“ နှစ်ကောင်ပေါင်းတော့ မင်းမနိုင် ” ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် ) ( စ - ဆုံး )
lotaya.mpt.com.mm
|
2019-07-04

ညကြီးမင်းကြီး သရဲစာအုပ်လေးဖတ်ပြီး စောင်လေးကိုအသာလေးခြုံ ၊

ညကြီးမင်းကြီး သရဲစာအုပ်လေးဖတ်ပြီး စောင်လေးကိုအသာလေးခြုံ ၊

ခြေထောက်ကလေးကို ကွေးထားတုန်းရှိသေး ဖုန်းသံကြားလို့ ရင်ထဲ လန့်သွားမိတယ်

“ ဟဲလို… ”

“ ဟဲလို…မမလား ဒီမှာ ဖေဖေ သောင်းကျန်းနေလို့

အမြန်လာခဲ့ကြပါ ”

တစ်ဖက်က လေးသံနဲ့ ဖုန်းနံပါတ်အရတော့ ကိုယ့်ရဲ့ ယောင်းမဆိုတာကို

သေချာလေးသိထားတယ် ၊ ဒါပေမယ့်အခု သူဖုန်းပြောနေတဲ့အသံက တော်တော်

ကြောက်ပြီးအသံတွေတောင်တုန်နေတယ်လေ… ၊အနောက်ဘက်မှာလည်း

သူ့ဘက်ကနေ ဆူညံသံတွေ ဝုန်းဒိုင်းကြဲသံတွေကြားနေရတယ် ၊

အဖေ သောင်းကျန်းနေတယ်ဆိုတော့ ပိုစိတ်ပူသွားမိတာအမှန်ပဲ… ၊

သူ့အဖေဆိုတာလည်း ကိုယ့်ယောက္ခထီးဆိုတော့ ကိုယ့်အဖေပဲလေ… ၊

ယောက္ခထီး သောင်းကျန်းနေတယ်ဆိုတော့… နည်းနည်းအံ့သြသွားမိတယ် ၊

ကိုယ့် ယောက္ခထီး နာမည်က ဦးမျိုးဇင် …. ၊ ယောက္ခထီး ကအရက်ကိုကြိုက်လို့ကို

သောက်နေတတ်တဲ့သူဆိုပေမယ့်အရင်ကတည်းကအနေအေးတော့ သူ့ဘာသာသူ

အေးအေးဆေးဆေး နေနေတတ်တယ် ၊ မူးနေရင်တောင် ဘယ်သူ့ကိုမှ

ရစ်တာ မမြင်ဖူးဘူးလေ… ၊ ကိုယ်တွေနဲ့ ယောက္ခထီး တို့နဲ့ကလည်း

နှစ်တော်တော်လေးကြာအောင်အတူတူနေခဲ့ဖူးတယ်ဆိုတော့ ပိုသိနေတယ် ၊

အခု ဖုန်းထဲမှာကြားရတာ တစ်မျိုးဖြစ်နေတာနဲ့ ပြန်မေးကြည့်မိလိုက်တယ်

“ ညီမလေးအဖေကအရက်သောက်ပြီး သောင်းကျန်းနေတာလား

မမ သိသလောက်ကအဖေမရစ်တတ် ပါဘူး ၊ ပြသနာလည်းဖြစ်တဲ့သူမှ

မဟုတ်တာ… ”

“ မဟုတ်ဘူး..ညီမလေးလည်းသိတယ်..အဲ့ဒါကြောင့်

ကြောက်လို့ မမဆီဖုန်းဆက်လိုက်တာ…အစ်ကိုကြီးကိုခေါ်ပြီး

မမတို့အခုလာခဲ့ကြပါ…နော်…ညီမလေးကြောက်တယ်…

အိမ်မှာ မေမေရောအစ်ကိုလတ်တို့ရော ဘာလုပ်ရမှန်းမသိဖြစ်ပြီး

ကြောက်လည်းကြောက် စိတ်လည်းညစ်နေကြရတယ် ”

ယောင်းမလေးနဲ့ ဖုန်းပြောပြီးပြီးချင်းမှာပဲ မေသင်းမြိုင်တစ်ယောက်

ဘေးနားမှာအိပ်မောကျနေတဲ့ ယောကျာ်းဖြစ်သူကိုအတင်း နှိုးလိုက်ပြီးတော့

အကျိူးအကြောင်းပြောပြလိုက်တယ်… ၊ ယောကျာ်းဖြစ်သူကလည်း သူ့အဖေဆိုတော့

ဇောကပ်သွားပြီးအိပ်နေရာက ချက်ချင်း မျက်စိကျယ်လာရင်း ပြင်ဆင်ပြီး

ကားပေါ်ပြေးဝင်သွားလိုက်တယ် … ၊ မေသင်းမြိုင်ကလည်း ယောကျာ်းဖြစ်သူ ကျော်ဇောနောက်က

အတင်းပြေးလိုက်ရင်း ကားခေါင်းခန်းမှာ နေရာယူထားလိုက်တယ်…. ၊

သူတို့နှစ်ယောက်သားစီးလာတဲ့ ကားလေးကတော့ ညနက်ကြီးရဲ့ ရင်ခွင်အိုကြီးထဲမှာ

မျက်စိသူငယ်နားသူငယ်နဲ့ စမ်းတဝါးဝါးလျှောက်ပြေးနေရှာတဲ့ သတ္တဝါလေးတစ်ကောင်လို

ကားရှေ့မီးအလင်းလေးအားပြုပြီး ရန်ကုန်ကနေ ဇလွန်မြို့ကိုအားချင်း မောင်းနှင်လို့ …. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ည ၉နာရီ ရန်ကုန်က စထွက်တာဆိုပေမယ့်အားချင်းမောင်းလိုက်တာကြောင့်ထင်တယ်

