
ကျွန်ုပ်သည် ခရိုင်ဦးစီးမှုးတာဝန်ဖြင့် သက်ပြည့်ပင်စင်ယူခဲ့ပြီးနောက်ပိုင်း၌ အလုပ်မရှိအကိုင်မရှိသဖြင့် နေမရထိုင်မရဖြစ်နေခဲ့သည်။
မနက်မိုးလင်းသည်နှင့် ကော်ဖီတစ်ခွက်၊ နံပြားထောပတ်သုတ်တစ်ချပ်၊ သတင်းစာတစ်စောင်ဖြင့် မနက်စာစားသောက်ရင်း တစ်နေ့တာ
ကုန်ဆုံးရန် မည်သို့ဖြတ်သန်းရမည်ကိုသာ တွေးနေမိလေသည်။
နှစ်ပေါင်းလေးဆယ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့်ကျွန်ုပ်သည် နံနက်စာ စားပြီးလျှင် ရုံးသွားရမည်ဆိုသည့်အသိစိတ်က အရိုးစွဲနေ
ခဲ့သဖြင့် နံနက်စာ စားပြီးသည်နှင့် အဝတ်အစားလဲကာ ရုံးသွားရန်ပြင်ဆင်လေ့ရှိသည့် ကျွန်ုပ်အား ဇနီးသည်က အမြဲလိုလို သတိပေးရလေ့
ရှိသည်။ အလုပ်မဲ့အကိုင်မဲ့ ဖြစ်နေသည့် ကျွန်ုပ်အဖို့ ခြံထဲတွင် ပန်းပင်များ စိုက်ပျိုးခြင်း၊မြက်နှုတ်ခြင်း၊ ရေလောင်း ပေါင်းသင်ခြင်းဟူသည့်
မာလီအလုပ်၌လည်းကောင်း၊ မြေးများကို ထိန်းကျောင်းရသည့် နာနီအလုပ်၌လည်းကောင်း အလိုအလျောက်တာဝန်ခန့်အပ်ခြင်းခံခဲ့ရလေ
သည်။ နှစ်ပေါင်းလေးဆယ်နီးပါး အစိုးရဝန်ထမ်းအလုပ်ကိုသာ တစိုက်မှတ်မှတ်လုပ်ကိုင်လာခဲ့သည့်ကျွန်ုပ်သည် အခြားစီးပွားရေးကိုလည်း
မလုပ်တတ် မကိုင်တတ်ရှိချေ၏။
နေ့လယ်စာ စားသောက်ပြီး နေ့ခင်းနေ့လယ်တွင် တရေးတမော အိပ်စက်ခြင်းမပြုတတ်သည့်ကျွန်ုပ်အတွက် နေ့လယ်ခင်းသည် ပျင်း
ရိငြီးငွေ့ဖွယ် ကောင်းလှသည်။ ထိုအချိန်မျိုးတွင် ကျွန်ုပ်၏စိတ်က အတိတ်သို့လွင့်မြောနေတတ်သည်။ ဝန်ထမ်းသက်တစ်လျှောက် ကျွန်ုပ်
ကြုံတွေ့ခဲ့ရသည်များကို စားမြုံ့ပြန်မိသည်။ စာရေးသားခြင်းကို ဝါသနာထုံသော်လည်း တာဝန်ထမ်းဆောင်နေစဉ်က အလုပ်များသည့်အ
တွက် ကျွန်ုပ်၏ကိုယ်တွေ့ဖြစ်ရပ်များကို မရေးဖြစ်ခဲ့ပါ။ ယခုလိုအလုပ်မရှိအကိုင်မရှိသည့်အချိန်မျိုးတွင် ကျွန်ုပ်ကြုံတွေ့ခဲ့ရသည့်အကြောင်း
များကို စာရေးသားပြီးပြုစုရလျှင်ကောင်းလေစွဟု တွေးမိလေ၏။ ထို့ကြောင့်လည်း ကျွန်ုပ်၏အတွေ့အကြုံများထဲမှ တစ်ခုသောအကြောင်း
အရာအား ရေးသားလိုက်ရပေတော့သည်။
*************
အမှုထမ်း အရာထမ်းဖြစ်သည့်ကျွန်ုပ်သည် နေရာဒေသစုံတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ လူမျိုးပေါင်းစုံ၊ စရိုက်ပေါင်းစုံနှင့်လည်း
ပေါင်းသင်းဆက်ဆံခဲ့ရသည်။ အရက်သေစာကို မက်မက်မောမောမရှိလှသော်လည်း အပေါင်းအသင်းစုံပါက ဒေါင်မရေ ကလိုက်ချင်သေး
ဆိုသည့်သီချင်းစာသားကဲ့သို့ တက်တက်ကြွကြွရှိပေ၏။ ကျွန်ုပ်သည် သရဲတစ္ဆေကို မြင်တွေ့ဖူးခြင်းမရှိသည့်အတွက် ကြောက်တတ်သူမ
ဟုတ်သလို အယုံအကြည်လည်းမရှိပေ။ သရဲတစ္ဆေ ကြောက်တတ်သူများကိုလည်း အထင်သေးလေ့ရှိပေသည်။ သို့ပါသော်လည်း ကျွန်ုပ်
ကိုယ်တိုင် နှဖူးတွေ့ ဒူးတွေ့ ကြုံကြိုက်သည့်အခါမှာတော့ အသက်ပျောက်လုနီးပါး ခံစားခဲ့ရလေသည်။ သေလွန်ပြီး အခြားဘဝတစ်ခုသည်
ကျွန်ုပ်တို့နှင့် နီးကပ်စွာရှိနေကြကြောင်းကောင်းစွာ သိခွင့်ရခဲ့လေသည်။ မစမ်းသင့်သည့်အလုပ်ကို ရူးမိုက်စွာပြုလုပ်ခဲ့သည့်အတွက် ကျွန်ုပ်
ကိုယ်တိုင် အသက်လုပြီး ပြေးခဲ့ရခြင်းအကြောင်းအား ရေးသားတင်ဆက်လိုက်ရပေတော့သည်။
**************
ထိုစဉ်က ကျွန်ုပ်သည် မြို့နယ်ဦးစီးမှုးတာဝန်ဖြင့် ရာထူးတစ်ဆင့်တိုးပြီး မြေလတ်ဒေသရှိ မြို့တစ်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်
ရလေသည်။ ထိုနယ်မြေသည် ကျွန်ုပ်နှင့် စိမ်းနေသဖြင့် ရောက်ခါစတွင် နေရထိုင်ရသည်မှာ အဆင်မပြေ ဖြစ်ခဲ့ရပေသည်။ သို့သော်လည်း
တစ်လခန့် ကြာမြင့်သည့်အခါ ကျွန်ုပ်တွင် မိတ်ဆွေများရရှိလာခဲ့သည်။ ကျွန်ုပ် တာဝန်ထမ်းဆောင်နေသည့် ဌာနသည် တရားရေးဌာန၊ အုပ်
ချုပ်ရေးဌာနများနှင့်လည်း အလျင်းသင့်သလို ပတ်သက်ဆက်နွယ်နေရသဖြင့် မြို့နယ်တရားသူကြီး၊ ရဲတပ်ဖွဲ့မှုး၊ စခန်းမှုး၊ မီးသတ်တပ်ဖွဲ့
မှုးအပြင် အခြားဌာနဆိုင်ရာမှ အရာရှိကြီးများနှင့်လည်း ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ ထိုဌာနဆိုင်ရာ အရာရှိများထဲတွင် ကျွန်ုပ်နှင့်လွန်စွာ
ပနံသင့်သူဟူ၍ မြို့မစခန်းမှုး ကိုနေဝင်းတစ်ယောက်သာရှိပေသည်။ ကိုနေဝင်းသည် တာဝန်ချိန်တွင် စကားပြတ်ပြတ်ပြောတတ်ပြီး မျက်
နှာတည်မျက်နှာထားဖြင့်ရှိတတ်သော်လည်း ကျွန်ုပ်တို့နှင့် ဝိုင်းဖွဲ့သည့်အခါ ရယ်စရာမောစရာများကို ပုံတိုပတ်စများဖြင့် စီကာပတ်ကုံးပြော
ဆိုတတ်သူဖြစ်ပေသည်။ အခြားအရာရှိများက အတူဝိုင်းဖွဲ့စားသောက်တတ်သော်လည်း ရာထူးနှင့် ဂုဏ်သိက္ခာကိုထိန်းကာ စားသောက်
တတ်ကြသဖြင့် ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး လွတ်လွတ်လပ်လပ် ပြောဆိုတတ်ကြသည့် ကျွန်ုပ်နှင့်ပနံမသင့်လှပေ။ ကိုနေဝင်းသည် ကျွန်ုပ်
ကဲ့သို့ ပျော်တတ်ရွှင်တတ်ပြီး လွတ်လွတ်လပ်လပ်ပြောဆိုတတ်သူ ဖြစ်သည့်အတွက် ကျွန်ုပ်နှင့် ညီအစ်ကိုရင်းသဖွယ် ဖြစ်နေခဲ့လေသည်။ ထို့
အပြင် ကျွန်ုပ်နှင့်ပနံသင့်သူတစ်ယောက်လည်း ရှိနေပေသေးသည်။ ထိုသူကား ဌာနဆိုင်ရာ အရာရှိတစ်ယောက်မဟုတ်ဘဲ ကွမ်းယာရောင်း
သည့် ကိုချစ်တီးဆိုသူဖြစ်ပေသည်။ ကိုချစ်တီးသည် ထိုမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်သည့်အပြင် အပ်ကျသည်ကအစ အ
ကုန်သိသူဖြစ်လေသောကြောင့်စခန်းမှုးကိုနေဝင်း၏ လက်စွဲတော်တစ်ယောက်ဖြစ်နေပေသည်။
အခြားသော အရာရှိများနှင့် ရံဖန်ရံခါလောက်မှသာ ဝိုင်းဖွဲ့ဖြစ်သော်လည်း ကိုနေဝင်း၊ ကိုချစ်တီးနှင့် ကျွန်ုပ်တို့သည်ကား ညနေခြောက်
နာရီတိုင်း မိသားစု စားသောက်ဆိုင်တွင် ဝိုင်းဖွဲ့ဖြစ်ကြလေသည်။ ကြားရက်များတွင် ညနေခြောက်နာရီမှ ညရှစ်နာရီလောက်သာ ဝိုင်းဖွဲ့ဖြစ်
သော်လည်း စနေနေ့လို ရုံးပိတ်ရက်မျိုးတွင် ညနေ လေးနာရီမှ ညသန်းခေါင်ကျော်သည်အထိ ဝိုင်းဖွဲ့ဖြစ်ကြသည်။ ကိုနေဝင်းသည် အချိန်
ပြည့်တာဝန်ရှိနေသူဖြစ်သည့်အတွက် စခန်းနှင့်နီးသည့် မိသားစုစားသောက်ဆိုင်ကို ရွေးချယ်ခဲ့ရခြင်း ဖြစ်ပေသည်။
ထိုနေ့က ကိုနေဝင်း၊ ကိုချစ်တီးနှင့်အတူ နယ်ထိန်းဒုရဲအုပ် ကိုစိုးကြည်လည်း ကျွန်ုပ်တို့နှင့်အတူ ဝိုင်းဖွဲ့ဖြစ်လေသည်။
“ ဦးစီး……ခင်ဗျား သရဲ တစ္ဆေကို ယုံသလားဗျ ”
“ ဖြူသလားမည်းသလားတောင်မမြင်ဖူးတော့ ဘယ်လိုလုပ်ပြီး ယုံမှာလဲဗျာ ”
“ ဒါတော့ ကျွန်တော်နဲ့တူသွားပြီ။ ဒါပေမဲ့ အခုတော့ ကျွန်တော်ယုံသွားပြီဗျ ”
“ ဗျာ……ဘယ်လိုကြောင့်လဲ စခန်းမှုး ”
“ အဲဒီအကြောင်းပြောပြချင်လို့ စိုးကြည်ကိုပါ ခေါ်လာခဲ့တာ ”
“ လုပ်စမ်းပါဦး ”
“ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဟောဒီမြို့မှာ ထူးဆန်းတဲ့ လူသတ်မှုဖြစ်ခဲ့တယ် ”
“ ဘယ်လို ထူးဆန်းတာလဲ စခန်းမှုး ”
“ ဒီမြို့အထွက်က အိမ်တစ်ခုမှာ ဖြစ်ပွားခဲ့တာဗျ။ လူသတ်တရားခံကို ဘယ်လိုမှရှာမရဘူး။ မြို့နယ်မှုးကလည်း ဖိအားပေး။ ခရိုင်ကလည်း
ထု။ ကျွန်တော်လည်း ရာထူးကျမလား အလုပ်ပြုတ်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်နေရတဲ့အချိန်ပေါ့ဗျာ။ အမှုကို နည်းမျိုးစုံနဲ့လိုက်
ပေမယ့် ဘယ်လိုမှသဲလွန်စမရခဲ့ဘူး။ နောက်ဆုံးတော့ နည်းလမ်းတစ်ခုကိုရွေးပြီးလုပ်တော့မှ အဆင်ပြေတော့တယ် ”
“ လုပ်စမ်းပါဦးဗျာ။ စိတ်ဝင်စားလာပြီ ”
“ ဖြစ်ပုံက ဒီလိုဗျ။ ဇူလိုင်လ ဆယ့်ခြောက်ရက်နေ့မနက်ခြောက်နာရီလောက်မှာ ကျွန်တော့်ငယ်ထိပ်ကိုမြွေပွေးတက်ပေါက်တဲ့သတင်းတစ်ခု
ရောက်လာတယ်။ အဲဒီသတင်းက မြို့အထွက်ကအိမ်မှာ အပုပ်နံ့တွေထွက်နေလို့ဆိုတဲ့သတင်းပဲ။ သတင်းပေးတဲ့သူကအခင်းဖြစ်တဲ့အိမ်နဲ့
ကပ်လျက်မှာ ကားတာယာ လေထိုးကျွတ်ဖာဆိုင်ဖွင့်ထားတဲ့ ကိုအေးမြင့်ဆိုတဲ့သူ။ ကိုအေးမြင့်က ကျွန်တော်တို့စခန်းတစ်ခုလုံးနဲ့ရင်းနှီးပါ
တယ်။ ကိုအေးမြင့်ပြောတဲ့ အပုပ်နံ့ရတာလောက်ကို ကျွန်တော် ဂရုမစိုက်သေးဘူး။ ခင်ဗျားဗျာ….ခွေးသေကောင်ပုပ်နံ့ရတာ စခန်းကိုလာ
တိုင်ရလား၊ စည်ပင်သာယာကို သွားပြောပါလားလို့ ကိုအေးမြင့်ကို ကျွန်တော်ပြောလိုက်သေးတယ်။ ကိုအေးမြင့်က ကျွန်တော်နဲ့ရင်းနှီးနေ
တော့လိုက်ကြည့်ပေးဖို့ပဲပြောနေတာနဲ့ ကျွန်တော်လည်းဘယ်သူ့မှခေါ်မနေတော့ဘဲ ကိုအေးမြင့်နဲ့လိုက်သွားခဲ့တယ်။ မိုးကလည်းသည်း လူ
တွေလည်း ရွှဲပေါ့ဗျာ ”
“ ဆက်ပြောပါဦး စခန်းမှုး ”
“ အဲဒီအိမ်ရှေ့ကိုရောက်တော့ အပုပ်နံ့က မခံမရပ်နိုင်အောင် အတော်နံတာဗျ။ အဲဒီအပုပ်နံ့က လူသေကောင်ပုပ်နံ့ဆိုတာ ကျွန်တော် ကောင်း
ကောင်းသိတယ်။ ကျွန်တော်လည်း အိမ်ရှင်တွေကို ခေါ်ကြည့်တယ်။ အိမ်ရှင်တွေဆီကပြန်ထူးသံမကြားလို့ ကိုအေးမြင့်နဲ့အတူ ခြံတံခါးဖွင့်
ပြီးဝင်သွားတယ်။ အိမ်တံခါးတွေကို တွန်းကြည့်တော့ အထဲကသော့ခတ်ထားတယ်ဗျ။ ပြူတင်းပေါက်တွေလည်း အကုန်ပိတ်ထားတယ်။
တစ်ခုခု ထူးခြားပြီဆိုတာ ကျွန်တော်သိလိုက်ပြီ။ အဲဒါနဲ့ ကိုအေးမြင့်ကို ရပ်ကွက်လူကြီးတွေပြေးခေါ်ခိုင်းလိုက်တယ်။ ကျွန်တော်က လိုအပ်
တာတွေစီစဉ်ဖို့ စခန်းကိုပြန်မယ်ဆိုပြီး စက်ဘီးပေါ်အတက်မှာ အပေါ်ထပ်က ပြူတင်းပေါက်ပွင့်သွားတာ မြင်လိုက်ရတယ်။ ကျွန်တော်
လည်း စိတ်ပူတာလျော့သွားပြီး ပြူတင်းပေါက်မှာရပ်နေတဲ့ အမျိုးသမီးကို အောက်ခဏဆင်းခဲ့ဖို့ ပြောလိုက်တယ်။ အမျိုးသမီးက ပြူတင်း
ပေါက်ပြန်ပိတ်သွားတော့ သူဆင်းလာမယ်ထင်ပြီး စက်ဘီးကို ဒေါက်ပြန်ထောက်ရင်း စောင့်နေလိုက်တယ်။ ဒါပေမဲ့ ဆယ်မိနစ်ကြာတဲ့အထိ
ဆင်းမလာတော့ ကျွန်တော် ဒေါသထွက်သွားတယ်။ ဒါနဲ့ ကျွန်တော်လည်း စိတ်တိုတိုနဲ့ အဲဒီအမျိုးသမီးကို အောက်ဆင်းလာဖို့ အော်ခေါ်
