“ မသန့်တဲ့မြေ ” ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် ) ( စ - ဆုံး )
lotaya.mpt.com.mm
|
2019-07-11

တစ်နေ့ ကျွန်တော်တို့အိမ်ကို ကျွန်တော့်ဦးလေးရဲ့

တစ်နေ့ ကျွန်တော်တို့အိမ်ကို ကျွန်တော့်ဦးလေးရဲ့

သူငယ်ချင်း၄ယောက်လောက်ကအတူတူရောက်လာကြတယ်.. ၊ သူတို့တွေက

ကျွန်တော့်ဦးလေးနဲ့အချင်းချင်း မတွေ့တာကြာလို့နှုတ်ဆက်နေကြတာပြီးတော့

အချင်းချင်း သာကြောင်းမာကြောင်းတွေမေးမြန်နေကြတယ် ၊ ပြီးတော့ ဦးလေးက

သူတို့အတွက် ကော်ဖီလေးတွေလုပ်ပေးဖို့ ကျွန်တော့်ကိုလှမ်းပြောလိုက်တယ်

“ တူကြီးရေ….ဦးလေးမိတ်ဆွေတွေကို ဧည့်ခံရအောင်

တစ်ခုခု သွားလုပ်ပေးပါဦးကွယ်… ”

ကျွန်တော်လည်း ဦးလေးစကားအတိုင်းချက်ချင်းအိမ်နောက်ဖေးကိုပြေးသွားလိုက်ပြီးနောက်

ကော်ဖီမစ်အထုတ်လေးတွေကို ကြွေခွက်လှလှလေးတွေထဲအညီအမျှသေချာထည့်ပြီး

ရေနွေးလေးနည်းနည်းရော မွှေလိုက်တယ် ပြီးတော့ တစ်ခွက်စီကိုသေချာသယ်ယူပြီး

ဦးလေးသူငယ်ချင်းတွေရှေ့မှာ ရိုရိုသေသေချထားပေးလိုက်တယ် ၊ ကော်ဖီနဲ့အတူတူ

တွဲစားလို့ရလောက်တဲ့ မုန့်တစ်ချို့ကိုလည်း ကျွန်တော်ပြင်ပေးထားလိုက်တယ် ၊

အဲ့ဒါတွေလုပ်ပြီးတော့မှ မလှမ်းမကမ်းကနေ ဦးလေးတို့စကားဝိုင်းကို စိတ်ဝင်တစား

နားစွင့်နေမိတယ် ….

“ တိုးမောင်ရယ် ငါတို့မတွေ့တာ ဘယ်လောက်ကြာပြီလဲ ”

သူတို့လူစုထဲကအသက်အကြီးဆုံးတစ်ယောက်က ကျွန်တော့်ဦးလေးကိုလှမ်းမေးလိုက်တော့

ဦးလေးကအားရဝမ်းသာဖြစ်တဲ့ပုံနဲ့

“ ကြာပြီပေါ့အစ်ကိုကြီးလှဖြိုး ရာ….ကျွန်တော်တို့လည်း

အဲ့ဒီတုန်းကအတူတူ ရွှေငုတ်ပြီးနောက်ပိုင်းမှာ လုံးဝအဆက်အသွယ်မရတော့ဘူး

ဒီဘက်က ကိုရွှေအုန်းက ထိုင်းဘက်ကိုရောက်သွားတယ်ကြားတယ် ၊ ဒီက

ကိုကျော်မြင့်ကြီးကတော့ ကိုယ့်နယ်ကိုယ်ပြန်သွားတာမဟုတ်လား ၊အစ်ကိုကြီးလှဖြိုးကတော့

မှော်ထဲပါသွားတယ်လို့သတင်းရတာပဲ…ဒါနဲ့အခု ဒီလူသုံးယောက် ဘယ်လိုစုမိပြီး

ဘယ်လို ဘယ်လို ဒီရောက်လာကြတာလဲဗျာ…ဆိုကြပါဦး ”

အဲ့ဒီ့အခါမှအသက်အကြီးဆုံး လူကြီးဖြစ်တဲ့အစ်ကိုကြီးလှဖြိုးဆိုသူက

“ ဘယ်လိုဆုံတယ်ဆိုတာကိုပြောရရင် ကိုယ့်လူရေ

ငါတို့တွေလည်းအသက်အရွယ်ကြီးမြင့်လာကြပြီ…ငယ်ငယ်ကလို

ထင်တိုင်းကြဲလို့ရတဲ့အရွယ်လည်းမဟုတ်တော့ဘူးဆိုတော့ကွာ..

