
“အောင်ထူးရေ......ဝေး...အောင်ထူး ”
“အောင်ထူးရေ......ဝေး...အောင်ထူး ”
“ ဘယ်သူလဲဟေ့ ”
“ ဂွတိုပါအရီး ”
နွားတင်းကုပ်နှင့်မလှမ်းမကမ်းတွင် မီးလှုံနေသည့်အောင်ထူး၏ကြီးတော် ဒေါ်စန်းမြကအသံပြုလိုက်သဖြင့် ဂွတိုက ဒေါ်စန်းမြထံသို့ လျှောက်လာလေသည်။
“အောင်ထူးရှိလား ”
“အိပ်နေတုန်းဟဲ့။ စောစောစီးစီး ဘာလုပ်ကြမလို့လဲ ”
“ မြေပဲခင်းထဲမှာ ပွေးစုံ့ဖမ်းရင်း တောလည်မလို့ ”
“အိမ်ပေါ်တက်ပြီး နင့်ဟာနင် သွားနှိုးချေ ”
“ ဟုတ်ကဲ့အရီး ”
ဂွတိုကအိမ်ပေါ်တက်သွားပြီးအိမ်ရှေ့တွင်အိပ်နေသည့်အောင်ထူး၏ခြင်ထောင်ကိုဆွဲဖြုတ်လိုက်သောကြောင့်အောင်ထူး တစ်ယောက်အိပ်မှုန်စုံမွှားဖြင့် ထထိုင်လိုက်သည်။
“ ဟေ့ကောင်။ ငါအိပ်နေတာ ဘာလို့နှောက်ယှက်ရတာလဲ ”
“ မသာကောင်၊ မနက်ငါးနာရီထိုးပြီကွ။ မင်းပဲ ကိုင်းထဲသွားရင်း တောလည်မလို့ဆို ”
“ ခဏလောက်ပြန်အိပ်ဦးမယ်ကွာ ”
“ သောက်ပျင်းထူမနေနဲ့ဟေ့ကောင်၊ မြေပဲခင်းတွေလည်း ပွေးစုံ့တွေဝင်စားတာနဲ့ ကုန်တော့မယ် ”
“အေးပါကွာ။ ထပါပြီဟ ”
အောင်ထူးက ပြောပြောဆိုဆိုဖြင့်အိပ်ရာမှလူးလဲထကာ ပုဆိုးကိုပြင်ဝတ်၍အိမ်အောက်သို့ ဆင်းသွားသဖြင့် ဂွတိုလည်းအောင်ထူးနောက်သို့လိုက်သွားလေသည်။
“ ဂွတို ”
“ ဘာလဲအောင်ထူး ”
“ ပွေးထက် တောဝက်ကို စိတ်ဝင်စားတယ်ကွ။ တောဝက်သာရရင် ငါတို့ပိုက်ဆံရပြီ ”
“ ပွေးဆိုလည်း ပိုက်ဆံရတာပဲလေကွာ။ ကိုယ်စားဖို့ကျန်ရင်တောင်ကံကောင်း ”
ဂွတိုပြောတာလည်း ဟုတ်ပါသည်။ ပွေးသတ္တဝါသည် ကြွက်နှင့်ဆင်တူသော်လည်း ကြွက်ကဲ့သို့အမြင်အာရုံမကောင်းကြပေ။ မြေပဲခင်းထဲ ပွေးကျပြီဆိုပါက မြေပဲပင်များသေကုန်ပြီး မြေပဲအထွက်နှုန်းနည်းသွားတတ်သည်။ တွင်းအောင်းသတ္တဝါဖြစ်သည့် ပွေးများသည်အမြင်အာရုံ မကောင်း သော်လည်းအလွန်ဉာဏ်များကြသည်။ မြေတွင်းတူးရာတွင် ဝင်လမ်း ထွက်လမ်းနှင့် ပြေးပေါက်များကို ဖောက် လုပ်ထားတတ်သည်။ ပွေးတွင်းကို တူးမည်ဆိုပါက တွင်းတစ်လျှောက်လိုက်တူးရသည်။ တောင်ဘက်မှတူးလျှင် မြောက်ဘက်သို့ပြေး တတ်သည်။ ညှပ်ပူးညှပ်ပိတ် တူးနိုင်မှ တော်ကာကျသည်။ ပွေးစုံ့ကိုရှာဖွေပြီး တွင်းလမ်းကြောင်းတစ်လျှောက်တူးဆွရသည်။ ပွေးစုံ့ ဆိုသည်မှာ မြေကြီးကိုတူးဆွထားသည့် မြေစာကိုဆိုလိုခြင်းဖြစ်သည်။ ပွေးသည်အလွန်စားကောင်းသည်။ ဆူဖြိုးနေသည့် ပွေးတစ် ကောင်ရပြီဆိုပါက ဝက်သားနှင့်ပင်မလဲနိုင်ပေ။အခါက်၊အဆီနှင့်သုံးထပ်သားက ဝက်သားနှင့်ဆင်ဆင်တူသော်လည်းအလွန်အရ သာရှိပေ၏။
ပွေးတွင်းတူးမည်ဆိုပါကလည်း မြေပဲခင်းအနှံ့တူးရပေမည်။ တွင်းတစ်တွင်းတွင် ပွေးတစ်ကောင်သာရှိတတ်သလို ကံကောင်းပါက သုံးလေးကောင်းရတတ်သည်။
“ ပွေးတူးရင် မြေပဲခင်းတွေ ပျက်ကုန်မှာပေါ့ ဂွတိုရာ ”
“ ဒါဆို လက်ပိုက်ကြည့်နေတော့မလား။ ပွေးတွင်းကိုဆွပြီး တွင်းအရင်းရောက်လို့မှ ပွေးမတွေ့ရင် ရေသွင်းပြီးဖမ်းမယ်လေ ”
“ ပွေးကို ခဏထားလိုက်ပါကွာ။ တောဝက်တစ်ကောင်ရရင် ပိုက်ဆံမြိုးမြိုးမြက်မြက်ရတယ်ကွ။ ပွေးကို နောက်မှဖမ်းမယ်။ ဒီနေ့ရိုးပေါ် တက်မယ် ဂွတို။ လိုအပ်တဲ့ပစ္စည်း တွေပြန်ယူထား။ လင်းလွန်းတောင်ပေါ်မှာ တောဝက်တွေပေါတယ် ”
“ သဘောပဲကွာ။ မင်းမှာသေနတ်ရှိနေတာပဲ။ ငါ ဘာမှယူစရာမလိုတော့ဘူးလေ ”
“ ကျွတ်.....အသံထွက်လို့မရတဲ့နေရာတွေမှာ မင်းရဲ့ဒူးလေးနဲ့ပစ်မှဖြစ်မှာပေါ့ကွ ”
“ ဒါဆိုလည်း ပြီးရောကွာ။ မင်း မျက်နှာသစ်ပြီးစောင့်နေ။ ငါအိမ်ပြန်လိုက်ဦးမယ် ”
“ မနက်စာ စားပြီးမှသွားကြမယ် ”
“ သဘောပဲ ”
ဂွတိုအိမ်ပြန်သွားသည့်အခါအောင်ထူးက မျက်နှာသစ်ရန် စဉ့်အိုးရှိရာသို့ သွားလေသည်။ ပွေးတူးရသည်မှာ လွယ်သည့် ကိစ္စမဟုတ်ပေ။အချိန်အတော်ယူမှ တစ်ကောင်စ နှစ်ကောင်စသာ ရတတ်သည်။အချိန်ငါးဆယ်ရှိသည့် တောဝက်တစ်ကောင်ကိုရပါက တွက်ခြေကိုက်သည်။
မျက်နှာအမြန်သစ်ကာအိမ်ပေါ်သို့ပြန်တက်ပြီး လက်လုပ်သေနတ်ကို စစ်ဆေးလေသည်။ လက်လုပ်သေနတ်ဆိုသော်လည်း သေနတ်အစစ်နှင့်မခြား လက်ရာပြောင်မြောက်သည်။ ထိုလက်လုပ်သေနတ်အားအောင်ထူး၏ဖခင်ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျီသရီးကျည်ဆန်ဖြင့် ပစ်ခတ်ရသည့် ထိုသေနတ်သည်အမဲကောင်ပေါင်းများစွာကို ဇီဝိန်ချွေခဲ့ဖူးသည်။ ဖခင်ကြီး မရှိတော့သည့်နောက် ထိုသေနတ်ကိုအောင်ထူး ပိုင်ဆိုင်ခွင့်ရခဲ့သည်။အောင်ထူးလက်ထဲသို့ ထိုသေနတ်ရောက်သည့်အချိန်တွင် ချေနှစ်ကောင်နှင့် တော ဝက်တစ်ကောင်ကို ပစ်ခတ်နိုင်ခဲ့သည်။
“ ဟိုကောင်လေး၊ ထမင်းကြမ်းနဲ့ ပဲခြမ်းသုတ်စားသွားဦး ”
“ ဟုတ်ကဲ့ဒေါ်လေး ”
သေနတ်ပြင်ဆင်နေသည့်အောင်ထူးအား ဒေါ်စန်းမြက ထမင်းစားသွားရန်ပြောနေသဖြင့် သေနတ်ကို နေရာတွင်ပြန်ထားလိုက်ပြီး နောက်ဖေးသို့ ဝင်သွားလေသည်။
“အောင်ထူးရေ...... ”
“ လာခဲ့ဟေ့ကောင်။ ထမင်းစားဦး ”
“ ငါမနက်လေးနာရီကတည်းက စားပြီးပြီ။ ငါ့မှာ မြားဆယ်ခြောင်းပဲပါတယ်။ ဖြစ်မလား ”
“ ဖြစ်ပါတယ်။ ငါ့မှာ ကျည်ဆန်ဆယ်တောင့်ရှိသေးတယ် ”
“ ထပ်မဝယ်ထားဘူးလား ”
“ ပိုက်ဆံမရှိလို့ပေါ့ကွ ”
“ ကျည်ဆယ်တောင့်ဆိုလည်း မနည်းပါဘူးအောင်ထူးရာ။ မင်းစားနှင့်၊ ငါအိမ်ရှေ့က စောင့်နေမယ် ”
“အေး....အေး ”
ထမင်းကြမ်းနှင့် ပဲခြမ်းသုတ်ကိုအမြန်စားလိုက်ပြီး ရေတစ်ခွက်ကိုသောက်ချလိုက်ပြီးနောက်အိမ်ရှေ့သို့ထွက်လာခဲ့သည်။
“ သွားကြရအောင် ဂွတို ”
“အေး....သွားကြမယ်။ ထမင်းနဲ့ ငါးပိလေးတော့ ယူလာခဲ့ကွာ။ ဟိုမှာ ဘယ်လောက်ကြာမယ်မသိဘူး ”
“ ထမင်းကြမ်းပဲရှိတယ်ကွ။ ထမင်းကြမ်းဆိုအထားမခံဘူး။ သိုးသွားလိမ့်မယ်။ ဆန်နဲ့ငါးပိပဲ ယူလာခဲ့မယ် ”