လိုက်တယ်။ ခဏနေတော့ ဒီကောင် စိုးကြည် နယ်မြေသတင်းယူရင်း ကျွန်တော့်ကိုတွေ့လို့ ရောက်လာတယ်။စိုးကြည်က ဘာဖြစ်တာလဲလို့
ကျွန်တော့်ကိုမေးတာနဲ့ အကျိုးအကြောင်းပြောပြလိုက်တယ်။ ကျွန်တော်က ယူနီဖောင်းဝတ်မထားလို့ ဓားပြထင်ပြီးဆင်းမလာတာနေမှာ
ပေါ့လို့တောင် စိုးကြည်က နောက်နေသေးတယ်။ ခဏနေတော့ ပြူတင်းပေါက်ဟလာတယ်။ အဲဒါကို စိုးကြည်ရောကျွန်တော်ရောမြင်တယ်။
ဟနေတဲ့ ပြူတင်းပေါက်မှာ အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာကို မြင်နေရတယ်။ အဲဒီအမျိုးသမီးက ခုနက ကျွန်တော်မြင်လိုက်တဲ့ အမျိုး
သမီးပဲ။ ဒါနဲ့ ကျွန်တော်ရော စိုးကြည်ပါ သူ့ကို အိမ်အောက်ဆင်းလာခဲ့ဖို့လှမ်းအော်ကြတယ်။ ကျွန်တော်တို့အော်ခေါ်ပေမယ့် ပြူတင်းပေါက်
ကိုပိတ်ပြီးဆင်းမလာဘူး။ အိမ်ထဲဝင်ဖို့ဆိုတာ ဥပဒေမဲ့လုပ်လို့မရတော့ သက်သေယူမယ့် ရပ်ကွက်လူကြီးတွေကို စောင့်ရတော့တယ်။ မနက်
စောစောဆိုတော့ ရပ်ကွက်လူကြီးတွေက တော်တော်နဲ့ပေါ်မလာကြဘူးဗျ။ မနက်ခုနစ်နာရီထိုးခါနီးမှ ကိုအေးမြင့်နဲ့အတူ မြို့မအရှေ့ပိုင်းက
ရပ်ကွက်ဥက္ကဌနဲ့ မြို့မိ မြို့ဖ လူကြီးနှစ်ယောက်ရောက်လာကြတယ်။ သူတို့ရောက်လာတော့ အကျိုးအကြောင်းပြောပြလိုက်ရတယ်။ ကိုအေး
မြင့်ကို ပြောစရာရှိတာ အမြန်ပြောပြီး စခန်းကိုပြေးခိုင်းရတယ်။ လူကြီးတွေနဲ့ ကျွန်တော်တို့ အိမ်တံခါးခေါက်တယ်။ အော်ခေါ်တယ်။ ဘာ
သံမှမကြားတော့ တံခါးကို တွန်းဖွင့်တယ်။ တံခါးကို အိမ်ထဲကနေ ချက်ချထားတော့ ဖွင့်လို့မရဘူး။ ကျွန်တော်တို့ အော်ခေါ်ကြပေမယ့် အိမ်
ထဲက ဘာမှမတုန့်ပြန်ဘူး။ အပုပ်နံ့ကလည်း ထောင်းထောင်းထနေတယ်ဗျ။ ကျွန်တော်လည်း မထူးတော့ဘူးဆိုပြီး ကိုအေးမြင့်ရဲ့ လေထိုး
ကျွတ်ဖာဆိုင်က ကားတာယာခွာတဲ့ သံတူရွင်းပြေးယူပြီး တံခါးကိုဖျက်လိုက်ရတယ်။ တံခါးပွင့်သွားပေမယ့် အထဲမှာမှောင်နေလို့ ကျွန်တော်
က ဘယ်သူ့မှပေးမဝင်သေးဘဲ အခြေအနေကိုစောင့်ကြည့်နေလိုက်တယ်။ အဲဒီအချိန်မှာပဲ အိမ်ပေါ်ထပ်ကနေပြေးဆင်းလာတဲ့ခြေသံကို ကျွန်
တော်တို့အားလုံး ကြားလိုက်ရတယ်။ လူရိပ်ကိုလည်း မြင်လိုက်ရလို့ ကျွန်တော်က ထွက်ပေါက်ကို ဖွင့်ပေးလိုက်ပြီး အသင့်အနေအထားနဲ့
စောင့်နေလိုက်တယ်။ စိုးကြည်က လူကြီးတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ရှေ့ကဝင်ကာပေးထားတယ်။ ကျွန်တော်တို့စောင့်နေပေမယ့် ဘယ်သူ
မှထွက်မလာဘူး။ အသံတွေလည်း တိတ်သွားပြီ။ ကျွန်တော်လည်း ပေါက်တဲ့နှဖူး မထူး တော့ဘူးဆိုပြီး အိမ်ထဲကိုစွတ်ရွတ်ဝင်ပြီး ပြူတင်း
ပေါက်တံခါးတွေကိုပြေးဖွင့်လိုက်တယ်။ စိုးကြည်ကလည်း နောက်ကနေ လိုက်ဝင်လာပြီး ကျွန်တော့်ကို အကာအကွယ်ပေးထားတယ်။ ပြူ
တင်းပေါက်တွေ ပွင့်သွားတော့မှ အလင်းရောင်နဲ့ အိမ်ထဲကို ကောင်းကောင်းမြင်ရတယ်။ အဲဒီတော့မှ ကျွန်တော့်ငယ်ထိပ်ကို မြွေတက်ပေါက်
ပြီဆိုတာ သိလိုက်ရတော့တာပဲ ဦးစီးရေ ”
“ နားထောင်လို့ ကောင်းလိုက်တာဗျာ။ မောနေရောပေါ့၊ တစ်ခွက်လောက် ချလိုက်ဦး ”
“ ချလိုက်ဦးမယ်ဗျာ။ စိုးကြည်…မင်း ဆက်ပြောပြလိုက်ကွာ ”
“ ဟုတ်ကဲ့။ အောက်ထပ်က ကွန်ကရစ်ကြမ်းခင်းပေါ်မှာ အညိုရောင်အကွက်ကြီးမြင်လိုက်ရပြီး ညှီစို့စို့နံနေတော့ သွေးကွက်ဆိုတာ ကျွန်
တော်တို့ သိလိုက်ပြီ။ သွေးကွက်လာတဲ့လမ်းကြောင်းကိုကြည့်လိုက်တော့ အပေါ်ထပ်ကြမ်းကြားကနေကျတယ်ဆိုတာ သိလိုက်တယ်။ ဒါနဲ့
ကျွန်တော်တို့တွေ အပေါ်ထပ်ကို သတိနဲ့တက်ကြည့်လိုက်တဲ့အခါ ပုပ်ပွနေတဲ့အလောင်းတစ်လောင်းကို မြင်လိုက်ရတယ်။ ထူးခြားချက်တစ်
ခုက အပေါ်ထပ်က နောက်ဖေးပြူတင်းပေါက် ပွင့်နေတယ်။အလောင်းက အမျိုးသမီးအလောင်း။ လည်ပင်းက ပြတ်လုပြတ်ခင်ဖြစ်နေပြီး
ပက်လက်အနေအထားနဲ့သေနေတယ်။ခန္တာကိုယ်အောက်ပိုင်းမှာ အဝတ်အစားမရှိဘူး။ အမျိုးသမီးရဲ့မျက်နှာကို အသေအချာကြည့်ပေမယ့်
ပုပ်ပွနေတော့ အဆင်မပြေဘူးဗျ ”
“ စိုးကြည်…ငါပဲ ဆက်ပြောပြတော့မယ်။ အလောင်းက ပုပ်ပွပြီး ညိုမည်းနေတယ်ဗျ။ ကျွန်တော်လည်း စိုးကြည်ကို ဓာတ်ပုံဆရာ ကိုတင့်
ဝေကို ပြေးခေါ်ခိုင်းရတယ်။ ကိုအေးမြင့်နဲ့ အမှုစစ်အရာရှိ သန်းဌေး ရောက်လာပြီးမကြာခင် ကိုတင့်ဝေလည်း ရှေ့ဆင့်နောက်ဆင့် ရောက်
လာတယ်။ ကျွန်တော်နဲ့ သန်းဌေးတို့ စစ်ချက်ယူကြ၊ မှတ်တမ်းယူကြတယ်။ နောက်ဖေးပြူတင်းပေါက်က ပွင့်နေတယ်။ လူသတ်သမားက
ပြူတင်းပေါက်ကနေခုန်ဆင်းခဲ့ရင်လည်း ခြေရာပေါ်မှာမဟုတ်ဘူးဗျ ”
“ ဘာကြောင့်လဲ စခန်းမှုး ”
“ အောက်မှာက လွှစာမှုန့်အိတ်တွေရှိနေတယ်။ အိမ်နောက်ဖေးမှာက စတိုလုပ်ထားတဲ့အဆောင်တစ်ခုရှိတယ်။ အဲဒီအဆောင်ထဲမှာ လွှစာ
မှုန့်တွေနဲ့ သစ်တိုသစ်စတွေရှိတယ် ”
“ အော….။ အကြံနဲ့လုပ်ထားတာထင်တယ် ”
“ အဲဒါတော့ မဖြစ်နိုင်ဘူးဗျ။ အိမ်ရှင်က သစ်စက်ပိုင်ရှင်ဆိုတော့ သူ့ပစ္စည်းတွေထားဖို့ ဆောက်ထားတာ ”
“ ဆက်ပါဦးဗျ ”
“ မိုးတွင်းဆိုတော့ ခြေရာတွေ့နိုင်တယ်ဆိုပြီး အိမ်ပတ်ပတ်လည်ကို ရှာကြပေမယ့် လူခြေရာမပြောနဲ့ ခွေးခြေရာတောင် မတွေ့ဘူးဗျာ။ အဲဒီ
အမျိုးသမီးကိုရပ်ကွက်လူကြီးတွေလည်း မသိကြဘူး။ ကိုအေးမြင့်လည်း မသိဘူး။ ကိုအေးမြင့်က သူ့မိန်းမ မီးဖွားနေလို့ ဆိုင်မဖွင့်တာ ငါး
ရက်ရှိပြီ။ အဲဒီမနက်မှ ဆိုင်ဖွင့်ဖို့သွားရင်း ပွဲကြီးပွဲကောင်းနဲ့ကြုံလိုက်တာပဲ ဦးစီးရေ ”
“ အဲဒီအမျိုးသမီးက ဘယ်ကလဲ စခန်းမှုး ”
“ ဆက်ပြောပြပါ့မယ် ”
“ လုပ်ပါဦးဗျာ ”
“ ကျွန်တော်မြင်ခဲ့တဲ့ ပြူတင်းပေါက်မှာရပ်နေတဲ့အမျိုးသမီးက အသတ်ခံထားရတဲ့ အမျိုးသမီးဆိုတာ သိလိုက်ရတော့ မအံ့သြဘဲ မနေ
နိုင်တော့ဘူးဗျာ။ အဓမ္မပြုကျင့်ခံထားရတယ်လို့ ကျွန်တော်တို့ ကောက်ချက်ချပေမယ့် ဆေးစစ်ချက်ထွက်လာတော့ အဓမ္မပြုကျင့်ခံရတာ
မဟုတ်ဘူးဆိုပြီး ထွက်လာတယ် ”
“ ဟောဗျာ….”
“ အဲဒီဆေးစစ်ချက်က ကျွန်တော်တို့ကောက်ချက်ချတာနဲ့လွဲခဲ့သလို သဲလွန်စလည်းရှာမရဖြစ်ခဲ့တယ်။ အမျိုးသမီး ဝတ်ထားတဲ့ နားကပ်ကို
ဖြုတ်ယူမသွားဘူးဆိုတော့ လူသတ်သမားက ပစ္စည်းယူဖို့ လူသတ်တာမဟုတ်နိုင်သလို၊ နားကပ်က တန်ဖိုးမရှိလို့ တန်ဖိုးရှိတဲ့ လက်ဝတ်ရ
တနာကိုယူပြီးသတ်သွားတယ်လို့ အကြမ်းဖျင်းယူဆလို့ရပေမယ့် ပစ္စည်းယူပြီးလူသတ်တဲ့သူက ဓားနဲ့ထိုးရုံပဲထိုးသတ်သွားနိုင်တယ်။ လည်
ပင်းကို သုံးလေးချက်ခုတ်ထားတာဆိုတော့ ရန်ငြိုးရန်စရှိလို့သတ်တာဖြစ်နိုင်တယ်ဆိုပြီး ကျွန်တော်တို့ကောက်ချက်ချခဲ့တယ်။ သေဆုံးရတဲ့
အကြောင်းရင်းက လည်ပင်းကိုဓားနဲ့ခုတ်သတ်လို့ပဲ။ အခြားနေရာတွေမှာ ဒဏ်ရာဒဏ်ချက်မရှိဘူး။ ခုတ်တာက တစ်ချက်တည်းနဲ့ အပိုင်
ခုတ်တာမဟုတ်ဘူးဗျ။ ဓားချက်တွေက တစ်နေရာတည်းမဟုတ်ဘဲ လွဲနေတော့ သုံးလေးချက်ဆင့်ခုတ်ထားတဲ့ပုံစံပေါ့ဗျာ။ ကြောက်ကြောက်
လန့်လန့်နဲ့ ခုတ်တဲ့သဘောပေါ့။ သတ်တာက တစ်ယောက်တည်းမဟုတ်ဘူးလို့ ကျွန်တော်တို့ ယူဆခဲ့တယ်။ လည်ပင်းကိုအလွယ်တကူ ဓား
နဲ့ခုတ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ ”
“ မှန်တာပေါ့ စခန်းမှုး။ ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်သေးတာပဲဗျာ။ ဘယ်လောက်ခွန်အားကြီးတဲ့ရန်သူဖြစ်ပါစေ၊ ကိုယ့်အ
တွက် အသက်ဘေးကြုံလာပြီဆိုရင် ရှိသမျှခွန်အားနဲ့ ပြန်ခုခံမှာပေါ့။ ဘယ်လိုနည်းနဲ့မှ အလွယ်တကူ လည်ဆင်းပေးမှာ မဟုတ်ဘူး။ တစ်ခု
တော့ရှိတယ်ဗျ၊ အသတ်ခံရတဲ့အမျိုးသမီးကို ပြန်မခုခံနိုင်အောင် တစ်ခုခုတော့ လုပ်ထားပုံရတယ်။ ဥပမာ ကြိုးနဲ့တုပ်နှောင်တာမျိုး၊ တစ်
ယောက်ယောက်က ချုပ်ကိုင်ပေးထားတာမျိုးပေါ့ ”
“ ဟုတ်ပါတယ် ဦးစီး။ ပထမဆုံး အသတ်ခံရတဲ့အမျိုးသမီးကို စုံစမ်းကြည့်တယ်။ ဒီမြို့က လုံးဝမဟုတ်ဘူးဆိုတာ သေချာသွားတော့ အ
ခြား တိုင်း၊ ခရိုင်၊ မြို့တွေက တပ်ဖွဲ့တွေကို ချိတ်ဆက်ပြီး စုံစမ်းရတော့တာပေါ့။ တစ်လကျော်ကြာတဲ့အထိ အဲဒီအမျိုးသမီး ဘယ်သူလဲဆို
တာရယ်၊ ဘယ်အရပ်ကဆိုတာရယ်ကို စုံစမ်းလို့မရဘူး။ တစ်ဖက်ကလည်း လူသတ်မှုဖြစ်တဲ့အိမ်နဲ့ပတ်သက်နေတဲ့သူတွေကို စုံစမ်းရတယ်။
မူလအိမ်ပိုင်ရှင်က မြို့မဈေးထဲမှာ သနပ်ခါးတုံးရောင်းတဲ့ ဒေါ်ဖွားမှီ။ သူ့မှာ သမီးတစ်ယောက်ရှိတယ်။ သူ့သမီးက မိတ္ထီလာလေတပ်က တပ်
ကြပ်ကြီးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတော့ ဒေါ်ဖွားမှီက အိမ်ကိုရောင်းခဲ့ပြီး သူ့သမီးနဲ့အတူ လိုက်နေတယ်။ အဲဒီအိမ်ကို နောက်ထပ်
ဝယ်လိုက်တဲ့သူက မိုး သစ်စက်ပိုင်ရှင် ဦးတင်မိုး။ ဦးတင်မိုးက အဲဒီအိမ်ကို ဈေးချိုချိုနဲ့ရလို့ဝယ်လိုက်ပေမယ့် မနေကြဘူး။ သူ့တပည့် ကျော်
မင်းဝင်းကိုပဲ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက် လာကြည့်ခိုင်းပြီး လိုအပ်တာတွေပြုပြင်ခိုင်းတယ်။ အဲဒီအိမ်ကို ဝယ်လိုက်ရတဲ့အ
ကြောင်းက အိမ်ကို သဘောကျလို့မဟုတ်ဘူးဗျ။ ဘေးက မြေရိုင်းအလွတ်တွေလိုချင်လို့ ဝယ်လိုက်တာ။ သစ်စက်တည်ဖို့၊ သစ်တွေပုံဖို့ပေါ့
ဗျာ ”
“ အော…..အကြံကလည်း ပိုင်ပါ့ ”
“ အိမ်ရှင်နှစ်ယောက်စလုံးကလည်း လုံးဝမဖြစ်နိုင်တဲ့အခြေအနေ။ ဦးတင်မိုးက အသက်ခုနစ်ဆယ်နီးပါး၊ သူ့တပည့် ကျော်မင်းဝင်းက ခြေ
တစ်ဖက်သိမ်နေတဲ့သူဆိုတော့ အမှုနဲ့ဘယ်လိုနည်းနဲ့မှ မပတ်သတ်နိုင်ဘူးလို့ကျွန်တော်ယူဆခဲ့တယ်။ ကျွန်တော်တို့ နေ့မနားညမနားနဲ့လိုက်
ကြပေမယ့် ကွင်းဆက်ကို ရှာမတွေ့ဘူးဗျာ။ ကျွန်တော်လည်း နေ့တိုင်းလိုလို အထုခံ၊ အထောင်းခံနေရတော့ စိတ်လည်းပျက်လာပြီ။ ကျွန်
တော့်မိန်းမလည်း စိတ်တွေပူ။ အားကိုးရာဆိုလို့ဘုရားပဲရှိတော့ ကျွန်တော်တို့လင်မယားနှစ်ယောက် ဘုရားလှိမ့်ရှိခိုးကြတော့တာပဲ…ဟား
…ဟား….”
