ရေစီးကြောင်းအတိုင်း မြောပါသွားကြသည့်ဗေဒါအုပ်ကို မမှိတ်မသုံကြည့်ရင်း ဖိုးခွေး၏လက်တစ်ဖက်က လှေနံနှစ်
ဖက်ပေါ်တွင် ကန့်လန့်ဖြတ်တင်ထားသည့် မှိန်းပေါ်သို့ အလိုလိုရောက်သွားလေသည်။ ယခုလိုဒီရေတက်ချိန်တွင် ငါးများသာ
မက မိကျောင်းများလည်း ဝင်လာတတ်သည်။ ယခုလည်း ဗေဒါအုပ်နှင့်အတူကပ်ပါလာသည့် မည်းမည်းအရာကိုမြင်တွေ့
လိုက်ရသောကြောင့် မိကျောင်းထင်မှတ်ပြီး မှိန်းကို အသင့်ပြင်ထားလိုက်ရသည်။
လွန်ခဲ့သည့်နှစ်က ချောင်းစပ်တွင်ကွန်ပစ်နေသည့် တစ်ရွာတည်းသားစိန်ထွားအား မိကျောင်းဆွဲသွားခဲ့သည်မှာ အ
လောင်းပင်ပြန်မရခဲ့ပေ။ ဖိုးခွေးတို့ရွာသည် ဧရာဝတီမြစ်မှခွဲထွက်လာသည့် ချောင်းလက်တက်တစ်ခု ရစ်ခွေစီးဆင်းနေသည့်
ရွာတစ်ရွာဖြစ်သည်နှင့်အညီ ငါးပုစွန်ပေါသည်။ ဆန်စပါးအထွက်ကောင်းသည်။ ဖိုးခွေးတို့ရွာတွင်နေထိုင်ကြသူများသည် ဖိုး
ခွေးကဲ့သို့ တံငါသည်ရေလုပ်သားအလုပ်ကို လုပ်ကိုင်ကြသူများမဟုတ်ကြပေ။ ရံဖန်ရံခါမှသာ ဟင်းစားအတွက် ငါးထိုး၊ မြှုံး
ထောင်၊ ကွန်ပစ်ကြသည်။ အဓိကလုပ်ငန်းသည် ဆန်စပါးစိုက်ပျိုးခြင်းနှင့် စီးပွားဖြစ် ဘဲမွေးမြူကြသည်။ ထို့ကြောင့်လည်း
မိကျောင်းများက စားကျက်တစ်ခုသဖွယ်သတ်မှတ်ထားပြီး ဘဲများကိုဝင်ဆွဲတတ်သည်။ ချောင်းစပ်တွင်ရေသောက်ဆင်းသည့်
နွားအချို့ဆွဲခံရသည်။ ကံမကောင်းလျှင် လူပါအဆွဲခံရတတ်သေးသည်။ ဘဲကဲ့သို့ သတ္တဝါငယ်များဆိုပါက တစ်ချက်တည်း
ဟပ်ပြီး ဝါးမြိုလိုက်သော်လည်း ခန္တာကိုယ်ကြီးမားသည့်ကျွဲနွားတိရစ္ဆာန်နှင့်လူတို့အား ကိုက်ချီပြီးသည်နှင့် ရေထဲတွင် သုံး
လေးပတ်လှိမ့်ကာ မလှုပ်ရှားနိုင်စေရန်ပြုလုပ်ပြီးမှ ရေထဲသို့ဆွဲချသွားတတ်သည်။
မိကျောင်းဆိုသည့်သတ္တဝါကို ရေဘုရင်ဟုတင်စားထားကြသော်လည်း ရေထဲတွင်သာမက၊ ကုန်းပေါ်မှာပါအန္တရာယ်ပေး
နိုင်သည်။ ဥချသည့်ရာသီဆိုပါက ချောင်းစပ်မှချုံတောထဲတွင်အသိုက်လုပ်တတ်ကြသဖြင့် ဘဲကျောင်းသူများနှင့် မိကျောင်းတို့
ပက်ပင်းတိုးခဲ့ကြဖူးသည်။ ဝမ်းစာရေးအတွက် တံငါအလုပ်ကိုသာလုပ်ကိုင်နေရသည့် ဖိုးခွေးအဖို့ မိကျောင်းရန်ကို ကြောက်
နေ၍မဖြစ်ပေ။ သည်မြေ သည်ရေတွင်ကြီးပြင်းခဲ့သူဖြစ်သည့်အပြင် မိရိုးဖလာေတံငါလုပ်ငန်းလုပ်ကိုင်နေသူဖြစ်သောကြောင့်
ရနေသတ္တဝါများအကြောင်းကို ကောင်းကောင်းသိနေပေသည်။
ဖခင်ရှိစဉ်က ဖခင်နှင့်အတူ ဧရာဝတီမြစ်တလျှောက် ပိုက်ချခဲ့ကြသည်။ ဧရာဝတီသင်္ဘောကြီးများနှင့် မော်တော်များ
ဖြတ်သန်းသည့်အခါ ငါးဖမ်းပိုက်ကို မနင်းမိစေရန် နေ့လုံးပေါက်၊ ညလုံးပေါက် စောင့်နေရသည်။ ပိုက်ချထားကြောင်း သိ
စေရန်တက်ထောင်ပြရသည်။ ပိုက်တွင် အဖြူရောင်ဖော့တုံးများ ချိတ်ဆွဲထားသော်လည်း အမှတ်တမဲ့နင်းသွားတတ်သည်။
ပိုက်တစ်ဖုံ၏တန်ဖိုးက ကြီးမားလွန်းသဖြင့် အပင်ပန်းခံပြီး စောင့်ရပေသည်။ ဖခင်ဆုံးပါးသွားသည့်နောက်ပိုင်း ပိုက်ချရန်
ကူမည့်သူမရှိတော့သည့်အပြင် မိခင်ကလည်းကျန်းမာရေးချို့တဲ့လာသဖြင့် ပိုက်မချဖြစ်တော့ဘဲ ရွာအနီးအနားရှိ ချောင်းများ
တွင်ငါးရှာရလေသည်။ ချောင်းဆိုသော်လည်း သေးငယ်ကျဉ်းမြောင်းလှသည်တော့မဟုတ်ပေ။ ဟင်္သာတ၊ ဖျာပုံ၊ ဒေးဒရဲနှင့်
အနီးအနားမှ အခြားမြို့များသို့ ခရီးသည်ပို့ဆောင်ပေးနေသည့်မော်တော်များ၊ ပဲ့ထောင်များ ဝင်ထွက်သွားလာနိုင်သည့်ချောင်း
ကျယ်ဖြစ်ပေသည်။
ချောင်းစပ်တလျှောက်၌ မြက်ရိုင်းပင်ရှည်များရှိနေသဖြင့် မိကျောင်းများ ခိုအောင်းနိုင်၊ အသိုက်ပြုလုပ်နိုင်သောကြောင့်
သတိထားပြီး သွားလာရသည်။ မြစ်ထဲ၌ ပိုက်မချနိုင်သည့်တိုင် ဒီရေအတက်အကျကိုစောင့်ပြီး ချောင်းထဲတွင် ပိုက်ချရလေ
သည်။ ချောင်းထဲတွင် ပိုက်ချရသည်ကလည်း အဆင်တော့သိပ်မပြေပါ။ ရာချီသည့်ဘဲများနှင့်လွတ်ကင်းရာ၌သာ ပိုက်ချရ
သည်။ ပိုက်တွင်မိနေသည့်ငါးများက ဘဲစာဖြစ်သွားတတ်သလို ဘဲများကလည်း ပိုက်ကွန်ထဲတွင်မိပြီး သေတတ်ကြသဖြင့်
ဘဲအုပ်နှင့်လွတ်ကင်းရာ၌သာ ပိုက်ချရခြင်းဖြစ်ပေသည်။
*******************
“ သား…. ”
“ ဗျာ….အမေ ”
“ ကိုသွားဖို့ရှိသေးလား ”
“ ဆေးကုန်နေပြီလား ”
“ တစ်ရက်စာလောက်တော့ကျန်ပါသေးတယ်။ အရေးတကြီးတော့မဟုတ်သေးပါဘူး ”
“ ကျွန်တော်မသွားဖြစ်လည်း မော်တော်ကြုံနဲ့မှာလိုက်လို့ရပါတယ်အမေရာ ”
“ သားအဆင်ပြေသလိုလုပ်ပါ။ အမေ့အတွက် ခေါင်းထဲထည့်မထားနဲ့ ”
အမေ့အတွက် ခေါင်းထဲထည့်မထားနှင့်ဟုဆိုသော်လည်း ဖိုးခွေး၏ခေါင်းထဲတွင် အချိန်ပြည့်ရှိနေခဲ့ပါသည်။ အသက်သုံး
ဆယ်အတွင်းသို့ဝင်ရောက်လာသော်လည်း အိမ်ထောင်မပြုသေးဘဲ နာမကျန်းသည့်မိခင်ကို ပြုစုစောင့်ရှောက်ခဲ့သည်။ မိခင်
ကြီးသက်ရှိထင်ရှားရှိနေသေးခြင်းက ဖိုးခွေးအတွက် အင်အားတစ်ခုဖြစ်နေခဲ့သည်။ လာမည့်မိုးရာသီမတိုင်ခင် အမိုးအကာမ
လုံတော့သည့်တဲကို ပြုပြင်ချင်သည်။ မိခင်အတွက် ဆေးဖိုးဝါးခကလည်းရှိနေသေးသည်။ ယခုတလော ငါးအရနည်းသဖြင့်
ဖိုးခွေး စိတ်ပျက်နေမိသည်။ ချောင်းထဲတွင် ပိုက်ချသည်က ငါး များများစားစားမရသဖြင့် အရင်ကလို မြစ်ထဲတွင်ပိုက်ပြန်ချ
ချင်သည်။
ဖိုးခွေးတွင် ချစ်သူမရှိ၍ အိမ်ထောင်မပြုခြင်း မဟုတ်ပါ။ နာမကျန်းဖြစ်နေသည့် မိခင်ကို ငဲ့ညှာပြီး အိမ်ထောင်မပြုခြင်း
ဖြစ်ပေသည်။ ဖိုးခွေး၏ချစ်သူ စမ်းစမ်းအေးသည် တစ်ရွာတည်းသားဖြစ်ပြီး ဆင်းရဲနွမ်းပါးသူဖြစ်ပေသည်။ စမ်းစမ်းအေး
ကိုယ်တိုင်ကလည်း နှုတ်ခမ်းပဲ့ခြင်းမီးမမှုတ်ချင်သေးသဖြင့် ငွေကြေးပြေလည်သည့်အခါမှ အိမ်ထောင်ပြုကြမည်ဟု ပြောဆို
ထားလေသည်။
“ ကျွန်တော် အပြင်လိုက်ဦးမယ် အမေ ”
“ ပိုက်သွားချမလို့လား ”
“ ပိုက်ချဖို့ နေရာသွားကြည့်မလို့ ”
“ ဪ…အေး…အေး။ အစစအရာရာ ဂရုစိုက်နော် သား ”
“ ဟုတ်ကဲ့ အမေ ”
*******************
မနက်ဆယ့်တစ်နာရီသာရှိသေးသော်လည်း တော်သလင်းနေ ပုစွန်သေဆိုသည့်အတိုင်း နေကချစ်ချစ်တောက် ပူလွန်းလှ
သည်။ လှေကို ချောင်းဝသို့ လှော်ခတ်လာစဉ် ရေချိုးဆိပ်မှ လက်ပြနေသည့် တစ်ရွာတည်းသားမမြင့်မြင့်ကြည်နှင့် ဘဲဒိုင်မှ အ
ဝယ်တော် ကိုပီလီတို့ကိုမြင်တွေ့လိုက်သဖြင့် လှေကို ရေဆိပ်သို့ဦးတည်လိုက်သည်။
“ ဖိုးခွေးရေ….. ”
“ ဘာဖြစ်လို့လဲ အစ်မ ”
“ ဘာမှမဖြစ်ပါဘူး။ နင့်ကို အကူအညီတောင်းချင်လို့ ”
“ ဘာအကူအညီတောင်းမလို့လဲ ”
“ ကိုပီလီ မော်တော်မမီတော့လို့ ချောင်းဝရွာကို လှေကြုံခေါ်သွားပေးစမ်းပါဟာ ”
“ ရွှေဝါထွန်းမော်တော်က ဘယ်အချိန်လာကပ်သွားတာလဲ အစ်မ ”
