တောင်စွန်းဦးရွှေကူးနှင့် စစ်ဘီလူး ( ပရလောကသားတို့အကြောင်း )
lotaya.mpt.com.mm
|
2019-10-11

အချိန်ကား ၁၉၄၅ခုနှစ်၊ ဇန္နဝါရီလ။ ဖက်ဆစ်တော်လှန်ရေးကြီးစတင်ရန် နှစ်လခန့်အလို။

အနက်ရောင် Moris Oxford ကားတစ်စီးက ပြည်လမ်းမကြီးပေါ်တွင် ရန်ကုန်ဘက်သို့ဦးတည်ကာ တရိပ် ရိပ်မောင်းနှင်နေလေသည်။ ထိုအနက်ရောင်ကားပေါ်တွင် တိုက်ပုံအနက်ရောင်၊ ခေါင်းပေါင်းအဖြူနှင့် ရွှေအို ရောင် ဘန်ကောက်ပုဆိုးကို ဝတ်ဆင်ထားသည့် အသက်ငါးဆယ်ကျော်ခန့်ရှိမည့် ပုဂ္ဂိုလ်တစ်ဦးနှင့် အနောက် တိုင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အသက်ခြောက်ဆယ်နီးပါးပုဂ္ဂိုလ်တစ်ဦးတို့ လိုက်ပါလာကြသည်။

အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသူက မော်တော်ယာဉ်ကို မောင်းနှင်ပြီး ခေါင်းပေါင်းနှင့် တိုက်ပုံဝတ်ဆင် ထားသူက ထိုသူ၏နံဘေးမှ ထိုင်ခုံတွင် စီးနင်းလိုက်ပါလာခဲ့သည်။

“ အိုင်ဆေး ဦးလှမောင် ”

“ ရက်စ် ဒေါက်တာ ”

“ ခင်ဗျားကတော့ ရှားပါးပစ္စည်းတစ်ခုကို ဈေးချိုချိုနဲ့ ရလိုက်တာပဲဗျ ”

အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသူက ခေါင်းပေါင်းနှင့် ပုဂ္ဂိုလ်ကြီးကို မကြည့်ဘဲ ကားမောင်းနေရာမှ ပြောလိုက်သဖြင့် ခေါင်းပေါင်းနှင့် ဦးလှမောင်ဆိုသူက ပြန်လည်ပြောဆိုလိုက်သည်။

“ လေလံသာဆိုရင် ဒီဈေးနဲ့ ရနိုင်မှာမဟုတ်ဘူးဗျ။ အခုဟာက ရှေးဟောင်းပစ္စည်းတန်ဖိုးကို နားမလည်တဲ့သူဆီ က ရလိုက်လို့သာပေါ့။ ခင်ဗျားကို ကျေးဇူးတင်ပါတယ် ဒေါက်တာ ”

“ ကျေးဇူးတင်စရာ မလိုပါဘူးဗျာ။ ကျွန်တော်က ရှေးဟောင်းပစ္စည်းကို ဝါသနာမပါပေမယ့် ကိုယ့်မိတ်ဆွေကြီးက ဝါသနာပါနေတော့လည်း လက်တို့ရတာပေါ့ဗျာ။ အပန်းကြီးတဲ့ကိစ္စမှမဟုတ်တာ ”

“ ကျွန်တော်တို့ ကံကောင်းသွားတာတစ်ခုက စိန်ကြီးတို့အဖွဲ့ထက် အရင်ဆုံး လက်ဦးသွားတာပဲ ဒေါက်တာ ”

“ နို့.....စိန်ကြီးက ကာလကတ္တားကိုသွားတယ်ဆို ”

“ ဟုတ်တယ်လေ။ သူခရီးသွားနေတာ ကျွန်တော့်အတွက် ကံကောင်းသွားတာပေါ့ဗျာ။ နို့မဟုတ်ရင် အဲဒီကောင် က အနံ့ခံအတော်ကောင်းတဲ့ကောင်ဗျ။ စိန်ကြီးက ကာလကတ္တားမှာရှိတဲ့ ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရှိ တယ် ”

“ ရဲဘော်ဘတင့်တို့နဲ့လား ”

“ ဟုတ်တယ်။ တိုင်းရေးပြည်ရေးကလည်း အခြေအနေမကောင်းဘူးဗျ။ ဖတပ ( ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ အဖွဲ့ချုပ်လည်းဖွဲ့စည်းပြီးပြီဆိုတော့ ဘယ်အချိန် တော်လှန်ရေးကြီး စမယ်မသိဘူး။ အခွင့်အခါကောင်းတုန်း ရှေး ဟောင်းပစ္စည်းတွေရနိုင်သမျှစုဆောင်းထားရမယ် ”

“ တော်လှန်ရေးကြီးပြီးသွားရင်တော့ ကွန်မြူနစ်ပါတီတွေ သွေးကွဲမှာမြင်ယောင်မိသေးတယ်။ ကိုသန်းထွန်းနဲ့ ကို တင်စိုးတို့က သဘောထားတင်းမာတယ်။ ပြတ်တယ်ဗျ။ သူတို့အချင်းချင်းလည်း ဘာတွေဆက်ဖြစ်မယ်မသိဘူး ”

“ ကိုဗဟိန်းကတော့ ထိန်းနိုင်မယ်ထင်ပါတယ်။ အရေးကြီးတာက ရသမျှ ရှေးဟောင်းပစ္စည်းတွေကို စုဆောင်း ထားဖို့ပဲ။ ရှေးဟောင်းပစ္စည်းသတင်းတွေအနံ့ရရင်လည်း အခုလို ကူညီပေးပါဦးဗျာ ”

“ စိတ်ချပါ ဦးအုန်းမောင် ”

“ ကျွန်တော်တော့ဖြင့် အခုရလာတဲ့ ဘီလူးရုပ်ကို အတော်သဘောကျနေတာ။ တရုတ်ပြည်က လက်ရာဗျ။ အေဒီ ထောင့်လေးရာလောက်က လက်ရာလို့ထင်တယ်။ ကြည့်ရတဲ့ပုံက စစ်မက်အတွက် စီရင်ထားတဲ့ ဘီလူးရုပ်ပဲဗျ ”

“ ဒါဆို အလွန်တန်ဖိုးရှိတာပေါ့။ ဘယ်လိုကနေ ဘယ်လို ဗမာပြည်ကို ရောက်နေသလဲမသိဘူး ”

“ ကျွန်တော့်အထင် အေဒီ၁၄၄၄ မှာ တရုတ်တွေက နရပတိဆီကနေ သိုငံဘွားကို စစ်သည်အလုံးအရင်းနဲ့ လာ တောင်းကြတယ်။ နရပတိက သိုငံဘွားကို မပေးဘူး။ အဲဒီမှာတင် တရုတ်နဲ့ စစ်အကြီးအကျယ်ဖြစ်ကြတယ် ဒေါက်တာ။ တရုတ်စစ်သည်တွေလည်း အလုံးအရင်းသေကုန်ကြတယ် ”

“ စစ်မက်အတွက် အစီအရင်တွေ သုံးလို့လား ဦးလှမောင် ”

“ သုံးတာပေါ့ဗျာ။ မွန်မြန်မာစစ်ပွဲမှာလည်း ဟိုဘက်ရော ဒီဘက်ရောသုံးကြတယ်။ ဟံသာဝတီကို တိုက်တော့ လည်း သုံးကြပါတယ်။ စစ်မက်ကို အသာစီးရယူဖို့အတွက် တစ်ဖက်ကို နာမ်နှိမ်ကြတယ်။ ဘီလူး သဘက်တွေကို အရုပ်နဲ့စီရင်ပြီး စစ်ပွဲမှာ ပါဝင်ခိုင်းခဲ့တာတွေ ရှိခဲ့ပါတယ် ”

“ လက်ရာကလည်းမြောက်၊ မျက်နှာကလည်း ကြောက်စရာကောင်းသဗျို့ ”

“ ဘီလူးဆိုမှတော့ ရုပ်ဆိုးတော့မှာပေါ့ဗျာ။ ခင်မောင်ရင်လောက်တော့ ဘယ်ချောပါ့မလဲ ”

“ ဟား....ဟား....။ သို့ပေမယ့် ဘီလူးရုပ်က ကျွန်တော့်ထက်တော့သာပါတယ်ဗျ ”

“ ဟား....ဟား...ဟား.....။ ကျွန်တော်က ဒီဘီလူးကို မကြောက်ဘူးဗျ။ ကျွန်တော်ကြောက်တာ Qin Shi Huang ရဲ့ Terracotta Army အရုပ်တွေပဲ ဒေါက်တာရေ။ Clay ( ရွှံ့စေးနဲ့ လုပ်ထားပေမယ့် ချက်ချင်း အသက်ဝင်ပြီး တိုက်ခိုက်တော့မယ့် အတိုင်းပဲ ”

“ Terracotta Army ကတော့ ကမ္ဘာကျော်ပါဗျာ။ ဦးလှမောင်ပြောသလိုပဲအသက်ဝင်နေသလားတောင် ထင်ရ

တယ် ”

မကြာမီမှာပင် Morris Oxford ကားလေးက ခုနစ်မိုင်ရှိ လမ်းသွယ်တစ်ခုထဲသို့ ချိုးကွေ့လိုက်ပြီး ခြံဝင်း ကျယ်ရှေ့တွင် ရပ်တန့်ပြီး ဟွန်းတီးလိုက်သည့်အခါ အသက်သုံးဆယ်အရွယ်အမျိုးသားတစ်ဦးက ခြံတံခါးကို လာရောက်ဖွင့်ပေးလေသည်။

“ အိမ်ထဲဝင်ပါဦး ဒေါက်တာ။ ကာဖီပူပူလေးနဲ့ ဧည့်ခံပါရစေ ”

“ နေပါစေတော့ ဦးလှမောင်။ ကျွန်တော်လည်း လုပ်စရာလေးတွေရှိလို့ ပြန်ရဦးမယ်။ နောင်ကြုံမှပဲ သောက်ပါ့ မယ် ”

“ ဒါဆို ခြံထဲအထိ လိုက်မပို့ပါနဲ့တော့။ ဒီမှာပဲ ဆင်းလိုက်တော့မယ်။ နောက်မှ တွေ့ကြမယ်ဗျာ ”

“ ဟုတ်ကဲ့ ဦးလှမောင် ”

ခေါင်းပေါင်းနှငင့် တိုက်ပုံဝတ်ဆင်ထားသည့် ဦးလှမောင်ဆိုသူက အနောက်တိုင်းဝတ်စုံဝတ်ဆင်ထား သည့် သူကို နှုတ်ဆက်စကားဆိုရင်း အနက်ရောင် ကတ္တီပါနှင့် ဖုံးအုပ်ထားသည့် အထုပ်ကိုယူကာ ကားပေါ်မှဆင်းသွား လေတော့သည်။

ဦးလှမောင်က အိမ်ထဲသို့ရောက်သည်နှင့် ခေါင်းပေါင်းနှင့် တိုက်ပုံကိုပင် မချွတ်နိုင်ဘဲ လက်ထဲမှ အထုပ်ကို ဖြည်ပြီးအထဲမှ အရာတစ်ခုကို စားပွဲပေါ်သို့ တယုတယတင်ကာ သဘောကျစွာဖြင့် အသေအချာ ကြည့်ရှုနေလေ သည်။

“ ဆရာ..... ”

“ အေး.....၊ မောင်ခင်စိုး။ ဧည့်သည် လာသေးလားကွ ”

“ လာတယ် ဆရာ ”

“ ဘယ်သူလဲ မောင်ခင်စိုး ”

“ ဆရာရှိသလားပဲ မေးတယ်။ နာမည်တော့ ပြောမသွားဘူး ”

“ ဘယ်လိုပုံစံလဲကွ ”

“ အသက်ခပ်ကြီးကြီးပဲ။ အသားညိုညို၊ အရပ်က ကျွန်တော့်လောက်ပဲဆရာ ”

ခင်မောင်စိုးဆိုသည့်သူပြောသမျှကို ဦးလှမောင်က မျက်မှောင်ကုတ်ကာ စဉ်းစားနေလေသည်။

“ ဘယ်သူများပါလိမ့် ”

“ ကျွန်တော့်ကို ဆရာရှိသလားပဲမေးတယ်။ ဆရာမရှိဘူးဆိုလို့ ပြန်သွားတယ်ဆရာ။ သူ့ကြည့်ရတာ ရိုးရိုး အေး အေးပုံပဲ ”

“ ထားတော့ကွာ။ ငါ့ကို သောက်ရေတစ်ခွက် ခပ်ပေးစမ်းပါ ”

‘ ဟုတ်ကဲ့ ဆရာ ”

