“ ဂျိမ်း...... ”
လျှပ်စီးဖျပ်ကနဲလက်သွားပြီး မိုးကြိုးပစ်လိုက်သံကြောင့် သစ်ပင်အောက်တွင် မိုးခိုနေသည့် ငထွန်းတစ်ယောက် ရုတ်တရက် ထိုင်ချလိုက်သည်။ မထိုင်ချလို့ကလည်း မဖြစ်ပေ။ လွန်ခဲ့သည့်သုံးရက်က တစ်ရွာတည်းသား ထွန်းလူ တစ်ယောက် နွားသိမ်းရင်းလူရောနွားပါ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သည်။ ယခုနှစ် မိုးဦးကျစောပြီး မိုးကြိုးလည်းအတော် ပစ်သည်။ လျှပ်စီးထပ်လက်လာသဖြင့် မိုးကြိုးပစ်မခံရအောင် မြေကြီးပေါ်မှာ ထပ်မှောက်နေလိုက်သည်။
“ ဟေ့ကောင်ငထွန်း၊ မြေကြီးပေါ် ကားယားကြီးမှောက်ပြီး ဘာလုပ်နေတာလဲ ”
အသံကြားရာကို မော့ကြည့်လိုက်သည့်အခါ တစ်ရွာတည်းသား ဇော်ဦးဖြစ်နေလေသည်။ ဇော်ဦးက စစ်သုံးမိုးကာ ဆောင်းထားပြီး ငထွန်းကို ရယ်ကြဲကြဲဖြင့် ကြည့်နေသဖြင့် မြေကြီးပေါ်မှောက်နေရာမှ ချက်ချင်းထရပ်လိုက်သည်။
“ မိုးကြိုးပစ်မှာ ကြောက်လို့ကွ။ မင်း ဘယ်သွားမလို့လဲ ”
“ ပေါက်ပင်ရွာဘက်သွားမလို့။ ဟား...ဟား....။ ဘယ်သူ့မှ လူမထင်တဲ့ကောင်က မိုးကြိုးပစ်ခံရမှာတော့ ကြောက်သလား ”
ဇော်ဦးပြောတာ မှန်ပါသည်။ ငထွန်းကအလုပ်အစုံလုပ်သလို လောင်းကစားလည်းမကင်း၊ မည်သူ့ကိုမှလူမထင်ဘဲ လက်ရဲဇက်ရဲရှိသူဖြစ်ပေသည်။
“ လူလူချင်းတော့ ဂရုမစိုက်ဘူး ဟေ့ကောင်။ မိုးကြိုးပစ်လို့ မသေတဲ့မသာမရှိဘူးကွ။ ထွန်းလူတောင် သေသွားတာ မင်း လည်းအသိဘဲ ”
“ မင်းတို့က မဟုတ်တာလုပ်တော့ မိုးကြိုးပစ်ခံရမှာ ကြောက်နေမှာပေါ့။ ငါတော့ မိုးကြိုးပစ်မှာ မကြောက်ဘူး ”
“ မင်းက ဘာစကားပြောတာလဲ ဇော်ဦး ”
“ ငါပြောတာ မဟုတ်လို့လား။ ထွန်းလူနဲ့ မင်းတို့က လူကြီးသူမလည်း နားမလည်။ မိဘဆိုလည်း ခံပြော။ မဟုတ်တာ လုပ် တဲ့ကောင်တွေဆိုတော့ မိုးကြိုးပစ်တာပေါ့ကွ ”
“ ခွေးမသား၊ စကားပြောတာ ကြည့်ပြော။ ငါ လုပ်လိုက်ရ သေတော့မယ် ”
“ ငါ့ကို ခွေးမသားလို့မဆဲနဲ့။ မင်းကို ကြောက်တဲ့အထဲမှာ ငါမပါဘူး။ မင်းကို သူငယ်ချင်းမို့ စနေတာ ”
“ ဆဲတော့ ဘာဖြစ်သလဲ ခွေးမသားရ ”
ငထွန်းက ခါးကြားထဲမှ ဓားမြှောင်ကိုထုတ်ကာ ဇော်ဦးထံသို့ ခပ်သွက်သွက်ထွက်သွားသဖြင့် ဇော်ဦးကလည်း လွယ်အိတ်ထဲမှဓားမြှောင်ကိုထုတ်ပြီးအသင့်စောင့်နေလေသည်။
“ မင်းက ငါ့ကို ဓားနဲ့ထိုးမယ်ပေါ့လေ။ ထိုးရဲထိုးကြည့်စမ်း ”
မထင်မှတ်ဘဲ နောက်ပြောင်ကျီစယ်လိုက်သည့် စကားတစ်ခွန်းကြောင့် တစ်ရွာတည်းနေ တစ်ရေတည်းသောက် ငယ်သူငယ်ချင်းနှစ်ယောက် ရန်သူဖြစ်ခဲ့ရလေပြီ။
“ ထိုးရဲတယ်ကွ ”
ဓားမြှောင်ဖြင့် တွက်လိုက်သည့် ငထွန်း၏ဓားချက်ကို ဇော်ဦးက နောက်သို့ ဆုတ်ရှောင်ရင်း ငထွန်းကို ဓားမြှောင်ဖြင့် ပြန်တွက်လိုက်သည်။ ငထွန်းကလည်း လက်ဆခြေဆရှိသူဖြစ်လေသဖြင့် ဇော်ဦးကို ဓားမြှောင်ဖြင့် ဆက်တိုက်ထိုးလေ သည်။အဆက်မပြတ်ဝင်လာသည့် ငထွန်း၏ ဓားချက်ကို ရှောင်တိမ်းရင်း ဇော်ဦးဟန်ချက်ပျက်သွားသည့်အချိန်မှာတော့ ငထွန်းကအခွင့်အရေးကို လက်လွတ်မခံတော့ဘဲ ဇော်ဦး၏ ဝမ်းဗိုက်ထဲသို့ ဓားမြှောင့်ဖြင့် နှစ်ချက်ဆင့်ပြီး ထိုးချလိုက်လေ တော့သည်။
“ င...ငထွန်း......မင်း....မင်း....၊ မင်းကို ငါ...ငါ...သတ် ”
ဇော်ဦးထံမှ သွေးများက မိုးရေနှင့်အတူ မြေပြင်ပေါ်သို့ စီးကျလာနေသည်။ ဓားမြှောင်ကို လွှတ်ချလိုက်ပြီး ဗိုက်ကို လက်ဖြင့်အုပ်ကိုင်ထားရင်း ဆဲဆိုကာ ဒူးထောက်ပြီး ခွေကျသွားလေသည်။ ငထွန်းကလည်း လက်ယဉ်နေသူမို့ သည်အ တိုင်းထား၍မဖြစ်မှန်းသိသဖြင့် ဇော်ဦးကို နှုတ်ပိတ်ရန် ဟန်ပြင်နေစဉ်မှာပင် ဇော်ဦးတစ်ယောက် မြေကြီးပေါ်သို့ မှောက် လျက်လဲကျသွားလေတော့သည်။ လူသွားလူလာအခြေအနေကိုကြည့်ပြီး ဇော်ဦးကို တရွတ်တိုက်ဆွဲပြီး သစ်ပင်အကွယ် သို့ခေါ်ကာ လည်ပင်းကို ဖြတ်ချလိုက်လေသည်။ လည်ပင်းမှ သွေးများက မြင်မကောင်းအောင်ပန်းထွက်လာပြီး ဇော်ဦး၏ ခန္တာကိုယ်က တဆတ်ဆတ်လူးကာ မကြာခင်ငြိမ်သက်သွားလေတော့သည်။