ဘာရယ်မဟုတ်ဘူး..ငယ်ငယ်က ကိုယ်တွေနဲ့အတူတူ ငတ်အတူ ကြီးပွားအတူ

ဘဝတိုက်ပွဲဝင်လာတဲ့ ရဲဘော်ဟောင်းတွေကို သတိရတာနဲ့ ငါကပဲ ဦးဆောင်ပြီး

မရ ရအောင် ပြန်လိုက်စုဖြစ်တယ် တိုးမောင်….ဝမ်းသာစရာကအဆက်အသွယ်လေးတွေ

မပျက်သေးတော့အခုလို လွယ်လွယ်ကူကူ ပြန်တွေ့ကြရတယ် ၊ ပိုပြီးကောင်းတာက

ငါတို့တွေအားလုံး ကျန်းမာနေကြသေးတာပါပဲ… ၊ နောက်ပြီး ငါဝမ်းအသာဆုံးက

မင်းတို့တွေ ငါတို့တွေအရင်က ဆင်းရဲတွင်းနက်တာတွေ ၊ မိသားစုဝန်တွေအတွက်

အသက်ကိုစတေးပြီး ငွေရှာခဲ့ကြရပေမယ့်အခုတော့အားလုံးကအိုးပိုင်အိမ်ပိုင်

မိသားစုလေးတွေကိုယ်စီနဲ့အေးချမ်းနေကြတာကို ငါအရမ်းဝမ်းသာမိတယ်

တိုးမောင်ရေ ”

ကျန်တဲ့သူတွေကလည်းအပြန်အလှန် စကားလက်ဆုံကျရင်း

သူတို့ ငယ်ဘဝကအတူတူ ကြုံခဲ့ရတဲ့ ပျော်စရာလေးတွေ ၊ စိတ်ညစ်စရာလေးတွေကို

ပြောလိုက် ပြန်လွမ်းဆွေးလိုက် … ရယ်မောလိုက်နဲ့ ပွဲကျနေကြတယ် ၊

နောက်တော့အဖွဲ့ထဲက ကိုရွှေအုန်း က စကားစလိုက်တယ်

“ ကျုပ်ဖြင့် ခင်ဗျားတို့နဲ့အတူတူ ဖြတ်သန်းရုန်းကန်ခဲ့ကြရတဲ့

ငယ်ဘဝကိုပြန်တွေးမိတိုင်း ဘယ်တော့မှ မေ့မရတဲ့အကြောင်းအရာလေးတစ်ခုက

တို့တွေ မေခမြစ်ချောင်းဖျားမှာ ကျုပ်တိုင်တွေ သရဲခြောက်ခံရတာကို မေ့မရဆုံးပါပဲ ”

ဒီစကားကို ကိုကျော်မြင့် က ဝင်ထောက်လိုက်တယ်

“ ဟုတ်ပါ့ဗျာ…ခင်ဗျားတို့ ပြောပါ့ပြောပါ့မလားလို့…

ကျုပ်လည်းအဲ့အဖြစ်ကိုအခုထိ မေ့မရသေးဘူး…အိမ်က သားသမီးတွေ

တူ ၊ တူမတွေကိုလည်းအမြဲတမ်းပြောပြဖြစ်တယ်ဗျို့… ၊ တို့အသက်တွေက ငါးဆယ်ကျော်

ခြောက်ဆယ် ခြေလှမ်းလှမ်းနေပေမယ့်အဲ့အဖြစ်တွေကိုအခုထိကိုမေ့မရသေးဘူးဗျာ ”

သူတို့နှစ်ယောက်စကားကိုကြားမိတဲ့ ကျွန်တော်ကအရမ်းစိတ်ဝင်စားမိသွားရင်း

သူတို့ရှေးဟောင်းနှောင်းဖြစ်တွေပြောနေတဲ့ စကားလုံးတွေကြားထဲ ကျွန်တော့်အတွေးတွေလည်း

တဖြည်းဖြည်း…လွင့်ပါ….လွင့်မြောသွားမိတော့တယ်……… ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အကြောင်းအမျိုးမျိုးနဲ့ သစ်လုပ်ငန်းတစ်ခုမှာ ခင်မင်ခဲ့ရတဲ့

အသက်နှစ်ဆယ်ကျော်ဝန်းကျင် လူငယ်တစ်စု …….အခုတော့ သူတို့ထဲကအသက်အကြီးဆုံး

လှဖြိုးက သူ့မိတ်ဆွေတွေအလုပ်အကိုင်အဆင်ပြေတယ်လို့ပြောတဲ့နေရာနောက်ကို

သူတို့တွေအရဲစွန့်ပြီး လိုက်ပါလာခဲ့ကြရပြီ …

လူငယ်တွေဆိုပေမယ့်အသိစိတ်အပြည့်ရှိကြတဲ့ လူငယ်လေးတွေ ….