“ မနက်ရှစ်နာရီကတည်းက လာကပ်သွားတာ နင်မသိလိုက်ဘူးလား ”
“ အဲဒီအချိန်က ကျွန်တော်အိပ်လို့ကောင်းနေတုန်းဗျ။ ကိုပီလီက ညနေမော်တော်နဲ့မပြန်ဘူးလား ”
“ ဘဲဖိုး ငွေလာချေတာ ဖိုးခွေးရေ။ ပြန်လိုက်ဖို့ခဏစောင့်ပါဆိုတာ မော်တော်စာရေးက ချောင်းဝထိပ်မှာ ကုန်တင်ရင်းစောင့်
မယ်ဆိုလို့ လှေကြုံစောင့်နေတာ ”
“ ဒါများကိုပီလီရာ….၊ အိမ်ကိုလာခေါ်လိုက်ရင်ပြီးရော။ လှေကြုံမရှိလို့ မော်တော်မမီရင် ဘယ်လိုလုပ်မလဲ ”
“ မမီတော့လည်း ဒီရွာမှာပဲ ညအိပ်ရမှာပေါ့ကွာ ”
“ လှေပေါ်ရောက်မှ စကားပြောကြပါဟဲ့။ တော်ကြာ မော်တော်မမီဘဲ နေဦးမယ် ”
“ မီပါတယ် အစ်မရာ။ မော်တော်က ကုန်တင်တာကြာဦးမှာဗျ။ နေ့လည်လောက်မှထွက်မှာ ”
“ မမီရင် နင့်အိမ်မှာခေါ်သိပ်လိုက် ဖိုးခွေးရေ ”
“ အစ်မဆီမှာပဲ အိပ်ခိုင်းလိုက်ပေါ့ဗျာ၊ အဖော်ရတာပေါ့။ ညဘက်ဆိုရင်တော့ မျက်လုံးပဲမြင်ရမှာနော်…ဟီး..ဟီး.. ”
“ သေနာလေး။ စကားပြောတာ အနှောင့်မလွတ်၊ အသွားမလွတ်နဲ့ ”
“ ဟာ….ဖိုးခွေးကတော့ကွာ။ သွားပြီ မမြင့်ကြည်ရေ။ ရှေ့တစ်ပတ်မှလာတော့မယ် ”
“ ဟုတ်ကဲ့ ကိုပီလီ ”
ရေဆိပ်မှ သစ်သားတံတားကို တက်ဖြင့်ထိုး၍လှေကိုခွာလိုက်ပြီး ချောင်းဝသို့ လှော်လာခဲ့လေသည်။ ဘဲအဝယ်တော် ကို
ပီလီသည် ဖိုးခွေးတို့တစ်ရွာလုံးနှင့် ရင်းနှီးသည်။ ကိုပီလီသည် ( အာဖရိကန် ) ကပ္ပလီလူမျိုးနှင့်အလွန်တူပြီး အသားရောင်
နက်မှောင်သည်။ ခန္တာကိုယ်တုတ်ခိုင်သည်ပြီး ဗိုက်ရွှဲသည်။ ငယ်စဉ်က ကမ္ဘာကျော်ဘောလုံးသမား ပီလီနှင့်တူသည်ဟုဆိုကာ
ပီလီဟု နောက်ပြောင်ခေါ်ဆိုရင်း အမည်တွင်ခဲ့သည်။ အမည်ရင်းက ကိုကျော်လင်းဖြစ်သော်လည်း ကိုပီလီဟုသာ လူသိများ
သည်။ ကိုပီလီနှင့် ဖိုးခွေးတို့ခင်မင်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့လေပြီ။ ကိုပီလီသည် အဝယ်တော်ပီပီ စကားပြောကောင်းသ
လို ရယ်စရာမောစရာလည်းပြောတတ်သည်။ ဖျာပုံသား ကိုပီလီသည် ဘဲအဝယ်တော်တစ်ယောက်ဖြစ်သလို စပါးအဝယ်တော်
တစ်ယောက်လည်း ဖြစ်သည်။ ကွမ်းကိုလည်း အလွန်ကြိုက်သည်။
“ ဘဲလာဝယ်တာမဟုတ်ဘူးလား ကိုကျော်လင်း ”
“ ကြက်တွေ ဘဲတွေက ဈေးတွေတက်နေတော့ ဒိုင်အဝယ်ခဏရပ်ထားတယ်ကွ ”
“ ဒိုင်တွေကလည်း ယုတ်မာလိုက်တာဗျာ။ ဈေးကျတဲ့အချိန်မှဝယ်ပြီး တက်ဈေးကိုတော့ ပြန်မချချင်ကြဘူး ”
“ စီးပွားရေးလေကွာ ”
“ စီးပွားရေးကလည်း လွန်ကိုလွန်ပါတယ်ဗျာ ”
“ နေကလည်း ပူလိုက်တာ ဖိုးခွေးရာ။ ငါ့အသားတွေ မည်းကုန်တော့မှာပဲ ”
“ ဟား…ဟား…။ မီးသွေးကို ကတ္တရာသုတ်ထားသလိုဖြစ်တော့မယ်။ နဂိုကတည်းကမှ မျက်လုံးပဲမြင်ရတဲ့ဟာ ”
“ အဲဒီမျက်လုံးက တစ်ကိုယ်လုံးမှာ အလှဆုံးကွ ဖိုးခွေးရ။ ဟား…..ဟား ”
“ ဘယ်သူကများ မြှောက်ပြောလိုက်သလဲ ကိုပီလီရာ။ ညအမှောင်ထဲမှာမြင်ရင် သရဲခြောက်တယ်ထင်ပြီး ထွက်ပြေးကြမှာ ”
“ မင်းက သရဲကြောက်လို့လား ”
“ အနည်းအပါးပေါ့ ”
“ ငါသေရင် မင်းကိုအရင်ဆုံးလာခြောက်မယ် ဟေ့ကောင် ”
“ မလုပ်ပါနဲ့ ကိုပီလီရာ။ မသေခင်ကတည်းကတောင် ဒီလောက်ကြောက်ဖို့ကောင်းနေတာ။ ဟား…ဟား ”
“ လက်မှာတော့ သတ္တိလို့ထိုးထားပြီး သတ္တိနည်းလှချည်လား ဖိုးခွေးရာ ”
“ ဒါကလူအထင်ကြီးအောင် ထိုးထားတာပါဗျာ။ အခြားသရဲဆိုရင်တော့ ကြောက်ချင်မှကြောက်မှာ။ ကိုပီလီကျတော့
မသေခင်ကတည်းက ရုပ်မြင်တာနဲ့တင် ကြောက်နေပြီ ”
“ ငါ့အသားအရောင်နဲ့ ရုပ်ရည်ကို မနာလိုလို့ပြောတာ၊ ပြောပေါ့ဖိုးခွေးရာ။ မော်တော်မထွက်ခင် မီအောင်လှော်ကွာ။ မင်းကို
လိုက်ပို့ခပေးမယ် ”
“ ခင်ဗျားမော်တော်က ထွက်ပါစေဦး။ ရွှေဝါထွန်းမော်တော်က ချောင်းဝရွာမှာ ဘာကြောင့်ကြာကြာရပ်သလဲဆိုတာသိသလား
ကိုပီလီ ”
“ မသိဘူး၊ ဘာဖြစ်လို့လဲဖိုးခွေး ”
“ ရွှေဝါထွန်းမော်တော်စလင် ဦးခန့်ထွန်းရဲ့ မယားငယ်က ချောင်းဝရွာသူဗျ ”
“ အားပါးပါး၊ မင်းပြောမှပဲ အကြာင်းရင်းကိုသိတော့တယ်ဖိုးခွေးရေ။ ဒါကြောင့် ငါ့ကိုခဏလေးတောင် မစောင့်နိုင်တာကိုး ”
“ ကျွန်တော်ပြောတာမယုံရင် အဲဒီရွာရောက်တဲ့အခါ စုံစမ်းကြည့် ”
“ မစုံစမ်းတော့ပါဘူးကွာ။ ငါ့အလုပ် ငါလုပ်တာပဲကောင်းပါတယ်။ ကွမ်းစားမလား ဖိုးခွေး ”
“ စားမယ်လေ။ မေးနေစရာလိုသေးလားဗျာ ”
လှေဦးကို ကျောပေးထိုင်နေသည့် ကိုပီလီက ဘေးတွင်ချထားသည့် လက်ဆွဲအိတ်ကို ဇစ်ဆွဲဖွင့်ပြီး အိတ်ထဲမှ ကွမ်းယာ
ထုပ်ကို နှိုက်ယူလိုက်စဉ် လက်ဆွဲအိတ်ထဲမှ ပိုက်ဆံထုပ်များကို ဖိုးခွေးမြင်လိုက်ရသည်။ လက်ဆွဲအိတ်အပြည့်ရှိနေသည့်ငွေပ
မာဏသည် အနည်းဆုံး တစ်သိန်းကျော် နှစ်သိန်းခန့်ရှိလိမ့်မည်ဟု ဖိုးခွေး စိတ်ဖြင့် တွက်ချက်ကြည့်နေမိသည်။
“ ရော့…ဖိုးခွေး။ ဗမာဆေး အာမွှေးနော် ”
“ ဘာဆေးနဲ့ပဲဖြစ်ဖြစ် စားပါတယ်ဗျာ။ ဒီကနေ ဘယ်ကိုဆက်သွားဦးမှာလဲ ကိုပီလီ ”
“ ကြားမှာ ဝင်စရာရှိပေမယ့် မဝင်တော့ဘူးကွာ။ မော်တော်ကလည်း စောင့်မှာမဟုတ်ဘူး။ ပိုက်ဆံတွေပါလာတော့ ညမိုးချုပ်
ရင် အခြားရွာမှာမအိပ်ချင်ဘူး။ မင်းတို့ရွာကတော့ ကိစ္စမရှိဘူးကွ။ မနက်ဖြန်ကျမှပဲ သွားစရာရှိတာတွေကို ပဲ့ထောင်ငှားပြီး
သွားတော့မယ် ”
“ ပိုက်ဆံတွေ ဒီလောက်အများကြီး ဘာဖြစ်လို့ယူလာရသလဲဗျာ ”
“ ဘဲဖိုးငွေချေစရာရှိတယ်၊ စရံသတ်ရမှာတွေရှိတယ်လေကွာ။ ပိုက်ဆံတွေက ငါ့ပိုက်ဆံမဟုတ်ဘူးကွ။ ဒိုင်ရဲ့ပိုက်ဆံ။ ပျောက်
သွားရင်တော့ လျော်ပေတော့ပဲ ”
“ ပိုက်ဆံက ဘယ်လောက်တောင်မို့လို့လဲ ”
“ ငါးသိန်းကျော်တယ်ကွ။ ပျောက်သွားလို့ကတော့ ငါ့အိမ်ရောင်းပြီးဆပ်တာတောင် လောက်မှာမဟုတ်ဘူး ”
ငွေငါးသိန်းကျော်ဟုကြားလိုက်သဖြင့် ဖိုးခွေးအလန့်တကြားဖြစ်သွားသည်။ ငွေငါးသိန်းကျော်သည် နည်းနည်းနောနောမ
ဟုတ်ပေ။ နွားတစ်ကောင် တစ်သိန်းကျော်ပေးရသည့် အချိန်တွင် ငွေငါးသိန်းသည် ခိုင်းနွားလေးကောင်ကို အသာလေးဝယ်
နိုင်သည်။
“ ဟာ…..အများကြီးပါလား ”
“ အေးကွာ။ အန္တရာယ်များလို့ ငါလည်းမယူချင်ဘူး။ ဒိုင်က ပေးလိုက်တော့လည်း ဘာပြောလို့ရမှာလဲကွာ ”
လှေကိုလှော်ခတ်နေရသော်လည်း ဖိုးခွေး၏စိတ်စေတသိက်က လောဘနှင့် အဆွေခင်ပွန်းဖွဲ့နေကြလေပြီ။ ငွေငါးသိန်း
ကျော်ကိုပိုက်ကာ အခြားနေရာသို့ပြောင်းရွှေ့ပြီး မိခင်ကိုဆေးကုမည်။ နွားနှင့် လယ်များဝယ်ယူကာ လုပ်ကိုင်စားသောက်
မည်။ ထိုနေရာတွင် အခြေကျပြီဆိုသည့်အခါ စမ်းစမ်းအေးကိုလက်ထပ်ပြီး အေးအေးလူလူနေသွားမည်ဟု တွေးနေမိသည်။
ချောင်းဝသို့ရောက်ရန် ဆယ့်ငါးမိနစ်ခန့် လှော်ရဦးမည်။ ထိုဆယ့်ငါးမိနစ်အတွင်း စိတ်ကူးထားသည့်ကိစ္စကို အကောင်အ
