အခန်း ( ၁ )
ချောင်းရေပြင်ကိုဖြတ်တိုက်လာသည့် လေပြည်လေညင်းကအေးမြနေသော်လည်း ဒေါ်စန်းမြင့်၏ ရင်ထဲမှာ တော့ သမီးဇောဖြင့် ပူလောင်နေသည်။
“ ကိုဝင်းရေ....လုပ်ပါဦး။ သမီးကြီးပျောက်နေတာ သုံးရက်တောင်ရှိနေပြီ ”
“ နင့်သမီး လင်နောက်လိုက်သွားတာဖြစ်မှာပေါ့ဟ ”
“ လင်နောက်လိုက်တာမဟုတ်ဘဲ တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်။ ရဲစခန်းမှာ လူပျောက်သွားတိုင်ကြရင် ကောင်းမယ်ထင်တယ် ”
“ တစ်ရက် နှစ်ရက်လောက် စောင့်ကြည့်ပါဦးလား။ ငါထင်တာတော့ လင်နောက်လိုက်သွားတာဖြစ်နိုင်တယ် မစန်းမြင့် ”
“ လင်နောက်လိုက်တယ်ဆိုရင်လည်း ဘယ်သူနဲ့လိုက်သွားတယ်ဆိုတာတော့အသိပေးသင့်တယ် ”
“ နင့်သမီးက စိတ်ထင်ရာလုပ်တတ်တာ နင်လည်းအသိပဲ ”
“ ဘာပဲဖြစ်ဖြစ် လူပျောက်တော့တိုင်ထားရင် ကောင်းမယ်ထင်တယ် ”
“ ရဲတွေနဲ့ မပတ်သက်ချင်ဘူးကွာ။ ပတ်သက်မိရင် ပြီးမှာ မဟုတ်တော့ဘူး။ သူတို့လည်း ရှာပေးနိုင်တာ မဟုတ်ဘူး မစန်းမြင့် ”
“ ဟူး....။ ခက်တော့တာပဲ ”
“ စောင့်ကြည့်လိုက်စမ်းပါကွာ။ ပြန်လာပါလိမ့်မယ် ”
“ သမီးတစ်ကောင် နွားတစ်ထောင်ဆိုတဲ့စကားကအတော်မှန်တာပဲ ”
“ ငါ လက်ဖက်ရည်ဆိုင်ကိုသွားလိုက်ဦးမယ် ”
“ သွားရင်းလာရင်း သတင်းစုံစမ်းကြည့်ပါဦး ”
“ ပူမနေစမ်းပါနဲ့ကွာ။အချိန်တန်ရင် ပြန်လာပါလိမ့်မယ် ”
သမီးကြီး ခင်သီတာ ပျောက်ဆုံးနေခြင်းကို စိတ်ပူပန်မှုမရှိဘဲ လက်ဖက်ရည်ဆိုင်သို့ထွက်သွားသည့် ခင်ပွန်းဖြစ် သူ၏ကျောပြင်ကိုကြည့်ပြီး ဒေါ်စန်းမြင့် သက်ပြင်းရှည်ချလိုက်မိသည်။ သမီးကြီး ခင်သီတာ ပျောက်ဆုံးနေသည်မှာ သုံးရက်တိုင်ရှိခဲ့လေပြီ။ ခင်သီတာတွင် ချစ်သူရှိကြောင်း သိနေခဲ့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျ မသိခဲ့ပေ။အသက်နှစ်ဆယ့်လေးနှစ်ရှိပြီဖြစ်သည့် ခင်သီတာသည်အကြီးဆုံးသမီးဖြစ်ပြီး ခင်သီတာ၏အောက်တွင် မောင်တစ်ယောက်ရှိပေသည်။ ခင်သီတာ၏မောင်ဖြစ်သူ သန့်ဇင်ဦးသည် ရန်ကုန်မြို့ပေါ်သို့တက်ကာ တာမွေမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်လျက်ရှိသည်။ ခင်သီတာတို့မိသားစုသည် ဖျာပုံမြို့အနီးမှ ကျေးရွာတစ်ရွာတွင် နေထိုင်ကြပြီး ခင်သီတာသည် ဖျာပုံမြို့( နေရပ်အမှန်မဟုတ်ပါ ) ပေါ်မှအဒေါ်ဖြစ်သူထံတွင် နေ ထိုင်ပြီး စတိုးဆိုင်တစ်ခုတွင်အရာင်းသမအဖြစ် လုပ်ကိုင်လေသည်။
ခင်သီတာ ဆိုင်သို့ရောက်မလာသည်မှာ သုံးရက်ရှိပြီဖြစ်ကြောင်း စတိုးဆိုင်ပိုင်ရှင်က ခင်သီတာ၏အဒေါ် ဖြစ်သူအားအကြောင်းကြားခဲ့သည်။အဒေါ်ဖြစ်သူက မပြောမဆိုဖြင့် ရွာပြန်သွားသည်ဟုသာ ထင်မှတ်ပြီး ရွာသို့လိုက် သွားသည့်အခါမှ ရွာသို့ပြန်မလာကြောင်း သိလိုက်ရလေတော့သည်။
*************
အခန်း ( ၂ )
“ ကျော်ကြီး၊ ရွာပြန်သွားတာ ဘာလက်ဆောင်မှ မပါဘူးလား ”
“ ဘာမှမပါလာဘူးကွာ။ နောက်တစ်ခါကျမှပဲ လက်ဆောင်ယူလာခဲ့မယ် ”
“ ငါ ရွာပြန်ရင် မင်းအတွက် လက်ဆောင်ပါတယ်။ မင်းအလှည့်ကျတော့ ဘာမှတောင်မပါဘူး ”
“ မဟုတ်ပါဘူးကွာ။ ကိစ္စတွေပြီးပြီးချင်းအမြန်ပြန်လာရလို့ပါ ”
“ နေ့ချင်းပြန်တာ မပင်ပန်းဘူးလား ကျော်ကြီး ”
“ ပင်ပန်းပေမယ့် နေ့ချင်းမပြန်ရင်အလုပ်ပြုတ်သွားလိမ့်မယ်ကွ ”
“အေးပါကွာ။ ငါအပြင်သွားမယ်၊ လိုက်ဦးမလား ”
“ မလိုက်တော့ဘူး လှငွေ။ ငါ ခရီးပန်းလာလို့ ရေချိုးပြီးနားတော့မယ်။ မင်းက ဘယ်သွားမလို့လဲ”
“ ထုံးစံအတိုင်း ကြက်ဖကြီးအရက်ဆိုင်ပေါ့ကွာ။ လိုက်ခဲ့မလား ”
“ မလိုက်တော့ဘူးကွာ။ ဒီနေ့အဆောင်မှာ လူရှင်းနေပါလားကွ ”
“ ရှင်းဆို သုံးယောက်ကအဆောင်ပြောင်းသွားပြီ။အောက်ထပ် ထိပ်ဆုံးအခန်းကတစ်ကောင်က မင်းရွာပြန်သွားတဲ့နေ့ပဲ ထွက်သွားတာ ။အောက်ထပ်မှာ ကိုဆံရှည်နဲ့ ကိုသောင်းဝင်းတို့ ညီအစ်ကိုနှစ်ယောက်ပဲ ရှိတော့တယ်။ ညစာ ဘာမှမစားတော့ ဘူးလား ကျော်ကြီး ”
“ ရေချိုးပြီးမှ ထမင်းသွားစားတော့မယ်။ ကွမ်းလည်း ဝယ်ရဦးမယ် ”
ကျော်ကျော်အောင်ခေါ်ကျော်ကြီးနှင့် လှငွေတို့သည် စားသောက်ကုန်လုပ်ငန်းမှ ပစ္စည်းပို့သည့် မော်တော်ယာဉ် ကို မောင်းနှင်ကြသည့် ယာဉ်မောင်းများဖြစ်ကြပြီး ရန်ကုန်မြို့တစ်နေရာမှအဆောင်တွင် နေထိုင်ကြသည်။ ကျော်ကြီး သည် ဖျာပုံဇာတိဖြစ်ပြီး လှငွေက မင်းဘူးမြို့ဇာတိဖြစ်ကြလေသည်။ ကျော်ကြီးနှင့် လှငွေတို့နေသည့်အဆောင်သည်အဆောင်ဟုဆိုသော်လည်း ကြီးကြီးမားမား မဟုတ်ပေ။ နှစ်ထပ်တိုက်အားအခန်းဖွဲ့ထားပြီး တစ်ယောက်အိပ်စာနေရာ တစ်ခုသာရှိသည့်အခန်းကျဉ်းလေးများကိုအခန်းဖွဲ့ပြီးအဆောင်အဖြစ် ငှားရမ်းထားခြင်းဖြစ်ပေသည်။အပေါ်ထပ်တွင် ကျော်ကြီးနှင့် လှငွေတို့နှစ်ယောက်သာရှိပြီးအောက်ထပ်ရှိအခန်းခြောက်ခန်းတွင် နေထိုင်ကြသူများသာရှိပေသည်။အဆောင်တစ်ခုလုံးတွင် လူခြောက်ယောက်သာ ငှားရမ်းနေထိုင်ကြပြီး ယခုအခါအဆောင်နေသူသုံးယောက်ကအဆောင် ပြောင်းသွားသဖြင့် တစ်ဆောင်လုံးတွင် လေးယောက်သာ ကျန်တော့သည်။ ကိုဆံရှည်တို့ညီအစ်ကိုသည် မနက်ငါးနာရီအဆောင်မှထွက်၍ တစ်နေကုန်အလုပ်လုပ်ကာ ညဆယ့်တစ်နာရီလောက်မှ ပြန်လာတတ်ကြသည်။ တက္ကသိုလ်ဖွင့်ချိန် ဆိုပါကအဆောင်တွင် ခြေချစရာမရှိအောင်အဆောင်ငှားသူများဖြင့် ပြည့်နှက်နေတတ်ပေသည်။အပေါ်ထပ်တွင် ရေချိုးခန်းနှင့်အိမ်သာတစ်ခုစီရှိပြီးအောက်ထပ်တွင်လည်း ရေချိုးခန်း၊အမ်သာနှင့် ထမင်းစားခန်းတစ်ခုသာရှိသည်။ ချက်ပြုတ်စားသောက်ခွင့်မပေးထားသဖြင့် မီးဖိုဆောင်သည်အဝတ်လှမ်းသည့်နေရာတစ်ခုအဖြစ်ရှိနေလေသည်။
“ ငါရေချိုးလိုက်ဦးမယ် လှငွေ ”
“ ချိုး...ချိုး။ ငါလစ်တော့မယ် ”
“ မင်းပြန်လာရင် တစ်ပိုင်းလောက်ဆွဲလာခဲ့ပါလား ”
“ ငါက နောက်ကျမှာကွ။အခုရှစ်နာရီထိုးနေပြီဆိုတော့ သောက်တာစားတာနဲ့ ဆယ့်တစ်နာရီလောက်မှပြန်ရောက်မှာ ”
“ ဒါဆိုလည်း နေတော့ကွာ ”
“ လိုက်မယ်ဆိုရင် စောင့်နေမယ် ”
“ မလိုက်တော့ဘူးကွာ ”
“ ပြီးရော၊ ငါလစ်ပြီ ”
“အေး..... ”
လှငွေအပြင်ထွက်သွားသည်နှင့် ကျော်ကြီးလည်း ရေချိုးခန်းသို့ ဝင်သွားလေသည်။ ရေချိုးခန်းထဲရောက်၍ ရေချိုးနေသည့်အချိန်မှာပင် ရေချိုးခန်းမီးက ရုတ်တရက် မှိတ်သွားသဖြင့် မှောင်အတိကျသွားလေသည်။ မီးပျက်သည်အထင်နှင့် ရေချိုးခန်းတံခါးကိုတွန်းဖွင့်သော်လည်း ရေချိုးခန်းတံခါးက ပွင့်မလာပေ။ ရေချိုးခန်းထဲတွင် လူမရှိဘူးအထင်ဖြင့် မီးပိတ်ကာ တံခါးကို ချက်ချထားသည်ဟုထင်မှတ်ပြီးအော်ဟစ်လိုက်လေသည်။
“ ဘယ်သူတံခါးပိတ်ထားတာလဲ။အထဲမှာ လူရှိတယ် ”
“ .................. ”
