" She ( သျှီ ) " ( ပရလောကသားတို့အကြောင်း )
lotaya.mpt.com.mm
|
2019-11-22

“ မာမီ……”

“ ကတေီ…..ကတေီ…..”

“ စားပွဲပေါ်တင်ထားတဲ့ ပီဇာတစ်ချပ် ယူစားလိုက်သေးလား ”

“ မစားဘူး မာမီ ”

“ မညာနဲ့နော်၊ မာမီနဲ့ သမီးပဲရှိတာ ”


       မာမီနှင့် သမီးပဲရှိတာဆိုသည့်စကားကို ကြားလိုက်ရသဖြင့် ကေတီ၏မျက်လုံးများက အဝတ်ဗီရိုထံသို့ရောက်သွား
ခဲ့သည်။

“ ကေတီ…….၊ မေးနေတာ ပြန်ဖြေဦးလေ ”

“ ဟုတ်….. ယူစားလိုက်တယ် ”

“ စားလိုက်တယ်ဆိုလည်းပြီးတာပဲ။ လိမ်တာ မာမီမကြိုက်ဘူး။ ညစာ စာရင် မာမီ့ကိုပြောနော် ”

“ ဟုတ်ကဲ့ မာမီ ”


       မိခင်ကို မလိမ်ချင်ဘဲ လိမ်လိုက်ရသည်ကို ဘဝင်မကျမိပေမယ့် ဗီရိုထဲတွင်ရှိနေသည့်အရာကို မိခင်အားပြောပြ၍မဖြစ်
သောကြောင့် လိမ်လည်ခဲ့မိသည်။ ခုတင်ပေါ်တွင်ထိုင်နေရာမှ ဗီရိုအပြင်ဘက် ကြမ်းပြင်ပေါ်တွင်ကျနေသည့် ဗီဇာမုန့်အစ
အနများကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခုတင်ပေါ်သို့ထိုင်ချလိုက်လေသည်။


      ယခုအိမ်တွင် ကေတီမပျော်ပါ။ နေရာအသစ်သို့ပြောင်းရွှေ့ခဲ့ခြင်းကြောင့် သူငယ်ချင်းများ ဆုံးရှုံးခဲ့ရသည်။ အိမ်နီးချင်း
ကောင်းများနှင့် ဝေးကွာခဲ့ရသည်။ ကေတီ့ကိုအလွန်ချစ်သည့် ဘွားဘွားကက်သရင်းနှင့် ဝေးခဲ့ရသည်။ ဘွားဘွားကက်သရင်း
သည် ကေတီ့မိခင်၏အမေဖြစ်ပြီး Corpus Christi မြို့တွင်နေထိုင်သည်။ ဘွားဘွားကက်သရင်းသည် အသက်ခုနစ်ဆယ်နီး
ပါးရှိပြီဖြစ်သော်လည်း လှပနေဆဲဖြစ်သည်။ ဘွားဘွားကက်သရင်းဆီ ကေတီတို့ သွားလည်သည့်အခါတိုင်း ကွတ်ကီးမုန့်မျိုး
စုံ လုပ်ကျွေးသည်။ ဘွားဘွားကက်သရင်းကင်ကျွေးသည့် ကြက်ဆင်သားကို ကေတီ အလွန်ကြိုက်နှစ်သက်သည်။


     Bobstown တွင်နေထိုင်ခဲ့စဉ်က ပျော်ရွှင်ခဲ့ရသလောက် Woodsboro သို့ပြောင်းရွှေ့လာပြီးနောက်ပိုင်း ကေတီမပျော်
တော့ပါ။ နေရာအသစ်တွင် ကေတီနှင့်ရင်းနှီးသူမရှိသဖြင့် အိမ်အပြင်သို့မထွက်ဘဲ အခန်းထဲ၌တစ်ယောက်တည်း ဆော့ကစား
ဖြစ်ခဲ့သည်။


    ကေတီတို့မိသားစု ယခုအိမ်သို့ ပြောင်းရွှေ့လာခဲ့သည်မှာ ဆယ်ရက်ကျော်သာရှိပေသေးသည်။ ဘွားဘွားကက်သရင်း၏အ
စီအမံဖြင့်ပြောင်းရွှေ့လာခဲ့ရပေမယ့် မည်သည့်အတွက်ကြောင့် ပြောင်းခဲ့သည်ကို ကေတီမသိပါ။ ယခင်နေထိုင်ခဲ့သည့်နေရာ
သည်Corpus Christi မြို့နှင့်နီးသဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် မိခင် ဖခင်တို့နှင့်အတူ ထိုမြို့သို့သွားရောက်ပြီး
 လိုအပ်သည့်ပစ္စည်းများ ဝယ်ခြမ်းရခြင်းကို ကေတီပျော်ပါသည်။