“ ဟုတ်တယ်။ မင်းပြောတာမှန်တယ်။ သွားကြရအောင်ဟေ့ ”
အောင်ထူးနှင့် ဂွတိုတို့ သေနတ်နှင့်ဒူးလေးကိုယ်စီလွယ်ကာ ရွာအနောက်ဘက်ရှိ ရိုးမတောင်ရှိရာသို့ ထွက်လာခဲ့ကြသည်။ မနက်ခြောက်နာရီထိုးခါနီးသော်လည်း ရောင်နီပေါ်စပြုနေလေပြီ။ ဆက်ရက်ငှက်ငယ်လေးများက ဟိုမှသည်မှ နိမ့်ချည်တစ်ခါ မြင့်ချီတစ်လှည့် ပျံသန်းပြီးအစာရှာဖွေနေကြသည်။အစာတောင်းနေသည့် နွားအော်သံများနှင့် လှည်းသံ၊ ခြူသံ၊ နွားငေါက်သံများက တောရွာဓလေ့ကို ဖော်ကျူးနေကြသည်။ မှိုင်းညို့နေသည့် ပဲခူးရိုးမကြီးပေါ်မှ မျောက်အော်သံ၊ တောကြက်တွန်သံများကို သဲ့သဲ့ကြားနေရသည်။ပဲခူးရိုးမကြီးနှင့်အောင်ထူးတို့နေထိုင်သည့် ကျောက်ရေတွင်းရွာလေးသည် သုံးမိုင်သာသာမျှသာ ဝေးပေသည်။ ကျောက်ရေတွင်းရွာမှ ရွာသူရွာသားများသည် ရိုးမတောင်ခြေအနီးမှ တောင်စောင်းများတွင် တောင်ယာစိုက်ပျိုးခြင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် ရာသီအလိုက် မြေပဲ၊ ဖရဲ၊ သခွားများ စိုက်ပျိုး လုပ်ကိုင်ကြသည်။
“ ဆင်ခေါင်းတောင်မှာ တောင်ဆီးဖြူတွေ သီးနေပြီကွ။ ခြုံထူတော့ တောဝက်တွေအသိုက်လုပ်ပြီးအောင်းလို့ရတယ် ”
“ မင်းက လင့်ထိုးပြီးပစ်မှာလား ”
“ လင့်တော့ မထိုးတော့ဘူးကွာ။ ဆီးဖြူပင်တွေနဲ့နီးတဲ့နေရာတစ်ခုခုက သစ်ပင်ပေါ်မှာစောင့်ပြီး ပစ်မယ် ”
“ လင့်ထိုးပြီး ပစ်ကြမယ်အောင်ထူး။ လင့်ထိုးပစ်တာက ပိုသေချာတယ်။ မင်းကောင်တွေက လည်တယ်နော်အောင်ထူး ”
“ လင့်ထိုးဖို့ ဝါးခုတ်ရတာနဲ့တင်အချိန်ကုန်တယ်ကွ ”
“ မင်းက ငါ့ထက်အတွေ့အကြုံပိုရှိတော့ သဘောပဲကွာ ”
“အောက်အီး....အီး...အွတ်.... ”
ရိုးမတောင်ခြေသို့ရောက်သည့်အခါ မလှမ်းမကမ်းရှိ ကြို့ပင်ပေါ်မှ တောကြက်တွန်သံကြားလိုက်ရသဖြင့် ဂွတိုက လေးခွကိုအမြန်ထုတ်ကာ သစ်ပင်ပေါ်မှတောကြက်ကို ရှာဖွေလေသည်။
“ ပစ်မနေနဲ့ကွာ၊ ရိုးပေါ်ရောက်အောင်အမြန်တက်ကြမယ် ”
“ နေစမ်းပါဦးအောင်ထူးရာ။ တောကြက်သားနဲ့ ထမင်းစားရတာ ပိုမကောင်းဘူးလား ”
“ ငါတို့မှာ ဆီမပါ ဆားမပါနဲ့၊ ဘယ်လိုလုပ်ပြီးအရသာရှိမှာလဲ ”
“ ဘာခက်တာမှတ်လို့၊ ကင်စားကြတာပေါ့ကွာ ”
“ ဒါဆိုလည်း ပစ်ကွာ။ ငါ ဟိုသစ်ပင်အောက်မှာ ခဏနားပြီး ထိုင်စောင့်နေမယ် ”
“ ရော့...ဒူးလေးနဲ့ မြားတွေယူထား ”
အောင်ထူးက ဂွတိုလက်ထဲမှ ဒူးလေးနှင့်မြားဘူးကိုယူကာ မြယာပင်ကြီးအောက်တွင်သွားထိုင်ပြီး ဂွတို၏လှုပ်ရှားမှုကို စောင့် ကြည့်နေသည်။ ဂွတိုက လေးခွကိုအသင့်ကိုင်ကာ ကြို့ပင်အောက်မှနေ၍ တောကြက်ကို ရှာဖွေနေလေသည်။ မကြာခင်မှာပင် ဂွတိုထံမှ လေးခွသားရေကြိုးသံကိုကြားလိုက်ရပြီး ကြို့ပင်ပေါ်မှ တောကြက်ဖတစ်ကောင် လေထဲတွင် တလိမ့်ခေါက်ကွေးဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကြလာတော့သည်။
“ ဖြန်း...... ”
“ ဖရူး....... ”
“ တော်တယ်ဟေ့........ဂွတိုရေ့ ”
“ ငါ့လက်ကို ယုံစမ်းပါကွာ ”
တောကြက်ဖကို ကောက်ယူကာ လျှောက်လာနေသည့် ဂွတိုကိုအောင်ထူးက ချီးမွန်းစကားဆိုလိုက်သည်။
“အမွေးမနှုတ်နဲ့ဦး။ စားခါနီးမှ နှုတ်မယ်။ နေမပူခင် တောင်ပေါ်ကိုအမြန်တက်ကြရအောင် ”
“အေး.... ”
ဂွတိုနှင့်အောင်ထူးတို့ စကားမပြောဖြစ်ကြတော့ပဲ ရိုးမပေါ်သို့ ခပ်သွက်သွက် တက်လာခဲ့ကြသည်။ ပေတစ်ရာကျော်မျှမြင့်မားသည့် သစ်ပင်ကြီးများက တစ်ပင်နှင့်တစ်ပင်ယှက်ထားကြသဖြင့် နေရောင်ပင်မထိုးနိုင်ပေ။ မြေပြင်အောက်ခြေရှင်းလင်းနေသဖြင့် သွားရသည်မှာအဆင်ပြေပါသည်။ သို့ပေမယ့် ယခုသွားလမ်းသည် ဆင်သွားလမ်းဖြစ်နေသဖြင့် တောဆင်ရိုင်းများ၏အန္တရာယ်ကိုတော့ သတိထားနေ ရပေသည်။
“ ငါတော့ ဆင်ခေါင်းတောင်ပေါ်ကို မရောက်ဖူးဘူးကွ ”
“ ဆင်ခေါင်းတောင်ကအန္တရာယ်များတယ်ကွ ဂွတိုရ။ ငါကအဖေရှိတုန်းကအဖေနဲ့မကြာခဏရောက်ဖူးတယ် ”
“ ဟုတ်လား။ ဘယ်လိုအန္တရာယ်ရှိတာလဲအောင်ထူး ”
“ ဆင်ခေါင်းတောင်ပေါ်မှာအစောင့်တွေ သရဲတွေရှိတယ်ကွ။ စကားအမှားမခံဘူး။ မင်းကိုပြောဖို့မေ့နေတယ် ”
“ ဟာ......ဟေ့ကောင်။အခုမှပြောရသလား ”
“ မင်းက သရဲကြောက်လို့လား ”
“ ကြောက်တာပေါ့ကွ ”
“ မကြောက်စမ်းပါနဲ့ကွာ။အမှားအယွင်းမရှိအောင်နေရင် ဘာမှမဖြစ်ပါဘူး။အဖေနဲ့ရောက်ခဲ့ဖူးတာ ဘာမှမဖြစ်ခဲ့ပါဘူးကွာ။ လူယောင် ဖန်ဆင်းပြီးပြတာလောက်ပါပဲ။ ဟဲ...ဟဲ... ”
“ လိုက်ခဲ့မိတာ မှားပြီနဲ့တူတယ်အောင်ထူးရာ ”
“ ငါပြောတာသာ နားထောင်။အလေးအပေါ့စွန့်ရင် တောင်းပန်ပြီးမှစွန့်ပါ။ သားကောင်ရရင် လည်ပင်းသွေးကိုဖောက်ပြီး နည်းနည်းစွန့်ရတယ် ”
“ ဟာ....ဟေ့ကောင်......တော်တော့။ ငါမလိုက်ဘဲ ဒီကနေ ပြန်လှည့်တော့မှာနော် ”
“ ယောက်ျားဖြစ်ပြီး ဒီလောက်တောင် ကြောက်ရလားကွာ ”
“ လူပဲကွ၊ မကြောက်ပဲနေမလား။ ယောက်ျားမို့ မကြောက်ရဘူးလို့ သတ်မှတ်ထားတာ ရှိလို့လား ”
“ ငါရှိပါတယ်ကွ ”
“ ဒုက္ခပါပဲကွာ ”
“ ဘာမှမဖြစ်ပါဘူးဆို... ”
“ ဆင်ခေါင်းတောင်ကနေ တောဝက်ထမ်းပြီး ပြန်ရမယ့်ခရီးကိုလည်း ကြည့်ပါဦးကွာ။ လိုက်ခဲ့မိတာ မှားပြီ ”
“ ဝါးလုံးနဲ့နှစ်ယောက်ထမ်းကြတာပေါ့ကွာ ”
“ လုပ်ပေါ့ကွာ။ လိုက်လာပြီးမှတော့ ဘာတတ်နိုင်တော့မှာလဲ ”
အောင်ထူးနှင့် ဂွတိုတို့နှစ်ယောက် စကားတပြောပြောနှင့် တောင်ပေါ်သို့တက်လာကြသည်မှာ တစ်နာရီးပါးရှိခဲ့လေပြီ။ ပျဉ်းကတိုးပင်နှင့် ကညင်ပင်ကြီးများပေါ်တွင် ဟိုအပင်မှ သည်အပင်သို့ ခုန်ကူးနေကြည်သည့် မျောက်ညိုများကို မြင်တွေ့ရလေသည်။
“ ရှေ့နားမှာ စမ်းအိုင်လေးရှိတယ်။အဲဒီမှာ တစ်ထောက်နားပြီး မနက်စာချက်စားကြမယ်။အဲဒီနေရာမှာ တောငှက်ပျောနဲ့ ဝမ်းပိုးပင်တွေ ရှိတော့အဆင်ပြေတယ်ကွ။ ရှေ့ဆက်သွားရင် တောနက်လာတော့မယ်။ နေရာကောင်းမရှိတော့ဘူး။အဲဒီမှာ စားသောက်ပြီးမှ ဆင်ခေါင်းတောင်ကို ခရီးဆက်ကြမယ် ဂွတို ”
