လူဝင်စားလေး မိခိုင်( စ- ဆုံး)
lotaya.mpt.com.mm
|
2019-11-20

လူဝင်စားလေး မိခိုင်( စ- ဆုံး)
အခန်း(၁)


“စီးပွားရေးရယ်..ကြီးပွားရေးရယ်..သမီးရည်းစားအရေးလည်း အောင်ပါစေ..ကမ္ဘာတစ် ဝှမ်းမှာ လှူတန်းမယ့်သူတွေ အောင်ပါစေ” 
ဝင်လုလုဆဲလိမ်မော်ရောင်နေဝန်းကြီးနဲ့ ငွေရောင်လှိုင်းကြပ်ခွပ်တွေ တလက်လက်ထ နေတဲ့ လိမ်မာကန်ကြီးထဲက ရေပြင်ကြီးရယ်က ညနေဆည်းဆာတစ်ခုကို ပနံတင့်နေ စေ ပါတယ်။
လိမ်မာကန်ကျေးရွာဆိုတာ ရွာထိပ်မှာရှိတဲ့လိမ်မာကန် ကြီးကို အစွဲပြုပြီးဖြစ်ပေါ်လာ တာပါ။ လိမ်မာကန်ရွာသား ကိုဖိုးဆင်တစ်ယောက် ညနေစောင်းပြီဆိုတာနဲ့ မြင်းညိုကြီး ကို စီးပြီး ရွှေမန်းတင်မောင်ရဲ့ “အောင်ပါ စေ”သီချင်းကို အသံဝါကြီးနဲ့ ဆိုလို့ ပြန်လာ တတ်တာ သူ့ရဲ့ နေ့စဉ်ဘဝပြယုဂ်တစ်ခုပင်..။
ကိုဖိုးဆင်မှာသားသမီးသုံးယောက်ရှိပြီး ဇနီးသည်နဲ့ အတူနေထိုင်ပါတယ်။ တောသူ တောင် သားပေမို့ လယ်အလုပ်ကိုင်းအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်ကြပေ မယ့် ကိုဖိုးဆင်ရဲ့ မလုပ်ရမနေနိုင်ဆုံးအလုပ်တစ်ခုကတော့ ရွာတကာလှည့်ပြီး ကြက် တိုက်တာပဲ ဖြစ်ပါတယ်။
ကြက်တိုက်တာက လောင်းကစားအလုပ်တစ်ခုဖြစ်တဲ့အတွက် ဇနီးသည်ကော မိဘဆွေ မျိုးတွေကပါ ဝိုင်းဝန်းတားမြစ်ကြပေမယ့်လည်း ကိုဖိုးဆင်ကတော့ ရှေ့တင် ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ်ပြီး ကွယ်ရာမှာတော့ ပြန်မပြောနားမထောင်လုပ်မြဲ လုပ်ဆဲပဲ ဖြစ်ပါတယ်။
ကြက်တိုက်ပြီး အရက်လေးတမြမြလုပ်ပေမယ့် ကိုဖိုးဆင်ရဲ့ ကောင်းကွက်တစ်ခုက တော့ နေ့စဉ်မှန်မှန်ဘုရားရှိခိုး၊ ပုတီးစိပ်လုပ်တာပဲဖြစ်ပါတယ်။ ကိုဖိုးဆင်မို့ ပရိတ်ရွတ် ဘုရားရှိခိုးလုပ်ပြီဆိုရင် ဘေးအိမ်နီးနားချင်းတွေက ငြိမ်ပြီးနားထောင်ရတဲ့အထိကို ကောင်းလွန်းလှတယ်လို့လည်းပြောပြကြပါတယ်။
