" သင်္ချိုင်းမှတ်တိုင် "
lotaya.mpt.com.mm
|
2019-09-20

နွေဦးရာသီအစမို့ စပိန်နိုင်ငံ ဗယ်လာဒိုလစ် ( VALLADOLID ) မြို့လေးက သာယာလှပနေသည်။ စပိန်နိုင်ငံတွင် နွေရာသီသည် ဇွန်လမှ သြဂုတ်လအထိသုံးလတာမျှသာရှိပြီး တစ်ခါတစ်ရံမှသာ စက်တင်ဘာလအထိ နွေရာသီ၏အရသာကို ခံစားနိုင်ပေသည်။

နွေဦးရာသီအစမို့ စပိန်နိုင်ငံ ဗယ်လာဒိုလစ် ( VALLADOLID ) မြို့လေးက သာယာလှပနေသည်။ စပိန်နိုင်ငံတွင် နွေရာသီသည် ဇွန်လမှ သြဂုတ်လအထိသုံးလတာမျှသာရှိပြီး တစ်ခါတစ်ရံမှသာ စက်တင်ဘာလအထိ နွေရာသီ၏အရသာကို ခံစားနိုင်ပေသည်။

“ ဘလန်ကို ဒီနေ့ ဘာအစီအစဉ်ရှိသလဲ ”

“ ထူးထူးခြားခြားတော့မရှိဘူးအာမန်ဒို။ မင်းမှာရော ဘာအစီအစဉ်ရှိသလဲ ”

“ မင်းမှာ ဘာမှလုပ်စရာမရှိရင် ဘတ်စကက်ဘော သွားကစားကြမယ် ”

“ မင်းနဲ့ငါ နှစ်ယောက်တည်းလား ”

“ ဟိုနှစ်ကောင်ကိုပါ ခေါ်မယ်လေ ”

“ ကားလို့စ်နဲ့ ဒယ်လ်မာလား ”

“ ဟုတ်တယ် ”

“ သူတို့ကို ဖုန်းအရင်ဆက်ကြည့်ပါလားအာမန်ဒို ”

“ ဆက်မနေတော့ဘူး ဘလန်ကို။ ဒီကောင်တွေ ဘယ်မှ မသွားလောက်ဘူး။ ငါတို့အခုသွားကြမလား ”

“ သွားလေ၊ ငါအဝတ်အစားလဲလိုက်ဦးမယ် ”

“ လဲမနေနဲ့တော့။ ငါလည်း ဒီအတိုင်းပဲသွားမှာ ”

“အိုကေလေ၊ သွားကြတာပေါ့ ”

ဘလန်ကိုနှင့်အာမန်ဒိုတို့နှစ်ယောက် ဘလန်ကို၏အိမ်ရှေ့တွင်ရပ်ထားသည့် Peugeot‎ ကားပေါ်သို့တက်ကာ ကားလို့စ်ထံသို့ ထွက်လာခဲ့ကြသည်။

*************

Peugeotအနီရောင်ကားလေးက VA-20အဝေးပြေးလမ်းမကြီးပေါ်တွင် တောင်ဘက်မှ မြောက်ဘက်သို့ တရိပ်ရိပ် ပြေးနေသည်။

“ ဘယ်သွားမလို့လဲ ဘလန်ကို ”

“အရက်သွားသောက်ကြမလို့လေ ”

“အရက်သောက်တာ ဘားမှာသောက်လည်းရတာပဲ။ မြို့ပြင်ကို ဘာဖြစ်လို့ ထွက်လာရတာလဲ ”

ကားနောက်ခန်းတွင်ထိုင်နေသည့် ဒယ်လ်မာကို ဘလန်ကိုက ကားနောက်ကြည့်မှန်မှတဆင့်လှမ်းကြည့်ပြီး ပြုံးရင်း ပြောလိုက်သည်။

“ သင်္ချိုင်းမှာ သွားသောက်မလို့ကွ ”

“ ဟား.....ဟား....။ မင်းကတော့ တစ်ခုမဟုတ် တစ်ခုခု ပေါက်ကရလုပ်မှ ပျော်တဲ့ကောင်ပါလား ဘလန်ကို ”

“ သင်္ချိုင်းမှာအရက်သောက်ရတာအေးချမ်းတယ်ကွ။ ဘားဆိုင်က လူရှုပ်တယ်။ ဟိုတစ်လောကလည်း ငါတို့တွေရန်ဖြစ် လို့အချုပ်ခန်းထဲရောက်တာ မှတ်မိတယ် မဟုတ်လား ”

“အဲဒါ ငါတို့ကို ပြဿနာရှာလို့ ဒယ်လ်မာက စပြီးထိုးလိုက်တာလေ ”

“ ငါတော့ မသွားချင်ဘူးကွာ။ ဘတ်စကက်ဘော ကစားထားတာ ညောင်းနေပြီကွ ”

“ ဒယ်လ်မာ၊ မင်းက တော်တာ် ပျော့ညံ့တဲ့ကောင်ပဲ။ ငါတို့တောင်ဘာမှမဖြစ်ဘူး။ မင်းမလိုက်ချင်လည်း နေခဲ့တော့ ”

“ ဒီနေရာက တက္ကစီဘယ်လိုစီးလို့ရတော့မှာလဲကွ။ မင်းရူးနေလား ဘလန်ကို ”

“ ဟား....ဟား.....။ လိုက်ခဲ့စမ်းပါ ဒယ်လ်မာရာ။ မနက်ဖြန် ကျောင်းလည်းတက်ရတာမှ မဟုတ်တာ ”

“ ကျောင်းမတက်ရပေမယ့် ငါ့မိဘတွေနဲ့ ဘုရားရှိခိုးဖို့ သွားရဦးမှာကွ ”

“ တော်စမ်းပါ ဒယ်လ်မာရာ။ ဘုရားကျောင်းမှာ မိန်းကလေးတွေ ပိုးပန်းဖို့သွားမယ်လို့ ပြောစမ်းပါ ”

“ ဟား...ဟား........ ”

“ ဘာရယ်တာလဲအာမန်ဒို ”

“ ဘလန်ကိုပြောတာ သဘောကျလို့ကွ။ သူပြောတာလည်း ဟုတ်နေတာကိုး ”

ဒယ်လ်မာက မည်သည့်စကားမှပြန်မပြောတော့ပဲအပြင်ဘက်သို့ငေးကြည့်ပြီး တိတ်ဆိတ်သွားလေသည်။

“ ဘယ်သင်္ချိုင်းကို သွားမလို့လဲ ဘလန်ကို ”

“ Carmen သင်္ချိုင်းကို သွားမယ်အာမန်ဒို။အဲဒီမှာက တိတ်ဆိတ်တယ်။ သာလည်း သာယာတယ် ”

“ မင်းကတော့လုပ်ပြီ။အဲဒီသင်္ချိုင်းက နာမည်ကျော်ကွ။အလောင်းပြင်ပေးတဲ့သူတောင် ထွက်ပြေးရတဲ့ သင်္ချိုင်း ”

“ ကြောက်လို့လား ဒယ်လ်မာ ”

“ ငါက ကြောက်တတ်တဲ့သူမဟုတ်ဘူးဆိုတာ မင်းလည်း သိသားပဲ ဘလန်ကို။ ဟိုသုံးကောင်ကိုသာ မေးကြည့် ”

“ ဟေ့ကောင်..ဒယ်လ်မာ။ မင်းလည်းမကြောက်တတ်သလို ငါတို့လည်း မကြောက်တတ်ဘူးကွ ”

ကားလို့စ်ပြောလိုက်သည့်စကားကိုအာမန်ဒိုကပါ ထောက်ခံလိုက်သည်။

“ ဟုတ်တယ်။ ကားလို့စ်ပြောတာ မှန်တယ်။ မင်းလည်း ယောက်ျား၊ ငါတို့လည်းယောက်ျား။ ဘာမှကြောက်စရာမလိုဘူး ဟေ့ကောင်။ နွားသိုးတိုင်း ဝှေ့တတ်ပါတယ်ကွ ”

“အေးပါကွာ၊ စောင့်ကြည့်တာပေါ့။ ညမိုးချုပ်တဲ့အထိသောက်ကြမယ် ဘလန်ကို ”

“ စိန်လိုက်လေ ဒယ်လ်မာ ”

“ ညအထိသောက်မနေနဲ့၊ သင်္ချိုင်းမှာ ညပါအိပ်မယ် ဟေ့ကောင်တွေရေ ”

“ ဟား....ဟား....ကြိုက်ပြီ ကားလို့စ်ရေ.... ”