သူတို့ကိုယ်စီကိုယ်စီမှာ မိဘနဲ့အောက်ကအငယ်မောင်နှမတွေ ရှိနေကြတယ်လေ ၊

ဒီလို မိသားစုလေးတွေအတွက် သူတို့တွေ ပညာရေးကိုစွန့်လွတ်ခဲ့ကြရပြီးတော့

ဘဝမှာ ပျော်ရာကိုမနေ တော်ရာအရပ်ဆီ ငွေကြေးမျက်နာတစ်ခုတည်းကိုကြည့်ပြီး

ထွက်ခွါလာခဲ့ကြတယ် ၊ ဒီခရီးစဉ်က သူတို့အတွက်အသက်အာမခံချက်မရှိ ၊

ဆေးဝါးအာမခံချက် ၊ ဘဝအာမခံချက်မရှိ ၊ ကိုယ်ဖြစ်ကိုယ်ခံ … သေသေကြေကြေ ၊

သေရင်မြေကြီး ရှင်ရင် ရွှေထီးဆိုတဲ့အတိုင်း ဆုံးဖြတ်ချက်တစ်ခုတည်းအတွက်ကြောင့်

ကံထက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာကိုလက်ခံပြီး လိုက်ပါလာဖြစ်ခဲ့ကြတယ် ။

မြန်မာပြည်ရဲ့ ကချင်ပြည်နယ်မှာရှိတဲ့ မေခမြစ်ဖျားတစ်နေရာဆီကို သူတို့

ဦးတည်လာခဲ့ကြတယ် ၊ မေခမြစ်က ပူတာအိုရေခဲတောင်တွေကနေ စီးလာတဲ့

ရေခဲရေတွေနဲ့ ပြည့်နေတဲ့ မြစ်တစ်ခုပေါ့ ၊ မေခမြစ်ဆိုတာ တနည်းပြောရရင်

ဧရာဝတီမြစ်ကြီးရဲ့ မိခင်လို့ဆိုလို့ရတယ် ၊ မလိခမြစ်ကတော့ တစ်ဖက်ပေါ့… ၊

မေခမြစ်ကိုလူတိုင်းသိကြပေမယ့် မေခမြစ်ဖျားက သူတို့လူစုသွားတဲ့နေရာကိုတော့

လူအရောက်အပေါက်နည်းပြီး လူမရောက်သလောက်နီးပါးရှိနေတဲ့ နေရာပေါ့ ၊

အဲ့ဒီ့နေရာမှာ မြစ်ထဲ မြစ်အောက်နားအထိ ရေငုတ်ပြီးတော့ ရေအောက်ရွှေအရိုင်းတွေကို

ရှာဖွေ…မြို့ပေါ်ရောက်ရင် ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းရင်းအသက်မွေးတဲ့အလုပ်ကို

လုပ်ဖို့အတွက် သူတို့လူစုရောက်လာခဲ့ကြပြီ ၊ ဒီအလုပ်က ဘေးမကင်းသလို ကြာကြာလုပ်ရင်

အသက်အန္တရယ်ရနိုင်ပြီး ရောဂါပါအမြစ်တွယ်စေတဲ့အလုပ်မျိုးလေ…လွယ်တော့မလွယ်ဘူး ။

သူတို့လူစု ရောက်ရောက်ခြင်း ပထမနေ့မှာတော့ ယာယီတဲလေး ထိုးဖို့

နေရာကို ရှာကြတယ် ၊ တစ်နေရာရောက်တော့ မြေနေရာသိပ်ကောင်းပြီးတော့

တဲထိုးဖို့အရမ်းအဆင်ပြေလောက်တဲ့ ကုန်းပြန့်လေးတစ်ခုကို တွေ့လိုက်ကြရတယ် ၊

အဆင်သင့်ချက်ကအဲ့ဒီ့ ကုန်းပြင်ပြန့်လေးဘေးနားမှာ စမ်းချောင်းသေးသေးလေးတစ်ခုက

ရှိနေပြန်တယ် ၊ ဒီလိုနဲ့ သူတို့တွေ ယာယီတဲငယ်လေး ထိုးဖြစ်ခဲ့ကြတယ် ၊

လူကအားလုံးပေါင်း လေးယောက် ၊အစ်ကိုကြီးလှဖြိုး ၊ ကိုတိုးမောင် ၊ ကိုရွှေအုန်း နဲ့

ကိုကျော်မြင့် ….. ။

စစအိပ်ခြင်းညမှာပဲ သူတို့အတွက်အတွေ့အကြုံထူးတစ်ခုကို

မြည်းစမ်းခွင့်ရခဲ့တယ်လေ ၊အဲ့ဒီ့အတွေ့အကြုံဆိုတာ………….