ဒီလိုနဲ့ပဲ ကိုဖိုးဆင်ဟာ လယ်ယာလုပ်ငန်းကိုလုပ်လိုက်၊ အားတဲ့အချိန်မှာ ကြက်တိုက် လိုက်နဲ့ နေလာလိုက်တာ မကြာခင်မှာပဲအသက်ငါးဆယ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကိုဖိုးဆင်တစ်ယောက် အခြားရွာမှာ ကြက်တိုက်ပြီး ထုံးစံအတိုင်း အရက်လေး တမြမြနဲ့ ပြန်လာခဲ့ပါတယ်။ လိမ်မာကန်ကြီးနားလည်းရောက်ရော ရေသောက်ချင်လို့ဆိုပြီး မြင်းပေါ်ကဆင်းလိုက်ပါတယ်။
“ဖေ့သားကြီးရေ..ဖေ ရေသောက်လိုက်ဦးမယ်ကွာ…။ မင်းကောသောက်ဦးမလား။ လာလာရေလာသောက်သား” ပါးစပ်ကလည်းပြောပြောဆိုဆိုနဲ့ မြင်းဇက်ကြိုးကိုဆွဲ လို့ ရေတိုက်လိုက်ပါတယ်။ ပြီးတော့ ခဏမြင်းကိုရပ်ထားလိုက်ပြီး သူလဲ ရေကြည်လေး တွေကို လက်နဲ့ ခပ်သောက်လိုက်ပါတယ်။
အဲဒီနောက်မှာတော့ သူမြင်းပေါ်ကိုတက်ဖို့ မြင်းနားကို အလာမှာပဲ စီးနေကြမြင်းညိုကြီး က ဘာကို တွေ့ပြီးလန့်သွားတယ်ရယ်မသိပဲ သူ့ကိုဆောင့်ကန်လိုက်ပါတော့တယ်။ ကိုဖိုးဆင်တစ်ယောက် မြင်းကန်ခံရတဲ့နေရာကလဲ အရှိုက်တည့်တည့်ကိုဖြစ်လို့ အသံ တောင်မှ မထွက်နိုင်ပဲ နေရာမှာတင် အသက်ပျောက်သွားပါတော့တယ်။
အခန်း(၂)
“အူဝဲ အူဝဲ…အူဝဲ”
“မွေးပြီလားဟေ့…ဘာလေးလဲ”
“မိန်းကလေးတော့..တစ်တုံးတစ်ခဲ ဖြူဖြူဖွေးဖွေးကြီး ချစ်စရာကြီးပါတော်”
ကိုဆန်းဦးတစ်ယောက် သမီးလေးဆိုလို့ ထခုန်မိမတတ်ဝမ်းသာသွားပါတယ်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ်ချစ်မှာချည်းပဲဖြစ်ပေမယ့်လဲ ကိုဆန်းဦးက တော့ မိန်းကလေးပဲ ပိုဖြစ်စေချင်တာပါ။ စိတ်ကူးယဉ်တာတောင် သမီးလေးပဲ ခဏခဏ စိတ်ကူးယဉ်နေရတာအမော ဖြစ်နေတာကိုး။
ကိုဆန်းဦးရဲ့ ဇနီးသည် မလေးမြင့်ကတော့ အနှီးထုပ်ထဲက သမီးလေးကိုကြည့်ပြီး သူညစဉ်မက်ခဲ့တဲ့ အိပ်မက်တွေကို ပြန်စဉ်းစားမိနေပါတယ်။ သမီးလေးကို ကိုယ်ဝန် စဆောင်ကတည်းက မက်လိုက်တဲ့ အိပ်မက်တွေဟာ သမီးလေးမွေးမယ့် မနက်ဖြန်လို ဆိုရင် ဒီနေ့အထိကို ပုံစံဆင်တူတွေ မက်တာပါ။
မလေးမြင့်တစ်ယောက် အိပ်မက်မက်တဲ့ ပုံစံကတော့ အမြဲတမ်း အိပ်မက်ထဲမှာ ညနေ စောင်းနေဝင်ရီတရောအချိန်ကိုမက်ပါတယ်။ ပြီးတော့ မြင်းညိုကြီးတစ်ကောင်က တလင်းဝိုင်းထဲကို ဝင်လာပါတယ်။ မြင်းရဲ့ အမြှီးကိုဆွဲလာတဲ့လူလိုလိုသရဲလိုလိုအ ကောင်တစ်ကောင်က 