***************

ညက တိတ်ဆိတ်နေလေပြီ။ သုသာန်အဝင် လမ်းမကြီးတစ်ဖက်တစ်ချက်တွင်အစီအရီရှိနေကြသည့် သစ်ပင်ကြီး များကအမှောင်ထုထဲတွင် ခြောက်ခြားဖွယ်ရာ ကောင်းနေပေသည်။ Carmen သုသာန်အတွင်း ထွန်းထားသည့် မီးတိုင်အချို့မှအလင်းရောင်က မီးတိုင်များအနီးတစ်ဝိုက်တွင်သာ ဖြန့်ကျက်ထားသဖြင့် ဘလန်ကိုတို့အရက်သောက်နေသည့် နေရာတွင် မှောင်မိုက်နေလေသည်။ သုသာန်အလယ်ရှိ Jose Zorrillaအထိမ်းအမှတ် ရုပ်တုကြီးက ထီးထီးမားမားဖြင့် ညဦးယံကိုအန်တုနေလေသည်။

“ $%#@ ”

“ ဟေ့ကောင်.......ဒယ်လ်မာ၊ ဘာဖြစ်နေတာလဲ ”

“ ဆဲနေတာလေ ”

“ ဘယ်သူ့ကို ဆဲနေတာလဲ ”

“ မင်းမတွေ့လိုက်ဘူးလား ”

“ ဘာကိုတွေ့လိုက်လို့လဲ ”

“ ဟိုအုတ်ဂူနားမှာ ဆံပင်ဖားလားနဲ့အဘွားကြီးတစ်ယောက် ရပ်ကြည့်နေတာ ”

“ ငါ မမြင်ပါဘူး ”

“ ဟုတ်တယ်၊ ငါလည်း မမြင်မိပါဘူး ”

ကားလို့စ်နှင့် ဘလန်ကိုက ဒယ်လ်မာကို နားမလည်သလိုကြည့်ရင်း ပြောလိုက်သည်။

“ မင်းတို့သာ မမြင်ရဘူးပြောနေ။ ဟိုနေရာကိုအသေအချာကြည့်ကြ ဟေ့ကောင်တွေ ”

ဒယ်လ်မာ လက်ညှိုးညွှန်ပြရာသို့ ဘလန်ကိုတို့ကြည့်လိုက်သည့်အခါအုတ်ဂူကို ကွယ်ပြီး ရပ်နေသည့် ဆံပင်ဖား လားချထားသည့်အမျိုးသမီးကြီးကို မြင်တွေ့လိုက်ကြလေသည်။

“ ဒီအချိန် ဒီနေရာမှာ လူတော့ မဟုတ်လောက်ဘူး ကားလို့စ်။ သရဲပဲနေမယ်။ သွားကြည့်မယ်ကွာ ”

“ သွားကြမယ် ”

“ ငါတို့လည်း လိုက်မယ် ”

အရှေ့မှ ဦးဆောင်သွားသည့် ဘလန်ကို၏အနောက်မှ ဒယ်လ်မာတို့ လိုက်သွားကြသည်။အုတ်ဂူအနီးသို့ရောက် လျှင် ဆံပင်ဖားလားချထားသည့်အမျိုးသမီးကြီးကို ထင်ထင်ရှားရှားမြင်တွေ့လိုက်ရသဖြင့် ရှေ့ဆုံးမှ ဘလန်ကိုတစ် ယောက် ခြေလှမ်းများ တုန့်ကနဲ ရပ်တန့်သွားသဖြင့်အနောက်မှကပ်လိုက်လာသည့် ဒယ်လ်မာတို့လည်း ချက်ချင်းရပ် လိုက်ကြသည်။အဖြူရောင်ဆံပင်များကို ဖားလားချထားပြီး ဂါဝန်အဖြူဝတ်ဆင်ထားသည့်အမျိုးသမီးကြီးသည်အသက် ခုနစ်ဆယ်ကျော်ခန့်ရှိမည့်အဘွားအိုတစ်ဦးဟု ယူဆရသည်။

“ ခင်ဗျား ဘယ်သူလဲ ”

ဘလန်ကိုကအမျိုးသမီးကိုမေးရင်းအနီးကပ်ဆုံးဖြစ်အောင် တဖြည်းဖြည်းချင်းတိုးကပ်သွားလေသည်။အမျိုးသမီး ကြီးနှင့် ခြေလှမ်းဆယ်လှမ်းအကွာသို့အရောက်တွင် ဘလန်ကိုတို့ မျက်လုံးပြူးပြီး ဆံပင်မွေးများ ထောင်ထသွားကြလေ တော့သည်။အမျိုးသမီးကြီး၏ မျက်လုံးများက ဟောက်ပက်ဖြစ်နေပြီး ပါးရည်နားရေများတွဲကျနေကာ ထိတ်လန့်စရာအသွင်ကို ဆောင်နေလေသည်။

“ ခင်ဗျား ဘယ်သူလဲလို့ မေးနေတယ် ”

ဘလန်ကိုမေးလိုက်သည့်အချိန်မှာပင်အမျိုးသမီးကြီးကအုတ်ဂူထဲသို့ တိုးဝင်ပြီးပျောက်ကွယ်သွားသဖြင့် ဘလန်ကို တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

“ ဘလန်ကို....အဲဒီအဘွာကြီးက သရဲပဲကွ။ တွေ့ကြသေးတာပေါ့ကွာ ”

ကားလို့စ်က ပြောပြောဆိုဆိုဖြင့်အမျိုးသမီးကြီး တိုးဝင်ပျောက်ကွယ်သွားသည့်အုတ်ဂူအနီးသို့သွားကာအသေအချာ ကြည့်လိုက်သည်။

MARIANELA

1908 – 1976

“ ဘလန်ကို......ဒီမှာ လာကြည့်စမ်း ”

“ ဘာလဲ ကားလို့စ် ”

“ MARIANELA တဲ့ကွ။ ၁၉၀၈ခုနှစ်မှာမွေးပြီး ၁၉၇၆မှာ ဆုံးသွားတာ ”

“ ဒါဆိုအဘွားကြီး သေတဲ့အချိန်မှာ ခြောက်ဆယ့်ရှစ်နှစ်ရှိနေပြီပေါ့ ”

“ ဟုတ်တယ်။အုတ်ဂူကလည်း ကြည့်မယ့်ဆွေမျိုးတွေမရှိတော့ဘူးထင်တယ်။ နာမည်ထိုးထားတာကလည်းအခြား သူတွေလိုမဟုတ်ဘူး။ ကျောက်ပြားနဲ့ကပ်ထားတာကွ။ သောက်အဘွားကြီး၊ ငါတို့ကိုများ လာခြောက်ရတယ်လို့ ”

ကားလို့စ်ကအုတ်ဂူကို ခြေထောက်ဖြင့် ဆောင့်ကန်လေသည်။

“ ဒီလောက် ခြောက်လှန့်ချင်တဲ့အဘွားကြီး။ သူ့နာမည်ကို ကလော်ထုတ်လိုက်ကွာ ”

“ လုပ်ကြမယ် ဟေ့ကောင်တွေ။ ဒါမှ ထပ်မခြောက်ရဲတော့မှာ ”

ဒယ်လ်မာနှင့်အာမန်ဒိုကလည်း ထောက်ခံကြသဖြင့် ကားလို့စ်ကအသင့်ပါလာသည့် ဓားမြှောင်လေးဖြင့် နာ မည်ကဗျည်းထိုးထားသည့် ကျောက်ပြားကို ခွာထုတ်လေတော့သည်။ ဓားမြှောင်အနှောင့်ဖြင့် ထုနှက်လိုက် ဓားဦးဖြင့် ထိုး ခွာလိုက်နှင့် ပြုလုပ်အပြီး မကြာခင်မှာပင် နာမည်ကဗျည်းထိုးထားသည့် ကျောက်ပြားချပ်လည်း ကွာသွားလေတော့သည်။

“ ကားလို့စ်၊ ငါ့ကိုအဲဒီကျောက်ပြားပေးစမ်းကွာ ”

“ ဘာလုပ်မလို့လဲအာမန်ဒို ”

“ ပေါက်ခွဲပြီး၊ သေးနဲ့ပန်းမလို့ ”

“ ကောင်းတယ်ကွ။ ငါတို့လေးယောက်စလုံး သေးနဲ့ပန်းကြမယ်။ ဟား...ဟား.... ”

အာမန်ဒိုက ကားလို့စ်လက်ထဲမှ နာမည်ရေးထိုးထားသည့် ကျောက်ပြားကို လှမ်းယူလိုက်ပြီး မြေကြီးပေါ်သို့ ကိုင်ပေါက်လိုက်သည်။

“ ခွမ်း....... ”