ညနေစောင်းဖြစ်သည့်အပြင် မိုးရွာနေသဖြင့် လူသွားလူလာ ပြတ်နေသည်။ ဇော်ဦးနှင့် ငထွန်းတို့ ပြဿနာဖြစ်ကြ သည့် နေရာသည် ပေါက်ပင်ရွာနှင့် သပြေကုန်းရွာအကြားဖြစ်နေသော်လည်း လူသွားလူလာပြတ်နေသည်။ ပတ်ဝန်းကျင်အခြေအနေကိုအသုံးချပြီး ဇော်ဦး၏အလောင်းအား မြက်ရိုင်းတောနှင့် ကျူပင်များကြားထဲသို့ တရွတ်တိုက် ဆွဲခေါ်သွား လေတော့သည်။ ထို့နောက် ထိုနေရာမှ ရွာသို့အမြန်ပြန်ပြီး ဟန်မပျက် နေလိုက်သည်။
***************
ဇော်ဦး ပျောက်ဆုံးနေသည်မှာ သုံးရက်ကြာမြင့်ခဲ့လေပြီ။ ငထွန်းကလည်း ဟန်မပျက်နေထိုင်ရင်းအလုပ်များ ဆက်လုပ်နေသည်။
“ ကိုထွန်း...... ”
“ ဘာလဲ လှထွေး ”
“ ပေါက်ပင်ရွာကို သွားပေးပါလား ”
“ ဘာလုပ်မလို့လဲဟ ”
“ မသန်းလှတို့ဆီက ရစရာအကြွေး သွားတောင်းခိုင်းမလို့ ”
“ နင့်ဟာနင် သွားစမ်းပါဟာ။ ငါ လုပ်စရာတွေရှိသေးတယ် ”
“ ရှင်ကတော့လေ။ ဘာမှအဖော်မရဘူး။အားအားရှိအရက်သောက်ဖို့ ဖဲရိုက်ဖို့ပဲ။ ကျွန်မ ရင်ဘတ်အောင့်နေလို့ ရင့်ကို သွားခိုင်းတာ ”
“ လှထွေးရာ၊ နင့်ဟာနင် သွားတောင်းစမ်းပါ ”
“အင်းပါ၊ ကျွန်မဟာကျွန်မပဲ သွားတောင်းပါ့မယ်။ ပြီးတော့မှ ဖဲရိုက်ဖို့ပိုက်ဆံ လာမတောင်းနဲ့။အငယ်မကို ကြည့်ထား လိုက်၊အကြီးကောင်ကို ကျွန်မခေါ်သွားမယ် ”
“အေး...... ”
ဆောင့်ကြီးအောင့်ကြီးဖြင့် တဲပေါ်မှဆင်းသွားသည့် ဇနီးဖြစ်သူ မလှထွေး၏ကျောပြင်ကိုကြည့်ကာ ဇော်ဦးကို သတ် ခဲ့မိသည့်အကြောင်းကိုစဉ်းစားမိပြီး နောင်တရနေလေသည်။ ဇော်ဦးနှင့် ငထွန်းတို့က တစ်ရွာတည်းသား ငယ်ပေါင်းကြီး ဖော်များ ဖြစ်ခဲ့ကြသည်။ ထိုနေ့က ငထွန်းအရက်သောက်ထားခဲ့သည်။အရက်ကြောင့်သွေးဆူပြီး ငယ်ပေါင်းသူငယ်ချင်းကို သတ်ခဲ့မိသည်။ ဖြစ်ခဲ့ပြီးမှတော့ မည်သို့မျှ မတတ်နိုင်တော့ပါ။ ဇော်ဦး၏အလောင်းမပေါ်စေရန်နှင့်အမြန်ဆုံးပုပ်ပွပြီးအရိုး ကျသွားစေရန်သာ ဆုတောင်းနေလေသည်။ ဇနီးဖြစ်သူ မလှထွေးအကြွေးတောင်းခိုင်းသည်ကို မသွားရခြင်းကလည်း ပေါက်ပင်ရွာသို့သွားရမည့်လမ်းသည် ဇော်ဦးကို သတ်ဖြတ်ခဲ့သည့်လမ်းမှ သွားရမည့်အတွက်ကြောင့်ဖြစ်ပေသည်။ ထိုနေ ရာမှ ရှောင်ကွင်းသွားရန်မဖြစ်နိုင်သဖြင့် မလှထွေးခိုင်းသည့် ကိစ္စကို ငြင်းဆန်ခဲ့ခြင်းဖြစ်ပေသည်။
***************
မလှထွေးနှင့် သားကြီး ဖိုးအေးတို့ ပေါက်ပင်ရွာသို့ နေ့လည်ကတည်းကထွက်သွားကြသည်မှာ ညနေစောင်း သည်အထိ ပြန်မလာသေးသော်လည်း ငထွန်း စိတ်မပူမိပေ။ ပေါက်ပင်ရွာနှင့်သပြေကုန်းရွာသည် လမ်းလျှောက်သွားပါက ဆယ့်ငါးမိနစ်သာ လျှောက်ရသည်။ ရွာနှစ်ရွာကြားတွင် လယ်ကွင်းများရှိပြီး ထွန်ယက်စိုက်ပျိုး၍ မရနိုင်သည့်နေရာများတွင် မြက်ရိုင်းပင်များနှင့် ကျူပင်များ ပေါက်ရောက်နေကြသည်။ တစ်ရွာနှင့်တစ်ရွာ ကူးသန်းသွားလာဖို့ကလည်း ထိုတစ်လမ်း သာရှိပေသည်။ ပေါက်ပင်ရွာ၏အရှေ့ဖက်တွင် ကရင်စုကျေးရွာရှိပြီး ထိုကရင်စုကျေးရွာတွင် ဗုဒ္ဓဘာသာ ကရင်လူမျိုးများ နေထိုင်ကြသည်။ သပြေကုန်းရွာသည် ရွာစွန်အဖြစ်ရှိနေပြီး ချောင်းငယ်တစ်ခုက ရွာကိုရစ်ခွေစီးဆင်းနေသည်။
“ ငထွန်း..... "
မိုးအေးအေးနှင့်အရက်ထိုင်သောက်နေစဉ် နာမည်ခေါ်လိုက်သံကြားလိုက်သဖြင့်အသံလာရာ တဲရှေ့သို့ လှမ်း ကြည့်လိုက်ရာ ကျေးရွာလူကြီး ဦးသိန်းဆောင်နှင့် ဇော်ဦး၏ဇနီး မအေးခင်တို့ကို မြင်တွေ့လိုက်ရသဖြင့် ငထွန်း၏အကြောအချဉ်များ တောင့်တင်းသွားလေသည်။
“ ဦးလေးသိန်း....ဘာခိုင်းမလို့လဲဗျ "
“ ခိုင်းစရာမရှိပါဘူး၊ မေးစရာလေးရှိလို့ "
“ လာလေ.....တဲပေါ်တက်ပါဦးလား "
“ မတက်တော့ဘူး ငထွန်း။ ထွန်းလူရဲ့ ရက်လည်အတွက်သွားရင်း မေးစရာရှိလို့ မင်းဆီလာခဲ့တာ "
“ မေးလေ၊ ဘာသိချင်လို့လဲ "
“ ဇော်ဦးအိမ်ပြန်မလာတာကြာပြီလို့အေးခင်က လာပြောလို့ကွ။ မင်းများ သိမလားလို့ မေးကြည့်တာ "
“ ဒီရက်ကြားထဲ ဇော်ဦးနဲ့ ကျုပ်တို့ မတွေ့ကြဘူး။ ဒီကောင် ဘယ်ခြေရှည်နေလဲမှမသိတာ "
“ ကျွန်မယောက်ျားက ခြေမရှည်တတ်ပါဘူး ကိုငထွန်းရယ်။ ငါးရှာထွက်လို့အိမ်ပြန်နောက်ကျမယ်ဆိုရင်တောင်အိမ်ကိုပြန် လာပြီး ကျွန်မကို ပြောတတ်တာ "