“အမေရယ်..ကျွန်တော့်ကို အမေ့ဆီမှာ နေခွင့်ပေးပါ..အတိတ်က မလိမ်မာခဲ့တာတွေကို အတိုးချပြီး လိမ်မာချင်လွန်းလို့ပါအမေရယ်..ကျွန်တော့်ကို နေခွင့်ပေးပါနော်” ဆိုပြီး အသည်းအသန်အော်နေတာကို ကြားနေရတယ်လို့ မက်တာပါ။
အိပ်မက်မက်တိုင်း မြင်းညိုကြီးရယ်..လူလုံးမကွဲတဲ့ ယောက်ျားတစ်ယောက်အသံရယ် ကို အမြဲတမ်းကြားနေရတော့ ကိုဆန်းဦးကိုလည်းခဏခဏပြောဖြစ်ပါတယ်။ ဒါကြောင့် မွေးလာမယ့်ကလေးဟာ ယောက်ျားလေးဖြစ်ရမယ်လို့ မလေးမြင့်က တစ်ထစ်ချမှတ်ယူ ထားပါတယ်။
“ကိုဆန်းဦးရယ်..ကျွန်မကတော့ အဲဒီအိပ်မက်ကြီးကိုကြောက်လိုက်တာ..လူဆိုရင် လည်းလူနဲ့တူရမှာပေါ့..အခုတော့ ဘယ်လို မည်းမည်းအကောင်ကြီးမှန်းကိုမသိဘူး။ တော်ကြာနေ ကျုပ်တို့ကလေးက မလှမပ ကြီးမွေးနေမှာ အလွန်စိတ်ပူမိတယ်တော်”
“မိန်းမကလည်းဟာ..ညီးအိပ်မက်မက်တာနဲ့ပဲကလေးက ရုပ်ဆိုးကြီးဖြစ်ရရောလား။ ကလေးပါဆိုမှ ကလေးရုပ်တော့ထွက်မှာပဲ။ ညီးလဲ ဘုရားတရားလိုက်စားတာပဲဟာ၊ သေချာလေး ရှိခိုးကန်တော့၊ ဆုတောင်းပေါ့ဟ..ငါကတော့ မိန်းကလေးပဲလိုချင်တာ”
ဒီလိုနဲ့ပဲ မမွေးခင်အချိန်အထိ လင်မယားနှစ်ယောက်လုံး ဘုရားတရားနဲ့ သာ အချိန်ကုန် ခဲ့ ပါတယ်။ မွေးလာတော့လဲ ၀၀ကစ်ကစ်ချစ်စရာသမီးလေးကို မွေးဖွားခဲ့တာမို့ လင်မယား နှစ်ယောက်လုံးက ဝမ်းသာနေပါတယ်။ သမီးလေးရဲ့ ရင်ညွှန့်နေရာမှာတော့ မြင်းခွာပုံစံ ချိုင့်ဝင်နေတဲ့အမှတ်မည်းမည်းကြီးပါလာပါတယ်။
သမီးလေးက လိမ်မာပြီးချစ်စရာလည်း အတော်ကောင်းပါတယ်။ ဒါပေမယ့် သူစကားစ ပြောတတ်တဲ့အချိန်မှာတော့ သူ့ကိုယ်သူ ငါ့နာမည် ဖိုးဆင်လို့ ခဏခဏ ပြောပါတယ်။ ခိုင်ခိုင်မြင့်လို့ နာမည်ပေးထားပေမယ့်လည်း တောရွာဓလေ့အရ မိခိုင်ဆိုတဲ့ နာမည်လေးပဲ အမည်တွင်နေပါတယ်။


နောက်ပိုင်းမှာ အသက်ငါးနှစ်လောက်အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ ဘ၀ ဟောင်းက အကြောင်းတွေကို သူကပဲ ပုံပြင်သဖွယ်ပြန်ပြောပြလာပါတော့တယ်။