       ကေတီတို့ အရင်နေထိုင်ခဲ့သည့်နေရာသည် လူနေအိမ်များက တစ်အိမ်နှင့်တစ်အိမ်နီးကပ်စွာရှိနေကြသဖြင့် အကူအညီ
လိုအပ်ပါက အလွယ်တကူတောင်းခံနိုင်သည်။ ဟောလိုဝင်း ( Halloween ) နေ့ဆိုပါက အလွန်ပျော်စရာကောင်းသည်။ သူ
ငယ်ချင်းများနှင့်အတူ ရွှေဖရုံသီးများကိုအစာထုတ်ပြီး မျက်လုံးပေါက် ပါးစပ်ပေါက်များဖောက်ရသည့်အချိန်သည် ကေတီအ
တွက် အပျော်ဆုံးအချိန်ဖြစ်ခဲ့သည်။ ယခုနေရာသည်ကား ထိုသို့မဟုတ်ပေ။ တစ်အိမ်နှင့်တစ်အိမ်က ကွာဝေးသည့်အပြင် ခြံ
ဝင်းများနှင့် သီးသန့်ဖြစ်နေကြသည်။


     ကေတီတို့အိမ်သည် နှစ်ထပ်အိမ်ဖြစ်ပြီး အပေါ်ထပ်တွင် ဆယ့်ငါးပေခန့်ကျယ်သည့် ထပ်ခိုးငယ်တစ်ခုရှိသည်။ ထိုထပ်ခိုး
သည်ကေတီ၏ ကစားကွင်းဖြစ်ပေသည်။ ခြံထဲတွင် ကေတီမသိသည့် အပင်ငယ်များနှင့် ပန်းပင်များစိုက်ပျိုးထားပြီး ဒန်း
တစ်ခုလည်းရှိသည်။ အိမ်က အလွန်ကြီးမားလှသည်မဟုတ်သော်လည်း ကေတီတို့မိသားစုသုံးယောက်အတွက်တော့ အနည်း
ငယ် ကြီးမားသည်ဟု ကေတီထင်မိသည်။ အောက်ထပ်တွင် အိပ်ခန်း သုံးခန်းရှိပြီး အပေါ်ထပ်တွင် အိပ်ခန်းသုံးခန်းရှိသည်။
 
     ဒယ်ဒီနှင့်မာမီတို့က အောက်ထပ်က အိပ်ခန်းတစ်ခုတွင် အိပ်ကြပြီး ထပ်ခိုးပေါ်သို့တက်ရန် လှေကားငယ်ရှိနေသည့်အပေါ်
ထပ်မှ အခန်းသည် ကေတီ၏ အိပ်ခန်းဖြစ်ပေသည်။ ထိုအိမ်သို့ပြောင်းရွှေ့လာသည်မှာ ဆယ်ရက်ကျော်ရှိပြီဖြစ်သော်လည်း အ
ပေါ်ထပ်မှ ရေချိုးခန်း၊ အိမ်သာနှင့် အောက်ထပ်မှ ထမင်းစားခန်း၊ အိမ်သာတို့မှလွဲ၍ အခြားအခန်းများသို့ ဝင်မကြည့်ဖူးပါ။


     ကေတီ၏ဖခင်က Corpus Christi မြို့တွင် အလုပ်လုပ်ကိုင်နေသဖြင့် ရုံးပိတ်ရက်များတွင်သာ အိမ်သို့ပြန်လာနိုင်သဖြင့်
ရုံးဖွင့်ရက်များ၌ အသစ်ပြောင်းရွှေ့လာခဲ့သည့်အိမ်ကြီးတွင် ကေတီတို့သားအမိနှစ်ယောက်သာနေထိုင်ကြရလေသည်။ အသက်
ငါးနှစ်အရွယ်သာရှိသေးသည့်ကေတီသည် မိခင်၊ ဖခင်တို့၏ရင်ခွင်ထဲတွင် နွေးနွေးထွေးထွေးနေရသူမဟုတ်ပေ။ ကေတီ၏
မိခင်သည် ကုန်ပစ္စည်းပို့ဆောင်သည့်လုပ်ငန်းတွင် လုပ်ကိုင်သူဖြစ်သော်လည်း ကေတီတစ်ယောက်တည်းထားခဲ့ရသည်ကို
စိတ်မချသဖြင့်မနက်ဆယ်နာရီတွင် အလုပ်သို့သွားပြီး ညနေခြောက်နာရီမတိုင်ခင် အိမ်သို့ပြန်လာလေ့ရှိသည်။