“အထဲမှာလူရှိတယ်ဟ။ မကြားကြဘူးလား ။ နောက်စရာ မဟုတ်ဘူးနော်။ လှငွေ.....မင်းလား။ တံခါးဖွင့်ပေးစမ်း”
“ .................. ”
အပြင်ဘက်မှ ပြန်မထူးသည့်အပြင် တံခါးလည်း ဖွင့်မပေးသဖြင့် ကျော်ကြီး ဒေါသထွက်ကာ တံခါးကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။
“ ဒုံး..... ဒုံး”
“ ဂျိမ်း..... ”
ခြေထောက်နှင့် နှစ်ချက်ဆင့်ကန်လိုက်သည့်အခါမှ ရေချိုးခန်းတံခါးပွင့်သွားလေသည်။ ရေချိုးခန်းထဲမှ ဒေါသတကြီးထွက်လာပြီး မည်သူမီးနှင့် တံခါးပိတ်သွားသည်ကို သိလိုသောကြောင့်အဆောင်အနှံ့ရှာဖွေသော်လည်း သူရိပ်သူယောင်ပင်မမြင်ရပေ။
“ ဂျိမ်း........ ”
“ ဂျိမ်း....... ”
ထိုစဉ်မှာပင် ရေချိုးခန်းတံခါးက တဂျိမ်းဂျိမ်းနှင့် ဆောင့်ပိတ်နေသဖြင့် ရေချိုးခန်းကို လှည့်ကြည့်လိုက်ရာ ရေချိုးခန်းထဲတွင်အဖြူရောင်အရိပ်တစ်ခုကို မြင်လိုက်ရလေသည်။
“ ဘာလဲဟ.... ”
အဖြူရောင်အရိပ်ကိုအသအချာစိုက်ကြည့်နေစဉ်အရိပ်ကြီးက တဖြည်းဖြည်းပျောက်ကွယ်ကာ ရေချိုးခန်းမီး လည်း ရုတ်တရက်ပြန်လင်းလာလေသည်။ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စမဟုတ်သည်ကို သတိထားလိုက်မိသဖြင့် ကြက်သီး တဖြန်းဖြန်းထသွားပြီးအခန်းထဲသို့အမြန်ဝင်ကာ တဘက်နှင့် ရေသုတ်လိုက်လေသည်။
အဝတ်အစားလဲပြီးနောက် ထမင်းစားရန်နှင့် ကွမ်းယာဝယ်ရန်အောက်သို့ဆင်းလာခဲ့ပြီးအဆောင်နှင့် မလှမ်း မကမ်းရှိ စားနေကျထမင်းဆိုင်သို့ ခြေဦးလှည့်လိုက်သည်။
“ မောင်ကျော်၊ ရွာပြန်သွားတယ်ဆို ”
ထမင်းရောင်းသည့် ဒေါ်မြင့်က ကောက်ကာငင်ကာ မေးလိုက်သဖြင့် ကျော်ကြီးအံ့သြသွားမိသည်။ ဒေါ်မြင့်၏ ထမင်းဆိုင်လေးသည် လက်လုပ်လက်စားသမားများကိုအားကိုးကာ ရောင်းချနေသည့် ထမင်းဆိုင်လေးသာဖြစ်ပေသည်။
“ ဟုတ်တယ် ဒေါ်မြင့်။ ဒေါ်မြင့်ကို ဘယ်သူပြောသလဲ ”
“ လှငွေပြောတာ ”
“အော်..... ”
“ ဘာနဲ့စားမလဲ ”
“ ငါးဆုပ်ဟင်းပဲပေးပါ ဒေါ်မြင့် ”
“ ဒီနေ့တော့အရက်သောက်တာ မတွေ့ပါလားဟေ့။ လိမ္မာနေတယ်ပေါ့လေ ”
“ ခရီးပန်းလာတော့ မသောက်တော့ဘူး ဒေါ်မြင့်ရာ ”
“ ကောင်းပါတယ်ဟယ်။အရက်သောက်တာတော့အားမပေးဘူး။ ဒါကြောင့် ငါ့ဆိုင်မှာအရက်မရောင်းတာ ”
“ ဒေါ်မြင့်၊ ချဉ်ပေါက်ရွက်ကြော်တစ်ပွဲပေးနော် ”
“အေး....အေး... ။ ပါဆယ်ယူသွားမှလား။ နင့်ကောင်မလေးကို ခေါ်လိုက်ဦးလေ။ ဆိုင်ရှေ့မှာ မိန်းကလေးတစ်ယောက် တည်းရပ်နေတာ မကောင်းပါဘူး”
“ ဗျာ......ဘယ်က မိန်းကလေးလဲ ဒေါ်မြင့် ”
“ နင်နဲ့ပါလာတဲ့ ကောင်မလေးကိုပြောနေတာ ”
“ ဟာ...မဟုတ်တာ ”
“အမလေး ကျော်ကြီးရယ်။ ငါလည်း ငယ်ရာက ကြီးလာတာပါဟဲ့ ”
“ ဟာ...ဘာတွေပြောနေတာလဲ ဒေါ်မြင့်ရာ ”
“ နေစမ်းပါဦး၊ ခုနကတင် နင့်နဲ့အတူလိုက်လာပြီး ဆိုင်ရှေ့မှာ ရပ်နေတာတွေ့လိုက်ပါသေးတယ်။အခု ဘယ်ရောက် သွားတာတုန်း ”
“ မျက်မှန်တပ်တော့ ဒေါ်မြင့် ”
“ ငါ မကန်းသေးပါဘူး ကျော်ကြီးရယ် ”
“အင်းပါ....ထမင်းမြန်မြန်ချပါ။ ဗိုက်ဆာနေပြီ ”
“ မသိပါဘူးဟယ်...ရွာပြန်ပြီး မိန်းမခိုးလာတယ်ထင်လို့ ”
***************
ဒေါ်မြင့်လာချပေးသည့် ထမင်းနှင့် ဟင်းများကို မြိန်ရည်ယှက်ရည်စားသောက်ပြီးနောက် ကွမ်းယာဝယ်ရန်အဆောင်ရှေ့မှ ကွမ်းယာဆိုင်ဘက်သို့ လျှောက်လာခဲ့သည်။
“ ကိုမူတူးရေ....ထုံးစံအတိုင်း ငါးရာဖိုးဗျာ နိုင်တီတူးနဲ့ နှပ်ဆေးနည်းနည်းပေါက်မယ် ”
“ ဟား ....ကျော်ကြီး။ ရွာပြန်သွားတယ်ဆို ”
“ ဟုတ်တယ်ကိုမူတူး။ လှငွေပြောတာ မဟုတ်လား ”
“ ဟုတ်တယ် ”
“ လှငွေဆိုတဲ့ကောင်က လိုက်ဖွနေတော့တာပဲ ”
“ ဘာဖြစ်လို့လဲ ကျော်ကြီး ”
“ ဘာမှ မဖြစ်ပါဘူးဗျာ။ ကျွန်တော့်ကို ကွမ်းတစ်ယာအရင်ကျွေးစမ်းပါ ”
ကိုမူတူးယာပေးသည့် ကွမ်းယာကိုဝါးရင်း ရေချိုးခန်းထဲမှအရိပ်ကြီးအကြောင်းကို စဉ်းစားနေမိသည်။ ကြောက်လန့် တတ်သူမဟုတ်သော်လည်း ကိုယ့်အကြောင်းနှင့်ကိုယ်မို့ စိတ်ထဲတစ်မျိုးတော့ ဖြစ်နေမိသည်။
“ ကျော်ကြီး...ရပြီ ”
“ ဟုတ်ကဲ့ ကိုမူတူး ”
“ ဒီနေ့ ကြက်ဖကြီးကို မသွားတော့ဘူးလား ”
“ မသွားတော့ဘူး ကိုမူတူး။ ခရီးပန်းလာလို့ ထမင်းစားပြီးအိပ်တော့မယ် ”
“ လှငွေကတော့အချိန်မှန်ပဲကွ ”
“ ဟုတ်တယ် ကိုမူတူး။ ကျွန်တော်အဆောင်ပေါ်တက်တော့မယ်ဗျာ ”
“အေး...အေး....။ မနက်ဖြန်မနက်လည်း ထုံးစံအတိုင်း ငါးရာဖိုးယာထားလိုက်ရမလား ”
“ ယာထားလိုက် ကိုမူတူး။ မနက်အလုပ်မသွားခင် ယူသွားမယ် ”
ကွမ်းယာဆိုင်မှ လမ်းတစ်ဖက်သို့ကူးကာအဆောင်ထဲသို့ ဝင်လာခဲ့သည်။
“ မီးကတော့ လုပ်ပြီကွာ ”
အဆောင်တံခါးကို ဖွင့်ဝင်လိုက်ချိန်တွင် မီးကရုတ်တရက်ပျက်သွားသည်။ သို့သော်လည်း လမ်းမမှ မီးရောင်ကအဆောင်ထဲသို့တိုင် ဝင်ရောက်နေသဖြင့်အဆောင်အောက်ထပ်ကို ကောင်းစွာမြင်တွေ့ရပေသည်။
“ ကျွီ........... ”
အခန်းတံခါးတစ်ခုရုတ်တရက်ပွင့်သွားသဖြင့် ကျော်ကြီး၏ ခြေလှမ်းများ တုန့်ကနဲ ရပ်တန့်သွားသည်။ တံခါးပွင့် သွားသည့်အခန်းသည် ထိပ်ဆုံးအခန်းဖြစ်ပြီး ထိုအခန်းတွင်နေထိုင်ခဲ့သည့်သူသည် ကျော်ကြီးရွာပြန်သွားသည့် နေ့တွင် ပြန်သွားကြောင်း လှငွေပြောပြချက်အရ သိထားသည်။ ။ မကြာခဏ မီးပျက်တတ်သော်လည်း ယခုအခါ တစ်တိုက်ထဲသာ မီးပျက်နေပေသည်။ တစ်လမ်းလုံး လင်းထိန်နေပြီးအိမ်တိုင်းမီးမပျက်သည်ကို မြင်တွေ့နေရသည်။ လူမပြတ်ရှိနေတတ် သည့်အဆောင်တွင် ယခုအခါ မိမိတစ်ယောက်တည်းရှိနေသဖြင့် ကျော်ကြီး စိတ်အနည်းငယ် လှုပ်ရှားနေမိသည်။အခန်း တံခါး ရုတ်တရက် ပွင့်သွားသည်ကို ဘဝင်မကျသော်လည်း လက်ကိုင်ဖုန်းမီးကိုဖွင့်ပြီးအပေါ်ထပ်သို့ တက်လာခဲ့သည်။အဆောင်ပိုင်ရှင်က ဖယောင်းတိုင်မီးသုံးခွင့်မပေးသဖြင့် မီးလာမည့်အချိန်ကို စောင့်မျှော်ရင်းအပေါ်ထပ် ဝရံတာတွင် ထိုင်ကာ ကွမ်းဝါးနေလိုက်လေသည်။
“ဒုံး....... ”
ကျယ်လောင်သည့် တံခါးပိတ်သံကြောင့် ဝရံတာမှာထိုင်ရင်းအဆောင်ထဲသို့ကြည့်လိုက်သည့်အခါ လူသွား လမ်းပေါ်တွင် ရပ်နေသည့်အမျိုးသမီးတစ်ယောက်ကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရသည်။
“ ဟာ............ ”
ထဘီအပြာရောင်၊အနီရောင်တီရှပ်ကိုဝတ်ဆင်ထားပြီး ဆံပင်ဖားလားချထားသည့်အမျိုးသမီးသည် တစ်ကိုယ် လုံးရေစိုရွှဲနေသည်။အမျိုးသမီး၏ ကိုယ်ပေါ်မှ ရေစက်များက လူသွားလမ်းပေါ်သို့ တစ်စက်ချင်းကျနေလေသည်။
“ ခင်....ခင်သီတာ....... ”
“ ဒုံး...... ”
“ ကျွီ......ဒုံး..... ”
“ ကျွီ......... ”
အပေါ်ထပ်မှအခန်းခြောက်ခန်းစလုံးအခန်းတံခါးများ ပွင့်ချည်ဖွင့်ချည်ဖြစ်နေသည်ကိုကြည့်ပြီး ကျော်ကြီး ဆံပင်မွေးများ ထောင်ထလာလေပြီ။