“ မင်းသဘောပဲကွာ ”
မကြာခင်မှာပင် တောင်ကျရေစီးဆင်းနေသည့်ရေအိုင်ငယ်လေးကို မြင်တွေ့လိုက်ရသည်။ ရေအိုင်ငယ်လေးသည် ပေသုံး ဆယ်အကျယ်မျှသာရှိသော်လည်း ရေအရောင်က နက်မှောင်နေသဖြင့်အတော်နက်ပုံရလေသည်။
“ ဟိုနားက ကျောက်ဆောင်ကြားမှာ နေရာယူလိုက်ရအောင်။ မင်းက ထင်းတွေရှာကွာ။ ငါက ဝါးပိုးဝါးသွားခုတ်မယ်။ ငှက်ပျောရွက်ခင်းပြီး စားကြတာပေါ့ကွာ ”
“အေး၊ ငါ ထင်းသွားရှာမယ် ”
အောင်ထူးနှင့် ဂွတိုတို့လူစုခွဲကာ ထင်းရှာခြင်း၊ ဝါးပိုးဝါးခုတ်ခြင်းများကို ပြုလုပ်ကြလေသည်။ ဂွတို ထင်းရှာပြီးချိန်အထိအောင်ထူး ပြန်မရောက်လာသေးသဖြင့် ဂွတိုစိတ်ပူနေလေပြီ။ နာရီဝက်လောက်ကြာမှ တစ်တောင်ကျော်သာသာခန့် ဝါးပိုးဝါးနှစ်လုံးကိုင်ကာ ပြန်ရောက် လာလေသည်။
“ ဘယ်တွေသွားနေတာလဲ ”
“ တောင်စောင်းမှာ ဝါးသွားခုတ်တာကွ။ ဝါးဆစ်လေးခုရအောင် တစ်ခါတည်းဖြတ်လာခဲ့တယ် ”
“ ဝါးဆစ်လေးခုတောင်ဘာလုပ်ဖို့လဲ ”
“ တစ်ခုက ထမင်းချက်ဖို့၊ တစ်ခုက သောက်ရေထည့်ဖို့၊ နောက်နှစ်ခုက တောဝက်ပစ်ရင်း ဆီးသွားဖို့လေ။အဲဒီမှာအလေးအပေါ့ကို စွန့်ချင်တိုင်းစွန့်လို့မရဘူးကွ ”
“ သဘောပေါက်ပြီ။ ချက်မယ်ဆိုလည်း မြန်မြန်ချက်ကွာ၊ ငါ ကြက်မွေးနှုတ်လိုက်ဦးမယ် ”
“အေး........ ”
အောင်ထူးက ဝါးဆစ်ဘူးထဲသို့ ဆန်ထည့်ပြီး စမ်းအိုင်ထဲမှရေဖြင့် ထမင်းချက်ပြုတ်နေစဉ် ဂွတိုက ကြက်မွေးနှုတ်ကာအူကလီစာများကို ထုတ်ဖယ်နေလေသည်။ တစ်နာရီကျော်ခန့်အကြာတွင် ထမင်းချက်ပြုတ်ခြင်း၊ ကြက်ကင်ခြင်းများပြီးဆုံးသွားသဖြင့် ငှက်ပျောရွက်ခူးကာ ထမင်းစားသောက်ကြလေသည်။
*************
ထမင်းစားသောက်ပြီးနောက် ခဏနားကာ လင်းလွန်းတောင်ပေါ်သို့ တက်လာခဲ့ကြသည်။ သစ်ခွပန်းမျိုးစုံက မြင့်မားလှသည့် သစ်ပင်ထိပ်ဖျားတွင်အလှချင်းပြိုင်နေကြသည်။ ပျားအုံကြီးများကို တွေ့သော်လည်း တောဝက်ပစ်ခတ်ဖို့အတွက်သာအဓိကထားသဖြင့် ပျားမဖွတ်တော့ဘဲ ဆင်ခေါင်းတောင်ပေါ်သို့သာ တက်လာခဲ့ကြသည်။
“ တောဝက်တွေက မြေပြန့်မှာနေကြတာမဟုတ်လားအောင်ထူး ”
“ ဆင်ခေါင်းတောင်ပေါ်ရောက်ရင် မင်းတွေ့ပါလိမ့်မယ်။ တောင်ဆိုပေမယ့်အမြင့်ကြီးမှမဟုတ်တာ။ ရိုးမတောင်စွယ်ကွ။အဲဒီမှာ မြေပြန့် ရှိတယ်။ ဆင်ခေါင်းနဲ့တူလို့ ဆင်ခေါင်းတောင်လို့ခေါ်တာ။အဲဒီတောင်ကနေအရှေ့ဘက်ကိုဆင်းသွားရင် လွင်ပြင်တစ်ခုရှိတယ်။အရင်ကအဲဒီမှာ ဆင်ခေါင်းရွာဆိုတဲ့ ရွာတစ်ရွာရှိခဲ့တယ်တဲ့ ”
“အခု မရှိတော့ဘူးလား ”
“အေး...၊ မရှိတော့ဘူး ”
“ ရွာပြောင်းသွားကြတာလားအောင်ထူး ”
“ မဟုတ်ဘူးကွ။အဲဒီရွာလေးကအိမ်ခြေ ဆယ်လုံးလောက်ပဲရှိတာတဲ့။ ကရင်လူမျိုးတွေ နေကြတယ်။အဲဒီရွာကို တောဆင်ရိုင်းတွေ ဝင်မွှေလို့ တစ်ရွာလုံး သေကုန်ကြတယ်လို့အဖေပြောဖူးတယ်။အဲဒီနေရာကအရမ်းခြောက်တာတဲ့ကွ”
“ ဟာ...... ”
“ ဘာလဲ...ကြောက်သွားပြီလား ”
“ ဆက်မပြောပါနဲ့တော့ကွာ ”
“ ဟား...ဟား......ဟား...... ”
စကားတပြောပြောနှင့် လျှောက်လာရင်း လွင်ပြင်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။
“အဲဒါ ငါပြောတဲ့ ဆင်ခေါင်းရွာရှိခဲ့တဲ့နေရာပဲ ဂွတိုရေ။အဲဒီလွင်ပြင်ကနေ ဖြတ်ရမှာ။ ဟိုမှာမြင်နေရတာက ဆင်ခေါင်းတောင်ပဲ ”
“ ဟာ......ဟေ့၊ ဟေ့ကောင်။ ငါမလိုက်တော့ဘူး။ မင်းဟာမင်းပဲသွားတော့ ”
“ ဂွတိုရာ၊ မနက်ခင်ကြီး သရဲခြောက်ပါ့မလားကွ။ မင်းတစ်ယောက်တည်း နေခဲ့ချင်လို့လား ”
“ မင်းပြောတော့အဲဒီလွင်ပြင်က ဆင်ခေါင်းတောင်ရဲ့အရှေ့ဘက်မှာဆို ”
“အေးလေ........မင်းအနောက်ကိုပြန်လှည့်ကြည့်ပါဦး။ နေက မင်းအနောက်ကနေ ထွက်နေတာလေ ”
“ ခွေးမသား....ငါ့ကို မလိမ့်တပတ်လုပ်တယ်ပေါ့လေ ”
“ ဟား..ဟား...။ မကြောက်စမ်းပါနဲ့ကွာ။အေး......ညဆိုရင်တော့ သေပြေးရှင်ပြေး ပြေးရမယ်သာမှတ် ”
“ တော်ပြီဟေ့ကောင် ”
ဂွတိုကအောင်ထူးကိုငေါက်ငမ်းလိုက်ရင်း ဆင်ခေါင်းတောင်ကိုအသေအချာကြည့်လိုက်မိသည်။ တောင်ဆိုသော်လည်းအလွန်မြင့်မားသသည့်တောင်မဟုတ်ဘဲ ပေတစ်ရာမျှသာမြင့်မားသည့်တောင်ပူစာတစ်ခုသာဖြစ်ပေသည်။ တောင်၏သဏ္ဌာန်က ဆင်ဦး ကင်းနှင့် လွန်စွာတူနေသည်။ လွင်ပြင်ကို မကြည့်ရဲကြည့်ရဲဖြင့်ကြည့်လိုက်သည့်အခါ မြက်ပင်ရိုင်းများကြားတွင်အမျိုးအမည်မသိသည့် တောပန်းများပွင့်နေသည်ကို မြင့်တွေ့ရသည်။ ဆွေးမြည့်နေသည့် သစ်တိုင်၊ ဝါးတိုင်အဟောင်းများကိုလည်း မြင်တွေ့ရသဖြင့်အောင်ထူး ပြောသည်မှာအမှန်ဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်လေသည်။
“ လာ...ဂွတို။ နေမတက်ခင် တောင်ပေါ်အရောက်သွားကြမယ်။ ဝက်တောင်းတစ်ကောင်လောက်ရရင်ရ၊ မရရင် ဝက်စွယ်ဂင်းပိတ်လေး တစ်ချောင်းရရင်တောင် မဆိုးဘူးဟ ဂွတိုရ ”
အရှေ့မှ ဦးဆောင်သွားနေသည့်အောင်ထူးနောက်မှလိုက်ရင်း ဂွတိုတစ်ယောက် ကျောမလုံသလိုခံစားရသဖြင့် မကြာခဏ နောက်သို့လှည့်ကြည့်နေသည်။ ဆယ့်ငါးမိနစ်ခန့်အကြာတွင် ဆင်ခေါင်းတောင်ပေါ်သို့ရောက်လေတော့သည်။ တောင်ဟုခေါ်ဆိုသော်လည်းအခြားတောင်များကဲ့သို့ တောင်ထွတ်ရှိမနေဘဲ ပြန့်ပြူးသည့် လွင်ပြင်တစ်ခုဖြစနေသည်က ထူးခြားနေသည်။ ဆင်ခေါင်းတောင်ပေါ်တွင် တောင်ဆီးဖြူပင်များက နေရာအနှံ့ပေါက်ရောက်နေကြသည်။ မြေပြင်က ရှင်းလင်းမနေဘဲ ချုံနွယ်ပိတ်ပေါင်းများ၊ နွယ်ပင်များနှင့် ရှုပ်ထွေး နေသည်။ တောငှက်ပျောပင်များလည်း သိပ်သည်းထူထပ်စွာပေါက်ရောက်နေသဖြင့် တောဆင်ရိုင်းများနှစ်သက်သည့် နေရာတစ်ခုဖြစ် နေပေသည်။ မြေပြန့်ကဲ့သို့ဖြစ်နေပြီး မြေသားက ပျော့နေသည်။ ထို့ကြောင့်လည်း တောဝက်များစားကျက်ကျပုံရပေသည်။ တောဝက် ဆိုသည့်သတ္တဝါသည်အိမ်မွေးဝက်များကဲ့သို့မဟုတ်ဘဲ တွင်းအောင်းတတ်သည်။ ချုံနွယ်ပိတ်ပေါင်းများကိုအကာအကွယ်ယူကာ ကျင်းတူးပြီးအသိုက်ဖွဲ့နေတတ်သည်။အသိုက်တစ်ခုတွင် တောဝက်ငယ်ခြောက်ကောင်နှင့် မိခင်တောဝက်မကြီးနေထိုင်နိုင်လောက်အောင် ကျယ်ဝန်း သည်။ တောဝက်အသိုက်ကိုအလွယ်တကူသိဖို့ရန်ကား တော်ရုံအတွေ့အကြုံဖြင့် သိရန်မလွယ်ပေ။ ခြေရာမထင်ကျန်ရစ်စေရန် ပေါင်းပင်၊ မြက်ပင်များရှိနိုင်သည့်နေရာတွင် တွင်းအောင်းတတ်ကြသည်။ တောဝက်သည်အိမ်မွေးဝက်များထက် သန်မာပြီး ခွန်အားကြီးမားကြသည်။