“ မယားငယ်ခေါ်ပြီး တစ်နေရာကို သွားတယ်ထင်တယ် "
“ မဖြစ်နိုင်ပါဘူး ကိုငထွန်းရယ်။ ကျွန်မယောက်ျားက မိန်းမ မပွေပါဘူး "
“အေးခင်ရာ......နင်တို့မိန်းမတွေက နှာခေါင်းမရှိရင် ချေးတောင်စားမယ့်အမျိုးတွေ။ ဘယ်ယောက်ျားက ငါ မယားငယ် ယူပါတယ်လို့ ပြောမှာလဲဟ "
“ မယားငယ်ယူသွားရင် ကိစ္စမရှိပါဘူး။ တော်ကြာအသက်အန္တရာယ်တစ်ခုခုဖြစ်မှာစိုးလို့ပါ "
“ နင့်ယောက်ျားက ဘယ်နေ့ကတည်းက ပြန်မလာတာလဲအေးခင် "
“ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ ပေါက်ပင်ရွာဘက်သွားမယ်ဆိုပြီးထွက်သွားတာ "
“ ပေါက်ပင်ရွာမှာ သွားစုံစမ်းကြည့်ပါလား "
“ စုံစမ်းပြီးပြီ။အခုလေးတင် ပြန်လာတာ။ မလှထွေးတို့ သားအမိနဲ့တောင် ပေါက်ပင်ရွာမှာ တွေ့ခဲ့သေးတယ် "
“အေးပါ....။ ငါလည်း စုံစမ်းပေးပါ့မယ်။ ဒီကောင် ဘယ်ကို ခြေရှည်နေတယ်မသိဘူး "
“ လုပ်ပါဦး ကိုငထွန်းရယ်။ ကျွန်မလည်း ခေါင်းမီးတောက်နေပြီ "
“အေးကွာ......မင်းလည်း ဝိုင်းစုံစမ်းပေးပါဦး။ ငါလည်း စုံစမ်းကြည့်ဦးမယ်။ ငါတို့ သွားလိုက်ဦးမယ်။အသုဘအိမ် လာဦးမယ်မဟုတ်လား "
“ လာရမှာပေါ့ ဦးလေးသိန်းရာ။ မနေ့က မကျေပွဲလေး ပြန်ဆက်ရဦးမှာ။ လှထွေးပြန်လာတာနဲ့ လာခဲ့မယ်။အငယ်မကို ထားခဲ့တော့ လှထွေးပြန်လာမှ လာလို့ရမှာ "
“အေး...အေး။ ငါအသုဘအိမ်မှာ ရှိနေမယ် "
“ ဟုတ်ကဲ့ ဦးလေးသိန်း။ ကျုပ်လည်း ဝိုင်းရှာပေးပါ့မယ် "
ဦးသိန်းဆောင်နှင့် မအေးခင်တို့ ပြန်သွားသည့်အခါမှ ငထွန်း သက်ပြင်းချနိုင်တော့သည်။ သောက်လက်စအရက်ကို ဆက်သောက်ရင်း ဇနီးသည်မလှထွေးတို့ သားအမိကို စောင့်မျှော်နေသည်။အချိန်ကလည်း နေဝင်ချိန်ဖြစ်နေပြီမို့ စိတ်ပူ နေလေပြီ။ ဆော့ကစားနေသည့် ခြောက်နှစ်အရွယ် သမီးငယ်ကိုထားခဲ့ပြီ မလှထွေးတို့နောက်သို့ လိုက်သွားဖို့ရာလည်း မဖြစ်ပေ။
***************
“ မြန်မြန်သွားစမ်းပါဟာ၊ မှောင်နေပြီ။အောက်ကိုလည်း ကြည့်သွားဦး။အရှည်ကောင်တွေကို တက်နင်းမိမှ မသာပေါ် နေဦးမယ် "
သားဖြစ်သူ၏နောက်ကျောကိုအသာတွန်းလိုက်သည်။ ပေါက်ပင်ရွာနှင့် သပြေကုန်းရွာကြားတွင် သရက်ပင်ကြီးသုံး ပင်က တစ်ပင်နှင့်တစ်ပင် ဆယ်ပေသာသာလောက်ခြားပြီး ပေါက်ရောက်လျက်ရှိသည်။ သရက်ပင်ကြီးသုံးပင်ထဲမှအလယ် တွင်ပေါက်ရောက်နေသည့် မချစ်စုပင်ကြီးသည်အကြီးမားဆုံးဖြစ်ပေသည်။ ထိုသရက်ပင်များအား မည်သူစိုက်ပျိုးခဲ့သည် ကို မသိသည့်အပြင် ထိုသရက်ပင်များသည်အပွင့်လည်းမပွင့်၊အသီးလည်းမသီးကြသဖြင့်အရိပ်ခိုရုံမျှသာအသုံးဝင်ခဲ့ သည်။ သရက်ပင်ကြီး၏အနောက်ဘက်တွင် ကျူပင်များနှင့် သပြေရိုင်းပင်များ၊ မြက်ရိုင်းပင်များက တစ်ဧကကျော်မျှရှိနေ ကြပြီး ထိုမြက်ရိုင်းများနှင့် ကျူပင်များကိုလွန်ပါက သပြေကုန်းရွာကို ရစ်ခွေစီးဆင်းနေသည့် ချောင်းငယ်လေးကို မြင်တွေ့ ရပေလိမ့်မည်။
ယခင်က ထိုမချစ်စုသရက်ပင်ကြီး၏အနီးတွင် ဇော်ဦးနှင့် ငထွန်းတို့ သတ်ပုတ်ခဲ့ကြပြီး ဇော်ဦး၏ ဝိညာဉ်ချုပ်ခဲ့ရာ နေရာလည်းဖြစ်ခဲ့သည်။ မချစ်စုသရက်ပင်ကြီးနားသို့အရောက်တွင်အပုပ်နံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။
“အမေ....ခွေးသေကောင်ပုပ်နံ့ရတယ်ဗျ "
ဆိုးဝါးလွန်းသည့်အပုပ်နံ့ကိုရလိုက်ကတည်းက မလှထွေးတစ်ယောက် ထိုနေရာမှအမြန်ပြေးချင်မိသည်။ မိုးကြိုး ပစ်ခံရပြီး သေဆုံးသွားသည့် ထွန်းလူသည် မလှထွေးနှင့် ဆွေမကင်း မျိုးမကင်းဖြစ်သည့်အပြင်အစအနောက်လည်းသန် သူဖြစ်သောကြောင့်အပုပ်နံ့ပေးကာ ခြောက်လှန့်သည်ဟုထင်မှတ်လေသည်။
“ မြန်မြန်သွားပါဟဲ့ "
သားဖြစ်သူ၏ခေါင်းကို ပုတ်လိုက်ပြီး ထိုနေရာမှအမြန်သွားခိုင်းသည့်အချိန်မှာပင်အနောက်မှ ကပ်လိုက်လာသည့် ခြေသံကို မလှထွေးကြားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်သော်လည်း တစ်ဦးတစ်ယောက်ကိုမှ မတွေ့သဖြင့် မလှ