အားနှင့် လွှဲပေါက်လိုက်သော်လည်း ကျောက်ပြားက မကွဲသဖြင့်အာမန်ဒိုက ကျောက်ပြားကို ပြန်ကောက်ပြီး နောက်တစ်ကြိမ် ပေါက်ခွဲပြန်သည်။ ဒုတိယအကြိမ် ကိုင်ပေါက်သော်လည်း ကျောက်ပြားက ကွဲသွားခြင်းမရှိသည့်အတွက် တစ်ယောက်တစ်လဲ ကိုင်ပေါက်ကြပြန်သည်။ သို့သော်လည်း ကျောက်ပြားက ကွဲသွားခြင်းမရှိသည့်အတွက် လက်လျှော့ ကာ ကျောက်ပြားပေါ်သို့ လေးယောက်သား တန်းစီပြီးအပေါ့စွန့်ကြလေတော့သည်။

“ ပြန်ကြမလား ဘလန်ကို။ မနက် တစ်နာရီထိုးတော့မယ် ”

“ မင်းတို့ ဆက်သောက်ချင်ကြသေးလား ”

“ ငါတော့ မသောက်တော့ဘူး ”

“ ငါလည်းတော်ပြီ ဘလန်ကို ”

“ ငါလည်း မသောက်တော့ဘူးကွာ ”

အာမန်ဒိုတို့သုံးယောက်က ဆက်မသောက်ချင်တော့ကြောင်း ပြောလာကြသဖြင့် ဘလန်ကိုလည်း လက်လျှော့ လိုက်လေတော့သည်။

“ ဒါဆိုလည်း ပြန်ကြတာပေါ့ကွာ။ ကားဆီ သွားကြမယ် ”

***************

မနက်အိပ်ရာမှ နိုးသည့်အချိန်တွင် ဘလန်ကိုတစ်ယောက် ကိုယ်လက်များနာကျင်နေသည်။ နာရီကြည့်လိုက် သည့်အခါ မနက်ဆယ့်တစ်နာရီ ကျော်နေလေပြီ။ တစ်အိမ်လုံး တိတ်ဆိတ်နေသဖြင့် တနင်္ဂနွေနေ့မို့အိမ်သားအားလုံး ဘုရားကျောင်းသို့သွားကြကြောင်း ဘလန်ကို သဘောပေါက်လိုက်သည်။ မျက်နှာသစ်ရန်အတွက်အိပ်ရာမှ ထလိုက်ပြီး လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ စူးရှသည့် နေရောင်က မှန်ပြူတင်းပေါက်မှ တိုးဝင်လာသဖြင့် လိုက်ကာကို ပြန်ပိတ် လိုက်ပြီး ရေချိုးခန်းသို့ ထွက်လာခဲ့လေသည်။

“ ဟာ....ဘုရားသခင်..... ”

ရေချိုးခန်းထဲသို့ ဝင်ဝင်ချင်း လက်ဆေးဘေစင်ပေါ်မှ မှန်ကိုကြည့်လိုက်သည့်အခါ ခန္တာကိုယ်ပေါ်မှအညိုအမည်းစွဲ နေသည့်ဒဏ်ရာများကို မြင်တွေ့လိုက်ရသဖြင့် ဘလန်ကိုတစ်ယောက်အထိတ်တလန့်ဖြင့် ဘုရားတလိုက်လေသည်။ လည်ပင်းနှင့် ရင်ဘတ်ပေါ်ရှိအညိုအမည်းဒဏ်ရာများက ထိုးနှက်ရိုက်ပုတ်မှုကြောင့် ရရှိသည့် ဒဏ်ရာများနှင့်အလား သဏ္ဌာန်တူနေသည်။ ယမန်နေ့ညက သင်္ချိုင်းတွင်အရက်သွားသောက်ခဲ့စဉ်က ထိခိုက်ဒဏ်ရာရနိုင်သည့်အပြုအမူမျိုး လုံးဝမလုပ်ခဲ့ကြောင်း ဘလန်ကို သိပါသည်။ ထိုဒဏ်ရာများ မည်သို့မည်ပုံရခဲ့သည်ကိုလည်း စဉ်းစားမရသဖြင့် မျက်နှာအမြန်သစ်ကာ မနက်စာစားရန်အောက်ထပ် မီးဖိုဆောင်သို့ ဆင်းလာခဲ့လေတော့သည်။

****************

“ ဝုတ်...ဝုတ်...... ဂီး....... ”

“ ဟေ့ကောင်...မက်စ်....ဘာဖြစ်နေတာလဲ ”

သွားဖြီးကာ မာန်ဖီနေသည့် ဂျာမန်ခွေးကြီး မက်စ်အားအာမန်ဒိုက တအံ့တသြကြည့်ပြီး ပြောလိုက်သည်။ မက်စ် သည်အာမန်ဒိုမွေးမြူထားသည့် ခွေးတစ်ကောင်ဖြစ်ပြီး သခင်ကိုလည်းအလွန်သိတတ်သည်။ ထွားကြိုင်းသန်မာလွန်းပြီး ဒေါသကြီးလွန်းသည့် မက်စ်သည်အာမန်ဒို၏ကိုယ်ပေါ်ရောက်လျှင်အရုပ်တစ်ရုပ်လိုဖြစ်သွားတတ်သည်။ ယခုအခါ မက်စ်က မာန်ဖီပြီး ထိုးဟောင်နေသဖြင့်အာမန်ဒို စဉ်းစားမရဖြစ်နေမိသည်။

“ မား.....၊ မား.... ”

“ ဆယ်လီနာ.......ဆယ်လီနာ.... ”

“ ဘာလဲအာမန်ဒို၊ မာမီမရှိဘူး ”

အာမန်ဒို၏အစ်မဖြစ်သူ ဆယ်လီနာက လျှော်ဖွတ်မည့်အဝတ်အစားများကို ယူလာရင်းအာမန်ဒိုကို မေးလိုက် သည်။

“ မက်စ်ကိုအစာကျွေးပြီးပြီလား ”

“ ကျွေးပြီးပြီလေ၊ ဘာဖြစ်လို့လဲ ”

“ ဒီကောင်ဘယ်လိုဖြစ်နေသလဲ မသိဘူး။ ငါ့ကို မာန်ဖီနေတယ် ”

“ နင်က ဘာသွားလုပ်ထားသလဲမှ မသိတာ ”

“ ဘာမှ မလုပ်ပါဘူးဟ။ မနေ့က တစ်နေ့လုံးအပြင်ရောက်နေတာလေ။ မနေ့မနက်အထိအကောင်းပါ ”

“ ညက နင့်အခန်းထဲ လာမအိပ်ဘူးလား ”

“ ငါမနက်နှစ်နာရီပြန်ရောက်တော့ မက်စ်ကို မတွေ့ဘူး။ ဘယ်မှာ သွားအိပ်သလဲ မသိဘူး ”

“ နင့်အခန်းမှာအတူမအိပ်ရလို့ စိတ်ဆိုးနေတာ နေမှာပေါ့။ ဒါမှမဟုတ် သူနဲ့လမ်းထွက်မလျှောက်လို့လည် ဖြစ်နိုင်တာပဲ။ သူ့ကို ချော့လိုက်ပါ ”

“ ဖြစ်နိုင်တယ်။ လာ....လာ...မက်စ် ”

“ ဂီး........ဂီး........... ”

အစွယ်တဖွေးဖွေး သွားရည်တမြားမြားနှင့် ရန်လိုပြီး မာန်ဖီနေသည့် မက်စ်အနီးသို့အာမန်ဒိုအသာကပ်သွားချိန် တွင် မက်စ်ကအာမန်ဒိုကို မာန်ဖီရင်းအနောက်သို့ တဖြည်းဖြည်းချင်း ဆုတ်သွားလေသည်။

“ စိတ်မဆိုးပါနဲ့ကွ။ ဘယ်လိုဖြစ်ရတာလဲ။ ငါ့ဆီလာစမ်းပါဦး။ လမ်းထွက်လျှောက်မယ်လေ ”

“ ဂီး............ ”

မက်စ်၏ဦးခေါင်းအားအာမန်ဒို လှမ်းကိုင်လိုက်သည့်အချိန်တွင် မက်စ်ကအာမန်ဒို၏လည်မြိုကို ခုန်ဟပ်ပြီး မလွှတ်စတမ်း ခဲထားလေတော့သည်။

“အား.....ကယ်ပါဦး....။ ဆယ်လီနာ....ဆယ်လီနာ...... ”

“ ဟေ့....ဟေ့........ရှုး...ရှုး....... ”

အာမန်ဒို၏အစ်မ ဆယ်လီနာကအဝတ်များကို ပစ်ချပြီး မက်စ်ကို မောင်းထုတ်သော်လည်း ခန္တာကိုယ် ထွားကြိုင်း လှသည့်မက်စ်ကအာမန်ဒို၏လည်မြိုကိုခဲကာ ဆွဲခါနေလေသည်။ ရော့တ်ဝီလာ ( Rottweiler )ဂျာမန် ခွေးအမျိုးအစား၏အစွယ်များကအာမန်ဒို၏ လည်မြိုထဲသို့ ထိုးဖောက်ဝင်ရောက်နေကြလေပြီ။ သွေးများဒလဟောထွက်ကာ တဆတ်ဆတ် တုန်နေသည့်အာမန်ဒိုကိုကြည့်ပြီး ဆယ်လီနာလည်းအိမ်နီးနားခြင်းများကိုအော်ဟစ်အကူအညီတောင်းရလေတော့ သည်။