အဖွဲ့ထဲကအသက်အကြီးဆုံးအစ်ကိုကြီးလှဖြိုး…. သူအရင်စကြုံခဲ့ရတာ ၊

အစ်ကိုကြီးလှဖြိုးက တစ်နေကုန် ခရီးပန်းလာတော့ ပင်ပင်ပန်းပန်းနဲ့ တစ်ခါတည်း

အိပ်ပျော်အောင်အိပ်နေရင်အိပ်မောကျနေတုန်း သူ့ခြေထောက်ကို

အေးစက်စက်အရာကြီးတစ်ခုက ရစ်ပတ်ကိုင်တွယ်လိုက်ရင်း တစ်ဖြည်းဖြည်း တင်းလာတော့မှ

ဆက်ခနဲ ဆောင့်ဆွဲချသွားလိုက်တာ…တဲထဲက ယာယီရိုက်ထားတဲ့

ခါးလောက်သာသာအမြင့်ရှိဝါးကွပ်ပျစ်လေးပေါ်ကနေအစ်ကိုကြီးလှဖြိုးတစ်ယောက်

လျောခနဲ တရွတ်တိုက်အိပ်လျက်သားကြီး ပါသွားလိုက်တာ ကိုယ်တစ်ပိုင်းလုံး

တဲအပြင်ဘက်ရောက်မှအော်ဟစ် ဆဲဆိုနေပါလေရော …

အစ်ကိုကြီးလှဖြိုးရဲ့ ဆဲဆိုသံတွေကိုကြားတော့အတူတူအိပ်နေကြတဲ့သူတွေလည်း

လန့်နိုးလာကြပြီးအနီးက ဓါးကိုကိုင်ရင်း တဲအပြင်ထွက်ကြည့်လိုက်တော့

ဘာဆို ဘာမှ…..မမြင်ကြ ၊ ဘာမှလည်း ရှိမနေ…. ၊ ဒါဆိုအစ်ကိုကြီးလှဖြိုး

ဘာလို့အော်ဆဲနေရတာလဲ……

“အစ်ကိုကြီးလှဖြိုး ဘာလို့ ဆဲနေတာလဲ…..

အိပ်မက်ယောင်တာလား…… လာလာအထဲပြန်ဝင်ကြရအောင် ”

တိုးမောင်ချော့ခေါ်လာလို့ ဒေါသတွေထွက်ပြီး တရှုးရှုးဖြစ်နေတဲ့

အစ်ကိုကြီးလှဖြိုးက တဲအထဲလိုက်လာပြီး ခဏအကြာမှ ပြန်အိပ်သွားတယ်… ၊

မနက်ရောက်တော့လည်းအလုပ်ကိစ္စတွေနဲ့အကုန်ရှုပ်နေကြတော့ သူတို့တွေ

ညကအစ်ကိုကြီးလှဖြိုး တရေးနိုး ထ ဆဲ တဲ့အကြောင်းအဖြစ်အပျက်ကို

မမေးဖြစ်ကြဘူး… ၊ ဒုတိယညမှာလည်း တစ်နေကုန်အလုပ်ပင်ပန်းထားကြတော့

ညစာ စားပြီးတာနဲ့ တန်းအိပ်ပျော်သွားကြတယ် …..

အိပ်မောကျနေတုန်းမှာ……အဖွဲ့ထဲက ဒုတိယအသက်အကြီးဆုံးဖြစ်တဲ့

ကိုရွှေအုန်းတစ်ယောက် ထူးခြားတာကို ကြုံရပြန်တယ် ၊

ကိုရွှေအုန်းအိပ်နေတုန်း ကိုရွှေအုန်းရဲ့ ခြေထောက်ကို တစ်ယောက်ယောက်က

လာပုတ်နှိုးလိုက် ခြေထောက်ကနေ တဖြည်းဖြည်း ပုတ်နေတဲ့လက်က တက်လာလိုက်တာ

ပုခုံးနာအထိရောက်လာမှ ကိုရွှေအုန်း လည်းအေးစက်တဲ့ လက်ကြောင့် ထထိုင်လိုက်တယ်

တစ်ဆက်တည်းမှာလည်းအော်မေးလိုက်တယ်

“ ဘာလဲကွာ ဒီမှာအိပ်နေတာကို….. ”

