ကိုချစ်နှင့် စိုးသော် နှစ်ယောက်သား တောလမ်းလေးအတိုင်းလျှောက်လာခဲ့လေသည်။ ကိုချစ် တို့သွားမည့်ရွာသည်အလှမ်းဝေးသည် လျှပ်စစ်မီးမရှိ ကားလမ်းမပေါက် ဆိုင်ကယ်ဖြင့်ပင်သွားလို့မရ ။ လမ်းဘေးဝဲယာဘက်၌ သစ်ပင် ပန်းပင်တွေဖြင့် စိမ်းလန်းစိုပြေနေသည်။ ကိုချစ်ရဲ့ စိတ်တွေလဲ လန်းဆန်းသွားသည်။
" ဘယ်လောက် လျှောက်ရမှာလဲ "
" ငါးနာရီလောက် လျှောက်ရမှာ "
"အဲဒါဆို ရွာရောက်ပီပေါ့ "
" မရောက်သေးဘူး ငါးနာရီလောက်လျှောက်ပီးရင် ချောင်းကို ဖြတ်ရအုံးမှာ "
"အမ် ငါ ရေမကူးတတ်ဘူး "
" ချောင်းက တိမ်ပါတယ် "
စကားပြောလိုက် မောရင် နားလိုက်ဖြင့် လျှောက်လာလိုက်ကြတာ ညနေစောင်းမှ ချောင်း ရှိရာသို့ရောက်တော့ဧ။် ။
" ကဲ ကိုချစ် ကူးရအောင် "
ကိုချစ် ရွံ့တွန့်တွန့်ဖြစ်သွားသည် ။
" လှေမရှိဘူးလား "
" မရှိဘူး ဒီရွာက လူတွေက တစ်နှစ်လောက်နေမှ မြို့ပေါ်တစ်ခါတက်တာ "
" ဒါဆိုလဲ ကူးကြတာပေါ့ "
ဒီလိုနှင့် စိုးသော်ကအရင်ဆင်းသွားသည်။ သူကအရင်တစ်ခါလာဖူးထားတော့ ဒီချောင်းအထာကို သိနေသည်။ ကိုချစ်က ရေ ကြောက်တတ်သည်။အညာသားမဟုတ်လား ။ ရေချိုးရင်တောင် လေးခွက်လောက်ထက် ပိုမချိုး ပြီးမှ ရေမွှေးတွေ မွှန်နေအောင်ဖြန်းပီး ခပ်တည်တည်နေသူဖြစ်သည်။
စစဆင်းချင်းရေက ဒူးခေါင်းလောက်ဖြစ်သည် ။ ကိုချစ် နည်းနည်းတော့ စိတ်အေးသွားသည်အရမ်းအနက်ကြီးမဟုတ် ဒီလိုနှင့် တစ်စစနှင့် ရေကနက်နက်လာသည် ။ ကိုချစ်ကလဲ ပုဆိုးရေစိုမှာစိုး၍ တဖြည်းဖြည်းချင်း မ ရင်း မရင်းနှင့် ရေက ခါးလောက်ရောက်လာချိန်မှာတော့ ကိုချစ် စိတ်မရှည်တော့ တောထဲတောင်ထဲ ဘယ်သူမှ မြင်တာမှ မဟုတ်ဘူးလေဟု တွေးကာ ပုဆိုးကို လည်ပင်းပေါ်တက်ပတ်လိုက်လေတော့သည်။
" ကိုချစ်အဆင်ပြေလား "
"အေး ပြေပါတယ် ဒါပေမဲ့ ဘာကောင်လေးတွေလဲ မသိဘူး ပေါင်ကို လာလာတိုးတော့ ယားကျိကျိနဲ့ ဟိဟိ "
"အဲဒါ ငါးပူတင်း လေးတွေ နေမှာပေါ့ "
ကိုချစ်လဲ သိပ်မကြောက်တော့ ရေက ချက်လောက်အရောက်မှာ ထပ်မနက်တော့ ပုံမှန်အတိုင်း ဖြစ်သည်။ ချောင်းအလယ်ကိုလဲ ရောက်လာပီဆိုတော့ ဆက်သွားရင် တိမ်ဖို့ရှိတော့သည်မဟုတ်လား ။ ဒီလိုနဲ့ နှစ်ယောက်သား ရယ်ကာမောကာ ပြောနေရင်း ရုတ်တရက် ကိုချစ် မျက်နှာ တည်သွားသည်။အသံတိတ်သွားတော့ ရှေ့မှ စိုးသော် လှည့်ကြည့်လိုက်တော့ တောင့်တောင့်ကြီး ရပ်နေသော ကိုချစ်အားမြင်လိုက်လေသည်။
" ဟင် ကိုချစ် ဘာရပ်လုပ်နေတာလဲ လာလေ "
" လာလို့ မရဘူး "
" ဟင် ဘာလို့လဲ "
" ငါ့ ငယ်ပါ ကိုအကောင်တစ်ကောင်မြိုထားတယ် "
" ဘာ . . ."