ထွေး ကြောက်ရွံ့လာသည်။ ထိုအချိန်မှာပင် မချစ်စုသရက်ပင်ကြီး၏အကိုင်းအခက်များက လေမတိုက်ဘဲ လှုပ်ယမ်းသွား သဖြင့် စိတ်ထင့်ပြီး သားဖြစ်သူ၏လက်ကို ဆွဲကိုင်လိုက်စဉ် နောက်ကျောကို ထုနှက်ခြင်းခံလိုက်ရလေသည်။
“ ဘုံး....... ”
“အမလေး.... "
ကျောကိုထုနှက်ခြင်းခံလိုက်ရသဖြင့် မလှထွေး ငယ်သံပါအောင်အော်ဟစ်ခါ သားကိုလက်ဆွဲ၍ ပြေးလေတော့ သည်။ မလှထွေးတို့ သားအမိနှစ်ယောက် ခြေကုန်သုတ်ပြီး ပြေးလာကြတာကို ရွာထဲကလူတွေမြင်လို့ မေးမြန်းကြပေမယ့် မလှထွေးတစ်ယောက် စကားပြန်မပြောနိုင်ပေ။
အမောတကောဖြင့် တဲပေါ်ပြေးတက်လာသည့် မလှထွေးနှင့် သားဖြစ်သူကို ကြည့်ပြီး ငထွန်းစိတ်ပူသွားလေ သည်။
“ နင်တို့ ဘာဖြစ်လာကြတာလဲ ”
“ သ.........သ....သရဲခြောက်လို့ ”
“ ဘာရယ်..... ။ ဟုတ်လို့လားဟ ”
“ ဟုတ်တယ် ဖေကြီး.....ဟိုမချစ်စုပင်ကြီးနားရောက်တော့အသေကောင်ပုပ်နံ့ရလို့အမေ့ကို ပြောနေတုန်း မချစ်စုပင်က လှုပ်နေတယ်။ နောက်ပြီးအမေ့ကျောကို ဘုံးကနဲထုလို့ သားတို့ ထွက်ပြေးလာကြတာ ”
သားဖြစ်သူပြောသည့်စကားကြောင့် ငထွန်း စိတ်ထဲထင့်သွားသည်။ ပေါက်ပင်ရွာနှင့် သပြေကုန်းသို့သွားသည့်လမ်း သည် ငယ်စဉ်ကတည်းက ဖြတ်သန်းသွားလာခဲ့သည့် လမ်းဖြစ်သော်လည်း ခြောက်လှန့်ခြင်းမရှိခဲ့ပေ။အပုပ်နံ့သည် ဇော်ဦး၏အလောင်းမှ ထွက်လာသည့်အပုပ်နံ့သာဖြစ်ကြောင်း ငထွန်းသိပါသည်။ ဇော်ဦး၏အလောင်းကို ဖျောက်ဖျက် ရန်ကလည်း ယခုအခြေအနေတွင် လွယ်ကူတော့မည်မဟုတ်ပါ။ ဇနီးသည် မလှထွေး၏ ကျောကုန်းကို ပုတ်သသူသည် ဇော်ဦးသာဖြစ်ရမည်ဟု ငထွန်းတစ်ထစ်ချ ယုံကြည်ပေသည်။
“ ကျွန်မဖြင့် ကြောက်လိုက်တာ။ ကိုထွန်းလူခြောက်တာပဲ ဖြစ်ရမယ်။အသက်တောင်မနည်းလုရှုရတယ် ကိုထွန်းရယ် ”
“ ဟုတ်ချင် ဟုတ်မှာပေါ့။ ထွန်းလူကအစအနောက်သန်ပါဘိနဲ့ ”
“ ဟုတ်ကိုဟုတ်မှာ။ ဘုန်းကြီးမရှိတော့ သပိတ်သွပ်လို့လည်းမရ၊ ရက်လည်ပဲလုပ်တာဆိုတော့ ဘယ်ကျွတ်ပါ့မလဲ ”
“ နင်ပြောမှ သတိရတော့တယ်။ ငါ ထွန်းလူတို့အိမ်သွားလိုက်ဦးမယ်။ ပိုက်ဆံ နည်းနည်းလောက်ပေးစမ်းပါ ”
“ ဘာလဲ.....ဖဲသွားရိုက်မလို့လား ”
“အေး....... ”
“ ပိုက်ဆံသွားတောင်းပါဆိုတော့ မတောင်းဘူး။ ရှင်မသွားလို့ ကျွန်မတို့သားအမိသွားရတာ သူရဲပါခြောက်ခံရတယ်။ မသေတာ ကံကောင်း။ ရင်ဘတ်ထဲက စူးပြီးအောင့်တယ် ”
“အေးပါဟာ။ နောက်ဆို သွားပေးပါ့မယ်။ လောလောဆယ် ပိုက်ဆံ နည်းနည်းလောက်ပေးစမ်းပါ ”
“ ရော့......ကျွန်မလည်း ဈေးသုံးဖို့လိုသေးတယ် ”
မလှထွေး ပေးသည့် ပိုက်ဆံအနည်းငယ်ကိုယူကာ ငထွန်းတစ်ယောက် ထွန်းလူ၏အိမ်ဘက်သို့ ခပ်သွက်သွက် ထွက်သွားလေတော့သည်။
***************
“ ပြန်တော့မလို့လား ငထွန်း ”
“ ပြန်တော့မယ်ဗျာ။ မနက်တစ်နာရီတောင်ထိုးတော့မယ်။ ပါသမျှလည်း ပြောင်ပြီ။ မိုးစဲတုန်းပြန်မှဖြစ်မယ် ”
“ နောက်နေ့လာဦးမယ် မဟုတ်လား ”
“ ပိုက်ဆံရှာလိုက်ဦးမယ်။အဆင်မပြေရင်တော့ လှထွေးဆီက ခိုးရမှာပေါ့ ”
“ လာခဲ့စမ်းပါကွ။ ဖဲသမားဆိုတာ ပူလိုက်ဖောင်းလိုက်ပါ ”
“အင်းပါ....ကျုပ်ပြန်တော့မယ် ”
“အေး...အေး... ”
ခမောက်ဆောင်းထားသော်လည်း လေနှင့်အတူ မိုးရေစက်များက မျက်နှာကို လာရိုက်နေသဖြင့် မျက်နှာကို လက်ဖြင့်ကာပြီး ရွာလမ်းအတိုင်း လျှောက်လာစဉ် မျက်နှာချင်းဆိုင်မှ လာနေသည့် လူတစ်ယောက်ကို လက်နှိပ်ဓာတ်မီး ရောင်ဖြင့် မြင်တွေ့လိုက်ရသောကြောင့် ခါးကြားမှ ဓားမြှောင်ကို လက်ဖြင့်စမ်းလိုက်ပြီး သတိဖြင့် ဆက်လျှောက်လာခဲ့ သည်။ မျက်နှာချင်းဆိုင်မှ လာနေသည့်လူက မိုးကာကို တစ်ကိုယ်လုံးခြုံထားသဖြင့် မည်သူမည်ဝါဆိုသည်ကို မသိနိုင်ပေ။
ယခုလိုအချိန်မတော်သည့်အချိန်တွင် ရွာလမ်းတစ်လျှောက် လူသူဆို၍ ထိုသူသာရှိနေသဖြင့် သတိပိုရပေမည်။ မကြာခင်မှာပင် မျက်နှာချင်းဆိုင်မှ လာနေသူနှင့် နီးကပ်လာခဲ့လေပြီ။ ထိုစဉ်မှာပင် ငထွန်း၏နှာခေါင်းဝသို့အပုပ်နံ့တိုး ဝင်လာခဲ့သည်။အပုပ်နံ့သည် ခွေးသေကောင်ပုပ်နံ့မဟုတ်ကြောင်း သတိထားလိုက်မိသဖြင့် မျက်နှာချင်းဆိုင်မှလူကိုအ သေအချာကြည့်မိသည်။ လက်နှိပ်ဓာတ်မီးရောင်ကို ထိုသူ၏မျက်နှာပေါ်သို့ မကျရောက်စေရန် သတိထားရင်း ထိုသူနှင့် မလှမ်းမကမ်းသို့ မီးထိုးထားလိုက်သည်။ ထိုသူနှင့် ပို၍ နီးကပ်လာလေလေအပုပ်နံ့က ထောင်းထောင်းထလေဖြစ်လာ သဖြင့် နှာခေါင်းကို လက်ဖြင့်အုပ်ကာထားလိုက်သည်။