အိမ်နီးနားခြင်းများ ရောက်လာသည့်အခါတွင် မက်စ်ကို ဝိုင်းဆွဲသော်လည်းအာမန်ဒို၏လည်မြိုကို မလွှတ်စတမ်း ကိုက်ခဲပြီး ဆွဲခါနေသဖြင့်အိမ်နီးနားချင်းတစ်ဦးမှ သေနတ်ပြေးယူကာ ပစ်သတ်လိုက်ရတော့သည်။အာမန်ဒိုအား ဆေးရုံသို့အချိန်မီပို့သော်လည်း လမ်းခုလပ်မှာပင်အသက်ဆုံးရှုံးသွားခဲ့လေသည်။

***************

အာမန်ဒို သေဆုံးရခြင်းအတွက် စိတ်မကောင်းသဖြင့် ကားလို့စ်တစ်ယောက် ညစာစားပြီးနောက် စိတ်ပြေလက် ပျောက်အဖြစ်အခန်းထဲတွင် ဂိမ်းကစားနေသည်။အောက်ထပ်တွင် ညီမနှစ်ယောက် စကားများနေကြသည့်အသံကအ ပေါ်ထပ်ခိုးတွင် နေထိုင်သည့် ကားလို့စ်၏အခန်းထဲမှအတိုင်းသားကြားနေရသည်။ တံခါးဆောင့်ပိတ်သံ၊ ရန်ဖြစ်သံများ ဆူညံနေသဖြင့် ဂိမ်းကစားရသည်မှာအဆင်မပြေတော့ပေ။ ထို့ကြောင့်အိမ်အောက်ထပ်သို့ ဆင်းလာခဲ့ပြီး Parque de Canterac ပန်းခြံဘက်သို့ ထွက်လာခဲ့လေသည်။ ညနေ ခုနစ်နာရီဆိုသော်လည်းအလင်းရောင်ရှိနေသေးသည်။ သို့သော် လည်း လူသွားလူလာ ပြတ်နေလေပြီ။ ပန်းခြံထဲရှိ သစ်သားခုံပေါ်တွင်ထိုင်ရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုနေမိသည်။ ထိုအချိန်မှာပင် လက်ကိုင်ဖုန်းခေါ်ဆိုသံကြားလိုက်သဖြင့် ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်ကာ ကြည့်လိုက် သည်။ ဘလန်ကို ခေါ်ဆိုသည့် ဖုန်းဖြစ်နေသဖြင့် လက်ခံဖြေဆိုလိုက်လေသည်။

“ ဘလန်ကို.....ဘာကိစ္စရှိလို့လဲ ”

“ မင်းအခု ဘယ်မှာလဲ ကားလို့စ် ”

“ ငါ Parque de Canterac ပန်းခြံထဲမှာထိုင်နေတယ်။အရေးကြီးလို့လား ”

“အရေးကြီးတယ် ကားလို့စ် ”

“ ဘာတွေဖြစ်ပြန်ပြီလဲ ”

“ ငါ့ကိုယ်ပေါ်မှာအညိုအမည်းတွေဖြစ်ပြီးအခုအနာတွေဖြစ်လာတယ် ”

“ ဘုရားရေ၊ ဘယ်လိုဖြစ်ရတာလဲ ”

“ ငါလည်း မသိဘူး ကားလို့စ် ”

“ ဆေးရုံသွားပြီး ပြကြည့်ပါလား ”

“ မသွားရဲဘူး ကားလို့စ်၊ ငါ့တစ်ကိုယ်လုံးမှာအနာတွေဖြစ်နေပြီ ”

“ မင်းအခုအိမ်မှာပဲလား ”

“ ဟုတ်တယ်ကားလို့စ်။ ငါ့ဆီလာခဲ့ပါလား ”

“ မနက်ဖြန်မှလာတော့မယ်ကွာ ”

“ မနက်ဖြန်တော့ ဆက်ဆက်လာကွာ ”

“ ဆေးရုံသွားလိုက် ဘလန်ကို ”

“အေးပါကွာ ”

ဘလန်ကို ဖုန်းချသွားသဖြင့် ဖုန်းကို ဘောင်းဘီအိတ်ထဲပြန်ထည့်ပြီး ထိုင်ခုံပေါ်တွင် ဆက်ထိုင်နေလိုက်သည်။ ညီအစ်မနှစ်ယောက် ရန်ဖြစ်လျှင် တော်ရုံနှင့်မပြီး။ ပစ္စည်းများပေါက်ခွဲခြင်း၊အော်ဟစ်ဆဲဆိုခြင်းများလုပ်တတ်သဖြင့် ရန်ပွဲပြီးနိုင်လောက်မည့် ညဆယ်နာရီလောက်မှအိမ်သို့ပြန်မည်ဟု ဆုံးဖြတ်လိုက်သော်လည်း လူသွားလူလာပြတ် နေသဖြင့်အိမ်သို့ပြန်ရန် ထိုနေရာမှ ထွက်လာခဲ့လေတော့သည်။

**************

ညနေက ဘီယာအသောက်များသွားသဖြင့် ဆီးသွားချင်လာသောကြောင့် ဒယ်လ်မာတစ်ယောက်အိပ်မောကျ နေရာမှ နိုးလာခဲ့သည်။အိမ်မှုန်စုံမွှားဖြင့်အိပ်ရာပေါ်မှ ထလိုက်သည့်အခါအခန်းထောင့်၌ ရပ်နေသည့်အရာတစ်ခုကို ညအိပ်မီးရောင်အောက်တွင် မြင်လိုက်သဖြင့် မျက်လုံးကိုပွတ်သပ်ပြီး ထိုအရာကိုအသေအချာကြည့်လိုက်မိသည်။

“Dios mío...”

ဂါဝန်အဖြူဖားဖား၊ ဆံပင်ဖြူဖားလားချထားပြီး မျက်တွင်းဟောက်ပက်နှင့် တစ္ဆေအဘွားကြီးကို မြင်လိုက်ရသည့်အခိုက် ထိတ်လန့်ပြီး စပိန်ဘာသာစကားဖြင့် ဘုရားတလိုက်လေသည်။ တစ္ဆေ၏မျက်လုံးများက မျက်ဆံဟူ၍ မရှိဘဲ မျက်တွင်းဟောက် ပက်ဖြစ်နေသည့်အပြင်အရိုးများကလည်း ငေါထွက်နေသည်။

ဒယ်လ်မာက ကြောက်ကြောက်လန့်လန့်ဖြင့်အခန်မီးကို ပြေးဖွင့်လိုက်သည့်အခါ တစ္ဆေအဘွားကြီးလည်း ရုတ် ချည်း ပျောက်ကွယ်သွားလေတော့သည်။ ဒယ်မာလည်းအပေါ့သွားချင်လာသဖြင့် သန့်စင်ခန်းထဲသို့အမြန်ဝင်ပြီးအပေါ့ သွားလေသည်။ ထိုအချိန်မှာပင် လက်ဆေးဘေစင်အပေါ်မှ ကြည့်မှန်ကို တစ်စုံတစ်ရာဖြင့် ရေးခြစ်နေသည့်အသံကို ကြား သဖြင့် မှန်ကိုလှမ်းကြည့်လိုက်သည့်အခါ သွားတိုက်ဆေးဘူးက လေထဲတွင်မြောက်တက်နေပြီး ကြည့်မှန်ပေါ်သို့ သွား တိုက်ဆေးဖြင့် ရေးခြစ်နေသည်ကို မြင်တွေ့လိုက်ရလေတော့သည်။

MARIANELA

Te mato

ကြည့်မှန်ပေါ်တွင် ရေးခြစ်ထားသည့်အမည်ကို မြင်တွေ့လိုက်သည်နှင့်အပေါ့သွားနေခြင်းကို ချက်ချင်းရပ်လိုက်ပြီး သန့်စင်ခန်းထဲမှ ထွက်ပြေးရန် တံခါးကိုဆွဲဖွင့်လိုက်သည်။ သို့သော်လည်း တံခါးက ပွင့်မလာခဲ့ပေ။ ဒယ်လ်မာ၏နားထင်မှ ချွေးသီးများ စီးကျလာနေလေပြီ။ ထိုစဉ် သန့်စင်ခန်းနံရံကို ကုတ်ခြစ်သည့်အသံနှင့်အတူ တစ္ဆေအဘွားကြီး၏ ရုပ်သဏ္ဌာန် ကလည်း တဖြည်းဖြည်းပေါ်လာခဲ့လေပြီ။ သန့်စင်ခန်းအမိုးပေါ်မှ ဇောက်ထိုးအနေအထားဖြစ်နေသည့် တစ္ဆေအဘွား ကြီးကို ကြည့်ကာအသံကုန်အော်ဟစ်အကူအညီတောင်းရင်း သန့်စင်ခန်းတံခါးကို ထုနှက်လေတော့သည်။