     အိမ်ကြီးတစ်လုံးထဲတွင် ကေတီတစ်ယောက်တည်းအထီးကျန်နေခြင်းမဟုတ်ပါ။ ကေတီနှင့်အတူ နောက်တစ်ယောက်ရှိ
နေပါသေးသည်။ ထိုတစ်ယောက်နှင့်ကေတီသည် မိတ်ဆွေမဟုတ်သလို ဘဝချင်းတူသည့် လူသားတစ်ယောက်လည်းမဟုတ်
ပါ။ အိမ်ပြောင်းပြီးလေးရက်မြောက်နေ့တွင် ထိုတစ်ယောက်ကို စတင်တွေ့ရှိခဲ့ပါသည်။ ထိုနေ့က ကေတီတစ်ယောက်တည်း
ထပ်ခိုးပေါ်တွင် ကစားနေခဲ့သည်။

“ ဂလောက်………ဂလောက်……ဂလောက် ”

အောက်ထပ် အိပ်ခန်းမှ အသံကြားနေရသဖြင့် ဘာဘီရုပ်လေးဖြင့် ဆော့ကစားနေရာမှ ကေတီ နားစွင့်လိုက်သည်။

“ ဂလောက်…..ဂလောက် ”

“ မာမီ……….. ”


       မိခင်ပြန်လာပြီအထင်ဖြင့် ထပ်ခိုးပေါ်မှလှမ်းအော်လိုက်သော်လည်း အောက်ထပ်မှ ပြန်ဖြေသံမကြားရသဖြင့် ထပ်ခိုးလှေ
ကားထိပ်မှ အောက်သို့ငုံ့ကြည့်လိုက်သည့်အခါ အဝတ်ဗီရိုတံခါးနှစ်ချပ်က ဖွင့်ချည်ပိတ်ချည်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ
သည်။

“ ဟယ်လို….ဘယ်သူလဲ ”

“ ဟယ်လို……ဘယ်သူလဲ ”


      လူသူမရှိဘဲ ဗီရိုတံခါးများ ဖွင့်ပိတ်နေသဖြင့် ကေတီက မေးမြန်းလိုက်သည့်အခါ ဗီရိုထဲမှ အသံတစ်ခုက ကေတီမေးသည့်
မေးခွန်းအတိုင်း ပြန်မေးနေလေသည်။

“ ဟယ်လို……”

“ ဟယ်လို…….”

“ ငါပြောသလို လိုက်ပြောနေတာ ဘယ်သူလဲ ”

“ ငါပြောသလို လိုက်ပြောနေတာ ဘယ်သူလဲ ”


     ကေတီပြောသမျှစကားကို တစ်လုံးမကျန် ပြန်ပြောနေသည့်ဗီရိုထဲမှအသံရှင်ကို ကေတီတွေ့ချင်လာသဖြင့် ဆော့ကစားနေ
သည့် ဘာဘီရုပ်လေးကိုအသာချကာ အောက်ထပ်အိပ်ခန်းထဲသို့ဆင်းလာခဲ့လေသည်။ အိပ်ခန်းထဲသို့ ကေတီရောက်သွားသည့်
အခါ ဗီရိုတံခါးက အလိုလိုပိတ်သွားသဖြင့် ကေတီက ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။


“ နင်ဘယ်သူလဲ ”
        
        ဗီရိုတံခါးကို ဆွဲဖွင့်လိုက်လျှင် အင်္ကျီချိတ်ဖြင့် ချိတ်ထားသည့် အဝတ်အစားများအနောက်မှ မိန်းကလေးတစ်ယောက်
၏မျက်နှာကို ကေတီ မြင်လိုက်ရသည်။

“ …………….. ”


       ကေတီမေးသော်လည်း ပြန်မဖြေသဖြင့် အဝတ်အစားများကို ဆွဲဖယ်လိုက်ရာ အဝတ်အစားများ အနောက်တွင် မည်သူ
တစ်ဦးတစ်ယောက်မှမတွေ့ရပေ။ ကေတီ၏စိတ်ထဲတွင် ကြောက်လန့်ခြင်းမရှိသော်လည်း အံ့သြခြင်း၊ မယုံနိုင်ခြင်းတို့ ရော
ယှက်နေကြသည်။ ဗီရိုတံခါးကို ပြန်ပိတ်ပြီး နောက်သို့လှည့်လိုက်သည့်အခါ ခုတင်ပေါ်တွင် ဖြန့်ထားသည့် ကေတီ၏အဖြူ
ရောင်ဇာဂါဝန်လေးက တစ်ယောက်ယောက် ဆွဲယူပြီး ဝတ်ဆင်လိုက်သကဲ့သို့ဖြစ်သွားလေသည်။