တောဝက်များတွင် ဦးစီးဦးဆောင်ပြုနေသည့် တောဝက်အုပ်စုခေါင်းဆောင်ကို ဝက်တောင်းဟုခေါ်ဆိုပေသည်။ ဝက်တောင်းသည်အလွန်သတ္တိရှိပြီး ခေါင်းဆောင်ကောင်းပီသလေသည်။ တောဝက်များကိုအန္တရာယ်ပြုမည့်မည်သည့်သတ္တဝါကိုမျှ ကြောက်ရွံ့ခြင်းအလျင်း မရှိဘဲအသေခံ တိုက်ခိုက်တတ်သည်။အိမ်မွေးဝက်များနှင့်မတူ တမူထူးခြားသည်ကအမွေးရှည်ပြီးအမွေးကြမ်းတမ်းသည်။အိမ်မွေးဝက် များကဲ့သို့ ခန္တာကိုယ်တွင်အဆီမများသဖြင့်အပြေးသန်သည်။ ခန္တာကိုယ်ကို ရုတ်တရက်လှည့်ပြီး တိုက်ခိုက်နိုင်စွမ်းရှိသည်။ နှုတ်သီးက မာကြောလွန်းသဖြင့် ရန်သူကိုအလဲလဲအပြိုပြိုဖြစ်ပြီး ထိခိုက်အနာတရဖြစ်စေသည်။ ဝက်တောင်းတစ်ကောင်တွင်အစွယ်တစ်ချောင်းသော် လည်းကောင်းအစွယ်နှစ်ချောင်းသော်လည်းကောင်းပါရှိတတ်သည်။ ဝက်စွယ်သည် တစ်လက္မမှ နှစ်လက္မကျော်အထိ ရှည်လျားတတ်သည်။ ဝက်တောင်းများသည်အစွယ်ကိုအားကိုးပြီးတိုက်ခိုက်တတ်ကြသည်။ တောဝက်စွယ်ဖြင့် ထိုးမိသဖြင့်အချိုးသော တောရိုင်းသတ္တဝါသာမက လူသားမုဆိုးများပင် သေကြေရလေသည်။ ဝက်တောင်းများသည် ဦးစီးခေါင်းဆောင်ဖြစ်သည့်အတိုင်း မာန်ကြီးကြသည်။ ဒေါသကြီးကြသည်။ မည်းမည်းမြင်ရာကို တိုက်ခိုက်တတ်ကြသည်။ ထို့ကြောင့်လည်း ဝက်တောင်းများ၏ ဝက်မာန်စွယ်( ဝက်စွယ်ဂင်းပိတ် )အားလောကီအစီအရင်များဖြင့်စီရင်ပြီး ကာယသိဒ္ဓိ၊ လာဘသိဒ္ဓိအတွက်အသုံးပြုကြလေသည်။
“ ဟိုမှာတွေကလား ဂွတို ”
“ ဘာကိုလဲအောင်ထူး ”
“ တောင်ဆီးဖြူပင်အောက်မှာ ခြေရာတွေနဲ့ ဝက်ချေးတွေ မတွေ့ဘူးလား ”
“ ဟုတ်တယ်ကွ။အကောင်တော်တော်များမယ့်ပုံပဲ ”
“ ဟုတ်လိမ့်မယ် ဂွတို။ ဒီနားတစ်ဝိုက်မှာ ဝပ်ကျင်းတွေရှိနိုင်တယ်။အသံကို နားစွင့်ထား။ ငါတို့ ဟိုနားက ညောင်ကုလားပင် ပေါ်ကနေစောင့်ပစ်ကြမယ် ”
အောင်ထူးပြောသည့်နေရာသို့ ဂွတိုကြည့်လိုက်သည့်အခါ ညောင်ကုလားခေါ် ညောင်မုတ်ဆိတ်ပင်ကိုတွေ့ရလေသည်။ ညောင်မုတ်ဆိတ်ပင်မှ ခွဆုံသည် လူလက်တစ်ဖောင်သာရှိပြီးအလွန်နိမ့်နေသဖြင့် ဂွတိုဘဝင်မကျဖြစ်သွားသည်။
“ မနိမ့်လွန်းဘူးလားအောင်ထူး ”
“ မင်းကောင်တွေက သုံးပေတောင်မပြည့်ပါဘူး ဂွတိုရာ။ ညောင်ကုလားပေါ်ကနေပစ်ရင် ပစ်ကွင်းပိုတောင်းတယ်ဟ။အဲဒီညောင်ကုလားပင် က ငါ့အဖေနဲ့ငါတို့ တောဝက်ပစ်နေကျနေရာ ”
“ မင်းက သေနတ်နဲ့ဆိုတာ့ ဟုတ်တာပေါ့ကွာ။ ငါက ဒူးလေးသမားဆိုတော့ မြေပြင်ကနေပစ်ရတာ ပိုအဆင်ပြေတယ် ”
“ တောဝက်ပက်တာခံချင်လို့လားဂွတို၊ ပြေးမလွတ်ဘူးနော်။အပင်ပေါ်ကနေပဲ ပစ်စမ်းပါကွာ။ ဟိုမှာတွေလား၊ ခွဆုံနှစ်ခုရှိတယ်။ မင်းနဲ့ငါနဲ့ တစ်နေရာစီ နေရာယူကြမယ် ”
“ မင်းသဘောကွာ ”
အောင်ထူးနှင့် ဂွတိုတို့နှစ်ယောက် ညောင်မုတ်ဆိတ်ပင်ပေါ်သို့တက်ပြီး ခွဆုံတစ်ခုစီတွင် နေရာယူလိုက်ကြသည်။
“ ရော့...ဂွတို၊ ဆီးသွားဖို့ ဝါးဆစ်ဘူးယူထား။ ရေဘူးကို ဒီမှာချိတ်ထားမယ်။ သောက်ချင်ရင်ယူသောက် ”
“အေး...... ”
အောင်ထူးတို့နှစ်ယောက်သား မျက်စိကိုဖွင့် နားကိုစွင့်၍ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။ နေမွန်းတည့်သည့်တိုင် တောဝက်တစ်ကောင်တစ်လေကိုတောင်မတွေ့ရသေးသဖြင့် ဂွတိုစိတ်ပျက်လာသည်။
“အောင်ထူး.......။ မင်းကောင်တွေက ဟုတ်ရောဟုတ်သေးရဲ့လား ”
“အမဲပစ်တယ်ဆိုတာ စိတ်ရှည်ရှည်နဲ့စောင့်ရတယ်ကွ ဂွတိုရ ”
အောင်ထူးပြောသလို စိတ်ရှည်လက်ရှည်နှင့်စောင့်ပါသော်လည်း ညနေစောင်းသည်အထိ တောဝက်တစ်ကောင်တစ်လေပင် ပေါ်မလာသေးပေ။
“ မှောင်တော့မယ်အောင်ထူး။ ပြန်ကြရအောင် ”
“ ရှုး....တိုးတိုးပြောပါကွ။ ရောက်ပြီးမှတော့ တောဝက်မရရင် မပြန်ဘူးဂွတို ”
“ မင်းကလည်းကွာ၊ နောက်နေ့မှလာပစ်လည်းရတာပဲ။ ညမိုးချုပ်ရင် ပြန်ရခက်မယ်ကွ ”
“ မင်းက ကြောက်လို့လား ”
“ တောထဲတောင်ထဲမှာ ညမိုးချုပ်အထိ နေဖို့မသင့်ဘူးလေအောင်ထူးရာ ”
“ ငါ့အထင်တော့ ဒီကောင်တွေ ညဘက်အစာရှာထွက်လိမ့်မယ်။ ဝက်ချေးတွေက လတ်လတ်ဆတ်ဆတ်တွေဆိုတော့ ငါတို့ရောက်မလာခင် ဒီကောင်တွေအစာစားပြီးသွားလောက်ပြီ။ ဒါမှမဟုတ် လူနံ့ရလို့ ပြေးပုန်းကြတာလည်းဖြစ်နိုင်တယ်။ ဘာမှမကြောက်နဲ့၊ ငါတစ်ယောက်လုံးရှိတယ် ”
“အေးပါကွာ ”
အောင်ထူးက ညလုံးပေါက်စောင့်ပစ်မည့်အနေအထားတွင်ရှိနေသဖြင့် မတတ်သာသည့်အဆုံး ဂွတို လက်လျှော့လိုက်ရလေ တော့သည်။
******************
လပြည့်ရက်မို့ လရောင်က ကောင်းကင်ထက်တွင် ထိန်ထိန်သာနေလေသည်။ သစ်ပင်များအုံ့ဆိုင်းနေသော်လည်း လရောင်က သစ်ပင်များကိုထိုးဖောက်ကာ မြေပြင်ပေါ်သို့အလင်းရောင်ဖြန့်ကျက်ထားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ကောင်းစွာမြင်နေရသည်။ တွင်းအောင်းသတ္တဝါငယ်လေးများဖြတ်ပြေးသွားနေကြသည်ကိုလည်း ကောင်းစွာမြင်တွေ့နေရသည်။
“ ကွိ....ကျွိ...ကျွိ.... ”
“ ကွိ...ကွိ.... ”
“ ချလောက် .... ”
“ ရှုး.........ဂွတို....ဒူးလေးအဆင်သင့်လုပ်ထား ”