ခင်မောင်စိုး သောက်ရေသွားခပ်နေသည့်အချိန်တွင် ဦးလှမောင်က ဘီလူးရုပ်ကို အသေအချာ ကိုင် တွယ် ကြည့်နေလေသည်။ ရွှံ့စေးဖြင့်ထုလုပ်ထားသည့် ဘီလူးရုပ်သည် လက်ရာမြောက်လှသည်။ အမြင့် တစ်ပေကျော် မျှရှိပြီး မြန်မာမှုလက်ရာမျိုးမဟုတ်ဘဲ ဂန္တာလရာဇ်တိုင်း၏ အငွေ့အသက်များ ပါဝင်နေသည်။ မုတ်ဆိတ်ကျင် စွယ်နှင့် နှုတ်ခမ်းမွေးများက ရှည်လျားပြီးမျက်လုံးတွင်မျက်ဆံမပါရှိပေ။ ဘယ်ဘက်လက်တွင် ဓားမောက်တစ်

လက်ကို ကိုင်ဆောင်ထားပြီး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပေသည်။

“ အင်း.....စစ်ဘီလူးရုပ်များလား။ လက်ရာကတော့ အေဒီ ထောင့်လေးရာကျော်လောက်ကဖြစ်မယ်။ အချို့နေရာ တွေတောင် အက်စပြုနေပြီ ”

“ ဆရာ....၊ သောက်ရေ ”

“ အေး.....အေး ”

ခင်မောင်စိုးယူလာပေးသည့်ရေကို မော့သောက်လိုက်ပြီး ဘီလူးရုပ်တုကို တယုတယကိုင်တွင်ကာ ရှေး ဟောင်းပစ္စည်းများထားသိုသည့် မြေအောက်ခန်းထဲသို့ ထွက်သွားလေတော့သည်။

**************

“ ဒုန်း.......ဒုန်း.....ဒုန်း...... ”

တဒုန်းဒုန်းထုနှက်နေသည့် အသံကြောင့် အိပ်မောကျနေသည့် ဦးလှမောင် နိုးလာခဲ့လေသည်။

“ ဒုန်း......ဒုန်း...ဒုန်း..... ”

ထုနှက်နေသည့်အသံကို နားစွင့်ကြည့်ရာ အောက်ထပ်မှဖြစ်နေလေသည်။ တပည့်အဖြစ် မွေးမြူထားသည့် ခင်မောင်စိုးသည် ခြံဝင်းထဲတွင် ဆောက်လုပ်ထားသည့် အိမ်ငယ်လေးမှာပင် နေထိုင်သဖြင့် အရေးအကြောင်းတစ်

ခုခုရှိ၍တံခါးလာခေါက်နေသည်ဟုထင်မှတ်ကာ အိပ်ရာမှထပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အောက်ထပ်သို့ ရောက်သည့်အခါ ထုနှက်နေသည့်အသံများအပြင် ကုတ်ခြစ်နေသည့်အသံများက တံခါးမှမဟုတ်ဘဲ မြေအောက်

ခန်းထဲမှဖြစ်ကြောင်းသိလိုက်ရသဖြင့် အပေါ်ထပ်သို့ပြန်တက်ကာ အိပ်ခန်းထဲမှ အံဆွဲကိုဖွင့်၍ အင်္ဂလန်နိုင်ငံလုပ် Enfield No. 2 အမျိုးအစား ခြောက်လုံးပြူးသေနတ်နှင့် မြေအောက်ခန်းသော့ကိုယူပြီး အောက်ထပ်သို့ ပြန်ဆင်း လာခဲ့သည်။

မြေအောက်ခန်းတံခါးအနီးသို့ရောက်သည့်အခါ ခြောက်လုံးပြူးသေနတ်ဆုံလည်ကိုဖွင့်၍ ကျည်ဆန်ကို စစ် ဆေးလိုက်ပြီး သေနတ်မောင်းကို လက်မဖြင့်ဖိကာ အသင့်အနေအထားပြင်ဆင်လိုက်သည်။ ဦးလှမောင်၏ စိတ် ထဲတွင် မြေအောက်ခန်းထဲ၌ သူခိုးသူဝှက်သော်လည်းကောင်း အန္တရာယ်ပြုမည့်သူသော်လည်းကောင်း ရှိလိမ့်မည် ဟု ထင်ကာ တံခါးကို အသေအချာ စစ်ဆေးသည့်အခါ သော့ခလောက်နှစ်ခုကလည်း လက်ရာပျက်မနေသည့်အ တွက် ဦးလှမောင် စဉ်းစားရခက်သွားသည်။ အလွယ်တကူ မဝင်ရောက်နိုင်သည့် မြေအောက်ခန်းထဲမှ ထုနှက် ကုတ်ခြစ်နေသည့်အရာသည် မည်သို့သောအရာဖြစ်ကြောင်းကိုလည်း သိချင်လာမိသဖြင့် သော့ခလောက်နှစ်ခုကို အသာဖွင့်လိုက်သည်။ ထို့နောက် မြေအောက်ခန်းတံခါးကို အသာဆွဲဟလိုက်သည့်အခါ မြေအောက်ခန်းသို့ဆင်း သည့် လှေကားထိပ်တွင်ရပ်နေသော အရာတစ်ခုကို မီးရောင်မှိန်ပြပြအောက်တွင် မသဲမကွဲ မြင်လိုက်ရသဖြင့် သေ နတ်ဖြင့် ထိုးချိန်လိုက်သည်။

လှေကားထိပ်တွင် မလှုပ်မယှက်ရပ်နေသည့်အရာသည် လူတစ်ယောက်၏ပုံသဏ္ဌာန်နှင့်တူသော်လည်း ခန္တာ ကိုယ်ကတုတ်ခိုင်သည်။ မြေအောက်ခန်းထဲသို့ မည်သည့်အတွက်ကြောင့် ရောက်နေသလို မည်သူမည်ဝါဖြစ်

ကြောင်း ကိုလည်း သိလိုသဖြင့် သေနတ်ဖြင့်ချိန်ရင်း အော်မေးလိုက်လေသည်။

“ မင်းဘယ်သူလဲ....၊ မြေအောက်ခန်းထဲကို ဘာဝင်လုပ်တာလဲ ”

ဦးလှမောင် အော်ဟစ်မေးမြန်းသော်လည်း ပြန်မဖြေသဖြင့် ဦးလှမောင်က နောက်ဆုံးအကြိမ် သတိပေးလိုက် သည်။

“ ငါမေးတာ မဖြေဘူးလား။ မဖြေရင် သေနတ်နဲ့ပစ်မယ် ”

မေးခွန်းကို ပြန်မဖြေသည့်အပြင် လှေကားထစ်အတိုင်း တက်လာနေသည့် ထိုအရာကြီးကို သေနတ်ဖြင့် သုံး ချက်ဆင့်ကာ ပစ်ချလိုက်လေတော့သည်။

“ ချောက်.....ချောက်.....ချောက်...”

ခလုပ်ကိုညှစ်ပြီး သုံးချက်ဆွဲလိုက်သော်လည်း သေနတ်သံကထွက်ပေါ်မလာသဖြင့် ဦးလှမောင် တအံ့တသြ ဖြစ်သွားလေသည်။ သေနတ်ဆုံလည်ကိုဖွင့်ပြီး ကျည်ဆန်များကို စစ်ဆေးကြည့်သည့်အခါ မောင်းရိုက်အားကြောင့် ကျည်ဆန်နောက်ဖင်မှ Primer ( ကျည်ပေါက်ကွဲမှုအတွက် မောင်းရိုက်သည့်နေရာ )တွင် ချိုင့်ဝင်နေသော်လည်း ကျည်ဆန်သုံးတောင့်စလုံး ပေါက်ကွဲခြင်းမရှိသည်က ထူးဆန်းနေပေသည်။ ကျည်ဆန်ဆုံလည်ကို နေသားတကျ ပြန်ထည့်လိုက်ပြီး မောင်းကို လက်မဖြင့် ဖိချလိုက်သည့်အချိန်မှာပင် ခြေနှစ်လမ်းအကွာသို့ရောက်နေသည့်

ကြောက်မက်ဖွယ်ရာကြီးကို မြင်တွေ့လိုက်ရလေတော့သည်။ အရပ်အမောင်းက အလွန်မြင့်မားပြီး ဆယ့်နှစ်ပေနီး ပါးခန့် ရှိပေသည်။ ခန္တာကိုယ်ကလည်း ကြီးမားတုတ်ခိုင်လှသည်။ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်မှာ

လည်းစစ်သူကြီးတစ်ဦးကဲ့သို့ ဖြစ်နေပေသည်။ ဖြူဖွေးပြီး ပြူးကျယ်နေသည့်မျက်လုံးကြီးများက ပြူးကျယ်ကာ အပြင်သို့စူထွက်နေကြသည်။ ထိုအရာကြီးသည် ကျဉ်းမြောင်းသည့် မြေအောက်ခန်းထဲမှ မည်သို့မည်ပုံ အပြင်သို့ ထွက်လာခဲ့သည်ကိုလည်း ဦးလှမောင် စဉ်းစား၍မရနိုင်ဖြစ်နေလေသည်။ ထိုအရာကြီးသည် မနက်ကမှ သယ်ယူ လာသည့် ဘီလူးရုပ်တုနှင့် တစ်ထေရာတည်းတူနေသဖြင့် ဦးလှမောင် တအံ့တသြဖြစ်ကာ ထိတ်လန့်သွားလေ သည်။

ဖြူဖွေးနေသည့် နှုတ်ခမ်းမွေးများနှင့် မုတ်ဆိတ်ကျင်စွယ်များက စူထွက်နေသည့် ဝမ်းဗိုက်ပေါ်သို့တိုင် ရှည် လျားစွာ ရှိနေသည်။ လက်တွင်ကိုင်ထားသည့် ဓားမောက်ကြီးကလည်း ခါးတစ်ဝက်သာသာမျှရှိနေပြီး အရောင် မထွက်တော့သော်လည်း အသွားထက်မည့်ပုံသဏ္ဌာန်ရှိပေသည်။ ရန်ပြုမည့်ပုံ မပေါ်သော်လည်း လက်ဦးမှု ရယူ ရန်အတွက် သေနတ်ဖြင့် နှစ်ချက်ဆင့် ပစ်လိုက်ပြန်လေသည်။

“ ချောက်...ချောက်...... ”

နှစ်ချက်ဆင့်ပစ်လိုက်သော်လည်း ကျည်ဆန်ထွက်မလာသဖြင့် နောက်ဆုံးကျည်ဆန်တစ်တောင့်ကို အား ကိုးကာပစ်ချလိုက်ပြန်သည်။

“ ဒိုင်း............ ”

ညဉ့်ဦးယံတွင် ကျယ်လောင်သည့် ပေါက်ကွဲသံက တစ်အိမ်လုံး ဟိန်းထွက်သွားလေသည်။ ကျည်ဆန်က ဘီလူးကြီး၏ ခန္တာကိုယ်အား ဖောက်ထွင်းကာ နံရံထဲသို့ မြုပ်ဝင်သွားသော်လည်း ဘီလူးကြီးက မည်သို့မျှဖြစ်ပုံမ ပေါ်ဘဲ နေရာမှာတင် ရပ်နေလေသည်။

“ ဒေါက်....ဒေါက်....၊ ဆရာ....ဆရာ......ဘာဖြစ်လို့လဲ ”

တံခါးခေါက်သံနှင့်အတူ ခင်မောင်စိုး၏အသံကိုကြားလိုက်ရသဖြင့် ဦးလှမောင် အားတက်သွားပြီး အိမ်ရှေ့ တံခါးမကြီးကို အပြေးအလွှား သွားဖွင့်လိုက်လေသည်။

“ ဆရာ.......သေနတ်သံကြားလို့ ပြေးလာတာ။ ဘာဖြစ်လို့လဲ ”

ခင်မောင်စိုးမေးသည့် မေးခွန်းကို ပြန်မဖြေသေးဘဲ နောက်သို့ လှည့်ကြည့်မိသည့်အခါ ဘီလူးကြီး မရှိတော့ ပေ။

“ တစ်ခုခုမှားနေပြီ ခင်မောင်စိုးရေ ”

“ ဘာတွေမှားတာလဲ ဆရာ ”

“ ငါပြောပြမယ် ”

ဦးလှမောင်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ခင်မောင်စိုးအား ပြောပြလိုက်လေသည်။

“ ဟာ.....ဆရာ....။ ဒါဆို ဘီလူးက အသက်ဝင်လာတာပေါ့ ”

“ ငါလည်း မပြောတတ်တော့ဘူးကွာ ”

“ မြေအောက်ခန်းထဲ သွားကြည့်ကြမယ်ဆရာ ”