ဇလွန်ကို ည ၁၂နာရီ ကွက်တိမှာ ရောက်ခဲ့ကြတယ် ၊

ဇလွန်မြို့က ဇလွန်ဘုရားကြီးနား ၊ မော်တော်ဆိပ်အနီးမှာရှိတဲ့

သူတို့အဖေအိမ်ဆီကို တန်းမောင်းသွားလိုက်ရင်း

ကားကိုအိမ်ရှေ့ထိုးရပ်လိုက်ပြီး လင်မယားနှစ်ယောက်သားအိမ်ထဲကို

ပြေးဝင်မိလိုက်ကြတယ် … ၊အိမ်ထဲကိုခြေချဖို့ပြင်နေတယ်ဆိုယုံလေး ရှိသေး…

အိမ်ထဲကနေ ဝုန်းဒိုင်းကြဲနေရင်း ဆူတဲအော်ဟစ် သောင်းကျန်းနေတဲ့

အသံတွေကို ကြားလိုက်ရတယ် ၊အသံရှင်က ယောက္ခထီး ရဲ့အသံကြီးဖြစ်နေလို့

မေသင်းမြို့နဲ့ကျော်ဇော နှစ်ယောက်သား တစ်ယောက်မျက်နာတစ်ယောက်

ပြန်ကြည့်ရင်း ကြောင်သွားမိကြတယ် ၊ ပြီးတော့ ချက်ချင်းပဲ သူတို့နှစ်ယောက်

အိမ်တံခါးလေးကိုတွန်းဖွင့်လိုက်ပြီးအိမ်ထဲကို စိုးရိမ်တကြီးပြေးဝင်ခဲ့လိုက်ကြတယ် ၊

အိမ်ထဲမှာတော့…..

အိမ်ရှေ့လာလိုက်အိမ်နောက်ဖေးသွားလိုက်နဲ့ တစ်အိမ်လုံးမှာ ခုန်ပေါက်ပြီး

ဒေါသတကြီးနဲ့ သောင်းကျန်းနေတဲ့ ယောက္ခထီး ကို မြင်လိုက်ရတယ် ၊

မြင်ဖူးနေကျ ပုံစံမျိုးမဟုတ်ဘဲ တစ်ခြားတစ်ယောက်လိုဖြစ်နေတဲ့ ယောက္ခထီးကိုကြည့်ပြီး

မေသင်းမြို့နဲ့ကျော်ဇော တို့ လင်မယားနှစ်ယောက်လုံး သွေးပျက်သွားမိကြတာအမှန်ပဲ ၊

“ ကိုကြီး နဲ့ မမ လာပြီးလား…အီးဟီး…. ”

သူတို့ကိုမြင်တာနဲ့အိမ်ထဲကနေ ငိုပြီးပြေးထွက်လာတဲ့သူက

ကျော်ဇောရဲ့ ညီမဖြစ်သူ …. ၊

“အဖေ…ဘာဖြစ်တာလဲ ညီမလေး… ”

“ ညီမလေးတို့လည်းမသိဘူး …ညနေစောင်းလောက်မှ

စဖြစ်တာ….ညီမလေးတို့အထင်အဖေ သရဲများပူးနေလားမသိဘူး…. ”

“ ဟမ်….ဘာ..သ..သ..သရဲ ဟုတ်လား ”

သူတို့စကားပြောနေတုန်းမှာပဲအိမ်ထဲမှာ သောင်းကျန်းနေတဲ့

ဦးမျိုးဇင် က ပိုဆိုးလာပြီးအိမ်ဧည့်ခန်းမှာရှိတဲ့ ဘုရားစင်ကို ရိုက်ချိုးနေပြီးတော့

ဘုရားပန်းအိုတွေကိုပါ ပေါက်ခွဲနေပါလေရော…. ၊အောက်ကျသွားတဲ့ ဘုရားပန်းတွေကိုလည်း

ခြေထောက်နဲ့ ကန်နေပြန်တယ်… ၊ ဒီအပြုအမူတွေကိုမြင်ပြီးအိမ်သားတွေရော

မေသင်းမြို့နဲ့ကျော်ဇော တို့ လင်မယားရော မျက်လုံးပြုသွားပြီးအားကိုးရာမဲ့သလို

ခံစားမိလိုက်ကြရတယ်… ၊ သရဲပူးနေတာသေချာတယ်ဆိုရင် တော်ယုံသရဲတော့မဟုတ်မှန်း

ဘုရားစင်ကိုဖြိုလိုက်တာကို မြင်ကတည်းက ရိပ်စားမိလိုက်တယ်… ၊ တစ်ဆက်တည်းမှာပဲ

ဦးမျိုးဇင်ကအိမ်သားတွေကိုလည်း ရန်လုပ်ပါလေရော… ၊ သူကိုယ်တိုင်လည်း ခေါင်းတွေကို

ပန်းအိုးတွေနဲ့ ရိုက်ခွဲပြနေတယ် ။

ကျော်ဇော တစ်ယောက် ဆုံးဖြတ်ချက်တစ်ခုကို

အသေအချာ ချလိုက်ပြီး သူ့ဆုံးဖြတ်ချက်အတိုင်းအနီးဆုံးမှာ ရှိတဲ့

ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဆီကိုအပြေးသွားလိုက်ရင်း ဆရာတော်ကို