မလှမ်းမကမ်းမှ တောတိုးသံနှင့်အတူ တောဝက်သံများကိုကြားလိုက်ရသဖြင့်အောင်ထူးက သေနတ်ကိုမောင်းတင်လိုက်ပြီး ဂွတိုကို လေသံဖြင့် သတိပေးလိုက်သည်။ ဂွတိုလည်း ဒူးလေးကိုအသင့်ပြင်လိုက်ပြီးအသံလာရာဆီသို့ ထိုးချိန်ထားလိုက်သည်။
“ ဖူး......ကွိ....ကွိ.... ”
မည်းနက်နေသည့်ကိုယ်လုံးကြီးတစ်ခုက ခြုံထဲမှတိုးထွက်လာပြီး ပတ်ဝန်းကျင်ကိုအသေအချာလေ့လာနေသည်ကို မြင်တွေ့လိုက်သဖြင့်အောင်ထူးက သေနတ်ဖြင့်ချိန်ကာ ခလုပ်ပေါ်သို့ လက်ညှိုးတင်ထားလိုက်သည်။
“ ဝက်တောင်းကြီးကွ၊အစွယ်နှစ်ချောင်းကလည်း ပြူးနေတာပဲ ”
“ ပစ်တော့လေအောင်ထူး ”
“ ချက်ကောင်းရှာနေတယ် ”
“ ကွိ.....ကွိ..... ”
ဝက်တောင်းကြီးကအသံပြုလိုက်သည်နှင့် တောဝက်အုပ်က နေရာအသီးမှထွက်ပေါ်လာပြီး မြေပြင်ပေါ်ကြွေကျနေသည့် ဆီးဖြူသီးများကိုအလုအယက်စားသောက်နေကြသည်။ တောဝက်အကောင်ရေ ဆယ်ကောင်ခန့်က ဆီးဖြူသီးများကိုအလုအယက် စားနေကြသော်လည်း ဝက်တောင်းကြီးကအစာမစားသေးဘဲအောင်ထူးတို့ရှိနေသည့် ညောင်မုတ်ဆိတ်ပင်ဘက်သို့လှည့်ကာအနံ့ခံနေလေသည်။
“ သေရောကွာ ”
“ ဘာဖြစ်လို့လဲအောင်ထူး ”
“ ငါတို့က လေတင်ဘက်ရောက်နေတယ်ကွ။ သတ်မထားလိုက်မိဘူး။ ရန်သူရှိနေတယ်ဆိုတာ ဝက်တောင်းကြီးသိသွားပြီ ”
“ ဒါဆိုလည်းအချိန်ဆွဲမနေနဲ့၊ ပစ်လိုက်တော့အောင်ထူး ”
“အေး........ ”
အောင်ထူးက ဝက်တောင်းကြီး၏ ဦးခေါင်းကိုအသေအချာချိန်ရွယ်လိုက်ပြီး ခလုပ်ကိုအသာဆွဲညှစ်လိုက်သည်။
“ ဒိန်း.......... ”
ကျယ်လောင်သော သေနတ်သံက တစ်တောလုံးဟိန်းပြီး ပဲ့တင်ထပ်သွားသော်လည်း တောဝက်များက ထွက်ပြေးမသွားကြပေ။ ဝက်တောင်းကြီး၏ ဦးခေါင်းတည့်တည့်ကိုထိမှန်သွားသည်မှာ သေချာသော်လည်း လဲပြိုကျသွားခြင်းမရှိသဖြင့်အောင်ထူးနှင့်ဂွတိုတို့ တအံတသြဖြစ်သွားကြလေသည်။
“ ဖြန်း....... ”
ဂွတိုထံမှ ဒူးလေးသံနှင့်အတူ လှစ်ကနဲပြေးထွက်သွားသည့်မြားတံက ဝက်တောင်းကြီး၏ လည်ကုပ်ပေါ်တွင် စိုက်ဝင်သွားလေ သည်။ သို့သော်လည်း ဝက်တောင်းကြီးက မလှုပ်မယှက်ဖြင့်ရပ်နေပြီးအောင်ထူးတို့ရှိရာ ညောင်မုတ်ဆိတ်ပင်ကိုသာ ကြည့်နေသည်။အခြားဝက်များကလည်း ဆီဖြူသီးများစားသောက်နေရာမှ ညောင်မုတ်ဆိတ်ပင်သို့ မျက်နှာမူကာ ကြည့်နေကြသည်။
“အောင်...အောင်ထူး.....၊ ဘယ်...ဘယ်လိုဖြစ်တာတုန်း ”
“ တောမှောက်ပြီထင်တယ် ”
“ ဟမ်...... ”
“ ဟာ....ဟေ့ကောင်ရေ......၊ ဝက်တောင်းကြီး ငါတို့ဆီပြေးလာနေပြီကွ ”
“ ဟာ......... ”
“ ဒိန်း........ ”
“ ဖြန်း........ ”
တဟုန်ထိုးပြေးလာနေသည့် ဝက်တောင်းကြီးကိုအောင်ထူးနှင့် ဂွတိုတို့နှစ်ယောက် သေနတ်၊ ဒူးလေးများဖြင့် ပြိုင်တူ ပစ်ခတ် လိုက်ရာ ညောင်မုတ်ဆိတ်ပင်အနီးသို့အရောက်တွင် ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေသည်။
“အောင်...အောင်ထူး.....၊ ဝက်တောင်းကြီး ဘယ်ရောက်သွားလဲ ”
“ ငါလည်း မသိဘူးကွ။ မျက်စိရှေ့မှာတင် ပျောက်သွားတယ် ”
“ ငါတို့ သရဲခြောက်ခံရပြီအောင်ထူးရေ ”
“ မကြောက်နဲ့ ဂွတို။ ဒူးလေးသာအသင့်ပြင်ထား ”
အောင်ထူးက သေနတ်ထဲသို့ ကျည်ဆန်တစ်တောင့်ထပ်ထည့်ရင်း ဂွတိုကို ပြောလိုက်သည်။
“ ဝရော..........ဝေါ....... ”
ရုတ်တရက် လေပြင်းများတိုက်ခတ်လာသဖြင့်အောင်ထူးနှင့် ဂွတိုတို့အထိတ်တလန့်ဖြစ်သွားကြသည်။
“ ပွမ်း..........၊ ပွမ်း...... ”
“ ဟာ......ဆင်....ဆင်သံ.... ”
“ မဟုတ်နိုင်ဘူး ဂွတို။ တောခြောက်တာဖြစ်မယ် ”
“ မဖြစ်နိုင်ဘူးအောင်ထူး ”
“အသေအချာကြည့်လေကွာ။ လေတိုက်လို့ ဆီးဖြူပင်နဲ့အခြားအပင်တွေသာ လှုပ်နေတယ်။ ဟောဒီညောင်ပင်ကြီးက လှုပ်တောင် မလှုပ်ဘူးလေ ”
“အေး...ဟုတ်တယ်ကွ။ ငါတို့...ပြန်...ပြန်..... ”
“ ဘာဖြစ်တာလဲ ဂွတို ”
“ ဟို...ဟိုမှာ..... ”
ဂွတိုလက်ညှိုးထိုးပြသည့်နေရာသို့ကြည့်လိုက်သည့်အခါ တောဝက်များက လေးဘက်သွားနေရာမှ တဖြည်းဖြည်းကုန်း ထလာနေကြသည်ကို လရောင်အောက်တွင် ထင်ထင်ရှားရှားအထိတ်တလန့်မြင်တွေ့လိုက်ရသည်။
“အောင်...အောင်ထူး.......ပြေး...ပြေးကြမယ် ”
“ ဟေ့ကောင်...။အခုနေပြေးလို့ဖြစ်မလား ”
“ ဟိုမှာ လာနေကြပြီကွ ”
ညောင်မုတ်ဆိတ်ပင်ရှိရာသို့ တရွေ့ရွေ့လာနေကြသည့် သတ္တဝါကြီးများကိုကြည့်ပြီး ဂွတိုတစ်ယောက် သွေးပျက်မတတ် ထိတ် လန့်နေလေပြီ။ တစ်နေရာတည်းကွက်၍ လေပြင်းတိုက်ခိုက်နေသဖြင့် သစ်ပင်များလည်း ယိမ်ထိုးပြီး တရှဲရှဲမြည်သံများက ထိတ်လန့်စရာ ကောင်းနေသည်။ တဖြည်းဖြည်းနီးကပ်လာသည့် မည်းမည်းသတ္တဝါကြီးများသည် ညောင်မုတ်ဆိတ်အပင်နားသို့အရောက်တွင် ရပ်တန့် သွားကြပြီး နီရဲနေသည့်မျက်လုံးများဖြင့်အပင်ပေါ်သို့ ကြည့်နေကြလေသည်။
“ ငါမနေရဲတော့ဘူးအောင်ထူး။ ပြေးတော့မယ် ”
“ သူတို့ ဒီနားကိုလာလို့မရဘူးထင်တယ် ”
“ ဘာလို့လဲ ”
“ ငါသတိထားမိတာ တစ်ခုရှိတယ်။ ခုနက ဝက်တောင်းကြီးက ငါတို့ဆီပြေးလာပေမယ့် ညောင်မုတ်ဆိတ်ပင်နားရောက်တော့ ပျောက်သွားတယ်လေ ”
“ ငါတို့ ပစ်လိုက်လို့နေမှာပေါ့ ”
“ မဟုတ်လောက်ဘူး ဂွတို။အခုရပ်နေတဲ့ဟာတွေကိုကြည့်ပါလား။အဲဒီနေရာကနေ ထပ်မလာတော့ဘူး ”
“ ညောင်မုတ်ဆိတ်ပင်မှာအစောင့်များရှိနေလို့လား ”
ဂွတိုက ပြောပြောဆိုဆိုဖြင့် ခွဆုံပေါ်ထိုင်ရင်းမှအပင်ပေါ်သို့မော့ကြည့်လိုက်သည်။
“အမလေးဗျ............. ”