“သမီးက အရင်ဘဝတုန်းက ဖိုးဆင်လို့ခေါ်တယ်။ လိမ်မာကန်ရွာသား..အဲဒီမှာ သား သမီးတွေ ကျန်ခဲ့တယ်”
“ဟုတ်လား..သမီးလေးကဘယ်လိုမျိုးသေခဲ့ရတာလဲ”
“လိမ်မာကန်ဘောင်ပေါ်မှာပဲ မြင်းညိုကြီးကန်ခံရလို့သေခဲ့တာလေ”
လိမ်မာကန်ရွာဆိုတာ ကိုဆန်းဦးတို့ရွာနဲ့ဆိုရင် သုံးရွာကျော်ကျော်လောက်ဝေးပါတယ်။ ဒီတော့ ကိုဆန်းဦးက သွားရောက်စုံစမ်းတဲ့အခါ တကယ်ပဲ ဖိုးဆင်ဆိုတာရှိပြီး မြင်းကန် ခံရလို့ သေခဲ့ရတာဆိုတာကို သိလာရပါတယ်။
တစ်နေ့မှာတော့ သမီးလေးက ခြံဝိုင်းထဲမှာဆော့ကစားနေရင်း သူတို့ရွာရဲ့ နှစ်ခြံကျော် ကို အိမ်ပြောင်းလာတဲ့ လှည်းတွေကိုကြည့်နေပါတယ်။ ပြီးတာနဲ့ အဲဒီလှည်းပေါ်က လူ တွေကို နာမည်တွေတန်းစီအော်ခေါ်ပါတော့တယ်။ သူ့အမေဆီကိုလည်း အတင်းပြေး လာရင်း နဲ့
“မေမေရေ… သမီးရဲ့ သားသမီးတွေ အိမ်ပြောင်းလာပြီ..သမီးရဲ့ကလေးတွေ သမီးတို့ ရွာကို အိမ်ပြောင်းလာပြီ” ဆိုပြီး အဆက်မပြတ်အော်ဟစ်ခေါ်နေပါတော့တယ်။
“ဟေးတင်သိန်းတို့တင်ဟိန်းတို့ ငါ့ကိုမှတ်မိကြလား…ငါဖိုးဆင်လေကွာ”
လှည်းပေါ်က လူကြီးတွေဟာ ချက်ချင်းကိုခုန်ဆင်းလာကြပြီး ကလေးနားကို ကပ်လာ ပါတယ်။ ဒီတော့မလေးမြင့်က ထွက်ခေါ်ပြီး အိမ်မှာပဲ လက်ဖက်ရည်တိုက်ပြီး ဧည့်ခံ စကားတွေ ပြောရပါတော့တယ်။
“အစ်မကြီး..ဒီကကလေးလေးက ကျွန်တော်တို့ အဖေဝင်စားတဲ့ ကလေးလေးဖြစ်မယ် ဆိုတာ အရင်ကတည်းကသိပါတယ်။ သိလို့လည်း ကျွန်တော်တို့ နီးနီးနားနားနေရ အောင် အိမ်ပြောင်းလာတာ။။ ဟိုအရင်ကတည်းက သတင်းတွေကြားနေတာ။ အဖေ ဝင်စားတဲ့ကလေးလေးနဲ့ လည်း တကယ့်ကိုနီးနီးကပ်ကပ်နေချင်တာပါ”
မိခိုင်လေးကလည်း သားတွေကို ဦးဖိုးဆင်နဲ့ သူ့သားတွေပဲ သိတဲ့ အကြောင်းအရာ တွေကိုဒက်ထိမှန်အောင်ပြောနိုင်တာမို့ မိခိုင်လေးဟာ သူ့အိမ်မှာ တစ်လှည့်၊ သူ့သား သမီးတွေအိမ်မှာတလှည့်ဆိုသလိုနေထိုင်စားသောက်ပြီး နေပါတယ်။
တစ်နေ့တော့ မိခိုင်လေးကို သူ့အမေက မေးပါတယ်။
“သမီးလေး.. ညီးက ဖိုးဆင်ဆိုရင် ဘာလို့ မိန်းကလေးအဖြစ်နဲ့ ပြန်ဝင်စားတာလဲ.. ပြီးတော့ အမေအိပ်မက် မက်တုန်းကလည်း လူလို ထင်ထင်ရှားရှားမပြပဲ ဘာလို့ မဲမဲ တုန်းတုန်း ပုံစံကြီးပြရတာလဲ”