အကျိုးအကြောင်း လျှောက်တင်လိုက်တယ်… ၊

ညဉ့်အချိန်ကြီးဖြစ်နေတော့ ဆရာတော်က သူ့ရဲ့တပည့်

သံဃာတော်တစ်ပါးကိုအကူညီပေးလိုက်ပါဆိုပြီး ထည့်ပေးလိုက်တယ်… ၊

ကျော်ဇောလည်း ဦးဇင်းကို ပင့်လာပြီးအိမ်ကိုခေါ်လာခဲ့တယ်… ၊အိမ်ထဲကို

ဦးဇင်း စ ဝင်လိုက်ပြီဆိုတာနဲ့ ဦးမျိုးဇင်က ပိုပိုဆိုးလာပြီး ဦးဇင်းကို ရန်လိုတဲ့

အပြုအမူတွေပြုရင်း ပါးစပ်ထဲက သွားတွေကိုအစွယ်ပြသလိုမျိုး တိရစ္ဆာန်တစ်ကောင်လို

ပြူးပြ ဖြဲပြရင်း ခြောက်နေပြန်တယ် … လက်ထဲက ပစ္စည်းတွေနဲ့လည်း လူမထိအောင်

ပစ်ပေါက်ပါလေရော.. ၊ ဦးဇင်းလေးက ငယ်သေးတာလည်းတစ်ကြောင်း… ၊

ဟိုဘက်က ခြောက်လန့်တာကို ကြောက်သွားတာလည်းပါမယ်… ၊

အဲ့ဒါတွေကြောင်…..

တစ်ခါတည်း ဘာမှတောင် မလုပ်နိုင်တော့ဘဲ

ဘုန်းကြီးကျောင်းဆီကို ပြန်ပြေးသွားပါလေရော…. ။

ဘုန်းကြီးတောင် ထွက်ပြေးသွားတော့ ကျော်ဇောတို့တွေ

ပိုကြောက်သွားပြီး ဘာလုပ်ရမယ်ဆိုတာတောင် မသိတော့ဘူးဖြစ်သွားတယ် ….

ညက နက်သထက်နက်လို့…….

အမှောင်ထုကိုအားပေးနေတဲ့ တိမ်ညိုမဲကြီးတွေက ဒီအဖြစ်အပျက်ကို

ဝမ်းသာအားရ ထောက်ခံနေကြပုံပဲ ……

ဦးဇင်းထွက်ပြေးသွားပြီးတော့မကြာခင်မှာပဲ

လူတစ်ယောက် ကျော်ဇောတို့ဆီကိုအားချင်းပြေးလာတာကိုမြင်လိုက်ရတယ်… ၊

အဲ့ဒီ့လူကလည်း တစ်ခြားမဟုတ်ဘူး… ကျော်ဇောညီမကို ပိုးပန်းနေတဲ့ ဘုန်းကြီးကျောင်းသား

ဇဝန ဆိုတဲ့ ချာတိတ်လေး… ၊ ဒီချာတိတ်လေးက မဆိုးဘူးလို့ပြောလို့ရတယ် ၊

လုပ်ရည်ကိုင်ရည်ရှိပြီး စာပေကျန်းဂန်လည်း နှံ့စပ်တယ်…ဘုန်းကြီးတွေနဲ့တောင်

စကားယှဉ်ပြောနိုင်တယ် ၊ ဓမ္မစာပေကိုအပြိုင်ဆွေးနွေးနိုင်တဲ့သူ ၊ ဘုန်းကြီးမဝတ်ထားပေမယ့်

လူက ဘုန်းကြီးတစ်ပိုင်းလိုဖြစ်နေတဲ့ကောင်လေး… ၊ မွေးကလည်းက မိဘမဲ့မို့ ဘုန်းကြီးကျောင်းမှာ

ကြီးပြင်လာရလို့ စိတ်အားငယ်တတ်တာလေးကလွဲရင် သူ့မှာပြစ်ချက်ကိုမရှိတဲ့ကောင်လေး…

“ ဒေါ်လေး…ဟာအစ်ကို..အစ်မ ..မမ …ဒီမှာ ပြသနာတတ်နေတယ်ဆို

ကျောင်းကိုပြန်ပြေးလာတဲ့ ဦးဇင်းလေးပြောနေတာကြားလို့ တပည့်တော်ပြေးလာတာ…

အဲလေ…ဘုန်းကြီးနဲ့မှားပြောမိပြန်ပြီ… တပည့်တော်မဟုတ်ဘူး..ကျွန်တော်..ဟီးဟီး… ”