အပင်ပေါ်ကိုကြည့်ပြီး ထိတ်လန့်တကြားအော်ဟစ်လိုက်သည့် ဂွတို၏အသံကြောင့်အောင်ထူးအပင်ပေါ်ကို မော့ကြည့် လိုက်သည်။အပင်ပေါ်တွင်မှ သစ်ကိုင်းကြားတွင် ကြောက်စရာအလွန်ကောင်းသော မျက်နှာကြီးကို မြင်တွေ့လိုက်ရသည်။ မျက်နှာကြီးက မိုးဗြဲဒယ်အိုးတစ်ချပ်စာခန့်ရှိပြီး မျက်လုံးကြီးများက ရဲရဲနီနေသည်။ မည်းနက်နေသည့် လက်တစ်ဖက်က တဖြည်းဖြည်းရှည်လျားလာပြီး ဂွတိုရှိရာသို့ ရွေ့လျားလာနေသဖြင့်အောင်ထူးအလွန်ထိတ်လန့်သွားပြီး သေနတ်ကိုလွယ်ကာ ညောင်မုတ်ဆိတ်ပင်ပေါ်မှ ခုန်ချလိုက် လေတော့သည်။
“ ပြေး...ပြေးတော့ ဂွတို ”
“အောင်...အောင်ထူး......ငါ့ကိုစောင့်....စောင့်ပါဦး ”
“အောင်...အောင်ထူး....နေ....နေပါဥိး... ”
အပင်ပေါ်မှအောင်ထူး ခုန်ချလိုက်သည့်အချိန်တွင် မည်းနက်ပြီး မျက်လုံးများ ရဲရဲနီနေသည့် သတ္တဝါကြီးများကအောင်ထူးဆီသို့အပြေးအလွှားလာနေကြသဖြင့်အောင်ထူးလည်း ခြေဦးတည့်ရာပြေးလေတော့သည်။
***************
“ ဟောဟဲ.......ဟောဟဲ.... ”
ခြေဦးတည့်ရာ စွတ်ရွတ်ပြေးလာခဲ့သော်လည်း ဆင်ခေါင်းတောင်သို့လာစဉ်က ထမင်းချက်ပြုတ်စားခဲ့သည့် စမ်းရေအိုင်လေးဆီသို့ ရောက်လာခဲ့သည်။ ကြောက်အားလန့်အားပြေးလာခဲ့ရသဖြင့် သစ်ငုတ်များဖြင့်ထိခိုက်မိသဖြင့် ခြေသလုံးနှစ်ဖက်စလုံး နာကျဉ်နေလေပြီ။ မောဟိုက်လွန်းသဖြင့် စမ်းရေတွင်းမှ ရေသောက်ရန်ဟန်ပြင်လိုက်စဉ် ချုံကြားထဲမှပြေးထွက်လာသည့် မျက်လုံးများနီရဲနေသည့် မည်းမည်း သတ္တဝါကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသဖြင့် သေနတ်နှင့်ထိုးချိန်ကာ ခုလုပ်ကိုဆွဲညှစ်လိုက်လေတော့သည်။
“ ဒိန်း.......... ”
“အမလေးဗျာ......သေပါပြီ.... ”
ကျယ်လောင်သောသေနတ်သံနှင့်အတူ သတ္တဝါကြီးလွင့်ထွက်သွားပြီး သတ္တဝါကြီးထံမှ ဂွတိုအသံကိုကြားလိုက်ရသဖြင့် သေနတ်ကိုပစ်ချကာအပြေးအလွှားသွားကြည့်လိုက်သည်။
“ ဟာ.....ဂွ...ဂွတို..... ”
“အောင်........အောင်ထူး.........ငါ...ငါ.... ”
ချုံကြားမှ ရုတ်တရက်ပြေးထွက်လာသည်က သတ္တဝါတစ်ကောင်မဟုတ်ဘဲ ဂွတိုဖြစ်နေသဖြင့်အောင်ထူး ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားလေသည်။
“ ဂွ...ဂွတို....ငါ..ငါ...မျက်စိမှောက်သွားလို့ပါ ”
“ ငါ...ငါ...အသက်ရှုလို့မရတော့ဘူး.... ”
ဂွတိုစကားပြောလိုက်တိုင်း ရင်ဘတ်တွင်ထိမှန်ထားသည့် သေနတ်ဒဏ်ရာမှ သွေးများက ပက်ကနဲထွက်ကျလာသဖြင့်အောင်ထူးက လက်ဖြင့်အုပ်ထားရင်း ဂွတိုကိုအားပေးစကားပြောနေလေသည်။
“ သူငယ်ချင်း....မင်း.....မင်းဘာမှမဖြစ်စေရဘူး ”
“ မင်း...မင်းရက်စက်တယ်....။ ငါ့....ငါ့ကို.....တစ်ယောက်တည်းထားပြီး....ပြေး...ပြေးသွားတယ် ”
“ စကားမပြောနဲ့ ဂွတိုရယ်။ ငါ..ငါ... ”
“ မင်း...မင်းကို တစ်....တစ်သက် မ...ကျေ..... ”
“ ဂွ...ဂွတို..... ”
စကားပြောနေရာမှ ခေါင်းစောင်းကျသွားသည့် ဂွတိုကိုအထိတ်တလန့်ဖြင့် စမ်းသပ်ကြည့်ရာအသက်မရှိတော့ကြောင်းသိလိုက်ရသဖြင့်အောင်ထူးတစ်ယောက် ဇောချွေးများပြန်လာလေသည်။ ဂွတိုကို ရွာအရောက်ထမ်းခေါ်သွားပါကလည်း ခရီးကဝေးသဖြင့် ထမ်းခေါ်ဖို့ရာ မဖြစ်နိုင်ပေ။ ရွာပြန်ပြီး ရွာသူရွာသားများကို ပြန်ခါ်ပါကလည်း မိမိကြောင့်သေဆုံးခဲ့ကြောင်း တစ်ရွာလုံးသိသွားကြပေလိမ့်မည်။ ယခုနေရာသို့ တော်ရုံလူလည်းမလာရောက်ကြသဖြင့် ဂွတို၏အလောင်းကို ငှက်ပျောတောထဲတွင် ပစ်ထားခဲ့ရန်ဆုံးဖြတ်လိုက်လေတော့သည်။
**************
“အောင်ထူးရေ....အောင်ထူး.... ”
“ ဘယ်သူလဲ...... ”
“ မြင့်မြင့်သန်းပါအစ်မ ”
“အိမ်ပေါ်တက်လာခဲ့လေ ”
“ မတက်တော့ဘူးအစ်မ။အောင်ထူးရှိလား ”
“အောင်ထူး မြေပဲခင်းထဲသွားတယ်။ ဘာလုပ်မလို့လဲ ”
“ ဂွတိုအိမ်ပြန်မလာတာ သုံးရက်ရှိပြီ ”
“ ဟေ...... ။ လာစမ်းပါဦးဟဲ့ ”
“ ဟုတ်ကဲ့အစ်မ ”
ဂွတို၏မိခင် မမြင့်မြင့်သန်းကအောင်ထူးတို့အိမ်ပေါ်သို့တက်သွားပြီးအောင်ထူး၏အဒေါ် ဒေါ်စန်းမြနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
“ ဘယ်တုန်းကတည်းက ပြန်မရောက်တာလဲ ”
“အောင်ထူးနဲ့ တောလည်မယ်ဆိုပြီး ပြောသွားကတည်းက ပြန်မရောက်တာ ”
“ ဟင်....... ”
“ ဂွတိုက ခြေရှည်တော့ ကျွန်မလည်း ယာခင်းထဲမှာပဲ ရှိမယ်ထင်ခဲ့တာ။အိမ်ပြန်မလာတာ သုံးရက်လောက်ရှိလို့ ယာခင်းက တဲကို သွာကြည့်တော့ ဂွတိုကို မတွေ့ဘူး ”
“အဲဒီကောင်ကလည်း ခြေရှည်ပါဘိသနဲ့။ ဟိုဘက်ရွာတွေများ ရောက်နေသလားဟာ ”
“ မပြောတတ်ပါဘူးအစ်မရယ်။အောင်ထူးတောလည်ထွက်တာ ဘယ်နေ့ကပြန်ရောက်သလဲအစ်မ ”
“ တောလည်ထွက်တာဘယ်နေ့ကရောက်တယ်တော့မသိဘူး၊အိမ်ပြန်ရောက်တာတော့ မနေ့မနက်ကမှပြန်လာတယ်။ သူ့မေးတော့ ပဲခင်းထဲရောက်နေတယ်လို့ပြောတာပဲ။အိမ်လည်း ထမင်းပြန်မစားဘူး ”
“ ခက်တာပဲ......။အဲဒီသူတောင်းစားလေး ဘယ်များခြေရှည်နေတယ်မသိဘူး ”
“ ပြန်လာမှာပါဟဲ့။ ဒီလောက်လည်း စိတ်ပူမနေနဲ့ ”
“ ဒီလောက်ခြေရှည်တဲ့ကောင် သူများသတ်လို့သေလည်းအေးရော ”
“ မပြောကောင်းမဆိုကောင်းတာတွေ မပြောစမ်းပါနဲ့ မြင့်မြင့်သန်းရယ် ”
“ ကျွန်မ ပြန်လိုက်ဦးမယ်အစ်မ ”
“အေး...အေး။အောင်ထူးပြန်လာရင် ငါမေးကြည့်ပါဦးမယ် ”
“ ဟုတ်ကဲ့အစ်မ ”
ဂွတို၏မိခင်ပြန်သွားပြီးအတော်ကြာသည့်အခါအောင်ထူး ထမင်းစားပြန်ရောက်လာလေသည်။
“အောင်ထူး......။ ဂွတိုအမေ မြင့်မြင့်သန်းလာသွားတယ်။ နင်နဲ့ ဂွတိုတို့ တောလည်သွားတာ ဂွတိုပြန်မရောက်လာသေးလို့တဲ့။ နင်ပြန်လာ တော့ ဂွတိုပါမလာဘူးလား ”
“အဲဒီနေ့က တောမှမလည်ဖြစ်တာ။ ကျွန်တော်တို့နှစ်ယောက် ပဲခင်းထဲမှာ ပွေးတူးနေကြတာလေ။ ညနေစောင်းတော့ ဥသျှစ်ကုန်း ရွာဘက်သွားဦးမယ်ဆိုပြီး ထွက်သွားတာပဲ ”
“ သိပါဘူး...။ မြင့်မြင့်သန်းပြောတော့ ဂွတိုအိမ်ပြန်မလာတာ သုံးရက်ရှိပြီတဲ့ ”
“အဲဒီကောင်က ခြေရှည်တယ်ဗျ။ ဟိုဆို ဒီကိုရောက်တဲ့ကောင်။ ထမင်းစားတော့မယ်ဗျာ ”