“ အေး........၊ သွားကြည့်ကြတာပေါ့။ သေနတ်ငါးချက်မပေါက်တာတော့ အတော်ထူးဆန်းတယ်။ နောက်ဆုံး ကျည်ဆန်တစ်တောင့်က သူ့ဗိုက်ထဲကိုဝင်သွားပေမယ့် တုပ်တုပ်တောင်မလှုပ်ဘူးကွ။ မင်းရောက်လာလို့ တံခါး ပြေးဖွင့်တဲ့အချိန်ပျောက်သွားတယ် ”

“ ဘီလူးရုပ်က ပညာတွေနဲ့ စီရင်ထားတာလားမသိဘူး ဆရာ ”

“ သေချာတာပေါ့ ခင်မောင်စိုးရာ။ မင်းမှတ်မိလား။ ငါပြန်ရောင်းလိုက်တဲ့ ကျောက်ဖားလေ ”

“ မှတ်မိတာပေါ့ဆရာ။ ညဆို တကွပ်ကွပ်နဲ့ အော်နေတာလေ ”

“ အဲဒီကျောက်ဖားကလည်း အစီအရင်လုပ်ထားတဲ့ကောင်ကွ ”

“ ဘာစွမ်းလို့လဲ ဆရာ ”

“ စီးပွားရေးကောင်းတဲ့အဆောင်လို့ပြောကြတာပဲ။ အသံပေးရင် စီးပွားတက်တယ်တဲ့ ”

“ ဟာ....ဆရာ...။ ဘာဖြစ်လို့ ရောင်းလိုက်ရတာလဲဗျာ ”

“ ငါလည်း ရောင်းပြီးမှ သိတာကိုးကွ။ လာကွာ....မြေအောက်ခန်းထဲ သွားရအောင် ”

“ ဟုတ်ကဲ့ ဆရာ ”

မြေအောက်ခန်းသို့ ဦးလှမောင် ဆင်းသွားသဖြင့် ခင်မောင်စိုးလည်း ဦးလှမောင်၏အနောက်မှ လိုက်သွား လေသည်။ မြေအောက်ခန်းထဲသို့ရောက်သည့်အခါ တစ်စစီပြန့်ကြဲနေသည့် ရှေးဟောင်းပစ္စည်းများကို မြင်တွေ့ လိုက်ရသဖြင့် ဦးလှမောင်နှင့် ခင်မောင်စိုးတို့ တအံ့တသြဖြစ်သွားကြလေသည်။

“ ဟာ.......သွားပါပြီကွာ ”

“ ဘယ်လိုဖြစ်တာလဲ ဆရာ ”

“ မပြောတတ်တော့ပါဘူးကွာ။ ဟာ......ခင်မောင်စိုး.....၊ ဟိုမှာကြည့်စမ်း ”

“ ဘာလဲဆရာ ”

“ ဟိုဗီရိုကိုကြည့်စမ်း။ ဗီရိုမှာ ဓားရာတွေနဲ့ကွ။ သွားပါပြီ ခင်မောင်စိုးရာ။ အဲဒီဗီရိုကြီးက နှစ်ပေါင်းသုံးရာ ကျော်ပြီကွ ”

ခင်မောင်စိုးက ဦးလှမောင်ပြောသည့် ရှေးဟောင်းဗီရိုကြီးကို ကြည့်လိုက်ရာ ကနုတ်ပန်းများဖြင့် အလှဆင် ထွင်းထုထားသည့် ဗီရိုကြီးပေါ်တွင် ခုတ်ထစ်ရာများပြည့်နှက်နေသည်ကိုအံ့သြဖွယ်မြင်တွေ့လိုက်ရလေသည်။

“ ဟာ........။ ဗီရိုကြီး နှမြှောစရာဗျာ ”

“ အဲဒီဗီရိုကြီးက နန်းတွင်းသုံးတဲ့ဗီရိုကြီး။ အပင်ပန်းခံပြီး ရှာဖွေစုဆောင်းထားသမျှ ကုန်ပါပြီကွာ ”

“ ဆရာ.......၊ ဟိုဘီလူးရုပ် လုပ်တာများလား ”

“ ဖြစ်နိုင်တာပေါ့ ခင်မောင်စိုးရာ ”

ဦးလှမောင်က ပြောပြောဆိုဆိုဖြင့် ရှေးဟောင်းစားပွဲပေါ်တင်ထားသည့် ဘီလူးရုပ်ဆီသို့သွားပြီး ဘီလူး ရုပ်ကို အသေအချာကြည့်လေသည်။

“ ခင်မောင်စိုး၊ ဒီကိုလာဦး ”

“ လာပြီဆရာ။ ဘာတွေ့လို့လဲ ”

“ ဒီမှာကြည့်စမ်း၊ ဓားမှာ သစ်သားစလေးတွေ ကပ်နေတယ် ”

ဦးလှမောင်ပြသည့် ဘီလူးရုပ်တုကိုင်ဆောင်ထားသော ဓားမောက်ကို အသေအချာကြည့်ပြီး ခင်မောင်စိုး အံ့အားသင့်သွားလေသည်။

“ ဟာ..ဟုတ်တယ်ဆရာ။ ဒီဘီလူးရုပ်က ရွှံ့စေးနဲ့လုပ်ထားတာမဟုတ်လား။ ဗီရိုကိုခုတ်ရင် ဓားကျိုးသွားမှာပေါ့ ”

“ လောကမှာ ငါတို့မသိသေးတဲ့အရာတွေ အများကြီးရှိတယ် ခင်မောင်စိုး။ လောကီအစီအရင်ဆိုတာ အင်မတန် ကြောက်ဖို့ကောင်းတယ်။ ကောင်းတဲ့လောကီအစီအရင်ရှိသလို မကောင်းတဲ့လောကီအစီအရင်တွေလည်းရှိတယ် ”

“ ဘီလူးရုပ်ကို ပြန်ရောင်းလိုက်ပါလား ဆရာရယ် ”

“ အေဒီထောင့်လေးရာကျော်လောက်က ပစ္စည်းတစ်ခုကို လွယ်လွယ်နဲ့ လက်မလွှတ်ချင်ဘူး ခင်မောင်စိုး။ နေဦး ကွာ .....။ ဦးရွှေကူးနဲ့ တိုင်ပင်ကြည့်ပါဦးမယ် ”

“ ဦးရွှေကူးဆိုတာ ဘယ်သူလဲဆရာ ”

“ ဦးရွှေကူးဆိုတာ လောကီပညာတွေလိုက်စားနေတဲ့သူပဲ ခင်မောင်စိုး။ တောင်စွန်းဦးရွှေကူးလို့လည်းခေါ်တယ်။ အရင်က တာမွေ အိုးစုမှာ မြင်းလှည်းမောင်းတယ်ကွ။ ရွှေတိဂုံဘုရားနားက ကန်တုံမင်မှာစောင့်တဲ့ * မမင်းစိန် မမင်းသိန်တို့ကို ပညာပြခဲ့တဲ့သူပေါ့ကွာ ”

* ( ကျွန်တော် ရေးသားခဲ့သည့် ‘ သိုက် ’ ဇာတ်လမ်းတွင် ဖော်ပြပြီး )

“ ဒါဆိုလည်း အဲဒီဆရာကြီးနဲ့ တိုင်ပင်ကြည့်ပါဦးဆရာ ”

“ ဦးရွှေကူးကို တွေ့ဖို့ဆိုတာ မလွယ်ဘူးကွ ”

“ ကျွန်တော်လည်း မြင်ဖူးချင်တယ် ဆရာ ”

“ တစ်ခါတစ်ရံ ငါ့ဆီလာတတ်တယ်ကွ။ သူ့ပုံစံက ရိုးရိုးအေးအေးကြီး။ အသားညိုညိုနဲ့ ”

“ ဒါဆို...ဟိုနေ့ကလာတဲ့သူများလား။ ယောဂီဝတ်စုံ ဝတ်ထားတယ်ဆရာ။ လွယ်အိတ်ကလည်း ယောဂီရောင်ပဲ ”

“ မင်းပြောတဲ့အတိုင်းဆိုရင် ဦးရွှေကူးပဲကွ။ လာကွာ....ပစ္စည်းတွေ နေရာပြန်ချလိုက်ရအောင် ခင်မောင်စိုး ”

“ ဟုတ်ကဲ့ ဆရာ ”

*****************

ဦးလှမောင်တစ်ယောက် ညက အိပ်ရေးမဝခဲ့တာကြောင့် မနက်ဆယ်နာရီကျော်မှ အိပ်ရာက နိုးထလာခဲ့ သည်။ ဇနီးဆုံးပါးသွားပြီးနောက်ပိုင်း အိမ်ထောင်မပြုတော့ဘဲ တစ်ကိုယ်တည်းနေထိုင်ရာမှ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ ခင်မောင်စိုးကို တပည့်တပန်းအဖြစ် အဖော်ပြုနေခဲ့သည်။ ဦးလှမောင်သည် ငွေကြေးချမ်းသာသည့် အပြင် ရှေ့နေတစ်ဦးဖြစ်ပြီး ရှေးဟောင်းပစ္စည်းများကို စုဆောင်းသည့် ဝါသနာထုံသူလည်းဖြစ်ပေသည်။ ရှေး ဟောင်းပစ္စည်းများကို ဝယ်ယူစုဆောင်းပြီးဈေးကောင်းရပါက ပြန်လည်ရောင်းချတတ်သည်။

အိပ်ရာမှနိုးလာပြီး မျက်နှာမသစ်ခင် အိမ်တံခါးကိုဖွင့်ကာ ပန်းပင်များရေလောင်းနေသည့် ခင်မောင်စိုးကို လှမ်းခေါ်လိုက်သည်။

“ ခင်မောင်စိုးရေ ”

“ ဗျာ....ဆရာ။ နိုးပြီလား ”

“ အေး...နိုးပြီ။ ငါ့ကို ကာဖီပူပူလေးတစ်ခွက်လောက် ဖျော်ပေးစမ်းကွာ ”

“ ဟုတ်ကဲ့ဆရာ၊ အခုဖျော်ပေးပါ့မယ် ”

ခင်မောင်စိုး ကော်ဖီသွားဖျော်နေသည့်အချိန်တွင် ဦးလှမောင်လည်း မျက်နှာသစ်ခြင်းအမှုကိစ္စကို ပြုလုပ် လေသည်။ မျက်နှာသစ်ပြီး အိမ်ရှေ့ဧည့်ခန်းသို့ ထွက်လာသည့်အချိန်တွင် စားပွဲပေါ်၌ အငွေ့ထောင်းထောင်းထ နေသည့် ကော်ဖီခွက်က အသင့်စောင့်ကြိုနေသည်။

“ မနေ့ညက ဘာဆက်ဖြစ်သေးလဲဆရာ ”

“ ငါလည်း အိပ်ပျော်သွားတော့ ဘာမှမကြားတော့ဘူး ”

“ ကျွန်တော်ကတော့ အခုထိ အိပ်လို့မရသေးဘူးဆရာရေ ”

“ ဘာဖြစ်လို့လဲ ခင်မောင်စိုး ”

“ ဘာဖြစ်ရမလဲဆရာရယ်၊ ဟိုဘီလူးကြီးက ဓားထမ်းပြီး ခြံထဲမှာ လျှောက်သွားနေတာလေ ”

“ ဟေ.....၊ မင်းက ဘယ်လိုလုပ်ပြီး မြင်ရတာလဲ ”

“ ဆရာ့ဆီကပြန်လာပြီး အိပ်လို့မရတာနဲ့ အပြင်ခဏထွက်ထိုင်နေတဲ့အချိန်မှာ ဆရာ့အိမ်ထဲက ထွက်လာတဲ့ ဟာကြီးကို မြင်လိုက်ရတယ်။ နည်းတဲ့ကောင်ကြီးမဟုတ်ဘူးဆရာရေ။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ အိမ်ထဲပြေးဝင်ပြီး အိမ်ထဲကနေ ခြောင်းကြည့်နေတာ။ မျက်လုံးကလည်း အကြီးကြီးနဲ့ ရဲနေတာပဲ။ မီးသီးအနီ ထွန်းထားသလိုပဲ ”

“ ဟေ...... ”

“ ဟုတ်တယ် ဆရာ။ အကောင်ကြီးက နည်းတဲ့အကောင်ကြီးလား။ အရပ်က ဆယ်ပေကျော်လောက်ရှိမယ်။ သံ ချပ်ဝတ်စုံနဲ့ ခြံထဲမှာ ဓားကြီးထမ်းပြီး လမ်းလျှောက်နေတယ်။ အကြာကြီးတော့မဟုတ်ဘူး။ ခဏနေတော့ အိမ်ထဲ ပြန်ဝင်သွားတယ်။ သူ့အရပ်ကြီးနဲ့ တံခါးပေါက်ကို ဘယ်လိုဝင်မလဲလို့စောင့်ကြည့်နေတာ အရိပ်လိုဝင်သွားတာ ဆ ရာရေ။ ကျွန်တော်လည်း ကြောက်လွန်းလို့ အသံတောင်မထွက်ရဲဘူး။ ဒီနေ့မနက်မှ ခြေရာကျန်ခဲ့မလားဆိုပြီး ခြံထဲ လျှောက်ကြည့်နေတုန်း ဆရာခေါ်လို့လာခဲ့တာ ”