“ ငထွန်း..... ”
မျက်နှာချင်းဆိုင်မှလာနေသူသည် ရုတ်တရက်ငထွန်း၏အရှေ့တွင် ပိတ်ရပ်လိုက်ပြီး နာမည် ခေါ်လိုက်သဖြင့် ငထွန်း၏ခြေလှမ်းများ တုံ့ကနဲရပ်သွားလေသည်။
“ ဘယ်သူလဲ ”
အရှေ့တွင် ပိတ်ရပ်ပြီး နာမည်ခေါ်နေသူ၏ မျက်နှာကို ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သည့်အခိုက် ငထွန်းတစ်ယောက် တုန်လှုပ်ခြောက်ခြားသွားလေတော့သည်။
“ ဟာ....... ”
ပုပ်ပွဖူးယောင်နေသည့်မျက်နှာသည် ဇော်ဦးဖြစ်ကြောင်း သိလိုက်ရသည့်အခိုက် ငထွန်းတစ်ယောက် ခြေကုန် သုတ်ပြီးအိမ်သို့ ပြေးလေတော့သည်။ နောက်သို့လှည့်မကြည့်ဘဲ ပြေးနေသော်လည်းအနောက်မှကပ်လျက် လိုက်ပါ လာသည်ကို ငထွန်းသိနေပါသည်။ ရွာလမ်းတစ်လျှောက်ပြေးလာရင်း တဲနှင့်နီးလာသည့်အခါ တဲရှေ့တွင် ရပ်နေသည့် လူတစ်ယောက်ကို မြင်တွေ့လိုက်ရသဖြင့် ငထွန်း တုန့်ကနဲရပ်လိုက်သည်။ တဲရှေ့တွင် ရပ်နေသူသည် တဲပေါ်သို့ တရွေ့ ရွေ့တက်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် တဲအနီးသို့အသာ ချဉ်းကပ်သွားလေသည်။
ငထွန်း၏တဲသည် တံခါးမရှိသည့်တဲဖြစ်သည့်အတွက် တဲပေါ်သို့အလွယ်တကူ ဝင်နိုင်ထွက်နိုင်လေသည်။ ယခု လိုအချိန်မျိုးတွင် တဲပေါ်သို့တက်သွားသူသည် မလှထွေးနှင့် ဖောက်ပြန်သူသာဖြစ်နိုင်သည်ဟု တွေးလိုက်မိပြီး ခါးကြားမှ ဓားမြှောင်ကိုထုတ်ကာ တဲပေါ်သို့ ခြေကိုဖွပြီး တက်သွားလေသည်။ တဲပေါ်သို့ရောက်သည်နှင့် ဓားမြှောင်ကိုအသင့်အနေအထားဖြင့်ကိုင်ကာ မလှထွေးတို့သားအမိအိပ်နေသည့် ခြင်ထောင်ကိုအသာဆွဲလှန်ပြီး ကြည့်လိုက်သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှမတွေ့သဖြင့် တဲပေါ်သို့ ဓာတ်မီးထိုးပြီး ရှာလေတော့သည်။
“ ဘယ်သူလဲ...... ”
ဓာတ်မီးရောင်ကြောင့် မလှထွေးနိုးလာပြီး မေးလိုက်သဖြင့် ငထွန်းက ပြန်ဖြေလိုက်သည်။
“ ငါ..... ”
“ ပြန်လာပြီလား ”
“အေး...... ”
မလှထွေးက ခြင်ထောင်ထဲမှ ထွက်လာပြီး မီးခွက်ထွန်းလိုက်သဖြင့် မီးခွက်မှအလင်းရောင်က တဲအတွင်း ဖြန့်ကျက်သွားလေသည်။
“အခုမှပြန်လာတာလား ”
“ ဟုတ်တယ်....... ။ နင်အိပ်ပျော်နေတာလား ”
“ ခုနကမှ မှေးကနဲအိပ်ပျော်သွားတာ ”
“ ငါ့ကို ဘာလို့ စောင့်နေတာလဲ ”
“ ရှင့်ကို စောင့်နေတာမဟုတ်ဘူး။ ကျွန်မတို့သားအမိတွေကြောက်လို့ ငုတ်တုပ်ထိုင်နေကြတာ။ ကလေးတွေလည်းအိပ်ပျော်သွားတာ မကြာသေးဘူး ”
“ ဟေ..... ဘာဖြစ်လို့လဲ ”
“ တဲတစ်ခုလုံးအသေကောင်ပုပ်နံ့ထောင်းထောင်းထနေတာ။ တဲအရှေ့မှာလည်း မည်းမည်းကြီးက ခေါက်တုန့်ခေါက်ပြန် လျှောက်နေတာ ”
“ ဘယ်သူလဲ....လူလား ”
“ လူဆိုရင် ကြောက်စရာလား။ မည်းမည်းကြီးက သရဲ။ မျက်လုံးကြီးတွေက နီရဲပြီး ကြောက်စရာကြီး။ ကလေးတွေလည်းအကုန်မြင်ရတယ် ”
“ ဟေ...... ”
“ ကိုထွန်းလူက ကျွန်မတို့ကို လာခြောက်နေတာ ”
ကိုယ်တိုင် ကြုံတွေ့ခဲ့သည့်အတွက် မလှထွေးပြောသည့်စကားကို ငထွန်း ယုံကြည်ပါသည်။ ယခုအတိုင်းဆိုပါက ဇော်ဦး၏အလောင်းကို မီးသြင်္ဂိုဟ်မှ ဖြစ်ပေတော့မည်။
“ မကြောက်နဲ့တော့။ ငါရှိတယ် ”
“ ထမင်းစားဦးမလား ”
“ မစားတော့ဘူး။ ထွန်းလူတို့အိမ်မှာ စားခဲ့ပြီးပြီ ”
“အဲဒီနာမည်ကြီး ထည့်မပြောပါနဲ့ ကိုထွန်းရယ်။ ကျွန်မ ကြောက်လို့ပါ ”
“အေးပါ၊ မကြောက်နဲ့တော့။ ငါလည်းအိပ်တော့မယ်။ နင်လည်းပြန်အိပ်တော့ ”
မလှထွေး ခြင်ထောင်ထဲသို့ ဝင်သွားသည်နှင့် ငထွန်းက မီးခွက်ကိုငြိမ်းသတ်လိုက်ပြီး မလှထွေး၏နံဘေးတွင် ဝင်အိပ်လိုက်လေတော့သည်။
***************
“ ငထွန်း......အလောင်းကို ဘယ်မှာတွေ့တာလဲ ”
“ ပေါက်ပင်ရွာသွားတဲ့လမ်းက မချစ်စုပင်ကြီးနောက်က ကျူတောထဲမှာဗျ။အလောင်းက ပုပ်ပွပြီးအသားတွေတောင် ရိနေပြီ ”