ကောင်လေးရဲ့စကားကြောင့် ကျော်ဇော စိတ်ညစ်နေတဲ့ကြားက

တစ်ချက်ပြုံးမိသလိုဖြစ်သွားရင်း

“အေးကွာ..မင်းကူညီနိုင်တာရှိရင်လုပ်စမ်းပါဦး…ငါ့အဖေကိုသရဲပူးနေတယ်တဲ့…

ဒီမှာ မိန်းကလေးတွေကလည်းအကုန် ကြောက်လန့်နေကြပြီ…ပတ်ဝန်းကျင်ကို

အကူညီမတောင်းချင်ဘူူး…လူတွေတရုန်းရုန်းနဲ့ဆို ငါတို့မိသားစုအရှက်ကွဲမှာ… ”

“ ဟုတ်ကဲ့အစ်ကိုကြီး ကျွန်တော်ဉာဏ်မှီသလောက် လုပ်ကြည့်ပါမယ်..

စိတ်မပူပါနဲ့ ဇဝနက ကြောက်တတ်တဲ့သူမဟုတ်ပါဘူးအစ်ကို…

ဒါနဲ့အစ်ကိုအိမ်ထဲဝင်ရင် ခဏလိုက်ခဲ့ပေးပါလား ကျွန်တော်တစ်ယောက်တည်းမို့ပါ ”

“ ဒီကောင်ကွာ..ပြောတော့ မကြောက်တတ်ဘူးတဲ့…

အဟေး..အေးးအေးပါကွာ..ငါလည်းလိုက်ခဲ့ပါမယ်…. မေ…ဒီမှာအမေနဲ့ညီမလေးကို

စောင့်ပေးရင်း ခဏနေခဲ့နော်..... ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိမ်ထဲမှာတော့ မျက်လုံးနီနီရဲရဲကြီးတွေနဲ့ ကြောက်စရာပုံစံကြီးလုပ်ပြနေတဲ့

ဦးမျိုးဇင်က ပြိုကျနေတဲ့ ဘုရားစင်ကို ခြေထောက်နဲ့ ကန်နေရင်း ပါးစပ်ကလည်း

အသံသြသြကြီးနဲ့အော်နေပြန်တယ်….

“ ငါ့အိမ်မှာ ဘာ..သောက် ဘုရားစင် ဘာ သောက် နတ်စင်မှ

ထားစရာမလိုဘူးဟေ့…..အကုန်ကန်ချပစ်မယ်….ဟင်းး…. ”

ပြောလိုက် ခြေထောက်နဲ့ကန်လိုက်နဲ့ သူကိုယ်တိုင်လည်း

အိမ်တိုင်တွေကို ခေါင်းနဲ့ ပြေးပြေးဆောင့်နေပြန်တယ်… ၊အဖြစ်အပျက်ကိုမြင်ပြီး

ကျော်ဇောလည်းတော်တော် ကျော်ချမ်းသွားမိပြီး…သူနဲ့အတူအိမ်ထဲဝင်လာတဲ့

သူ့အနောက်က ဇဝနကို လှမ်းပြောလိုက်တယ်

“ ဇ..ဇ..ဇဝန မင်းတွေ့တယ်နော်…လုပ်စမ်းပါဦး ”

တစ်ဖက်က ဘာမှအသံမကြားတာနဲ့ လှည့်ကြည့်လိုက်တော့

သူ့အနောက်မှာ ဘယ်သူမှမရှိနေတော့ဘူး…..ဇဝန ဘယ်အချန်က ထွက်ပြေးသွားတယ်မသိ… ၊

ဘယ်ရမလဲ ကျော်ဇောလည်းအိမ်ထဲကနေ ချက်ချင်းပြေးထွက်လိုက်မိတယ် ၊အိမ်အပြင်ရောက်တော့

အိမ်ဝမှာ ဇဝနက ကြိုရောက်နေတာကို မြင်လိုက်ရတော့တယ်

“ ဒီကောင်ကွာ…ကယ်မယ့်ကောင်က…. ဘယ်အချိန်ကပြေးသွားမှန်းမသိဘူး

မြန်ချက်ပဲ… ”

“ ဟာ.အစ်ကိုကလည်း ဟိုက တကယ်လုပ်မယ့်ရုပ်ကြီးဗျ..

နောက်ကျတဲ့ခြေထောက်…သစ္စာဖောက်ပဲလေအစ်ကိုကြီးကလည်း…

ဟီးဟီး..အလကား စတာပါဗျာ…ညီ့ကို ဆရာတစ်ယောက် သင်ပေးထားတဲ့နည်းရှိတယ်

အဲ့နည်းလေးတစ်ခါသုံးဖူးတာအဆင်ပြေတယ်အစ်ကို…လိုအပ်တာတွေကို ရှာပေးပါ… ”

“ ဘာတွေလိုလဲညီ… ”

“ လိုတာတွေက ရှာရလွယ်ပါတယ်အစ်ကိုအမွှေးတိုင် သုံးတိုင် ၊ ဖယောင်းတိုင် သုံးတိုင်

ဒါပဲလောလောဆယ်လိုတယ်အစ်ကို ”

ကျော်ဇောလည်း ချက်ချင်းဆိုသလို ဇဝနလိုအပ်တာကို ရှာပေးလိုက်တဲ့အခါ ဇဝနက

“ လာအစ်ကို ကျွန်တော်နဲ့ ခဏလိုက်ခဲ့ ”