“ ဟုတ်တယ်။ ငါတွေ့တုန်းကလည်း အရပ်ကအမြင့်ကြီး၊ အကောင်ကလည်း နည်းတာမဟုတ်ဘူး ”

“ မြေအောက်ခန်းထဲက ဘယ်လိုထွက်လာတာလဲ ဆရာ ”

“ လှေကားထပ်မှာ ငါမြင်တုန်းက အဲဒီလောက်မကြီးဘူးကွ။ အခန်းအပြင်ရောက်မှ ချက်ချင်းကြီးသွားတာ။ ခြေရာတွေ့လား ခင်မောင်စိုး ”

“ ရှာနေတုန်းမှာ ဆရာက ကာဖီဖျော်ခိုင်းလို့ ဆက်မရှာဖြစ်တော့ဘူး ”

“ လာကွာ......ငါတို့ အတူရှာကြည့်ရအောင် ”

“ ကာဖီပူတုန်းလေး သောက်လိုက်ပါဆရာ။ သောက်ပြီးမှ သွားရှာကြတာပေါ့ ”

“ နောက်မှသောက်မယ်ကွာ။ ငါ စိတ်အရမ်းဝင်စားနေပြီ။ သွားရအောင် ”

“ ဟုတ်ကဲ့ ဆရာ ”

ဦးလှမောင်တို့ ဆရာတပည့်နှစ်ယောက် အိမ်ရှေ့သို့ထွက်လာခဲ့ပြီး ခြံအနှံ့ ခြေရာခံကြလေသည်။

“ ဆရာ......ဒီ...ဒီမှာ...... ”

“ ဘာလဲ ခင်မောင်စိုး.... ”

“ ခြေရာကြီးလေ..... ”

ခင်မောင်စိုး လက်ညှိုးညွှန်ပြနေသည့်နေရာသို့ ကြည့်လိုက်သည့်အခါ အလျားနှစ်ပေသာသာ၊ ဗျက်ဆယ် လက်မခန့်ရှိသည့် ခြေဖဝါးရာနှစ်ခုကို မြင်တွေ့လိုက်ရလေသည်။

“ ဟာ....နည်းတဲ့ခြေရာကြီးလား။ ကျန်တဲ့နေရာမှာမရှိဘဲ ဒီနေရာတစ်ခုတည်းမှာ ရှိနေတာလား။ ထပ်ရှာကြမယ် ကွာ ”

“ ဟုတ်ကဲ့ဆရာ ”

ဦးလှမောင်တို့နှစ်ယောက် ခြံအနှံ့ရှာဖွေကြသော်လည်း မြင်တွေ့ခဲ့ရသည့် ခြေရာနှစ်ခုမှလွဲ၍ ထပ်မတွေ့ကြ တော့ပေ။

“ ဘယ်လိုဖြစ်လို့ ခြေရာတစ်စုံပဲတွေ့တာလဲ။ အခြားနေရာတွေမှာ မရှိဘူးကွ ”

“ ဆရာ့ကို အသိပေးတာနဲ့တူတယ်။ ကျွန်တော်ပြောသလို အမြန်ရောင်းလိုက်ပါဆရာ။ ဒါမှမဟုတ် တစ်နေရာမှာ လွှင့်ပစ်လိုက်ပါဆရာ။ ဒီထက်ပိုဆိုးလာရင် အသက်ပါ အန္တရာယ်ပေးတော့မယ် ”

“ ငါ စဉ်းစားပါဦးမယ်ကွာ ”

“ ဆရာရော ကျွန်တော်ရော ကိုယ်တိုင်မြင်တွေ့ခဲ့ရတာနော်။ မပေါ့ပါနဲ့ဆရာရယ် ”

“ အေးပါကွာ။ ကာဖီသောက်ရင်း စဉ်းစားပါဦးမယ်။ ဒီခြေရာတွေကို မဖျက်နဲ့နော် ခင်မောင်စိုး ”

“ ဖျက်ဖို့နေနေသာ ထိတောင်မထိရဲပါဘူး ဆရာရယ် ”

“ ငါ ကာဖီသောက်လိုက်ဦးမယ်။ မင်းလည်း ဈေးသွားဖို့လုပ်တော့။ ပိုက်ဆံလိုက်ယူ။ ငါလည်း ဒေါက်တာအောင် ခင်ဆီသွားပြီး တိုင်ပင်လိုက်ဦးမယ် ”

“ ဟုတ်ကဲ့ ဆရာ ”

***************

“ ခင်ဗျားပြောတာ အဟုတ်လား ဦးလှမောင် ”

“ ကျွန်တော်တစ်ယောက်တည်းမြင်တာမဟုတ်ဘူး ဒေါက်တာ။ ခင်မောင်စိုးလည်း မြင်တယ် ”

“ ဟာ...ဒါဆို မထားနဲ့တော့ဗျ။ ခင်ဗျားအတွက် အန္တရာယ်ရှိတယ် ”

“ ဒီလိုပစ္စည်းကလည်း ရခဲတော့ စွန့်ပစ်ရမှာ နှမြောတယ် ဒေါက်တာ ”

“ ကိုယ့်အတွက် အန္တရာယ်ပေးနေတဲ့အရာကို နှမြောမနေပါနဲ့ ဦးလှမောင်ရာ။ ဒီထက်ပိုဆိုးမလာဘူးလို့ ပြောရသ လား ”

“ ပြောလို့တော့မရဘူးဗျ။ လောလောဆယ်တော့ အန္တရာယ်ပေးမယ့်အရိပ်အယောင် မတွေ့သေးဘူး ”

“ သတိပေးရုံပေးနေသေးတာနေမှာပေါ့။ သေနတ်နဲ့ပစ်တာ ကျည်မပေါက်တဲ့အပြင် ပေါက်တဲ့ကျည်ကျတော့လည်း ဖောက်ထွက်ပြီးဘာမှမဖြစ်ဘူးဆိုကတည်းက လန့်စရာကောင်းနေပြီ ”

“ အစီအရင်နဲ့လုပ်ထားတာကြောင့်ပါ ဒေါက်တာ ”

“ စွန့်မပစ်ချင်ဘူးဆိုတော့ ဘယ်လိုဆက်လုပ်ချင်သလဲ ”

“ ကျွန်တော့်မိတ်ဆွေတစ်ယောက်ရှိတယ်ဗျ။ သူ့နာမည်က ဦးရွှေကူးတဲ့။ တောင်စွန်းဦးရွှေကူးလို့လည်းခေါ်တယ်။ သူကလောကီလမ်းကိုလိုက်စားနေတဲ့သူပေါ့ဗျာ။ သူနဲ့တွေ့ပြီး မေးစမ်းကြည့်မလားလို့ ”

“ ဒါဆိုလည်း မြန်မြန်လုပ်ပါဗျာ။ ခင်ဗျားအိမ်ကို လာလည်ဖို့တောင် အတော်ကြောက်နေပြီ။ လူသေအလောင်းတွေ ကို ကိုင်တွယ်ရတာ သရဲခြောက်တာ မကြောက်ဘူးဗျ။ ဘယ်လိုအစီအရင်တွေနဲ့ လုပ်ထားတယ်ဆိုတာမသိတဲ့ဟာ ကို ပိုကြောက်တယ် ”

“ ကျွန်တော်လည်း ဦးရွှေကူးနဲ့တွေ့ချင်ပါတယ်။ ခက်တာက ဦးရွှေကူးကို ဘယ်လိုက်ရှာရမှန်းမသိဘူး။ တမြန်နေ့ ကတော့ လူတစ်ယောက် အိမ်လာသွားတယ်လို့ ခင်မောင်စိုးပြောတယ်။ သူပြောတဲ့ပုံအရဆို ဦးရွှေကူးဖြစ်ဖို့များ တယ် ”

“ သူက ခင်ဗျားဆီ လာတတ်သလား ”

“ သူက ရွှေတိဂုံဘုရားကို လာတတ်တယ်။ ဘုရားလာဖူးရင် ကျွန်တော့်ဆီဝင်လာတတ်တယ်ဗျ။ သူ့ကိုပဲ မျှော်ရ တော့မယ် ဒေါက်တာ ”

“ အဲဒီကိစ္စကို မြန်မြန်သာဖြတ်ပါဗျာ။ ခင်ဗျားအတွက် စိတ်ပူမိတယ် ”

“ စိတ်ချပါ ဒေါက်တာ။ ကျွန်တော် ပြန်လိုက်ဦးမယ် ”

“ ဟုတ်ကဲ့ ဦးလှမောင် ”

*****************

ညနေစာစားပြီး ခြံထဲဆင်းကာ လမ်းလျှောက်နေသည့် ဦးလှမောင်ထံသို့ ပုဂ္ဂိုလ်တစ်ယောက် ရောက်လာခဲ့ လေသည်။ ထိုသူကား တောင်စွန်းဦးရွှေကူးပင်ဖြစ်ပေတော့သည်။

“ ကိုလှမောင်ရှိသလားဗျို့ ”

နာမည်ခေါ်သံကြားလိုက်ရသဖြင့် လမ်းလျှောက်နေရာမှ ခြံဝသို့လျှောက်သွားလေသည်။

“ ဆရာ... ၊ ကျွန်တော် သွားကြည့်လိုက်မယ် ”

“ မကြည့်နဲ့တော့ ခင်မောင်စိုး။ အဲဒါ ဦးရွှေကူးရဲ့အသံပဲ ”

ခြံတံခါးသို့ရောက်သည့်အခါ ထက်အောက်ယောဂီရောင်ဝတ်ဆင်ထားပြီး ပြုံးရွှင်သည့်မျက်နှာဖြင့် စောင့်ကြို နေသည့်ဦးရွှေကူးကို မြင်တွေ့လိုက်ရသည်။

“ နေကောင်းလား ကိုလှမောင် ”

“ နေကောင်းတယ် ဦးရွှေကူးရေ။ မလာတာ ကြာပါပေါ့လား ”

“ ဟိုတစ်ရက်က လာသေးတယ်။ ခင်ဗျားမရှိဘူးဆိုလို့ ပြန်သွားတာ ”

“ လာ...ဦးရွှေကူး။ အထဲဝင်ပါဦး၊ ပြောစရာတွေအများကြီး။ ပြစရာလည်းရှိတယ် ”

“ ဝင်ပါ့မယ် ကိုလှမောင် ”

“ ထမင်းရော စားပြီးပြီလား ”

“ ကျွန်တော်က ညစာမစားဘူးဗျ ”

“ ဟုတ်လား။ ဥပုသ်စောင့်တာလား ”

“ ကျွန်တော်က နေ့တိုင်းရှစ်ပါးသီလယူတယ် ကိုလှမောင် ”

“ ကောင်းလိုက်တာဗျာ။ သာဓုသုံးကြိမ်ခေါ်ပါတယ် ”

ဦးလှမောင်နှင့် ဘေးချင်းယှဉ်ကာ လျှောက်နေရာမှ ဦးရွှေကူးက ခြေလှမ်းကို ရုတ်တရက်ရပ်ပြီး အိမ်ကို အသေအအချာကြည့်နေသဖြင့် ဦးလှမောင်လည်း ရပ်တန့်လိုက်ပြီး ဦးရွှေကူးကို လှည့်ကြည့်လိုက်သည်။

“ ဘာမြင်လို့လဲ ဦးရွှေကူး...... ”

“ ခင်ဗျားရဲ့အိမ်မှာ ထူးခြားမှုတစ်ခုရှိနေတာကို ခံစားလိုက်မိလို့ပါ ”

“ အိမ်ထဲရောက်မှ ပြောပြမလို့ပဲ ဦးရွှေကူး။ အခုမှ ပြစရာရှိတာကို သတိရလိုက်မိတယ်။ လာ..ဦးရွှေကူး။ ကျွန် တော်ပြမယ် ”

ဦးလှမောင်က ဦးဆောင်ပြီး ခြေရာကြီးနှစ်ခုရှိနေသည့်နေရာသို့ ထွက်သွားသဖြင့် ဦးရွှေကူးလည်း ဦးလှ မောင်နောက်မှ လိုက်သွားလေသည်။

“ ဟောဒီမှာကြည့်ပါဦး ဦးရွှေကူး ”