ထည်ဖော်နိုင်ပါက ဘဝ တစ်ဆစ်ချိုးပြောင်းသွားနိုင်သည်။ ငွေငါးသိန်းကျော်အား ပိုင်ဆိုင်ဖို့ဆိုသည်မှာ ဖိုးခွေးအဖို့ အိပ်မက်
ပင် မမက်ခဲ့ဖူးပေ။ ရိုးရိုးသားသားဖြင့်ရှာဖွေပြီး ငွေတစ်သိန်းစုမိဖို့ဆိုသည်မှာ သည်တစ်သက် လုံးဝမဖြစ်နိုင်ပေ။
လှေကိုအားစိုက်လှော်နေရာမှ တက်ကိုမလိုက်ပြီး ကမ်းစပ်တလျှောက် ကြည့်လိုက်သည်။ ချောင်းကမ်းစပ်တွင် မြက်
ပင်ရှည်များ၊ ကျူပင်များကလွဲ၍ သက်ရှိသတ္တဝါအရိပ်အယောင်ဟူ၍ ခွေးတစ်ကောင်ကိုပင် မမြင်တွေ့ရပေ။ ဖိုးခွေး နေထိုင်
သည့်ရွာနှင့် ချောင်းဝရွာကြားတွင် ရွာဟူ၍မရှိဘဲ လယ်စောင့်တဲ တစ်လုံးစ နှစ်လုံးစလောက်သာရှိသည်။ ထိုလယ်စောင့်တဲ
များကလည်း ချောင်းစပ်နှင့်အတန်ငယ်ဝေးကွာကြသည်။
အချိန်ရှိခိုက် လုံ့လစိုက်ထုတ်ရန် ကိုပီလီ၏အခြေအနေကို မသိမသာ အကဲခတ်လိုက်သည်။ ကွမ်းဝါးရင်း စာရင်းစာအုပ်
ဖြင့်အလုပ်ရှုပ်နေသည့် ကိုပီလီသည် ပတ်ဝန်းကျင်ကိုပင် မေ့လျော့နေသည်။ ဖိုးခွေးနှင့်လည်း ခင်မင်နေသည့်အပြင် ယုံကြည်
စိတ်ချသဖြင့် ဘေးတွင်ချထားသည့် ငွေထည့်ထားသည့်အိတ်ကိုပင် ဇစ်ပြန်ပိတ်ထားခြင်းမရှိပေ။ အိတ်ထဲမှ ငွေအထပ်လိုက်
ကိုမြင်နေရသဖြင့် ဖိုးခွေး၏ လောဘအမိုက်မှောင်က ဆင်ခြင်တုံတရားကိုဖုံးကွယ်သွားလေတော့သည်။
“ ဖောင်း…….ဖျောင်း…ဖောင်း….”
ကိုပီလီ၏နောက်စေ့ကို လှော်တက်ဖြင့် သုံးလေးချက်ဆင့်ပြီး အားကုန်လွှဲရိုက်လိုက်သောကြောင့် ကိုပီလီ အသံမထွက်
နိင်ဘဲ ခေါင်းငိုက်စိုက်ကျသွားလေသည်။ ကိုပီလီ၏ခေါင်းမှ သွေးများဒလဟောထွက်လာပြီး ခန္တာကိုယ်က တဆတ်ဆတ်တုန်
ကာ ငြိမ်သက်သွားလေတော့သည်။
လောဘဇောနောက်သို့လိုက်မိ၍သာလုပ်ခဲ့ရသော်လည်း လူတစ်ယောက်ကို သွေးထွက်သံယိုဖြစ်အောင်ပင် မလုပ်ခဲ့ဖူးသ
ဖြင့် ဖိုးခွေး ကြောက်လန့်လာလေသည်။ စိတ်မလုံသောကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ တိတ်ဆိတ်ငြိမ်သက်
ပြီး လူသူကင်းမဲ့သည့်နေရာဖြစ်နေသဖြင့် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ ကိုပီလီ သေသည် မသေသည်ကို မသိ
သော်လည်း ယခုအတိုင်းထား၍မဖြစ်နိုင်ပေ။ ကွန်ပစ်သည့်လှေများလည်း ချောင်းထဲ၌သွားလာတတ်သောကြောင့် ကိုပီလီ
အား လက်စဖျောက်ပစ်ရန် အမြန်စီစဉ်ရလေတော့သည်။
ကိုပီလီ ဝတ်ဆင်ထားသည့် ဆွဲကြိုး၊ နာရီနှင့်လက်စွပ်များကို အမြန်ချွတ်ယူလိုက်ပြီး အလောင်းအား မြက်တောထဲတွင်
ဝှက်ထားရန် လှေဦးကိုချောင်းကမ်းစပ်သို့ထိုးတင်လိုက်စဉ် မြက်တောထဲမှ တိုးထွက်လာသည့်အသံကို ကြားလိုက်ရသဖြင့်
လူသူထင်မှတ်ပြီး ကြောက်လန့်တုန်လှုပ်သွားလေသည်။ သို့သော်လည်း မြက်တောထဲမှထွက်လာသည့်အရာသည် လူသူ၊ ကျွဲ
နွားမဟုတ်ဘဲ အရှည်ဆယ်ပေခန့်ရှိသည့် မိကျောင်းတစ်ကောင်ဖြစ်နေလေသည်။ မိကျောင်းက ချောင်းရေထဲသို့ မဆင်းသေး
ဘဲ ချောင်းစပ်တွင်ငြိမ်သက်နေပြီး ရန်သူအခြေအနေကို စောင့်ကြည့်နေပုံရသည်။ ဖိုးခွေး၏လှေနှင့် မိကျောင်း၏အကွာအ
ဝေးသည် ဆယ်ပေသာသာမျှသာရှိသည်။ ထိုအချိန်တွင် ဖိုးခွေး၏ခေါင်းထဲ၌ အတွေးတစ်ခုဝင်လာခဲ့သည်။ ကိုပီလီ၏အ
လောင်းကို ရေထဲသို့ပစ်ပြီး မိကျောင်းစာကျွေးလိုက်ပါက လက်စဖျောက်ပြီးသားဖြစ်သွားပေမည်။ ထိုသို့တွေးထားသည့်အ
တိုင်း ကိုပီလီ၏ခန္တာကိုယ်အား ချိုင်းကြားမှဆွဲမကာ လှေပေါ်မှ တွန်းချလိုက်သော်လည်း ရေထဲသို့ကျမသွားသေးဘဲ လှေနံ
တွင် ကိုယ်တစ်ပိုင်းတင်နေလေသည်။ ထိုအချိန်တွင် မိကျောင်းက ရေထဲသို့ အသာဆင်းသွားပြီး ငုပ်လျှိုးသွားသဖြင့် ဖိုးခွေး
လည်း အချိန်ဆွဲမနေတော့ဘဲ ကိုပီလီ၏ခြေထောက်ကိုဆွဲမြှောက်ကာ ရေထဲသို့ပစ်ချလိုက်လေတော့သည်။
“ အမလေး…သောက်ခွေး….”
လှေနံဘေးမှ ရုတ်တရက်ပေါ်လာသည့် မိကျောင်းခေါင်းကြီးကိုမြင်လိုက်သဖြင့် ဖိုးခွေး အလန့်တကြားအော်လိုက်စဉ်
မိကျောင်းက အမြီးကိုရေပေါ်သို့ တစ်ချက်ရိုက်ချလိုက်ပြီး လှေနံပေါ်တွင် ကိုယ်တစ်ပိုင်းတင်နေသည့် ကိုပီလီကို ခါးလယ်မှ
ကိုက်ချီကာ ရေပေါ်တွင် သုံးလေးပတ်လှိမ့်ပြီး ငုပ်လျှိုးသွားလေသည်။ ကိုပီလီအား မိကျောင်းဆွဲချသွားသည့်အချိန်တွင် လှေ
က တစ်ဖက်သို့စောင်းပြီး တိမ်းမှောက်သွားသဖြင့် ဖိုးခွေးနှင့်အတူ ပိုက်ဆံများထည့်ထားသည့်အိတ်လည်း ရေထဲသို့ကျသွား
လေသည်။ မိကျောင်းကိုက်မည်ကို ကြောက်သော်လည်း လောဘစိတ်ကြောင့် ရေပေါ်ပေါ်နေသည့်ငွေအိတ်ကို အမိအရဆယ်
ယူကာ ကမ်းစပ်ပေါ်သို့ တက်ပြေးသွားလေတော့သည်။
*******************
ကိုပီလီအား မိကျောင်းဆွဲသွားသည့်သတင်းက ချက်ချင်းဆိုသလို ပျံ့နှံ့သွားပြီး ဖိုးခွေးထံသို့ သတင်းလာမေးကြသည်။
ကိုပီလီအား မိကျောင်းဆွဲသွားသည်က ဟုတ်မှန်နေသဖြင့် အမှန်အတိုင်းပြောဆိုသော်လည်း ဖြစ်ရပ်အမှန်ကိုတော့ မုသားသုံး
ကာ လုပ်ဇာတ်ခင်းပြီး ပြောဆိုလေသည်။
“ ကိုပီလီက ကျွန်တော်နဲ့စကားပြောနေရင်းကနေ လှေနံစောင်းကနေ ရေကိုလက်ခုပ်နဲ့ခပ်ပြီး ပါးလုပ်ကျင်းတယ်။ အဲဒီအချိန်
မှာပဲ လှေဘေးနားကနေ မိကျောင်းကြီးပေါ်လာပြီး ကိုပီလီကိုဆွဲချသွားတယ်ဗျ။ လှေမှောက်သွားတော့ ကျွန်တော်လည်း ကမ်း
ပေါ်တက်ပြေးခဲ့တယ် ”
“ ဟာ….ကိုပီလီ သနားပါတယ် ”
“ မင်းလည်း ကံကောင်းလို့ လွတ်လာတာကွ ဖိုးခွေးရ။ နောက်တစ်ကောင်သာရှိနေရင် မင်းလည်း အကိုက်ခံရမှာ ”
ဖိုးခွေးပြောပြသမျှကို တစ်ရွာလုံးက ယုံကြည်ကြသဖြင့် ဖိုးခွေး စိတ်သက်သာရာရခဲ့သော်လည်း မလုံမလဲဖြစ်နေမိ
သည်။ ဝှက်ထားသည့် ငွေအိတ်နှင့် လက်ဝတ်လက်စားများကိုလည်း တစ်ယောက်ယောက် မြင်တွေ့သွားမှာ စိုးရိမ်နေမိသည်။
နောက်တစ်ရက် နေ့လယ်တွင် ဘဲဒိုင် ဦးမြင့်စိုးနှင့် ရဲများရောက်လာကြပြီး ဖိုးခွေးတို့ရွာမှ ရွာခံများနှင့်အတူ ကိုပီလီ၏အ
လောင်းကို ဝိုင်းဝန်းရှာဖွေကြသော်လည်း ကိုပီလီ၏အလောင်းကိုမတွေ့ဘဲ ချောင်းဝမရောက်မီ ကမ်းစပ်ပေါ်တွင်မှောက်ခုံတင်
နေသည့် ဖိုးခွေး၏လှေကိုသာ ရှာဖွေတွေ့ရှိခဲ့ကြသည်။ များပြားသည့်ငွေကြေးများနှင့်အတူ ပျောက်ဆုံးသွားသည့် ကိုပီလီ
သည် မိကျောင်းဆွဲခံရခြင်းဟုတ်၊ မဟုတ်ကို အသေအချာသိလိုကြသဖြင့် ဦးမြင့်စိုးတို့အဖွဲ့က ဖိုးခွေးတို့ရွာသို့ သုံးလေးရက်
ဆက်တိုက်လာရောက်ကာ ချောင်းရိုးတစ်လျှောက် နေ့စဉ်ရှာဖွေကြသည်။
ကိုပီလီ ပျောက်ဆုံးနေသည့် လေးရက်မြောက်နေ့မနက်ပိုင်း ရေကျချိန်တွင် ဖိုးခွေးတို့ရွာမှ ဦးထွန်းလှဆိုသူက ချောင်း
ကမ်းစပ်ပေါ်တင်နေသည့် ကိုပီလီ၏အလောင်းအား တွေ့ရှိခဲ့လေသည်။ ဦးမြင့်စိုးနှင့်ရဲတပ်ဖွဲ့ဝင်များရောက်လာကြသည့်အ