“ ပဲခင်းအခြေအနေကောင်းရဲ့လား ”
“ မကောင်းဘူးဗျ။ ပဲပင်တွေကို ဝင်နှုတ်ထားတာ မွစာကြဲနေပြီ ”
“ ဟေ.......ဘယ်သူလုပ်တာလဲ ”
“ မသိဘူးလေဗျာ။ ပဲခင်းကို စောင့်မှဖြစ်တော့မယ် ”
“ လူတွေကလည်းအတော်ခက်တာပဲ။ တစ်ခါမှ မကြားဖူးတာတွေ ကြားနေရပါလားဟယ် ”
“ ထားလိုက်ပါတော့။ ကျွန်တော် ဗိုက်ဆာပြီ။ ညနေ ထမင်းစားပြီးတာနဲ့ ပဲခင်းမှာ စောင့်အိပ်မယ် ”
“ ငါတို့ကို မကျေနပ်လို့ တစ်ယောက်ယောက်ကများ ဝင်နှုတ်သလားဟယ်။ ယာသမားချင်း ကိုယ်ချင်းစာစိတ်မရှိကြဘူး ”
“ မမိသေးတော့ ဘယ်သူမှန်းမသိဘူး။ တွေ့လို့ကတော့ သေနတ်စာမိမယ် ”
“ ဟဲ့........လေးခွနဲ့ပဲပစ်ပါ။ လူသေအောင်တော့ မလုပ်ပါနဲ့။ ငါ ထမင်းသွားခူးလိုက်ဦးမယ် ”
***************
လပြည့်ကျော် သုံးရက်နေ့ဆိုသော်လည်း လကြီးက ထိန်ထိန်သာနေသည်။ မြေပဲခင်းများက လရောင်အောက်တွင် ငြိမ်သက် နေကြသည်။အောင်ထူးတို့၏မြေပဲခင်းနှင့် ဂွတို၏မြေပဲခင်းတို့က ကပ်လျက်ရှိနေပေသည်။ မြေပဲပင်များကို ဆွဲနှုတ်ထားသည့်တရားခံကိုအိမိဖမ်းရန်အောင်ထူးတစ်ယောက် သေနတ်ကိုင်စောင့်ရင်း လရောင်ဆမ်းထားသည့် မြေပဲခင်းကို မမှိတ်မသုံကြည့်နေလေသည်။ ထိုအချိန်မှာပင် ဂွတို၏မြေပဲခင်းထဲမှ ကုန်းကုန်းကွကွဖြင့် လှုပ်ရှားနေသည့်အရာတစ်ခုကိုမြင်လိုက်ရသဖြင့် သေနတ်ကိုမောင်းတင်ကာ ချိန်ထားလိုက်သည်။ တရွေ့ရွေ့လှုပ်ရှားနေသည့်အရာသည် လူတစ်ယောက်၏ပုံသဏ္ဌာန်နှင့်ဆင်နေသော်လည်း လမ်းလျှောက်နေခြင်း မျိုးမဟုတ်ဘဲ လေထဲတွင် ရွေ့လျားနေသကဲ့သို့ ဖြစ်နေသည်။အသေအချာ သတိထားပြီး ကြည့်နေစဉ်မှာပင် လူပ်ရှားနေသည့် သဏ္ဌာန်သည် ရုတ်ချည်းပျောက်ကွယ်သွားသည်ကို တအံ့တသြမြင်တွေ့လိုက်ရသည်။
“အောင်.....ထူး........”
တဲအနီးမှ ခေါ်လိုက်သည့်အသံကြောင့်အသံလာရာကို သေနတ်ဖြင့် ထိုးချိန်လိုက်သည်။ ထိုအသံကိုအောင်ထူး ကောင်းကောင်း သိနေပါသည်။
“ ဂွ...ဂွ...တို....... ”
“အု...ဝူး............. ”
ဂွတို၏အချစ်တော် ငညိုက တဲအောက်မှ ဆွဲဆွဲငင်ငင်အူလိုက်သဖြင့်အောင်ထူး ကျောချမ်းသွားသည်။ ငညိုသည် ဂွတိုအခြား နေရာများသို့သွားပါက နောက်မှတကောက်ကောက်မလိုက်တတတ်သော်လည်း မြေပဲခင်းကိုလာလျှင်အမြဲလိုလို လိုက်လာတတ်သည်။ ငညိုမည်သည့်အချိန်က တဲအောက်သို့ ရောက်နေသည်ကိုအောင်ထူးမသိပေ။
“ မင်းကို တစ်သက်မကျေဘူး။ မင်းကိုမလုပ်ရလို့ မင်းရဲ့ မြေပဲပင်တွေကို ငါဆွဲနှုတ်ပစ်တာကွ”
ပီသသည့်စကားသံကြောင့်အောင်ထူးတစ်ယောက် ကြက်သီးမွေးညင်းများထကာ ဆံပင်များထောင်ထသွားလေသည်။
“ဘုံး....ဘုံး...ဘုံး....... ”
ဝါးထရံကို တဘုံးဘုံးပုတ်နေသည့်အသံကအောင်ထူး၏နားထဲတွင် မိုးကြိုးပစ်သကဲ့သို့ ခံစားနေရသည်။
“ ဂွတို.......ဂွတို.....သူငယ်ချင်း။ ငါ...ငါတောင်းပန်ပါတယ် ”
“ ဂီး................... ”
တဲရှေ့တွင် မာန်ဖီနေသည့် ငညိုကိုကြည့်ပြီးအောင်ထူး လန့်သွားသည်။ ငညို၏မျက်လုံးများက မျက်ဆံမရှိဘဲ ဖြူဖွေးနေသည်။
“ ဝုန်း........ ”
တဲပေါ်သို့ ငညိုခုန်တက်လာသဖြင့်အောင်ထူးက ထိုင်နေရာမှ ဖင်တရွတ်ဆွဲပြီး နေရာအမြန်ရွှေ့လိုက်သည်။
“အောင်.......ထူး....... ”
“အမလေးဗျာ....... ”
သွားဖြီးကာ မာန်ဖီနေသည့် ငညို၏ထံမှ ဂွတို၏အသံကိုကြားလိုက်ရသဖြင့် လန့်ဖြန့်ပြီး ထခုန်လိုက်လေသည်။ ကြမ်းခင်းပေါ် တွင်ရှိသည့် သေနတ်ကိုအမြန်ပြေးကောက်လိုက်သည့်အချိန်တွင် ငညိုရုတ်တရက် ပျောက်သွားလေသည်။
“အောင်ထူး......... ”
“ ဟာ.......... ”
ငညိုရုတ်တရက်ပျောက်သွားသဖြင့်အထိတ်တလန့်ဖြစ်နေစဉ် နာမည်ခေါ်သံနှင့်အတူ တဲရှေ့တွင်ရပ်နေသည့် ဂွတိုကို မြင်လိုက် ရသည်။ တစ်ကိုယ်လုံးစုတ်ပြတ်နေပြီးအသားများပဲ့ကျနေကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ဂွတိုကိုကြည့်ပြီးအောင်ထူး ကြောက်လန့် လာလေသည်။
“ ဂွ...ဂွတို......ငါ့...ငါ့ကို ခွင့်လွှတ်ပါကွာ..... ”
“ ငါ့ကို ပစ်ပြီးထွက်ပြေးတယ်။ ငါ့ကို ပစ်သတ်တယ်။ ငါ့အလောင်းကို ငှက်ပျောတောထဲမှာ ပစ်ထားခဲ့တယ်။ မင်းကို တစ်သက်မကျေဘူးအောင်ထူး ”
“ ငါ...ငါ တောမှောက်လို့ လူမှားပြီးပစ်မိတာပါ သူငယ်ချင်းရယ်။ ငါ့ကို ခွင့်လွှတ်ပါ ”
“ ငါ့ကိုကြည့်စမ်း၊ ငါဘယ်လိုဖြစ်နေတာမြင်တယ်မဟုတ်လား။ ငါ့အလောင်းကို တောကောင်တွေဝိုင်းစားထားတာ ရစရာမရှိတော့ဘူး။ ငါ့အလောင်းကို ပြန်ယူပြီး သြင်္ဂိုဟ်ပေးပါ ”
“ ငါ...ငါ...... ”
“ မင်းကြောက်နေပြီမဟုတ်လားအောင်ထူး။ ရတယ်လေ...... ”
ပြောဆိုနေရင်းမှ ရုတ်တရက်ပျော်ကွယ်သွားသဖြင့် နောက်ကျောဘက်သို့လှည့်ကြည့်လိုက်သည်။ ထိုအချိန်မှာပင် ယာခင်း စောင့်တဲလေးတစ်ခုလုံး ယိမ်းခါသွားလေသည်။ တဲပေါ်တွင်မနေရဲတော့သဖြင့် သေနတ်ကိုအသင့်အနေအထားဖြင့်ကိုင်ပြီး တဲအောက် သို့ဆင်းမည်ပြင်လိုက်စဉ် တဲရှေ့တွင်အစွယ်အဖွေးသားနှင့် မာန်ဖီနေသည့် ငညိုကိုမြင်လိုက်ရသဖြင့် ခြေလှမ်းကိုရပ်တန့်လိုက်သည်။
“ ဂီး........ဂီး............. ”
ငညို၏မျက်လုံးများက တိမ်ဖုံးနေသကဲ့သို့ ဖွေးဖြူနေသည်။အိမ်ပေါ်သို့ခုန်တက်ပြီး ရန်မူရန် ဟန်ပြင်နေသည့် ငညို၏ဦးခေါင်းအား သေနတ်ဖြင့်ထိုးချိန်ပြီး ခလုပ်ကိုဆွဲညှစ်လိုက်လေတော့သည်။
“ ဒိန်း........ ”
ညဉ့်ဦးယံအချိန်တွင် ကျယ်လောင်သည့်သေနတ်သံကြောင့်အိပ်တန်းတက်နေကြသည့်ငှက်များ ထပျံသွားကြသည်။
“ ဂီး.........ဂီး..... ”
ဦးခေါင်း ပွင့်ထွက်ပြီး လွင့်စင်သွားသော်လည်း လူးလဲပြန်ထလာပြီးအိမ်ပေါ်သို့ခုန်တက်လာသည့်ငညို့ကိုအထိတ်တလန့်ဖြင့် ကြည့်ပြီး သေနတ်ကို ကျည်ထပ်ထည့်ရန်ဟန်ပြင်လိုက်ချိန်တွင်အရှိန်ဖြင့်ခုန်ဝင်လာသည့် ငညိုကို မည်သို့မျှတားဆီးချိန်မရလိုက်တော့ပေ။