ဦးရွှေကူးက ဦးလှမောင်ပြနေသည့် ခြေရာကြီးနှစ်ခုကို မျက်မှောင်ကြုတ်က စူးစူးစိုက်စိုက်ကြည့်နေသည်။

“ ဘယ်လိုထင်သလဲ ဦးရွှေကူး ”

“ ခြေရာက ဒီနားမှာပဲရှိတာလား ကိုလှမောင် ”

“ ဟုတ်တယ် ဦးရွှေကူး ”

“ ခြေရာကို ကြည့်ရတာ အစွမ်းအစအတော်ထက်မြက်တဲ့သူရဲ့ခြေရာပဲ ကိုလှမောင်။ ဒေါသကြီးပြီး အစွမ်းထက် မြက်တဲ့ သူမျိုးပေါ့ဗျာ ”

“ ဘယ်လိုကြောင့် ပြောနိုင်တာလဲ ဦးရွှေကူး ”

“ ဒီမြေသားကိုကြည့်လေဗျာ။ မြေမာပေါ်မှာ ခြေရာနက်နက်ချနိုင်တယ်ဆိုကတည်းက အစွမ်းသတ္တိနဲ့ ခွန်အားရှိ နေတယ်။ ခြေရာက နှစ်ပေကျော်ဆိုတော့ အရပ်အမောင်းက ဆယ့်နှစ်ပေလောက်ရှိနိုင်တယ်။ အကြမ်းဖျင်းတွက် ကြည့်ရင် သာမန်လူသားတစ်ယောက်ရဲ့ ခြေဖနောင့်ထိပ်ကနေ ခြေမထိပ်အထိ အတိုင်းအတာဟာ ဆယ်လက်မ ရှိ တယ်ဆိုပါစို့။ အဲဒီဆယ်လက်မကို ခုနစ်လက်မနဲ့ မြှောက်ကြည့်။ လက်မခုနစ်ဆယ်ရမယ်။ အဲဒီလက်မ ခုနစ်ဆယ် ကို ဆယ့်နှစ်နဲ့ပြန်စားကြည့်ရင် အဲဒီခြေဖဝါး ဆယ်လက်မရှိတဲ့သူရဲ့အရပ်မောင်းဟာ ငါးပေနဲ့ ရှစ်လက်မ၊ ဒါမှမ ဟုတ် ခြောက်ပေထက်မကျော်တဲ့အရပ်အမောင်းဖြစ်ရမယ်။ မျိုးရိုးအလိုက် ခြေဖဝါးကြီးတဲ့သူတွေကိုလည်း ထည့် တွက်ရမယ်။ ခြေဖဝါးက ဆယ့်နှစ်လက်မရှိပေမယ့် အလွန်ဆုံးကွာရင်ခြောက်လက်မပဲ။ အခုခြေရာကနှစ်ပေနီးပါး ရှိပေမယ့် နှစ်ပေနဲ့ပဲတွက်ကြည့်။ အရပ်က ဆယ့်လေးပေနီးပါးရှိနေပြီ ”

“ ဟုတ်ပါတယ် ဦးရွှေကူး။ ကျွန်တော်နဲ့ ခင်မောင်စိုးတို့မြင်တာ အရပ်ကနည်းတာမှမဟုတ်တာ ”

“ ဘယ်လိုကနေ ဘယ်လိုစဖြစ်တယ်ဆိုတာ ကျွန်တော့်ကို ပြောပါဦး ”

“ ပြောပြမယ် ဦးရေကူးရေ။ လာဗျာ....အိမ်ထဲကို ကြွပါဦး။ ခင်မောင်စိုးရေ.....ဦးရွှေကူးအတွက် ကာဖီလေးဖျော် ပေးပါဦး ”

“ ဟုတ်ကဲ့ ဆရာ ”

*************

ဦးလှမောင်ပြောဆိုနေသမျှကို နားစိုက်ထောင်ရင်း မြေအောက်ခန်းတံခါးကို အသေအချာ ကြည့်နေသည်။

“ အဲဒါပဲ ဦးရွှေကူးရေ ”

“ ဘီလူးရုပ်ကို သွားယူပြီး ကျွန်တော့်ကို ပြပါဦး ”

“ ဟုတ်ကဲ့ ဦးရွှေကူး။ ခဏလေးစောင့်ပါ။ အပေါ်ထပ်မှာ သော့သွားယူလိုက်ဦးမယ် ”

ဦးလှမောင်သော့သွားယူနေစဉ်အတောအတွင်း ဦးရွှေကူးက မျက်စိကိုမှိတ်ကာ ငြိမ်သက်နေသည်။ ခဏ အကြာတွင် အိမ်ပေါ်ထပ်မှ ဦးလှမောင်ဆင်းလာပြီး မြေအောက်ခန်းတံခါးကိုသော့ဖွင့်ကာ ဆင်းသွားလေသည်။ မကြာခင်မှာပင် ဘီလူးရုပ်ကို ပိုက်ပြီး ဦးလှမောင် ပြန်ရောက်လာသည်။

“ ဒီမှာလေ ဦးရွှေကူး ”

ဦးရွှေကူးက မျက်လုံးကိုအသာဖွင့်ပြီး စားပွဲပေါ်မှ ဘီလူးရုပ်တုကို စိုက်ကြည့်လေသည်။

“ ကိုလှမောင်..... ”

“ ဟုတ်ကဲ့ ဦးရွှေကူး ”

“ ဒီရုပ်တုကို ဘယ်ကရတာလဲ ”

“ ဗန်းမော်မြို့ကပါ ဦးရွှေကူး ”

“ ခင်ဗျားရဲ့ ဘီလူးရုပ်က ဘီလူးဆိုတာထက် နတ်စစ်သည်ကို ကိုယ်စားပြုထားတာဗျ။ ဘီလူးစစ်စစ်မဟုတ်ဘူးဗျ ”

“ ဗျာ...... ”

“ ဟုတ်တယ် ကိုလှမောင်။ အခုအရုပ်နဲ့ ခြေရာကိုကြည့်တော့မှ သဘောပေါက်တော့တယ်။ ဘီလူးက ခြေဖနောင့် တိုတယ်၊ ခြေဖဝါးခွက်တယ်၊ ခြေမကြီးတယ်။ ခုနက ခြေရာက ခြေဖဝါးပြန့်တယ်။ ဖနောင့်ရှည်တယ်။ ခြေမက သူ့ခြေဖဝါးအတိုင်းအတာနဲ့ဆို အနေတော်ပဲ။ ကျွန်တော်ကြည့်ရတာတော့ ဒီရုပ်တုဟာ ဘီလူးမဟုတ်ဘူး ကိုလှ မောင်။ လက်ရာက တရုတ်ပြည်မကြီးက ရှေးခေတ်လက်ရာပဲ။ ကျွန်တော့်အထင် စစ်မင်း၊ စစ်ဘီလူးကို ရုပ်တု ထုပြီး စီရင်ထားတာဖြစ်ဖို့များတယ် ”

“ ဖြစ်နိုင်ပါတယ် ဦးရွှေကူး။ ရှေးခေတ်က စစ်မက်ဖြစ်ပွားတဲ့အခါ တစ်ဖက်က စစ်တပ်ကို အနိုင်တိုက်ဖို့အတွက် နာမ်နှိမ်တာတွေလုပ်ကြတယ်။ တိုက်ပွဲကျသွားတဲ့ စစ်သည်တွေရဲ့ ဝိညာဉ်တွေကို လောကီအစီအရင်နဲ့စီရင်ပြီး တိုက်ကြတယ်။ အဲဒီလိုအစီအရင်တွေနဲ့လုပ်တဲ့အခါ ရှေ့ကဦးဆောင်လာတဲ့ ဆင်တွေ မြင်းတွေက ကြောက်လန့်ပြီး ဖရိုဖရဲဖြစ်ကုန်ကြတယ်။ ဆင်တပ်၊ မြင်းတပ်တွေ ဖရိုမရဲဖြစ်ပြီး တပ်ပျက်တဲ့အခါမှ တကယ့်စစ်သည်တွေက အ လုံးအရင်းနဲ့ ဝင်တိုက်ကြတယ်ဗျ ”

“ ဒီရုပ်တုဟာ တရုပ်စစ်သူကြီးတစ်ယောက်ယောက်ရဲ့ ပုံစံကိုထုလုပ်ပြီး စီရင်ထားတာဖြစ်မယ်။ ပြောရမယ်ဆိုရင်

တော့ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ စစ်ဘီလူးပေါ့ဗျာ။ အကြောင်းတစ်ခုခုကြောင့် သေဆုံးသွားတဲ့အချိန်မှာ သူ့

ဝိညာဉ်ကို အစီအရင်နဲ့လုပ်ပြီး သူ့ရုပ်တုထဲကို ထည့်ထားပုံရတယ် ”

“ ဟုတ်လိမ့်မယ် ဦးရွှေကူး ”

“ ကျွန်တော် သိချင်တာက အရင်လူလက်ထက်မှာ ခင်ဗျားကြုံသလို မကြုံးဘူးလားဆိုတာပဲ။ သူတို့လည်း ခင် ဗျားလိုကြုံလို့ ဈေးချိုချိုနဲ့ ထိုးရောင်းတာမျိုးလည်း ဖြစ်နိုင်တယ် ”

“ အဲဒီလိုတော့ မဟုတ်လောက်ဘူးထင်တယ်။ ကျွန်တော့်ကို ရောင်းတဲ့သူတွေက တောသူတောင်သား ရိုးရိုးကြီး

တွေဗျ ”

“ ခင်ဗျားကို ဘယ်သူလမ်းညွှန်လိုက်တာလဲ ကိုလှမောင် ”

“ ဒေါက်တာအောင်ခင့်ဆီက သတင်းရလို့သွားဝယ်တာ ”

“ ဗန်းမော်မှာ သွားဝယ်တာလား ”

“ မဟုတ်ဘူး ဦးရွှေကူး။ ဗန်းမော်ကလာတဲ့သူတွေက ထောက်ကြံ့မှာတည်းကြတာ။ သူတို့တည်းတဲ့အိမ်ရှင်တွေက

ဒေါက်တာအောင်ခင်ဆေးကုပေးဖူးတဲ့သူတွေ။ ဒေါက်တာအောင်ခင်က သတင်းပေးလို့ အပြေးအလွှား သွားဝယ် ရတာဗျ ”

“ အင်း......၊ ဒီလိုလုပ်ဗျာ။ ကျွန်တော် ဒီည ခင်ဗျားအိမ်မှာ အိပ်လို့ရမလား ”

“ ဟာ......ရတာပေါ့ ဦးရွှေကူးရာ။ ဘယ်လိုပြောလိုက်ပါလိမ့် ”

“ ဒါဆို ကျွန်တော် ဒီမှာအိပ်ပြီး အခြေအနေကို စောင့်ကြည့်ချင်တယ်ဗျာ ”

“ ခင်မောင်စိုးကို အိပ်ရာပြင်ခိုင်းလိုက်မယ် ”

“ ဟုတ်ကဲ့ ကိုလှမောင်။ ကျွန်တော့်ကို ဘုရားခန်းမှာပဲ စီစဉ်ပေးပါ ”

“ စီစဉ်ပေးပါ့မယ်ဗျာ ”

***************

ဦးရွှေကူး၏ ဘုရားရှိခိုးနေသည့်အသံက ဦးလှမောင်၏အိမ်အတွင်း၌ ပျံ့လွင့်နေသည်။ ဦးလှမောင်လည်း မအိပ်ချင်

သေးသဖြင့် Albert Camus ရေးသားသည့် The Stranger ဝတ္ထုကို ဖတ်ရှုနေသည်။ ထိုအချိန်မှာပင် အောက် ထပ်မှ တဒုန်းဒုန်းထုနှက်နေသည့်အသံများကို ကြားလိုက်ရသဖြင့် ဖတ်လက်စစာအုပ်ကို ခုတင်ဘေးရှိ စားပွဲပေါ် သို့ တင်လိုက်ပြီး နားစွင့်လိုက်သည်။ တဒုန်းဒုန်းထုနှက်နေသည့်အသံများကိုကြားသော်လည်း ဦးရွှေကူး၏ ဘု ရားစာရွတ်ဖတ်သံက ရပ်တန့်သွားခြင်းမရှိပေ။ ထုနှက်နေသည့်အသံများကလည်း ပိုပြီးကျယ်လောင်လာသဖြင့် အခြေအနေကိုသိချင်လာသောကြောင့် အောက်ထပ်သို့ ဆင်းကြည့်ရန် အိပ်ရာမှ ထလိုက်သည်။ လှေကားထိပ်သို့ ဦးလှမောင်ရောက်ရှိသွားသည့်အချိန်တွင် ဦးရွှေကူး၏ ဘုရားစာရွတ်ဖတ်သံလည်း ရပ်တန့်သွားလေသည်။