ခါမှ အလောင်းတွေ့ရှိသည့်နေရာသို့ သွားရောက်ကြည့်ရှုကြလေသည်။ ခန္တာကိုယ်အောက်ပိုင်းနှင့် ဘယ်ဖက်လက်မရှိတော့ဘဲ
အပေါ်တစ်ပိုင်းသာကျန်တော့သည့် ကိုပီလီ၏အလောင်းကို ရုပ်ပျက်ဆင်းပျက် မြင်တွေ့လိုက်ကြလေတော့သည်။ ထိုအခါမှ
ကိုပီလီသည် မိကျောင်းအကိုက်ခံရသည်မှာသေချာကြောင်း ဦးမြင့်စိုးတို့လက်ခံလိုက်ကြသည်။ ထို့နောက် ကိုပီလီ၏အ
လောင်းကို ရဲတပ်ဖွဲ့ဝင်များက အသေအချာစစ်ဆေးပြီး ပြန်သယ်သွားကြသည်။
ကိုပီလီသေဆုံးခဲ့ခြင်းသည် ထိုနေ့တွင် အပြီးသတ်သွားခဲ့သော်လည်း ဖိုးခွေးအတွက်တော့ အပြီးမသတ်ခဲ့ပေ။
*******************
“ အမလေးဗျ….. ”
အိပ်မက်ဆိုးများမြင်မက်သဖြင့် ဖိုးခွေး လန့်နိုးသွားလေသည်။ တစ်ကိုယ်လုံး ချွေးများရွှဲစိုနေသောကြောင့် အိပ်နေရာမှ
ထထိုင်ကာ စွပ်ကျယ်ကိုချွတ်ပြီး ချွေးသုတ်လိုက်သည်။ အချိန်နာရီ မည်မျှရှိကြောင်း မသိသော်လည်း တစ်ရွာလုံးတိတ်ဆိတ်
နေသဖြင့် ညဉ့်လယ်ကျော်လွန်လောက်ပြီဟု ဖိုးခွေးတွက်ဆလိုက်သည်။ အိပ်မက်ထဲတွင် ကိုပီလီ၏ ကိုယ်တစ်ပိုင်းပြတ် ကြီး
က အနောက်မှပြေးလိုက်ပြီးသူ၏ လက်ဝတ်လက်စားများနှင့် ငွေအိတ်ပြန်ပေးရန် အော်ဟစ်နေသည်။ ကြောက်ကြောက်လန့်
လန့်လန့်ဖြင့် ပြေးလွှားနေသော်လည်း ထိုနေရာသို့သာ ပြန်ရောက်နေသည်။ မကြာမီ ကိုပီလီ၏ ခန္တာကိုယ်ထက်ပိုင်းပြတ်ကြီး
က ဖိုးခွေးအနားသို့ ရောက်လာလေသည်။ မျက်လုံးများက ငါးများကိုက်ဖောက်စားသောက်ထားသဖြင့် ဟောက်ပက်ဖြစ်နေ
ပြီး ထက်ပိုင်းပြတ်နေသည့် ခန္တာကိုယ်မှ အူများတွဲလောင်းကျနေသည်။ ကိုပီလီကို တောင်းပန်သော်လည်း ကိုပီလီက ခွင့်မ
လွှတ်ဘဲ လည်ပင်းကို ညှစ်ထားသောကြောင့် ရုန်းကန်အော်ဟစ်ရင်း လန့်နိုးလာခဲ့လေသည်။
ပြန်၍အိပ်မရတော့သဖြင့် ရေတစ်ခွက်ထသောက်ပြီး တဲပြူတင်းပေါက်ကိုဖွင့်ကာ အပြင်သို့ကြည့်လိုက်သည်။ လရောင်
ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ လေငြိမ်နေသဖြင့် သစ်ရွက်များလည်း ငြိမ်သက်နေကြ
သည်။ ကိုပီလီ၏အလောင်းကိုတွေ့ရှိပြီး သုံးရက်မြောက်သည့် ယနေ့အထိ ပိုက်မချဘဲ အိမ်တွင်းအောင်းနေခဲ့သည်။
ကိုပီလီအား လောဘကြောင့်သတ်ခဲ့မိသည့်အတွက် စိုးရိမ်စိတ်တို့က အချိန်တိုင်းကြီးစိုးနေသည်။ ကိုပီလီ၏အလောင်း
ကို မြင်တွေ့ခဲ့ချိန်မှစပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ကိုပီလီ၏အလောင်းကို မျက်လုံးထဲမှ ဖျောက်ဖျက်၍မရနိုင်ခဲ့ပေ။ အ
ခြေအနငြိမ်သက်သွားပြီဆိုသော်လည်း ငွေအိတ်ကိုသွားမယူရဲသေးသဖြင့် ငွေအိတ်ကို တစ်ယောက်ယောက်မြင်တွေ့သွားမှာ
ကိုလည်း စိုးရိမ်နေသည်။ တစ်ဖက်က စိုးရိမ်ကြောက်လန့်မှုများရှိနေသလို တစ်ဖက်မှာလည်း ငွေငါးသိန်းကျော်အား မည်သို့
အသုံးချရမည်ကို တွေးတောနေလေသည်။ ယခုရက်ပိုင်းအတွင်း ရွာမှ ပြောင်းသွားပါက သို့လောသို့လောထင်မြင်ကြမည်။ အ
ခြေချမည့် ရွာတစ်ခုခုကို ရှာဖွေရဦးမည်။ အခြားနေရာသို့ပြောင်းရွှေ့နေထိုင်မည်ဆိုပါက အကျိုးအကြောင်းမေးမြန်းစုံစမ်းကြ
မည့် မေးခွန်းများကို မည်သို့ပြန်ဖြေရမည်ကိုလည်း ကြိုတင်စဉ်းစားထားရမည်။ ခြောက်လခန့် စောင့်ဆိုင်းပြီး အကြောင်း
တစ်ခုခုပြကာ ပြောင်းရွှေ့မည်ဟု ဖိုးခွေး ဆုံးဖြတ်လိုက်သည်။
*******************
ညနေ ရေတိုးချိန်မတိုင်ခင်ကတည်းက ပိုက်ချပြီး လှေပေါ်တွင်သက်တောင့်သက်သာလဲလျောင်းနေလိုက်သည်။ ချောင်း
ဝရွာအနီးတွင် ပိုက်ချထားသဖြင့် ချောင်းဝရွာအလှူမဏ္ဍပ်မှဖွင့်သည့် တွံတေးသိန်းတန်သီချင်းက လေနှင့်အတူပျံ့လွင့်လာ
သည်။
“ မနက်လာမှာလားဆို၊ နေ့လယ်ရောက်မှာလားဆို၊ ညနေချိန်လာမှာလားလို့…..ဗျာများနေစရာမလို….. ”
လှေပေါ်တွင်လဲလျောင်းရင်း တွံတေးသိန်းတန်သီချင်းကို အာလုပ်သံဖြင့်လိုက်ဆိုနေသည့် ဖိုးခွေး၏မျက်နှာပေါ်တွင်
ပြုံးယောင်သမ်းနေသည်။ မနေ့နေ့လယ်ကတည်းက ငွေအိတ်ကို ဝှက်ထားသည့်နေရာမှသွားယူကာ လုံခြုံစိတ်ချရသည့်နေရာ
၌ သိမ်းဆည်းပြီးလေပြီ။ ငွေငါးသိန်းကျော်နှင့်တစ်ကျပ်သားကျော် ဆွဲကြိုးတစ်ကုံး၊ ငါးမူးသားခန့်ရှိမည့် လက်စွပ်တစ်ကွင်း
က ဖိုးခွေး၏ဘဝကို ပြောင်းလဲပစ်နိုင်လေသည်။
“ စမ်းအေး…..”
“ ဘာလဲ ဖိုးခွေး ”
“ ငါ့မှာ ပိုက်ဆံရှိရင် နင်တကယ်ယူမှာလား ”
“ ပိုက်ဆံရှိရင်တော့ ယူမှာပေါ့ဟဲ့ ”
“ နင်က ပိုက်ဆံတော်တော် မက်တာပဲ ”
“ ပိုက်ဆံမက်တာ ငါတစ်ယောက်တည်းမဟုတ်ဘူး။ လူတိုင်း ပိုက်ဆံမက်ကြတာချည်းပဲ။ ပိုက်ဆံမရှိဘဲ လင်ယူသားမွေးမှ
တော့ မွဲချင်တဲ့ခွေး ပြာပုံတိုးသလိုဖြစ်တော့မှာပေါ့ ဖိုးခွေးရယ် ”
“ ငါ အလုပ်ကြိုးစားမယ်။ လယ်တွေ နွားတွေပိုင်အောင်လုပ်မယ် ”
“ အင်း…….နင် လယ်တွေ နွားတွေပိုင်တဲ့အချိန်ဆိုရင် ငါလည်းအမယ်အိုကြီးဖြစ်နေလောက်ပြီ ”
“ နင်က ငါ့ကိုအထင်သေးတာလား စမ်းအေး ”
“ အထင်တော့မသေးပါဘူး။ နင်မှန်းတဲ့ပုံအတိုင်းဆိုရင် ငါတို့ အဘိုးအို အမယ်အိုတွေဖြစ်တော့မှပဲ ယူကြရတော့မယ့်ပုံ ”
“ နင် စောင့်ကြည့်လိုက်ပါ စမ်းအေးရာ။ နောက်တော့မှ ကိုဖိုးခွေး…ကိုဖိုးခွေးဆိုပြီး အတင်းတွယ်ထားရလိမ့်မယ် ”
“ အမယ်…..အပြောကတော့ ရွှေမန်းပဲ။ ကတော့မှ ချိုမိုင်မိုင်မကမိစေနဲ့ ”
“ ဖိုးခွေးကို စောင့်ကြည့်လိုက်စမ်းပါ ”
ဖိုးခွေး တစ်နေကုန် တစ်နေခမ်းပိုက်ချနေခြင်းက အလုပ်ကို ကြိုးစားလုပ်ကိုင်နေကြောင်း လူသိဖို့အတွက်သာမက ငါး
များများစားစားရဖို့အတွက်လည်းဖြစ်သည်။ ငါးများများရဖို့က ဖိုးခွေးအတွက် အရေးကြီးသည်။ ငါးဒိုင်သို့ ငါးများများသွင်း
နိုင်လျှင် ပိုက်ဆံမည်သည့်နေရာမှရကြောင်း သက်သေပြနိုင်မည်။
ချောင်းဝရွာအနီးတွင် ပိုက်ချသည့်အတွက် လူအတော်များများက ဖိုးခွေးပိုက်ချနေကြောင်း မြင်တွေ့နိုင်သည်။ အရင်က
ရွှေဝါထွန်းမော်တော်နှင့် အခြားမော်တော်များ ချောင်းထဲသို့ဝင်လာလျှင် မသိကျိုးကျွန်ပြုတတ်သော်လည်း ယခုအခါမှာ
တော့ မော်တော်ပေါ်ပါလာသည့် ရွာမှလူများနှင့် အနီးအနားရွာမှလူများမြင်တွေ့စေရန် တက်ထောင်ပြ၊ လက်ထောင်ပြနေ
လေပြီ။
လဆန်း၊ လပြည့်၊ လဆုတ်ရက်များတွင် ငါးများများရတတ်သောကြောင့် တစ်နေ့လုံး၊ တစ်ညလုံး ပိုက်ချရသည်။ ပိုက်ချ
ထားပြီး ပစ်ထား၍လည်းမရပေ။ ပိုက်ဖော်ပြီးငါးခိုးကြသည့်သူခိုးများနှင့် ပိုက်သူခိုးများ၏ရန်ကလည်းရှိနေသေးသဖြင့်
စောင့်ကြည့်နေရသည်။ ယခုအသုံးပြုနေသည့် ငါးဖမ်းပိုက်သည် ဖခင်၏အမွေအနှစ်မို့ ဖိုးခွေးတန်ဖိုးထားသည်။
“ ဟေ့…..ဖိုးခွေး…….”