“ ကုသိုလ်ရချင်လို့မဟုတ်ပေမယ့် အကျိုးတော့ရှိပါတယ် စခန်းမှုးရယ် ”
“ ဒါပေါ့ဗျာ။ ကုသိုလ်ကံက ကျွန်တော့်ဘက်ပါတယ်ပြောရမလား၊ အကြံကုန် ဂဠုန်ဆားချက်တဲ့နည်းလေးကပဲ မှန်သွားလို့ပဲလားတော့ မ
ပြောတတ်ဘူး။ အမှုဖြစ်ပြီး သုံးလအတွင်း လူသတ်တရားခံကို မိခဲ့တယ်ဗျာ ”
“ တယ်ဟုတ်ပါလား။ ဘယ်လိုလုပ်တာလဲဗျ ”
“ ပြောရရင်တာ့ ကျွန်တော် အသုံးမကျရာကျမယ်။ ဘယ်လိုမှ မလိုက်နိုင်တဲ့ လူသတ်မှုဆိုရင် အသတ်ခံရတဲ့သူကို အကူအညီတောင်းရတယ်
လို့ ရှေးဆရာကြီးတွေပြောတာ ကြားခဲ့ဖူးတယ် ”
“ အလို……..ခုမှပဲ ကြားဖူးတော့တယ်။ လုပ်ပါဦးဗျ။ စိတ်ဝင်စားဖို့ အတော်ကောင်းနေပြီ ”
“ ကျွန်တော်လည်း အရဲစွန့်ပြီး ညဉ့်နက်သန်းခေါင်ကျော်လောက် လူသတ်မှုဖြစ်တဲ့အိမ်ကိုသွားတယ် ”
“ တစ်ယောက်တည်းလား စခန်းမှုး ”
“ တစ်ယောက်တည်းသွားရတာပေါ့ဗျာ။ လူသိခံလို့ဖြစ်တဲ့ ကိစ္စမှမဟုတ်တာ ”
“ ဆက်ပြောပါဦးဗျာ ”
“ အိမ်ထဲရောက်တော့ မကြောက်ဘူးဆိုပေမယ့် ချွေးပြန်ပြီး ဒူးတော့တုန်သား…ဟဲ…ဟဲ…..”
“ သတ္တိကလည်း ကောင်းပါ့ဗျာ ”
“ လူသတ်မှုဖြစ်ထားတဲ့အိမ်ကို ညဉ့်နက်သန်းခေါင် တစ်ယောက်တည်းသွားရတာလေ။ ဦးစီးဆို သွားရဲပါ့မလား ”
“ သွားရဲသဗျာ။ ဒါမျိုးကတော့ စိန်လိုက်စမ်းပါ ”
“ ဟုတ်ပြီနော်…..အဲဒီကိစ္စ နောက်မှဆက်ပြောကြမယ်။ စိုးကြည်…..ချစ်တီး…မင်းတို့အားလုံးကြားတယ်နော် ”
“ သွားမလုပ်နဲ့ဆရာရေ……..”
“ ကျွန်တော် မကြောက်တတ်ပါဘူး ကိုချစ်တီးရယ်။ ဒီလူကြီးသာ ဒူးတုန်ပြီး ချွေးပြန်နေတာ ”
“ ဟုတ်ပြီ။ အဲဒီကိစ္စ နောက်မှဆက်မယ် ”
“ လုပ်ဗျာ….အခုတော့ ကျွန်တော်ကြောက်လာအောင် ဆက်ပြောပါဦး….ဟဲ…ဟဲ ”
“ ပြောပြမှာပေါ့ဗျာ။ ကျွန်တော် အိမ်ထဲရောက်တော့ အပုပ်နံ့တစ်ချက်ရလိုက်တယ်။ ကျွန်တော်က အိမ်ပေါ်ထပ်ကိုမတက်ဘူး။ အောက်ထပ်
မှာပဲ ရပ်နေတယ်။ တစ်အိမ်လုံးက မှောင်မည်းနေတော့ လက်နှိပ်မီးကိုပဲ အားကိုးနေရတာ။ အဲဒီအချိန်မှာ အိမ်ပေါ်ထပ်မှာ လမ်းလျှောက်နေ
တဲ့ခြေသံကို ကြားလိုက်ရတယ်။ လျှောက်တာမှ ကြမ်းခင်းပေါ်ကိုခပ်ကြမ်းကြမ်းနင်းလျှောက်တာ။ သူရှိတယ်ဆိုတဲ့အကြောင်း အသိပေး
တယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါနဲ့ပဲ ခင်ဗျားဘယ်သူလဲ၊ ခင်ဗျားကို သတ်တဲ့သူကို ကူညီဖော်ထုတ်ပေးပါ။ ကျွန်တော် စခန်းမှုးနေဝင်းပါ
။ ခင်ဗျားကိုသတ်ခဲ့တဲ့ တရားခံကိုကျွန်တော်ကိုယ်တိုင်ဖမ်းပြီး ထောင်ထဲထည့်ပေးမယ်။ ကျွန်တော့်ကိုကူညီပါ။ ကျွန်တော်ပြောတာ သဘော
တူတယ်ဆိုရင် တစ်ခုခု အချက် ပေးပါလို့ပြောလိုက်တဲ့အချိန်မှာပဲ ကြမ်းခင်းကို သုံးချက်ခေါက်သံကြားလိုက်ရတယ်။ ဒါနဲ့ သေချာအောင်ဆို
ပြီး ခင်ဗျားသဘောတူရင် ကြမ်းခင်းကို သုံးချက်ခေါက်ပြပါလို့ထပ်ပြောတော့ သုံးချက်တိတိ ထပ်ခေါက်ပြတယ်။ ခင်ဗျားနာမည် ဘယ်သူ
လဲ၊ ဘယ်ကလဲလို့ မေးလိုက်တဲ့အခါ ဘာသံမှမကြားရတော့ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့အနားမှာ တစ်ယောက်ယောက်ရှိနေသလို ခံစားနေရ
လို့ မနေချင်တော့တာနဲ့ အိမ်ထဲကနေ ပြန်ထွက်ဖို့ပြင်လိုက်တဲ့အချိန်မှာ နားနားကိုကပ်ပြီး တိုးတိုးလေးပြောလိုက်တဲ့အသံကို ကြားလိုက်ရ
တယ်။ သူပြောတာက တိုးတိုးလေးပေမယ့် တိတ်ဆိတ်နေတော့ ကောင်းကောင်းကြားလိုက်ရတယ် ”
“ ဘာပြောလဲ စခန်းမှုး ”
“ အေးအေးမြင့်၊ မူဆယ်၊ သီသီအောင်၊ လှငွေ၊ ကျော်မင်းဝင်း တဲ့ဗျ ”
“ ဟင်……..၊ ဟုတ်လို့လားဗျာ။ သရဲက စကားပြောပါ့မလား စခန်းမှုး ”
“ ပြောလို့ပဲ ကျွန်တော့်နားနဲ့ကြားတယ်။ သူပြောတဲ့အတိုင်း အမှုကို အသေအချာလိုက်ခဲ့တယ်။ သူပြောတဲ့သူတွေက အမှုကျူးလွန်ခဲ့
ကြောင်းဝန်ခံခဲ့လို့ အမိန့်တောင်ချတော့မယ်လေ ”
“ အံ့သြစရာပဲဗျာ။ ဆက်ပြောပါဦး ”
“ ကျော်မင်းဝင်းဆိုတဲ့နာမည်ကို ကြားလိုက်ကတည်းက ကျွန်တော့်အတွက် ကံကောင်းဖို့ဖြစ်လာခဲ့ပြီလေ။ ကျန်တဲ့နာမည်တွေကို ကျွန်တော်
မသိဘူး။ ကျော်မင်းဝင်းဆိုတဲ့နာမည်ကိုပဲ ရင်းနှီးနေတာရယ်၊ ကျော်မင်းဝင်းက အဲဒီအိမ်ကို မကြာခဏလာတတ်တာကြောင့် ကျော်မင်းဝင်း
ကို ခေါ်စစ်တယ်။ ကျော်မင်းဝင်းက ဘူးခံငြင်းတယ်။ သူ့နောက်ကြောင်းကိုဆက်လိုက်တယ်။ သီသီအောင်ဆိုတာ ကျော်မင်းဝင်းရဲ့အစ်မဆို
တာ သိခဲ့ရတယ်။ ကျော်မင်းဝင်းတို့က မုံရွာဇာတိ။ သီသီအောင်ရဲ့ယောက်ျားက ကုန်ကားမောင်းတဲ့ ဒရိုင်ဘာ။ သူ့နာမည်က ဝင်းမော်။ မော်
ကြီးလို့လည်း ခေါ်တယ်။ ဝင်းမော်ကို စုံစမ်းကြည့်တော့ ဝင်းမော်ရဲ့ကွင်းဆက်က ပြတ်နေတယ်။ ကားမမောင်းတာကြာပြီ၊ ဝင်းမော်နဲ့ဆက်
သွယ်လို့မရဘူးဆိုတဲ့အကြောင်း သူနဲ့အတူလုပ်ဖော်ကိုင်ဖက် ယာဉ်မောင်းတွေနဲ့ကုန်သည်တွေဆီက သတင်းရတယ်။ ဝင်းမော်ရဲ့ယာဉ်အကူ
သောင်းထိုက်ကို ဝင်လုံးကြည့်တော့မှ အကြောင်းရင်းကို သိခဲ့ရတယ်။ ဝင်းမော်က မူဆယ်မှာနေတဲ့ အေးအေးမြင့်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်
ထောင်ကျပြီး ကလေးတစ်ယောက်တောင်ရနေပြီ။ ကလေးက တစ်နှစ်ကျော်လောက်ရှိပြီ။ သောင်းထိုက်ပေးတဲ့လိပ်စာအတိုင်း မူဆယ်က
အေးအေးမြင့်ရဲ့ မိဘတွေကိုစုံစမ်းကြည့်တော့ မန္တလေးကသူ့မိဘတွေဆီကို ဝင်းမော်ပြန်နေတုန်းမှာ အမျိုးသမီးတစ်ယောက် သူတို့ဆီရောက်
လာပြီး သူက ဝင်းမော်ရဲ့ အစ်မတစ်ဝမ်းကွဲ ကြည်ကြည်အောင်ပါလို့ မိတ်ဆက်တယ်။ အိမ်ဝယ်ဖို့ စာချုပ်ချုပ်ရမယ်။ အေးအေးမြင့်ရဲ့နာမည်
နဲ့ဝယ်ထားလို့ အေးအေးမြင့်ကိုယ်တိုင် စာချုပ်မှာလက်မှတ်ထိုးရမယ်။ ဝင်းမော်မလာနိုင်လို့ သူ့ကိုလွှတ်ပြီးခေါ်ခိုင်းလိုက်တယ်ဆိုပြီး အဲဒီ
အမျိုးသမီးက ပြောတယ်။ အေးအေးမြင့်နဲ့သူ့မိဘတွေက အဲဒီအမျိုးသမီးကိုမယုံလို့ ဝင်းမော်ရဲ့အကြောင်းကို မသိမသာမေးတဲ့အခါ ဝင်း
မော်ရဲ့မိဘနာမည်တွေနဲ့ နေရပ်လိပ်စာတွေအပြင် ဝင်းမော်ရဲ့ ဘယ်ဘက်ပေါင်က အမှတ်ကိုပါ ပြောပြနိုင်တယ်။ အဲဒီထက်ပိုတိကျတာက
တော့ ဝင်းမော်က သူ့အဝတ်အစားတွေကိုပါ ပေးခိုင်းလိုက်တယ်ဆိုပြီး ဝင်းမော်ရဲ့အဝတ်အစားတွေကို အေးအေးမြင့်လက်ထဲထည့်လိုက်တာ
ပဲ။ အဝတ်အစားတွေက ဝင်းမော်ရဲ့အဝတ်အစားတွေဆိုတော့ မယုံစရာမရှိတော့ဘူးလေ။ အဲဒီတော့ အေးအေးမြင့်လည်း လာခေါ်တဲ့အမျိုး
သမီးနဲ့ ယုံယုံကြည်ကြည် လိုက်သွားတယ်လို့ပြောတယ်။ အဲဒီအမျိုးသမီးက သီသီအောင်ပဲဦးစီး။ ကလေးကိုတော့ခေါ်မသွားဘဲ အေးအေး
မြင့်ရဲ့မိဘတွေဆီမှာပဲ ထားခဲ့တယ်။ ဝင်းမော်ရဲ့ မိဘတွေကို စုံစမ်းကြည့်တဲ့အခါမှ အမှုက ပိုပြီးတိကျခိုင်လုံသွားတော့တယ် ဦးစီးရေ ”
“ ဇာတ်လမ်းက သပွတ်အူထက်ဆိုးနေပြီဗျ။ သီသီအောင်က အေးအေးမြင့်ရဲ့နေရာကို ဘယ်လိုလုပ်သိတာလဲ စခန်းမှုး ”
“ မိန်းမတွေက ထောက်လှမ်းရေးပညာရပ်ကို မသင်ကြားဘဲ မွေးရာပါတတ်မြောက်ထားကြတဲ့သူတွေဗျ ဦးစီးရ။ သီသီအောင်ကလည်း
အထည်အလိပ်တွေရောင်းဝယ်နေတဲ့သူဆိုတော့ လူရည်လည်တယ်ဗျ။မိတ်ဆွေပေါတယ်။ သိပ်ပြီး မစုံစမ်းရပါဘူး။ ဝင်းမော်ရဲ့တပည့်
သောင်းထိုက်ကို သီသီအောင်က စည်းရုံးရေးဆင်းလိုက်တာပေါ့ဗျာ ”
“ လုပ်ပါဦးဗျ… နားထောင်လို့ကောင်းနေတာနဲ့ ဆယ့်နှစ်နာထိုးပြီးတာတောင် မသိလိုက်ဘူး။ ဒါပေမဲ့ အခုထိ ဇာတ်ရည်မလည်သေးဘူး
စခန်းမှုးရေ ”
“ ဟုတ်သားပဲ။ ရှင်းအောင်ပြောပြမယ်ဗျာ။ ဝင်းမော်က မန္တလေးသား။ သား သူ့မိဘတွေက မျက်ပါးရပ်မှာနေကြတယ်။ ဝင်းမော်က အေး
အေးမြင့်နဲ့ကလေးကို သူ့မိဘတွေဆီ မကြာခဏခေါ်သွားတယ်။ သီသီအောင်နဲ့ ကလေးမရတော့ ဝင်းမော်ရဲ့မိဘတွေက သူတို့မြေးကို သည်း
သည်းလှုပ်ချစ်ကြတယ်။ ဝင်းမော်က တစ်ဦးတည်းသောသားဆိုတော့ သူ့သားနဲ့ရတဲ့သွေးကို ချစ်ကြမှာပေါ့ဗျာ။ ဘိုးတော်နဲ့ဘွားတော်က
လည်း အသက်အတော်ကြီးနေကြပြီ။ မန္တလေးသူ မန္တလေးသား၊ ရိုးရိုးအေးအေးကြီးတွေဗျ။ အဲဒီအကြောင်းကို သီသီအောင်သိသွားတော့
ဒေါသ အကြီးအကျယ်ထွက်ပေမယ့် မသိဟန်ဆောင်နေခဲ့တယ်။ မသိဟန်ဆောင်နေခဲ့တာက အကြံရှိနေလို့ပဲဗျ။ ကလေးရနေပြီဆိုတော့
တစ်ချိန်ချိန်မှာ သူ့ကိုထားခဲ့တော့မယ်ဆိုတာ သီသီအောင်က တွက်ထားပြီးပြီ။ ပိုပြီးသေချာအောင် ဝင်းမော်ရဲ့ယာဉ်အကူသောင်းထိုက်ကို
စည်းရုံးရေးဆင်းတယ်။ မိန်းမ မာယာနဲ့စည်းရုံးတော့ သောင်းထိုက်ဆိုတဲ့ကောင်က ဘာသားနဲ့ထုထားတာမို့လို့လဲဗျာ။ သူ့ဆရာ ဝင်းမော်ကို
သစ္စာဖောက်တော့တာပေါ့။ အေးအေးမြင့်ရဲ့နေရာကို သီသီအောင်သိသွားပြီးတဲ့နောက်မှာ ဝင်းမော်နဲ့အေးအေးမြင့်တို့ရဲ့အခြေအနေကို
စောင့်ကြည့်လို့ရသွားတာပေါ့။ ရည်းစားလူလုတာထက်ဆိုးတဲ့ လင်လုခံရတာဆိုတော့ နှလုံးသားကို ကျွဲချိုနဲ့အထိုးခံလိုက်ရတာပေါ့ဗျာ ”
“ ပွဲကတော့ စပြီးကြမ်းပြီပေါ့ စခန်းမှုးရေ ”