“ ခင်....ခင်သီတာ.....မင်း...မင်း...... ”
ထိုအချိန်မှာပင်အဆောင်ထဲသို့ဝင်လာသည့် လှငွေကိုမြင်လိုက်ရသဖြင့် ကျော်ကြီးအားတက်သွားလေသည်။
“ လှငွေ၊ ပြန်လာပြီလား ”
“အေး...... ။ မအိပ်သေးဘူးလား ”
“ မီးပျက်နေလို့ကွ ”
ဝရံတာမှအားတက်သရောဖြင့် မေးလိုက်သည့် ကျော်ကြီးကို လှငွေကမော့ကြည့်ပြီး ပြန်ဖြေရင်းအဆောင်ထဲ သို့ဝင်လာလေသည်။အပေါ်ထပ်သို့တက်လာနေသည့် လှငွေ၏ခြေသံကိုကြားလိုက်ရစဉ်မှာပင် ခင်သီတာ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
“ ဟ...ဟ.....။ ရေတွေက ကြမ်းပေါ်ဘယ်လိုဖြစ်ပြီးကျနေတာလဲ ကျော်ကြီး။ ငါချော်လဲတော့မလို့ ”
“ ဟုတ်လား..... ”
ကျော်ကြီးက လှငွေဆီသို့အမြန်ထသွားပြီး ကြမ်းပြင်ပေါ်သို့ကြည့်လိုက်သည့်အခါ ရေကွက်နှင့် ရေစက်များကို မြင်လိုက်ရသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
“ ငါ...ငါ ရေချိုးပြီးအဲဒီမှာရပ်နေတုန်းက ကိုယ်ပေါ်က ရေစက်တွေကျသွားတာဖြစ်မယ် ”
“ မင်းကလည်း....၊ ရေချိုးပြီး တဘက်နဲ့မသုတ်ဘူးလား ”
“ ရေချိုးနေတုန်း မီးပျက်သွားလို့အပြင်ထွက်လာတာကွ။ ရေသုတ်ချိန်တောင်မရလိုက်ဘူး ”
“ ရေတွေသုတ်လိုက်ဦး ဟေ့ကောင်။အပေါ်ထပ်မှာ မင်းနဲ့ငါပဲရှိတာ။ တစ်ယောက်မဟုတ် တစ်ယောက် ချောလဲလိမ့်မယ် ”
“ ငါသုတ်လိုက်ပါ့မယ်။ ပုဆိုးသွားယူလိုက်ဦးမယ် ”
လှငွေ၏ပခုံးကိုပုတ်ပြီး လက်ကိုင်ဖုန်းမှမီးကိုဖွင့်ကာအခန်းထဲသို့ဝင်သွားလေသည်။
*************
(အခန်း ၃ )
မိုးစက်မိုးပေါက်များကအရှေ့လေကာမှန်ပေါ်သို့အရှိန်ပြင်းစွာ ထိမှန်နေကြသည်။ ရေသုတ်တံများပွတ်တိုက်သံနှင့် မိုးသံများက ကားစက်သံကို ဖုံးလွှမ်းနေလေသည်။ ယနေ့ ရွှေပြည်သာသို့ ပစ္စည်းပို့အပြီး ကားပျက်သဖြင့်အပြန်နောက်ကျ သည်။ နာရီကို ကြည့်လိုက်သည့်အခါ ညကိုးနာရီထိုးရန် ဆယ်မိနစ်သာ လိုပါတော့သည်။ စက်မှုလမ်းသွယ်တစ်မှ လမ်းမ ကြီးပေါ်သို့ချိုးကွေ့ကာနီးတွင် ကားစက်ကအလိုလိုထိုးရပ်သွားပြန်သည်။ စက်မှုဇုန်ထဲတွင် ကားပျက်စဉ်က စက်ရုံ ထဲမှ ယာဉ်စက်ပြင်တတ်သူများ ဝိုင်းဝန်းကူညီမှုကြောင့် စက်ပြန်ကောင်းခဲ့သော်လည်း ယခုထပ်ဖောက်လာပြန်သဖြင့် ကျော်ကြီး စိတ်ပျက်သွားလေသည်။ ရွှေပြည်သာသို့လာရခြင်းက ပစ္စည်းပို့ရန်ကိစ္စမဟုတ်သဖြင့်အဖော်မပါခဲ့သည့်အတွက် တစ် ယောက်တည်းဖြစ်နေပေသည်။ မိုးစဲသည်အထိစောင့်ပြီး စက်အခြေအနေကိုကြည့်မည်ဟုဆုံးဖြတ်လိုက်ပြီး ကုမ္ပဏီမှ တာ ဝန်ရှိသူအား ကားစက်ပျက်နေ၍ နောက်ကျမည်ဖြစ်ကြောင်း ဖုန်းဖြင့်ပြောဆိုလိုက်လေသည်။
ညဆယ့်တစ်နာရီကျော်သည့်တိုင် မိုးကစဲမလာဘဲ ပို၍ သည်းထန်လာသဖြင့် ကားထဲတွင်ထိုင်ရင်း ဖုန်းဖြင့် ဂိမ်းဆော့ နေလိုက်သည်။
“ ဘုတ်....ဘုတ် ”
နံဘေးမှ ကားပြူတင်းပေါက်မှန်တံခါးကို ပုတ်သံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်မိသည်။
“အမလေးဗျ....... ”
ပြူတင်းပေါက်မှန်တွင် ကပ်နေသည့်အမျိုးသမီးမျက်နှာကို မြင်တွေ့လိုက်ရသဖြင့် ကျော်ကြီးတစ်ယောက် သွေးပျက် လုမတတ် ထိတ်လန့်သွားလေသည်။အမျိုးသမီး၏ မျက်နှာသည် ကားပြူတင်းပေါက်မှန်တွင် ကပ်လျက်ရှိနေပြီး မျက်လုံး များပြူးကာ ကားထဲသို့ခြောင်းကြည့်နေသည်ကို ထင်ရှားစွာမြင်တွေ့နေရသည်။
“ ခင်....ခင်သီတာ....ငါ့...ငါ့ကို မခြောက်ပါနဲ့ ”
“ ကလောက်...ကလောက်.....ကလောက် ”
ကားတံခါးချက်ကို ဆွဲဖွင့်နေသည့်အသံက ကျော်ကြီး၏နားထဲတွင် မိုးကြိုးပစ်သံကဲ့သို့ ထင်မှတ်မိလေသည်။ ပြူတင်းပေါက်နားတွင် မထိုင်ရဲတော့သဖြင့် ထိုင်ခုံနှစ်ခုကို ခွထိုင်ပြီး မျက်လုံးကို စုံမှိတ်ထားလိုက်သည်။ ကျော်ကြီး ကံ ကောင်းသည်ဟု ပြောရမည်။ မျက်လုံးမှိတ်ထားစဉ် စူးရှသည့် မီးအလင်းရောင်ကို မြင်တွေ့လိုက်ရသဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ စက်မှုလမ်းသွယ်တစ်လမ်းထဲသို့ ချိုးကွေ့ဝင်လာနေသည့် ကားတစ်စီးကို မြင်တွေ့လိုက်ရသည်။ ကားမှန်ပြူတင်းပေါက်ကို ကြည့်လိုက်သည့်အခါအမျိုးသမီး၏မျက်နှာကြီးလည်း မရှိတော့သဖြင့်အရဲစွန့်ကာ ကားပေါ်မှအမြန်ပြေးဆင်းပြီး လမ်းထဲသို့ဝင်လာသည့်ကားရှေ့တွင်ရပ်ကာ ကားကိုလက်တားလိုက်သည်။ ကျော်ကြီးတားလိုက်သည့် ကန်တာကားပေါ်မှ ယာသ်မောင်းက ကားပြူတင်းပေါက်မှန်ကိုဖွင့်ပြီး ကျော်ကြီးကိုခြေအဆုံးခေါင်းအဆုံးကြည့်ပြီး မေးလေ သည်။
“ ညီလေး.....ဘာဖြစ်လို့လဲ ”
“ ကားပျက်နေလို့အစ်ကို။ ကျွန်တော့်ကို ကူညီပါဗျာ။ ကျွန်တော်က ( xxx ) ကုမ္ပဏီက ယာဉ်မောင်းပါ ”
“ မင်းတစ်ယောက်တည်းလား၊အကူမပါဘူးလား ”
“ မပါဘူးအစ်ကို ”
“ ကားက ဘယ်လိုဖြစ်တာလဲ ”
“ စက်သေပြီး ပြန်နှိုးလို့မရတာပါ ”
“ ငါတို့ကဘာအကူအညီပေးရလဲ ”
“ ကျွန်တော့်ကားကို ဆွဲပေးပါအစ်ကို၊ ပိုက်ဆံပေးပါ့မယ် ”
“ မင်းက ဘယ်အထိသွားမှာလဲ ညီလေး ”
“ ကြည့်မြင်တိုင်ပါအစ်ကို ”
“ ဟာ....ဒါဆို မဖြစ်ဘူးကွ။ ငါတို့က စက်ရုံပြန်ပြီး ကားသိမ်းမှာ ”
“ ဒါဆို ကျွန်တော့်ကို ကျွန်တော်တို့စက်ရုံကို ဆွဲသွားပေးပါ ”
“ မင်းတို့စက်ရုံက ဘယ်နားမှာလဲ ”
“ စက်မှုသုံးလမ်းကို ဆွဲသွားပေးပါအစ်ကို။ ဒီမှာ မနေရဲလို့ပါ ”
“ တို့မှာ ကြိုးပါလား မိုးလေး ”
“ သံကြိုးတော့မပါဘူး၊ နိုင်လွန်ကြိုးတော့ပါတယ်။အလုံးသေးတော့ ခံနိုင်ပါ့မလား ”
“ နှစ်ခေါက်ခေါက်ပြီး ဆွဲကြည့်တာပေါ့ကွာ။ သူလည်း ဒီမှာ တစ်ယောက်တည်း ဘယ်နေရဲပါ့မလဲ ”
“ ဟုတ်ကဲ့ ကိုဌေး ”
ကျော်ကြီး ထပ်မံကံကောင်းခဲ့ပါသည်။ ထိုနေ့ညက စက်ရုံထဲတွင်ကားထားပြီး ကားပေါ်တွင်အိပ်ကာ တစ်ညတာ ကုန်ဆုံးခဲ့ရလေတော့သည်။
**************
အခန်း ( ၄ )
ခင်သီတာ ပျောက်ဆုံးနေသည်မှာ ခြောက်ရက်နီးပါးရှိခဲ့လေပြီ။
“ ကိုဝင်း၊ သမီးကြီးသတင်းဘာကြားသေးလဲ ”
“ ငါလည်းစုံစမ်းနေတာပဲ မစန်းမြရယ်။အခုထိ သတင်းအစအနမရသေးဘူး ”
“ ကျွန်မ စိတ်ပူနေပြီ ကိုဝင်းရယ်။ တစ်ခုခုဖြစ်နေပြီလား မသိပါဘူး ”
“ နင်ကလည်းဟာ......၊ လင်နောက်လိုက်သွားတာ ချက်ချင်းပြန်လာပါ့မလားဟ။ သူ့ကိုဆော်မှာစိုးလို့ ငါတို့ စိတ်ပြေ လောက်တဲ့အချိန်မှပြန်လာမှာပေါ့ ”
“ လင်နောက်လိုက်တာသေချာရင်တော့ ဆူစရာ စိတ်ဆိုးစရာမရှိပါဘူး ကိုဝင်းရယ်။ သမီးကြီးကအရွယ်ရောက်နေပြီပဲဟာ ”
“ သူလိုက်ပြေးတဲ့လင်က ဘယ်လိုကောင်မျိုးလဲမှမသိတာ။ ငါတို့သဘောမတူနိုင်ဘူးထင်လို့ ပြန်မလာတာပေါ့ မစန်းမြရာ ”
“ ရဲစခန်းမှာလူပျောက်တိုင်ကြည့်ရင် ကောင်းမလားကိုဝင်း ”
“ ရဲတွေနဲ့ မပတ်သက်ချင်စမ်းပါနဲ့ဟာ ”