အရှိန်ဖြင့် ခုန်တက်လိုက်သည့် ငညိုကြောင့် နောက်ပြန်လဲကျသွားချိန်တွင် ငညိုကအောင်ထူး၏လည်မြိုကိုအမိအရကိုက်ခဲ ထားလေတော့သည်။
“အ.....အ........အား........... ”
လည်မြိုကိုကိုက်ခဲထားသဖြင့်အသက်ရှုကျပ်လာလေပြီ။အသက်တစ်ချက်ရှုလိုက်သည့်အခါတိုင်း သွေးညှီနံ့တို့ကို ရှုရှိုက်လိုက်မိသည်။
“အ........အ..... ”
မလွှတ်စတမ်းအားကုန်ခဲထားသည့်ငညို့ကိုအင်အားရှိသမျှ တွန်းထုတ်ပါသော်လည်းအချည်းနှီးသာ။အသံကုန်အော်ဟစ် သော်လည်းအသံကထွက်မလာပေ။ နီးကပ်နေသည့် ငညို၏မျက်လုံးဖြူဖြူကြီးများက ကြောက်စရာကောင်းလှသည်။ လူးလိမ့်ရုန်းကန်ရင်း လည်မြိုကိုခဲထားသည့် ငညို၏နှုတ်သီးကို ဆွဲဖြဲနေသည့်လက်များက တဖြည်းဖြည်းအင်အားချည့်နဲ့လာခဲ့သည်။ သေရတော့မည်ကိုသိ လိုက်သည့်အခါ စိုးရိမ်ထိတ်လန့်စိတ်ဖြင့်အတင်းရုန်းကန်နေရာမှ နောက်ဆုံးထွက်သက်ကို မှုတ်ထုတ်ရင်း ငြိမ်သက်သွားလေတော့သည်။
**************
“ ဟီး.......အောင်ထူးက ကျွန်မကိုအဲဒီလိုအိပ်မက်လာပေးတာ။ ဟီး..... ။ ဂွတိုကို သူမကျေနပ်ဘူးတဲ့။ ကလဲ့စားပြန်ချေမယ်တဲ့ ”
အောင်ထူး၏ ကြီးတော် ဒေါ်စန်းမြပြောပြသည်များကို ကျေးရွာလူကြီး ဦးကြီးငွေနှင့် ရွာသူရွာသားများက တအံတသြ နား ထောင်နေကြသည်။
“ မနေ့ညက သေနတ်သံကြားလို့ ဘာဖြစ်သလဲဆိုပြီး နားစွင့်လိုက်မိသေးတယ်။ မနက်ကျမှအောင်ထူးနဲ့ ဂွတိုရဲ့ခွေးသေနေကြတာကို တွေ့ရတာ ”
“ ကျွန်မဆီကို မနေ့ညကတည်းကအောင်ထူးရောက်လာတာ။ ဂွတိုကို လူမှားပြီးပစ်မိတာကို ဂွတိုက ငညို့ကိုဝင်ပူးပြီး သူ့လည်ပင်းကို ကိုက်သတ်တယ်တဲ့။ ကျွန်မလည်းအိပ်မက်ဆိုတော့ မယုံဘူး။ မ...မနက်ကျတော့ ဖိုးတင်အောင်ကြီး လာပြောတော့မှ....ဟီး ...ဟီး... ”
“ မဖြစ်သင့်တာတွေဖြစ်ကုန်ကြတာပဲ။ သူတို့ ဘာအမှားလုပ်မိသလဲမှမသိတာ။ တောတောင်ဆိုတာအင်မတန်ကြမ်းတယ်။အနေအထိုင်အပြောအဆို ဆင်ခြင်ရတယ်။ သားကောင်ပစ်မယ်ဆိုလည်း ခွင့်တောင်းရတယ်။ ပစ်မယ့်သားကောင်ကလွဲရင် ကျန်တဲ့အကောင်တွေကို မြင်တိုင်း မပစ်ရဘူးဗျ ”
“ ဘကြီးငွေ....ဂွတိုသေတာ ရက်ပိုင်းပဲရှိသေတာ ဘယ်လိုလုပ်ပြီး မြေပဲပင်တွေကိုဆွဲနှုတ်နိုင်တာလဲဗျ ”
“ သေတာက ရက်ပိုင်းပဲရှိသေးပေမယ့် ဝိညာဉ်ဘဝနဲ့ ထိတွေ့ကိုင်တွယ်လို့ရတယ်ဆိုကတည်းက တောကြမ်းတောင်ကြမ်းက နာနာ ဘာဝတွေရဲ့အရှိန်အဝါလည်း ပါပုံရတယ်။ မင်းတို့ မလှအေးရဲ့ယောက်ျား ကိုသာစိန်ကို သိတယ်မဟုတ်လား ”
“ သိပါတယ် ”
“ ငါတို့ ရိုးမပေါ်မှာ သစ်သွားခုတ်တော့ ကိုသာစိန်ကအမှားလုပ်မိတယ်။ လုပ်တာက ကညင်ပင်ကြီးကို သေးနဲ့ကော့ပန်းတယ်။ ငါတား ပါလျက်နဲ့လုပ်တာနော်။ ကိုသာစိန်က လူ့ဂွစာ၊ လူရွှတ်လူနောက်ကွ။ မကြာပါဘူး၊အဲဒီကညင်ပင်ကိုခုတ်တော့ ကညင်ပင်လဲတဲ့အခါ သူ့အပေါ်ပိပါလေရော။ ပိတာမှ ပြားနေအောင် ပိသွားတာ။ နေ့တောင်မကူးဘူးဟေ့....ငါလည်း ရွာကလူတွေကိုပြေးခေါ်ရတော့တာပေါ့။အဲဒီမှာတင် လာသမျှလူကို မြေကျစ်စာတွေနဲ့ ကောက်ပေါက်တော့တာပဲ ”
“ ဟာ........ဘယ်လိုဖြစ်လို့လဲ။ ဦးသာစိန်လုပ်တာ ဟုတ်ချင်မှဟုတ်မှာပေါ့ ”
“ ကိုသာစိန်က လူရွှတ်ဆိုတော့ စနောက်တာလေ။ သာစိန်လုပ်တယ်ဆိုတာ ငါသိတယ်။ သူ့အလောင်းကိုပြန်သယ်လာပြီး ရွာရောက်တော့ မှောင်နေပြီ။ ရွာထိပ်မှာလေးတိုင်စင်နဲ့တင်ထားရတာ မင်းတို့မှတ်မိဦးမှာပေါ့ ”
“ ဟုတ်ကဲ့ ဘကြီးငွေ ”
“ ကိုသာစိန်ရဲ့အလောင်းကိုစောင့်ရတာ ငါရယ် ရွာလယ်ပိုင်းက သောင်းတင်ရယ်ပေါ့ကွာ။အဲဒီညမှာပဲ ငါ့လွယ်အိတ်ကိုဆွဲတယ်။ ငါ့ပခုံးကို ပုတ်ပြီး နားနားမှာတိုးတိုးလေးပြောတယ် ”
“ ဘာပြောတာလဲ ဘကြီးငွေ ”
“ ငါသေသွားတာ တကယ်လားတဲ့ ”
“ ဟာ.......... ”
“ ဂွတိုနဲ့အောင်ထူးတို့ကလည်း တယ်ခက်တာပဲ။ ငါ့အထင်တော့ တောကြက်ကိုပစ်တာရယ်၊ ချက်ပြုတ်စားတဲ့နေရာမှာ မစွန့်တာရယ် ကြောင့်လို့ထင်တာပဲ။ တောထဲတောင်ထဲမှာ ချက်ပြုတ်စားသောက်ရင် စားမယ့်အစားအစာကို စတိသဘောနဲ့ နောက်ပြန်ပစ်ပြီး စွန့်ရတယ်။ ကဲ.....ငိုနေလို့ မပြီးသေးဘူး မစန်းမြ။အောင်ထူးကို သြင်္ဂိုဟ်ဖို့လုပ်ရဦးမယ်။ တင်လှတို့အဖွဲ့ ရိုးပေါ်တက်ပြီး စမ်းအိုင်နားက ငှက်ပျောတောမှာ ဂွတိုရဲ့အလောင်းကို သွားရှာကြကွာ ”
“ ဟုတ်ကဲ့ ဘကြီးငွေ ”
အောင်ထူး၏အလောင်းကို နေ့ချင်းပြီး သြင်္ဂိုဟ်ခဲ့ကြသည်။အောင်ထူးအား သြင်္ဂိုဟ်ပြီးသည့်ညနေစောင်းတွင် ပုပ်ပွနေသည့် ဂွတို၏အလောင်းအား သယ်ဆောင်လာပြီး ချက်ချင်းသြင်္ဂိုဟ်ခဲ့ကြသည်။
အောင်ထူးနှင့် ဂွတိုတို့အား သြင်္ဂိုဟ်ပြီး တစ်လခန့်အကြာတွင် ညစဉ်ညတိုင်း မြေပဲခင်းထဲ၌ လုံးထွေးသတ်ပုတ်နေကြသည့်အရိပ်သဏ္ဌာန်နှစ်ခုအား ရွာသူရွာသားအချို့ မြင်တွေ့ခဲ့ကြသည်။အောင်ထူးနှင့် မည်သို့ပင်ပရိတ်ရွတ်ဖတ်ပါသော်လည်း၊ ဆွမ်းကပ်အမျှဝေပါသော်လည်း ထိုအရိပ်မည်းကြီးနှစ်ခုသည် ကျွတ်လွတ်သွားခြင်းမရှိဘဲ ဆယ်နှစ်ကျော်ကြာသည်အထိ ညစဉ်တိုင်း သတ်ပုတ် လုံးထွေးနေခဲ့သည်။ ပို၍ထူးခြားသည်မှာအောင်ထူးနှင့် ဂွတိုတို့၏ မြေပဲခင်းတွင် မည်သည့်အသီးအနှံမျှစိုက်ပျိုး၍မရတော့ပေ။အရဲစွန့်၍ စိုက်ပျိုးပါကလည်း ယာခင်းတစ်ခုလုံးပျိုးပင်များကို မွစာကြဲအောင် ဆွဲနှုတ်ထားသည်ကို ကြုံတွေ့ရသဖြင့် မည်သူမျှ မစိုက်ပျိုးရဲကြတော့ပေ။ ကြာသော် ထိုယာခင်းကြီးသည် ဖုန်းဆိုးမြေသဖွယ် ဖြစ်ခဲ့လေတော့သတည်း။
******************
ပြီးပါပြီ
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်
#lotaya_shortstory
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။