“အမေကလည်း အဲဒီအချိန်တုန်းက ကျုပ်ကသရဲဖြစ်နေတာလေ”
မိခိုင်စကားကြောင့်နားထောင်နေတဲ့လူတွေ အားလုံးက စိတ်ဝင်စားသွားကြပါ တော့တယ်။ မိခိုင်တစ်ဖြစ်လဲ ဦးဖိုးဆင်ဟာ မြင်းကန်ခံလိုက်ရတဲ့ အတွက် နာကျင်မှု ဝေဒနာကို အထွဋ်အထိပ်ခံစားနေရချိန်မှာ ဘုရားတရားကို ရုတ်တရက် သတိမရနိုင် တော့ပဲ မြင်းညိုကြီးကို တအားစိတ်တိုသွားပါတယ်။
ဒီစိတ်နဲ့ သေသွားတဲ့အခါမှာတော့ ချက်ချင်းဆိုသလို ဝိဉာဉ်ခွာပြီးတဲ့နောက် မြင်းညိုကြီး ရဲ့ အမြှီးကိုဆွဲလို့ မြင်းညိုကြီးသွားရာနေရာကို လိုက်ပါနေရပါတယ်။
အိမ်သူအိမ်သားတွေက ဦးဖိုးဆင်မပါပဲ မြင်းညိုကြီးပြန်လာတဲ့အခါမှာ လိုက်ရှာကြပါ တယ်။ ကန်ဘောင်မှာ အသက်ပျောက်နေတဲ့ ဦးဖိုးဆင်ကိုတွေ့လိုက်ကြရပါတော့တယ်။ မြင်းညိုကြီးနဲ့ လိုက်လာတဲ့ဦးဖိုးဆင်ဟာ အိမ်ဝိုင်းဝအရောက်မှာ တစ်စုံတစ်ခုရဲ့ တွန်း ကန်အားကြောင့် မြင်းဆီကနေ လွှင့်ထွက်သွားပါတယ်။
ကြည့်လိုက်တော့ အင်္ကျ ီ အဖြူဝတ်ထားတဲ့အဖိုးတစ်ဦးက ဝင်ခွင့်မပြုဘူးဖြစ်နေတာပါ။ ဒါကြောင့် အဖိုးကို စကားပြောလိုက်ပါတယ်။
“အဖိုးကျွန်တော့်ကို ဝင်ခွင့်ပြုပါ”
“လူကလေး..မင်းကသေလွန်ပြီးသားဖြစ်နေပြီ..ဒါကြောင့် မင်းအိမ်ထဲကိုဝင်လို့ မရတော့ ဘူး”
“ကျွန်တော်ဘယ်သွားရမှန်းလဲ မသိဘူးအဖိုးရယ်။ ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့် အဖြစ်ကိုကယ်ပါဦး..ကျွန်တော်ဘုရားလည်းမရှိခိုးရတော့ဘူးလား အဖိုး”
“အေးလူလေး..လူလေးဟာ ကုသိုလ်ကောင်းမှုတွေရှိခဲ့ပါတယ်။ နေ့စဉ်ဘုရားရှိခိုးခဲ့တဲ့ ကုသိုလ်ကံတွေလည်းရှိတာမို့ အခုလို ပရလောက ကိုရောက်နေတာတောင် ဘုရား ရှိ ခိုးဖို့ မမေ့နိုင်လို့ မင်းကိုနေရာပေးမယ်။ ခြံဝန်းထဲက ပေါက်ပင်မှာနေပေတော့”
ကံကောင်းလို့နေရာလေးရပြီဆိုတော့လဲ အဖိုးပြောသလို ဘုရားတရားသံနားထောင် ပြီး နေနိုင်တာမို့ သူအေးအေးချမ်းချမ်းပဲနေပါတယ်။ ကုသိုလ်ကံအားကောင်းပြီးသားမို့ တခြား တစ္ဆေကြီးတွေရဲ့ ရိုက်နှက်နှိပ်စက်မှုတွေ ခံရတာမျိုးလည်းမရှိပါဘူး။