“ ခက်တာပဲ ကိုဝင်းရယ်။ ကျွန်မမှာလဲ တစ်နေ့တစ်နေ့ စိတ်ပူရလွန်းတာနဲ့သေမှာပါပဲ ”
“ လွှတ်ထားလိုက်စမ်းပါကွာ။အချိန်တန်ရင် ပြန်လာပါလိမ့်မယ် ”
“ ထပ်ပြီး ၇ှာကြည့်ပါသီး ကိုဝင်းရယ်။ ရှင့်ကိုကြည့်ရတာအေးစက်စက်နိုင်လိုက်တာ။ လိုက်ပြေးသွားတယ်ဆိုလည်း ရှာပြီး လက်ထပ်ပေးလိုက်ကြတာပေါ့ ”
“ ငါလည်း ရှာနေတာပဲ။ နင့်သမီးက သူ့လင်နဲ့ ဘယ်လိုက်ပြေးသလဲမှမသိတာ ”
“ မဟုတ်ဘူးလေ၊ သမီးကြီး သွားလာတတ်တဲ့ ပတ်ဝန်းကျင်ကို နည်းနည်းပါးပါးစုံစမ်းကြည့်မှပေါ့ ”
“ လင်နောက်လိုက်သွားတဲ့သမီးကို ငါကအရှက်မရှိတဲ့မျက်နှာနဲ့ လိုက်ရှာရမလားကွ။ ထွီ... ”
ဒေါ်စန်းမြခမြာ ခင်ပွန်းဖြစ်သူကို ပြောမရသည့်အဆုံး သက်ပြင်းရှည်ချပြီးအိမ်နောက်ဖေးသို့ ဝင်သွားလေတော့သည်။
***************
အခန်း ( ၅ )
“ ဟေ့ကောင် ကျော်ကြီး။ မင်းက ကောင်မလေးကိုခေါ်ပြီး နှပ်နေတာလား။ ကြည့်လည်းလုပ်နော်၊အဆောင်ပိုင်ရှင် သိသွားလို့ မောင်းထုတ်ခံနေရမယ် ”
“ ဗျာ..... ”
ကိုဆံရှည်ပြောလိုက်သည့်စကားကြောင့် ကျော်ကြီး နားမလည်စွာဖြင့် ကိုဆံရှည်ကိုအသေအချာကြည့်ပြီး မေးလိုက်သည်။
“ ကိုဆံရှည်.....၊ ခင်ဗျား ဘာတွေပြောနေတာလဲ။ ကျွန်တော်က ဘယ်ကောင်မလေးကိုခေါ်လာလို့လဲ ”
“ မလိမ်စမ်းပါနဲ့ ကျော်ကြီးရာ။အဆောင်ပိုင်ရှင်ကိုလည်း ဘာမှပြန်မေပြာပါဘူးကွာ ”
“ ဟာဗျာ...။ မဟုတ်တာတွေပြောတော့မယ်။ ကျွန်တော်တစ်ခါမှခေါ်မလာဖူးဘူး ”
“ ကျော်ကြီးရာ.....။ ဟိုတစ်နေ့က ငါ စောစောပြန်ရောက်ပြီး မင်းက ညဆယ်နာရီလောက်မှပြန်ရောက်တယ်လေ။ မှတ်မိလား ”
“အင်း၊ ဆက်ပြောစမ်းပါဦး ”
“ မင်းနောက်မှာ ကောင်းမလေးတစ်ယောက်ပါသွားတာအခန်းထဲကနေ ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာကွ။ ဘာလဲဆိုပြီး ငါလည်းအခန်းထဲက ထွက်ကြည့်မိတယ်။ မင်းအပေါ်ထပ်ကို တက်သွားတော့ မင်းရဲ့နောက်ကနေ တက်လိုက်သွားတာ ငါမြင်ပါတယ်ကွာ ”
“ ဗျာ.....မဟုတ်ရပါဘူး ကိုဆံရှည်ရာ။ ဘုရားစူးရပါစေ ”
“ ငါ ဘယ်သူ့မှမပြောပါဘူးကွ။ ကောင်မလေးက စပို့ရှပ်အနီရောင်လေးဝတ်ထားပြီး ထဘီအပြာရောင်နဲ့။ ဆံပင်ကိုဖားလား ချထားတယ်။ ရေတွေလည်းစိုလို့။ ငါတောင် မင်းအခန်းဝကနေ ခြောင်းနားထောင်ဦးမလို့ပဲ....ဟဲဟဲ.... ”
“ ဗျာ......... ”
ကိုဆံရှည်ပြောပြနေသည့်စကားများကိုကြားရသည့်အခိုက် ကျော်ကြီး ကြက်သီးမွေးညှင်းများထသွားလေသည်။ ယုခအတိုင်းသာဆိုလျှင်အနောက်မှ တကောက်ကောက်ကပ်လိုက်နေသည့်ပုံဖြစ်နေပေသည်။
“အမြင်လွဲတာ ဖြစ်မှာပါဗျာ ”
“ ဟေ့ကောင်.....ငါတစ်ယောက်တည်းမြင်တာမဟုတ်ဘူးနော်။ ကွမ်းယာဆိုင်က မူတူးကိုမေးကြည့်။ သူလဲမြင်တယ် ”
“ ဗျာ......... ”
“ မဗျာနဲ့။ မင်းကိစ္စနဲ့မင်းပါကွာ။ ကိုယ့်ဇာတ်ကိုယ်နိုင်အောင်ကနိုင်ရင်ပြီးတာပဲ။ ငါကတော့ ဘယ်သူ့ကိုမှမပြောဘူးဆိုတာ ကတိပေးတယ်။ ယောက်ျားပဲကွာ။ ဘာဖြစ်သလဲ ”
ကိုဆံရှည်နှင့် ဆက်ပြောရန်မသင့်တော့သဖြင့်အပေါ်ထပ်သို့တက်လာပြီးအခန်းထဲသို့ဝင်ကာအိပ်ရာပေါ်တွင် လှဲနေလိုက်သည်။ ညဆယ့့်တစ်နာရီလောက်တွင်အောက်ထပ်မှ ကိုဆံရှည်တို့ညီအစ်ကိုနှစ်ယောက်၏ စကားပြောသံများ တိတ်ဆိတ်သွားလေပြီ။ တစ်ခန်းကျော်တွင်ရှိနေသည့် လှငွေ၏ဟောက်သံကိုပင်အတိုင်းသားကြားနေရသည်။ မနက်အလုပ်ဆင်းရဦးမည်မို့အိပ်ရန်ဆုံးဖြတ်လိုက်ပြီးအခန်းမီးကိုပိတ်၍ ခြင်ထောင်ချကာအိပ်စက်လိုက်လေတော့သည်။
***************
အေးစက်စက်အထိအတွေ့ကြောင့်အိပ်ရာမှ လန့်နိုးလာပြီး မျက်လုံးကိုဖွင့်ကြည့်သည့်အခါ တစ်ခန်းလုံး မှောင် မည်းနေသည်။ ကိုယ်ပေါ်သို့တစ်စက်စက်ကျနေသည့်အရာများကို စမ်းသပ်ကြည့်လိုက်သည့်အခါ ရေစက်များဖြစ်နေ သည်ကို သိလိုက်ရသဖြင့်အထိတ်တလန့် ထထိုင်လိုက်သည်။ တစ်ခန်းလံးမှောင်မည်းနေပြီး လှငွေ၏ဟောက်သံမှအပ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ထိုစဉ်မှာပင် စောင်ကို တဖြည်းဖြည်းဆွဲယူနေသည်ကို သတိထားလိုက်မိသဖြင့် စောင်ကိုပြန်ဆွဲယူလိုက်သည်။အခန်းတစ်ခုလုံးအေးစိမ့်နေသလို ခံစားနေရသည်။အခန်းထဲတွင်ရှိနေသည့်အရာသည် မည်သည့်အရာဆိုသည်ကို သိလိုသဖြင့် ခြင်ထောင်ထဲမှထွက်ကာ ပြူတင်းပေါက်တံခါးကိုဖွင့်လိုက်သည်။
လမ်းမီးရောင်များက ပြူတင်းပေါက်မှတဆင့်အခန်းထဲသို့ဝင်လာသည့်အခါ နောက်သို့မရဲတရဲဖြင့် လှည့်ကြည့် လိုက်လေသည်။
“အမလေးဗျ......ကယ်ကြပါဦး....... ”
မြင်လိုက်ရသည့် မြင်ကွင်းကြောင့်အသံကုန်အော်ဟစ်လိုက်သော်လည်းအသံကထွက်မလာဘဲ လည်ခြောင်းဝတွင် ပျောက်ကွယ်သွားခဲ့သည်။
ဆံပင်ဖျားလားချထားသည့်အမျိုးသမီးက ခြင်ထောင်ထက်တွင် မတ်တပ်ရပ်လျက်အနေအထားဖြင့် ကျော်ကြီးကို စူးစူးစိုက်စိုက်ကြည့်နေလေသည်။ ထိုအမျိုးသမီး၏ခန္တာကိုယ်က ပုပ်ပွယောင်ကိုင်းပြီး ကြည့်ရဆိုးလွန်းနေသည်။ မျက်လုံးများကအပြင်သို့ပြူးထွက်နေပြီး လျှာကလည်းအပြင်သို့ထွက်နေသည်။
“ ခင်....ခင်သီတာ.......ငါ့...ငါ့ကို မခြောက်ပါနဲ့။ တောင်း....တောင်းပန်ပါတယ် ”
ကျော်ကြီးက တောင်းပန်စကားပြောရင်းအခန်းတံခါးဝဆီသို့ပြေးကာအခန်းတံခါးကိုဖွင့်ပြီး လှငွေ၏အခန်းသို့ ပြေးလေတော့သည်။
“ ဒုံး....ဒုံး...ဒုံး..... ”
“ လှ...လှငွေ........လှငွေ....တံခါးမြန်မြန်ဖွင့်ပေးပါ။ လှငွေရေ.......တံ...တံခါး မြန်မြန်ဖွင့်စမ်းပါ ”
“ ဒုံး.....ဒုံး.....ဒုံး..... ”
တံခါးကို တဒုံးဒုံးထုနှက်ပြီးအော်ဟစ်ခေါ်သော်လည်းအခန်းထဲမှ လှငွေက တုပ်တုပ်မျှမလှုပ်သဖြင့်အောက်ထပ်မှ ကိုဆံရှည်တို့ ညီအစ်ကိုရှိရာသို့ ပြေးရန် တာစူလိုက်သည်။ သို့ပါသော်လည်း လက်ညှိုးငေါက်ငေါက်ထိုးကာရပ်နေသည့်အမျိုးသမီးကို တွေ့လိုက်ရသည့်အခါ ကျော်ကြီး၏ခြေလှမ်းများ တုန့်ကနဲရပ်တန့်သွားလေတော့သည်။
“ ခင်....ခင်သီတာ.....။ ငါ...ငါကန်တော့ပြီးတောင်းပန်ပါတယ်။ ငါ့...ငါ့ကို မခြောက်ပါနဲ့ ”
ထိုအချိန်မှာပင် လှေကားအတု်ငးပြေးတက်လာသည့် ခြေသံများကိုကြားလိုက်ရပြီးအမျိုးသမီး၏လည်း ရုတ်ချည်း ပျောက်ကွယ်သွားလေတော့သည်။
“ ကျော်ကြီး.......ဘာဖြစ်တာလဲ ”
ပြေးတက်လာကြသူများသည် ကိုဆံရှည်တို့ညီအစ်ကိုနှစ်ယောက်ဖြစ်နေသဖြင့် ကျော်ကြီးအားတက်သွားလေ သည်။
“ သ......သရဲခြောက်လို့ ။ လှ..လှငွေကို ပြေးနှိုးနေတာပါ ”
“ ဟေ.......။ ဟုတ်လို့လားကွာ ”
“ ဟုတ်...ဟုတ်တယ်။ သရဲမ ခြောက်လို့ ”
“ ကျော်ကြီးရာ၊ ငါတို့ညီအစ်ကိုနှစ်ယောက် ဒီအဆောင်မှာနေတာ မင်းထက်စောပါတယ်။ တစ်ခါမှ သရဲအခြောက်မခံခဲ့ ရဖူးပါဘူးကွာ။အရင်နေတဲ့သူတွေလည်း သရဲခြောက်ခံရတယ်ဆိုတာ မကြားမိပါဘူး ”