စိုးသော် ထိတ်လန့်သွားသည်။ မတော်တဆ မြွေဖြစ်နေလျှင် ကိုချစ် ဘဝတော့သွားပီ။
" ကိုချစ် မြွေလားမသိဘူး "
ကိုချစ် မျက်နှာသွေးမရှိတော့ ။
" ငါ့ ငါ့ ကို ကယ်ပါအုံးကွာ "
ငိုသံပါကြီးဖြင့် ကိုချစ်က ပြောတော့ စိုးသော် လဲ သေချာစဉ်းစားမိသည်။ တကယ်လို့ မြွေကိုက်ပီ ဆိုရင် ရှေးဦးသူနာပြုအရင်လုပ်ရမည်။ ခြေထောက်ကို ကိုက်တာဆိုလျှင် တော်သေး။အဆိပ်တွေ စုပ်ထုတ်ပီးအပေါ်နားလေးမှ ကြိုးချည်ကာ ဆေးရုံကိုသွားလို့ရသေးသည်။ ခု ကိုက်တဲ့နေရာက ငယ်ပါ ဆိုတော့အဆိပ်တွေ စုပ်ထုတ်ပေးဖို့ ...အာ ...စိုးသော် ဆက်မတွေးရဲတော့ မျက်လုံးထဲ မြင်ယောင်ရုံနဲ့တင်အော့အန်ချင်နေပီ။
" မတတ်နိုင်ဘူး ကိုချစ် ဒီကိစ္စ ကျနော် မကူညီနိုင်ဘူး "
" ကူညီပါကွာနော် ဒီကောင် ငါ့ကို မကိုက်သေးဘူး ငါလှုပ်တာနဲ့ ဒီကောင်ကိုက်မှာကွ "
" ကျွတ် ကိုချစ်ကအတွင်းခံဘောင်းဘီ ဝတ်မထားဘူးလား "
"ဟင့်အင်း "
စိုးသော်အကြံတစ်ခုရသွားသည်။
" ဒီလိုလုပ် ကိုချစ် လက်ကိုဖြည်းဖြည်းချင်း ရေအောက်ထဲကို လျှိုသွင်းလိုက် "
"အင်း "
" ပြီးရင် ငယ်ပါနားမှာ လက်ညှိုးလေးကို ဘေးချင်းယှဉ်လိုက်အဲဒါပြီးရင် ကိုချစ်ကို မျိုထားတဲ့ မြွေခေါင်းကို လက်ညှိုးလေးနဲ့အသာလေးတိုးလိုက် ဒီကောင် လက်ညှိုးရော ကိုချစ်
ငယ်ပါကိုရော ရောမျိုလိမ့်မယ် "
"အဲလို မဟုတ်ဘဲ နှစ်ခုလုံးကို ကိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ "
"အဲဒါတော့ ကံပေါ့ကိုချစ်ရာ "
မတတ်နိုင် နောက်ဆုံးမျှော်လင့်ချက်လေးတစ်ခုအတွက် ကိုချစ် စွန့်စားမှဖြစ်တော့မည်။ သို့နှင့် စိုးသော် ပြောတဲ့အတိုင်းလုပ်ကြည့်တော့ ကံကောင်းထောက်မစွာ ကွက်တိဖြစ်သွားသည် ။ ရေထဲကအကောင်သည် လက်ညှိုးရော ငယ်ပါကိုပါ ရောမျိုထားလေသည်။
" ဘာဆက်လုပ်ရမှာလဲ "
" လက်ညှိုးကို ရှေ့ကို ဖြည်းဖြည်းချင်းတိုးလိုက် "
" တကယ်လို့ မြွေဟောက်ကြီး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ "
" ငါးပူတင်းလဲ ဖြစ်နိုင်ပါတယ် စိတ်ဓါတ်မကျပါနဲ့ "
သို့နှင့် ကိုချစ်အားတင်းလိုက်သည် ။ ရှိသမျှဘုရားစာတွေအကုန်ရွတ်ပြီး မျက်လုံးကို စုံမှိတ်ကာ လက်ကို ရေပေါ်သို့ မြောက်တင်လိုက်ချိန် လက်ညှိုးထိပ်ကလေးသည် ဆစ်ကနဲ နာကျင်သွားသည်။ ကိုချစ် စိတ်ထဲမြွေပေါက်လိုက်ပီဟု ထင်ကာ
" စိုးသော် ငါ့ကို ကိုက်လိုက်ပီ "
" ဘယ်နေရာလဲ "
" လက်ညှိုး "