“ မင်းက ဘယ်လိုလုပ်ပြီးတွေ့တာလဲ ”
“ ကျုပ်က ပေါက်ပင်ရွာကိုသွားရင်းအခင်းကြီးသွားချင်လို့ ကျူတောထဲဝင်တိုးလိုက်တာအပုပ်နံ့တွေနံနေလို့ ကြည့်လိုက် တော့ လူသေအလောင်းကြီးတွေ့တာနဲ့ ရွာကိုပြန်ပြေးလာတာ ”
“ ဇော်ဦးလားမသိဘူး။ ခဏစောင့်ကွ၊ ငါ လူစုလိုက်မယ် ”
“ ဟုတ်ကဲ့ ဦးလေးသိန်း ”
“ ရေသောက်လိုက်ဦး ငထွန်း။ မင်းကိုကြည့်ရတာအတော်ကြောက်နေပုံပဲ ”
“ ကြောက်တာပေါ့ဗျ ”
ငထွန်း၏အထိတ်တလန့်ဖြစ်နေသည့်မျက်နှာကို ဦးသိန်းဆောင်က တစ်ချက်ကြည့်ပြီး လူစုရန်ထွက်သွားမှ ငထွန်း လည်း သက်ပြင်းချနိုင်တော့သည်။ ဟန်ဆောင်ပြီး ထိတ်လန့်တုန်လှုပ်ပြနေသည်ကို ဦးသိန်းဆောင်ကအဟုတ်ထင်မှတ် သွားခြင်းက ငထွန်းအတွက် စိတ်သက်သာရာ ရစေခဲ့သည်။ မကြာခင် ဦးသိန်းဆောင်နှင့်အတူ ရွာသားခြောက်ယောက် ရောက်လာလေသည်။
“ သွားကြစို့ငထွန်းရေ....ငါတို့ကို လိုက်ပြဦး ”
“ ဟုတ်...ဟုတ်ကဲ့ ”
ငထွန်းက ရှေ့မှဦးဆောင်သွားပြီး ဦးသိန်းဆောင်နှင့် ရွာသားခြောက်ယောက်က ငထွန်းနောက်မှ လိုက်လာကြသည်။
“ ဇော်ဦး မဟုတ်ပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲ ”
“အလောင်းက ပုပ်ပွပြီးလောက်တွေတက်နေပြီဗျ။ ကျုပ်လည်းအသေအချာမကြည့်ရဲ့လို့ မကြည့်ခဲ့ဘူး ”
စကားတပြောပြောဖြင့် မချစ်စုပင်ကြီးအောက်သို့ ရောက်လာခဲ့လေပြီ။
“ ဟိုကျူတောထဲမှာဗျ။ ကျုပ်....ကျုပ်မလိုက်တော့ဘူး ”
“ ငထွန်းရာ....။ မင်းလောက် လက်သွက်တာ မင်းပဲ။ ဘယ်လိုဖြစ်ပြီး ကြောက်နေရတာတုန်း ”
“ လူအရှင်ဆိုပြဿာမရှိဘူးဗျ။အခုကအလောင်းကြီး ”
“ ကြောက်ရင်လည်း ဒီမှာပဲနေခဲ့တော့။ လာကြဟေ့...ငိုတို့ သွားကြည့်ကြမယ် ”
ဦးသိန်းဆောင်နှင့် ရွာသားခြောက်ယောက် ကျူတောထဲတိုးဝင်သွားကြသည်ကို ငထွန်းက မချစ်စုသရက်ပင်အောက်မှ ထိုင်ကြည့်နေလေသည်။
“ ဟုတ်တယ်.....ဟေ့ကောင်ရေ....။ ဇော်ဦးကွ။အသတ်ခံရတာ သေချာတယ်။ လည်ပင်းပြတ်နေတယ် ”
“ ဟုတ်တယ်ကွ။အသတ်ခံရတာနေမယ်။ လောက်တွေတောင်တွယ်နေပြီ ”
“အလောင်းကို ဘယ်လိုသယ်ကြမလဲ ”
“ ရအောင်သယ်ရတော့မှာပေါ့ကွ။ တင်လှက ရွာထဲက သုံးလေးယောက်ခေါ်ပြီး ရွာပြင်မှာ လေးတိုင်စင်ဆောက်ဖို့လုပ်။ သန်းအေးက စောင်စုတ်နဲ့ ဝါးလုံးနှစ်ချောင်းပြန်ယူကွာ ”
ဦးသိန်းဆောင်တို့အော်ဟစ်ပြောဆိုနေသံက ငထွန်းကို တုန်လှုပ်စေခဲ့သည်။ သို့ပေမယ့် ဟန်ကိုယ့်ဖို့ဆိုသည့်အတိုင်း ထိတ်လန့်ယောင်ဆောင်နေရလေတော့သည်။ မြို့နှင့်အလွန်ဝေးသည့်အပြင် ထိုခေတ်ထိုအခါက ရဲစခန်းကိုအကြောင်းကြားဖို့ကလည်း မလွယ်ကူသဖြင့် ဇော်ဦးအသတ်ခံရသည့်အမှုသည် ကျေးရွာမှာပင် တိတ်တဆိတ် ပြီးဆုံး သွားခဲ့ရလေသည်။
***************
မြို့နှင့်အလွန်ဝေးသည့်အပြင် ထိုခေတ်ထိုအခါက ရဲစခန်းကိုအကြောင်းကြားဖို့ကလည်း မလွယ်ကူသဖြင့် ဇော်ဦးအသတ်ခံရသည့်အမှုသည် ကျေးရွာမှာပင် တိတ်တဆိတ် ပြီးဆုံးသွားခဲ့ရလေသည်။ သို့သော်လည်း ထိုမျှနှင့် မပြီးဆုံးခဲ့ပါ။ ဇော်ဦး၏အလောင်းကို မီးသြင်္ဂိုလ်ပြီး နောက်တစ်ရက်မှစတင်ပြီး တစ်ရွာလုံး ထိတ်လန့်စရာနှင့် ကြုံတွေ့ရလေတော့သည်။
ညမှောင်သည်နှင့် ရွာလမ်းတလျှောက် တရွေ့ရွေ့သွားနေသည့် မည်းမည်းသဏ္ဌာန်ကြီးကို တစ်ရွာလုံးမြင်တွေ့ရသလို မချစ်စုသရက်ပင်နားတွင် ရပ်နေသည့် ဇော်ဦးကို မြင်တွေ့ရသဖြင့် ညမှောင်သည်နှင့် မည်သူမျှအပြင်မထွက်ရဲကြတော့ ပေ။
“ ခွေးတွေကလည်းအူလိုက်တာ ကိုထွန်းရယ်။ ကျွန်မကြောက်တယ် ”
ဆွဲဆွဲငင်ငင်အူနေသည့် ခွေးအူသံများကြောင့် မလှထွေး ကြောက်လန့်နေသည်။
“ ဘာကြောက်စရာရှိလို့လဲ လှထွေးရာ။ သူ့သဘာဝအတိုင်းအူတာပဲ ”
“ ရှင်ကသာမကြောက်တာ ညနေဆိုတာနဲ့ တစ်ရွာလုံးအပြင်တောင် မထွက်ရဲတော့ဘူး။ ဟိုတစ်နေ့ကလည်း ပေါက်ပင် ကပြန်လာတဲ့အောင်ဘုတို့သားအဖနှစ်ယောက်ကို မချစ်စုပင်အောက်ကနေ ထွက်လာပြီးခြောက်လို့ သေပြေးရှင်ပြေး ပြေးခဲ့ကြတာ ရှင်လည်းသိတာပဲ ”