“ ကျွန်.....ကျွန်တော် တကယ်ပြောတာပါ။အဲဒီသရဲမက ကိုဆံရွှေတွေ့ခဲ့တဲ့ သရဲမပဲ။ တစ်ကိုယ်လုံးရေတွေစိုနေတဲ့သရဲမဗျ ”
“ ဟေ........ ”
“ ကျွန်တော်အိပ်ပျော်နေတုန်း ကိုယ်ပေါ်ကိုရေစက်တွေကျလို့နိုးလာတယ်။ စောင်ကိုလည်း ဆွဲချတယ်။ ဘာများလဲဆိုပြီး ပြူတင်းပေါက်ကိုဖွင့်ကြည့်တော့မှ ခြင်ထောင်အမိုးပေါ်မှာ မပ်တပ်ကြီးရပ်နေတယ်ဗျ ”
“ ဟာ.......ကျော်ကြီးရာ၊ ဟုတ်ပါ့မလားကွာ ”
“ မယုံရင် ကျွန်တော့်အခန်းထဲ လိုက်ကြည့်ကြဗျာ ”
ပြောပြောဆိုဆိုဖြင့်အခန်းဘက်သို့ထွက်သွားသည့် ကျော်ကြီးအနောက်မှ ကိုဆံရှည်တို့ညီအစ်ကိုနှစ်ယောက် လည်း လိုက်ပါသွားလေသည်။အခန်းထဲသို့ရောက်သည့်အခါ ကျော်ကြီးက မီးခလုပ်ကို ဖွင့်လိုက်သည်။အိပ်ခန်း မီးလင်း လာသည့်အခါမှတော့ ခြင်ထောင်အမိုးနှင့်အိပ်ရာခင်းများ ရေစိုနေသည်ကို တအံ့တသြမြင်တွေ့လိုက်ကြလေတော့သည်။
“ တွေ့လား ကိုဆံရှည် ”
“ ယုံရခက်၊ မယုံရခက်ပါလား။ မင်းတွေ့တဲ့သရဲမက ငါပြောတဲ့အဝတ်အစားနဲ့ ရေစိုနေတာလား ကျော်ကြီး ”
“ ဟုတ်တယ် ကိုဆံရှည်။ ကျွန်တော်တော့ ပိုက်ဆံဆုံးချင်ဆုံးပါစေ။ ဒီအဆောင်မှာမနေတော့ဘူးဗျာ။အခုညတော့ ကိုဆံရှည်နဲ့ လိုက်အိပ်ပါရစေ ”
“အိပ်ချင်လည်းအိပ်ပေါ့ကွာ။ သရဲမက မင်းတစ်ယောက်တည်းကိုပဲ ရွေးခြောက်တာကတော့ မဟုတ်သေးပါဘူး။ မင်း ဘာတွေများ လုပ်မိခဲ့သေးလဲ ”
“ ဘာမှ မလုပ်မိပါဘူးဗျာ ”
“ ဒါဆို ငါလည်းမပြောတတ်တော့ဘူး။အဆောင်မှာ ဆက်နေတာ မနေတာကတော့ မင်းသဘောပဲ ကျော်ကြီး။ ငါ့အထင် တော့ သရဲမက မင်းရဲ့အနောက်ကို တကောက်ကောက်နဲ့ လိုက်နေတဲ့ပုံပဲ။ မင်းကို သဘောကျလို့နေလားမှမသိတာ။ ဒီအတိုင်းသာဆိုရင်တော့ မင်း ဘယ်နေရာမှာပဲနေနေ သရဲမက လိုက်နေဥိးမှာပဲ ”
“ တော်ပါတော့ဗျာ။အရေးထဲ ဟိုခွေးမသားလှငွေက နှိုးလို့တောင်မနိုးဘူး ”
“ လှငွေက ဆင်တက်နင်းရင်တောင် နိုးမယ့်ကောင်စားမဟုတ်ဘူးကွ။ တံခါးကိုလည်း ချက်ချထားတယ်။ မီးရေးထင်းရေးဆို မီးထဲကျန်ပြီး သေမယ့်ကောင် ”
“ ကျွန်တော် ကိုဆံရှည်နဲ့လိုက်အိပ်မယ်ဗျာ ”
“ လိုက်အိပ်လေ။ ခေါင်းအုံးနဲ့စောင်ယူလာခဲ့ ”
“ ဟုတ်ကဲ့ ကိုဆံရှည် ”
***************
အခန်း ( ၆ )
“ ဦး.......သမီးကို ကယ်ပါဦး ”
“ မင်း... ခင်သီတာမဟုတ်လား ”
“ ဟုတ်ပါတယ် ဦး ”
“ ဘယ်လိုဖြစ်လို့ ရေတွေရွှဲနေရတာလဲ ကလေးမရယ် ”
“ သ...သမီးကို ကယ်ပါဦး ဦးရယ်...ဟီး..... ”
“ နေပါဦး၊ ငါက ဘာကိုကယ်ရမှာလဲ။ ဘာဖြစ်နေလို့လဲ ကလေးမ ”
“ သမီးအသတ်ခံရတာ ဆယ်ရက်ရှိပါပြီ ”
“ ဟေ.....၊ နင့်အဖေပြောတော့ လင်နောက်လိုက်သွားတာဆို။ နင့်မိဘတွေ စိတ်ပူနေကြတယ် ”
“ ယောက်ျားနောက်လိုက်ပြေးတာ မဟုတ်ပါဘူး ဦးရယ် ”
“ ငါ့ကိုအခုပြောနေတာအိပ်မက်ထဲမှာလား ကလေးမ ”
“ ဟုတ်ပါတယ် ဦး။ သမီးရဲ့အလောင်းက ဖျာပုံဖြစ်ကွေ့နားမှာရှိပါတယ် ”
“ ဟေ.......မင်းကို ဘယ်သူသတ်တာလဲ။အဖြစ်မှန်ကို ပြောပြစမ်းပါဦးဟာ ”
“ သမီးမှာ ရည်းစားရှိပါတယ်။ သူ့နာမည်က ခင်အောင်ဇော်ပါ။ ဖျာပုံကပါပဲ၊ ရန်ကုန်က ( XXX ) ကုမ္ပဏီမှာအလုပ်လုပ်ပါ တယ်။ သူ့အဖေနာမည်က ဦးဝင်းအောင်ပါ ”
“ ခင်အောင်ဇော်ဆိုတာ ငါသိတာပေါ့ဟ။ ဘာဖြစ်သလဲ၊ ဆက်ပြောစမ်း ”
“ ခင်အောင်ဇော်နဲ့ သမီးတို့ကြိုက်နေတာ တစ်နှစ်ကျော်ရှိပါပြီ။ သမီးကို လက်ထပ်မယ်လို့ပြောလို့အတူနေမိတာကြောင့် ကိုယ်ဝန်ရခဲ့ပါတယ်။ ကိုယ်ဝန်ရှိနေတော့ သူနဲ့တွေ့ပြီးအမြန်လက်ထပ်ဖို့ပြောမယ်ဆိုပြီး သူ့ကိုဖုန်းဆက်ပါတယ် ”
“ ဆက်ပြောပါဦးဟ ”
“ သူခွင့်ယူပြီး ဆယ့်လေးရက်နေ့ မနက်မှာ ရောက်လာပါတယ်။ သူနဲ့အတူ သူ့ညီဝမ်းကွဲ ကျော်ကြီးပါလာပါတယ် ”
“ ကျော်ကြီးဆိုတာက ဖျာပုံကပဲလား ”
“ ဟုတ်တယ်ဦး။ သူလည်း ရန်ကုန်မှာအလုပ်လုပ်နေတာ။ သူ့ကို ခင်အောင်ဇော်ကသူလုပ်နေတဲ့ ကုမ္ပဏီမှာ ကားဒရိုင်ဘာအလုပ်ကို သွင်းပေးခဲ့တာပါ ”
“အင်း........ ”
“ သမီးတို့နှစ်ယောက် စားသောက်ဆိုင်မှာ စကားပြောနေတဲ့အချိန်မှာ ကျော်ကြီးကအခြားဝိုင်းမှာထိုင်နေပါတယ်။ သမီးမှာကိုယ်ဝန်ရှိနေပြီလို့ပြောလိုက်တော့ ခင်အောင်ဇော်က လက်မခံဘူး ”
“ ဟေ..... ”
“ သမီးကို လက်ထပ်ဖို့ပြောတော့ လောလောဆယ် လက်မထပ်နိုင်သေးဘူးတဲ့။ ဒါဖြင့်ရင် နှစ်ဦးသဘောတူ လက်မှတ် ထိုးကြမယ်ဆိုပြန်တော့လည်းအကြောင်းပြချက်တွေနဲ့ ငြင်းတယ်။ နင့်ကိုယ်ဝန်ကို တာဝန်မယူဘူးလားလို့မေးတော့ ဘာမှပြန်မဖြေဘူး။ သမီးတို့ စကားပြောနေတဲ့အချိန်မှာအဖေနဲ့ဦးတို့ ဆိုင်ကယ်နဲ့ ဖြတ်သွားတာမြင်လိုက်တော့ ဒီမှာစကားမပြောဘူး၊ တစ်နေရာသွားကြမယ်ဆိုပြီး သမီးကို ခေါ်သွားပါတယ် ”
“ ဟေ......အဲဒီတုန်းက နင်တို့ ဆိုင်ထဲမှာ ရှိနေကြတာလား ”
“ ဟုတ်ပါတယ် ဦး ”
“ နင့်ကို ဘယ်ခေါ်သွားတာလဲ ”
“ ပြည်လုံးချမ်းသာ သာစည်ဘုရားကိုပါ ”
“ ဘာဆက်ဖြစ်ကြသလဲဆိုတာ ဆက်ပြောစမ်းပါဦးဟာ ”
“ ဘုရားရောက်တော့ သမီးတို့နှစ်ယောက် စကားများကြပါတယ်။အဲဒီမှာတင် ကျော်ကြီးက ဘုရားမှာ လူတွေနဲ့မကောင်း ဘူး။ ငါ့အသိလှေနဲ့ မြစ်လယ်မှာသွားပြောကြမယ်လို့ပြောပြီး လှေသွားယူပါတယ် ”
“ နင်ဟာ......... ”
“ မြစ်လယ်ရောက်တော့ ခင်အောင်ဇော်နဲ့ သမီးတို့ ထပ်ပြီးရန်ဖြစ်ကြတယ် ”
“ လှေနဲ့သွားတာ နင်တို့သုံးယောက်ပဲလား။ လှေသမားမပါဘူးလား ”
“ ဟုတ်ပါတယ် ဦး။ ကျော်ကြီးက လှေလှော်ပါတယ် ”
“ ဘယ်သူ့လှေလဲ ”
“ ဘယ်သူ့လှေဆိုတာတော့ သမီးမသိဘူး ဦး။ လှေက ကျော်ကြီးယူလာတာ ”
“ နောက်တော့ ဘာတွေဆက်ဖြစ်ကြလဲ ”
“ သမီးနဲ့ ခင်အောင်ဇော်တို့စကားများရာကနေ လက်ပါကုန်ကြတယ်။ ခင်အောင်ဇော်က သမီးရဲ့မျက်နှာကို လက်သီးနဲ့ ထိုးတယ်။ သမီးက လှေထဲမှာတွေ့တဲ့ တုတ်နဲ့ ခင်အောင်ဇော်ရဲ့ခေါင်းကို ရိုက်ထည့်လိုက်တာ ခင်အောင်ဇော် သတိမေ့ သွားတယ်။အဲဒီမှာတင် ကျော်ကြီးက သမီးရဲ့ခေါင်းကို လှော်တက်နဲ့ရိုက်လိုက်တာကိုပဲ သိလိုက်တယ် ”
“ ဟာ.......၊ နင်က ဘာလို့လိုက်သွားရတာလဲ ကလေးမရာ ”
“ သူနဲ့ပြဿနာရှင်းမှဖြစ်တော့မှာမို့ပါ။ သူသာ တာဝန်မယူရင် သမီးနဲ့ သမီးရဲ့ မိဘတွေအရှက်ကွဲရတော့မှာလေ ”
“ မိုက်လိုက်တာဟာ။ ဘာလို့များအယုံလွယ်ရတာလဲ ”
“ သူက လက်ထပ်မယ်ပြောထားလို့ပါ ဦး ”
“ ခက်တော့တာပဲဟာ။ ကိုင်း...ဆက်ပြောစမ်းပါဦး ”
“ သ....သမီး...သတိ...သတိရလာတော့ သ...သမီးရဲ့ကိုယ်ပေါ်မှာ ကျော်...ကျော်ကြီးရောက်နေတယ် ”
“ ဘယ်လို....နင်ပြောတာ နားမလည်ဘူး ”
“ သ...သမီးကို ကျော်ကြီးက မတရားကျင့်နေတယ် ”
“ ဟာ.......... ။ ဟိုကောင် ခင်အောင်ဇော်က ဘယ်ရောက်သွားလဲ ”