သူအနောက်လှည့်ကြည့်လိုက်တော့ သူ့ကျောဘက်မှာ တဲနံရံလေးအပြင်

ဘယ်သူမှရှိမနေတာကိုမြင်လိုက်ရတယ်… သူနဲ့မျက်နာချင်းဆိုင်မှာတော့ တိုးမောင်က

အိပ်မောကျနေလိုက်တာ ဟောက်တောင်ဟောက်နေပြီ… ၊ နားထဲမှာလည်း ထူးခြားတဲ့

အသက်ရှုသံပြင်ပြင်းကြီးတွေကိုကြားနေရတော့ ဘာပြောကောင်းမလဲ ကိုရွှေအုန်းလည်း

ခြေထောက်လေးကို ကွေးလိုက်ရင်း မျက်စိကိုအသေမှိတ်ထားမိလိုက်တယ် ၊

ကိုရွှေအုန်း မျက်စိမှတ်ထားတုန်းမှာပဲ သူကမျက်နာကို တစ်ယောက်ယောက်က

တဖူးဖူး လေအေးစက်စက်ကြီးတွေနဲ့ လာမှုတ်နေတာကို ခံစားမိလိုက်တယ် ၊

တဲအပြင်ဘက်ကလေက မျက်နာတည့်တည့်ကို တိုးဝင်လာတာ လုံးဝမဟုတ်မှန်း

ကိုရွှေအုန်း သေချာသိလိုက်ပြီး မျက်လုံးကို မျက်ရည်ကျမတက် မှိတ်ထားမိရင်

တစ်ညတာ မြန်မြန်ကုန်ဖို့ဆုတောင်းနေမိခဲ့တယ်………… ၊

မနက်မိုးသောက်ပြန်တော့ ကိုရွှေအုန်း ညကသူကြုံခဲ့ရတဲ့အကြောင်းတွေ

သူငယ်ချင်းတွေကို ပြောပြချင်မိတယ်… ဒါပေမယ့် သူ့ကိုတစ်ခြားသူတွေက

ရူးနေတယ်လို့ပြောမှာတွေ ၊အသက်ကြီးပြီး ကြောက်တတ်လိုက်တာလို့

ပြောမှာတွေကို တွေးပူပြီးအတွေးတွေကို တစ်ယောက်တည်း သဂြိုလ်လိုက်ရင်း

အလုပ်ထဲကိုပဲအားရုံစိုက်ထားမိလိုက်တယ်…. ။

ဒီညကတော့ ကိုကျော်မြင့်ရဲ့ ညလို့ ဆိုရမယ်

ဟုတ်တယ်…မနက်က ပင်ပန်းနေတာနဲ့အစားအသောက်ကို မဆင်မခြင်စားလိုက်မိတော့

ကိုကျော်မြင့်တစ်ယောက် ပန်းကမ္ဘာထဲကို ရောက်နေရရှာတယ် ၊ ဝမ်းတွေဆက်တိုက်သွားနေတော့

ညဘက်ကို ကောင်းကောင်အိပ်မရဖြစ်နေတယ် ၊အိပ်ပျော်မယ်လုပ်ရင် ဗိုက်ကနာလာပြန်ရင်နဲ့

အခေါက်ခေါက်အခါခါဖြစ်နေရတယ် ၊အခုလည်းပြောရင်းဆိုရင်း ကိုကျော်မြင့် ဗိုက်တွေ

မဟားတရား နာလာတော့ သစ်ပင်တစ်ချို့အကွယ်လေးမှာအခင်းသွားနေမိတယ် ၊

လူဆိုတဲ့သဘောက တစ်ယောက်တည်းဆို ကျောမလုံတတ်တဲ့သဘောအတိုင်း

ညမှောင်မှောင်ထဲမှာ ကိုကျော်မြင့် ဓါတ်မီးလေးနဲ့ ဟိုထိုးလိုက် ဒီထိုးလိုက်နဲ့

နည်းနည်းတော့ ကြောက်စိတ်ဝင်နေမိတာအမှန်ပဲ ၊ မမြင်ရတဲ့အရာတွေကိုလည်း

ကြောက်နေမိသလို မြင်ရတဲ့ သတ္တဝါရိုင်း မြွေတွေ ၊ ကင်းတွေကိုလည်း ကြောက်နေမိတယ် ၊

ဗိုက်ကလည်း နာနေတုန်း….ကိစ္စကလည်းမပြီးသေဖြစ်နေတုန်းမှာ

လက်ထဲက ဓါတ်မီးက ရုတ်တရက်အားကျသွားပြီး မှိတ်သွားပါလေရော… ၊

ဓါတ်မီးလေးအားကုန်သွားတော့ ကိုကျော်မြင့် ကိုယ့်ကိုကိုယ်အားခဲထားဖို့အတွက်

ပါးစပ်ထဲမှာ ဆေးလိပ်တိုလေးကိုအားတင်းဖွာနေရင်း ဆေးလိပ်တိုက ရဲခနဲ ရဲခနဲဖြစ်သွားတုန်း