“ မင်းကလည်း ခေါ်ပြန်ပြီကွာ…ဒီတစ်ခါတော်မပြေးနဲ့တော့ကွာ… ”

ဇဝနက ရယ်ဖြဲဖြဲလုပ်ရင်း ဦးမျိုးဇင်တို့အိမ်ဘေးနားမှာရှိတဲ့

ကွင်းပြင်ကျယ်ကြီးတစ်ခုဆီကိုထွက်သွားတယ်…. ၊ ကွင်းကြီးထဲရောက်တော့

အုတ်ခဲလေးတစ်ခုအပေါ်မှာ ဖယောင်းတိုင်လေးတွေစိုက် ၊ မြေကြီးမှာအမွှေးတိုင်ထွန်းပြီး

ပါးစပ်က တတွတ်တွတ်နဲ့တစ်ခုခုကိုတိုးတိုးလေးရွတ်ဆိုပြီးတော့အသံကျယ်ကျယ်နဲ့

“ ဒီနေရာမှာ စောင့်ရှောက်နေတဲ့ ဒီနယ်မြေကိုအပိုင်စားရထားတဲ့

ကွင်းပိုင်ကြီးခင်ဗျာ…ကျွန်တော်မျိုးတို့ လူသားလူ့ပတ်ဝန်းကျင် ၊ လူသားတွေပိုင်တဲ့

အိမ်ဝိုင်းထဲမှာ ပရလောကသားတွေ သောင်းကျန်းနေတဲ့အတွက် ကွင်းပိုင်ကြီးဆီမှာ

အကူအညီလာတောင်းခံတာဖြစ်ပါတယ် ၊အိမ်အမှတ်(…) မှာ လက်ရှိ လူသား

အသက်(…)ရှိတဲ့ (….)နေ့သား… ၊ ဦးမျိုးဇင်ကိုယ်ခန္ဓာထဲမှာလည်း မကောင်းဆိုးရွာတွေက

ဝင်ရောက်နေပြီးတော့အိမ်မှာကိုးကွယ်နေတဲ့အမြတ်ဆုံးသော ဘုရားကျောင်းဆောင်ကိုပါ…

ဖျက်ဆီးနေပြီဖြစ်ပါတယ်… ဒီတိုင်းကြည့်မနေဘဲ…ကူညီကယ်တင်ပေးဖို့

တောင်ဆိုပါတယ် ခင်ဗျာ…. ကွင်းပိုင်ကြီးရဲ့ တပည့်သားတွေကို လာထိန်းပေးပါ…..”

ဇဝန စကားလည်းဆုံးရော… ဖယောင်းတိုင်မီးတောက်က လေမတိုက်ပါဘဲ

ဝုန်းခနဲဆို တစ်ချက် ထတောက်သွားလို့ ကျော်ဇောတောင် လန့်ပြီးအနောက်ကို

ဆုတ်သွားမိတယ် ၊ တစ်ဆက်တည်းမှာပဲ ကွင်းထဲမှာရှိတဲ့ မြက်တွေကို

တစ်ယောက်ယောက်က ဖြတ်ပြေးလိုက်သလို သိသိသာသာ လေမတိုက်ဘဲ ယိမ်းသွားတာကို

သတိထားမိလိုက်တယ်…၊ ဇဝနက တစ်ချက်ပြုံးလိုက်ပြီးတော့..

“ ကွင်းပိုင်ကြီးက သဘောကောင်းတယ်ဗျ…

သူကူညီမယ်ဆိုတဲ့သဘောကိုပြတယ်…ကျွန်တော်ဆုတောင်းနေရတာ..

တကယ်လို့ မီးသာ မတောက်လာဘဲ ငြိမ်းသွားရင် သူမကူညီဘူးဆိုတဲ့သဘောပဲဗျ….

အခုတော့အဆင်ပြေသွားပြီ…လာအစ်ကိုအိမ်ပြန်ရအောင် ”

ကျော်ဇောက ဟုတ်ရောဟုတ်ရဲ့လားဆိုတဲ့အပြုအမူနဲ့

စိတ်ထဲ သိပ်မယုံသလိုဖြစ်မိပေမယ့် ဇဝနနဲ့အတူအိမ်ကိုပြန်လာခဲ့ကြတယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိမ်ရောက်တော့ ထူးထူးခြားခြား…. ကျော်ဇောရဲ့ ဖခင် ဦးမျိုးဇင်က