နာမည်ခေါ်သံကြားလိုက်သဖြင့် လဲလျောင်းပြီးအတွေးနယ်ချဲ့နေရာမှ ခေါင်းထောင်ကြည့်လိုက်သည်။
“ ဟော…အဘ ”
ချောင်းဝရွာမှ ကျေးရွာဥက္ကဌ ဦးသိန်းနိုင်ကို မြင်လိုက်သဖြင့် ကပြာကယာထထိုင်လိုက်သည်။ ဦးသိန်းနိုင်က ဖိုးခွေး၏
လှေအနီးသို့လှော်လာပြီး လှေချင်းပူးကပ်လိုက်သည်။
“ ပိုက်ချနေတာလား ဖိုးခွေး ”
“ ဟုတ်တယ် အဘ။ ဘယ်သွားမလို့လဲ ”
“ မင်းတို့ရွာကိုသွားမလို့ကွ။ တို့ရွာမှာ မနက်ဖြန်အလှူရှိတယ်လေကွာ။ အဲဒါ မင်းတို့ရွာက ဥက္ကဌကိုဖေစိုးတို့ကို ညအိပ်ဖို့
သွားခေါ်မလို့။ မင်းလည်း လာခဲ့လေကွာ ”
“ လာတော့လာချင်ပါတယ် အဘရာ။ ပိုက်ချထားတော့ လာဖို့မဖြစ်နိုင်ဘူး ”
“ အေးပေါ့ကွာ။ အဆင်ပြေရင်တော့ ညစာလာစားကွ ”
“ ဟုတ်ကဲ့ အဘ။ လောလောဆယ် ကွမ်းပါရင် ပေးခဲ့ပါဦး ”
“ ပါတယ်ကွ၊ အကုန်သာ ယူထားလိုက်တော့။ ညစာအတွက် ထမင်းထုပ်မပါဘူးလား ဖိုးခွေး။ လှေထဲမှာလည်း ဘာမှမတွေ့ပါ
လား ”
“ မနက်စာစားပြီးကတည်းက ထွက်လာတော့ ညစာယူဖို့ အဆင်မပြေဘူး အဘရာ ”
“ ဒီလောက်ကြိုးစားနေပုံထောက်ရင်တော့ မိန်းမယူဖို့ ပိုက်ဆံစုနေပြီထင်တယ်။ ဟုတ်လား ဖိုးခွေး ”
“ ဟဲ,,,,ဟဲ,,,,အဘကလည်းဗျာ ”
“ ငါသွားမယ်ဟေ့ ”
“ ဟုတ်ကဲ့ အဘ ”
ချောင်းဝကျေးရွာ ဥက္ကဌ ဦးသိန်းနိုင်ထွက်သွားသည့်အခါ ကွမ်းတစ်ရာကို ပါးစောင်ထဲသို့ထည့်လိုက်ပြီး တွံတေးသိန်း
တန်သီချင်းကို နားထောင်ကာ အတွေးများကို ဖြန့်ကျက်လိုက်လေသည်။
*******************
“ ဒုတ်………ဒုတ်……”
လှေဝမ်းအောက်မှ တဒုတ်ဒုတ်တိုးသံကြောင့် ဖိုးခွေးမျက်လုံးဖွင့်ပြီး နားစွင့်လိုက်သည်။ ကောင်းကင်ကြီးကိုမော့ကြည့်
ပြီး အတွေးနယ်လွန်နေရာမှ မည်သည့်အချိန်က အိပ်ပျော်သွားမှန်း မသိလိုက်ပေ။ ချောင်းဝရွာမှ လော်သံပင် တိတ်သွားလေပြီ
။
“ ဒုတ်…..ဒုတ်……”
လှေဝမ်းအောက်မှအသံသည် ရေစီးနှင့်မျောပါလာသည့် သစ်ကိုင်းတစ်ခုခု လှေဝမ်းအောက်၌တွယ်ငြိနေပြီး ရေလှုပ်သည့်
အခါတိုင်း လှေဝမ်းကို ရိုက်ပုတ်နေသည်ဟု ဖိုးခွေးထင်မှတ်ထားလိုက်သည်။ ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ ခုနစ်
စဉ်ကြယ်က အမြီးထောင်နေသဖြင့် သန်းခေါင်ယံကျော်အချိန်သို့ ရောက်ရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။
“ အမယ်….ဖိုးခွေးတို့ ကံကောင်းတာပဲ။ အဘ ဦးသိန်းနိုင် လာပို့သွားတာထင်တယ် ”
လှေပေါ်မှ သစ်သားတန်းပေါ်တင်ထားသည့် ထမင်းထုပ်ကိုမြင်လိုက်သဖြင့် ဖိုးခွေး သဘောကျသွားလေသည်။ ထမင်း
ထုပ်ကိုယူပြီး ဖြည်ကြည့်လိုက်သည့်အခါ ငါးခြောက်ကြော်နှင့် ငါးပိထောင်းကိုတွေ့လိုက်ရသဖြင့် မိခင်၏လက်ရာမှန်းသဘော
ပေါက်လိုက်သည်။
ဗိုက်ကလည်းဆာနေသဖြင့် ချောင်းရေဖြင့်လက်ဆေးပြီး ပါးလုပ်ပါးလောင်းစားလိုက်သည်။ ထမင်းစားပြီးနောက် ထမင်း
ထုပ်ကို လွှင့်ပစ်လိုက်ပြီး ချောင်းရေဖြင့် လက်ဆေးလိုက်သည်။ လက်ဆေးပြီး ပလုပ်ကျင်းနေစဉ် လှေနံဘေးမှ မည်းမည်းသ
သဏ္ဌာန်တစ်ခုကို မြင်လိုက်သဖြင့် လက်ကိုအမြန်ရုပ်ပြီး လှေဝမ်းထဲမှမှိန်းကိုလှမ်းယူကာ မည်းမည်းသဏ္ဌာန်ကို ချိန်ရွယ်ထား
လိုက်သည်။ မိကျောင်းဆိုပါက အမြီးဖြင့်ရိုက်ချနိုင်သောကြောင့် ပဲ့ပိုင်းတွင်ထိုင်နေရာမှ လှေဝမ်းထဲသို့ ပြောင်းထိုင်လိုက်ပြီး
ကိုယ်ကို ဝပ်ထားလိုက်သည်။
“ ဝုန်း…… ”
ရေပေါ်သို့ အရှိန်ဖြင့်တက်လာသည့် အရာကို မြင်လိုက်ရသည့်အခိုက် မှိန်းတံကို လက်တွင်ကိုင်ရင်း အလန့်တကြား
အော်လိုက်လေသည်။
“ အမလေးဗျ……. ”
ရေပေါ်တွင်ပေါ်နေသည့်အရာက ဖိုးခွေး၏လှေပေါ်သို့ တက်လာနေသဖြင့် လက်ထဲမှမှိန်းဖြင့် အဆက်မပြတ်ထိုးနှက်
သော်လည်း အချည်းနှီးဖြစ်နေသည်။
“ ကို…ကိုပီလီ……ကျွန်…ကျွန်တော် တောင်းပန်ပါတယ်ဗျာ… ”
မှိန်းကိုပစ်ချပြီး လက်အုပ်ချီတောင်းပန်နေသည့် ဖိုးခွေးအားလှေပေါ်သို့ လက်တစ်ဖက်ဖြင့်တွယ်တက်ရင်း မျက်လုံး
ဟောက်ပက်ဖြင့် လှည့်ကြည့်လိုက်သည့်အရာသည် ကိုယ်တစ်ပိုင်းပြတ်နေသည့် ကိုပီလီဖြစ်နေလေသည်။ ကိုပီလီနှင့် ဝေး
နိုင်သမျှဝေးရန် လှေဝမ်းထဲမှ ပဲ့ပိုင်းသို့ အမြန်ထသွားလေသည်။
“ ရှိကြီးခိုးပါတယ်ဗျာ။ ကျွန်တော် မှားခဲ့ပါတယ် ”
ဖိုးခွေးတောင်းပန်နေသော်လည်း ကိုပီလီက လှေပေါ်သို့ရောက်နေလေပြီ။ အော်ဂလီဆန်စရာကောင်းလောက်အောင်
ပုပ်ဟောင်နံစော်နေသည့်အပုပ်နံ့က ဖိုးခွေး၏ နှာခေါင်းထဲသို့ တိုးဝင်နေကြသည်။ လှေဝမ်းထဲ၌ မှောက်လျက်သားဖြင့် ဖိုးခွေး
ဘက်သို့ကြည့်နေသည့် ကိုပီလီနှင့် မျက်နှာချင်း မဆိုင်ရဲသဖြင့် မျက်လုံးကို စုံမှိတ်ပြီး လက်အုပ်ချီတောင်းပန်နေသည်။
ဖိုးခွေး၏ အသံက တုန်ရင်နေသလို တစ်ကိုယ်လုံးလည်း နတ်ပူးသကဲ့သို့ တုန်ရင်နေသည်။
“ ဖိုးခွေး…….. ”
နာမည်ခေါ်သံကြားလိုက်သဖြင့် မျက်စိကို မရဲတရဲဖွင့်ကြည့်လိုက်သည့်အခါ လှေဦးဘက်သို့လှည့်ကာ ဖိုးခွေးကို ကျော
ပေးပြီး သစ်သားတန်းတွင် ထိုင်နေသည့်လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ ထိုသူသည် ကိုပီလီဖြစ်ကြောင်း ဖိုးခွေးသိ
ပေသည်။
“ ဖိုးခွေး……..”