“ အဟုတ်ပဲ ဦးစီးရေ။ သီသီအောင်က သူ့အစ်ကို လှငွေနဲ့တိုင်ပင်တယ်။ လှငွေက သူ့ညီမကိုပစ်ပြီး မယားငယ်ထားတဲ့ဝင်းမော်ကို အသေ
သတ်ချင်တယ်။ ဒါပေမဲ့ သီသီအောင်က ဝင်းမော်ကိုချစ်တော့ မသတ်စေချင်ဘူး။ သတ်ချင်းသတ်ရင်အေးအေးမြင့်ကိုပဲသတ်မယ်ဆိုပြီး လှ
ငွေကိုပြောတယ်။ လှငွေက သူစီစဉ်ပေးမယ်ဆိုပြီး ကျွန်တော် ခုနကပြောတဲ့အတိုင်းပြဇာတ်ကကြတာပေါ့ဗျာ။ သီသီအောင်တို့မောင်နှမသုံး
ယောက်က အကွက်ကျကျစီစဉ်ခဲ့တာ။ ဝင်းမော် သူ့မိဘအိမ်ကိုရောက်နေတဲ့အချိန်မှာ သီသီအောင်က မူဆယ်ကိုရောက်နေပြီ။ လှငွေက ဝင်း
မော်ရှိနေတဲ့ သူ့မိဘအိမ်ကို လိုက်သွားပြီးသီသီအောင်က ဝင်းမော်နာမည်နဲ့ အိမ်တစ်လုံးဝယ်ထားလို့ စာချုပ်မှာ လက်မှတ်ထိုးဖို့ မနက်ဖြန်
ချိန်းထားတယ်။ ဒီနေ့ညနေ သူနဲ့လိုက်ခဲ့ဖို့နဲ့ ဝယ်မယ့်အိမ်မှာ သီသီအောင်စောင့်နေတယ်ဆိုတဲ့အကြောင်းပြောပြီး ခေါ်သွားတယ်။ လှငွေနဲ့
သီသီအောင်က ကျော်မင်းဝင်းကို ဖုန်းဆက်ထားတော့ ကျော်မင်းဝင်းက အိမ်ကနေစောင့်နေတယ်။ သီသီအောင်နဲ့အေးအေးမြင့်က အဲဒီအိမ်
ကို ညခုနစ်နာရီဝန်းကျင်လောက်ရောက်တယ်။ သီသီအောင်နဲ့ အေးအေးမြင့်ကို လိုက်ပို့တဲ့ကားက လှငွေရဲ့ သူငယ်ချင်းကား။ အဲဒီကားက
သီသီအောင်တို့ကို အိမ်တိုင်ရာရောက်ပို့ပေးပြီး ပြန်သွားတယ်။ သီသီအောင်က ကျော်မင်းဝင်းကို အိမ်ပိုင်ရှင်ရဲ့ညီဆိုပြီး အေးအေးမြင့်နဲ့မိတ်
ဆက်ပေးတယ်။ ကျော်မင်းဝင်းက သူ့အကိုနဲ့ ဒီအိမ်ဝယ်တဲ့ အကိုတို့ မန္တလေးက လာနေကြပြီ။ အစ်ကိုလာမှ လိုအပ်တာစီစဉ်ပေးလိမ့်မယ်
ဆိုပြီး သီသီအောင်တို့ကို အဲဒီအိမ်မှာထားခဲ့တယ်။ သူက သစ်စက်ကိုပြန်ပြီး ဟန်မပျက်နေတယ်။ လှငွေက ဝင်းမော်ကို သူပိုင်တဲ့ ဒတ်ဆန်း
ကားနဲ့ခေါ်လာပြီး လမ်းမှာအရက်အတူသောက်ကြတယ်။ ဝင်းမော် အရက်ကြိုက်တာ လှငွေက ကောင်းကောင်းသိနေတော့ ဝင်းမော်ကို မူး
အောင်တိုက်တယ်။ သူက လျှိုသောက်တယ်။ ဝင်းမော် ခေါင်းမထောင်နိုင်တော့မှ ကားပေါ်တွဲခေါ်လာပြီး သီသီအောင်တို့ဆီ ထွက်လာခဲ့
တယ်။ အိမ်နားရောက်ခါနီး ဆည်မြောင်းဝင်းအကျော်လောက်မှာ ကားကို လမ်းဘေးထိုးရပ်ပြီး ဝင်းမော်ရဲ့ခေါင်းကို ဘီးဖြုတ်တဲ့စပန်နာနဲ့
ရိုက်လိုက်တယ်။ အရက်မူးနေတဲ့ဝင်းမော်က ဘာမှမသိရှာဘဲ သတိလစ်သွားတော့ ကားကို အိမ်နဲ့မလှမ်းမကမ်းကလမ်းဘေးမှာရပ်လိုက်ပြီး အိမ်ထဲဝင်သွားတယ်။ သီသီအောင်က လှငွေကို အိမ်ပိုင်ရှင်ဆိုပြီး မိတ်ဆက်ပေးတယ်။ အေးအေးမြင့်က သူ့ယောက်ျားပါမလာလို့မေးတော့
ယောက်ျားဆိုတဲ့စကားကြောင့် သီသီအောင် ဒေါသအကြီးအကျယ်ထွက်သွားတယ်။ ဒါပေမဲ့ အကြံနဲ့ဆိုတော့ ဟန်မပျက်ဘဲ နေသေးသမျှ
ချုံထဲက ချိုသွေးတမြမြလုပ်နေတာပေါ့ဗျာ။ ကိုဝင်းမော် နောက်ကလိုက်လာလိမ့်မယ်။ စားစရာသောက်စရာဝင်ဝယ်နေတယ်လို့ လှငွေက
အေးအေးဆေးဆေးပြန်ဖြေတယ်။ အေးအေးမြင့်နဲ့ သီသီအောင်တို့ မောင်နှမတွေ စကားပြောနေကြတာ အေးအေးဆေးဆေးပဲဗျ။ ညကိုးနာ
ရီထိုးခါနီးတော့ မိုးစရွာလာတယ်။ အဲဒီမိုးက သီသီအောင်တို့မောင်နှမအတွက် အခွင့်အရေး၊ အေးအေးမြင့်အတွက် သေဘေးပဲဦးစီးရေ။
မိုးက ပိုသည်းလာတော့ လှငွေက ပြူတင်းတံခါးပေါက်တွေ လိုက်ပိတ်ရင်း အောက်က တံခါးတွေကို ချက်ချလိုက်တယ်။ လှငွေ အိမ်ပေါ်ပြန်
တက်လာတယ်။ လှငွေက သီသီအောင်ကိုမျက်ရိပ်ပြပြီး အေးအေးမြင့်ရဲ့အနောက်ကို မသိမသာကပ်သွားတယ်။ သီသီအောင်က စကားကို
အမျှင်မပြတ်ပြောပြီး အာရုံလွှဲထားတော့ အေးအေးမြင့်က အန္တရာယ်ကို မရိပ်မိဘူး။ အဲဒီအချိန်မှာပဲ လှငွေက အေးအေးမြင့်ရဲ့လက်နှစ်ဖက်
ကို နောက်ပြန်ချုပ်ပေးလိုက်တယ်။ သီသီအောင်ကလည်းအခွင့်အရေးကို လက်လွှတ်မခံဘဲ အေးအေးမြင့်ရဲ့လည်မြိုကို လက်နဲ့အားကုန်ညှစ်
သတ်တယ်။ ခဏကြာတော့ အေးအေးမြင့်လည်း မျက်လုံးပြူးပြီး အသက်ရှုရပ်သွားတယ်။ အေးအေးမြင့်ကို သေပြီထင်ပြီး သီသီအောင်တို့
မောင်နှမနှစ်ယောက်ပြန်မယ်အလုပ်မှာ ကားထဲက ဝင်းမော်ကို သတိရသွားကြတယ်။ ဝင်းမော်ကို ထောင်ချောက်ဆင်ဖို့ ကြံကြတယ်။ အဲဒါ
နဲ့ကားထဲက ဝင်းမော်ကို သွားသယ်ဖို့ တိုင်ပင်ကြတယ်။ လှငွေက လမ်းဘေးမှာရပ်ထားတဲ့ကားဆီထွက်သွားပြီး ကားသွားယူတယ်။ ခြံဝ
ကိုရောက်တဲ့အခါ သီသီအောင်နဲ့ လှငွေတို့နှစ်ယောက် သတိလစ်နေတဲ့ဝင်းမော်ကို မပြီးသယ်ကြတယ်။ အိမ်ပေါ်ထပ်ကိုသယ်ဖို့လုပ်နေတဲ့အ
ချိန်မှာပဲ အပေါ်ထပ်ကညည်းသံကြားလိုက်ရတော့ အေးအေးမြင့် မသေသေးဘူးဆိုတာသိလိုက်ရတယ်။ အဲဒီမှာတင် လှငွေက အေးအေးမြင့်
ကိုသတ်ဖို့ လက်နက်ရှာတော့ အိမ်နောက်ဖေးမှာထောင်ထားတဲ့ထင်းခုတ်ဓားမတစ်ချောင်းတွေ့တယ်။ အဲဒီဓားကို သီသီအောင်ရဲ့လက်ထဲ
ထည့်ပေးပြီး သူက ဝင်းမော်ကို လှေကားကနေ တရွတ်တိုက်ဆွဲပြီး အပေါ်ထပ်ကိုတင်တယ်။ သီသီအောင် အပေါ်ထပ်ကို ရောက်တော့ အေး
အေးမြင့်က ပက်လက်အနေအထားနဲ့ မျက်လုံးက တောင်ကြည့် မြောက်ကြည့်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ပဲ ကြောက်ကြောက်
လန့်လန့်နဲ့လည်ပင်းကို ခုတ်တယ်ဆိုပါတော့ဗျာ။ အေးအေးမြင့် သေသွားတဲ့အချိန်မှာ ဝင်းမော်လည်း အပေါ်ထပ်ကို ရောက်နေပြီ။ အဲဒါနဲ့
ဝင်းမော်ကို အေးအေးမြင့်ရဲ့ဘေးမှာထားပြီး ခြေရာလက်ရာမကျန်အောင် အစဖျောက်ကြတယ်။ အကုန်လုံး လက်စလက်နဖျောက်ပြီးတာနဲ့
နောက်ဖေးပြူတင်းပေါက်ကနေ ခုန်ချသွားကြတယ် ”
“ အခုပြောနေတာတွေက တရားခံတွေပြောတဲ့စကားလား စခန်းမှုး ”
“ ဟုတ်တယ် ဦးစီး ”
“ ဝင်းမော်က ဘယ်ရောက်သွားလဲ ”
“ မြန်မာပြည်ထဲမှာ မရှိဘူးဗျ။ တရုတ်နိုင်ငံထဲရောက်နေတယ်။ သူ့မိဘတွေဆီနဲ့ သူ့ယောက္ခမတွေဆီကိုတော့ ဖုန်းဆက်တယ်။ အေးအေး
မြင့်ကို သူသတ်တာ မဟုတ်ဘူးဆိုတဲ့အကြောင်း ပြောတယ်တဲ့ ”
“ ဒါဆို သူသတိရလာတဲ့အချိန်မှာ အေးအေးမြင့်ရဲ့အလောင်းကိုမြင်လို့ သူတရားခံဖြစ်ပြီထင်ပြီး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတာဖြစ်
မယ် ”
“ သေချာတာပေါ့ ဦးစီး။ လူသတ်တရားခံမိပြီဆိုတဲ့အကြောင်း ကျွန်တော်တို့လည်း သူ့မိဘနဲ့ ယောက္ခမတွေကို ပြောထားပါတယ်။ သူကိုယ်
တိုင်က ပြန်မလာရဲတာပါ။ ကျွန်တော်ထင်တာတော့ သီသီအောင်တို့ကို အမိန့်ချပြီးမှ ပြန်လာမယ်ထင်တယ် ”
“ သူလည်း သတိပြန်ရရခြင်း အေးအေးမြင့်အသတ်ခံထားရတာကိုမြင်ပြီး အတော်လန့်သွားတယ်နဲ့တူပါတယ်။ အမှန်က လှငွေခေါ်လာတဲ့
အကြောင်း သူ့မိဘတွေကတဆင့် ရဲစခန်းကို အကြောင်းကြားရမှာဗျ ”
“ ဟုတ်တယ် ဦးစီး။ ကြည့်ရတာ သူ့မိန်းမ သီသီအောင်နဲ့ယောက်ဖကို ဒုက္ခမရောက်စေချင်ဘူးနဲ့တူပါတယ်။ ဒါမှမဟုတ်၊ သူတို့သတ်တယ်
လို့လည်း ထင်ချင်မှထင်မှာပေါ့။ကဲ..ကျွန်တော် ပြောတာကတော့ ပြီးသွားပြီ။ ဦးစီးနဲ့ကျွန်တော်ပြောထားတဲ့ကိစ္စလေးဆက်လိုက်ရအောင် ”
“ ဘာကိစ္စလဲဗျ ”
“ ကျွန်တော့်ကို ဒူးတုန်တယ်ပြောတဲ့ကိစ္စလေ။ ဦးစီး တစ်ယောက်တည်း သွားရဲသလား။ အဲဒီအိမ်က အခုထိခြောက်လို့ဘယ်သူမှ မဝယ်ရဲ
ဘူး။ ကိုအေးမြင့်တောင် အဲဒီအိမ်နားကနေ အခြားနေရာကိုပြောင်းသွားပြီဗျ ”
စခန်းမှုး ကိုနေဝင်းပြောပြသည့်အကြောင်းအရာများက အလွန်စိတ်ဝင်စားဖို့ကောင်းသော်လည်း အချို့နေရာများတွင် ကျွန်ုပ်အား
ကြောက်လန့်စေရန် ချဲ့ကားထားသည်ဟုထင်မိသည်။ လူတစ်ယောက်သေဆုံးပြီးနောက် သရဲတစ္ဆေဘဝသို့ရောက်သည်ဆိုသည့်စကားကို
ကျွန်ုပ်လက်မခံပါ။ ထိုထက်ပိုဆိုးသည်က သရဲတစ္ဆေကစကားပြောသည်ဆိုသည့်အချက်ကို ပို၍လက်မခံနိုင်ပါ။ ကျွန်ုပ်၏အဘိုးအဘွားများ
လည်း သေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အဘိုးအဘွားတို့ ခြောက်လှန့်ခြင်း စကားပြောဆိုခြင်းကို ကျွန်ုပ် မကြားမိပါ။
အဘိုးအဘွားတို့သာ သရဲတစ္ဆေဘဝဖြင့် စကားပြောဆိုနိုင်မည်ဆိုပါက ကျွန်ုပ် အတွက် အမွေပေးမည်ဆိုသည့် မသေခင်ပြောခဲ့သည့်စ
ကားကို အဘယ်ကြောင့် ကတိမတည်ရသနည်းဟုမေးချင်ပါသည်။ ကိုနေဝင်းသည် ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ယုတ္တိမတန်သည့်စကား
ကို ပြောဆိုသည်ဟု ကျွန်ုပ်ထင်မြင်မိသည်။
“ ဘယ်လိုလဲ ဦးစီး ”
“ ကဲ…. ကျွန်တော်ကတော့ မယုံဘူးဗျာ။ စမ်းကြည့်ချင်တယ်။ ဘယ်လိုစမ်းကြည့်ရမလဲဆိုတာသာပြောပေတော့ ”
“ ဟာ…ဆရာ….မလုပ်နဲ့နော်…။ အဲဒီအိမ်က တကယ်ခြောက်တာဗျ။ လွှသမားတွေ ခွဲသားလာယူတုန်းက အခြောက်ခံရလို့ ဖိနပ်တောင်
မပါဘဲ ပြေးရတယ်တဲ့။ ဒါတောင် နေ့လယ်ခင်းကြီးနော်။ ဆရာတစ်ခုခုဖြစ်ရင် ကျွန်တော်တို့လည်းမကောင်းဘူးဗျာ ”
“ ဒါမျိုးမှကြိုက်တာ ကိုချစ်တီးရေ။ ဘာမှဖြစ်စရာ အကြောင်းမရှိဘူး။ စကားလာပြောတော့လည်း ပြန်ပြောလိုက်ရုံပေါ့ဗျာ ”
“ တကယ်လား ဦးစီး။ စိန်ခေါ်တယ်ပေါ့ ”
“ စိန်ဗျာ…...”
