အောင်လတို့ရွာ ….
lotaya.mpt.com.mm
|
2019-10-26



သီတင်းကျွတ်လပြည့်ညဆိုတော့ ရွာဦးဘုန်းကြီးကျောင်းမှာ တစ်ရွာလုံးနီးပါးရောက်ရှိနေကြ၏။ ဘုန်းကြီးကလည်း အံ့အားသင့်မိတာပေါ့ ခါတိုင်းနှစ်တွေတုန်းက ဒီလိုညမျိုးဆို သူ့ဘုန်းကြီးကျောင်းကြီးက ခြောက်ကပ်နေလေ့ရှိပြီး ရွာသူရွာသားတွေတော်တော်များများက အပျော်အပါးဘက်ကိုပဲ ရောက်နေကြတာများသည်။ ဒီနှစ်တော့ ရွာသူရွာသားတွေ ဘုရားတရားဘက် အာရုံရောက်လာကြပြီထင်တယ်ဟု တွေးနေမိသည်။

“တစ်ရွာလုံး လူစုံတက်စုံပါလား လပြည့်ညမှာ တရားလာနာကြတာလား”

“မဟုတ်ဘူး ..ဘုရား”

ရွာသားတစ်ယောက်ရဲ့ အဖြေကြောင့် ဘုန်းကြီးမျက်မှောင်ကျုံ့သွားသည်။

“ဒါဆို ဘာလာလုပ်တာတုန်း”

“အောင်လ ပွဲ လာကြည့်တာပါ ဘုရား”

“ဟေ…”

ဘုန်းကြီး စိတ်ထဲ ဇဝေဇဝါဖြစ်သွားသည်။

“အောင်လ ရှိုးပွဲရှိလို့လား”

“ အာ.. မဟုတ်ဘူးလေ .. အရှင်ဘုရားပြောနေတာက အဆိုတော်အောင်လ.. တပည့်တော်တို့ပြောနေတာက လက်ဝှေ့သမားအောင်လ”

ဘုန်းကြီးလည်း ခေါင်းကိုသာ ခါယမ်းနေမိသည်။

အောင်လပွဲ စ ပြီ။

တစ်ရွာလုံး လက်သီးလက်မောင်းတွေ တန်းပြီး အားပေးနေကြတာများ အားရစရာကြီး။

“ထိုးလေ .. ထိုးဟ”

“ကြိတ်ထား .. သူငယ်ချင်းအောင်လရေ”

မသိရင်ဘဲ သူတို့က အောင်လ ရဲ့ သူငယ်ချင်းတွေလိုလို။

ကလေး၊ လူကြီး၊ မိန်းမ တွေပါမကျန် လာအားပေးပုံထောက်ရင် အောင်လ က လက်ဝှေ့ထိုးတော်တော်လေးကောင်းမယ်ထင်တယ်ဟု ဘုန်းကြီးတွေးနေမိသည်။

“ ဟဲ့ ..ဟဲ့ .. ဟိုအကောင် .. မညစ်ပတ်နဲ့နော်”

ထမိန်ကို ခပ်တိုတိုပြင်ဝတ်ကာ လူအုပ်ကြားထဲက မတ်တပ်ထရင်း လှမ်းအော်လိုက်တဲ့ မထက် ကြောင့် တစ်ရွာလုံး တိတ်သွားသည်။

“ဘာဖြစ်လို့လဲ .. မထက်”

“ဟို.. ဘက်ကကောင်လေ ငါတို့ အောင်လ ကို ချီးကုန်းတဲ့ ဘယ်ဘက်လက်ကြီးနဲ့ အတင်းလိုက်ကပ်နေတာ မတွေ့ဘူးလား”

MMA ပြိုင်ပွဲတွေက မြန်မာ့လက်ဝှေ့တွေလို မဟုတ်ဘဲ ကိုယ်ခံပညာဘက်စုံသုံးတဲ့ ပြိုင်ပွဲဆိုတော့ တိုက်ခိုက်ရေးနည်းစနစ်တွေကလည်းစုံသည်။ ဒီရွာက လူတွေအနေနဲ့ မြန်မာ့လက်ဝှေ့လောက်သာ ကြည့်ဖူးကြတော့ နည်းနည်းတော့ ဆန်းကြယ်နေပုံရသည်။ တစ်ချီမှာ အောင်လ ကို တစ်ဖက်ကလူက ခါးကနေသိုင်းဖက်ပြီး ပစ်လှဲလိုက်ချိန်မှာ …

“ ဟာ .. သူတို့ ချနေတာဂျီးကလည်း တား အဖေနဲ့အမေ အတိုင်းပဲ”

“ဒီကောင်လေးတော့ ဒုက္ခပဲ”