“ ဗျာ…..ကိုပီလီ ”
“ ငါ ဘယ်လိုကြောင့်သေခဲ့တာလဲဆိုတာ ပြောပြနိုင်မလား ”
“ ဗျာ…… ”
ကိုပီလီပြောသည့်စကားကို ကြားလိုက်ရသည့်အခိုက် ဖိုးခွေး အံ့အားသင့်သွားလေသည်။ ကိုပီလီသည် မည်သို့မည်ပုံသေ
ဆုံးခဲ့သည်ကို မသိသည်လား၊ သိလျက်နှင့် မေးသည်လားဆိုသည်ကိုတော့ ဖိုးခွေးမသိပေမယ့် သူကိုယ်တိုင်က မည်သို့သေဆုံး
ခဲ့ကြောင်းသိလိုသဖြင့် မေးမြန်းနေခြင်းကြောင့် မည်သို့ပြန်ဖြေရမည်ကို ဖိုးခွေး အလျင်အမြန် စဉ်းစားလိုက်သည်။
“ ဟို…ဟို….. မိ…မိကျောင်း ဆွဲသွားလေ ”
“ မိကျောင်းဆွဲတာ ဟုတ်လို့လား ဖိုးခွေး ”
“ ဟုတ်…ဟုတ်ပါတယ် ”
“ ငါ့ ကိုယ်တစ်ပိုင်းက ဘယ်ရောက်သွားသလဲ ”
“ မိ…မိကျောင်း စားသွားတာ..ဖြစ်..ဖြစ်နိုင်တယ် ”
“ ငါ့ပိုက်ဆံအိတ်ကို တွေ့မိလား ဖိုးခွေး ”
“ ဟင့်အင်း…..မတွေ့မိဘူး။ လှေမှောက်သွားလို့ ကျွန်….ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ကမ်းပေါ်တက်ပြေးသွားတာ ”
“ ဖိုးခွေး….မင်းကို ငါယုံကြည်ခဲ့တယ်။ မင်းက လောဘဇောတိုက်ပြီး ယုံကြည်မှုကို ခုတုံးလုပ်ခဲ့တယ် ”
“ ကျွန်…ကျွန်တော် ဘာ…..ဘာမှ မလုပ်ပါဘူး ”
“ မလိမ်နဲ့ဖိုးခွေး၊ ငါ့ကို အနောက်ကနေ လှော်တက်နဲ့ရိုက်သတ်တာ ငါသိတယ် ”
“ ဗျာ ……. ”
“ ဘယ်နှစ်ချက်ရိုက်ခံလိုက်ရသလဲဆိုတာသာမသိတာ။ ဒုတိယအချက်အထိ ငါသတိရှိနေသေးတယ်ဖိုးခွေး ”
“ ဗျာ,,,, ”
“ ပိုက်ဆံအိတ်နဲ့ ငါ့လက်ဝတ်လက်စားတွေ ဘယ်မှာလဲ ဖိုးခွေး ”
“ ကျွန်…..ကျွန်တော် မယူပါဘူးဗျာ ”
“ မင်းက လူယုတ်မာပဲ ”
ကျောပေးထားလျက်မှ ခေါင်းက နောက်သို့လည်ပြီးလှည့်ကြည့်သဖြင့် ဖိုးခွေး ဆံပင်မွေးများထောင်ထပြီး ဆီးများထွက်
ကျလာလေသည်။
“ ငါ့ကို သေသေချာချာကြည့်စမ်း ဖိုးခွေး ”
ကိုပီလီကို မကြည့်ရဲသဖြင့် မျက်လုံးမှိတ်ထားရာမှ ကိုပီလီက ကြည့်ခိုင်းနေသဖြင့် မျက်လုံးကိုအသာဖွင့်ကြည့်လိုက်သည့်
အခါ ကိုယ်တစ်ပိုင်းပြတ်နေပြီး မျက်လုံးဟောက်ပက်ဖြစ်နေသည့် ကိုပီလီ၏မျက်နှာက ဖိုးခွေး၏မျက်နှာရှေ့တည့်တည့်တွင်
ရောက်နေသည်ကို မြင်လိုက်ရသဖြင့် ငယ်သံပါအောင် အော်ဟစ်ကာ သတိလစ်သွားလေတော့သည်။
“ အား…………….. ”
*******************
“ ဟေ့ကောင်…ဖိုခွေး၊ ဖိုးခွေး… ”
“ အရက်မူးနေသလား၊ သေများနေသလားဟယ် ”
“ ဖိုးခွေးအရက်သောက်တာ တစ်ခါမှမမြင်ဖူးပါဘူးအေ ”
ဆူဆူညံညံအသံများ ကြားလိုက်သဖြင့် ဖိုးခွေး မျက်လုံးဖွင့်ကြည့်လိုက်သည်။ ပတ်ခြာလည်ဝိုင်းနေသည့် လူများကို အ
လင်းရောင် မသဲမကွဲဖြင့် မြင်လိုက်ရသဖြင့် လူးလဲထလိုက်သည်။
“ ဟေ့ကောင်…ဖိုးခွေး ”
“ ဗျာ…….”
“ မင်းဘာဖြစ်နေတာလဲ ”
“ ကျွန်…ကျွန်တော်…”
“ ဟေ့ကောင်….ကြောင်တောင်တောင်နဲ့၊ ဘာဖြစ်နေတာလဲ။ ကံကောင်းလို့ မိကျောင်းအဆွဲမခံရတာ။ လှေပေါ်မှာ မှောက်ခုံ
ကြီးနဲ့ ခြေထောက်တစ်ဖက်က ရေထဲကျနေတယ် ”
ဖိုးခွေး အသိစိတ်ကို ပြန်စုစည်းလိုက်သည့်အခါ မနေ့ညက အဖြစ်အပျက်တို့ကို ပြန်သတိရလာသည်။ အနားတွင်ဝိုင်း
နေကြသည့် လှေပေါ်မှလူများနှင့် စိုးရိမ်တကြီးဖြင့် မေးမြန်းနေသူတို့ကို အသေအချာကြည့်လိုက်သည့်အခါ ဖိုးခွေးနေထိုင်
သည့်ရွာမှဖြစ်နေကြသည်။
“ ကျွန်…ကျွန်တော် ဘာဖြစ်သွားသလဲ မသိလိုက်ဘူးဗျာ ”
“ ငါတို့တွေ ချောင်းဝရွာကို အရုဏ်ဆွမ်းအမီသွားရင်း မင်းရဲ့လှေကိုတွေ့လို့ကြည့်လိုက်တော့ လှေပေါ်မှာ မှောက်ခုံကြီးဖြစ်
နေပြီး ခြေထောက်တစ်ဖက်က ရေထဲကိုတြွလောင်းကျနေတယ် ”
“ မင်းကွာ…..မိကျောင်းအဆွဲမခံရတာ ကံကောင်းတယ် ”
“ မင်းအခု အိမ်ပြန်ချင်ပြန်၊ မပြန်ချင်ရင် ငါတို့နဲ့ချောင်းဝကိုလိုက်ခဲ့။ မင်းကိုကြည့်ရတာ သိပ်မဟန်ဘူး ”
“ ဟုတ်တယ် ဖိုးခွေး၊ ရွာမပြန်သေးရင်လည်း ငါတိုနဲ့လိုက်ခဲ့ ”
“ ပိုက်ဖော်ပြီးမှ အိမ်ပြန်တော့မယ် ”
“ ဖြစ်ပါ့မလား ဟေ့ကောင် ”
“ ဖြစ်ပါတယ် ဦးမိုး ”
“ ဖြစ်ရင်လည်းပြီးရောကွာ။ မင်းကို သတိလည်လာအောင် မနည်းခေါ်လိုက်ရတာ။ တရားနာဖို့နောက်ကျနေပြီဟေ့၊ သွားကြ
ရအောင် ”
လှေများထွက်သွားသည့်အခါမှ ချောင်းရေကိုလက်ခုပ်ဖြင့်ခပ်ပြီး မျက်နှာသစ်လိုက်သည်။ ချောင်းဝရွာမှ ပျံ့လွင့်လာ
သည့် တရားသီချင်းသံက အရုဏ်တက်အချိန်နှင့် ပနံရကာ ကျက်သရေရှိနေပေသည်။ မနေ့ညက အဖြစ်အပျက်သည် အိပ်
မက်မဟုတ်ကြောင်း ဖိုးခွေးသိပါသည်။ ထိတ်လန့်စရာအကြောင်းကို ထပ်မတွေးချင်တော့သဖြင့် မျက်နှာပေါ်မှရေများကို
ပုဆိုးဖြင့်သုတ်လိုက်ပြီး ပိုက်ဖော်ရန်ပြင်ဆင်လိုက်တော့သည်။
*******************
ဖိုးခွေး ပိုက်မချဖြစ်သည်မှာ နှစ်ရက်ရှိခဲ့လေပြီ။ ချောင်းဝထိပ်အနီးတွင် ပိုက်ချထားပါလျက် ငါးသေးငါးမွှားတစ်ကောင်
တစ်လေပင် ပါမလာသည့်အပြင် ပိုက်တစ်ဖုံလုံး သုံးစားမရလောက်အောင် စုတ်ပြဲသွားခဲ့သည်။ မိကျောင်းတိုးလျှင်လည်း ပိုက်
ပြဲတတ်သည်။ သို့ပါသော်လည်း ပိုက်တိုးမိသည့် မိကျောင်းသည် ငြိမ်သက်နေမည်မဟုတ်ဘဲ ရုန်းကန်ပေလိမ့်မည်။ ကြောက်
လန့်ပြီး သတိလစ်သွားသည့်အချိန်၌ ပိုက်တိုးမိခြင်းလည်း ဖြစ်နိုင်သည်ဟု ဖိုးခွေး ကောက်ချက်ချလိုက်သည်။ ပိုက်တစ်ဖုံလုံး
သုံးစားမရလောက်အောင် စုတ်ပြဲသွားသည့်အတွက် ပိုက်ချဖို့ မဖြစ်နိုင်တော့ပေ။ အခြားတစ်နေရာသို့ သွားရောက်လေ့လာပြီး
အခြေချတော့မည်ဟု စိတ်ကူးလိုက်လေသည်။
“ သား…မအိပ်သေးဘူးလား ”
“ မအိပ်ချင်သေးဘူး အမေ ”
“ စိတ်ဓာတ်မကျပါနဲ့သားရယ်။ အခြားအလုပ်တစ်ခုခုလုပ်စားလည်း ရတာပဲ ”
“ အခြားတစ်နေရာကို ပြောင်းပြီးလုပ်စားကြမယ် အမေ။ ဒီရွာမှာ လုပ်ကိုင်စားရတာ အဆင်မပြေတော့ဘူး ”
“ ကိုယ့်နေရာကိုယ့်ဒေသပဲ ကောင်းပါတယ်သားရယ်။ အခြားနေရာမှာ လုပ်ကိုင်စားသောက်ဖို့ဆိုရင် အရင်းအနှီးလိုတယ်။
ကိုယ့်နေရာမှာဆို ဘယ်သူ့ဆီမှာ ဝင်လုပ်လုပ် ထမင်းတစ်နပ်တော့ စားရသေးတယ် ”
“ ဘာမှတွေးမနေပါနဲ့အမေရာ၊ အဆင်ပြေသွားပါလိမ့်မယ်။ အမေ အိပ်ချင်အိပ်တော့ ”
“ မီးခွက်ကို မီးသတ်ပြီးမှအိပ်နော် ”
“ စိတ်ချ အမေ ”
*******************
ခြေထောက်ကို တစ်ယောက်ယောက်က ဆွဲကိုင်လိုက်သလိုဖြစ်သွားသဖြင့် ဖိုးခွေး အိပ်ရာမှနိုးလာပြီး ခြေရင်းဘက်သို့
ကြည့်လိုက်သည်။ ခြေရင်းဘက်မှ ပုကွကွနှင့် မည်းမည်းသဏ္ဌာန်ကို မသည်းမကွဲ မြင်လိုက်ရသဖြင့် အိပ်နေရာမှ ထထိုင်လိုက်
ပြီး နံဘေးမှ မီးခွက်နှင့် မီးခြစ်ကို လက်ဖြင့် လှမ်းစမ်းလိုက်စဉ် ထိုအရာက ဖိုးခွေးအနီးသို့ တရွေ့ရွေ့ဖြင့်တိုးကပ်လာနေသည်။
မီးခြစ်ကို အမြန်စမ်းပြီး မီးခတ်ကြည့်လိုက်သည့်အခါ မျက်လုံးဟောက်ပက်နှင့် ကိုပီလီ၏မျက်နှာကြီးကို မြင်တွေ့လိုက်ရလေ
တော့သည်။ ကြမ်းပြင်ပေါ်သို့လက်တစ်ဖက်ထောက်ပြီးလာနေသည့် ကိုယ်တစ်ပိုင်းပြတ်ကြီးကို မြင်လိုက်သည့်အခါ ကြောက်
လန့်တကြားအော်ဟစ်ပြီး တဲပေါ်မှ ဆင်းပြေးလေသည်။
“ အမေရေ…..ကယ်ပါဦးဗျ ”
“ ဝုန်း…….”