“ တစ်ခုခုဖြစ်ရင် ကျွန်တော်နဲ့မဆိုင်ဘူးနော် ”
“ စိန်တယ်ဗျာ….။ ဘယ်နေ့စမလဲသာပြော ”
“ ဦးစီးက သတ္တိအတော်ကောင်းတာပဲ ”
“ သရဲတစ္ဆေဆိုတာ ဖြူသလား မည်းသလားတောင်မသိဘူး။ မြင်လည်း မမြင်ဖူးဘူး။ ဒီတော့ မကြောက်ဘူးပေါ့ဗျာ ”
“ စိန်တယ်လား ဦးစီး ”
“ စိန်တယ်ဗျာ….စိန်တာမှ…စိန်….စိန်နဲ့တောင်နေသေး ”
“ ကောင်းပြီဗျာ။ အခုလာမယ့် စနေနေ့ညနေ ခြောက်နာရီ ဒီနေရာမှာဆုံကြမယ်။ ညဆယ်နာရီမှာ အိမ်ထဲဝင်ရမယ်။ တစ်ညလုံး အိမ်ထဲမှာပဲ
နေရမယ်။ အိပ်ချင်အိပ်၊ စာဖတ်ချင်ဖတ်၊ လမ်းလျှောက်ချင်လျှောက်၊ ရေဒီယိုနားထောင်ချင်ရင် ယူသွားလို့ရတယ်။ မနက် ခြောက်နာရီထိုး
တာနဲ့ အိမ်ရှေ့ကိုထွက်လာရင် ကျွန်တော်ရှုံးပြီ။ ညဆယ်နာရီကနေ မနက်ခြောက်နာရီအတွင်း ထွက်ပြေးလာရင်တော့ ခင်ဗျားရှုံးပြီ။ ဘယ်
လိုလဲ၊ စိန်သလား ”
“ စိန်ဗျာ……”
“ တစ်ခုတော့ရှိတယ်နော်။ အဲဒီနေ့မှာ အရေးကြီးတဲ့ကိစ္စပေါ်လာလို့ ကျွန်တော်မလာနိုင်ရင် ပွဲဖျက်ပြီး နောက်တစ်ပတ်အားတော့မှ ပြန်စ
မယ် ”
“ နိုး……..၊ ခင်ဗျားပြောတဲ့ရက်မှာ စမယ်။ ခင်ဗျားမလာနိုင်ရင် ကိုချစ်တီးနဲ့ ကိုစိုးကြည်တို့ရှိတယ်။ သူတို့က ခင်ဗျားရဲ့လူယုံတွေ။
ခင်ဗျားဘက်က သက်သေပေါ့ဗျာ။ လောင်းကြေးက ဘယ်လိုလဲ စခန်းမှုး ”
“ လောင်းကြေးက များများစားစားမဟုတ်ပါဘူး။ တစ်ဝိုင်းစာပါပဲ ”
“ ဟာ…အဲဒီလိုတော့ မရဘူးလေ။ လစာတစ်ဝက်ကြေးတော့ လုပ်ဗျာ ”
“ ဟား……အတော်ထက်သန်နေပါလား။ သဘောပဲဗျာ ”
ကျွန်ုပ်၏မခံချင်စိတ်၊ မယုံကြည်မှုတို့က ကျွန်ုပ်အတွက် ခွန်အားတစ်ခုဖြစ်နေခဲ့သည်။
“ မနက်ဖြန်ညနေကျရင် အဲဒီအိမ်ကို အပြင်ကနေ သွားလေ့လာမယ်ဗျာ ”
“ အိမ်ထဲအထိဝင်ချင်လည်း ရပါတယ်။ ဦးတင်မိုးကို မနက်ဖြန်မနက်ကျရင်သွားတွေ့ပြီး သော့တောင်းလာခဲ့ပါ့မယ် ”
“ မတောင်းနဲ့ဦးဗျ။ ပွဲစမယ့်နေ့မှ အကျိုးအကြောင်းပြောပြီး သော့တောင်းခဲ့ ”
“ အကျိုးအကြောင်းတော့ ပြောလို့မဖြစ်ဘူးလေဗျာ။ အကြောင်းကိစ္စတစ်ခုခုပြပြီး သော့တောင်းရမှာ။ စိုးကြည်နဲ့ ချစ်တီးလည်း အခုကိစ္စကို ဘယ်သူမှမပြောကြနဲ့။ တို့တွေပဲ သိပါစေ ”
“ ဟုတ်ကဲ့၊ မပြောပါဘူး ”
“ စိတ်ချပါ ဆရာသမား။ ဆရာ့အတွက်တော့ စိတ်ပူတယ် ”
“ စိတ်မပူပါနဲ့ ကိုချစ်တီးရာ။ သရဲဆိုတာချိုနဲ့လားဆိုတာ သိချင်လို့ စိန်လိုက်တာ ”
“ မနက် တစ်နာရီတောင်ကျော်နေပြီ။ ဝိုင်းသိမ်းလိုက်ကြရအောင် ”
စကားပြောကောင်းနေသဖြင့် မနက်တစ်နာရီကျော်နေသည်ကိုပင် သတိမထားနိုင်ခဲ့ပေ။ ကျွန်ုပ်၏စိတ်ထဲမှာတော့ လာမည့်စနေနေ့ကို
အမြန်ရောက်ပါစေဟုသာ ဆုတောင်းနေမိတော့သည်။
***************
ကျွန်ုပ်က ညနေရုံးဆင်းပြီးသည်နှင့် အလုပ်အားလပ်သော်လည်း ကိုနေဝင်းက အရေးတကြီးကိစ္စများရှိနေသဖြင့် စနေနေ့မတိုင်ခင်
ကြားရက်များတွင် ဝိုင်းမဖွဲ့ဖြစ်ကြပေ။ သို့ပါသော်လည်း လူသတ်မှုဖြစ်ခဲ့သည့်အိမ်ကို လေ့လာလိုပါက လေ့လာနိုင်ရန်ဟုဆိုကာ ကြာသ
ပတေးနေ့မနက်ဆယ်နာရီခန့်တွင် သူကိုယ်တိုင် ကျွန်ုပ်ရုံးသို့လာရောက်ပြီး အိမ်သော့အပ်နှံသွားလေသည်။ ကျွန်ုပ် စိတ်ဝင်စားနေသည့်
ကိစ္စဖြစ်နေသဖြင့် နေ့လည် ထမင်းစားပြီးချိန်တွင် မြို့အထွက်ရှိ ထိုအိမ်သို့ စက်ဘီးတစ်စီးဖြင့် လေ့လာရေးခရီးထွက်ခဲ့လေတော့သည်။
ထိုအိမ်သို့ရောက်ရန် မိနစ်နှစ်ဆယ်ကျော်ခန့် ကြာမြင့်လေသည်။
မန္တလေးဘက်သို့သွားသည့် မြို့စွန်ဘက်တွင်ရှိနေသည့် ထိုအိမ်သည် မြို့အထွက်ဟုဆိုရမည်လား မြို့အဝင်ဟု ဆိုရမည်လား ကျွန်ုပ်
မပြောတတ်ပေ။ အရှေ့ဘက်သို့ မျက်နှာပြုထားသဖြင့် ရန်ကုန်ဘက်မှလာမည်ဆိုပါက အဝေးပြေးလမ်းမကြီး၏ လက်ဝဲဘက်၊ မန္တလေး
ဘက်မှလာမည်ဆိုပါက အဝေးပြေးလမ်းမကြီး၏လက်ယာဘက်တွင် ရှိပေသည်။ ခြံအကျယ်ကို မည်မျှရှိသည်ဟု ခန့်မှန်းရဖို့လည်းခက်နေ
သည်။ အကြောင်းမူကား ထိုအိမ်၏ အရှေ့၊ အနောက်နှင့် လက်ယာဘက်တွင်သာ ဝါးကပ်များဖြင့် ခြံခတ်ထားသော်လည်း လက်ဝဲဘက်တွင်
ခြံခတ်ထားခြင်းမရှိပေ။ လက်ဝဲဘက်တွင် မြေလွတ် မြေရိုင်းများက အနည်းဆုံး ခြောက်ဧကမျှရှိမည်ဟု ခန့်မှန်းမိသည်။ ထိုမြေလွတ်များကို
မည်သူပိုင်ဆိုင်ကြောင်းလည်း ကျွန်ုပ်သိရန်မလိုအပ်ပေ။ ထိုအိမ်၏လက်ယာဘက်တွင် အိမ်တစ်လုံးရှိပြီး အိမ်ရှေ့တွင် ဆိုင်ခန်းအလွတ်တစ်
ခုရှိပေသည်။ ထိုဆိုင်ခန်းသည် ကိုအေးမြင့်၏ လေထိုးကျွတ်ဖာဆိုင်ဖြစ်ကြောင်း ကျွန်ုပ်သိလိုက်ရလေသည်။ ထိုအိမ်သည်လည်း လူနေထိုင်
ခြင်းမရှိပုံရပေသည်။ ကျွန်ုပ်စိတ်ဝင်စားနေသည့် အိမ်သည် အုတ်ခံပျဉ်ထောင်၊ သွပ်မိုးနှစ်ထပ်အိမ်ဖြစ်သည်။ ထိုအိမ်နှင့် မျက်နှာချင်းဆိုင် လမ်းမကြီး၏အခြားတစ်ဖက်တွင် မည်သူမျှမကျူးကျော်ရ၊ ( XXX ) ဌာနပိုင်မြေဟုအသိပေးဆိုင်းဘုတ်ထောင်ထားပြီး သံဆူးကြိုးများ
ခတ်ထားသည့် နွားစားကျက်တစ်ခုရှိပေသည်။ နွားစားကျက်ဟု ကျွန်ုပ်ပြောရခြင်းသည် မည်သူမျှမကျူးကျော်ရဟု ရေးသားထားသော်
လည်း နွားများက ကျူးကျော်ဝင်ရောက်စားသောက်နေသည့် စားကျက်တစ်ခုဖြစ်နေသောကြောင့် ဖြစ်ပေသည်။ ထိုနွားစားကျက်ကိုလွန်
သော် ဦးစီးဌာနတစ်ခုပိုင်ဆိုင်သည့် နေရာတစ်ခုရှိပေသည်။ ထိုနေရာသည် မြို့၏ နောက်ဆုံးအစွန်အဖျားတစ်ခုဖြစ်ပေသည်။
ထိုအိမ်မှ မြို့တွင်းသို့သွားရာလမ်းတစ်လျှောက်၌ အိမ်ခြေများကစိတ်မနေဘဲ ခပ်ကြဲကြဲရှိကြသည်။ မြေလတ်ဒေသမြို့လေးများသို့
ပြေးဆွဲနေသည့်ယာဉ်ငယ်များ ရပ်နားသည့် မြို့မအရှေ့ပိုင်းမှ စတင်ပြီး ဈေးဆိုင်များ၊ စားသောက်ဆိုင်များဖြင့် စည်ကားနေပေသည်။
ကျွန်ုပ်လည်း ထိုအိမ်ကြီးနှင့် အနီးတစ်ဝိုက်ကို လေ့လာပြီးဖြစ်သောကြောင့် ရုံးသို့ ပြန်လာခဲ့လေတော့သည်။
**************
ကျွန်ုပ် စောင့်မျှော်ခဲ့ရသည့် စနေနေ့သို့ ရောက်ရှိခဲ့လေပြီ။ ညနေ လေးနာရီမထိုးခင်ကတည်းက ရေချိုးပြီး လိုအပ်သည့်အသုံးအဆောင်
များကို ပြင်ဆင်ထားပြီးဖြစ်နေသည်။ လိုအပ်သည့်အသုံးအဆောင်ဆိုသည်ကလည်း အထွေအထူးတော့မဟုတ်ပေ။ နေရှင်နယ်အမှတ်တံ
ဆိပ် လေးတောင့်ထိုးဓာတ်မီးတစ်လက်၊ ဖယောင်းတိုင်နှစ်တိုင်၊ မီးခြစ်တစ်လုံး၊ သောက်ရေဘူးတစ်ဘူး၊ ဖန်ခွက်တစ်ခွက်နှင့် အနွေးထည်
တစ်ထည်သာဖြစ်ပေသည်။ အနွေးထည်ယူရခြင်းကလည်း ကျွန်ုပ် တာဝန်ထမ်းဆောင်နေသည့်မြို့သည် နေ့အခါအလွန်ပူပြင်းပြီး ညအခါ
အလွန်အေးသဖြင့် အနွေးထည်ကို လိုရမယ်ရယူခြင်းဖြစ်ပေ၏။
ညနေငါးနာရီခွဲတွင် ကျွန်ုပ်၏စီးတော်မြဲ စက်ဘီးအိုကြီးကိုစီးကာ မိသားစု စားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။ စားသောက်ဆိုင်သို့
ရောက်သည့်အခါ မည်သူမျှမရောက်သေးသဖြင့် ရမ်တစ်လုံးနှင့်ဆော်ဒါတစ်ပုလင်း၊ အမြည်းအနည်းငယ်နှင့် ရေခဲမှာကာ ကိုနေဝင်းတို့ကို
စောင့်စားရင်း စည်းစိမ်ယူနေမိသည်။
“ ဟော….ဆရာက အစောကြီးရောက်နေတာလား ”
“ လာဗျို့…ကိုချစ်တီး။ ကျွန်တော်ရောက်တာ သိပ်မကြာသေးပါဘူးဗျ ”
ခြောက်နာရီထိုးခါနီးတွင် ကိုချစ်တီးရောက်လာသဖြင့် စကားပြောဖော်ရသွားခဲ့လေသည်။
“ ကျွန်တော်လည်း ညနေငါးနာရီခွဲကတည်းက ဆိုင်ကိုမိန်းမနဲ့လွှဲခဲ့ပြီး ဒီကိုထွက်လာတာ။ လမ်းမှာ မိတ်ဆွေတစ်ယောက်နဲ့တွေ့လို့ စကား
ပြောနေတာနဲ့ ကြာသွားတာ ”
“ ခြောက်နာရီပဲရှိပါသေးတယ်ဗျာ။ နောက်မကျပါဘူး။ ဘာသောက်မလဲ၊ ဘာစားမလဲ ကိုချစ်တီး ”
“ ဆရာမှာထားတာပဲ အရင်သောက်နှင့်စားနှင့်ကြတာပေါ့ဗျာ ”
ညနေခြောက်နာရီကျော်လောက်တွင် ကိုစိုးကြည်နှင့် စခန်းမှုး ကိုနေဝင်းတို့ ရောက်ချလာလေသည်။
“ မလာတော့ဘူးတောင်မှတ်တာ ”
“ မလာဘဲနဲ့တော့ ဘယ်နေပါ့မလဲဗျာ။ ဒါပေမဲ့ ညကိုးနာရီလောက်ကျရင်တော့ စခန်းကို ခဏပြန်ရမယ်။ ဆယ်နာရီထိုးလို့မှ ကျွန်တော်
ပြန်မရောက်လာခဲ့ရင် နောက်တစ်ပတ်မှပဲစကြတာပေါ့ဗျာ ”
“ ကိစ္စမရှိပါဘူး စခန်းမှုးရယ်။ ခင်ဗျားရဲ့လူတွေ ရှိနေတာပဲ။ ထိုင်ပါဦးဗျာ။ တစ်ခွက်လောက် သောက်လိုက်ပါဦး ”
ကျွန်ုပ်တို့အဖွဲ့ စကားစမြည်ပြောဆိုရင်း ညကိုးနာရီထိုးသည့်အခါ ကိုနေဝင်းက စခန်းသို့ခဏပြန်သွားသဖြင့် ကျွန်ုပ်နှင့်ကိုချစ်တီး၊ ကိုစိုးကြည်တို့သာ ကျန်ခဲ့လေသည်။ ကျွန်ုပ်သည် လုပ်စရာရှိသည့်အလုပ်ကို မဆိုင်းမတွလုပ်တတ်သူဖြစ်သည့်အတွက် လူသတ်မှုဖြစ်ခဲ့သည့်
အိမ်သို့သွားရန်သာ ဆန္ဒပြင်းပြနေမိသည်။
“ ခင်ဗျားတို့ ဆက်သောက်ကြဦးမလား ”
“ ဘာဖြစ်လို့လဲ ဦးစီးမှုး။ ကိစ္စရှိလို့လား ”
“ ကျွန်တော်ကတော့ ဟိုအိမ်ကို သွားချင်နေပြီ ကိုစိုးကြည် ”
“ အခုမှ ကိုးနာရီကျော်ပဲရှိသေးတယ်လေ ”
“ စောတော့ ပိုမကောင်းဘူးလားဗျ ”
“ ဦးစီးမှုးရဲ့သဘောပါ။ ကျွန်တော်ကတော့ အဲဒီကိစ္စကို အားမပေးဘူး ”
“ ဟုတ်တယ်ဆရာ။ ကျွန်တော်လည်း အားမပေးဘူး။ တစ်စုံတစ်ခုဖြစ်ရင် ဆရာတို့အဆင့်တွေနဲ့ လူကြားလို့မသင့်တော်ဘူး ”
“ ဘာမှမဖြစ်ပါဘူး ကိုချစ်တီးရာ။ ကျွန်တော်က အဲဒီအိမ်ကို စောစောသွားပြီး အရက်ထိုင်သောက်ချင်နေတာ ”
“ ဆရာကတော့ဗျာ ”
“ ခင်ဗျားတို့ စခန်းမှုးကိုစောင့်ရင်း ဆက်သောက်နှင့်။ ကျွန်တော်တော့ ရှစ်ပက်တစ်ပြားဝယ်ပြီး အဲဒီအိမ်မှာသွားသောက်တော့မယ် ”