အောင်ဘုတို့ သားအဖ ခြောက်လှန့်ခံရသည့်အကြောင်း ငထွန်းကြားပါသည်။ ပေါက်ပင်ရွာမှ ကြက်ဝယ်ပြီးပြန် လာသည့် ကိုချစ်နှင့်အောင်ဘုတို့သားအဖနှစ်ယောက် ရွာအပြန်နောက်ကျခဲ့သည်။ မချစ်စုသရက်ပင်ကြီးအနီးသို့အ ရောက်တွင်အပင်ကြီးနောက်မှ ထွက်လာသည့် ဇော်ဦးကို မြင်တွေ့လိုက်ရသဖြင့် ကိုချစ်တို့သားအဖနှစ်ယောက် ဒရော သောပါးပြေးခဲ့ကြရသည်။ ကိုချစ်တို့သားအဖပြောပုံအရ ဇော်ဦး၏မျက်နှာသည်အလွန်ကြောက်မက်ဖွယ်ကောင်းပြီး မျက်လုံးများက ရဲရဲနီနေသည်။ ဇနီးသည်ရှေ့မှာမို့ ဟန်လုပ်နေရပေမယ့် ညနေစောင်းသည်နှင့်အပြင်သို့မထွက်ရဲခဲ့ပါ။
“ ခြောက်ချင်တဲ့ကောင် ခြောက်စမ်းပါစေကွာ။ သရဲဆိုတာ ကြောက်လေ ဖြဲခြောက်လေပဲ ”
“ မပြောပါနဲ့တော့ ကိုထွန်းရယ်။ ကျွန်မ ကြောက်လို့ပါ။ ကလေးတွေနိုးရင် ကြောက်နေပါ့မယ် ”
“ ငါကတော့ ဒါပဲထင်တယ် ”
ငထွန်းက တဲအပြင်သို့ ပုဆိုးလှန်ပြလိုက်သည့်အချိန်မှာပင်တဲတစ်ခုလုံး သိမ့်သိမ့်ခါသွားလေသည်။
“ ဘာ....ဘာဖြစ်တာလဲ။။ ငလျင်လှုပ်တာလား ကိုထွန်း ”
“ ငါလည် ဘယ်သိမလဲဟ ”
မလှထွေးက မျက်လုံးမျက်ဆန်ပြူးပြီး တဲအတွင်းအပြင်ကိုအသေချာကြည့်နေလေသည်။
“ ကို.....ကိုထွန်း.....ဟို....ဟိုမှာ..... ”
“ ဘာလဲ..... ”
မလှထွေးလက်ညှိုးထိုးပြသည့်နေရာသို့ မလှထွေးနှင့် ငထွန်းတို့ကြည့်လိုက်သည့်အခါ တဲနောက်တွင်ရပ်နေသည့်အရိပ်မည်းမည်းကြီးကို မီးခွက်ရောင်အောက်တွင် မြင်တွေ့လိုက်ရလေသည်။ ထိုစဉ်မှာပင်အပုပ်နံ့ကိုလည်း ဆိုးဆိုးဝါးဝါး ထွက်လာနေသည်။
“ ကိုထွန်း...ကျွန်...ကျွန်မကြောက်တယ် ”
အရိပ်မည်းကြီးကို ထင်ထင်ရှားရှားမြင်တွေ့နေရသဖြင့် ငထွန်းလည်း ထိတ်လန့်လာမိသည်။
“ ကို...ကိုထွန်း.......ကို...ကိုဇော်ဦး......အမလေး......... ”
အရိပ်မည်းကြီးကို ကြည့်နေစဉ်မှာပင် တဖြည်းဖြည်း ပုံသဏ္ဌာန်က ထင်ရှားလာသည်။ ဖောင်းကားပုပ်ပွပြီး မျက်လုံး များအပြင်သို့ထွက်ကာ လည်ပင်းပြတ်နေသည့် ဒဏ်ရာကြီးကအထင်းသားပေါ်နေသည့် ဇော်ဦးကို မြင်တွေ့လိုက်သည့်အခိုက် မလှထွေးတစ်ယောက် ကြောက်လန့်တကြားအော်ဟစ်ကာ သတိမေ့မြောသွားလေသည်။
“ လှထွေး.....လှထွေး..... ”
သတိမေ့မြောနေသည့် မလှထွေးကို ပွေ့ချီပြီး လှုပ်နှိုးရင်း ငထွန်းလည်း ထိတ်လန့်လာခဲ့လေပြီ။ ထိုအချိန်မှာပင် ဇော်ဦး၏ သဏ္ဌာန်က ရုတ်တရက်ပျောက်ကွယ်သွားလေသည်။
“ ငထွန်း........ ”
“ ဟာ.......... ”
ပွေ့ချီထားသည့် မလှထွေးက ရုတ်တရက် ထထိုင်လိုက်ပြီး ငထွန်းကို စိမ်းစိမ်းကားကားကြည့်ကာ ခေါ်လိုက် သံကြောင့် ငထွန်းရုတ်တရက် ထရပ်လိုက်သည်။
“ မင်းငါ့ကို သတ်ခဲ့တဲ့အတွက်မင်းကို ပြန်သတ်မယ် ”
“ လှထွေး....လှထွေး။ နင်ဘာတွေ ပြောနေတာလဲ ”
“ မင်းမိန်းမအသက်မရှိတော့ဘူး ငထွန်း။ မင်းမိန်းမရဲ့ ကိုယ်ထဲကို ငါဝင်လိုက်တာ ”
“ ဇော်...ဇော်ဦး။ ငါ တောင်းပန်ပါတယ် ”
“ တောင်းပန်လည်း မကျေဘူး ငထွန်း။ ငါ့ကို သတ်တုန်းကအဲဒီပုံစံလား။ ဓားနဲ့ထိုးတဲ့အချိန်မှာ မသေသေးဘူးကွ။ ငါ့လည်ပင်းကို လှီးတဲ့အချိန် ငါဘယ်လို ခံစားခဲ့ရတယ်ဆိုတာ မင်းလည်း ပြန်ခံစားစေရမယ် ”
“ မ...မလုပ်ပါနဲ့ကွာ ”
“ မရဘူး ငထွန်း ”
မလှထွေးက ထိုင်ရာမှထကာ တဲထရံတွင်ထိုးထားသည့် ကိုင်းခုတ်ဓားကို ပြေးယူသဖြင့် ငထွန်းလည်း တိုင်တွင် ချိတ်ထားသည့် လွယ်အိတ်ထဲမှ ဓားမြှောင်ကို ပြေးယူလိုက်လေသည်။ သို့သော်လည်း ငထွန်းတစ်ယောက် ခြေတစ် လှမ်းနောက်ကျခဲ့လေပြီ။ မလှထွေးက ကိုင်းခုတ်ဓားဖြင့် ငထွန်း၏ကျောကုန်းကို ခုတ်ပိုင်းလိုက်သဖြင့် ငထွန်းလဲ ကျသွားချိန်တွင် ကလေးနှစ်ယောက်လည်း နိုးလာကြလေသည်။
“ မ....မလုပ်ပါနဲ့........ဇော်...ဇော်ဦး..... ။ ငါ့..ငါ့ကို မသတ်ပါနဲ့ ”
“အမေ......အမေ....မလုပ်ပါနဲ့ ”
လဲကျသွားသည့် ငထွန်းကို နောက်မှသိုင်းဖက်ပြီး လည်လှီးရန် ပြင်လိုက်ချိန်တွင် သားဖြစ်သူကအော်ဟစ် တောင်းပန်နေသည်။
“ ဟေ့ကောင်.....ငါ မင်းအမေမဟုတ်ဘူး။ ဇော်ဦးကွ။ မင်းအဖေ ငထွန်းက ငါ့ကို သတ်ခဲ့လို့ မင်းအဖေကို ပြန်သတ်မှာ ”
