အိမ်သာထဲက ထွက်မယ်ပြင်တော့ မေနှင်း ထွက်မရဖြစ်နေခဲ့တယ်

အဲ့ဒါနဲ့ ဒေါသထွက်ပြီး ကြိမ်းလိုက်မိတာက

“အေး…နင်ငါကိုသော့ပိတ်ထားသ၍ ငါလည်း

ဒီအိမ်သာထဲကနေ နင့်ကိုနိုင်တဲ့ ဘုရားစာတွေဆက်တိုက်ဆိုနေမှာပဲ ”

အဲ့လိုလည်းပြောလိုက်ရော ချက်ချင်းကြီးမီးပျက်သွားပြီး

အိမ်သာတံခါးကအလိုလို ပွင့်သွားတယ်…အမှောင်ထဲမှာ တစ်ယောက်ယောက်ကတော့

မကျေမနပ်နဲ့ ထိုင်ကြည့်နေမယ်ဆိုတာ မေနှင်း သိထားပြီးသားပါ… ၊အပုတ်နံ့ကြီးကလည်းစူးနေတာပဲ ၊

အဲ့ဒါကြောင့်လည်းအိမ်သာထဲဝင်ဝင် ဘယ်သွားသွား သမီးလေးကိုလည်းအတူတူခေါ်သွားဖြစ်တာလေ ၊

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဈေးသွားဖြစ်တဲ့ တစ်နေ့မှာ သမီးလေးကပူဆာလို့ ယုန်လေးတွေဝယ်မွေးဖြစ်သေးတယ် ၊

တစ်ရက်ဘာရယ်မဟုတ်ဘူး မေနှင်း ဝမ်းဆက်တိုက်သွားနေတာ

လချီနေပြီမို့ လူက မြော့မြော့ပဲကျန်တောတာမို့ မဖြစ်ဘူးဆိုပြီး

အိမ်က ယုန်လေးတွေအတွက် သုံးရက်စာအဆာရော ရေရောအလုံအလောက်ထားပေးထားရင်း

မန္တလေးက မိဘအိမ်ကိုခဏပြန်ရင်း ဆေးပြန်စစ် ဖြစ်ခဲ့တယ် ၊ ထူးခြားတာလား တိုက်ဆိုင်တာလားမသိဘူး

မန္တလေးရောက်တော့ ဝမ်းလုံးဝမသွားတော့ပြန်ဘူး… ၊ မန္တလေးမှာ နေတဲ့သုံးရက်လုံးက လုံး၀ ဝမ်းမသွားဘူး ၊

ဒါနဲ့ သက်သာပြီဆိုပြီး ပြင်ဦးလွင်ကို ပြန်တက်ပြီးအိမ်ရောက်တော့အိမ်ထဲမှာ

မမျှော်လင့်ထားတဲ့အဖြစ်ကိုတန်းမြင်လိုက်ရတယ် … ၊

မွေးထားတဲ့ယုန်လေးသုံးကောင် နှစ်ကောင်က ကြက်တွေ လည်လိမ်ချိုးခံထားရသလို

လိမ်နေပြီး ၊ တစ်ကောင်က ဗိုက်ကြီးပေါက်လို့ ပေါင်တစ်ချောင်းကျိုးနေရင်း သေနေတာကိုမြင်လိုက်ရတယ် ၊

အစကတည်းက ယုန်လေးတွေလှောင်အိမ်ကိုအိမ်နောက်ဖေးက ရေချိုးခန်းနားမှာ သွားထားတော့

ယုန်တွေ ကြောက်လွန်းလို့ ပြာယာခတ်နေတာကို မြင်ပြီး တစ်ခုခုကိုသိနေပေမယ့် ဒီလောက်ထိဖြစ်မယ်လို့

မေနှင်း မထင်မိခဲ့ဘူးလေ…. ၊အခုတော့အိမ်တံခါးအလုံပိတ်ထားတဲ့အိမ်ထဲကယုန်တွေရဲ့အဖြစ်က…… ။