အောက်ထပ်တစ်ခုလုံး မီးထွန်းထားခြင်းမရှိသဖြင့် လှေကားထစ်များကို စမ်းတဝါးဝါးဖြင့် သတိထားဆင်း လိုက်သည့်အချိန်မှာပင် အောက်ထပ်မှ ဦးရွှေကူး၏ အသံကို ကြားလိုက်ရလေသည်။

“ ဘယ်လိုလဲ ကိုလှမောင်။ အိပ်မရဘူးလားဗျ ”

“ အသံတွေကြားနေရတော့ အိပ်လို့ဘယ်ရပါ့မလဲဗျာ။ မီးဖွင့်လိုက်ပါလား ဦးရွှေကူး။ ကျွန်တော် ဘာမှမမြင်ရလို့ ”

“ ဒီအတိုင်းသာ ဖြည်းဖြည်းချင်း ဆင်းလာခဲ့ပါဗျာ။ ကျွန်တော် လှေကားထိပ်မှာ ရပ်စောင့်နေပါတယ်။ မီးကို အတမင် ပိတ်ထားတာဗျ ”

မည်သည့်အတွက်ကြောင့် မီးပိတ်ထားသည်ကို မသိသော်လည်း အကြောင်းတစ်စုံတရာရှိ၍ မီးပိတ်ထားခြင်း ဖြစ်ကြောင်း ဦးလှမောင် သသဘောပေါက်လေသည်။ အောက်ထပ်သို့ ရောက်သည့်အခါ လှေကားထိပ်တွင် ရပ် စောင့်နေသည့် ဦးရွှေကူးကို အမှောင်ထဲတွင် ရေးရေးမြင်လိုက်ရသည်။

“ မြေအောက်ခန်းတံခါးဝကို ကြည့်လိုက်ဦး ကိုလှမောင် ”

ဦးရွှေကူး ပြောသည့်အတိုင်း မြေအောက်ခန်းတံခါးကိုကြည့်လိုက်သည့်အခါ ဦးလှမောင်တစ်ယောက် တအံ့တသြဖြစ်သွားလေတော့သည်။ စူးရှပြီး ပြာလဲ့နေသည့် အလင်းရောင်က တံခါးကြားမှ အပြင်သို့ထွက် နေသည်။ ထုနှက်ရိုက်ပုတ်သံများ တိတ်ဆိတ်သွားသော်လည်း တံခါးက ဆောင့်တွန်းပြီးဖွင့်နေသကဲ့သို့ ရုန်း ကန်နေသည်။

“ ဘယ်လိုလုပ်ကြမလဲ ဦးရွှေကူး ”

“ စောင့်ကြည့်လိုက်ဦး ကိုလှမောင်။ အတော် အစွမ်းအစရှိတဲ့သူဆိုတာတော့ သေချာသွားပြီ။ တံခါးကို မဖွင့်ချင် လို့သာ မဖွင့်တာရှိမယ်။ တံခါးကို ဖောက်ထွက်လာလို့ရသားနဲ့ ကျွန်တော်တို့ကိုသိအောင် ပြနေတာဖြစ်မယ် ”

“ ကျွန်တော်တော့ အဲဒီအရုပ်ကို မထားချင်တေ့ဘူးဗျာ ”

“ ကျွန်တော့်အထင်တော့ အန္တရာယ်ပေးဖို့မဟုတ်လောက်ဘူးဗျ ”

“ ဒါဆို ဘာဖြစ်နိုင်သလဲ ဦးရွှေကူး ”

“ ဒီနေရာဟာ သူနဲ့မအပ်စပ်လို့ သူနဲ့အပ်စပ်မယ့်နေရာကို သွားချင်တာလည်းဖြစ်နိုင်တယ်။ ဒီလိုလုပ်ဗျာ၊ ဒီနေ့ ညတော့ ဒီအတိုင်းသာ လွှတ်ထားလိုက်ပေတော့။ မနက်ဖြန်မနက်ကျရင် အဲဒီရုပ်တုဝယ်လာတဲ့သူတွေဆီ ကျွန် တော့်ကို လိုက်ပို့ပေးပေတော့ ”

“ ဟုတ်ကဲ့ ဦးရွှေကူး ”

ဦးလှမောင်နှင့် ဦးရွှေကူးတို့စကားပြောဆိုနေစဉ် မြေအောက်ခန်းတံခါးသော့ခလောက်များက အလိုလိုပွင့် ထွက်သွားပြီး အခန်းထဲမှ အပြာရောင်အလင်းတန်းများနှင့်အတူ ကြီးမားသည့် လူရိပ်သဏ္ဌာန်ကြီးက ထွက်ပေါ် လာလေသည်။

“ ဦးရွှေကူး....လုပ်ပါဦး ”

“ မကြောက်ပါနဲ့ ကိုလှမောင် ”

“ မကြောက်လို့ရမလား။ တစ်ခုခုလုပ်ပါဦးဗျာ ”

“ ကျွန်တော်တို့ကိုလုပ်ချင်ရင် ကြာလှပေါ့ဗျာ။ ကျွန်တော် မေတ္တာပို့ထားပါတယ်။ ဘာမှမဖြစ်စေရဘူးဗျာ ”

ဦးလှမောင်က ဦးရွှေကူး၏နောက်ကျောဘက်သို့ တဖြည်းဖြည်းနှင့် တိုးကပ်သွားကာ မည်သို့ဆက်ဖြစ်လာ မည်ကို အထိတ်တလန့်ဖြင့် စောင့်ကြည့်နေသည်။ ဦးရွှေကူးကလည်း လူရိပ်သဏ္ဌာန်ကြီးကို မမှိတ်မသုံ စောင့် ကြည့်နေလေသည်။ ထိုအချိန်မှာပင် လူရိပ်သဏ္ဌာန်သည် ပို၍ပီပြင်လာခဲ့လေပြီ။ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး ဓားမောက်ကို ကိုင်ဆောင်ထားသူ၏ မျက်နှာသည် ခက်ထန်မာကြောပြီး ရက်စက်မည့်အသွင်ရှိလေသည်။ဝတ်စား

ဆင်ရင်ပုံသည်ရှေးခေတ် ဂန္ဓာလရာဇတ်တိုင်းမှ စစ်သူကြီးများဝတ်ဆင်သည့် ချပ်ဝတ်တန်ဆာကဲ့သို့ဖြစ်နေသည်။

“ ကိုလှမောင် ”

“ ဟုတ်....ဟုတ်ကဲ့ ဦးရွှေကူး ”

“ သူ့ကို သေသေချာချာကြည့်စမ်းပါ။ ဂန္ဓာလရာဇ်တိုင်းက စစ်သူကြီးတစ်ယောက်နဲ့ မတူဘူလားဗျ ”

“ ဟုတ်တယ် ဦးရွှေကူး။ သူဝတ်ဆင်ထားပုံက အေဒီထောင့်လေးရာခေတ်က အဝတ်အစားမျိုးပဲ ”

“ ဒါဆို အဲဒီနှစ်ဝန်းကျင်လောက်မှာ တရုတ်တွေနဲ့ စစ်အကြီးအကျယ်တိုက်ခဲ့တာ ဘယ်မင်းလက်ထက်လောက်

ဖြစ်မလဲကိုလှမောင် ”

“ အဲဒီနှစ်ဝန်းကျင်ဆိုရင်တော့ နရပတိလက်ထက်မှာ တရုတ်နဲ့ စစ်ဖြစ်ခဲ့ဖူးတယ် ဦးရွှေကူး။ သိုငံဘွားအရေးပေါ့။ သိုငံဘွားက ဦးတည်ဘွားရဲ့ မဟာရန်သူတော်ပေါ့ဗျာ။ ”

“ သမိန်ပရမ်းနဲ့ စီးချင်းထိုးတဲ့ ဂါမဏိ ( ကာမဏိ ) က ဘယ်နှစ်ခုနှစ်လောက်ကလဲ ကိုလှမောင် ”

“ ဂါမဏိက စောတယ်ဗျ။ ရာဇဓိရာဇ်မင်းလက်ထက်မှာဖြစ်ခဲ့တာ ”

“ ဒါဆို......သူဟာ ဂါမဏိများ ဖြစ်လေမလား ”

“ ဗျာ...... ”

“ ကျွန်တော့်အထင်တော့ သမိန်ပရမ်းနဲ့ စီးချင်းထိုးတာမှာ ဇီဝိန်ကြွေခဲ့တော့ ဂါမဏိရဲ့ ဝိညာဉ်ကိုချုပ်ပြီး နောက် ထပ်စစ်ပွဲတွေမှာ အသုံးချပုံရတယ်။ သူ့ပုံကိုကြည့်ရတာ စစ်ဘီလူးနဲ့တူတယ်ဗျ ”

“ စစ်ဘီလူးဆိုတာ ဘာကိုပြောတာလဲ ဦးရွှေကူး ”

“ စစ်ဘီလူးဆိုတာ ခွန်အားအလွန်ရှိတဲ့ သူရဲကောင်းစစ်သည်မျိုးပေါ့ဗျာ။ ဘီလူးတစ်ကောင်လို ကြမ်းတမ်းပြီး စစ်ဦးကနေ ရန်သူစစ်တပ်ထဲကိုထိုးဖောက် မွှေနိုင်တဲ့သူပေါ့ ”

“ ဂါမဏိ ဟုတ်မဟုတ်တော့မသိဘူးဗျ။ မျက်လုံးက ကြောင်တောင်ကန်းလိုပဲ။ မျက်ဆံမပါဘူးဗျ ဦးရွှေကူးရ ”

“ ရုပ်တုလုပ်ကတည်းက အဓိပ္ပါယ်ရှိရှိလုပ်ခဲ့ပုံရတယ် ကိုလှမောင်။ သဘောကတော့ ရန်သူကို စုံလုံးကန်းတိုက် ခိုက်မယ်ဆိုတဲ့သဘောနဲ့ လုပ်ထားပုံရတယ် ”

“ ကြည့်ရင်းနဲ့ ကြောက်လာတယ်ဗျာ။ တစ်ခုခု လုပ်ပါဦး ဦးရွှေကူး ”

“ ဘယ်လိုစီရင်ထားတယ်ဆိုတာ သိမှလုပ်လို့ရမယ် ကိုလှမောင် ”

“ ဒါတော့ ဟုတ်ပါတယ်။ ဂန္ဓာလရာဇ်စစ်သည်တွေက အတော်ကြမ်းတယ်ဗျ။ သိုငံဘွား အဆိပ်သောက်ပြီး သေ သွားလို့ သူ့အလောင်းကို ပြန်ပေးလိုက်တော့ ရင်ကိုခွဲ၊ အူကလီစာတွေထုတ်၊ တံစို့နဲ့ထိုး၊ မီးကင်ပြီးမှ တိုင်းပြည်ကို ပြန်သယ်သွားကြတယ်လို့ ဦးကုလားရဲ့ မှန်နန်းရာဇဝင်မှာ ရေးထားတယ်။ အခုလည်း ဘယ်သူ့ကို ဘယ်လိုလုပ် ပြီး စီရင်ထားတယ်မသိဘူး ”

“ ကျွန်တော် စမ်းကြည့်ဦးမယ်။ ခင်ဗျား အပေါ်ထပ်ကိုတက်နေဗျာ ”

“ ဟုတ်ကဲ့ ဦးရွှေကူး။ မီးဖွင့်လိုက်ရမလား ”

“ မဖွင့်နဲ့ ကိုလှမောင် ”

“ ဖြစ်ပါ့မလား ဦးရွှေကူး ”

“ သူနဲ့ ကျွန်တော်က ရန်သူတွေမဟုတ်ပါဘူးဗျာ ”

“ ဒါဆိုရင် ကျွန်တော် အပေါ်ထပ်ကနေ ကြည့်နေမယ် ”

“ အပေါ်ထပ်ကို အမြန်သွားတော့ ကိုလှမောင်။ ဘာအကြောင်းနဲ့မှ အောက်ထပ်ကို ဆင်းမလာနဲ့ ”

“ ဟုတ်ကဲ့ ဦးရွှေကူး ”