“ သူ...သူက ဘေးကနေ ထိုင်ကြည့်နေတယ် ”
“ ယုတ်မာလိုက်တာကွာ ”
“ သ...သမီးအတင်းရုန်းကန်ပြီးအော်ပေမယ့် ဘယ်သူမှလာမကူကြဘူး ”
“ ဘယ်နေရာမှာဖြစ်တာလဲ ”
“ ဘယ်နေရာဆိုတာ သမီးလည်းမသိဘူး။အပင်တွေ ခြုံတွေကြားထဲမှာဆိုတာပဲ သိတယ်။ ကျော်ကြီးကို ရှိသမျှအားနဲ့ တွန်းပြီးထွက်ပြေးတော့ ကျော်ကြီးက သမီးရဲ့ခြေထောက်ကိုဖမ်းဆွဲပြီး ခေါင်းကိုခဲနဲ့ထုတယ်။အဲဒါနောက်ဆုံး မှတ်မိ တာပါပဲ။ သမီးသေပြီဆိုတာ သမီးကိုယ်သမီး ပြန်တွေ့နေရတယ်။ သူတို့သမီးကို ခြုံထဲပစ်ထားခဲ့ပြီး လှေနဲ့ထွက်သွား တာကိုလည်း သမီးမြင်နေရတယ် ”
“ ဟင်..... ”
“ သမီးလည်း သူတို့နောက်ကို လိုက်သွားခဲ့တယ် ”
“အခု နင့်အလောင်းက ဘယ်နေရာမှာလဲ ”
“ မြစ်ကွေ့နားဆိုတာပဲသိတယ်။ သမီးကိုသတ်ခဲ့တဲ့ ကျော်ကြီးတို့ကို မေးရင် သူတို့ပြောပြလိမ့်မယ်ဦး ”
“ နင့်ဥစ္စာက သေချာလို့လားဟာ ”
“ သမီးပြောတာ မယုံရင် ခင်အောင်ဇော်နဲ့ကျော်ကြီးကိုဖမ်းပြီး မေးကြည့်ပါ ဦးရယ် ”
“ ဟ....၊ သက်သေမရှိဘဲ ဖမ်းလို့ရမလား။ နေပါဦး....နင်က သေပြီလို့ပြောပြီး ငါ့ကိုလာစကားပြောနေပါလား ”
“ ဦးကိုအိပ်မက်ထဲမှာ စကားပြောနေတာပါ။အဖေနဲ့အမေ့ကိုပြောချင်ပေမယ့်အိပ်မက်ထဲမှာ စကားပြောလို့မရလို့ပါ ”
“ ဟေ......ငါအိပ်မက်မက်နေတာလား ”
“ ဟုတ်ပါတယ်ဦး။ သမီးသွားတော့မယ်နော် ”
“ ဟဲ့....ခင်သီတာ ....နေဦးလေ.....။ ခင်သီတာ.... ”
“ ကိုညို...ကိုညို....ဘာဖြစ်တာလဲ ”
“ ဟင်....... ”
ခန္တာကိုယ်ကို လှုပ်နှိုးနေသည့်အသိကြောင့် ဦးညိုမင်းအိပ်ရာမှ နိုးလာခဲ့သည်။
“ ကိုညို......ဘာဖြစ်လို့ ကယောင်ကမ်းတွေ ထအော်နေတာလဲ ”
“ ငါ...ငါ....အိပ်မက်တစ်ခုမက်တယ်ကွ ”
“ ဟင်.....ဘယ်လိုအိပ်မက်လဲ ”
“ ဒီလိုကွာ...... ”
ဦးညိုမင်းကအိပ်မက်ထဲတွင် ခင်သီတာနှင့်စကားပြောခဲ့သည်များကို ဇနီးဖြစ်သူအား စီကာပတ်ကုံး ပြောပြလိုက်လေသည်။
“ ဘုရား....ဘုရား.....။ တကယ်ဆိုရင်တော့ ဒုက္ခပါပဲ ”
“အိပ်မက်ပါကွာ။ ခင်သီတာ လင်နောက်လိုက်သွားတယ်လို့ သူ့အဖေ ကိုဝင်းကိုယ်တိုင် ပြောထားတာပဲ ”
“ မယုံလို့တော့မရဘူး ကိုညို၊ ခင်သီတာပျောက်နေတာ ဆယ်ရက်ကျော်ပြီနော်။ သူတကယ်အသတ်ခံရလို့ ရှင့်ကိုအိပ်မက်လာပေးတာလည်း ဖြစ်နိုင်တာပဲ ”
“ ဘယ်လိုလုပ်ရမှန်း မသိတော့ပါဘူးကွာ ”
“ ကိုဝင်းကိုပြောပြကြည့်ပါလား ”
“ ငါပြောလို့ ယုံမလားဟ ”
“ ယုံတာ မယုံတာ သူတို့အလုပ်။ ပြောရမှာက ရှင့်အလုပ်လေ။ မတော်လို့ ခင်သီတာပြောသလို တကယ်အသတ်ခံရရင် ဘယ်လိုလုပ်မလဲ။ သူတို့မလုပ်ချင်လည်း ရှင်ပဲအမှုဖွင့်လိုက်ပေါ့။ ရှင်က မြို့မိမြို့ဖဖြစ်နေတာပဲဟာ ”
“ ဒီလိုအခြေအမြစ်မရှိတဲ့စကားနဲ့ ရဲစခန်းမှာအမှုဖွင့်လို့မရဘူးဟ ”
“အရင်ဆုံး လုပ်ကြည့်ပါဦး ကိုညိုရယ် ”
“အေးကွာ။ မနက်ကျရင် ကိုဝင်းတို့ရွာကိုသွားပြီး ပြောပြကြည့်တာပေါ့။ မင်းပါလိုက်ခဲ့ကွာ ”
“ လိုက်ခဲ့ပါ့မယ်။ သမီးမွေးထားရတာလည်း စိတ်ပျက်စရာကောင်းလိုက်တာ ကိုညိုရယ် ”
***************
“ ခင်အောင်ဇော်..... ”
“ ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတာလဲ ကျော်ကြီး ”
“ ငါပြောစရာရှိလို့ကွ။ မင်းအားလား ”
“အားတော့မအားဘူး၊ မားကက်တင်းထွက်ရဦးမယ် ”
“အခုသွားမလို့လား။ ဘာအရေးကြီးလို့လဲ ”
“ ငါနဲ့ခဏလိုက်ခဲ့ကွာ။အရေးကြီးတယ် ”
“ ဘာဖြစ်လာပြန်တာလဲကွာ။ ဒီမှာပဲပြောကွာ။ ဘယ်သူမှမရှိဘူး ”
“ ဒီမှာ ပြောလို့ရတာ သေချာလား ”
“ ပြောလို့ရပါတယ်ဆိုမှကွာ ”
“ ဒါဆို ပြောမယ်။ ဒီလိုကွ.............. ”
ကျော်ကြီးက ခင်သီတာခြောက်လှန့်နေသည့်အကြောင်း ခင်အောင်ဇော်ကို ပြောပြလိုက်သည့်အခါ ခင်အောင်ဇော်မျက်စိမျက်နှာပျက်သွားလေသည်။
“ ဟုတ်.....ဟုတ်လို့လား ကျော်ကြီး။ ငါ့ကိုတော့ မခြောက်ဘူးကွ ”
“ မင်းကသူ့ရည်းစားမို့ဖြစ်မှာပေါ့ ”
“ တော်စမ်းပါကွာ။ မင်းသတ်လိုက်လို့ မင်းကိုလာခြောက်တာနေမှာပေါ့။ ခင်သီတာကို ငါသတ်တာမှမဟုတ်တာ ”
“ ငါလည်း ကြောက်ကြောက်လန့်လန့်နဲ့ လုပ်လိုက်မိတာပါကွာ။အဲဒီတုန်းက မင်းလည်းရှိနေတာပဲ ”
“အခုရော ခြောက်သေးလား ”
“ ငါ့နောက်ကို လျှောက်လိုက်နေတယ်ကွ ”
“ ဟာ....... ”
“ ဘယ်လိုလုပ်ရမလဲ ခင်အောင်ဇော် ”
“ ငါလည်း မပြောတတ်တော့ဘူးကွာ။ ငါ့ကျတော့မခြောက်ပဲနဲ့ မင်းကိုပဲရွေးပြီးခြောက်တာဆိုတော့ ဘယ်လိုပြော ရမှန်းတောင် မသိတော့ဘူး ”
“ မင်းကိုအသိပေးချင်လို့လာခဲ့တာ။ မင်းလည်း သတိထားနေ ”
“ မကြောက်ပါဘူးကွာ။ မင်းလိုများမှတ်နေသလား ”
“ ဟေ့ကောင်၊အပြောမကြီးနဲ့။ တကယ်ကြုံမှ ပြေးပေါက်မှားနေမယ် ”
“ ဟား...ဟား....။ သရဲဆိုတာ ချိုနဲ့လားလို့တောင် မေးလိုက်ချင်သေးတယ် ”
“ ဒီလောက်အပြောကြီးတဲ့ကောင်၊ ခင်သီတာ.....ငါ့ကိုခြောက်သလို ဒီကောင့်ကိုလည်း ခြောက်ပါလား ”
“အရူးထမနေစမ်းပါနဲ့ကွာ။ တရားခံက မင်းမို့လို့ မင်းနောက်ကိုလိုက်နေတာ ”
“ မင်းစကားနဲ့မင်း မှတ်ထားနော်။ ပြေးပေါက်မှားတော့မှ ဘုရားမတနဲ့ ”
“ မကြောက်ဘူးဟေ့ကောင်ရေ။ မင်းကြောက်တတ်ရင် ဘုန်းကြီးကျောင်းမှာ ပရိတ်ကြိုးသွားတောင်းပြီး ဆောင်ထားပါလား”
“ လုပ်ကြည့်မယ်ကွာ။ ငါတော့အသေအကြေကို ကြောက်နေပြီ။ ငါသွားမယ်ဟေ့ကောင်။ မင်းပါးစပ်လုံပါစေ ”
“ မလုံလို့ရမလားကွ။ မလုံရင် နှစ်ယောက်စလုံး ဂျေးအောင်းသွားမှာပေါ့ ”
“ ငါသွားတော့မယ် ”
“အေး...အေး..... ”
ကျော်ကြီးက ကားပေါ်တက်ကာအလျင်စလိုမောင်းထွက်သွားလေသည်။
***************
“ လူပျောက်တိုင်ထားပြီဆိုတော့ ကျန်တာကို ကျွန်တော်တို့ဆက်လုပ်ပါ့မယ်။ ဦးညိုမင်းပြောတာကိုအခြားသူတွေမယုံ ပေမယ့် ကျွန်တော် ယုံကြည်ပါတယ်။ ခက်ခဲတဲ့အမှုတွေမှာ ဝိညာဉ်ကို ဖော်ထုတ်ခိုင်းရတဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်။ ဒါတွေက မယုံလို့မရဘူးဗျ ”
“ ဒါဆို ဘယ်လိုလုပ်ကြမလဲ စခန်းမှုးကြီး ”
“ ကျွန်တော် ဆက်လုပ်ပါ့မယ်။အလောင်းကိုအရင်ဆုံးရှာတွေ့ဖို့လိုတယ်။အဲဒါအပြင် သက်ရှိသက်သေ သက်မဲ့သက်သေ တွေလည်း လိုတယ်။အလောင်းကိုတွေ့ရင်တောင် ရင်ခွဲစစ်ဆေးပြီး မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်အပေါ်မူတည်ပြီးအမှုတည်ဆောက်ရတယ်။အခုကအလောင်းမတွေ့သေးတော့ လုပ်စရာတွေကိုအသေအချာ စဉ်းစားရတော့မယ်။ ခင် သီတာ သူအလုပ်ခုပ်တဲ့ဆိုင်ကနေ ပျောက်ဆုံးသွားခဲ့တာ ဆယ့်လေးရက်နေ့ဆိုတယ်ရယ်၊ ခင်ဗျားကို ခင်သီတာအိပ် မက်ပေးတော့လည်း ဆယ့်လေးရက်နေ့မနက်မှာ ခင်အောင်ဇော်နဲ့ ကျော်ကြီးတို့နှစ်ယောက် ဖျာပုံကို ရောက်လာပြီး သူ့ကိုလာတွေ့တယ်ဆိုတာ တိုက်ဆိုင်နေတယ်။အကယ်လို့သာ ခင်အောင်ဇော်တို့နှစ်ယောက် ဆယ့်လေးရက်နေ့က ဖျာပုံကို ရောက်လာခဲ့တယ်ဆိုရင်တော့ ကိစ္စပြတ်ပြီပေါ့ဗျာ ”