သူနဲ့မျက်နာချင်းဆိုင်ခြုံထဲကနေ တောတိုးသံလိုလို လေတိုးသံလိုလို ကြားလိုက်ရတယ်.. ၊

ကြောက်စိတ်ဝင်မိသွားလို့ထင်တယ် ကိုကျော်မြင့်လည်း ဆေးလိပ်ကိုအသာအယာလေး

မီးသတ်လိုက်ရင်း ကိစ္စကိုရှင်းပြီးတော့ တဲထဲကို ဝင်သွားလိုက်တယ်… ၊ တဲထဲရောက်တော့

ခြေထောက်မလုံသလိုနဲ့ တဲအပြင်ကိုတစ်ချက်လှမ်းကြည့်မိလိုက်တော့ သူမြင်လိုက်ရတာက

သူအခင်းသွားခဲ့တဲ့အပင်အောက်မလှမ်းမကမ်းနားက သူဖွာခဲ့တဲ့ ဆေးလိပ်ပစ်ခဲ့တဲ့နေရာကနေ

တစ်ယောက်ယောက်က ဆေးလိပ်ထိုင်ဖွာနေသလို ဆေးလိပ်မီးရောင်အနီးရောင်လေးကို

ရဲခနဲ ရဲခနဲ တွေ့လိုက်ရတော့တာပါပဲ….. ၊ ထုံးစံအတိုင်း စောင်လေးကို

ခေါင်းလုံအောင်ခြုံထားလိုက်ရင်းအေးနေတဲ့အချိန်ကြီးမှာတောင် ဇောချွေးတွေ

တလုံးလုံးနဲ့အိပ်ပျော်သွားမိတယ်… ၊ တစ်ညလုံး ဗိုက်နာနေတာတောင် လုံး၀

မထရဲတော့ဘဲ မနက်လင်းအာရုံအလင်းရောင်လေး မြင်တော့မှ သူငယ်ချင်းတွေ

နိုးပြီဆိုတော့မှအားချင်းထွက်ပြေးပြီး ကိစ္စရှင်းလိုက်ရတဲ့အထိဖြစ်ခဲ့ရတယ် ၊

ဒါပေမယ့် ဒီကိစ္စကို မယုံကြမှာစိုးလို့ ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ဘူး…. ။

စရောက်တဲ့ညကစပြီး တစ်ယောက်ပြီးတစ်ယောက်အခြောက်အလန့်

ခံထားရတာကနေအခုတော့ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ကိုတိုးမောင်အလှည့်ကတော့

မခေါ်ပဲကိုရောက်လာခဲ့ရပြီ…. ၊

အားလုံးကအခြောက်အလန့်ခံထားကြရတော့ ညဆိုရင်အကြောင်းအမျိုးမျိုးပြပြီး

စောစောအိပ်ယာဝင်တတ်ကြတယ် မနက်ဆိုရင်လည်းအစောကြီး ထတတ်ကြတယ် ၊

ဘယ်သူမှ စောပြီးတစ်ယောက်တည်း တဲထဲမှာအိပ်ယာမဝင်တတ်သလို ဘယ်သူမှလည်း

ငါနိုးပြီဟေ့ဆိုပြီး တစ်ယောက်တည်း တဲအပြင်မထွက်ရဲကြတော့တာအမှန်ပဲ ၊ ဒါကို

မကြုံဖူးတော့ မသိသေးတဲ့သူဆိုလို့ ကိုတိုးမောင် တစ်ယောက်တည်း ကျန်တော့တယ် ၊

အခုကတော့ ကျိန်းသေပေါက် ကိုတိုးမောင်အလှည့်ရောက်လာပြီလေ…. ၊

ကိုတိုးမောင် ကြုံတာကျတော့ ပိုဆန်းတယ်

ထူးထူးဆန်းဆန်း ဒီညကျမှ ကိုတိုးမောင်အိပ်မပျော်ဖြစ်နေတယ် ၊ လဖ္ဘက်တွေ တအားစားမိထားလို့

ထင်တယ် မျက်လုံးတွေကြောင်နေပြီးအိပ်မရဖြစ်နေတယ် ၊ ကြိုးစားလူးလှိမ့်ပြီးအိပ်ဖို့လုပ်နေတုန်း