“ ဒီလောက်ဆန္ဒရှိနေရင်လည်း ကျွန်တော်တို့လိုက်ပို့ပေးပါ့မယ်။ ဦးစီးမှုးကို လိုက်ပို့ပေးပြီးမှ ကျွန်တော်တို့ ဒီကိုပြန်လာကြမယ် ”
“ အဲဒါ ကောင်းတယ်ဗျာ။ ဂျင်းသုတ်တစ်ပွဲနဲ့ ရမ်တစ်ပြား၊ ရေခဲတစ်ပွဲ ပါဆယ်လုပ်ပေးစမ်းပါ ”
ကျွန်ုပ်လည်း အချိန်မဆွဲတော့ဘဲ ရမ်ပုလင်းပြားတစ်ပြားနှင့်ဂျင်းသုတ်တစ်ပွဲ၊ ရေခဲတစ်ပွဲမှာလိုက်လေသည်။ အမြည်းနှင့်အရက်ပုလင်း
လာချပေးသည်နှင့် ကျွန်ုပ်တို့သုံးယောက် စက်ဘီးကိုယ်စီစီးကာ သရဲခြောက်သည်ဆိုသည့်အိမ်ဆီသို့ ထွက်လာခဲ့ကြလေတော့သည်။
**************
ကိုစိုးကြည်နှင့် ကိုချစ်တီးတို့ ကျွန်ုပ်အား အိမ်ထဲအထိလိုက်ပို့ပေးပြီး စိုးရိမ်ပူပန်သည့်မျက်လုံးများဖြင့် ကြည့်ရှုသည်ကို ကျွန်ုပ်
မနှစ်သက်ပါ။ ထို့ကြောင့်လည်း ကိုစိုးကြည်တို့ကို စိတ်ချရန်ပြောဆိုပြီး ပြန်လွှတ်လိုက်ရလေသည်။
ကိုစိုးကြည်တို့ ပြန်သွားပြီးနောက် အိမ်အခြေအနေကို လေ့လာရပေသည်။ အောက်ထပ်တွင် ပက်လက်ကုလားထိုင်တစ်လုံးသာရှိပြီး
ထိုပက်လက်ကုလားထိုင်၏အခင်းကလည်း ထိုင်မရလောက်အောင် ဆွေးမြည့်စုတ်ပြဲနေလေသည်။ အိမ်အောက်ထပ်တွင် အိပ်ခန်းဟူ၍
တစ်ခန်းတစ်လေမျှပင်မရှိဘဲ ဟာလာဟင်းလင်းဖြစ်နေပေသည်။ အိမ်နောက်ဖေးတံခါးကို ဖွင့်ကြည့်လိုက်သည့်အခါ သွပ်မိုးထရံကာထား
သည့် စတိုတစ်ခုကို တွေ့လိုက်ရသည်။ ထိုစတိုထဲတွင်သစ်တိုသစ်စများ၊သစ်သားဖြတ်စများကို စုပုံထားပြီး အစီအရီထပ်ထားသည့် လွှစာ
မှုန့်အိတ်များကိုလည်းမြင်တွေ့ရလေသည်။ ကျွန်ုပ်အတွက်မရှိမဖြစ်လိုအပ်သည့် အိမ်သာကို ရှာဖွေကြည့်သည့်အခါ စတိုခန်း၏ထောင့်တွင်
တံခါးတစ်ချပ်ကို မြင်တွေ့လိုက်ရသဖြင့် ထိုတံခါးဆီသို့ သွားရောက်ဖွင့်ကြည့်သည့်အခါ ကျွန်ုပ်ထင်သည့်အတိုင်း အိမ်သာဖြစ်နေလေသည်။
နယ်မြို့ဖြစ်သော်လည်း အိမ်သာရေတံလျှောက်သည် သစ်သားဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲ ပလပ်စတစ်ရေတံလျှောက်ဖြစ်နေသဖြင့်
ကျွန်ုပ်သဘောကျမိသည်။ အိမ်နောက်ဘက်ကိုလေ့လာပြီးသည်နှင့် အိမ်ပေါ်ထပ်ကိုလေ့လာရန် တက်သွားခဲ့လေသည်။ အပေါ်ထပ်တွင်
လည်း အိပ်ခန်းမရှိသဖြင့် ယခင်အိမ်ရှင်များက အခန်းအကာမရှိဘဲအိပ်စက်ကြခြင်းဖြစ်နိုင်သည်ဟု ကျွန်ုပ်တွေးလိုက်မိသည်။ အပေါ်ထပ်
တစ်ခုလုံးကို ပိတောက်သားလျှာထိုးများခင်းထားသော်လည်း အရောင်တင်ထားခြင်းမရှိသည့်အတွက် မည်းညစ်ညစ်ဖြစ်နေပေသည်။ ဘု
ရားစင်ရှိသော်လည်း မဟာမြတ်မုနိဘုရားပုံကိုသာကပ်ထားပြီး သောက်တော်ရေခွက်နှင့် ဘုရားပန်းအိုးများလည်း မရှိကြပေ။ အိမ်ရှေ့
တွင် ပြူတင်းပေါက်နှစ်ပေါက်၊ ဘေးတစ်ဘက်တစ်ချက်တွင် ပြူတင်းပေါက်နှစ်ပေါက်၊ အိမ်နောက်ဘက်တွင် ပြူတင်းပေါက်နှစ်ပေါက်စီ
ဖောက်လုပ်ထားပုံကိုကြည့်ပြီး ကျွန်ုပ်၏စိတ်ထဲတွင် ဘုန်းကြီးကျောင်းနှင့်ဆင်တူသည်ဟုပင် မှတ်ယူလိုက်မိသည်။
တစ်အိမ်လုံးကို လေ့လာပြီးပြီဖြစ်သောကြောင့် ကျွန်ုပ်လည်း အိမ်ရှေ့ပြူတင်းပေါက်တံခါးကိုဖွင့်ကာ ပြူတင်းပေါက်အနီးတွင်ထိုင်ချ
လိုက်ပြီး လက်ဆွဲအိတ်ထဲမှ ရမ်ပုလင်းပြား၊ ဖန်ခွက်နှင့် ရေဘူးတို့ကိုထုတ်ယူလိုက်ပြီး ဂျင်းသုတ်အမြည်းထုပ်ကိုဖွင့်ကာ သီချင်းတစ်ပုဒ်
ညည်းရင်း ဇရက်မင်းစည်းစိမ်ယူရန် စတင်လေတော့သည်။
***************
ကျွန်ုပ်တစ်ယောက်တည်းသောက်စားရသည်မှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။ စကားပြောဖော်မရှိသဖြင့်ခြောက်ကပ်ကပ်ရှိနေပေ
သည်။ ပြူတင်းပေါက်မှ အပြင်ဘက်သို့ငေးရင်း တစွတ်စွတ်သောက်နေမိသဖြင့် ရမ်ပုလင်းတစ်ပြားလုံးကုန်သွားသည်ကိုပင် မသိလိုက်မိပေ
။ အဝေးပြေးလမ်းမကြီးပေါ်တွင် ကုန်တင်ကားအချို့နှင့်ခရီးသည်တင်အဝေးပြေးကားများ တစ်ခါတစ်ရံဖြတ်သန်းသွားသည်မှလွဲ၍ ပတ်
ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေလေသည်။ လက်ပတ်နာရီကိုကြည့်လိုက်သည့်အခါ ညဆယ့်တစ်နာရီနှင့်ဆယ်မိနစ်ရှိနေလေပြီ။ မည်သို့
မည်ပုံ အချိန်ကုန်သွားသည်ကိုပင် ကျွန်ုပ်မသိလိုက်သလို ခြောက်လှန့်မှုကိုလည်း မကြုံရသဖြင့် ကျွန်ုပ်ပြုံးလိုက်မိသည်။ ယခုအတိုင်းဆိုပါ
က စခန်းမှုးကိုနေဝင်းသည်ကျွန်ုပ်အား သွေးစမ်းခြင်းသာဖြစ်မည်ဟု ထင်လိုက်မိသည်။
ဆယ့်တစ်နာရီခွဲလောက်တွင် အပေါ့အပါးသွားချင်လာသဖြင့် အိမ်အောက်ထပ်သို့ဆင်းကာ နောက်ဖေးဆောင်ထဲရှိအိမ်သာတွင် အပေါ့
အပါးသွားရလေသည်။ အပေါ့အပါးသွားပြီး အိမ်သာတံခါးကိုဖွင့်လိုက်စဉ် အိမ်နောက်ဖေးဆောင်နှင့်အိမ်မကြီးတံခါးဝတွင် ရပ်နေသည့်အ
မျိုးသမီးကို မြင်တွေ့လိုက်ရသောကြောင့် ထိုအမျိုးသမီးကို အသေအချာကြည့်လိုက်မိသည်။ အမျိုးသမီး၏မျက်နှာကိုမမြင်ရသော်လည်း
ဆံပင်ဖားလားချထားသည့်အမျိုးသမီးသည် လုံးကြီးပေါက်လှတစ်ယောက်မှန်း ခန္တာကိုယ်အချိုးအဆစ်ကို ကြည့်လိုက်ရုံဖြင့် ကျွန်ုပ်သိလိုက်
လေ၏။ အမျိုးသမီးက မည်သည့်နေရာကိုမှ မသွားဘဲ တံခါးပေါက်ဝတွင်ရပ်ပြီး ကျွန်ုပ်ရှိရာဘက်သို့ မျက်နှာမူထားသဖြင့် ကျွန်ုပ်လည်း
အိမ်သာမှထွက်ကာ အမျိုးသမီးရှိရာသို့ ခြေလှမ်းမှန်ဖြင့် လျှောက်သွားလိုက်လေသည်။ အမျိုးသမီးနှင့် ခြေလှမ်း လေးငါးလှမ်းစာခန့်အကွာ
အဝေးသို့ရောက်သည့်အခါ မျက်ဝါးထင်ထင်မြင်တွေ့နေရသည့် အမျိုးသမီးသည် ကျွန်ုပ်၏မျက်စိအောက်မှ ရုတ်ချည်းပျောက်ကွယ်သွားသ
ဖြင့် ကျွန်ုပ်လည်း တအံ့တသြဖြစ်သွားရလေသည်။ ကျွန်ုပ်၏စိတ်ထဲတွင်လည်း သရဲခြောက်သည်ဆိုခြင်းမှာ ထိုသို့ခြောက်လှန့်ခြင်းသာဖြစ်
ပါက ကြောက်လန့်စရာမရှိဟု တွေးလိုက်မိလေသည်။ ကျွန်ုပ်လည်း နောက်ဖေးတံခါးကို အသေအချာပိတ်ပြီး အိမ်ပေါ်ထပ်သို့ တက်လာခဲ့
လေသည်။ သောက်စရာ အရက်လည်းကုန်သွားသဖြင့် ယခုညတစ်ညလုံးကို မည်သို့ကျော်ဖြတ်ရမည့်အကြောင်း မစဉ်းစားတတ်တော့ပေ။
ယခုအချိန်တွင် မိသားစု စားသောက်ဆိုင်၌ ကိုနေဝင်းတို့ စားသောက်နေကြပြီး ကျွန်ုပ်အကြောင်းကို ပြောနေကြပေလိမ့်မည်။ ယခုနေ တစ်
ယောက်ယောက်က အရက်တစ်ပုလင်းနှင့်အမြည်းတစ်ပန်းကန်လာပေးလျှင် ကောင်းလေစွဟု တွေးနေစဉ်မှာပင် လမ်းမကြီးပေါ်မှ အိမ်ရှေ့
သို့ချိုးကွေ့လာသည့် စက်ဘီးနှစ်စီးကို မြင်တွေ့လိုက်ရသည်။ လမ်းမကြီးပေါ်တွင် မှောင်မိုက်နေသဖြင့် မည်သူမည်ဝါဆိုသည်ကိုသိနိုင်ရန်
လက်ဆွဲအိတ်ထဲမှ လက်နှိပ်ဓာတ်မီးကို နှိုက်ယူလိုက်စဉ် စက်ဘီးနှစ်စီးက အိမ်ရှေ့တွင်ရပ်လိုက်ပြီး ကျွန်ုပ်နှင့် အလွန်ရင်းနှီးသည့် အသံကို
ကြားလိုက်ရပေသည်။
“ ဦးစီး...... ”
ကိုနေဝင်း၏အသံကို ကြားလိုက်ရသဖြင့် ကျွန်ုပ်လည်း အိမ်ပေါ်ထပ်မှ ချက်ချင်းဆင်းပြေးကာ အိမ်တံခါးကိုဖွင့်ပြီး အပြင်သို့ထွက်
လိုက်သည့်အခါ ကိုနေဝင်းနှင့်ကိုချစ်တီးတို့ကို တွေ့လိုက်ရသည်။
“ ဘာလာလုပ်ကြတာလဲဗျ ”
“ ဘာမှမလုပ်ဘူး။ ခင်ဗျားဆီ သက်သက်လာတာ။ ကျွန်တော်ပြောထားရဲ့သားနဲ့ ဘာဖြစ်လို့ လုပ်တာလဲဗျာ ”
“ ဘာကိုလဲ စခန်းမှုး ”
“ ကျွန်တော် ပြန်လာမှ သွားပါ။ ကျွန်တော်မလာဖြစ်ရင် ရှေ့တစ်ပတ်စနေနေ့မှ စမယ်လို့ပြောထားတယ်လေ ”
“ ကိစ္စမရှိပါဘူးဗျာ။ အခုတောင် ဆယ့်တစ်နာရီကျော်နေပြီ ”
“ တော်တော် ကပ်သီးကပ်သပ်လုပ်တဲ့ ဦးစီးပဲ ”
“ ကျွန်တော့်အကြောင်းလည်း သိသားနဲ့ ”
“ ထားပါတော့။ အခု အဆင်ပြေလား ”
“ အဆင်ပြေသလားတော့မမေးနဲ့။ ခုနက ဆီးသွားပြီး အိမ်သာကပြန်အထွက်မှာ ခင်ဗျားပြောတဲ့ အမျိုးသမီးကို တွေ့လိုက်တယ် ”
“ ဟင်…..ဆရာ…ဖြစ်ပါ့မလား ”
“ ဖြစ်ပါတယ် ကိုကိုချစ်တီးရာ။ ဖြစ်လို့ပဲ ခင်ဗျားတို့နဲ့ အေးအေးလူလူ စကားပြောနိုင်တာပေါ့။ ကိုချစ်တီးပြန်ရင် ရမ်တစ်လုံးနဲ့အမြည်း
လေး လာပို့ပေးစမ်းပါဗျာ ”
“ မပူနဲ့ ဦးစီး။ ကျွန်တော်သိနေလို့ ဝယ်လာပြီးပြီ ”
“ တယ်လည်းချစ်ဖို့ကောင်းတဲ့ ရဲဘော်ကြီးပါလား ဟရို့ ”
“ ဦးစီး ”
“ ဗျား…..”
“ ကျွန်တော်တို့ ပွဲဖျက်လိုက်ရင် ကောင်းမယ်ထင်တယ် ”
“ ဘာဖြစ်လို့လဲ စခန်းမှုး ”
“ ကျွန်တော့်စိတ်ထဲ တစ်မျိုးပဲဗျာ။ အောက်မျက်ခမ်းတွေလည်း လှုပ်နေတယ် ”
“ ကျွန်တော်တစ်ခုခုဖြစ်ရင်တောင် ခင်ဗျားနဲ့ မပတ်သက်စေရဘူးဗျာ။ ကျွန်တော်က စိန်ခေါ်ပြီးရင် ဘွာမခတ်တတ်ဘူး။ စိန်ပြီးရင် စိန်ပဲ ”
“ ပြောမရလည်း သဘောပဲဗျာ။ အဆင်မပြေလို့ လှန်မယ်ဆိုလည်း လှန်လို့ရတယ်။ ခင်ဗျားဆီက လောင်းကြေးမယူပါဘူး ”
“ နိုး……စခန်းမှုး။ ပြောပြီးတဲ့စကားကို ဘယ်တော့မှ မရုပ်သိမ်းတတ်ဘူး။ ပုလင်းပါတယ်ဆိုရင် ထားခဲ့ဗျာ ”
“ ကိုချစ်တီး၊ ပေးလိုက်ဗျာ ”
“ ရော့ဆရာ ”
ကိုချစ်တီးလက်ထဲမှ ပလပ်စတစ်အိတ်ကို လှမ်းယူပြီးဖွင့်ကြည့်လိုက်ရာ ရမ်တစ်လုံး၊ အမြည်းတစ်ထုပ်နှင့် ရေခဲတစ်ထုပ်ကိုမြင်လိုက်
သဖြင့် ကျွန်ုပ် အကျေနပ်ကြီး ကျေနပ်သွားလေတော့သည်။
“ ကျွန်တော်တို့ပြန်တော့မယ် ဦးစီး။ မနက်စောစောလာခဲ့မယ် ”
“ ဆိုင်ကိုပြန်မှာလား စခန်းမှုး ”
“ ဒီနေ့ည ခင်ဗျားမရှိတော့ ဝိုင်းသိမ်းလိုက်ပြီဗျာ မနက်ဖြန်ညနေမှ ဝိုင်းပြန်စမယ် ”
“ ကောင်းတယ်ဗျာ။ ပြန်ကြပေတော့။ ဂရုစိုက်ပြီး သွားကြဦး ”
“ မနက်မှ တွေ့မယ်ဗျာ ”
“ ဟုတ်ကဲ့ စခန်းမှုး ”
“ ဦးစီး…….”