“ ဒယ်လ်မာ.......ဒယ်လ်မာ။ ဘာဖြစ်တာလဲ ”

ဒယ်လ်မာအော်ဟစ်ပြီး သန့်စင်ခန်းတံခါးကိုအားကုန် ထုနှက်နေသဖြင့်အိမ်သားများနိုးလာပြီး သန့်စင်ခန်းတံခါးကို ဆွဲဖွင့်လိုက်သည့်အခါမှ တံခါးပွင့်သွားပြီး တစ္ဆေအဘွားကြီးလည်းပျောက်ကွယ်သွားလေသည်။

“ တစ္ဆေ....တစ္ဆေခြောက်လို့ ”

“ နောက်စရာမဟုတ်ဘူး ဒယ်လ်မာ။ နင်ဆေးချထားသလား၊ ဒါမှမဟုတ်ရင်အရက်အလွန်အကျွံသောက်ထားသလား ”

“ ငါ...ငါ ဆေးလည်းမချဘူး၊အရက်လည်းသောက်မထားဘူး။ ညနေက ဘီယာပဲသောက်တယ် ”

“ နင်ရူးနေလား။ ဒီအိမ်မှာ ဘာတစ္ဆေမှမရှိဘူး ”

“ ရှိတယ်......နင်တို့မသိဘူး။ ဟို...ဟိုမှာကြည့်။ မှန်....မှန်ပေါ်မှာ ရေးထားတာ ”

“အို....... ”

ကြည့်မှန်ပေါ်တွင် သွားတိုက်ဆေးဖြင့် မာရီယာနယ်လာဆိုသည့်အမည်နှင့်အတူ မင်းကို ငါသတ်မယ်ဟုအဓိပ္ပါယ် ရသည့် စပိန်စာဖြင့် ရေးသားထားသည့်စာကို မြင်လိုက်ရသဖြင့် ဒယ်လ်မာ၏အစ်မနှင့် ညီမဖြစ်သူတို့ မျက်လုံးပြူးသွား ကြသည်။

“ နင်ရေးတာမဟုတ်လား ဒယ်လ်မာ ”

“ ငါ...ငါရေးတာမဟုတ်ဘူး၊အဲဒါ တစ္ဆေအဘွားကြီးရေးတာ။ ငါကျိန်ပြောရဲပါတယ် ”

“ နင် ကောင်းကောင်းအနားယူလိုက် ဒယ်လ်မာ ”

“ ငါပြောရင် နင်တို့ယုံမှာမဟုတ်ဘူး။ ငါ...ငါပြောပြမယ် ”

ဒယ်လ်မာက ဘလန်ကိုတို့နှင့်အတူ သင်္ချိုင်းတွင်အရက်သွားသောက်ကြသည့်အကြောင်းနှင့် သင်္ချိုင်းတွင် ကြုံ တွေ့ခဲ့ရသည့်အကြောင်းကို မချွင်းမချန်ပြောပြလိုက်သည့်အခါ ညီအစ်မနှစ်ယောက်စလုံး ပါစပ်ကို လက်ဖြင့်အုပ်၍အထိတ်တလန်ံဖြစ်ကုန်ကြသည်။

“ နင်တို့ ဘာဖြစ်လို့အဲဒီလိုလုပ်ရတာလဲ ဒယ်လ်မာ။ သေသူတွေရဲ့ ဝိညာဉ်ကို မနှောက်ယှက်ရဘူး။ နင်တို့လုပ်လို့ ဟိုက ပြန်လုပ်တာပေါ့။ ဒီညအိပ်လိုက်ဦး။ မနက်ကျမှ ဘုန်းတော်ကြီးဆီသွားပြီး ရေစင်ဖြန်းလိုက် ”

“ ငါ...ငါ မအိပ်ရဲတော့ဘူး ကမီလာ ”

“ မအိပ်ရဲရင်လည်း တီဗီထိုင်ကြည့်ဟာ။ ငါတို့အိပ်တော့မယ် ”

အစ်မနှင့် ညီမတို့ထွက်သွားလျှင် ဒယ်လ်မာလည်းအိမ်အောက်ထပ် ဧည့်ခန်းသို့ဆင်းလာခဲ့ပြီး တီဗီဖွင့်ကြည့်နေ လိုက်သည်။ တီဗီကြည့်ရင်း ကျောမလုံသလို ခံစားရသဖြင့်အနောက်သို့ မကြာခဏလှည့်ကြရသည်ကလည်းအလုပ် တစ်ခုလိုဖြစ်နေသည်။ မပြုလုပ်သင့်သည့်အရာကို ပြုလုပ်ခဲ့မသိည့အမှားအတွက် နောင်တရမိသော်လည်း ယခုအချိန်တွင် မည်သို့မျှ မတတ်နိုင်တော့ပါ။ မနက်မိုးလင်းမည့်အချိန်ကိုသာ ထိုင်စောင့်နေရုံမှတစ်ပါးအခြားမရှိတော့ပေ။

“ ကျွီ..............ဒုန်း....... ”

“ ဝိုး....ဘုရားသခင် ကယ်တော်မူပါ ”

တီဗီကြည့်နေစဉ် နံဘေးတွင်ရှိသည့် နှစ်ယောက်ထိုင်ဆိုဖာကြီးကအလိုလိုရွေ့သွားပြီး နံရံနှင့်တိုက်ကာ ငြိမ်သက် သွားသဖြင့် ဒယ်လ်မာအလန့်တကြား ဘုရားတလိုက်မိသည်။ ထိုအချိန်မှာပင် မီးများက တဖျပ်ဖျပ်နှင့် ပွင့်ချည် ပိတ်ချည် ဖြစ်နေကြလေပြီ။

“ ဖောင်း.......ခွမ်း......၊ ဖောင်း.... ”

နံရံကပ်မီးလုံးများ တစ်လုံးပြီးတစ်လုံးပေါက်ကွဲကုန်သဖြင့် ဒယ်လ်မာလည်း မနေရဲတော့ဘဲအိမ်အပြင်ဘက်သို့ ထွက်ပြေးဖို့ ပြင်လိုက်သည်။ ထိုစဉ် ခန္တာကိုယ်က ပက်လက်အနေအထားဖြင့် လေထဲသို့ မြောက်တက်သွားပြီးအပေါ် နံရံနှင့် ကပ်လုနီးပါးအထိ ရောက်သွားလေသည်။

“ ကမီလာ.....ဘရီဆာ....ငါ့ကို ကယ်ကြပါဦး..... ”

“ ကျွီ........... ”

အိမ်ရှေ့တံခါးမကြီးကအလိုလိုပွင့်သွားပြီး တံခါဝတွင် ဆံပင်ဖားလားချထားသည့် တစ္ဆေအဘွားကြီးကို မြင်တွေ့လိုက်ရသည်။

“ ကမီလာ.....ဘရီဆာ....။ ကယ်ကြပါဦး.... ”

“ ဝုန်း......... ”

အမြင့်မှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသည့်အရှိန်ကြောင့် ဒယ်လ်မာတစ်ယောက် မထနိုင်တော့ပေ။ ဒယ်လ်မာ၏အော်သံကြောင့် ကမီလာနှင့် ဘရီဆာတို့လည်းအိပ်ပျော်နေရာမှ နိုးလာပြီးအိမ်ပေါ်ထပ်မှပြေး ဆင်းလာကြသည်။

“အိုး...ဘုရားသခင် ”

ကမီလာနှင့် ဘရီဆာတို့နှစ်ယောက် ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် ဒယ်လ်မာဆီသို့ ပြေးဆင်းလာသည့်အချိန် မှာပင် ဒယ်လ်မာတစ်ယောက်လေထဲသို့မြောက်တက်သွားပြီး ခွန်အားကြီးမားသည့် တစ်စုံတစ်ယောက်က ကိုင်ပေါက်လိုက် သကဲ့သို့ လွင့်စင်သွားပြီး နံရံနှင့် ရိုက်မိကာ ပြုတ်ကျသွားလေသည်။

“ က..ကမီလာ....၊ ရဲ...ရဲကို မြန်မြန်ခေါ်...မြန်မြန်ခေါ် ”

ကမီလာက ဒယ်လ်မာကို ပြေးပွေ့ရင်း ညီမဖြစ်သူ ဘရီဆာအား တုန်ရင်သောအသံဖြင့် လှမ်းပြောလိုက်သည်။

“ ဒယ်လ်မာ.......ဒယ်လ်မာ ”