သူတို့ခြေဆင်းထားတဲ့ တဲအဝင်ပေါက်နားမှာ လူတစ်ယောက် ဒါမှမဟုတ် တစ်ယော်ထက်ပိုတဲ့လူတွေ

ရပ်နေကြတယ်လို့ စိတ်ထဲကအလိုလို ခံစားမိနေတယ် ၊ သူ့ခံစားမှုအတိုင်း စူးစမ်းချင်တော့

ခြေရင်းကို တစ်ချက်လှမ်းကြည့်မိလိုက်တယ် ၊အမှန်ပါပဲ ခြေရင်းဘက် တဲအဝင်ပေါက်နားမှာ

အကျီ ၤ စုတ်စုတ်ပျက်ပျက်နဲ့ နွမ်းလျှနေတဲ့ပုံစံနဲ့အမျိုးသားတစ်ယောက်ကိုမြင်လိုက်ရတယ် ၊

သူ့ပုံစံက ရန်လိုချင်တဲ့ပုံမှန်း တန်းသိနိုင်တယ် ၊ ထူးခြားတာက သူ့မျက်နာအနေအထားကို

လုံး၀ ပုံဖမ်းလို့မရဘူး ၊ မျက်လုံးရဲ့အလုပ်လုပ်ပုံမှာ သူတို့မျက်နာကို ပုံဖော်ပေးနိုင်လောက်တဲ့

အာရုံခံစားချက် မပါလောက်ဘူး ၊ ဝိုးတဝါးမျက်နာနဲ့ လူစိမ်းတစ်ယောက်ကို ကိုတိုးမောင်

မြင်လိုက်တော့ ရန်ပြုမယ့်သူမှန်းလည်းသိနေတာမို့ ချက်ချင်း သူငယ်ချင်းတွေကို နှိုးပြီး

အသိပေးဖို့ ထအော်လိုက်ရင်း ဘေးကဓါးကိုကိုင်ဖို့ ပြင်လိုက်တယ် ၊ ဒါပေမယ့်

ကိုတိုးမောင် တစ်ကိုယ်လုံး ရေခဲရိုက်ထားသလိုအေးစက်နေပြီး လှုပ်ရှားမရတဲ့ လူသေလို

ဖြစ်နေပြန်တယ်…အသံတွေကလည်း ပါးစပ်သာလှုပ်နေတယ်အပြင်ကို လုံး၀အသံထွက်မလာဘူး ၊

လူတစ်ကိုယ်လုံး စပါးကြီးမြွေတစ်ကောင်အငြို့ခံထားရသလို ဖြစ်နေပြီး လှုပ်မရ ၊အော်မရ

အခြေအနေဖြစ်နေတုန်း ဘယ်ကနေဘယ်လို သူ့အနားရောက်လာမှန်းမသိတဲ့အပေါက်ဝက

လူစိမ်းက ကိုတိုးမောင်ရဲ့ လည်ပင်းကို သူ့လက်ကြီးတွေနဲ့အားရပါးရ ညစ်ပါလေရော… ၊

လက်ကြီးတွေကအေးစက်နေပြီး လူတစ်ယောက်လည်ပင်းညှစ်နေတာထက်စာရင်

သံကြိုးကြီးတွေနဲ့ ဆွဲရစ်ထားသလိုမျိုး လည်ပင်းရိုး ကျိုးခံရမယ့်အထိလောက်ကို

ခံစားနေရရင်း ဝေဒနာကြောင့် သေရတော့မှာကို ကိုတိုးမောင် သိလိုက်တယ် ၊

မျက်လုံးတွေကလည်း ပြာပြီး ဘာမှကိုမမြင်ရတော့ဘူး ၊ ကိုယ်ကလည်း လှုပ်မရ ၊

အသက်ရှုလည်း ရပ်နေပြီ…မျက်နာတစ်ခုလုံး ရဲရဲနီနေပြီးတော့ မျက်လုံးတွေ တဖြည်းဖြည်း

ပြူးကျယ်လာတယ် ၊ လျှာကအလိုလျှောက်အပြင်ကို ထွက်စပြုနေပြီ ၊ သေခါနီးအချိန်မှာ

ကိုတိုးမောင် နောက်ဆုံးအနေနဲ့ သတိရလိုက်မိတာ သူငယ်ငယ်အရွယ်လေးမှာ

အမေလုပ်တဲ့သူက ဘုရားစာကို နှုတ်တိုက်သင်ပေးတော့ သရဏဂုံကို တဖြည်းဖြည်း

ပီပီသသရွတ်တတ်လာအောင် သင်ပေးတဲ့အချိန်ကို ပြန်သတိရမိသွားတယ် ၊

အမေ့ကိုလွမ်းတဲ့စိတ်နဲ့အတူအမေသင်ပေးခဲ့တုန်းက နှုတ်တိုက်ရွတ်နေမိတာကိုလည်း

ပြန်အမှတ်ရနေပြီးတော့ နာကျင်မှုတွေကြောင့် မျက်ရည်တွေ စီးကျလာတဲ့ကြားက

ပါးစပ်မလှုပ်နိုင်ဘဲ စိတ်ထဲက ငယ်ဘဝက ဆိုခဲ့ဖူးတဲ့အတိုင်း သရဏဂုံကို

ပီပီသသလေး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ရယ်လို့ ရွတ်မိယုံရှိသေး သူခံစားနေရတဲ့ ဝေဒနာတွေက