“ ဘာလဲ ကိုချစ်တီး ”
“ လိုရမယ်ရ ဆောင်ထားဖို့ပါ။ မနက်ကျမှ ပြန်ပေးပေါ့ ”
ကျွန်ုပ်လက်ထဲသို့ အတင်းထိုးထည့်ပေးသည့်ပစ္စည်းလေးကို ကြည့်လိုက်သည့်အခါ စိပ်ပုတီးအသေးတစ်ကုံးဖြစ်နေသဖြင့် ကျွန်ုပ်
ပြုံးလိုက်မိသည်။
“ မလိုပါဘူး ကိုချစ်တီးရာ။ ခင်ဗျားရဲ့ စေတနာကို အသိအမှတ်ပြုပါတယ် ”
“ ယူထားပါ ဆရာ။ အဲဒီပုတီးက အိန္ဒိယက ဆာဒူးကြီးပေးတဲ့ ပုတီးပါ။ သရဲတစ္ဆေတွေကို နိုင်ပါတယ် ”
ကိုချစ်တီးက ကျွန်ုပ်၏လက်ထဲသို့ အတင်းထိုးထည့်ပေးနေသောကြောင့် အားနာနာဖြင့် ယူထားလိုက်ရလေသည်။
“ မနက်မှတွေ့မယ်ဆရာ ”
“ ကောင်းပါပြီကိုချစ်တီး ”
စက်ဘီးကိုယ်စီဖြင့်ထွက်သွားကြသည့် ကိုနေဝင်းနှင့်ကိုချစ်တီးတို့နှစ်ယောက်စလုံးကို မမြင်ရတော့သည်အထိ ရပ်ကြည့်နေမိသည်။
အဖော်ကောင်းရမ်တစ်လုံးရှိပြီဖြစ်သောကြောင့် ယခုညအား သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပေတော့မည်။ ဝမ်းသာအားရဖြင့် ခြံထဲသို့
ဝင်ရန် ဟန်ပြင်လိုက်စဉ် ပြူတင်းပေါက်မှ လူရိပ်တစ်ခုမြင်တွေ့လိုက်သဖြင့် အပေါ်ထပ်သို့ မော့ကြည့်လိုက်သည့်အခါ ဆံပင်ဖားလားချထား
သည့် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ အမျိုးသမီး၏အနောက်မှ မီးချောင်းအလင်းရောင်ကြောင့် မျက်နှာကို မမြင်ရသော်
လည်း ထိုအမျိုးသမီးသည် အိမ်သာမှအထွက်တွင်မြင်တွေ့လိုက်ရသည့် အမျိုးသမီးဖြစ်ကြောင်း ကျွန်ုပ်သိလိုက်ပေသည်။ ကျွန်ုပ်လည်း ဘာ
ရယ်ညာရယ်မဟုတ်ဘဲ အမျိုးသမီးကို လက်ပြနှုတ်ဆက်လိုက်သည့်အခါ ပြူတင်းပေါက်တံခါးကို ဆောင့်ပိတ်သွားလေတော့သည်။
“ ကျုပ်က ခင်ဗျားကိုမိတ်ဆွေဖွဲ့တာပါဗျ။ ဘယ့်နှယ်ကြောင့် ဆောင့်ကြီးအောင့်ကြီးနဲ့ တံခါးကိုဆောင့်ပိတ်ရသတုန်း ”
ကျွန်ုပ်လည်း စိတ်အချဉ်ပေါက်ပေါက်နှင့် ပြောလိုက်ပြီး အိမ်ထဲသို့ဝင်ကာ တံခါးမကြီးကို အသေအချာ ပိတ်လိုက်သည်။ တံခါးပိတ်ပြီး
နောက်သို့လှည့်လိုက်စဉ် ကျွန်ုပ်နှင့် လက်တစ်ကမ်းအကွာတွင် ရပ်နေသည့်အမျိုးသမီးကို ရုတ်တရက်မြင်လိုက်ရသဖြင့် ကျွန်ုပ် အနည်းငယ်
တုန်လှုပ်သွားခဲ့လေသည်။ အမျိုးသမီးအား အကောင်အထည်အလိုက် လူလုံးလူပုံမြင်ရသည်မဟုတ်ဘဲ ရုပ်ရှင်ဆလိုက်မီးဖြင့် ထိုးထားသည့် လူအရိပ်ကဲ့သို့ ထွင်းဖောက်မြင်ရသည့် ပုံသဏ္ဌာန်ဖြစ်နေလေသည်။ ရုတ်တရက် အနီးကပ် မြင်တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားသော်လည်း
ထိုအမျိုးသမီးကို မကြောက်ရွံ့မှန်း ကျွန်ုပ်ကိုယ်ကျွန်ုပ်သာ သိပေသည်။
“ ရှေ့က ဖယ်စမ်းပါဗျာ။ ခင်ဗျားဟာခင်ဗျား အေးအေးနေ။ ကျွန်တော့်ဟာကျွန်တော် အရက်သောက်ပြီးအေးအေးနေမယ်။ ခင်ဗျားကို ဘာ
မှမလုပ်ဘူး။ လမ်းဖယ်ပေးဦး ”
ကျွန်ုပ်ပြောလိုက်သော်လည်း လမ်းဖယ်မပေးသဖြင့် ဖြစ်ချင်ရာဖြစ်ဟုသဘောထားကာ အမျိုးသမီးကို ကျွန်ုပ်၏ကိုယ်ဖြင့်တွန်းတိုက်
လိုက်သည်။ သို့သော်လည်း အမျိုးသမီး၏ ခန္တာကိုယ်အား ကျွန်ုပ်၏ ခန္တာကိုယ်နှင့်မတိုက်မိဘဲ ဖောက်ထွက်သွားလေသည်။ ကျွန်ုပ်လည်း အမျိုးသမီးကို ဆက်မကြည့်တော့ဘဲ အိမ်ပေါ်ထပ်သို့တက်ကာ ပုလင်းကိုဖွင့်ပြီး အရက်ငှဲ့လိုက်လေတော့သည်။
**************
တရိပ်ရိပ်ဖြစ်လာသည့်အခါမှ တစိမ့်စိမ့်သောက်ခြင်းကို ခဏနားထားလိုက်သည်။ ပုရစ်အော်သံနှင့် တွင်းအောင်းသတ္တဝါငယ်များပြေး
လွှားလှုပ်ရှားသံမှလွဲ၍ လောကတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။ နာရီကိုကြည့်လိုက်သည့်အခါ မနက် တစ်နာရီနှင့် မိနစ်လေး
ဆယ်ရှိနေသဖြင့် ကျွန်ုပ် အောင်ပွဲခံရန် လေးနာရီကျော်ကျော်သာ ကျန်တော့သည်။
“ ဂျစ်…….ဂျစ်…..ဂျစ်……”
ကြမ်းပြင်ကို ကုတ်ခြစ်နေသည့်အသံကြားလိုက်ရသဖြင့် အသံလာရာဆီသို့ လှည့်ကြည့်လိုက်မိသည်။
“ ဂျစ်….ဂျစ်….ဂျစ်…..”
အသံသာကြားရပြီး အရိပ်အယောင်မမြင်ရသဖြင့် သစ်သားကို ချစားသံဟုမှတ်ယူကာ ကျွန်ုပ်လည်း မျက်နှာလွှဲလိုက်လေသည်။
“ …………….. ”
ကျွန်ုပ်၏နားထဲတွင် တိုးလျှသည့်အသံတစ်ခုကို ကြားလိုက်ရသဖြင့် အာရုံစိုက်ပြီး နားထောင်ကြည့်လိုက်သည်။ အသေအချာ အာရုံ
စိုက်ပြီး နားထောင်ကြည့်သော်လည်း အသံက အလွန်တိုးသဖြင့် သဲသဲကွဲကွဲ မကြားရပေ။ စကားပြောဆိုသည့်အသံဖြစ်ကြောင်း ကျွန်ုပ်သိ
ပေသည်။
“ ဘယ်သူလဲ……ဘာပြောချင်တာလဲ။ ပြောရင်လည်း ကြားအောင်ပြောဗျာ ”
ကျွန်ုပ်လည်း သည်းမခံနိုင်တော့သဖြင့် စိတ်ထဲရှိသမျှ ပြောချလိုက်တော့သည်။
“ ထွက်သွား…အခုချက်ချင်းထွက်သွား ”
ကျွန်ုပ်၏ လက်ဝဲဘက်နားသို့ကပ်ပြီး ပြောလိုက်သည့်အသံကြောင့် ကျွန်ုပ်၏ရင်ထဲတွင် ထိတ်ကနဲဖြစ်သွားခဲ့လေသည်။ ကျွန်ုပ်ကြား
လိုက်ရသည့်အသံသည် အမျိုးသမီးတစ်ယောက်၏အသံဖြစ်သော်လည်း ကွဲရှရှဖြစ်နေသည့်အပြင်လှိုင်ခေါင်းသံပါ ရောစွက်နေသည်။
“ ကျုပ်ကို ထွက်သွားလို့ပြောနေတာ ဘယ်သူလဲ။ ဟောဒီအိမ်က ခင်ဗျားပိုင်တဲ့ အိမ်မို့လို့လား ”
“ ငါ့အိမ်…….ငါ့ယောက်ျား ဝယ်ထားတဲ့အိမ် ”
ကြားနေရသည့်အသံသည် ကျွန်ုပ်နှင့်လွန်စွာနီးကပ်နေသည်။ ဒေါသသံစွက်နေသည့်အသံရှင်သည် ကိုနေဝင်းပြောသည့် အေးအေးမြင့်
ဆိုသည့် အမျိုးသမီးဖြစ်နိုင်ကြောင်း ကျွန်ုပ်တွက်ဆလိုက်မိသည်။
“ ခင်ဗျား…အေးအေးမြင့်လား ”
“ ဖျောက်…….ဖျပ်…….”
အပေါ်ထပ်နှင့် အောက်ထပ်တွင်ထွန်းထားသည့် မီးချောင်းများ ရုတ်တရက်ပိတ်သွားသဖြင့် တစ်အိမ်လုံး မှောင်အတိကျသွားလေ
သည်။
ရုတ်တရက် အလင်းရောင်မဲ့သွားသဖြင့် အမြင်မှုန်ဝါးသွားသော်လည်း မကြာခင်မှာပင် နေသားကျပြီး ရေးရေးမြင်လာရသည်။
“ အမလေး…….”
ကျွန်ုပ်၏ မျက်နှာရှေ့တည့်တည့်တွင်ရှိနေသည့် မျက်နှာကြီးတစ်ခုကို ရုတ်တရက်မြင်လိုက်ရသဖြင့် အကြောက်အရွံ့မရှိဟု မိမိကိုယ်
မိမိထင်နေမိသည့်ကျွန်ုပ် ထခုန်မိမတတ်ဖြစ်ပြီး အလန့်တကြားအော်လိုက်မိသည်။ ဖြူဖွေးနေသည့် မျက်လုံးများက အပြင်သို့ပြူးထွက်
နေပြီး ဆံပင်များက ရှေ့သို့ဖားလားကျနေသည်။
ကျွန်ုပ်လည်း သတ္တိကို ပြန်မွေးကာ လက်ဆွဲအိတ်ထဲမှ ဓာတ်မီးအမြန်ထုတ်ပြီး ခလုတ်ကိုဖိနှိပ်လိုက်သည်။ ဓာတ်မီးခလုတ်ကို ဖိနှိပ်
သော်လည်း ဓာတ်မီးက မီးမလင်းသဖြင့် လက်ဆွဲအိတ်ထဲမှ ဖယောင်းတိုင်နှင့် မီးခြစ်ကို အမြန်ရှာရပြန်သည်။လက်ဆွဲအိတ်ထဲမှ ဖယောင်း
တိုင်နှင့် မီးခြစ်ကို စမ်းနေသည့် ကျွန်ုပ်၏လက်အား အေးစက်သည့်လက်ဖြင့် ဆုပ်ကိုင်လိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် လက်ကို အမြန်
ပြန်ရုတ်လိုက်ရလေသည်။
မျက်လုံးက ကျင့်သားရလာသဖြင့် အမှောင်ထုထဲကို ရေးရေးမျှ မြင်တွေ့နေရလေပြီ။
“ ဂျစ်……ဂျစ်…..ဂျစ်…..”
ကြမ်းပြင်ကို ကုတ်ခြစ်နေသည့်အသံကို ထပ်မံကြားလိုက်ရသဖြင့် အသံကြားရာဆီသို့ ကြည့်လိုက်သည့်အခါ ကျွန်ုပ်၏ နားသယ်စပ်
များ ကျဉ်ကနဲဖြစ်ပြီး ဆံပင်မွေးများထောင်ထကာ ကြက်သီးများ တဖြန်းဖြန်းထသွားလေသည်။ တဂျစ်ဂျစ်ဖြင့် ကြမ်းခင်းကို ကုတ်ခြစ်နေ
သည့်အရာသည် ခေါင်းမပါသည့် အမျိုးသမီးခန္တာကိုယ်တစ်ခုဖြစ်နေပြီး လေးဘက်ထောက်ကာ ကြမ်းခင်းကို လက်သည်းများဖြင့် ကုတ်ခြစ်
နေသည်။ ကျွန်ုပ်ထံတွင် ကြောက်စိတ် အနည်းငယ်ဝင်လာခဲ့လေပြီ။ ပြူတင်းပေါက်မှ အပြင်သို့ကြည့်လိုက်သည့်အခါ မှောင်မည်းနေသည့်
အဝေးပြေးလမ်းမကြီးမှလွဲ၍ မော်တော်ယာဉ်များဖြတ်သန်းသွားလာခြင်းမရှိပေ။ ကျွန်ုပ်၏စိတ်ထဲတွင် အားငယ်သလို ခံစားလာနေရသ
ဖြင့် အားတင်းကာ ထရပ်မည်အပြုတွင်ကျွန်ုပ်၏ ပေါင်ပေါ်သို့ အရာတစ်ခုပြုတ်ကျလာလေသည်။ ထိုအရာကို မြင်လိုက်သည်နှင့် ကျွန်ုပ်
လည်းထိုင်ရာမှထကာ အောက်ထပ်သို့ ဆင်းပြေးရလေတော့သည်။ ထိုအရာသည်ကား ဖားလားကျနေသည့် ဆံပင်များနှင့် ခေါင်းပြတ်ကြီး
တစ်ခုဖြစ်ပေတော့သည်။
အောက်ထပ်သို့ရောက်သည့်အခါ မှောင်မည်းနေသော်လည်း တံခါးမကြီးရှိသည့်နေရာကို သိထားပြီးဖြစ်သည့်အတွက် တံခါးမကြီး
ရှိရာသို့ စမ်းတဝါးဝါးဖြင့် သွားရလေသည်။ ထိုအချိန်မှာပင် ကျွန်ုပ်၏နားသယ်စပ်အား လေနှင့်မှုတ်လိုက်သလို ခံစားလိုက်ရပြီး အေးစက်
နေသည့်လက်ဖြင့် လည်ကုပ်ကို ဆုပ်ကိုင်ခြင်း ခံလိုက်ရလေသည်။ ကျွန်ုပ်ကိုယ်ကျွန်ုပ်မကြောက်ဖို့ သတိပေးနေရသော်လည်း ကျွန်ုပ်၏ဒူး
နှစ်ဖက်က တဆတ်ဆတ်တုန်နေကြသည်။ အရှုံးပေးပြီးပြေးမည်ဆိုပါက ကိုနေဝင်းတို့၏မျက်နှာကို တစ်သက်လုံး ကြည့်ရဲတော့မည်မဟုတ်
ပေ။ အရှက်သိက္ခာအတွက် အသက်နှင့်လဲရမည်ဆိုလည်း လဲတော့မည်ဟု ကျွန်ုပ်ဆုံးဖြတ်လိုက်ပြီး အားတင်းကာ လည်ကုပ်ပေါ်မှအေးစက်
သည့်လက်ကို လှမ်းကိုင်လိုက်သည်။ ကျွန်ုပ်လှမ်းကိုင်လိုက်သော်လည်း မည်သည့်အရာကိုမှ ဆုပ်ကိုင်နိုင်ဖြင်းမရှိဘဲ လေကိုသာဆုပ်ကိုင်မိ
သလိုဖြစ်နေပေသည်။
“ ထွက်သွား…….အခုထွက်သွား ”
ကျွန်ုပ်၏ နားအနီးသို့ကပ်ပြောနေသည့်အသံကို ကြားရသည်မှာ ကြက်သီးထဖွယ်ကောင်းပေသည်။
“ ခင်ဗျား ဘယ်သူလဲ။ ကျုပ်နဲ့ခင်ဗျား ဘာမှမပတ်သက်ဘူး ”
“ ငါ အေးအေးမြင့်။ ဒါ ငါ့အိမ် ”
“ ဒါ ခင်ဗျားရဲ့အိမ်မဟုတ်ဘူး။ ဦးတင်မိုးရဲ့အိမ် ”
“ ဒုံး…………ဘုံး…..”
ကျွန်ုပ်၏စကားဆုံးသည်နှင့် အပေါ်ထပ်မှ ကြမ်းခင်းကို ထုနှက်လိုက်သည့်အသံနှင့်အတူ ကျွန်ုပ်၏ကျောပြင်ကို အားနှင့်ရိုက်နှက်ခြင်း
ခံလိုက်ရလေတော့သည်။ ကျောကို အားပြင်းပြင်းပြင်းဖြင့် ရိုက်နှက်ခြင်း ခံလိုက်ရသဖြင့် အသက်ရှု၍မရတော့လောက်သည်အထိ ခံစား
လိုက်ရသည်။ ဒေါသလည်း အတော်ထွက်သွားခဲ့သည်။
“ ဘယ်ခွေးမ ငါ့ကျောကိုရိုက်တာလဲ။ သတ္တိရှိရင် လူလုံးထွက်ပြ။ ပုန်းလျှိုးကွယ်လျှိုးမလုပ်နဲ့ ”
“ ဘုံး…….”
“ အွန့်……”
နောက်တစ်ကြိမ် ကျောပြင်ကို ရိုက်နှက်ခြင်းခံလိုက်ရသည့်အခါ ကျွန်ုပ်ထပ်ပြီး စိန်မခေါ်ရဲတော့ပေ။ ရိုက်ချက်က ပြင်းထန်ပြီး လူလုံး
လည်းမမြင်ရသဖြင့် ကျွန်ုပ်အနေဖြင့် မည်သို့မျှမတတ်နိုင်တော့ကြောင်း ကောင်းကောင်းသဘောပေါက်လာခဲ့သည်။
“ ဒုံး……ဒလုံး…..ဒုံး..ဒုံး…..”