နှာခေါင်းနှင့်ပါးစပ်မှ သွေးများစီးကျနေပြီး ဇက်ကျိုးကျနေသည့် ဒယ်လ်မာတစ်ယောက် လူ့လောကထဲမှအပြီးအပိုင် ထွက်ခွာသွားခဲ့လေပြီ။

***************

“ ဘလန်ကို..... ”

“ ပြောပါ ကားလို့စ် ”

“ ဒယ်လ်မာရဲ့အသုဘကို သွားကြရအောင် ”

“ ငါ နေမကောင်းဘူး ကားလို့စ်။ မင်းပဲ သွားလိုက်ပါ ”

“ ဒယ်လ်မာ ဘယ်လိုသေတယ်ဆိုတာ မင်းသိပြီးပြီလား ”

“ ငါ ကြားပြီးပြီ ”

“ ဟိုတစ္ဆေမကြီးက ငါတို့ကိုအသေသတ်တော့မယ်နဲ့တူတယ်။ မင်းနဲ့ ငါ နှစ်ယောက်ပဲကျန်တော့တယ် ဘလန်ကို ”

ကားလို့စ်ပြောလိုက်သည့်စကားကြောင့် ဘလန်ကို ကျောချမ်းသွားသည်။ ဒယ်လ်မာ သေဆုံးရသည့်အ ကြောင်းရင်းကို ကြားပြီးကတည်းက ဘလန်ကို သေရမှာ ကြောက်ရွံ့လာခဲ့သည်။ ဒယ်လ်မာ သေဆုံးမှုသည် သဘာဝ လွန်ဖြစ်ရပ်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သော်လည်း ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ်အမှုဖွင့်ပြီး စစ်ဆေးနေသည်။ ဒယ်လ် မာ၏အစ်မနှင့် ညီမတို့ပြောပြချက်များက သာမန်အားဖြင့် ယုံကြည်စရာမရှိသော်လည်း ဘလန်ကိုအနေဖြင့် ဒယ်လ်မာ သေဆုံးရခြင်းသည် တစ္ဆေမကြီး၏လက်ချက်သာဖြစ်ကြောင်းအကြွင်းမဲ့ ယုံကြည်ထားသည်။အဘယ့်ကြောင့် ဆိုသော် ခန္တာကိုယ်ပေါ်မှအနာများက ညိုမည်းပြီး ပြည်တရွှဲရွှဲဖြစ်နေလေပြီ။

“ ဟုတ်ချင်မှလည်း ဟုတ်မှာပါကွာ။ သူ့အစ်မနဲ့ ညီမတို့ ပေါင်းကြံပြီး သတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ”

ကားလို့စ်ကို စိတ်သက်သာရာရစေရန် ပြောရသော်လည်း ဘလန်ကို ကိုယ်တိုင်က ကြောက်ရွံ့နေမိသည်။

“ မင်းမသွားရင် ငါလည်း မသွားတော့ဘူး ဘလန်ကို။ ငါ လန့်နေပြီ။ ဘယ်မှမထွက်ဘဲအိမ်မှာပဲ နေတော့မယ် ”

“အဲဒါအကောင်းဆုံးပေါ့ကွာ ”

“အိုကေ ဘလန်ကို။ adiós ( Good Bye ) ”

“adiós ”

ကားလို့စ်ဖုန်းချသွားသည်နှင့် ရေခဲသေတ္တာထဲမှ ရေဘူးကိုထုတ်ကာအားရပါးရမော့သောက်ပြီးအခန်းထဲသို့ပြန် ရင် ပြင်လိုက်စဉ် ဗိုက်ထဲမှအောင့်ပြီး ပြို့တက်လာလေသည်။ ပြို့အန်ချင်စိတ်က မခံမရပ်နိုင်လောက်ဖြစ်လာသဖြင့် သန့်စင်ခန်းထဲသို့ပြေးဝင်ပြီးအိမ်သာကမုတ်ထဲသို့အန်ချလိုက်လေတော့သည်။

“ ဝေါ့............ဝေါ့........ ”

“အား...ကယ်ကြပါဦး....ဘုရားသခင် ကယ်တော်မူပါ ”

ပါးစပ်နှင့် နှာခေါင်းပေါက်ထဲမှထွက်လာသည့် လောက်များကအိမ်သာကမုတ်ထဲတွင် လှုပ်လှုပ်ယွယွနှင့် ပြည့် နှက်နေသည်ကို မြင်တွေ့လိုက်ရသည့်အခိုက် ဘလန်ကိုတစ်ယောက် သွေးရူးသွေးတန်းဖြင့် သန့်စင်ခန်းမှ ထွက်ပြေးကာအော်ဟစ်နေလေသည်။ ဘလန်ကိုအော်ဟစ်လိုက်တိုင်း နှာခေါင်းနှင့် ပါးစပ်ထဲမှ လောက်ကောင်များ ထွက်လာနေကြ သည်။ ထိုအချိန်မှာပင် ဘလန်ကို၏မိခင်နှင့် ညီဖြစ်သူတို့အပြေးအလွှားရောက်လာကြပြီး ဘလန်ကို၏အဖြစ်ကို မြင် တွေ့လိုက်ရသည့်အခိုက် ထိတ်လန့်သွားကြလေတော့သည်။

“ ဖာဒီ.......ဆေး...ဆေးရုံကားအမြန်ခေါ်.....အမြန်ခေါ် ”

“ ဟုတ်ကဲ့ မာမီ ”

***************

ဘလန်ကို ဆေးရုံတင်လိုက်ရကြောင်း သတင်းကြားပြီးကတည်းက ကားလို့စ်တစ်ယောက် နေမရထိုင်မရ ဖြစ်နေလေ သည်။ စိတ်ပေါ့ပါးသွားစေရန်အတွက် ရေစိမ်ပြီးချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။ ရေချိုးခန်းထဲသို့ရောက်သည့်အခါ ရေဖြည့်ထားသည့် ရေချိုးဇလုံ Bathtub ထဲသို့ဝင်စိမ်နေလိုက်သည်။ မျက်လုံးကို စုံမှိတ်ကာအေးမြသည့် ရေထဲတွင် စိမ်နေရင်း ကိုယ်ပေါ်သို့တစ်စုံတစ်ယောက်ဖိထားသလိုခံစားလိုက်ရသဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ......

“ ဘုရားသခင်....ကယ်တော်မူပါ ။ ကယ်ကြပါ....ကယ်ကြပါ ”

ဖွေးဖြူနေသည့်ဆံပင်များကို ဖားလားချထားပြီး မျက်လုံးဟောက်ပက်နှင့် ကြောက်စရာကောင်းသည့် တစ္ဆေအဘွား ကြီးက ဗိုက်ပေါ်သို့ တက်ရပ်နေသည်ကို မြင်လိုက်သဖြင့် ရေချိုးဇလုံထဲမှ ထပြေးရန်ပြင်လိုက်သော်လည်း နောက်ကျသွား ခဲ့လေပြီ။အကြောအပြိုင်းပြိုင်းထနေသည့် လက်နှစ်ဖက်က ကားလို့စ်၏ လည်ပင်းကို ဖြစ်ညှစ်ပြီး ရေထဲသို့ ဖိနှစ်ထားသဖြင့် ကားလို့စ်တစ်ယောက် ရေမွန်းကာ ရုန်းကန်နေသည်။ လည်ပင်းကို ဖြစ်ညှစ်ထားသည့် တစ္ဆေအဖွားကြီး၏လက်ကို ဆုပ် ကိုင်သော်လည်း ဆုပ်ကိုင်၍မရသဖြင့် ရေချိုးဇလုံပေါင်ကိုအားပြုကာ ကုန်းရုန်းထနေလေသည်။ ထိုအချိန်မှာပင် ကားလို့စ် ၏ မိခင်က ရေချိုးခန်းထဲသို့အပြေးဝင်လာသည်။ ရေချိုးဇလုံထဲတွင် ရေမွန်းနေသည့် ကားလို့စ်ကို မြင်လိုက်သဖြင့် ကယ် တင်ရန် ကြိုးစားစဉ် မမြင်ရသည့်အရာတစ်ခုက ရင်ဘတ်ကို ဆောင့်တွန်းလိုက်သည့်အတွက် နောက်သို့ လွင့်ထွက်သွား

ပြီး ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်လျက် လဲကျသွားလေတော့သည်။

ရေချိုးဇလုံထဲတွင် ရုန်းကန်နေသည့် ကားလို့စ်၏အပေါ်မှအဖြူရောင်အရိပ်ကြီးကို မြင်လိုက်သည့်အခိုက် ကားလို့စ် ၏ မိခင်လည်း ကြောက်အားလန့်အားဖြင့် ထွက်ပြေးကာ ရဲစခန်းသို့ ဖုန်းခေါ်လေတော့သည်။ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာ သည့်အခါမှာတော့ ရေချိုးဇလုံထဲတွင်အသက်ပျောက်နေသည့် ကားလို့စ်ကို မြင်တွေ့လိုက်ရလေတော့သည်။ ကားလို့စ်၏ မိခင်ပြောသမျှကို မှတ်ချက်ယူနေသော်လည်း ရဲတပ်ဖွဲ့ဝင်များကအယုံအကြည်မရှိကြပေ။