“ ဘုံး….”
တဲတံခါးကိုတွန်းဖွင့်ပြီး အောက်သို့ဆင်းလိုက်စဉ် တစ်စုံတစ်ယောက်က ခြေထောက်ကို ဖမ်းဆွဲလိုက်သလိုဖြစ်ပြီး တဲ
ပေါ်မှ ဇောက်ထိုးမိုးမျှော် ပြုတ်ကျသွားလေတော့သည်။
“ သား……သားလေး…..”
ဖိုးခွေးအော်သံကြောင့် ဖိုးခွေး၏မိခင်နိုးလာပြီး အိမ်ရှေ့သို့ပြေးထွက်လာချိန်တွင် ဖိုးခွေးက မည်သို့မျှမဖြစ်သည့်အတိုင်း
တဲပေါ်သို့ ပြန်တက်လာသည်။
“ သား…ဘာဖြစ်တာလဲ ”
“ ကျွန်တော် အိပ်မက်မက်နေတာ အမေ ”
“ ဘုရား….ဘုရား….တော်သေးတာပေါ့။ သား အော်သံကြားလိုက်လို့ ဘာများဖြစ်တာလဲဆိုပြီး အမေပြေးထွက်လာတာ ”
“ ကျွန်တော် ဘာမှမဖြစ်ဘူး။ အမေ ပြန်အိပ်တော့ ”
“ အေးပါသားရယ်။ ဘာမှမဖြစ်တာ တော်သေးတာပေါ့။ သားလည်း အိပ်တော့နော်။ ဘာမှ တွေးမနေနဲ့ ”
“ ဟုတ်ကဲ့ ….. ”
မိခင်ကြီး အခန်းထဲသို့ပြန်ဝင်သွားပြီး အချိန်အတော်ကြာသည့်အခါ တဲပေါ်မှဆင်းသွားလေတော့သည်။
*******************
“ မမြင့်ကြည်…ဗျို့ …မမြင့်ကြည် ”
“ ဘယျသူလဲ……..”
“ ခဏလေး လာစမ်းပါဦးဗျ။ အရေးကြီးလို့ပါ ”
မနက်သုံးနာရီအချိန်လောက်တွင် အိမ်ရှေ့မှခေါ်သံကြားလိုက်သဖြင့် မမြင့်မြင့်ကြည် အိပ်ရာထဲမှ လူးလဲထကာ အိမ်
ရှေ့သို့ထွက်လာပြီး တံခါးမဖွင့်သေးဘဲ မေးလိုက်သည်။
“ ဘယျသူလဲ…. ”
“ ကျုပ်ပါဗျ….အချိန်မရှိဘူး။ တံခါးအမြန်ဖွင့်စမ်းပါ ”
အချိန်မတော် အိမ်ရှေ့မှ အရေးတကြီးခေါ်နေသည့်အသံကို မမြင့်မြင့်ကြည် ရင်းရင်းနှီးနှီးကြားဖူးနေသည်။ သို့သော်
လည်း တံခါးမဖွင့်ရဲသဖြင့် တံခါးကိုအသာဟပြီးခြောင်းကြည့်လိုက်သည့်အခါ အိမ်ရှေ့တွင်ရပ်နေသည့် ဖိုးခွေးကိုမြင်လိုက်
ရလေသည်။
“ ဖိုးခွေး…..အချိန်မတော်ကြီး ဘာကိစ္စအရေးတကြီးရှိလို့လဲ။ နင့်အမေ တစ်ခုခုဖြစ်လို့လား ”
“ အရေးကြီးလို့လာတာပေါ့ဗျာ ”
မမြင့်မြင့်ကြည်က တံခါဖွင့်လိုက်သည့်အချိန်တွင် ဖိုးခွေးက အိမ်တံခါးဝတွင်သို့ ရောက်နေလေပြီ။
“ ဖိုးခွေး…နင်ဘာဖြစ်လာတာလဲ ”
“ မမြင့်ကြည် … ကျွန်တော် ဖိုးခွေးမဟုတ်ဘူးဗျ။ ပီလီပါ ”
“ ဟာ……သူတောင်းစား။ ငါ့ကို နောက်စရာများထင်နေသလား ”
“ တကယ်ပြောနေတာပါ မမြင့်ကြည်။ ဖိုးခွေးရဲ့ ကိုယ်ထဲကို ကျွန်တော် ခဏဝင်နေတာ ”
“ တောက်…..သွားစမ်းဟာ။ မနက်ကျမှ နင့်အမေရော ဥက္ကဌကိုရော တိုင်ပြောမယ် ”
တံခါးပိတ်ဖို့ပြင်နေသည့် မမြင့်မြင့်ကြည်၏လက်ကို ဖိုးခွေး ဆုပ်ကိုင်လိုက်သည့်အချိန်တွင် မမြင့်မြင့်ကြည်က ရုန်းကန်
ပြီး အော်ဟစ်ဖို့ကြိုးစားသော်လည်း ရုန်းကန်၍မရသလို အသံလည်း ထွက်မလာခဲ့ပေ။
“ ကျွန်တော်ပြောတာ ခဏနားထောင်ပေးပါ။ မမြင့်ကြည်ကို ဘဲဖိုး တစ်သောင်းနဲ့ လေးထောင်လာချေပြီး မော်တော်မမီလို့
ဖိုးခွေးကို ချောင်းဝလိုက်ပို့ခိုင်းတာ မှတ်မိမှာပေါ့ ”
ဖိုးခွေးပြောနေသည့်စကားက မှန်နေသဖြင့် မမြင့်မြင့်ကြည် ကြောက်လန့်ပြီး ခေါင်းတဆတ်ဆတ်ညိမ့်ပြလိုက်သည်။
“ ဖိုးခွေးက အသောက်အစားကင်းတဲ့ လူရိုးလူအေးဆိုပြီး ကျွန်တော်ယုံကြည်ခဲ့တယ်။ ချောင်းဝရောက်ခါနီးမှာ ကျွန်တော့်
ရဲ့ခေါင်းကို လှော်တက်နဲ့ အဆက်မပြတ်ရိုက်သတ်ခဲ့တယ်။ နှစ်ချက်မြောက်အထိ ကျွန်တော်သိနေခဲ့တယ်။ နောက်တော့ ဘာမှ
မသိတော့ဘူး။ ဖိုးခွေးက ကျွန်တော့်ရဲ့ ဆွဲကြိုးနဲ့လက်စွပ်ကို ချွတ်ယူသွားတယ်။ ကျွန်တော်နဲ့အတူပါလာတဲ့ ဘဲဖိုးပေးရမယ့်
ငွေငါးသိန်းကျော်ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုပါ ယူသွားတယ်။ ဖိုးခွေးကို ရွာထဲလာရှာတဲ့အခါ လူနီကြီးတစ်ယောက်က ရွာ
ထဲမဝင်ဖို့တားတယ်။ အကျိုးအကြောင်းမေးကြည့်တော့မှ ကျွန်တော် သေသွားပြီဆိုတာ သိခဲ့ရတယ်။ ကျွန်တော့်ရဲ့ ဆွဲကြိုး
က ကိစ္စမရှိဘူး မမြင့်ကြည်။ လက်စွပ်က လက်ထပ်လက်စွပ်။ ငွေတွေက ဘဲဒိုင်ဦးစိုးမြင့်ရဲ့ငွေတွေ။ သူ့ကြောင့် ကျွန်တော့်မိ
သားစု ဒုက္ခရောက်နေရပြီ။ ကျွန်တော်ပြောတာ ယုံပါ မမြင့်ကြည်။ ကျုပ်ဆီက ခင်ဗျားချေးထားတဲ့ နှစ်ထောင်လည်း ပြန်မ
ဆပ်ပါနဲ့တော့ ”
ဖိုးခွေးပြောနေသည့်စကားများကို နားထောင်ရင်း မမြင့်မြင့်ကြည် ကြက်သီးမွေးညင်းများ ထလာလေသည်။ ကိုပီလီ
ထံမှ ငွေနှစ်ထောင် ချေးခဲ့သည့်ကိစ္စကို မည်သူမျှမသိပါ။ ဖိုးခွေးပြောဆိုနေသည့်လေယူလေသိမ်းနှင့် အခေါ်အဝေါ်သည် ကိုပီ
လီ၏ လေယူလေသိမ်းနှင့် အခေါ်အဝေါ်ဖြစ်နေသည်။
“ ကျွန်တော့်ကို ကူညီပါဗျာ။ ငွေတွေကို ဖိုးခွေးဘယ်မှာဝှက်ထားသလဲဆိုတာ ကျွန်တော်မသိဘူး။ ငွေတွေပြန်တွေ့ရင် ဦးမြင့်
စိုးကို ပြန်ပေးလိုက်ပါ။ လက်စွပ်ကိုတော့ ကျွန်တော့်မိန်းမကို ပေးလိုက်ပါ။ ဆွဲကြိုးကိုရောင်းပြီး ကျွန်တော့်အတွက် အလှူ
လုပ်ပေးပါ။ ကျွန်တော့်ကို စာရွက်နဲ့ခဲတံဖြစ်ဖြစ် ဘောလ်ပင်ဖြစ်ဖြစ်ပေးပါ။ အခုပြောခဲ့တာတွေကို စာနဲ့ရေးပေးပါ့မယ်။ အဲဒီ
စာကို ဥက္ကဌရဲ့လက်ထဲ ရောက်အောင်ပေးပါ။ ခင်ဗျားရဲ့အိမ်ထဲကို ကျွန်တော်ဝင်လိုံမရဘူး။ စာရွက်နဲ့ ရေးစရာ တစ်ခုခုသာ
ယူလာပေးပါ ”
မမြင့်မြင့်ကြည်က ခေါင်းညိမ့်ပြလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်သွားလေတော့သည်။
*******************
“ မယုံလို့မရဘူး မြင့်မြင့်ကြည်။ ဖိုးခွေးက သေစာရှင်စာတောင် ရေးတတ်တဲ့ကောင်မဟုတ်ဘူး။ ဒီစာထဲမှာ အိတ်ထဲက ပိုက်
ဆံအရေအတွက်ကိုလည်း အသေအချာရေးထားတယ်။ ဆွဲကြိုးနဲ့လက်စွပ်ပုံစံရော၊ အလေးချိန်ရော အတိအကျရေးထား
တယ်။ လက်မှတ်ကလည်း ပီလီရဲ့လက်မှတ်ဟ ”
“ ကျွန်မလည်း ကြောက်တာပဲသိတော့တယ် အဘရယ် ”
“ တင်ထွေးရေ….ဘဲဒိုင်ကိုမြင့်စိုးကို စာရေးပေးလိုက်မယ်။ အဖော်တစ်ယောက်ယောက်ခေါ်ပြီး အမြန်သွားပို့ပေးစမ်းကွာ ”
“ ရွှေဝါထွန်းနဲ့ လိုက်သွားရမှာလား အဘ ”
“ ချောင်းဝ ဥက္ကဌကိုသိန်းနိုင်ကို ငါကအကူအညီတောင်းတယ်လို့ပြောပြီး ပဲ့ထောင်တစ်စီးခေါ်သွားကွာ ”
“ ဟုတ်ကဲ့ အဘ ”
“ ကျော်မင်းတို့က ဖိုးခွေးအိမ်ကိုသွားဖို့ ငါနဲ့လိုက်ခဲ့ကြ ”
“ ဟုတ်ကဲ့ အဘ ”
*******************
ကျေးရွာဥက္ကဌ ဦးဖေစိုးတို့ ဖိုးခွေး၏အိမ်သို့ရောက်သည့်အခါ ဖိုးခွေးကို မတွေ့ရပေ။ ဖိုးခွေး၏မိခင်ကိုမေးမြန်းကြည့်
သည့်အခါမနက်အိပ်ရာထကတည်းက မတွေ့မိကြောင်းပြောပြလေသည်။ ရွာအနှံ့နှင့် ချောင်းရိုးတစ်လျှောက် ရှာဖွေကြသော်