အိမ်က သူ့အတွက်ရည်စူးပြီး လုပ်ပေးတဲ့ကုသိုလ်ကောင်းမှုတွေကိုလည်း ရနေတာ မို့ သူနေရတာအေးချမ်းပါတယ်။ ဒါပေမယ့် သူဟာ လူပုံစံပီပီပြင်ပြင်မဖြစ်ပဲ တကိုယ်လုံး ကိုမည်းတူးနေတာကို သူ့ကိုယ်သူနားမလည်ဖြစ်နေပါတယ်။
ဒါကြောင့် အဖိုးကို မေးကြည့်လိုက်ပါတယ်။
“အဖိုးခင်မျာ..ကျွန်တော်က ဘာကြောင့်လူပုံစံမဖြစ်တာပါလဲ။ တခြားသရဲတွေလည်း လူပုံစံရှိတာ ကျွန်တော်မြင်နေပါတယ်။ ဘာကြောင့် ကျွန်တော်က အခုလို မည်းမည်း တူးတူးဖြစ်နေရတာပါလဲ”
“လူလေးဟာ ကုသိုလ်၊ အကုသိုလ်ယှဉ်တွဲပြီး အကုသိုလ်ဖက်ကို မဆိုသလောက်လေး အလေးပါလို့ပါ။ လူ့ဘဝတုန်းက နေ့စဉ်ဘုရားရှိခိုးပရိတ်ရွတ်ပေမယ့် တဖက်ကလည်း ကြက်တိုက်တဲ့အကုသိုလ်အလုပ်ကို ခုံခုံမင်မင်လုပ်ခဲ့တာကိုး။ နောက်ပြီးသေပြီးပြီးချင်း မှာလည်း ဒေါသနဲ့ သေတဲ့အတွက် သရဲဘဝကို ချက်ချင်းရောက်တာပါ။ ဒါပေမယ့် ဘုရားတရားလုပ်ပြီး ပရိတ်ရွတ်တဲ့ကုသိုလ်ကံကြောင့် သရဲဘဝရောက်ပေမယ့်  မင်းမှာ ဆာလောင်ခြင်းဝဋ်ဒုက္ခတွေ မရှိဘူးပဲ”
“ကျွန်တော်ဒီဘဝမှာ ဘယ်လောက်များကြာကြာနေရဦးမလဲ အဖိုးရယ်”
“ဒါကတော့ မင်းနဲ့ပဲ ဆိုင်တဲ့အတွက် အဖိုးလည်း မသိပါဘူးကွယ်”
သရဲ ဘဝနဲ့ပဲ ဦးဖိုးဆင်ဟာရှိနေစဉ်မှာ ရွာဦးကျောင်းဆရာတော်နဲ့ ကိုရင်တွေ တန်းဆွမ်း ကြွလာတဲ့အခါမှာ အိမ်သားတွေကို ဆွမ်းချက်ဖို့ နှိုးပေးတာတို့၊ ဆရာတော်လမ်း ကောင်းကောင်းလျှောက်နိုင်ဖို့ ခဲလုံးတွေ ဖယ်ပေးတာတို့၊ ခွေးတွေကိုမောင်းပေးတာမျိုး တို့ တွေလုပ်ပါတယ်။
တစ်နေ့တော့ ဖိုးဆင်တစ်ယောက် ပေါက်ပင်ပေါ်မှာ အိပ်ပျော်နေစဉ်မှာပဲ အောက်ကို ဗြုန်းဆို ပြုတ်ကျသွားပါတယ်။ သူကျသွားတာက မြင်းညိုကြီးပေါ်ကိုဖြစ်ပြီး မြင်းညိုကြီး သွားတဲ့နောက်ကို သူလိုက်ပါသွားပါတယ်။
အဲဒီအချိန်မှာပဲ ရွာနှစ်ရွာကျော်က မလေးမြင့်အိမ်ကိုရောက်ပြီး မလေးမြင့်ဟာ မေတ္တသုတ်တော်ကို ရွတ်ရင်း ဆန်ပြာနေတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် ငါ ဒီအမျိုးသမီးနဲ့နေချင်လိုက်တာ၊ သူနဲ့ နေရင်အေးချမ်းမှာပဲဆိုပြီး တွေးလို့ အော်ခေါ်လိုက်ပါတယ်။