မလှထွေး၏ခန္တာကိုယ်တွင် ပူးဝင်နေသည့် ဇော်ဦးက ကိုင်းခုတ်ဓားဖြင့် ငထွန်း၏လည်ပင်းကို လှီးဖြတ် လိုက်လေ တော့သည်။
“ လာကြပါဦး.........ဒောဒီမှာအမေရယ်အဖေ့ကို သတ်နေပြီဗျို့ ”
ငထွန်း၏လည်ပင်းမှ သွေးများက ရေပန်းမှရေပန်းထွက်သကဲ့သို့ ဒလဟောထွက်နေပြီး ခန္တာကိုယ်က တဆတ်ဆတ် တုန်နေလေသည်။ ကလေးနှစ်ယောက်က မိခင်ကို ပြေးဖက်သော်လည်း မလှထွေးက ဆောင့်တွန်းလိုက်သဖြင့် ကလေး နှစ်ယောက် လွင့်ထွက်သွားလေသည်။
“ ဘယ်လိုလဲ ငထွန်း။ လည်ပင်းအလှီးခံရတဲ့ ခံစားချက်ကို သိပြီလား ”
မလှထွေးက ငထွန်း၏အနီးတွင်ရပ်ကာ ကျေကျေနပ်နပ်ဖြင့် ပြုံးပြီး ကြည့်နေသည်။ ငထွန်း၏ သားဖြစ်သူက ညီမငယ်၏လက်ကိုဆွဲကာအော်ဟစ်ပြီး တဲပေါ်မှ ဆင်းပြေးချိန်တွင် မလှထွေးလည်း နေရာမှာတင် ပုံလျက် လဲကျ သွားလေတော့သည်။
***************
ငထွန်း၏သားဖြစ်သူ ပြောပြသည့်စကားကို ဦးသိန်းဆောင်နှင့် ရွာသူရွာသားတို့က ယုံရခက် မယုံရခက်ဖြစ် နေကြလေသည်။
“ လှထွေးလည်းသေ၊ ငထွန်းလည်းသေတော့ ဘယ်သူ့ကိုမေးရမှန်းမသိတော့ဘူး။ ကလေးတွေပြောစကားဆိုတော့ ယုံရခက်တယ် ”
“ ဇော်ဦးကိုတော့ ငထွန်းက သတ်မယ်မထင်ဘူး။ သူတို့က သူငယ်ချင်းတွေဗျ။ ရန်ဖြစ်တာ စကားများတာလည်း တစ်ခါမှ မတွေ့ဖူးဘူး။ သရဲက လူကိုပူးပြီး သတ်တယ်ဆိုတာ မဖြစ်နိုင်ဘူးထင်တယ် ”
“ ကျုပ်လည်းအဲဒီလိုပဲထင်တယ်။ ငထွန်းက လက်မြန်ခြေမြန်ဆိုတော့ မလှထွေးကို ရန်ရှာလို့ လှထွေးက သတ်ပစ်တာပဲ ဖြစ်နိုင်တယ် ”
“ ဒါဆို လှထွေးက ဘာလို့ သေရတာလဲ။ သူ့မှာ ဘာဒဏ်ရာမှ မတွေ့ပါဘူး ”
“ ဒေါသကြောင့် သတ်လိုက်ပြီးမှ ကြောက်လန့်ပြီး သေသွားတယ်လို့ ထင်တာပဲ ”
“ ကလေးနှစ်ယောက်က ကြားထဲက ဒုက္ခရောက်တာပေါ့ဗျာ ”
“ ဒေါသဆိုတာအင်မတန်ကြောက်စရာကောင်းတယ်ဗျ။အငြိုးအတေးဆိုတာလည်း ကြောက်ဖို့ကောင်းတယ်။ လှထွေးက ဘယ်အချိန်ကတည်းက ငြိုးထားတယ်မသိဘူး ”
“ ဒီတစ်လထဲမှာတင် ထွန်းလူက မိုးကြိုးပစ်ခံရတယ်။ ဇော်ဦးကအသတ်ခံရတယ်။ ငထွန်းနဲ့ လှထွေးတို့ သတ်ကြတယ်။ တို့ရွာလည်း ဘာဖြစ်နေတယ် မသိတော့ဘူး ”
“ ကျွန်မကတော့ မြို့ပေါ်က ဘုန်းကြီးသွားပင့်ပြီး ရွာထိပ်ကနေ ပရိတ်ရွတ်စေချင်တယ် ”
“ မြို့ပေါ်မှာ ဘုန်းကြီးသွားပင့်ရင်အသွားအပြန် တစ်နေကုန်မှာလည်း ထည့်စဉ်းစားကြဦး ”
“ ဘာဖြစ်ဖြစ် လုပ်သင့်တာတော့ လုပ်ရမှာပဲ ကိုသိန်းဆောင်။ ဒေါ်မြဝင်းပြောတာ ကျုပ်လက်ခံတယ်။ မချစ်စုပင်ကြီးနားက လည်း ခဏခဏခြောက်နေတော့ မသွားရဲ မလာရဲကြ။ ညဆို ရွာထဲမှာ သွားလာနေတဲ့ ပရသားကြောင့် ဘယ်သူမှမထွက် ရဲကြတော့ဘူး”
“ ဒါဆိုလည်း စီစဉ်လိုက်ကြတာပေါ့ဗျာ ”
“ ငထွန်းနဲ့ လှထွေးတို့ကို မသြင်္ဂိုဟ်ခင် ဘုန်းကြီးသွားပင့်ကြတာပေါ့ ”
***************
ပရိတ်ရွတ်အမျှအတန်းပေးဝေခဲ့သော်လည်း မချစ်စုသရက်ပင်ကြီးအနီးတွင် ဇော်ဦးက ခြောက်လှန့်နေသလို ငထွန်း၏တဲတွင်လည်း ငထွန်းခြောက်လှန့်နေသဖြင့် ငထွန်း၏တဲကို ဖျက်လိုက်ရတော့သည်။ ကလေးနှစ်ယောက်ကို ရွာသူရွာသားများက တစ်လှည့်စီ စောင့်ရှောက်ထားကြလေသည်။
ဘဝခြားသော်လည်း သက်ရှိစဉ်က ရန်ငြိုးက သေရာပါခဲ့သဖြင့် ခန္တာကိုယ်ထဲသို့ပူးဝင်ကာအသက်ထုတ်ယူသွားခဲ့ သည်။ ရန်ငြိုးသည် နှစ်ဦးနှစ်ဖက်အကျိုးပျက်စေကြောင်း သတိမူသင့်ပေသည်။ ယခုအခါမှာတော့ သပြေကုန်းရွာနှင့် ပေါက်ပင်ရွာသည် ရွာကြီးများဖြစ်နေလေပြီ။ ဇော်ဦးနှင့် ငထွန်းတို့၏ ခြောက်လှန့်သံလည်း မကြားရတော့ပေ။ မည်သည့် ဘဝသို့ ကူးပြောင်းသွားကြသည်ကိုလည်း မည်သူမျှ မသိနိုင်ပေ။ ငထွန်းနှင့် မလှထွေးတို့၏ သားဦးဖိုးအေးနှင့် သမီး ဒေါ်အေးမြင့်တို့သည်လည်းအိမ်ထောင်ကျကာ သားသမီးများရနေကြလေပြီ။ သို့ပါသော်လည်း ဦးဖိုးအေး၏စိတ်ထဲတွင် ဖခင်ကို သတ်ခဲ့သူသည် မိခင်မလှထွေးမဟုတ်ကြောင်း ကောင်းကောင်းကြီး သိနေပါသတည်း။
****************
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်
#lotaya_shortstory
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။