ကလေးတွေကလည်း သူတို့ထင်တာ သူတို့ပြောရင်း အားပေးနေကြသည်။

“ မနိုင်ရင် .. အဲဒီကောင် ခြေသလုံးမွှေးပိတ်ဆွဲလိုက်လေဟာ”

“ အောင်လေရေ … ဟိုဘက်ကကောင် နှာခေါင်းထဲ လက်ညှိုးထိုးထည့်လိုက်”

“ချုပ်ထား .. ချုပ်ထား ..အောင်လ”

“ချိုင်းကြားထဲကို ထည့်ထားလိုက် အဲ့ကောင် ချိုင်းချွေးနံ့မခံနိုင်လောက်ဘူး”

အချို့က ပုဆိုးတွေ ခါးတောင်းကျိုက်ကာ အားမလိုအားမရတွေ ဖြစ်လာသလို၊ အသည်းနုတဲ့ မိန်းမတွေကလည်း မျက်လုံးကိုလက်ဝါးနဲ့ အုပ်ကာ ဆက်မကြည့်ရဲကြ။ ဒုတိယအချီမှာ အောင်လ ရော ၊ ပြိုင်ဘက်ကစားသမားပါ အပြန်အလှန်တွေ ဖွင့်ထိုးနေကြတော့ ပွဲက အတော်လေးကြည့်ကောင်းလာသည်။ တစ်ချိန်မှာတော့ ပြိုင်ဘက် ကစားသမားရဲ့ ပတ်တံတောင်ကြောင့် အောင်လ နဖူးကွဲပြီး သွေးတွေကျတာမြင်တော့ ..

“ အမလေး … သေပါပြီ … ငါ့အောင်လေ လေး သေပါပြီ .. ဟဲ့ ဆွဲကြပါဦးဟဲ့”

“ ဟာ… အဒေါ်ကြီးကလည်း ရန်ဖြစ်နေတာမှ မဟုတ်တာ ဘယ်လို ဝင်ဆွဲလို့ရမှာလဲ”

အောင်လ က နဖူးကွဲသွားတယ်ဆိုပေမဲ့ ဒေါင်ဒေါင်မြည်နေသေးတာကြောင့် ပြိုင်ဘက်ကစားသမားကို ပြန်ထိုးနိုင်ပြီး နောက်ဆုံးမှာတော့ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူနိုင်ခဲ့သည်။ အဆုံးသတ်ထိုးချက်တွေမှာ တစ်ရွာလုံး ဝမ်းသာအားရတွေဖြစ်ကုန်ပြီး ဘုန်းကြီးကျောင်းတစ်ခုလုံး သိမ့်သိမ့်တုန်နေသည်။

“ အောင်လ ကွ .. လာမစမ်းနဲ့”

“ ငါတို့ အောင်လ ကွ ဘာမှတ်နေလဲ”

ရွာဦးဘုန်းကြီးလဲ တော်တော်လေးအံ့အားသင့်မိသည်။ လက်ဝှေ့သမားတစ်ယောက်ကို ဒီလောက်ထိအားပေးတာမျိုးလည်း တစ်ခါမှမမြင်ဖူးခဲ့ပေ။ လွန်ခဲ့တဲ့ လေးရက်လောက်ကမှ တစ်ရွာလုံးနီးပါးပဲ ညဘက်ကြီးရောက်လာပြီး မြန်မာ့လက်ရွေးစင်ဘောလုံးပွဲ လာကြည့်သွားကြသေးသည်။ အဲဒီတုန်းကတော့ တိတ်ဆိတ်ငြိမ်သက်လို့။ ဘာပဲပြောပြော ရွာဦးဘုန်းကြီးလဲ အောင်လ ကို တော်တော်လေးကျေးဇူးတင်မိသည်။ ပြီးခဲ့တဲ့ မြန်မာဘောလုံးပွဲအပြီး နောက်တစ်နေ့မှာ တစ်ရွာလုံးချက်တဲ့ ဟင်းတွေက ဘဲဥနဲ့ကန်စွန်းဟင်းတွေသာ များနေသည်။ အော် .. စိတ်ပျက်ဝမ်းနည်းပြီး အိပ်ရာဝင်လိုက်ရတော့ နောက်တစ်နေ့မှာ ဟင်းကောင်းကောင်းမချက်နိုင်ရှာတာပဲလေလို့ ဖြည့်တွေးပေးလိုက်ရသည်။ ဒီနေ့ အောင်လ အနေအထားအရဆိုရင်တော့ မနက်ဖြန် ဆွမ်းဟင်းကောင်းကောင်းနဲ့ ဘုန်းပေးရဖို့များနေပြီလေ။ ။

ခြူးသစ်မောင်

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..