ဦးရွှေကူးက အပေါ်ထပ်သို့အမြန်တက်ခိုင်းသဖြင့် ဦးလှမောင်လည်း အိမ်ပေါ်ထပ်သို့ စမ်းတဝါးဝါးဖြင့် အမြန်တက်သွားလေသည်။ အိမ်ပေါ်ထပ်ရောက်၍ အောက်ထပ်သို့ ကြည့်လိုက်သည့်အခါ ဦးရွှေကူးက ဧည့်ခန်း ကြမ်းပြင်ပေါ်တွင် တင်ပြင်ခွေ ထိုင်ချလိုက်သည်ကို ပြာလဲ့လဲ့ အလင်းရောင်ဖြင့် မြင်တွေ့လိုက်ရသည်။ ဦးရွှေကူး မည်သည့်ဂါထာ မန္တန်များရွတ်ဆိုနေကြောင်း ဦးလှမောင် မသိသော်လည်း ဦးရွှေကူးထံသို့ လာနေသည့် စစ်ဘီလူး ကြီးကိုတော့ အသည်းတယားယားမြင်တွေ့လိုက်ရသည်။ သာမန်လူတစ်ယောက်အနေဖြင့် မြေအောက်ခန်းအဝမှ ဦးရွှေကူးထိုင်နေသည့်ဧည့်ခန်းသို့ ခြေလှမ်း ဆယ်လှမ်းကျော်မျှ လှမ်းရမည်ဖြစ်သော်လည်း စစ်ဘီလူးကြီးက ခြေ နှစ်လှမ်းသာလှမ်းရုံဖြင့် ဦးရွှေကူးထံသို့ တမဟုတ်ချင်းရောက်သွားလေသည်။

စစ်ဘီလူးကြီးထံမှထွက်နေသည့် ပြာလဲ့လဲ့အလင်းရောင်များက မီးတောက်နှင့်ဆင်သော်လည်း မီးတောက် ကဲ့သို့မဟုတ်ဘဲ အခိုးအငွေ့များမှ အလင်းရောင်ထွက်နေသကဲ့သို့ဖြစ်နေပေသည်။

စစ်ဘီလူးကြီးက ဦးရွှေကူး၏အရှေ့တွင် မားမားမတ်မတ်ရပ်ပြီး ဦးရွှေကူးကို ဓားမိုးပြီး ငုံ့ကြည့်နေပုံမှာ အလွန် အသည်းထိတ်စရာ ကောင်းလွန်းလှသည်။ ဦးရွှေကူးအား မည်သည့်အချိန်တွင်မည်သို့ပြုလုပ်လေမည်

နည်းဟူသည့်စိုးရိမ်စိတ်ဖြင့် မျက်တောင်ပင်မခတ်နိုင်ဘဲ ရင်တထိတ်ထိတ်ဖြင့်ကြည့်ရှုနေသည်။

စစ်ဘီလူးကြီးက မတ်တပ်ရပ်နေရာမှ ဦးရွှေကူးအရှေ့တွင် မုဆိုးဒူးထောက် ထိုင်ချလိုက်သဖြင့် ဦးလှမောင် တစ်ယောက် မျက်လုံးကို လက်နှစ်ဖက်နှင့် အမြန်ကာလိုက်သည်။ လက်ခြောင်းများကြားမှ မဝံ့မရဲကြည့်လိုက် သည့်အခါ ဦးရွှေကူးက တည်ငြိမ်စွာထိုင်လျက်ရှ်ပြီး စစ်ဘီလူးကြီးက ဓားမောက်ကြီးကို ပခုံးပေါ်ထမ်းထားလေ သည်။ အချိန်အတော်ကြာသည်အထိ ဦးရွှေကူးနှင့် ဘီလူးကြီးတို့ ငြိမ်သက်နေကြပြီး ထူးခြားမှုမရှိသဖြင့် ဦးလှ မောင် စိုးရိမ်စိတ်ဝင်လာသည်။ ဘီလူးကြီးက ဦးရွှေကူး၏အသက်ကို နှုတ်ယူခဲ့ပါက မိမိတို့လည်း ပြေး၍မလွတ် နိုင်ကြောင်း ဦးလှမောင် တွေးနေမိသည်။

ဘီလူးကြီးနှင့် ဦးရွှေကူးတို့ကို အထိတ်တလန့်ဖြင့် ကြည့်နေစဉ်မှာပင် အပြာရောင် အလင်းတန်းက တ ဖြည်းဖြည်းနှင့်မှိန်ဖျော့လာပြီး ဘီလူးကြီး၏ ခန္တာကိုယ်လည်း တဖြည်းဖြည်း သေးငယ်လာသည်ကို မြင်တွေ့ လိုက်ရလေသည်။ ခဏအကြာတွင် အပြာရောင်အလင်းတန်းက ရုတ်ချည်းပျောက်ကွယ်သွားပြီး အောက်ထပ် တစ်ခုလုံး မှောင်အတိ ဖုံးသွားလေတော့သည်။

“ ဦးရွှေကူး......ဦးရွှေကူး...... ”

ဦးရွှေကူးကို စိတ်ပူမိသဖြင့် အောက်ထပ်သို့ ပြေးဆင်းရန်ကလည်း အောက်ထပ်တစ်ခုလုံး မှောင်မည်းနေ သဖြင့် ဆင်းရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် ဦးရွှေကူး၏ အခြေအနေကိုသိလိုသဖြင့် အမည်ကို အဆက်မပြတ်ခေါ်ရ လေသည်။

“ ဖျောက်........၊ ဖျောက်..... ”

မီးခလုပ်ဖွင့်သံနှင့်အတူ အောက်ထပ်တစ်ခုလုံး မီးများလင်းထိန်သွားသဖြင့် မျက်လုံးကျိန်းစပ်သွားသော ကြောင့် မီးအလင်းရောင်ကို လက်ဖြင့်ကာလိုက်ပြီး ဦးရွှေကူးကို ရှာဖွေလေသည်။

“ ဦးရွှေကူး....ဗျိုး......ဦးရွှေကူး.... ”

“ စိတ်မပူနဲ့ဗျို့....။ ကျွန်တော် ဒီမှာရှိပါတယ် ”

ဦးရွှေကူး၏အသံကိုကြားလိုက်ရသဖြင့် စိတ်သက်သာရာရသွားပြီး အသံလာရာကို ကြည့်လိုက်မိသည့်အခါ ဘီလူးရုပ်ကို ပိုက်ထားသည့် ဦးရွှေကူးကို မီးခလုတ်အနီးတွင် တွေ့လိုက်ရလေသည်။

“ ဘာမှ မစိုးရိမ်နဲ့တော့ ကိုလှမောင် ”

“ ဗျာ......။ ကျွန်တော်ဖြင့် နားမလည်တော့ဘူး ဦးရွှေကူးရာ ”

“ လာခဲ့ဗျာ။ ကျွန်တော် ပြောပြမယ် ”

“ ဟုတ်ကဲ့ ဦးရွှေကူး ”

ဦးလှမောင်က ဦးရွှေကူးကို နားမလည်နိုင်သလိုကြည့်ရင်း လှေကားထစ်အတိုင်း အောက်ထပ်သို့ ဆင်းသွား လေသည်။

“ လာဗျို့...ထိုင်ခုံမှာထိုင်ပြီး အေးအေးဆေးဆေး ပြောကြတာပေါ့ ”

“ ဟုတ်ကဲ့ ဦးရွှေကူး ”

“ ဒီလိုဗျ.....။ ခင်ဗျားပြောတာ မှန်တယ် ”

“ အစမရှိအဆုံးမရှိနဲ့ ဘာမှန်တာလဲ ဦးရွှေကူးရာ ”

“ သြော်.....။ ခင်ဗျားပြောတဲ့ အေဒီ ထောင့်လေးရာလောက်ကဆိုတာရော၊ နရပတိလက်ထက်မှာ တရုတ်တွေနဲ့ စစ်ဖြစ်တယ်ဆိုတာရောပေါ့ဗျာ ”

“ ဗျာ.....၊ နားမလည်တော့ဘူး ဦးရွှေကူး။ ကျွန်တော်ပြောတာ မှန်တယ်လို့ ခင်ဗျားကဘယ်လိုအကြောင်းနဲ့ ပြော တာလဲ ”

“ ကျွန်တော့်ကို သူပြောပြတာလေဗျာ ”

“ ဟာ....။ သူက စကားပြောတတ်လို့လား။ ဗမာစကားပြောတာလား ”

“ ခင်ဗျားကို နားလည်အောင်ပြောရရင် ကျွန်တော်တို့က စိတ်ချင်းစကားပြောတာဗျ ”

“ ဟင်....... ”

“ ဟုတ်တယ် ကိုလှမောင်။ Six Sense ဆိုတဲ့ ဆဌမအာရုံနဲ့ စိတ်ချင်းစကားပြောကြတာပါ။ အဲဒီလို စိတ်ချင်း ဆက်သွယ်ပြီးစကားပြောတဲ့အခါ ဘာသာစကားဆိုတာ မလိုတော့ဘူးဗျ။ ဝိညာဉ်ချင်း ဆက်သွယ်တယ်လို့ အ လွယ်ပြောရမှာပေါ့ဗျာ ”

“ ဆက်ပြောပါဦး ဦးရွှေကူး။ ကျွန်တော် အတော်စိတ်ဝင်စားနေပြီ ”

“ သူက စစ်သူကြီးတစ်ယောက်ပဲ ကိုလှမောင်။ တိုက်ရည်ခိုက်ရည်အလွန်ကောင်းသလို စိတ်မြန်လက်မြန်နဲ့ ဒေါ သလည်းကြီးသတဲ့။ သူ့လက်အောက်မှာ တရုတ်စစ်သည်ပေါင်း သိန်းနဲ့ချီရှိသတဲ့။ သူဘယ်သူဆိုတာကိုတော့ မ ပြောဘူး။ သို့ပေမယ့် တိုက်ပွဲမှာ ကျသွားတဲ့ သူ့ရဲ့ဝိညာဉ်ကို အစီအရင်နဲ့လုပ်ပြီး ဗမာတပ်နဲ့တိုက်တဲ့တိုက်ပွဲမှာ အသုံးချတယ်တဲ့။ အဲဒီတိုက်ပွဲမှာ သူတို့တပ်တွေလည်း အကျအဆုံးများပြီး တပ်ပျက်ခဲ့တယ်တဲ့။ သူ့ဝိညာဉ်နဲ့ စီရင်ထားတဲ့ အရုပ်ကတော့စစ်တလင်းမှာ ကျန်ခဲ့တယ်တဲ့။ နောက်တော့ အလောင်းတွေကြားက သူ့အရုပ်ကိုမြင် တွေ့သွားကြပြီး စေတီတစ်ခုမှာ ထားကြတယ်တဲ့ ”

“ ဘယ်စေတီမှာထားတာတဲ့လဲ ဦးရွှေကူး ”

“ ကျွန်တော်လည်း မေးတာပဲ။ သူလည်းမသိဘူးတဲ့ ”

“ ဌာပနာထားတာများလား ”

“ အဲဒီလိုလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒီဘုရားမှာရှိတုန်းက သူ့မှာ အစွမ်းအစတွေမရှိတော့ဘူးတဲ့။ နောက်တော့ စေတီပြို ကျပြီး သူ့ကို လူတစ်ချို့က ယူသွားသတဲ့။ နောက်တော့ ခင်ဗျားဆီရောက်လာတယ်တဲ့။ သူ့ကို လွှတ်ပေးဖို့ ပြောတယ်ဗျ ”

“ ကျွန်တော်က သူ့ကို ချုပ်ထားတာမှ မဟုတ်တာ ”

“ ဒါတော့မှန်ပါတယ်။ ဒါပေမယ့် သူ့ကို လွှတ်ပေးရလိမ့်မယ် ကိုလှမောင် ”

“ ဗျာ.....။ ကျွန်တော် မှ မလုပ်တတ်တာ ”

“ သူပြောတဲ့အတိုင်းလုပ်ရုံပါပဲ။ သူက တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီး ခေါင်းဖြတ်ခံခဲ့ရတယ်တဲ့။ သူ့ရဲ့ခေါင်းကို ရိုက်ခွဲပြီး အတွင်းထဲက အစီအရင်တွေကို မီးရှို့ဖျက်စီးပေးဖို့ ပြောတယ် ”

“ ဗျာ.......။ ဦးရွှေကူး......၊ ဟုတ်လို့လားဗျာ ”

“ ယုံတာ မယုံတာက ခင်ဗျားအပိုင်းပဲ ကိုလှမောင်။ ကျွန်တော်ကတော့ သူပြောတဲ့အတိုင်း လုပ်ပေးလိုက်စေချင် တယ်။ သူကိုယ်တိုင်က လွတ်မြောက်ချင်နေပြီနဲ့တူပါတယ်ဗျာ ”

“ ဒါဆိုရင်လည်း ဦးရွှေကူးရဲ့သဘောပဲဗျာ ”

“ အဲဒီလိုတော့ မပြောနဲ့လေ ကိုလှမောင်။ ရုပ်တုပိုင်ရှင်က ခင်ဗျားလေဗျာ ”

“ လုပ်သာလုပ်ပါတော့ ဦးရွှေကူးရယ် ”

“ ကောင်းပြီဗျာ။ ကျွန်တော် လုပ်ကြည့်လိုက်ပါ့မယ် ”