ယူပစ်သလို ပျောက်သွားပြီး သူ့ကိုလည်ပင်းညှစ်နေတဲ့ ပရလောကသားကလည်း ပျောက်သွားတယ် ၊

ချက်ချင်းဆိုသလို ချောင်းတွေဆက်တိုက်ဆိုးပြီး မောနေတဲ့ကြားက

သူငယ်ချင်းတွေကိုအကူအညီတောင်း...... ဘေးနားမှာအိပ်နေတဲ့သူငယ်ချင်းကိုလည်း

လက်နဲ့ ပုတ်နိုးနိုင်လာခဲ့ပြီးအသက်ချမ်းသာရာ ရနိုင်ခဲ့ရတယ် ။

သူငယ်ချင်းတွေက ဘာဖြစ်တာလဲမေးတော့ ကိုတိုးမောင် မကွယ်မဝှက်တမ်း

သူကြုံခဲ့တာကို ဖွင့်ချပြလိုက်မှ ကျန်တဲ့သူငယ်ချင်းတွေကလည်း သူတို့တွေ ကိုယ်စီကြုံခဲ့တာတွေကို

ဖွင့်ချပြရင်း နောက်ဆုံး သူတို့အားလုံး တစ်ယောက်တစ်မျိုးစီ ဒီနေရာမှာအခြောက်အလန့်ခံနေရမှန်း

သိသွားကြတော့တယ် ၊ ဒီနေရာက မြေမသန့်မှန်းကိုလည်း ရိပ်စားမိသွားကြပြီး

အစ်ကိုကြီးလှဖြိုးကိုယ်တိုင်ဦးဆောင်ပြီးအခြားနေရာတစ်နေရာမှာ တဲလေးပြောင်းထိုးရင်း

နေရာရွှေ့စေခဲ့တယ် ၊ နောက်ပိုင်း သူတို့လိုမျိုး ရွှေလာငုတ်ကြတဲ့ ဒေသခံတွေနဲ့တွေ့တော့

စကားစပ်မိလို့ပြောကြည့်မှ သိလိုက်တာက သူတို့တွေအရင်က စခန်းချခဲ့တဲ့ နေရာလေးဆိုတာ

တစ်ချိန်က တံငါသည် လင်မယားနှစ်ယောက် ရေနစ်သေလို့ မြေမြှုပ်ထားတဲ့ မြေနေရာလေး

ဖြစ်နေမှန်းသိလိုက်ရတယ် ။

သူတို့မြေပုံပေါ်မှာ လာနေတာကို မကြိုက်လို့အနှောက်အယှက်ပေးတယ်ဆိုတာကို

ပိုပြီး သိသွားခဲ့ကြတယ်လေ …. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဦးလေး နဲ့ သူ့သူငယ်ချင်းတွေရဲ့ ရှေးဟောင်းနှောင်းဖြစ် သရဲခြောက်ခံရတဲ့

ဖြစ်စဉ်လေးကိုအပြန်အလှန်ပြောနေကြတာကို ဘေးနားကနေ နားထောင်နေမိတဲ့

ကျွန်တော့်အတွက်တော့ ညဘက်ဆိုရင် ခြေဆန့်မအိပ်ရဲလောက်တဲ့အထိ

အတွေးများစေခဲ့တဲ့ ပရဇာတ်လမ်းဖြစ်ရပ်မှန်ဝတ္တုတစ်ပုဒ်ကို ဖတ်လိုက်ရသလိုပါပဲ

ကျွန်တော့်အတွက်တော့ ကာယကံရှင် ဦးလေးတွေ နေခဲ့ကြတဲ့ တဲထဲမှာ

ကိုယ်ဝင်အိပ်နေမိသလို ခံစားရတဲ့ ဇာတ်ကောင်အဖြစ် မကြာမကြာ

အိပ်မက်ဆိုးတွေ မက်နေမိမှာကို စိုးနေမိတာအမှန်ပါပဲ ၊ တကယ်လို့

အဲ့လိုမျိုးကြုံခဲ့ရင်တောင် ဦးလေး တိုးမောင်လို သရဏဂုံကိုတော့ မမေ့လျော့အောင်

အာဂုံဆောင်ထားနိုင်မှ တော်ကာကျမယ်ဆိုတာအသေအချာပေါ့……. ။

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 01.7.2019 ( 12 : 57 Am )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..