လူကောင်းပကတိဖြစ်နေပြီးတော့ သူ့ရဲ့လုပ်ရက်တွေကိုသာနားမလည်သလိုနဲ့

ကြောက်စီစီဖြစ်နေပြီး ဦးမျိုးဇင်ဘေးနားမှာ ကျော်ဇောအမေ ၊အမျိုးသမီး မေသင်းမြို့နဲ့

ညီမဖြစ်သူက ဝိုင်းနေကြတယ်…. ၊ ဒါကိုမြင်လိုက်ပြီး ကျော်ဇောလည်း ဝမ်းသာသွားပြီး

ဇဝနကို ကျေးဇူးအကြိမ်ကြိမ်တင်ကြောင်းပြောနေမိပြန်တယ် ၊

ဒီအချိန်မှာပဲ သူတို့မထင်ထားတဲ့အဖြစ်အပျက်တစ်ခုက ဖြစ်လာပြန်ရော…

ရုတ်တရက်ကြီးပြန်ကောင်းနေတဲ့ ဦးမျိုးဇင်က ဆက်ခနဲကောက်ထလိုက်ရင်း

တောစီး ဘွတ်ဖိနပ်ကြီးကို ကောက်ဝတ်လိုက်ရင်း ခမောက်ကိုဆောင်းပြီး

အားလုံးတားနေတဲ့ကြားက

“ ငါ ဘာမှမဖြစ်ဘူး…ဟိုဘက်ကွင်းထဲ ငါ ခဏသွားလိုက်ဦးမယ်ကွာ…

ကွင်းထဲမှာ လိပ်တွေအများကြီးရှိတယ် ငါ လိမ်သွားကောက်လိုက်ဦးမယ်… ”

ဆိုပြီး ပြောပြောဆိုဆိုနဲ့ ပြေးထွက်သွားလို့အားလုံးက မနည်းလိုက်ဆွဲပြီး

အတင်းချုပ်ထားကြရတယ် ၊ နောက်သေချာနားချနေကြတုန်း… ဇဝနက တစ်ခုခုကိုရိပ်မိသွားပြီး

ဦးမျိုးဇင်ကိုယ်တစ်ခုလုံးကို ဘုရားဇင်အကျိုးအပဲ့ကြားမှာတွေ့ရတဲ့အန္တရယ်ကင်း ပရိတ်ရည်တွေနဲ့

ပတ်ဖြန်းပေးပြီး တိုက်လည်းတိုက်လိုက်တယ်… ၊ ပရိတ်ရည်သောက်ပြီးနောက်မှာ ဦးမျိုးဇင်က

တစ်ကိုယ်လုံးနွမ်းလျသလို သက်ပြင်းတစ်ချက်ချလိုက်ရင်း တစ်ကိုယ်လုံးက ဒဏ်ရာတွေ

နာကျင်နေတာကိုသိသွားပြီး မတ်တပ်တောင် မထနိုင်ဖြစ်သွားပါလေရော… ၊

အဲ့ဒီ့အခါမှ ဇဝနက

“ ဒီကောင်တွေ ဦးလေးကိုအသေလုပ်ကြတာပဲ…. ၊

ကွင်းပိုင်ကူညီလို့အိမ်ထဲက နေရာဖယ်ပေးလိုက်ရတဲ့အခါမှာ ဦးလေးကိုအပြင်မထွက်ထွက်အောင်

ဒီကောင်တွေအပြင်ကလှမ်းလုပ်နေကြတာပဲ… ၊ ဦးလေးသာအပြင်ထွက်ရင်

အသက်ပါနုပ်မယ့်သဘောရှိတယ်…နေပါဦး…ဦးလေး ဘာအမှားများလုပ်ထားမိတာရှိလဲ….

တစ်ခုခုတော့ သူ မှားထားလိမ့်မယ်… ”

ဇဝန စကားကို ဦးမျိုးဇင်က ဘာမှမသိလို ကြောင်တောင်တောင်လေးဖြစ်နေပေမယ့်

မိန်းမဖြစ်သူနဲ့ သမီးက သေချာသိထားတော့ ရှင်းပြနိုင်တယ်… ၊ ဦးမျိုးဇင် သမီးက

စကားဆက်ပါလေရော….

“အဖေကအရင်ကတည်းက ဘုရားတရားလည်းသိပ်မလုပ်အသောက်အစားလည်းရှိတော့

ဒီလိုတွေဖြစ်တာ မဆန်းပါဘူး…အဖေလည်းဒီနေ့ကစပြီး ဘုရားတရားသေချာလုပ်နော်..

အဖေဘာတွေဖြစ်ခဲ့တယ်ဆိုအဖေမသိဘူးမို့လား……. သမီးအထင်အဖေစဖြစ်တာ

ဒီညနေစောင်းမှာ…ဟုတ်တယ်…ထူးထူးဆန်းဆန်း ညနေစောင်းမှာအဖေနဲ့ သမီးနဲ့

နှစ်ယောက်လုံး နှာခေါင်းမှာအပုတ်နံ့ကြီးတစ်ခုကို ဆိုးဆိုးရွားရွားရနေကြရတယ် ၊

အတူတူနေတဲ့အမေက ဘုရားတရားမြဲလို့လားမသိဘူး ဘအနံ့မှမရဘူးတဲ့…. ၊

အဖေ့အကြောင်း ဆက်စပ်တွေးကြည့်တာ ဒါ သမီးအထင်ပါ….