လှေကားထစ်များပေါ်မှ လိမ့်ဆင်းလာသည့်အသံကို ကြားလိုက်သဖြင့် အသက်လုရှုနေရာမှ မျက်လုံးကို စူးစိုက်ပြီး လှေကားခြေရင်းသို့
ကြည့်လိုက်မိသည်။ လှေကားထစ်မှလိမ့်ဆင်းလာသည့်အရာသည် အခြားမဟုတ်ပေ။ ခေါင်းပြတ်ကြီးတစ်လုံးသာ ဖြစ်ပေတော့သည်။
ကျွန်ုပ်လည်း အားမတန် မာန်လျှော့ရတော့မည့် ကိန်းဆိုက်နေလေပြီ။
ကျွန်ုပ်၏ နှာခေါင်းထဲသို့ အလွန်ဆိုးဝါးသည့် အပုပ်နံ့ကို ရလိုက်သဖြင့် ကျောအောင့်ကာ အသက်မရှုနိုင်သည့်ကြားမှခါးပုံစကိုဖြည်ကာ
ပုဆိုးဖြင့် နှာခေါင်းကို ပိတ်ထားရလေသည်။ ထိုအချိန်မှာပင် ခေါင်းပြတ်ကြီးက ကျွန်ုပ်၏မျက်နှာရှေ့သို့ရောက်နေလေပြီ။ ကျွန်ုပ်လည်း အ
ခြေအနေမဟန်တော့သဖြင့် အိမ်ရှေ့တံခါးမကြီးကို ပြေးဖွင့်ရန်ကြိုးစားစဉ် ခေါင်းမပါသည့် အမျိုးသမီးက တံခါးရှေ့တွင် ပိတ်ရပ်နေသဖြင့်
အိမ်ပေါ်ထပ်သို့ ပြေးတက်ရလေတော့သည်။ အိမ်ပေါ်ထပ်သို့ရောက်သည့်အခါ လက်ဆွဲအိတ်ထဲမှ လက်နှိပ်ဓာတ်မီးကို လိုက်ရှာရလေသည်။
လက်နှိပ်ဓာတ်မီးရှာနေစဉ် လှေကားပေါ်တက်လာနေသည့် ခေါင်းပြတ်အမျိုးသမီးကိုမြင်လိုက်ရသည်။
လက်နှိပ်ဓာတ်မီးရှာမတွေ့သဖြင့် လက်ဆွဲအိတ်ထဲသို့ှ နှိုက်ကာ ဖယောင်းတိုင်နှင့် မီးခြစ်ကို ရှာဖွေနေသည့် ကျွန်ုပ်၏လက်များက
ထိန်းမရတော့လောက်သည်အထိ တုန်ခါနေကြလေပြီ။ ကျွန်ုပ်၏ပါးစပ်မှလည်းတတွတ်တွတ်ဖြင့် မည်သည့်စကားများကို ပြောဆိုနေ
ကြောင်း ကျွန်ုပ်ကိုယ်ကျွန်ုပ်လည်း မသိတော့ပေ။ ပုန်းကွယ်နေခဲ့သည့်ကြောက်စိတ်သည်ကျွန်ုပ်၏အသိစိတ်ကို လွှမ်းမိုးသွားခဲ့လေပြီ။
စိတ်ကိုတင်းထားသော်လည်း တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသည်။
“ နင်ထွက်သွား……အခုထွက်သွား ”
သရဲတစ္ဆေက စကားပြောသလားဟု ကိုနေဝင်းကိုမေးခဲ့သည့် ကျွန်ုပ်၏မေးခွန်းသည် ယခုအခါအဖြေထွက်ခဲ့လေပြီ။ ကျွန်ုပ်ထံသို့ လေး
ဘက်ထောက်ပြီး တရွေ့ရွေ့လာနေသည့် သရဲတစ္ဆေကို ကျွန်ုပ်မကြည့်လို မမြင်လိုတော့ပါ။ မကြည့်လို မမြင်လိုသော်လည်း ကြည့်နေရ မြင်
နေရလေပြီ။ ခေါင်းမပါသည့် ခန္တာကိုယ်က ကျွန်ုပ်ထံသို့ လေးဘက်ထောက်ကာ တရွေ့ရွေ့လာနေသလို ကျွန်ုပ်၏ မျက်နှာတည့်တည့်တွင်
ရှိနေသည့် ခေါင်းပြတ်ကြီးကလည်း ဖြူဖွေးပြီး မျက်ဆံမပါသည့်မျက်လုံးများကို ပုတ်ခတ်ကာ ကျွန်ုပ်ကို နှင်ထုတ်နေလေပြီ။ လေထဲတွင်
ယိမ်းထိုးနေသည့်ခေါင်းပြတ်ကြီး၏ ဆံပင်များကကျွန်ုပ်၏မျက်နှာကို မကြာခဏလာရိုက်ခတ်နေကြသည်။ ကျွန်ုပ် အမြန်ဆုံး ဆုံးဖြတ်မှ
ဖြစ်ပေတော့မည်။ အသက်သည်တန်ဖိုးကြီးသလို အရှက်သည်လည်း တန်ဖိုးရှိပေသည်။ အရှက်နှင့် အသက်ကို အလဲအထပ်လုပ်သည်ဆိုရ
အောင်ကလည်း ကျွန်ုပ်ပြုလုပ်နေသည့်အလုပ်သည် ရူးမိုက်သည့်အလုပ်သာဖြစ်ပြီး အကျိုးရှိသည့် လုပ်ရပ်မဟုတ်လေသဖြင့် အသက်နှင့်
လဲရလောက်သည်အထိ မထိုက်တန်ပေ။
ဆုံးဖြတ်ချက်ချလိုက်ပြီးသည်နှင့် ပြူတင်းပေါက်မှ ခုန်ဆင်းရန် အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ အောက်တွင် အသင့်စောင့်နေသည့်
ခေါင်းမပါသည့် အမျိုးသမီးကို မြင်လိုက်ရလေသည်။ ကျွန်ုပ်ကို ထွက်သွားခိုင်းသော်လည်း အဘယ့်ကြောင့် ထွက်သွား၍မရအောင်ပြုလုပ်
နေသည်ကို နားမလည်နိုင်တော့ပေ။ ကျွန်ုပ်လည်း ဖြစ်ချင်ရာဖြစ်စေတော့ဟု ဆုံးဖြတ်ကာ ပြတင်းပေါက်မှ ခုန်ဆင်းရန်ပြင်လိုက်စဉ် ကျွန်ုပ်
၏ ခြေထောက်နှစ်ဖက်ကို အေးစက်သည့်လက်များဖြင့် ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်သည့်အခါ ခေါင်းမပါသည့်
အမျိုးသမီးက ကျွန်ုပ်၏အနားသို့ရောက်နေပြီးကျွန်ုပ်၏ခြေထောက်နှစ်ဖက်ကို လက်ဖြင့်ဆုပ်ကိုင်ထားလေသည်။ ကြောက်စိတ်သည် အ
သက်ကိုပင် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ကျွန်ုပ် ကောင်းစွာသိခဲ့ရလေပြီ။ မြင်တွေ့နေရသည့်မြင်ကွင်း၊ ကြုံတွေ့နေရသည့် အထိအတွေ့တို့
ကြောင့် နှလုံးအခုန်မြန်ကာ နားထင်မှသွေးခုန်သံကိုပင် အတိုင်းသား ကြားနေရပြီး တစ်ချက်တစ်ချက် အသက်ရှုရပ်ကာ သတိလစ်သွား
မတတ်ဖြစ်နေလေသည်။
ကျွန်ုပ် အမှန်တကယ် ကြောက်လန့်နေပါပြီ။ နောက်ဆုံးအနေဖြင့် ကျွန်ုပ်အတွက် ပြုလုပ်ရန် တစ်ခုသာရှိပေတော့သည်။ စိတ်ကိုတင်း
ကာ မျက်လုံးကိုစုံမှိတ်၍ ပြူတင်းပေါက်မှ ခုန်ချလိုက်ရတော့သည်။
“ ဘုံး………… ”
“ အမလေးဗျာ….သေပါပြီ ”
မြေကြီးပေါ်သို့ ဘေးတစောင်းကျသည့်အရှိန်ကြောင့် ချက်ချင်းမထနိုင်သော်လည်း လက်တစ်ဖက်ကိုအားပြုကာ ကိုယ်တစ်စောင်းလှဲ
လျက် ခြံပြင်သို့ရောက်နိုင်ဖို့ ကြိုးစားရလေသည်။ ထိုအချိန်မှာပင် ပြူတင်းပေါက်မှ မီးအလင်းရောင်လင်းလာပြီး အမျိုးသမီးတစ်ယောက်
ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ ဂျိမ်း…..”
ရုတ်တရက်ဆောင့်ပိတ်သွားသည့် ပြူတင်းပေါက်သံနှင့်အတူ အပြင်ဘက်မှပြေးလွှားနေသည့် ခြေသံများကို ကြားလိုက်ရသည်။
“ ဦးစီး…..ဦးစီး…..”
“ ဆရာ……..ဆရာ….”
ယခုလိုအချိန်မျိုးတွင် အလွန်ရင်းနှီးသည့် မိတ်ဆွေများ၏အသံကို ကြားလိုက်ရခြင်းက ကျွန်ုပ်အတွက် အပျော်ရွှင်ဆုံးအချိန်ဖြစ်ပေ
သည်။ ခြံတံခါးကိုဖွင့်ပြီး အပြေးအလွှားဝင်လာကြသူများသည် ကိုနေဝင်းနှင့် ကိုချစ်တီးတို့ဖြစ်ပေသည်။
“ ဦးစီး…..”
“ စ…စခန်းမှုး…..ခင်….ခင်ဗျားတို့ ”
“ ခင်ဗျားဆီကပြန်သွားပေမယ့် စိတ်မချလို့ ပြန်လှည့်လာပြီး ဟိုဘက်ခြမ်းကနေ စောင့်ကြည့်နေတာ ”
“ ကျွန်တော့်ကို ထူပါဦးဗျာ ”
“ ဘယ်နားနာသွားလဲ ”
“ ဘယ်ဘက်နံရိုးနေရာက နာတယ် ”
“ ဟာ….အရိုးများကျိုးသွားပြီလား။ ချစ်တီး…..စခန်းကိုပြေး။ တာဝန်မှုးကိုပြောပြီး မာဇဒါဂျစ်နဲ့ တစ်ယောက်လောက်အမြန်လွှတ်ပေး
ပါလို့ ”
“ ဟုတ်ကဲ့ ဆရာ ”
ဘယ်ဘက်နံရိုးနေရာမှ အတော်နာနေသဖြင့် အသက်ရှုသည့်အခါတိုင်း အောင့်နေသည်။ ကိုနေဝင်းက ကျွန်ုပ်ကိုတွဲထူသဖြင့် ကိုနေဝင်း
၏ပခုံးကိုအားပြုပြီး မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားရလေသည်။
“ ကျွန်…ကျွန်တော် ရှုံးသွားပြီ ”
“ ဟာ…….အဲဒါနောက်မှပြော၊ လောလောဆယ် အိမ်ထဲမှာ ခဏဝင်ထိုင်လိုက် ”
“ မထိုင်ချင်တော့ဘူး စခန်းမှုး။ ကျွန်တော် ကောင်းကောင်းသဘောပေါက်သွားပြီ။ ကျွန်တော် အရှုံးပေးပါတယ် ”
“ ဒါဆိုလည်း အပြင်ထွက်ပြီး ကားလာတဲ့အထိ ထိုင်စောင့်နေကြမယ်ဗျာ ”
“ဟုတ်ကဲ့ ”
**************
ကံကောင်းထောက်မစွာဖြင့် အရိုးမကျိုး အသက်မသေခဲ့သော်လည်း ကျောပြင်မှ ညိုမည်းနေသည့် ဒဏ်ရာနှစ်ခုက တစ်လကျော်
ကြာသည်အထိ မပျောက်မပျက် ရှိနေခဲ့သည်။
“ ကျွန်တော်တော့ စိန် ဆိုတဲ့စကား ဘယ်တော့မှ မပြောတော့ဘူး စခန်းမှုးရယ် ”
“ ကျွန်တော်တို့က မကြီးမငယ်နဲ့ ပေါက်ကရလုပ်မိတာကိုးဗျာ ”
“ စခန်းမှုးနဲ့ ကိုချစ်တီးသာ ရောက်မလာခဲ့ရင် ကျွန်တော်လည်း အဲဒီနေရာမှာ အသက်ပျောက်နေလောက်ပြီထင်တယ် ”
“ အဲဒါတော့ မပြောတတ်ဘူးဗျ။ အေးအေးမြင့်က သူ့အိမ်လို့ထင်နေပုံရတယ်။ သူအသတ်ခံရမယ့်နေ့မှာ သူ့ကိုမျှားခေါ်သွားတာက အိမ်
အရောင်းအဝယ်စာချုပ်ချုပ်ဖို့လေ ”
“ ကျွန်တော့်ကျောပြင်ကို ဗျောတင်လိုက်တာများ အသက်တောင်ရှုမရဘူး ”
“ ကျွန်တော်နဲ့ ချစ်တီးတို့ လမ်းမကြီးဟိုဘက်ကမ်းကနေ စောင့်ကြည့်နေတာပဲ။ ပြူတင်းပေါက်တံခါးပိတ်ထားတော့ အိပ်နေပြီတောင်
မှတ်တာ ”
“ အပေါ်ထပ်က အိမ်ရှေ့ပြူတင်းပေါက်တံခါးကို ဖွင့်ထားပါတယ်။ အဲဒီပြူတင်းပေါက်နားမှာ ကျွန်တော်ထိုင်နေတာ ”
“ တော်တော် ထူးဆန်းတယ်ဗျ။ ကျွန်တော်တို့နှစ်ယောက်စလုံးမြင်တာက ပြူတင်းပေါက်တံခါးတွေပိတ်ထားပြီး အိမ်ထဲက အလင်းရောင်
လည်းမမြင်ရဘူးဗျ။ ချစ်တီးကတောင် ကိုယ့်ဆရာ အတော်သတ္တိကောင်းလှချည်လားလို့ပြောနေသေးတယ် ”
“ ဘယ်ကလာ သတ္တိကောင်းရမှာလဲဗျာ၊ အဲဒီအချိန်မှာ ပွဲကြီးပွဲကောင်းဖြစ်နေပြီ ”
“ ကျွန်တော်ပေးတဲ့စိပ်ပုတီးကို အသုံးမချဘူးလား ဆရာ ”
“ ခင်ဗျားပေးခဲ့တဲ့ စိပ်ပုတီးကို အရက်သောက်နေတုန်းက မသင့်တော်ဘူးဆိုပြီး ဘယ်နားသွားထားမိမှန်းတောင်မသိပါဘူးဗျာ ”
“ ဆရာ့အော်သံကြားလို့ ကျွန်တော်တို့ပြေးလာကြည့်တော့မှ ခွေခွေလေးလဲနေတာ တွေ့ရတာ ”
“ ပြူတင်းပေါက်ကနေ ခုန်ချတာ ခင်ဗျားတို့ တကယ်မမြင်လိုက်တာလား ”
“ တကယ်မမြင်ဘူးဗျ။ ကျွန်တော်တို့ အသေအချာစောင့်ကြည့်နေတာ ”
“ ဟိုအမျိုးသမီးက ပြူတင်းပေါက်ကနေ ကျွန်တော့်ကို ကြည့်နေသေးတယ်။ မီးပြန်လာတော့ တံခါးကိုဆောင့်ပိတ်သွားတယ် ”
“ ကျွန်တော်တို့ တကယ်မမြင်တာပါ ဦးစီး ”
“ ယုံပါတယ်ဗျာ။ ကျွန်တော်တော့အတော့်ကို ခံလိုက်ရတယ်။ သွေးပျက်မတတ် ခံလိုက်ရတယ်။ တစ်သက်မှာ တစ်ခါမှမကြုံခဲ့ဘူးတာကို
ကြုံသွားပြီဗျာ။ စိန်ဆိုတဲ့စကားတောင် မပြောရဲတော့ဘူး။ တမလွန်ဘဝဆိုတာ ကျွန်တော်တို့နားမှာတင်ရှိနေတယ်ဆိုတာယုံပါပြီဗျာ ”
“ ကျွန်တော်လည်း အစကမယုံခဲ့ဘူး။ နောက်တော့ ယုံသွားတယ်ဗျာ။ အဲဒါကြောင့် ဦးစီးကိုပြောတော့ ဦးစီးက ယုံမှမယုံဘဲ ”
“ အခုတော့ အဲဒီအိမ်ဘက်ကိုတောင် မသွားရဲတော့ဘူး ”
“ ဟား…ဟား။ ဦးစီးတစ်ယောက်တည်း မသွားရဲတာမဟုတ်ဘူးဗျ။ အိမ်ပိုင်ရှင် ဦးတင်မိုးတောင် အဲဒီအိမ်ကို ခြေမချရဲဘူး။ ရောင်းမယ်
ဆိုတာတော့ကြားတယ်။ ဒီမြို့ခံတွေကတော့ ဘယ်သူမှဝယ်ကြမှာမဟုတ်ဘူး။ အခြားမြို့က လာဝယ်တယ်ဆိုရင်တော့ ဘာတွေဆက်ဖြစ်မ
လဲဆိုတာ စောင့်ကြည့်ရမှာပဲ ”
“ အဲဒီအမျိုးသမီးကို နှင်လွှတ်လို့မရဘူးလားဗျာ။ ကျွန်တော်ဆိုလိုတာက ပရိတ်ရွတ်တာပဲဖြစ်ဖြစ် အလှူအတန်းပေးပြီး အမျှဝေတာပဲဖြစ်
ဖြစ်ပေါ့ ”
“ လုပ်ပြီးပြီလေဗျာ။ နှစ်တိုင်းလုပ်နေတာ ဦးစီးမှမသိပဲ။ အေးအေးမြင့်က အဲဒီအိမ်ကို သူ့အိမ်လို့ပဲထင်နေတာ ”
“ အစွဲဆိုတော့လည်း မပြောတတ်တော့ဘူးဗျာ။ ဒါပေမယ့် ပရိတ်ရွတ်ရင်တော့ ပြေးကိုပြေးရမှာ ”
“ မပြေးလို့ အခုထိရှိနေသေးတာပေါ့ ဦးစီးရယ်။ ကျွန်တော်ပြောတာ မယုံလို့လား ”
“ ဟား……ယုံတယ်…ယုံတယ်… မစိန်ပါရစေနဲ့တော့ဗျာ……”
“ ဟား…ဟား…ဟား….”
********************
ပြီးပါပြီ
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။