ပါးစပ်ကလည်းနေချင်ကြောင်းတွေ တတွတ်တွတ်ရွတ်ဆိုလိုက်ပါတယ်။ သူပေါက်ပင် ပေါ်ကိုပြန်ရောက်တဲ့ အချိန်မှာတော့ အဖိုးက သူ့ကိုစောင့်နေပါတယ်။
“မင်းမကြာခင် လူ့ဘဝကိုပြန်သွားလို့ရပြီ။ ဒါပေမယ့် မင်းလုပ်ခဲ့တဲ့ ကြက်တိုက်တဲ့ အမှု နဲ့ တခြားအရက်သေစာသောက်စားခဲ့မှုတွေကြောင့်တော့ မင်းယောက်ျားလေးဘဝနဲ့ ပြန် ဝင်စားရမှာ မဟုတ်ဘူး။ မိန်းကလေးဘဝနဲ့ပဲ မင်းပြန်ဝင်စားရမယ်” လို့ ပြောကြောင်း ပြန် ပြောပြပါတယ်။
ဦးဖိုးဆင်လူ့ဘဝကို ပြန်ဝင်စားတယ်ဆိုတဲ့အချိန်မှာပဲအရင်ဘ၀ က ဦးဖိုးဆင်ရဲ့ ဇနီး သည်လဲ ကွယ်လွန်ခဲ့ပါတယ်။ ဒီဘဝမှာ မိခိုင်အဖြစ်ပြန်ဝင်စားတဲ့ဦးဖိုးဆင်ဟာ သူ့ ဇနီးသည်သေဆုံးတယ်ဆိုတာ သိလိုက်ရချိန်မှာ မျက်ရည်တွေကျလာခဲ့ပါသေးတယ်။
မိခိုင်ပြန်ပြောပြတာတွေဟာ တစ်စိတ်တစ်ပိုင်းဖြစ်နေပေမယ့် ရွာဦးကျောင်းဆရာတော် က ကူညီပြီးပြောပြပေးလို့ ဆန်းကြယ်လှတဲ့ အတိတ်ဖြစ်စဉ်တွေကို အခြားသူတွေက ပါ သိရှိခဲ့ကြရပါတယ်။
အခုချိန်မှာ အသက်သုံးဆယ်နီးပါးရှိနေပြီဖြစ်တဲ့မိခိုင်ကို (မင်မင်ကိုယ်တိုင်တွေ့ပြီး မေးမြန်း ခဲ့)ရာမှာတော့ အခုချိန်မှာတော့ သူဟာ အတိတ်ဘဝတွေကို သိပ်ပြီးမမှတ်မိ တော့ကြောင်း၊ ဘုရားတရားအကျိုးကျေးဇူးကို ပိုမိုသိလာတဲ့ အတွက် အကုသိုလ် နည်းနိုင်သမျှနည်းအောင်နေထိုင်နေပါကြောင်း၊ အရင်ဘဝက သားသမီးတော်စပ်တဲ့ လူတွေနဲ့ တစ်ရွာထဲ နေရတဲ့သူ့ကံကိုလည်းကျေးဇူးတင်ပါကြောင်း၊ အသက်အရွယ် အရကွာခြားပေမယ့်လည်း သူတို့ အဖေဝင်စားတယ်လို့ ယုံကြည်ရတဲ့ မိခိုင်ကို စားစရာဆိုရင်လည်း ဦးဦးဖျားဖျားလာရောက်ပို့ ပေးတဲ့အတွက် အတိုင်းမသိကြည်နူးမိ ပြီး အခုဘဝက အမေနဲ့ အဖေကိုလည်း ဦးဆောင်လုပ်ကိုင်ကျွေးမွေးနေပါကြောင်း တွေ ပြောပြခဲ့ပါတော့တယ်။

https://www.facebook.com/Scary-Myanmar-Chilli-336517150312232/ အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..