ထူးထူးဆန်းဆန်းပဲအဲ့ဒီအိမ်ကိုပြန်ရောက်တဲ့ညကစပြီး မေနှင်း ညဆယ့်တစ်နာရီကနေ

မနက်လေးနာရီအထိ ပုံမှန်းအိပ်ယာကပြေးလိုက်လွှားလိုက်နဲ့အိမ်သာထဲက မထွက်ရတော့ဘူး ၊

ဒါ တိုက်ဆိုင်မှုလုံးဝမဖြစ်နိုင်တော့ဘူးလေ… ၊ မေနှင်း တစ်ညအိမ်သာတက်နေရင်း ဒီအိမ်က ရူးပြီးသေသွားတဲ့

မကောင်းဆိုးရွားကောင်ကို နှိမ်နင်းဖို့ ဆရာရှာဖို့အထိ စဉ်းစားနေတုန်းမှာ မိနင်းကိုအနောက်ကနေ

ဆောင့်ကန်တာကို ပထမဆုံးအကြိမ် ကိုယ်ထိလက်ရောက်အလုပ်ခံလိုက်တာတော့တယ် ။

ဒီလောက်ထိ ကြမ်းနေတဲ့အိမ်မှာ သူတစ်ယောက်တည်းဆက်နေရဲပေမယ့်

သမီးလေးအတွက်စိတ်ပူပြီးအိမ်ကအမေဆီဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြလိုက်တဲ့အခါ

နောက်တစ်နေ့…ဒီအိမ်ကြီးမှာ လေးလပြည့်တဲ့နေ့မှာပဲ… မေနှင်းအမျိုးသားနဲ့အတူ ၊ မေနှင်းရဲ့

အဖေအမေပါအပါအဝင် ၊အကုန်လုံး ကားနဲ့ မေနှင်းကို ခေါင်းမမာဖို့ပြောပြီး မန္တလေးကို

ပြန်ခေါ်ကြတော့တယ် ၊ မေနှင်းလည်း မန္တလေးကို မတက်သာလို့သွားရတာဆိုပေမယ့်

ဒီအိမ်က မိစ္ဆာကို မကျေနပ်တာနဲ့ သွားခါနီး ပစ္စည်းတွေသိမ်းထား ပုံးတွေ ထပ်ထားတုန်း

အားလုံးအလုပ်ရှုပ်နေတုန်းမှာ မေနှင်းက ပရိတ်ရည်တွေနဲ့ တစ်အိမ်လုံးကို လိုက်ပတ်ပြီး

နောက်ဆုံး ပရိတ်ရည်ကိုပုံးကြီးနဲ့ ပွားထားတဲ့ ရေပုံးကြီးကိုတော့အားရပါးရသယ်ပြီး

အိမ်နောက်ဘက်ကအိမ်ထဲကအရူးအဘိုးကြီးသရဲ သေသွားတဲ့…သူနေနေတဲ့နေရာ

ရေချိုးခန်းထဲမှာ လောင်းထည့်ပစ်ခဲ့လိုက်သေးတယ်…. ပါးစပ်ကလည်းပြောလိုက်တယ်

“ မှတ်ထား..ငါတို့ကိုမနေနိုင်အောင်လုပ်တဲ့အဘိုးကြီး

နင်လည်းနေလို့မရအောင်ငါပြန်လုပ်ခဲ့တာ ”

အဲ့လိုလုပ်ပြီး မေနှင်းအိမ်ရှေ့အထွက်မှာအိမ်ရှေ့က စီထပ်ထားတဲ့

ပစ္စည်းပုံးတွေက ဝုန်းဆို တစ်ယောက်ယောက် ရိုက်တွန်းလိုက်သလို ပလဲကျသွားပြီး

အိမ်နောက်ဖေးဘက်ကနေ ဒေါသတကြီး တောက်ခေါက်လိုက်တဲ့အသံအကျယ်ကြီးကိုလည်း

မေနှင်း တို့ တစ်မိသားစုလုံး သေသေချာချာကိုကြားလိုက်ကြရတော့တယ် …….. ။

နောင်များမှာအိမ်ငှားဖြစ်ခဲ့မယ်ဆိုရင် ရိုးရိုးသရဲတစ္ဆေထက်စာရင် …

ဦးနှောက်ပျက်နေတဲ့ မိစ္ဆာတစ်ကောင် ရှိမနေဖို့သာ မျှော်လင့်ရင်း…………………. ။

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 10.6.2019 ( 9 : 49 Pm )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..