အဖေကအပင်စိုက်တာဝါသနာသိပ်ပါတာလေ… ၊အစ်ကိုကြီးလည်းအသိမဟုတ်လား.. ”

ကျော်ဇောက ခေါင်းငြိမ့်ပြလိုက်တော့အားလုံးစိတ်ဝင်စားနေတဲ့အကြောင်းကို

ဆက်ပြောပြတယ်

“ ခြံထဲမှာအဖေစိုက်ထားတဲ့အပင်တွေက ချဉ်ပေါင်ပင်အစ မုန်လာပင်အဆုံးအကုန်ရှိတယ် ၊

နောက်ပြီးအဖေနဲ့အမေ..ကိုကြီးတို့မှတ်မိသေးလား…ညီမလေးတို့ ဒီအိမ်ကိုမပြောင်းလာခင်က

အရင်အိမ်ရှင်တွေနဲ့ စကားနည်းနည်းများထားသေးတယ်လေ… ၊

သူတို့ပယောဂလည်း ကင်းမယ်မထင်ဘူး… ”

ကျော်ဇောအမေက ဝင်ပြောတယ်

“ သမီးရယ် သူများတွေကိုအဲ့လိုလည်း စွတ်စွဲတာ မသင့်ပါဘူး..

ကိုယ့်ဘက်က ဘာမျှသေချာမပြောနိုင်ရင်မကောင်းဘူးကွယ်… ”

ဒီအခါ သမီးဖြစ်သူက

“ ဟုတ်ပါတယ်အမေ..ဒါပေမယ့် သမီးအဆုံးထိ တွေးကြည့်တာပါ…

အရင်လူတွေက ခြံထဲမှာ စပါးလင်အပင် စိုက်ထဲ့တာကို

သမီးတို့တွေက မသန့်ဘူးဆိုပြီးအဲ့ဒီ့အပင်ကိုနှုတ်ပစ်ခိုင်းတာကိုမှတ်မိကြတယ်မို့လား…

ဒါကိုအဖေက တယူသန်ပြီးအယုံအကြည်မရှိဘူးဆိုပြီး သူ့ဝါသနာအတိုင်း

အဲ့အပင်ကိုနုတ်ပြီး ခေါင်းရင်းက ဘုရားစင်အောက်နားဘက်မြေမှာ ပြောင်းစိုက်ထားတာ

ဘယ်သူမှသတိမထားမိဘူးမို့လား…သမိးကသိတယ်…ဒါပေမယ့် ဒီလောက်ဖြစ်လာမယ်မထင်လို့

အဖေစိတ်ချမ်းသာအောင်လွတ်ထားပေးလိုက်တာ… ၊အမေကနေ့တိုင်း ဘုရားဝတ်ပြုတို့

ဘုရားစာတွေရွတ်တာတို့လုပ်တော့ စပါးလင်အပင်ဆိုတာ သရဲမွေးရင်သုံးတာလို့

သိထားတယ်လေ….အဲ့အပင်မှာ နေတဲ့ မကောင်းတာတွေက မနေနိုင်တော့

သောင်းကျန်းတာထင်တယ် ”

“ ဒါနဲ့အဖေဖြစ်တာ ဘာမှမဆိုင်သလိုပဲနော်… ”

မေသင်းမြို့ဝင်ပြောလိုက်တော့ စကားကို ယုတ်တိရှိအောင် ပြန်ဆက်တဲ့သဘောနဲ့

ကျော်ဇောညီမက ဆက်ပြောပြန်တယ်…

“ ဟုတ်တယ်မမ ဆက်နားထောင်ဦး…အိမ်မှာမွေးထားတဲ့ ဘိုနီလေးက

ဒီလိုတွေမဖြစ်သေးခင် ညနေစောင်းမှာအိမ်အပြင်ထွက်ပြီး လမ်းနားမှာ ဆော့နေတယ်မမ

အဲ့ဒါကိုအဖေက ဘိုနီကိုခေါ်ပြီးအစာကျွေးလိုက်ဦးဆိုပြီး သမီးကိုခိုင်းတယ်…

သမီးကလည်း လှမ်းခေါ်ပေမယ့် ဘိုနီကအဖေ့ပဲကြောက်တော့ မလာဘူး…

အဲ့မှာအဖေလှမ်းအော်လိုက်တာကို ဆက်စပ်တွေးကြည့်တော့ သမီးသတိရသွားပြီ…

အဖေက လှမ်းခေါ်တဲ့အခါ…ဘိုနီလာခဲ့လို့မပြောဘူး… ၊ ဟေ့ယောင်အိမ်ထဲကိုလာခဲ့

မင်းကိုထမင်းကျွေးမယ် ဆိုပြီးအော်ခေါ်လိုက်တာ မမ… ၊ သမီးအထင် ကွင်းထဲက

သရဲတွေကအိမ်ထဲ ဝင်လာတာလည်းဖြစ်နိုင်တယ် ၊ စပါးလင်အပင်က သရဲကလည်း

ဘုရားစင်အောက် နေရာပေးထားတော့ သောင်းကျန်းတာနဲ့ တိုက်ဆိုင်သွားတာများလား ”

ညီမဖြစ်သူ ယမင်းစကားအဆုံး ကျော်ဇောတို့အတွက်အတွေးများနေတုန်း

ကျော်ဇောက ဇဝနကိုမေးလိုက်တယ်

“ ငါ့ညီ ဇဝန မင်းအတွေးကရော ဘယ်လိုလည်း ..