လည်း ဖိုးခွေး၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ကြပေ။ ထိုနေ့ နေ့လည်အချိန်တွင် ဘဲဒိုင်ဦးမြင့်စိုးနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ
ရောက်လာကြပြီး ဖိုးခွေးကို ရှာဖွေကြပြန်သည်။ ဖိုးခွေးကို သုံးရက်တိုင်တိုင် ရှာမတွေ့သဖြင့် ဘဲဒိုင်ဦးမြင့်စိုးက ဖိုးခွေးကိုဖမ်း
ဆီးပေးနိုင်သူအား ဆုငွေ ငါးသောင်းချီးမြှင့်မည်ဟု ဆုငွေထုတ်လေတော့သည်။
ဆုငွေထုတ်ထားသည့်တိုင် ဖိုးခွေး၏ သတင်းအစအနကိုပင် မကြားရသဖြင့် ဖိုးခွေးတစ်ယောက် ငွေထုပ်ပိုက်ကာ အခြား
တစ်နေရာသို့ တိမ်းရှောင်သွားသည်ဟု အားလုံးက ထင်မြင်ခဲ့ကြသည်။ သို့ပါသော်လည်း ဖိုးခွေးပျောက်ဆုံးပြီး ငါးရက်တင်း
တင်းပြည့်မြောက်သည့်နေ့တွင် ကိုပီလီ၏အလောင်းတွေ့ရှိခဲ့သည့်နေရာ၌ အရင်းမှပြတ်နေသည့် လူတစ်ယောက်၏လက်တစ်
ဖက်ကို တွေ့ရှိခဲ့ကြလေသည်။ ထိုလက်တစ်ဖက်၏ လက်ဖျံပေါ်တွင် ဆေးမင်ကြောင်ဖြင့်ရေးထိုးထားသည့် ‘ သတ္တိ ’ စာ
လုံးကို မြင်တွေ့လိုက်ကြသည့်အခါ ဖိုးခွေး၏လက်ဖြစ်ကြောင်း တစ်ရွာလုံးက ထောက်ခံခဲ့ကြလေသည်။
ဖိုးခွေးတစ်ယောက် မည်သို့မည်ပုံ သေဆုံးခဲ့သည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မသိကြသလို ပျောက်ဆုံးနေသည့်
ငွေထုပ်နှင့် ကိုပီလီ၏ လက်ဝတ်လက်စားများကိုလည်း ရှာမတွေ့ခဲ့ကြပေ။ ဖိုးခွေး၏မိခင်က ဖိုးခွေးသေဆုံးသွားခဲ့သည်ကို
မယုံကြည်ခဲ့ပေ။ ဖိုးခွေး၏ လက်တစ်ဖက်တွေ့ရှိပြီး သုံးရက်မြောက်နေ့တွင် ချောင်းဝရွာအနီးမှ ချောင်းကမ်းစပ်၌ မိကျောင်း
တစ်ကောင် ပက်လက်လန်ပြီးသေဆုံးနေသဖြင့် အရေခွံလိုချင်သူများက သယ်ယူပြီး ဝမ်းဗိုက်ကိုခွဲလိုက်သည့်အခါ ဝမ်းဗိုက်
အတွင်းမှ ရိရွဲပုပ်ပွနေသည့် လူတစ်ယောက်၏ခန္တာကိုယ်အပိုင်းအစများနှင့် စုတ်ပြဲနေသည့် ပုဆိုးကို မြင်တွေ့လိုက်ရလေ
သည်။ ထိုပုဆိုးသည် ဖိုးခွေးပျောက်ဆုံးမည့်ညက ဝတ်ဆင်ခဲ့သည့်ပုဆိုးဖြစ်ကြောင်း ဖိုးခွေး၏မိခင်ကိုယ်တိုင် ဝန်ခံခဲ့လေ
တော့သည်။
ဖိုးခွေးသည် မိကျောင်းအကိုက်ခံရပြီးသေဆုံးသွားခဲ့သည်မှာ သေချာသွားပြီဖြစ်သော်လည်း ငွေအိတ်နှင့် ကိုပီလီ၏ လက်
ဝတ်လက်စားများကိုလည်း ရှာမတွေ့သေးသောကြောင့် ဦးမြင့်စိုးက အမှုမပိတ်သိမ်းပေးပေ။ သေဆုံးသွားသည့်တိုင် သံသယ
တရားခံအဖြစ်ရှိနေသည့် ဖိုးခွေးသည် မိခင်ဖြစ်သူကို အိပ်မက်ပေးကာ ကိုပီလီကို သတ်ခဲ့သည့်အချိန်မှစပြီး သူ မည်သို့မည်ပုံ
သေဆုံးခဲ့ကြောင်း ပြောပြခဲ့သလို ငွေအိတ်နှင့်လက်ဝတ်လက်စားဝှက်ထားသည့်နေရာကိုပါ ပြောပြခဲ့လေသည်။ ဖိုးခွေး၏မိ
ခင်က ကျေးရွာ ဥက္ကဌအား အိပ်မက်အကြောင်းအသိပေးပြီး ဖိုးခွေးပြောသည့်အတိုင်း အိမ်နောက်ဘက်မှ စဉ့်အိုးကိုဖယ်၍
တူးဆွကြည့်ကြသည့်အခါ ငွေအိတ်နှင့်အတူ ကိုပီလီ၏ လက်ဝတ်လက်စားများကို တွေ့ရလေတော့သည်။
“ အနိဋ္ဌဖလဆိုတဲ့ မကောင်းတဲ့အကျိုးဟာ အခုဘဝမှာရော နောင်သံသရာဘဝမှာပါ ကောင်းကျိုးမပေးဘူးဗျ။ သူတစ်ပါး
ပစ္စည်းကို ခိုးယူတာက အဒိန္နကံကျူးလွန်တာ။ ဖိုးခွေးက သူတစ်ပါးအသက်ကိုပါသတ်ပြီး ပစ္စည်းပါယူတာဆိုတော့ ပါဏာတိ
ပါတကံကိုပါ ကျူးလွန်မိပြီ။ ကမ္မဖလ ကံကံ၏အကျိုးအတိုင်းခံရတာပေါ့ ကိုသိန်းနိုင်ရယ် ”
“ ကိုဖေစိုးပြောတာ မှန်ပါတယ်။ သူ့မိန်းမနဲ့ ကလေးတွေဒုက္ခရောက်ကုန်တော့ ပီလီကလည်း ဘယ်ကျေနပ်ပါ့မလဲဗျာ ”
“ ဒီလိုအဖြစ်မျိုးဆိုတာ ကိုယ်တိုင်မကြုံဖူးရင် ယုံဖို့သိပ်မလွယ်ဘူးဗျ။ ပီလီက ဖိုးခွေးရဲ့ ခန္တာကိုယ်ထဲကိုဝင်ပြီး မြင့်မြင့်ကြည်
ကိုသွားတွေ့တယ်။ သူအသတ်ခံရတဲ့အကြောင်းကို လုံးစေ့ပတ်စေ့ပြောပြပြီး ကျွန်တော်တို့ကိုပါ စာနဲ့အသိပေးခဲ့တယ်။ အကုန်
လုံး လုပ်ပြီးတာနဲ့ ချောင်းထဲခုန်ချသွားတယ် ”
“ သဘောကတော့ ဖိုးခွေးကို သတ်ဖို့ပေါ့ ”
“ ဟုတ်တယ် ကိုသိန်းနိုင်။ ဖိုးခွေးရဲ့ဝိညာဉ်က တစ်နေရာ၊ ခန္တာကိုယ်ကို ဝင်စီးထားတာက ပီလီဆိုတော့ ပီလီလုပ်သမျှ ဖိုးခွေး
ခံရတာပေါ့။ ပီလီ ချောင်းထဲခုန်ချတာကို ဖိုးခွေးမြင်ပေမယ့် ဘာမှမတတ်နိုင်ဘူးဆိုတယ်။ သူ့ခန္တာကိုယ်ကို မိကျောင်းကိုက်
နေတာကိုလည်း ဘာမှမတတ်နိုင်ဘူး။ သူသေသွားပြီးမှ မိကျောင်းကို ပြန်သတ်ခဲ့တယ် ”
“ ခက်တာက ဖိုးခွေးရဲ့အမေ မအေးတင်ပြောပြတာကိုပဲ အမှန်ယူနေရတာ။ ဟုတ်တယ် မဟုတ်ဘူးဆိုတာ နတ်ကောင်းနတ်
မြတ်တွေပဲ သိလိမ့်မယ် ကိုဖေစိုးရေ ”
“ ကိုသိန်းနိုင်ပြောတာ လက်ခံပါတယ်။ ဒါပေမဲ့ သူဝှက်ထားတဲ့ ငွေအိတ်နေရာကို အတိအကျပြောပြတယ်လေဗျာ ”
“ တော်ရုံလူဆိုရင်တော့ ယုံကြမှာမဟုတ်ဘူးဗျာ။ မအေးတင်ကိုပဲ သနားမိတယ်။ ဖိုးခွေးကိုပဲ အားကိုးနေရရှာတာ။ ဖိုးခွေး
မရှိတော့ စားရေးသောက်ရေး ဘယ်လိုလုပ်မလဲဗျာ ”
“ ကိုမြင့်စိုးက မအေးတင်အတွက် တစ်သိန်းကျော်ပေးမယ်ဆိုလား ကြားမိတယ်။ ပေးတယ်ဆိုရင်တော့ ကျွန်တော်တို့ပဲ စီ
စဉ်ပေးရမှာပေါ့ဗျာ။ ကိုယ့်ရွာသူ ရွာသားဆိုတော့လည်း ပစ်ထားလို့မှ မရတာ ”
“ အတော်မိုက်တဲ့ ဖိုးခွေးဗျာ ”
“ လောဘစေတသိက်ဆိုတာ အင်မတန်ကြောက်ဖို့ကောင်းတယ်ဗျ။ လောဘစေတသိက်ကိုအခြေခံပြီးမှ ဒေါသစေတသိက်နဲ့
မောဟစေတသိက်က ကပ်ပြီးလိုက်လာကြတာ ”
“ ဒါနဲ့…. ဖိုးခွေးရဲ့လှေကို ဘယ်လိုလုပ်ကြမလဲ ”
“ ခင်ဗျားလည်း ကြားပြီးပြီထင်တယ် ”
“ ညဆို ချောင်းထဲမှာ အစုန်အဆန်သွားနေတယ်ဆိုတာ ကြားတာပေါ့ဗျာ ”
“ အဲဒီလှေကို မနက်ဖြန်ကျရင် ဖျက်ပြီး မီးရှို့လိုက်ပါ့မယ်။ လှေဖိုးကိုတော့ ကျွန်တော်တို့ပဲ စုပေါင်းစပ်ပေါင်းပေးရမှာပေါ့ဗျာ ”
“ မအေးတင်ကရော လက်ခံရဲ့လား ”
“ လက်မခံလို့မှမရတာဗျာ ”
“ ကောင်းပါတယ်ဗျာ။ လုပ်သင့်တာလုပ်တာပဲ။ ဖိုးခွေးသာ မိုက်လုံးမကြီးခဲ့ရင် အားလုံး အေးအေးချမ်းချမ်းနေရမှာ ”
“ အကုသိုလ်ကံကြုံမယ့်အချိန်ရောက်လာတော့လည်း ပီလီရော ဖိုးခွေးပါ မရှောင်လွဲနိုင်ကြတော့ဘူး။ နှစ်ယောက်စလုံးက
ပြုခဲ့တဲ့ကံအတိုင်း အနိဋ္ဌဖလဆိုတဲ့ မကောင်းမှုအကျိုးကို ခံစားသွားကြရတာပေါ့ဗျာ ”
“ နောင်လာနောင်သားတွေအတွက်တော့ မှတ်သားစရာ ဇာတ်လမ်းတစ်ပုဒ်ပေါ့ ”
“ အမှန်ပဲဗျာ ”
*******************
( ပြီးပါပြီ )
ကောင်းကျိုးကိုယ်၌တည်ကြပါစေ
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။