ဦးရွှေကူးက ပြောပြောဆိုဆိုဖြင့် ဘီလူးရုပ်တု၏ဦးခေါင်းအား သစ်သားစားပွဲခုံစောင်းပေါ်သို့ ထုရိုက်ချလိုက် တော့သည်။

“ ခွမ်း............ ”

ဦးခေါင်းအား စားပွဲခုံစောင်းပေါ်သို့ ထုနှက်လိုက်သော်လည်း ဦးခေါင်းသာမက ရုပ်တုတစ်ခုလုံး အစိတ်စိတ် အမွှာမွှာဖြစ်သွားလေသည်။

“ ဟောဒီမှာဗျို့......တွေ့ပြီ ”

ဘီလူးရုပ်တုကိုယ်ထဲမှ ထွက်ကျပြီး ကြမ်းပြင်ပေါ်သို့ ကျနေသည့် အရာလေးကို ဦးရွှေကူးက ကောက်ယူ လိုက်ပြီးဦးလှမောင်ကို ပြလိုက်လေသည်။

“ ဘာလေးလဲဗျ ”

စက္ကူကဲ့သို့ အမျိုးအစားဖြင့် အထပ်ထပ်ထုပ်နှောင်ထားသည့်အထုပ်လေးကို ဦးလှမောင်က တအံ့တသြ ကြည့်ရင်း ဦးရွှေကူးကို မေးလိုက်သည်။

“ အသွေးအသား၊ ဒါမှမဟုတ် အူကလီစာတစ်ခုခုနဲ့ စီရင်ထားတဲ့ အစီအရင်ဗျ။ လာဗျာ.......အိမ်နောက်ဖေးမှာ မီးသွားရှို့လိုက်ရအောင် ”

ရုတ်တရက် ထိုင်ရာကထပြီး အိမ်နောက်ဖေးဘက်သို့ ထွက်သွားသည့် ဦးရွှေကူးနောက်မှ ဦးလှမောင်လည်း ထပ်ချပ်မကွာ လိုက်သွားလေသည်။ နောက်ဖေးမီးဖိုဆောင်သို့ရောက်သော် အိမ်နောက်ဖေးတံခါးကိုဖွင့်ကာ ခြံထဲ သို့ ဆင်းသွားပြန်သဖြင့် ဦးရွှေကူးနောက်သို့ လိုက်ရပြန်လေသည်။

ခြံထောင့်တစ်နေရာသို့ရောက်သော် ဦးရွှေကူးက လွယ်အိတ်ထဲမှ မီးခြစ်ကိုထုတ်လိုက်ပြီး ဂါထာမန္တန်တစ် ခုကို ရွတ်ဆိုကာ ဘီလူးရုပ်ထံမှရသည့် အရာကို မီးရှို့လိုက်လေသည်။ မီးရှို့လိုက်သည်နှင့် တပြိုင်နက် ပြာလဲ့လဲ့ မီးတောက်နှင့်အတူ မီးခိုးများ အူထွက်လာသဖြင့် ဦးလှမောင်တစ်ယောက် နောက်သို့ မသိမသာဆုတ်လိုက်လေ သည်။ ခဏအကြာတွင် ဘီလူးရုပ်ထံမှရရှိခဲ့သည့် အရာလေးသည် ပြာအတိအဖြစ်သို့ လျင်မြန်စွာရောက်ရှိသွားပြီး ပြာလဲ့လဲ့မီးတောက်တစ်ခုက အမြင့်သို့ လျင်မြန်စွာတက်ပြီး ရုတ်ချည်းပျောက်ကွယ်သွားလေတော့သည်။

“ ပြီးသွားပြီ ကိုလှမောင် ”

“ ပြီးတာတင်ဘယ်ဟုတ်ပါ့မလဲ ဦးရွှေကူးရယ်။ ရုပ်တုပါ ပျက်စီးသွားတာ၊ ပိုက်ဆံပါ ဆုံးရှုံးသွားတာလေဗျာ ”

“ ကျွန်တော် ခင်ဗျားကို မေးပါတယ်နော်။ ဒီလိုမှန်းသိရင် လုပ်မပေးပါဘူးဗျာ ”

“ ဒုက္ခမပေးဘူးဆိုရင်တော့ ထားပါတယ်ဗျာ ”

“ ခင်ဗျားကို ဒုက္ခမပေးဘူးထင်နေသလား ကိုလှမောင်။ သူ့ကို လွှတ်မပေးရင် ခင်ဗျားကို သတ်တော့မယ်ဆိုတာ ကျွန်တော့်ကို ပြောပါသဗျ ”

“ ဗျာ.......... ”

“ လာဗျို့......အိမ်ရှေ့က ခြေရာကို သွားကြည့်ကြရအောင် ”

“ ဟုတ်ကဲ့ ဦးရွှေကူး.... ”

အရှေ့မှ ဦးဆောင်ပြီး ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားသည့် ဦးရွှေကူးနောက်သို့ ဦးလှမောင်တစ်

ယောက် မပြေးရုံတမယ် အမီလိုက်ရလေသည်။ အိမ်ရှေ့တွင်ရှိသည့် ခြေရာအနီးသို့ရောက်သည့်အခါ ခြံဝင်းအ တွင်းထွန်းထားသည့် မီးရောင်အောက်တွင် ခြေရာများကို မတွေ့ရတော့ဘဲ ထက်ပိုင်းကျိုးနေသည့် ဓားမောက် လေးတစ်ချောင်းကို တွေ့လိုက်ရလေသည်။

“ ဒါ.....ဒါ......ဟိုရုပ်တုကဗျ။ ထူးဆန်းလိုက်တာဗျာ ”

“ လောကကြီးမှာ အထူးအဆန်းတွေ၊ မမျှော်လင့်တဲ့ဖြစ်ရပ်တွေ။ မကြုံဖူးတာတွေ အများကြီးရှိပါသေးတယ် ကိုလှမောင် ”

“ မှန်ပါတယ် ဦးရွှေကူးရယ်။ သို့ပေမယ့် ရှားပါးတဲ့ ရှေးခေတ်လက်ရာတစ်ခုကတော့ ပျက်စီးသွားတာပေါ့ဗျာ ”

“ ခင်ဗျားက မမှတ်သေးဘူးပဲ။ ကျွန်တော် ပြန်ခေါ်ပေးရမလား ကိုလှမောင်။ ဒီတစ်ခါဆိုရင်တော့ ကျွန်တော် မကယ်နိုင်တော့ဘူးနော်။ ခေါ်ပေးရမယ်ဆိုရင် အခုပြန်ခေါ်ပေးပါ့မယ် ”

“ ဟာ.....မလုပ်ပါနဲ့ ဦးရွှေကူး။ ကျွန်တော်က ရှေးဟောင်းပစ္စည်းကိုပဲ နှမြောမိတာပါ ”

“ ဒါဆိုရင်တော့ ဟောဒီဓားလေးကိုပဲ အမှတ်တရသိမ်းထားပေါ့ဗျာ ”

“ ဟာ...မ..မ...လုပ်နဲ့လေ... ”

ဦးရွှေကူးက ဘီလူးရုပ်တုထံမှ ရွှံ့စေးဖြင့်ပြုလုပ်ထားသည့် ဓားမောက်အကျိုးလေးကို ကောက်ယူလိုက် ပြီး ဦးလှမောင်၏လက်ထဲသို့ထည့်ပေးလိုက်ရာ ဦးလှမောင်၏မျက်နှာပေါ်တွင် ထိတ်လန့်သည့်အမူအရာများ ဖြစ် ပေါ်လာပြီး ဓားမောက်အကျိုးလေးကို ခြံပြင်သို့ အားကုန်လွှဲပစ်လိုက်လေတော့သည်။

“ ကြောက်လို့လား ကိုလှမောင် ”

“ ကိုယ်တိုင်ကြုံတွေ့ရပြီဆိုတော့ ယုံလည်းယုံပါတယ်။ ကြောက်လည်း ကြောက်ပါတယ်။ ဗန်းမော်၊ မိုးကောင်း၊ မိုးနဲဘက်မှာ နရပတိမင်းရဲ့တပ်တော်နဲ့ တရုတ်တပ်တွေ စစ်မက်ဖြစ်ခဲ့ကြတယ် ဦးရွှေကူး ”

“ ဒါဆို သေချာပြီ ကိုလှမောင် ”

“ ဘာတွေ သေချာတာလဲ ဦးရွှေကူး ”

“ သူပြောတဲ့အထဲမှာ အဲဒီအကြောင်းတွေလည်း ပါတယ်ဗျ ”

“ နေဦးဗျာ.....ဓားမောက်လေး ပြန်ကောက်လိုက်ဦးမယ် ”

“ ဟာ.....ဦးရွှေကူး....မလုပ်ပါနဲ့ဗျာ.... ”

“ ဟား....ဟား...ဟား...... ”

အားရပါးရ ရယ်မောနေသည့် ဦးရွှေကူးကို ရှက်ကိုးရှက်ကန်းဖြင့်ကြည့်ကာ ဦးလှမောင်လည်း ရယ်မော လိုက်လေတော့သည်။

“ ဆရာ.....ဘာဖြစ်တာလဲ ”

ဦးရွှေကူးတို့ ဟက်ဟက်ပက်ပက် ရယ်မောနေစဉ် ခင်မောင်စိုးလည်း အပြေးအလွှားရောက်လာလေသည်။

“ ဘာမှမဖြစ်ပါဘူးကွာ ”

“ ဘာမှမဖြစ်ဘဲ ဘာဖြစ်လို့ ရယ်နေကြတာလဲဆရာ။ အကြောင်းတော့ ရှိမှာပါ ”

“ အခြားမဟုတ်ဘူးဟေ့....၊ ဟိုဘီလူးကြီးတော့ ငါ့ဆီကနေ ထွက်သွားပြီကွ ”

“ ဗျာ......ဘယ်ကို ထွက်သွားတာလဲဆရာ ”

“ မင်း မသိလိုက်ဘူးလား ”

“ မသိဘူးလေဆရာ။ ကျွန်တော် ထမင်းစားပြီးကတည်းက အိပ်ပျော်သွားတာ။ တစ်ရေးနိုးလို့ ခြံထဲက စကား ပြောသံတွေကြားတာနဲ့ ထကြည့်တာ။ ဆရာတို့ဖြစ်နေလို့ ပြေးလာခဲ့တာ။ ဟိုဘီလူးကြီး ဘယ်ရောက်သွားပြီလဲ ဆရာ ”

“ ငါ့အိမ်ထဲကနေ ထွက်ပြီး မင်းဆီသွားတာ မြင်လိုက်တယ်ကွ ခင်မောင်စိုးရ ”

“ ဗျာ.....ဆရာ.....မ....မလုပ်ကြပါနဲ့။ ကျွန်တော် မနေရဲတော့ဘူးဗျ ”

“ ဟား...ဟား...ဟား..... ။ လာဗျာ...ဦးရွှေကူး။ အိပ်မရသေးတဲ့အတူ စကားထိုင်ပြောကြရအောင် ”

“ ကောင်းတယ်ဗျာ ”

“ ဆ....ဆရာ......။ ကျွန်တော်ပါ လိုက်မယ် ”

“ မင်းက ဘာလုပ်ဦးမလို့လဲ ”

“ ကျွန်...ကျွန်တော် မနေရဲလို့ပါ ”

“ အေးပါကွာ။ ငါက အတမင်စတာပါ။ ငါ့အိမ်မှာပဲ အိပ်လိုက်တော့။ တစ်ခုတော့ရှိတယ် ခင်မောင်စိုး ”

“ ဘာလဲ ဆရာ ”

“ ဘီလူးက မြေအောက်ခန်းနဲ့ မင်းဆီကို အသွားအပြန်လုပ်မှာနော် ”

“ ဗျာ.......... ”

“ မင်းမယုံရင် အိမ်ထဲရောက်တဲ့အခါကြည့်လိုက်။ မြေအောက်ခန်းတံခါးသော့တွေက သူ့အလိုလို ပွင့်သွားတာကွ ”

“ ဟာ........ ”

“ လာဗျာ....ဦးရွှေကူး။ အိမ်ထဲဝင်ကြရအောင် ”

“ ဟုတ်ကဲ့ ဦးလှမောင် ”

ဦးလှမောင်တို့ သုံးယောက် အိမ်ထဲရောက်သည့်အခါတွင် မြေအောက်ခန်းတံခါးအား ခြေရာလက်ရာမပျက် သော့ခတ်လျက်သားရှိနေသည်ကို အံ့သြစွာ မြင်တွေ့လိုက်ရလေတော့သတည်း။

*************

ပြီးပါပြီ

ချစ်ခင်လေးစားစွာဖြင့်

လွင်ဦးဟန်

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..