“ ဟုတ်တယ် စခန်းမှုးကြီး။ ကျွန်တော့်ကိုအိပ်မက်ထဲမှာပြောတဲ့ ဆယ့်လေးရက်နေ့နဲ့ ခင်သီတာပျောက်သွားတဲ့နေ့က တစ်ရက်တည်းဖြစ်နေတယ် ”
“ စိတ်ချပါဗျာ......။ တကယ်သာမှန်ခဲ့ရင် ပြေးမလွတ်စေရပါဘူး ”
“ လုပ်ပါဦး ဗိုလ်ကြီးရယ်။ ကျွန်မ သမီးလေးကို ရှာပေးကြပါဦး။ ဟောဒီက ကိုဝင်းကိုအစေကတည်းကပြောပါတယ်။ ရဲစခန်းမှာ လူပျောက်တိုင်ပါဆိုတာ ပေါ့ပျက်ပျက်လုပ်နေတယ်...ဟီး....... ”
“ နင်ဘယ်လိုဖြစ်နေတာလဲ မစန်းမြ ”
“ ရှင့်ကို ကျွန်မ မပြောခဲ့လို့လား ”
“ တော်ကြပါတော့ဗျာ။အခုက ဘာမှ သေသေချာချာ မသိရသေးပါဘူး။ ကျွန်တော်တို့ ဆက်လုပ်ပါ့မယ် ”
“ လုပ်ပါဦး ဗိုလ်ကြီးရယ် ”
“ စိတ်ချပါဗျာ။အခုက ကျွန်တော်တို့ဆက်လှုပ်ရှားပြီး စုံစမ်းရမယ့်တာဝန်ရှိလာပါပြီ ”
“ စခန်းမှုးကြီး။ ခင်သီတာပြောတဲ့နေရာကို သွားရှာကြည့်ရင်ရော ”
“ နေရာအတိအျက်မသိဘဲ ရှာလို့မရဘူး ဦးညိုမင်း။အချိန်ကုန်ပြီး ပင်ပန်းတာပဲရှိမယ်။အဓိကက ဟိုနှစ်ကောင်ကို စောင့်ကြည့်ဖို့၊ လိုအပ်ရင် ခေါ်ယူ စစ်ဆေးဖို့ပဲ ”
“ ဟိုနှစ်ကောင်က ရန်ကုန်မှာလေ။ ဘယ်လိုလုပ်မတုန်း ”
“ တကယ်သတ်ခဲ့တာမှန်ရင် ပြေးမလွတ်ပါဘူးဗျာ။ ကျွန်တော်တို့ ဆက်ပြီး စုံစမ်းပါ့မယ် ”
“ ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော်တို့ကို ခွင့်ပြုပါဦး ”
“ ဟုတ်ကဲ့ ဦးညိုဝင်း။ သိပ်လည်း စိတ်မပူကြပါနဲ့။အခုအချိန်ကစပြီး ကျွန်တော် လှုပ်ရှားပါ့မယ် ”
“ ကျေးဇူးတင်ပါတယ် စခန်းမှုးကြီး။
***************
အခန်း ( ၇ )
ခင်အောင်ဇော်သည် ကျော်ကြီးကဲ့သို့အဆောင်တွင်နေခြင်းမဟုတ်ဘဲ ကုမ္ပဏီရုံးခန်းမှ ကားဂိုထောင်အပေါ်ထပ် ခိုးပေါ်တွင် နေထိုင်ပေသည်။ ကားဂိုထောင်ဆိုသော်လည်း ကုန်ပစ္စည်းဖြန့်ဝေသည့် ကွန်တိန်နာယာဉ်ငယ် ခြောက်စီး ထားရှိသည့် ဂိုထောင်ကြီးဖြစ်ပေသည်။ ထိုဂိုထောင်ထဲတွင် ခင်အောင်ဇော်နှင့်အတူ ကိုမင်းသိန်းဆိုသူလည်း နေထိုင် သည်။ ကိုမင်းသိန်းသည် ကုမ္ပဏီပိုင်ရှင်နှင့် ဆွေမျိုးတော်စပ်သဖြင့် ကုမ္ပဏီမှမော်တော်ယာဉ်များကို ကြီးကြပ်ရေးတာဝန်ယူ ထားရသူလည်းဖြစ်ပေသည်။ ကုမ္ပဏီရုံးခန်းအဖြစ်ဖွင့်လှစ်ထားသည့်အိမ်တွင် ဦးအေးသိန်းဆိုသည့် ညစောင့်တစ်ယောက် ရှိလေသည်။ ညစောင့်ဦးအေးသိန်းသည် ညနေခြောက်နာရီအလုပ်ဝင်ရပြီး ရုံးခန်းအဝင် သီးသန့်ခန်းတစ်ခုတွင် တစ်ညလုံး မအိပ်မနေစောင့်ကာ မနက်ခြောက်နာရီမှအိမ်သို့ပြန်ရလေသည်။
“ ခင်အောင်ဇော်.... ”
“ ဗျား....အစ်ကို ”
“ ဒီနေ့ ငါပြန်မအိပ်တော့ဘူးကွ။ မနက်စောစောမှပဲ လာတော့မယ် ”
“ မိုးချုပ်နေပြီလေ၊အစ်ကိုက ဘယ်သွားမလို့လဲ ”
“ ကိစ္စတစ်ခုရှိလို့ကွာ၊ ဟဲဟဲ ။ မိုးချုပ်မှ ပိုပြီးအလုပ်ဖြစ်တာပေါ့ကွာ ”
ပြုံးဖြီဖြီးဖြင့် ပြောနေသည်ဆိုကတည်းက မိန်းမကိစ္စဖြစ်မည်ကို သိလိုက်သဖြင့် ဆက်မမေးတော့ဘဲ ခေါင်းညိမ့်ပြ လိုက်သည်။ ကိုမင်းသိန်းအပြင်သို့ထွက်သွားသည်နှင့် ခြံတံခါးကိုပိတ်ပြီး ဂိုထောင်ထဲသို့ ပြန်ဝင်ခဲ့သည်။အိပ်လည်း မအိပ်ချင်သေးသဖြင့် ဗီဒီယိုရုပ်ရှင်ဇာတ်ကား ထိုင်ကြည့်နေလိုက်သည်။ ရုပ်ရှင်ဇာတ်ကားပြီးဆုံး၍အိပ်ရာသို့ဝင် ရန်ပြင်စဉ်မှာပင် မော်တော်ယာဉ်ခြောက်စီးစလုံး၏အချက်ပြမီးများလင်းလာသည်ကို မြင်တွေ့လိုက်ရသည်။
“ ဟာ....... ”
အခြေအနေကို စောင့်ကြည့်နေစဉ် ကားကြားထဲမှထွက်လာသည့်အမျိုးသမီးတစ်ယောက်ကို ထင်ထင်ရှားရှားမြင် တွေ့လိုက်ရသည်။ ဆံပင်ဖားလားချထားပြီးအဝတ်အစားများရေစိုရွှဲနေသည့်အမျိုးသမီးဋ္ဌခန္တာကိုယ်သည် ပုပ်ပွနေပြီး လောက်များတဖွားဖွားကျနေသည်ကို ထိတ်လန့်ဖွယ် မြင်တွေ့လိုက်ရသည်။အမျိုးသမီး၏အဝတ်အစားများကို မြင်တွေ့ လိုက်ရကတည်းက ခင်အောင်ဇော် တုန်လှုပ်နေလေပြီ။အသေကောင်ပုပ်စော်နံ့က ဂိုထောင်တစ်ခုလုံး ဖုံးလွှမ်းနေသဖြင့် ပုဆိုးကိုချွတ်ပြီး နှာခေါင်းကို ပိတ်ထားကာအမျိုးသမီး၏လှုပ်ရှားမှုကို ထိတ်လန့်တကြားဖြင့် စောင့်ကြည့်နေသည်။
“ သီ....သီတာ..... ”
အမျိုးသမီးက တဖြည်းဖြည်းရွေ့လျားပြီးအပေါ်ထပ်ခိုးပေါ်သို့ တက်လာနေလေပြီ။ ဖြူဖွေးပြီးအပြင်သို့ ပြူးထွက်နေသည့်မျက်လုံးများနှင့် လောက်များဖြင့်ပြည့်နှက်ကာ ပုပ်ပွနေသည့်ခန္တာကိုယ်က ကြောက်စရာအလွန် ကောင်းနေသည်။
“ သီ...သီတာ...ကို့ကို ခွင့်...ခွင့်လွှတ်ပါ ”
“ ဂျိမ်း........ဒုံး...... ”
“ ခွမ်း........ ”
လှေကားထစ်အတိုင်း တရွေ့ရွေ့တက်လာနေသည့် ပုပ်ပွနေသည့်အမျိုးသမီးကို ကြည့်ပြီး ကြောက်လန့်တကြားနှင့် နောက်သို့ ဆုတ်လိုက်စဉ် တီဗီနှင့် ဗီဒီယိုအောက်စက်တို့အား တစ်စုံတစ်ယောက်မှ ဆွဲချလိုက်သကဲ့သို့ ကြမ်းပြင်ပေါ်သို့ လွင့်စင်ကျသွားကြလေသည်။ ထိုစဉ်မှာပင်အမျိုးသမီးသည် ချက်ချင်းပျောက်ကွယ်သွားသဖြင့်အပေါ်ထပ်တွင်မနေရဲ တော့ဘဲအောက်ထပ်သို့ ဆင်းပြေးလေတော့သည်။
အောက်ထပ်သို့ရောက်လျှင် ဂိုထောင်တံခါးကိုပြေးဖွင့်လိုက်သည့်အခါ ဂိုထောင်တံခါးအပြင်ဘက်တွင် ဇောက်ထိုးအနေအထားဖြစ်နေပြီး ဆံပင်များကအောက်သို့ တွဲလောင်းကျနေသည်ကို သွေးပျက်ဖွယ် မြင်တွေ့လိုက်ရသဖြင့် ညစောင့် ဦးအေးသိန်းကိုအော်ဟစ်ပြီးအကူအညီတောင်းလေတော့သည်။
“အမလေးဗျ............ ကယ်ကြပါဦး။ ဦးအေးသိန်းရေ....ဦးအေးသိန်း ”
“ ဦးအေးသိန်းရေ.....ကယ်ပါဦးဗျ ”
ခင်အောင်ဇော်၏အော်ဟစ်သံကြောင့် ညစောင့် ဦးအေးသိန်းအပြေးအလွှားရောက်လာခဲ့သည်။
“ မောင်ခင်အောင်၊ ဘာဖြစ်တာလဲ....ဘာဖြစ်တာလဲ ”
“ သ...သရဲခြောက်ခံရလို့ ”
‘ ဟေ..... ။ ဘယ်မတုန်းသရဲ ”
“ ခု....ခုနကရှိတယ်။ ဦးအေးသိန်းရောက်လာတော့ ပျောက်သွားပြီ ”
“ တကယ်လား မောင်ခင်အောင်၊ ငါ ဒီမှာအလုပ်ဝင်နေတာကြာပါပြီ။ တစ်ခါမှ သရဲခြောက်ခံရတာမျိုး မကြုံဖူးပါဘူး မောင်ခင်ဇော်ရယ် ”
“ တကယ်ခြောက်တာပါ ဦးအေးသိန်းရယ်။ ကျွန်တော် မညာပါဘူး ”
“ မင်း တစ်ယောက်တည်းနေရဲလား ”
“ မနေရတော့ဘူး ဦးအေးသိန်း။ ကျွန်တော် ရုံးခန်းထဲက ဆိုဖာပေါ်မှာပဲ လိုက်အိပ်တော့မယ် ”
“ မနေရဲရင်လည်း မနေပါနဲ့ကွာ။ ဂိုထောင်တံခါးပိတ်ပြီး လိုက်ခဲ့ ”
“ ဟုတ်ကဲ့ ဦးအေးသိန်း ”
***************
အခန်း ( ၈ )
“ မင်းအမှန်အတိုင်းမပြောရင် ငါတို့ဘာမှအကူအညီပေးလို့မရဘူး။အမှန်အတိုင်းဝန်ခံရင်တော့အမှုပေါ့လျော့အောင် ငါတို့ကူညီပေးနိုင်တယ် ”