**************

“ ဒေါက်တာ.....ကျွန်မရဲ့သားက ဘာဖြစ်တာလဲဟင် ”

“ ဓါတ်မှန်ရိုက်တာ၊အူလမ်းကြောင်းကိုစစ်ဆေးတာတွေလုပ်ပြီးပါပြီ။ လောလောဆယ်တော့ ဘာရောဂါမှ ရှာလို့ မတွေ့ သေးပါဘူး။ ကျွန်တော်တို့ ကြိုးစားနေပါတယ်။အခုတော့အရေပြားကအနာတွေကို သက်သာအောင် သောက်ဆေး ပေးထားပါတယ်။ သက်သာသွားမှာပါ။ သိပ်လည်း မစိုးရိမ်ပါနဲ့ ”

“ ဟုတ်ကဲ့ ဒေါက်တာ ”

ဆရာဝန်၏ ဖြေရှင်းချက်ကို ဘလန်ကို၏မိခင်က မကျေနပ်သော်လည်းအသာငြိမ်နေလိုက်သည်။ ဘလန်ကို၏ ပြောပြချက်အရ သားဖြစ်သူ ရင်ဆိုင်နေရသည့် ပြဿနာသည် ရောဂါကြောင့်မဟုတ်ကြောင်း သဘောပေါက်သဖြင့် ဘုန်းတော်ကြီးတစ်ပါးပါးနှင့်တိုင်ပင်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

“ သက်သာတယ်ဆိုရင် ဆေးရုံက ဆင်းခွင့်ပြုပါ ဒေါက်တာ ”

“ ဒါက ကျွန်တော် ဆုံးဖြတ်လို့မရဘူးဗျ။ ဆေးရုံအုပ်ကြီး ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ဆေးရုံအုပ်ကြီးနဲ့ တိုင်ပင်ကြည့်ပါ ”

“ ကျွန်မအခုပဲ သွားတွေ့ပါ့မယ်။ ကျေးဇူးတင်ပါတယ် ဒေါက်တာ ”

*****************

ဆေးရုံမှဆင်းပြီး နောက်တစ်ရက်ညရှစ်နာရီခန့်တွင် ဘလန်ကိုတို့၏နေအိမ်သို့ Church of San Miguel and San Julián ဘုရားကျောင်းမှ ဘုန်းတော်ကြီးအလန်ဇို ရောက်ရှိလာခဲ့သည်။ ဘုန်းတော်ကြီးက ဘလန်ကိုတို့၏ နေအိမ် ထဲကို စပြီး ဝင်ကတည်းက တအိမ်လုံးကို စေ့စပ်စပ်ကြည့်ပြီး ခေါင်းတညိမ့်ညိမ့် လုပ်နေလေသည်။

“ ဘာ်ကနေ ဘယ်လိုစဖြစ်တယ်ဆိုတာ ပြောပြလို့ရမလား ဘလန်ကို ”

“ ပြောပြပါ့မယ် ဖာသာ ”

ဘလန်ကိုက ကားလို့စ်တို့နှင့်အတူ သင်္ချိုင်းတွင်အရက်သောက်ကြရာမှ ယခုလက်ရှိအခြေအနေအထိ မချွင်းမ ချန် ဘုန်းတော်ကြီးကို ပြောပြလိုက်သည်။

“ မင်းတို့ မလုပ်သင့်တာ လုပ်ကြတာကိုး ဘလန်ကို။ သင်္ချိုင်းမှတ်တိုင်ကို မဖျက်စီးရဘူး။အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြပြီ။အဲဒီအမျိုးသမီးရဲ့အမည်ကို ပြောစမ်းကွာ ”

“MARIANELA ပါ ဖာသာ ”

“ သူသေဆုံးခဲ့တဲ့ ခုနှစ်ကို မှတ်မိလား ”

“ ကျောက်ပြားပေါ်မှာတော့ 1908 – 1976 လို့ ရေးထားပါတယ် ”

“အင်း........ ။အဲဒီအမျိုးသမီးက ဒီအိမ်ထဲမှာ ရှိနေတယ် ”

“ ဘုရားရေ........ ”

ဘုန်းတော်ကြီးအလန်ဇိုပြောလိုက်သည့် စကားကြောင့် ဘလန်ကို၏မိခင်ဖြစ်သူ ဘုရားတကာ ရင်ကိုဖိ ထားလေသည်။

“ ကဲ......ဘလန်ကို။အိပ်ရာပေါ်မှာ သက်တော့်သက်သာ နားနေပါ။ ဘာသံပဲကြားကြား ဘာပဲဖြစ်ဖြစ် စိတ်ကိုလျှော့ ထားပါ။ မကြောက်ပါနဲ့ ”

“ ဟုတ်ကဲ့ ဖာသာ ”

“ ခင်ဗျားအပြင်ကို ထွက်ပေးလို့ရမလား ဆိုဖီရာ။ ခင်ဗျားရဲ့ သားအတွက် မစိုးရိမ်ပါနဲ့။ ဘုရားသခင် စောင့်ရှောက်မှာပါ ”

“ ရပါတယ် ဖာသာ။ ကျွန်မအပြင်ကနေပဲ ထိုင်စောင့်နေပါ့မယ် ”

ဘလန်ကို၏ မိခင်အခန်းအပြင်သို့ ထွက်သွားသည်နှင့် ဘုန်းတော်ကြီးက သေတ္တာလေးထဲမှ ခရမ်းရောင် ဖဲပြား စကို လည်ပင်းတွင် ချိတ်ဆွဲလိုက်ပြီး စိတ်ပုတီးနှင့် တွဲထားသည့် လက်ဝါးကပ်တိုင်ကို လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထား လိုက်သည်။ ထို့နောက် ဘလန်ကို၏ကိုယ်ပေါ်သို့ ရေစင်များပက်ဖြန်းပြီး နှုတ်မှလည်း သမ္မာကျမ်းစာကို တိုးညင်းစွာ ရွတ် ဆိုနေသည်။ ထိုအချိန်မှာပင်အခန်းထဲမှ မီးများအားလုံး မှိတ်ချည် ပွင့်ချည်ဖြစ်လာလေပြီ။

ဘုန်းတော်ကြီးကလည်းအခြေအနေကို ရိပ်မိသဖြင့် သမ္မာကျမ်းစာကိုအသံမြှင့်ကာ ရွတ်ဆိုလိုက်သည်။ ထိုစဉ် ဘလန်ကို၏ ကိုယ်ပေါ်သို့အဖြူရောင်အရိပ်ကြီးတစ်ခုရောက်လာပြီး ဘလန်ကို၏ ခန္တာကိုယ်ထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသဖြင့် ဘုန်းတော်ကြီးက ရေစင်များဖြန်းကာ ဘလန်ကို၏ နဖူးပေါ်သို့ လက်ဝါးကပ်တိုင်ဖြင့် ကပ်ပေးလိုက် သည်။

“အကုန်သေစေရမယ်။ ငါ့ကို စော်ကားတဲ့ကောင်ထဲမှာ ဒီတစ်ကောင်ပဲ ကျန်တော့တယ် ”

“ မာရီယာနယ်လာ၊ သူဟာ ဘုရားသခင်ပိုင်ဆိုင်တဲ့သူဖြစ်နေပါပြီ။အနှောက်အယှက်မပေးဖို့ မေတ္တာရပ်ခံပါတယ် ”

“ ငါ့ရဲ့ နာမည်ကဗျည်းကို ပေါက်ခွဲတယ်။ သေးနဲ့ပန်းတယ်။ ဒါကို ငါက ခွင့်လွှတ်ရမှာလား ”

“ မသိနားမလည်တဲ့သူတွေကို ခွင့်လွှတ်လိုက်ပါ ”

“ ခွင့်မလွှတ်ဘူး။အသေသတ်ရမှ ကျေနပ်မယ် ”

“ ပြောမရဘူးလား မာရီယာနယ်လာ ”

“ ငါ့ကို ဘယ်သူမှ တားလို့မရဘူး ”

“ သူ့ခန္တာကိုယ်ထဲက ထွက်ပါ ”

“ မထွက်ဘူး......။ လူငယ်တွေကို ငါမုန်းတယ်။ ငါ့ကို သတ်ခဲ့တဲ့ကောင်တွေ၊ ငါ့အုတ်ဂူပေါ်က နာမည်ကိုလည်း ခွာကြ တယ်။ သေးနဲ့ပန်းတယ် ”