" ဟာ ဒါဆို ဘာမှမပူနဲ့ ကျနော် ကူညီမယ် "
စိုးသော် သည် ကိုချစ် လက်ညှိုးအား ခဲ ထားသောအကောင်အား ကြည့်လိုက်လေရာ
" ဟားးး ကို ချစ် မြွေမဟုတ်ဘူး ငါးပူတင်း ငါးပူတင်း "
စိုးသော်ဧ။်အားရဝမ်းသာအော်သံကြောင့် ကိုချစ်လဲ မျက်လုံးဖွင့်ပီး ကြည့်လိုက်သည်။
" ဟူးး တော်ပါသေးရဲ့ကွာ "
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်ကြပြန်သည်။ တစ်ဖက်ကမ်းကို ရောက်တော့ စိုးသော် လက်ထဲမှာ ငါးပူတင်းလေးပါလာသည်။
" ကိုချစ် ရာ ငါးပူတင်းနဲ့ မြွေများ မှားရတယ်လို့ ဟား ဟား ဟား "
စိုးသော်မှာအလွန်ရယ်ချင်နေပုံရသည်
" ဟားးဟား မြွေခေါင်းနဲ့ ငါးပူတင်း ခေါင်း . . .ခေါင်း . .ခေါင်း . .အွန် ."
စိုးသော် ဆက်မပြောနိုင်တော့။ငါးပူတင်းခေါင်းကို သေချာကြည့်သည် ။ ပြီးတော့ ကျိန်းသေအောင် ကိုချစ်ကို ထပ်မေးသည်။
" ခုန ရေထဲမှာ ကိုချစ် ငယ်ပါနဲ့ လက်ညှိုးကို ဒီကောင် ရောမျိုတယ်ဆို "
"အေးလေ ဟုတ်ပါတယ်ဆို "
စိုးသော်အလွန်အမင်းကိုအံ့အားသင့်သွားသည်။
" ကိုချစ်အသက်ဘယ်လောက်ရှိပီလဲ "
" ၃၁ လေ "
စိုးသော် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
လုံးဝလဲ မယုံကြည်နိုင်တဲ့ မျက်ဝန်းဖြင့်
" ကိုချစ်ရယ် . . ."
" ဟ . . .ဘာဖြစ်လို့လဲဟ "
" ဒီမှာကြည့် . . ."
စိုးသော် ပြလိုက်တာက ငါးပူတင်း ပါးစပ်ထဲအား သူ့လက်ညှိုးထိုးထည့်ထားသည်။ ပြီးတော့ လက်ခလယ် ထိုးထည့်ပြသည်။ မဆံ့ ပေ။
ဒါနဲ့ လက်သန်းလေး ထိုးထည့်ကြည့်တော့ ကြပ်ကြပ်လေးဝင်သွားသည်။ ပြီးတော့ စိုးသော် မှ ကိုချစ်အနားသို့လာကာ သူ့လက်ညှိုးနှင့် ကိုချစ် လက်ညှိုး တိုင်းကြည့်သည်။ သိပ်မကွာ ။
" ကိုချစ်ရယ် . . ."
ကိုချစ် သဘောပေါက်သွားသည်။ ခေါင်းကြီးအောက်စိုက်ကာ ဆွေးမြည့်ကြေကွဲစွာဖြင့်
" ရေ . . .ထဲ . .မှာ . .မို့လို့ပါကွာ "
" ငမ့် ဘာဆိုင်လို့လဲ "
" ကျုံ့တာပေါ့ကွာ ကျုံ့တာပေါ့ "
ဟုဆိုကာ ထထွက်သွားလေတော့သည်။ စိုးသော်လဲ ပါးစပ်မှ တီးတိုးရေရွတ်မိသည်။
"အော် . . .လောကမှာ ရှိခြင်းနဲ့ မရှိခြင်း ဘာမှမကွာပါလား ရှိခြင်းနဲ့ မရှိခြင်းဟာ ကိုချစ်အတွက်တော့အတူတူပါပဲလား ဟင်း "
ကိုချစ်ကတော့ မကြားနိုင်တော့ပေ ။ ခပ်လှမ်းလှမ်းသို့ ရောက်နေလေသည်။ စိုးသော်လဲ ကိုချစ်နောက်သို့ ပြေးလိုက်သွားလေတော့သည် ။ ။
#lotaya_shortstory
အပတ်စဉ်အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။