စခန်းမှုး ဦးကျော်ဇောက ခင်အောင်ဇော်၏မျက်နှာကို စကားပြောဆိုနေရင်းအသေအချာ ကြည့်နေလေသည်။
“ ကျွန်တော်နဲ့ ခင်သီတာက ဘာမှမပတ်သက်ပါဘူး။ သိလည်း မသိပါဘူး ”
“ မင်းတို့နှစ်ယောက် ဆယ့်လေးရက်နေ့က ဖျာပုံကိုရောက်နေတာ ငါတို့အကုန်သိတယ်။ မင်းတို့ဘယ်သွားတယ် ဘယ်လာ တယ်ကအစ ငါတို့သိတယ်။ မင်းတို့အိမ်က မိသားစုတွေကလည်း မင်းတို့ ဆယ့်လေးရက်နေ့ မနက်ကရောက် လာပြီး ချက်ချင်းအပြင်ထွက်သွားကြတယ်။ ညဆယ်နာရီလောက်မှ ပြန်လာတယ်။ နေက်တစ်ရက် ဆယ့်ငါးရက်နေ့နေ့လည်မှာ ပြန်သွားကြတယ်ဆိုတာ ငါတို့အကုန်သိထားတယ်။ မင်းတို့နှစ်ယောက်အလုပ်ကနေ ခွင့်နှစ်ရက်ယူသွားတယ်ဆိုတာလည်း ငါတို့ စုံစမ်းပြီးပြီ။ ကျော်ကြီးနေတဲ့အဆောင်ကိုလည်း စုံစမ်းပြီးပြီ ခင်အောင်ဇော်”
“ လာတာက ဟုတ်ပါတယ် ”
“ ဒါဆို ဘာလာလုပ်တာလဲ ”
“အိမ်ကို ခဏပြန်လာတာပါ ”
“ ဟုတ်လို့လား ခင်အောင်ဇော်။ မင်းတို့နှစ်ယောက်နဲ့ ခင်သီတာတို့ ပြည်လုံးချမ်းသာဘုရားပေါ်ကိုရောက်ခဲ့တယ်ဆိုတာ ဘာငြင်းချင်သေးလဲ။ မင်းနဲ့ ခင်သီတာတို့ ခေါင်းလောင်းနားက ဆင်ရုပ်ရှေ့မှာအော်ကြီးဟစ်ကျယ်ရန်ဖြစ်နေတာကို တွေ့ တဲ့သူက တွေ့တယ်နော်။ မင်းတို့နှစ်ယောက်အတူထိုင်ပြီး စကားပြောခဲ့တဲ့ စားသောက်ဆိုင်ကလည်း မင်းတို့ရောက်လာ တဲ့အကြောင်း ဝန်ခံထားတယ် ”
“ ဗျာ........ ”
“ မလိမ်ချင်စမ်းပါနဲ့ ခင်အောင်ဇော် ”
“ ကျွန်တော် မညာပါဘူးဆရာ ”
“ မင်းကသာ မညာဘူးလို့ပြောနေတယ်။ ကျော်ကြီးကတော့ မင်းသတ်တာလို့ ဝန်ခံသွားပြီ ”
“ ဟမ်...... ”
“ ခင်သီတာကို မုဒိမ်းကျင့်ပြီး ခဲနဲ့ထုသတ်ခဲ့တာလို့ ငါတို့ကိုဝန်ခံပြီးသွားပြီ ခင်အောင်ဇော် ”
“ ခွေးမသားကျော်ကြီး။ ကျွန်တော် သတ်တာမဟုတ်ဘူး။ ကျော်ကြီးသတ်တာ ”
“ ဟုတ်လို့လား။ ဒါနဲ့များခင်သီတာနဲ့မင်းက မပတ်သက်ဘူးဆို။ သိလည်းမသိဘူးဆို ”
“ ကျွန်တော်အမှန်အတိုင်းဝန်ခံပါ့မယ် ”
“အဲဒီလိုလုပ်ပါ ခင်အောင်ဇော်ရာ။ မင်းမပြောလည်း ကျော်ကြီးပြောပြလို့ သိပြီးပါပြီ ”
“ သတ်တာ ကျွန်တော်မဟုတ်ဘူး၊ ကျော်ကြီးသတ်တာ ”
“ ကျော်ကြီးသတ်တယ်ဆိုတာ မင်းက ဘယ်လိုပြောနိုင်တာလဲ။ လုပ်စမ်းကွာ....ခင်သီတာနဲ့မင်းတို့အကြောင်းကစပြီး ပြောပြစမ်းပါဦး ”
“ ခင်သီတာနဲ့ ကျွန်တော်က ချစ်သူတွေပါ။ ခင်သီတာနဲ့လည်း လွန်လွန်ကျူးကျူးဖြစ်ခဲ့ဖူးပါတယ်။ ခင်သိတာက သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုလို့ ကျွန်တော်ဖျာပုံပြန်လာတာပါ ”
“ ကျော်ကြီးက ဘာလိုက်လုပ်တာလဲ ”
“ ကျော်ကြီးကိုအဖော်ခေါ်လာခဲ့တာပါ ”
“ ဆက်ပြောစမ်းပါဦး ”
“ ကျွန်တော်က လောလောဆယ် မဖြစ်နိုင်ဘူးလို့ပြောတာကို ခင်သီတာက ချက်ချင်းလက်ထပ်ဖို့ပြောတာနဲ့ စကား များကြ ပါတယ်။ ဘုရားမှာလည်း ရန်ဖြစ်ကြပါတယ်။အဲဒီမှာတင် ကျော်ကြီးကအခြေအနေမကောင်းရင်အပြတ်ရှင်းဖို့ဆိုပြီး သူ့အသိရဲ့လှေကိုသွားယူလာပါတယ်။ မြစ်လယ်ခေါင်မှာ စကားများပြီးရန်ဖြစ်ကြတော့ ကျွန်တော်က ခင်သီတာရဲ့ မျက် နှာကို လက်သီးနဲ့ထိုးလိုက်ပါတယ်။ ခင်သီတာက လှေပေါ်ပါလာတဲ့ဝါးရင်းတုတ်နဲ့ ကျွန်တော့်ခေါင်းကို ရိုက်တော့ ကျွန်တော် မူး သွားပါတယ်။အဲဒီအချိန်မှာ ကျော်ကြီးက ခင်သီတာရဲ့ခေါင်းကို လှော်တက်နဲ့ ရိုက်ချလိုက်တာမြင်လိုက်ရပါတယ်။ ခင်သီ တာ သတိမေ့သွားတော့ မြစ်ကွေ့ဘက်ကိုလှော်သွားပြီး လူပြတ်တဲ့ ခြုံထဲကို ကျွန်တော်တို့နှစ်ယောက် ဆွဲသွားကြပါတယ်။ ခြုံထဲရောက်တော့ ကျွန်တော်က ခင်သီတာကိုအရင်ဆုံး ဟိုဟာလုပ်ပါတယ်။ နောက်တော့ ကျော်ကြီးက မင်းမယူမယ့်အတူ ငါသူ့ကို ဟို.....ဟိုဟာလုပ်မယ်ဆိုလို့ ကျွန်တော်လည်း ခွင့်ပြုလိုက်ပါတယ်။ ခင်သီတာ သတိရလာတော့ ထွက်ပြေးဖို့ လုပ်ပါတယ်။ ကျော်ကြီးက ခင်သီတာရဲ့ခြေထောက်ကို လှမ်းဆွဲပြီးအနီးအနားမှာရှိတဲ့ ကျောက်ခဲနဲ့ ခေါင်းကို သုံးလေးချက် ထုသတ်ပါတယ်။ ခင်သီတာ သေသွားတာသေချာမှ သူ့ကို ခြုံကြားထဲက ရေအိုင်ထဲမှာ ပစ်လိုက်ပြီး မြက်တွေနဲ့ဖုံးခဲ့ပါ တယ် ”
“ ဆက်ပြောပါဦးကွ ”
“ ခင်သီတာကို သတ်ခဲ့ပြီး ကျွန်တော်တို့နှစ်ယောက်အိမ်ကိုမပြန်သေးဘဲအရက်ဆိုင်မှာအရက်ဝင်သောက်ခဲ့ကြပါတယ်။ ညဆယ်နာရီလောက်မှ လူခွဲပြီးအိမ်ပြန်ကြပါတယ်။ နောက်နေ့ နေ့လည်မှာ ကျော်ကြီးနဲ့ ကျွန်တော်တို့ ရန်ကုန်ပြန်သွားခဲ့ ပါတယ် ”
“ ကဲ.......ခင်သီတာရဲ့အလောင်း၇ှိတဲ့နေရာကို လိုက်ပြစမ်းကွာ ”
“ ဟုတ်ကဲ့ ပြပါ့မယ် ”
“ ဟိုကောင် ကျော်ကြီးကို ခေါ်ထုတ်လာခဲ့ ”
“ ဟုတ်ကဲ့ဆရာ ”
ခဏအကြာတွင် ခေါင်းငိုက်စိုက်ချလျက်အချုပ်ခန်းထဲမှထွက်လာသည့် ကျော်ကြီးကို မြင်တွေ့လိုက်သဖြင့် ခင်အောင်ဇော်က ထိုင်ရာမှထလိုက်လေသည်။
“ ဟေ့ကောင်.....နေရာမှာ ပြန်ထိုင်စမ်း ”
“ ခွေးမသားကျော်ကြီး။ မင်းက ဖော်ကောင်လုပ်တယ်ပေါ့လေ ”
“ ငါမဖော်ဘူးကွ။ ခွေးမသား ညီအစ်ကိုချင်းသစ္စာမရှိတဲ့ကောင်။ မင်းဖွင့်ပြောလိုက်တာမဟုတ်လား ”
“ မင်းပြောလို့ ငါပြောလိုက်ရတာကွ....ထွီ ”
“ ဟေ့ကောင်တွေ....ပါးစပ်ပိတ်ထားစမ်း။ ကျော်မင်း.....သူတို့ကိုခေါ်ပြီးအလောင်းရှိတဲ့နေရာ သွားကြမယ်။ သက်သေ လူကြီးတွေ ခေါ်လိုက်တော့ ”
“ ဟုတ်ကဲ့ဆရာ...... ”
*************
မြစ်ကွေ့နေရာရှိ ရေအိုင်ငယ်အတွင်းသေဆုံးနေသည့် ခင်သီတာ၏ရုပ်အလောင်းအား မှောက်လျက်အနေအထားဖြင့် တွေ့ရှိခဲ့ကြပါသည်။အခင်းဖြစ်နေရာတွင် ရဲလုပ်ထုံးလပ်နည်းနှင့်အညီ ရှာဖွေစစ်ဆေးပြီးနောက် မှတ်တမ်း ရယူခြင်းများပြုလုပ်ကာအလောင်းကိုစစ်ဆေးခဲ့ကြသည်။ ဦးခေါင်းနောက်စေ့ ချိုင့်ဝင်သည့်ဒဏ်ရာ၊ ငယ်ထိပ်ပေါက်ပြဲနေ သည့်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ခင်သီတာ၏ ဖူးယောင်ပုပ်ပွပြီး လောက်များတက်နေသည့် ရုပ်အလောင်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ ရင်ခွဲစစ်ဆေးချက်အရအဓမ္မပြုကျင့်ခံရခြင်းအပြင် ကိုယ်ဝန်လွယ်ထားရသည်ကို တွေ့ ရှိခဲ့ပါသည်။
ထိုအမှုကို ဆက်လက်စစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံရပေတော့မည်။အကယ် ၍သာ ခင်သီတာတစ်ယောက် ဦးညိုမင်းအားအိပ်မက်ပေးပြီးအသိပေးနိုင်ခြင်းမရှိခဲ့ပါလျှင်အရိုးဆွေးသည့်တိုင် ပေါ် ပေါက်နိုင်လိမ့်မည် မဟုတ်ပေ။ မိဘများနှင့် ပတ်ဝန်းကျင်က ထင်မှတ်ထားသကဲ့သို့ ခိုးရာလိုက်ပြေးခဲ့သည်ဟုသာ ယူဆ ထားကြမည်မှာ မလွဲဧကန် ဖြစ်ပေတော့သည်။
**************
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်
#lotaya_shortstory
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။