ဘလန်ကို၏အသံကအဘွားအိုတစ်ဦး၏အသံဖြစ်နေပြီး ဒေါသနှင့်ပြောဆိုနေသည်မှာ ထိတ်လန့်စရာ ကောင်းနေ သည်။ ဘုန်းတော်ကြီးကလည်း ဘလန်ကို၏ကိုယ်ပေါ်သို့ ရေစင်များဖြန်းပြီး သမ္မာကျမ်းစာအုပ်ကိုဖတ်ကာ ရွတ်ဆိုနေ သည်။ ထိုအချိန်မှာပင် ဘလန်ကို၏ ခန္တာကိုယ်က ကော့တက်သွားပြီး ပါးစပ်နှင့် နှာခေါင်းမှ လောက်များ ထွက်လာလေ တော့သည်။ တစ်ပြိုင်နက်တည်းဆိုသလိုအခန်းမီးလုံးများလည်း တဖောင်းဖောင်းနှင့် ကွဲကုန်ကြသဖြင့်အခန်းတစ်ခုလုံး မှောင်မည်း သွားလေသည်။

“ ဝုန်း.......... ”

မှောင်မည်းနေသဖြင့် ဘုန်းတော်ကြီးကအခန်းတံခါးကို ဖွင့်မည်ပြင်လိုက်စဉ် ဘလန်ကိုက ဘုန်းတော်ကြီးကို ဆောင့်တွန်းလိုက်လေသည်။အခန်းထဲမှ ဆူဆူညံညံအသံများကြောင့် ဘလန်ကို၏မိခင် ဆိုဖီယာကအခန်းတံခါးကို ဖွင့်ကြည့်လိုက်မိသည်။အခန်းထဲတွင် မှောင်မည်းနေသော်လည်းအပြင်ဘက်မှ မီးအလင်းရောင်ဖြင့်အခန်းထဲသို့ မြင် တွေ့နေရသည်။ ဘုန်းတော်ကြီးက ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး ဘလန်ကိုက လေထဲတွင် မြောက်တက်နေသည့် မြင်ကွင်းကိုကြည့်ပြီး ဘလန်ကို၏မိခင် ဆိုဖီရာတစ်ယောက် သွေးပျက်မတတ်ဖြစ်ကာအိမ်နီးနားချင်းများကိုအကူအညီ ပြေး တောင်းလေတော့သည်။ ဘုန်းတော်ကြီးလည်းအခြေအနေမဟန်တော့မှန်း သဘောပေါက်သဖြင့်အခန်းအပြင် ဘက်သို့အမြန်ထွက်လာပြီး သမ္မာကျမ်းစာများကို မပြတ်ရွတ်ဆိုလေသည်။ ထိုအချိန်မှာပင် ဘလန်ကို၏ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးများမှ သွေးများယိုစိမ့်ထွက်လာသည်ကို ဘုန်းတော်ကြီး မြင်တွေ့လိုက်ရသည်။

“ မလုပ်ပါနဲ့။ သူ့ကို ဒုက္ခမပေးပါနဲ့ ”

ဘုန်းတော်ကြီး မည်သို့ပင် မေတ္တာရပ်ခံသော်လည်း မရတော့ပေ။ လေထဲတွင်မြောက်တက်နေသည့် ဘလန်ကိုကအသံနက်ကြီးဖြင့်အော်ဟစ်ပြီး ဇက်လန်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

“ Te mato ( နင့်ကို ငါသတ်မယ် ) ”

ဘလန်ကို၏ ခန္တာကိုယ်ထဲမှအဖြူရောင်အရိပ်ကြီးထွက်သွားသည်ကို မြင်လိုက်ရပြီးနောက် ဘုန်းတော်ကြီးလည်း ဘလန်ကိုအား ပြေးပွေ့ပြီး စမ်းသပ်ကြည့်သည့်အခါ ဘလန်ကိုတစ်ယောက်အသက်မရှိတော့ပေ။ ထိုအချိန်မှာပင်အိမ်နီး ချင်းများနှင့်အတူ ဘလန်ကို၏မိခင် ဆိုဖီယာလည်း ရောက်လာခဲ့သည်။

“ ငါ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး ဆိုဖီယာ။ ငါ့ကို ခွင့်လွှတ်ပါ ”

ဘုန်းတော်ကြီးက တောင်းပန်စကားဆိုနေသဖြင့် ဘလန်ကို၏မိခင်က ခေါင်းအသာညိမ့်ပြလိုက်ပြီး ဘလန်ကို၏ ရုပ်အလောင်းကိုကြည့်ကာ ငိုရှိုက်နေတော့သည်။

**************

Church of San Miguel and San Julián ဘုရားရှိခိုးကျောင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

“အလန်ဇို။ မင်းဘာမှမတတ်နိုင်တာအတွက် စိတ်မကောင်းဖြစ်မနေနဲ့။ ဒါမျိုးက မလုပ်သင့်တာကို သွားလုပ်လို့ ခံရတာ ”

“ ဟုတ်ပါတယ် ဖာသာ ”

ဘုန်းတော်ကြီး ဂျိုးဇက်က ဘုန်းတော်ကြီးအလန်ဇို၏ ပခုံးကိုအသာပုပ်ပြီး နှိမ့်သိမ့်စကားဆိုလိုက်သည်။

“MARIANELA ဆိုတာ ဘယ်သူလဲလို့ သိရင် မင်းအတော်အံ့သြသွားလိမ့်မယ် ”

“ မာရီယာနယ်လာဆိုတာ ဘယ်သူလဲ ဖာသာ ”

“ ဒီမှာကြည့်အလန်ဇို ”

ဘုန်းတော်ကြီး ဂျိုးဇက်က သတင်းစာတစ်စောင်ကို ဖြန့်ပြလိုက်သည်။ သတင်းစာထဲတွ် ရေးသားထားသည်က မာရီ ယာနယ်လာဆိုသူအမျိုးသမီးကြီးသည် တစ်ချိန်က ဘဏ်ဓားပြတိုက်ခြင်း၊ လူသတ်မှုများကျူးလွန်ခြင်းတို့ကျူးလွန်ခဲ့ဖူး သည်။ သူမသည်အသက်သုံးဆယ့်ငါးနှစ်အရွယ်တွင် စပိန်နိုင်ငံ Algeciras မြို့ရှိ Botafuegosအကျဉ်း ထောင်၌ ထောင် နှစ်နှစ်ဆယ်ကျော်ကျခံခဲ့ရပြီးအသက်ငါးဆယ်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ သူမသည် Madrid မြို့ တွင် နေထိုင် သူဖြစ်သော်လည်း ထောင်မှ လွတ်မြောက်သည့်အခါ VALLADOLID မြို့သို့ပြောင်းရွှေ့ခဲ့ပြီး ထိုမြို့မှာပင် ဆုံးပါး ခဲ့ပါသည်။ သူမ၏ နောက်ဆုံးခရီးသည်လည်းအဆိုးဝါးဆုံးဖြစ်ခဲ့ရသည်။ VALLADOLID မြို့မှ မူးယစ်ဆေးစွဲနေသူ လူငယ်များက သူမအား မသေမရှင် ညှင်းပန်းသတ်ဖြတ်ခဲ့ကြလေသည်။

“ ဒါဆို ဘလန်ကိုတို့ လေးယောက် သင်္ချိုင်းမှာအရက်သောက်ကြကတည်းကအဘွားကြီးက စောင့်ကြည့်နေတာ ထင်တယ် ဖာသာ ”

“ ဖြစ်နိုင်တယ်။ သူက လူငယ်တွေကို မုန်းတီးနေတဲ့အပြင် ဘလန်ကိုတို့က မထီလေးစား သွားလုပ်မိတာကိုး။ ပြီးတာလည်း ပြီးသွားပြီ။ စိတ်ထဲမှာ ဘာမှမထားနဲ့တော့။ သေဆုံးသွားသူတွေရဲ့အုတ်ဂူတွေကို ဖျက်စီးတာ၊ မလေးမစားလုပ်တာ၊ နာမည်ကဗျည်းထိုးထားတဲ့ မှတ်တိုင်တွေကို ဖျက်စီးတာမျိုးက မလုပ်သင့်တဲ့အလုပ်တွေ ”

“ မှန်ပါတယ် ဖာသာ ”

“ လုပ်စရာရှိတာလုပ်တော့အလွန်ဇို ”

“ ဟုတ်ကဲ့ ဖာသာ ”

အနားမှ ထွက်ခွာသွားသည့် ဘုန်းတော်ကြီး ဂျိုးဇက်၏ ကျောပြင်ကိုကြည့်ရင်း ဘုန်းတော်ကြီးအလွန်ဇိုတစ်ပါးအတွေးများစွာဖြင့် နေရာမရွေ့ ရပ်နေမိလေတော့သတည်း။

***************

( ဘာသာပြန်စာပေမဟုတ်ပါ။ ကိုယ်တိုင်ရေးဖြစ်ပါသည် )

#lotaya_shortstory

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..