ယမင်းနဲ့ ကွာတာရှိသေးလား ”

ဇဝနက ပြောင်းစပ်စပ်လုပ်နေရင်စ

“ ကိုကြီးကလည်း ညီလည်း ယမင်းလိုပဲတွေးပါတယ် စိတ်တူကိုယ်တူပေါ့ဗျာ ဟီးဟီး ”

“အောင်မယ် ငါထုလိုက်လို့…ဟား…ဒီကောင်ကွာ…

ဒါနဲ့ မင်းလုပ်လိုက်တာတွေက ငါတို့ ရတနာသုံးပါးကို မကိုးကွယ်ဘဲ နတ်ကိုးကွယ်သလို

ဖြစ်သွားတာများလား ”

“ မဟုတ်ဘူးအစ်ကိုရ…ကျွန်တော် ကွင်းပိုင်ကိုပင့်တုန်းက လက်အုပ်ချီတာအစ်ကိုမြင်လို့လား

ဒါကအိမ်နီးချင်ကို ကိုယ့်သားသမီးကိုယ်လာထိန်းဦးလို့ သွားတိုင်တဲ့သဘောပဲအစ်ကိုရ

ကျွန်တော် ဘုန်းကြီးကျောင်းသားပါ…သရဏဂုံအပျက်ခံပါ့မလား… ”

“ ဟုတ်တယ် ညီ မင်းတော်တယ်…. ”

ဦးဇင်းမျိုးခေါင်းမှာတော့ ဘုသီးလုံးကြီးတွေအကြီးကြီးထနေတာကို

လူတိုင်းတွေ့လိုက်ကြရတယ်.. ၊ သူ့ဘာသူ တိုင်တွေနဲ့ ပစ်ဆောင့်ထားတာလည်း

ဖြစ်နိုင်သလို ဘယ်သူတွေများ ဝိုင်း ထုထောင်းထားသလဲဆိုတာတော့

မတွေးနိုင်လောက်တဲ့အထိပဲ…. ၊

နောက်နေ့မိုးလင်းတာနဲ့ ဇဝနက ဦးဆောင်ပေးပြီး

မနေ့ညက ကူညီပေးခဲ့တဲ့ ကွင်းပိုင်ကြီးအတွက် ကြက်တစ်ကောင် ၊ ထမင်းတစ်အိုးချက်နဲ့

ဦးမျိုးဇင်ကိုယ်တိုင် သွားတောင်းပန်စေခဲ့တယ်

ဘုရားစင်အောက်ဘက်ခြမ်းနားက စပါးလင်အပင်ကိုလည်း

ဇဝနကိုယ်တိုင်နှုတ်ပေးပြီး မြစ်ထဲစွန့်ပစ်လိုက်တယ် ၊အိမ်မှာလည်း

ဘုန်းတော်ကြီးတွေပင့်ပြီးအလှူအသေးစားလေးလုပ်ဖြစ်ရင်း

အန္တရယ်ကင်း ပရိတ်တော်တရားတော်တွေကို နာကြားကြရတယ် ၊

တစ်ဆက်တည်းမှာပဲ ကူညီပေးသွားတဲ့ ကွင်းပိုင်ကြီးနဲ့တကွ မကျွတ်မလွတ်သေးတဲ့

၃၁ဘုံသားအားလုံးကိုရည်စူးပြီးအမျှကိုသိုလ်လည်း ပေးဝေဖြစ်ခဲ့ကြတယ်….. ။

နောက်မှ ဆက်သိလိုက်ရတာက

ဦးမျိုးဇင်ကအရင်က မူးရူးနေတုန်းအသိစိတ်ပျောက်ပြီး

ကွင်းထဲကအပင်ကြီးတစ်ပင်အောက်မှာအပေါ့သွားပြီး ဆဲဆိုဖူးသေးတယ်ဆိုတဲ့အကြောင်း ၊

အဲ့အပင်မှာလည်း တလောက လူတစ်ယောက် ဆွဲကြိုးချပြီးတော့ သေသွားတဲ့အဖြစ်ကလည်း

ရှိနေခဲ့သေးတယ် ၊ သူ့နေရာမှာ ဒီလိုလုပ်သွားလို့ မကျေနပ်တဲ့အချိန်မှာ ခွေးကိုခေါ်ရင်းနာမည်

တပ်မခေါ်လိုက်တော့အကြိုက်ဖြစ်ပြီးအိမ်ထဲမှာရှိတဲ့ စပါးလင်အပင်က သရဲနဲ့

သရဲနှစ်ကောင် ပူးပေါင်းပြီး…..

သောင်းကျန်းကြတယ်လို့ ယေဘုယျ သတ်မှတ်လိုက်ကြတယ် ၊ ဒီအဖြစ်တွေကြောင့်

အဆိုးထဲကအကောင်းလို့ဆိုရလောက်တဲ့အကြောင်းတစ်ခုကတော့ ဦးမျိုးဇင်

အရက် လုံး၀ ပျက်သွားပြီးတော့ ဇနီးသည်နဲ့အတူ ဘုရားတရား ပိုလုပ်ဖြစ်လာတယ်ဆိုတာပါပဲ ၊

ကူညီပေးတတ်တဲ့ ဇဝနလေးအတွက် ကံကောင်းခြင်းကတော့ တစ်ဘဝလုံးစာအတွက်

ယမင်းလေးအချစ်ကိုအပိုင်သိမ်းနိုင်ခဲ့တယ်ဆိုတာအမှန်ပေါ့….. ။

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 30.6.2019 ( 12 : 51 Pm )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..