“ နင်ဘယ်သူလဲ…..ငါ့ အင်္ကျီပြန်ပေး ”


       ကေတီက ဝတ်ဆင်ထားသူမရှိဘဲ အင်္ကျီချိတ်တွင် ချိတ်ဆွဲထားသလိုဖြစ်နေသည့် ဂါဝန်ဆီသို့ပြေးကာ ဂါဝန်ကို လှမ်း
ယူလိုက်သော်လည်း ဂါဝန်က ရုတ်တရက် ရှောင်တိမ်းပြီး ခုတင်ပေါ်သို့ ခုန်တက်သွားလေသည်။

“ နင်ဘယ်သူလဲ…..ပေး…ငါ့အင်္ကျီပြန်ပေး ”


      ခုတင်ပေါ်သို့ ကေတီ ခုန်တက်သွားသည့်အခါ ဂါဝန်က ခုတင်အောက်သို့ ခုန်ချသွားပြန်သည်။ ကေတီက ဂါဝန်နောက်
သို့အတင်းလိုက်ဖမ်းသည့်အခါ ဂါဝန်က အခန်းထဲတွင် ပြေးလွှားနေသဖြင့် ကေတီနှင့် အဖြူရောင် ဇာဂါဝန်လေးတို့လိုက်
တမ်းပြေးတမ်း ကစားနေသကဲ့သို့ဖြစ်နေသည်။


     အချိန်အနည်းငယ်ကြာမျှ ပြေးလွှားလိုက်ရသဖြင့် ကေတီလည်း မောလာလေသည်။ ခုတင်စောင်းပေါ်တွင် ထိုင်ချလိုက်
ပြီး အမောဖြေနေခိုက်တွင် ဂါဝန်က ဗီရိုတံခါးကို ဖွင့်ပြီး ဗီရိုထဲသို့ ဝင်သွားလေသည်။ ကေတီလည်း ထိုင်ရာမှ အမြန်ထကာ
 ဗီရိုတံခါးကို အမြန်ဆွဲဖွင့်လိုက်သော်လည်း ကေတီ၏ အဖြူရောင် ဇာဂါဝန်လေးက ဗီရိုထဲတွင် ရှိမနေတော့ပေ။

“ ငါ့အင်္ကျီ ဘယ်မှာလဲ….။ ငါ့အင်္ကျီပြန်ပေး ”


     ထိုအဖြူရောင်ဂါဝန်လေးသည် လာမည့်စနေနေ့တွင်ကျရောက်မည့် ကေတီ၏ ငါးနှစ်မြောက်မွေးနေ့အတွက် ဖခင်ပေးထား
သည့်လက်ဆောင်ဖြစ်ပေသည်။

“ ငါ့ အင်္ကျီပြန်ပေးပါ…….”

ဂါဝန်အင်္ကျီပြန်တောင်းနေသည့် ကေတီ၏အသံ၌ ငိုသံ ရောစွက်နေသည်။

“ သျှီ……… ”


      ဗီရိုထဲမှ မိန်းကလေးတစ်ယောက်၏အသံ ထွက်ပေါ်လာသဖြင့် ဗီရိုထဲတွင်ချိတ်ဆွဲထားသည့် အဝတ်အစားများကိုဆွဲဖယ်
ကြည့်လိုက်သော်လည်း တစ်ဦးတစ်ယောက်မှရှိမနေသဖြင့် ကေတီ စိတ်ဆိုးသွားလေသည်။ ဗီရိုတံခါးကို ပြန်ပိတ်လိုက်ပြီး
နောက် စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲမှထွက်မည်ပြုစဉ် ဗီရိုထဲမှ အသံကြားလိုက်သဖြင့် လှည့်ကြည့်လိုက်သည့်အခါ တံ
ခါးနှစ်ချပ်ကြားမှ ချောင်းကြည့်နေသည့် မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရလေတော့သည်။

“ နင် ဘယ်သူလဲ….

“ သျှီ……”


       ကေတီက ဗီရိုဆီသို့ပြေးသွားသည့်အခါ ဗီရိုတံခါးက အလိုလိုပွင့်သွားလေသည်။ ဗီရိုထဲသို့ ကေတီ အသေအချာကြည့်
သော်လည်း မည်သူမျှရှိမနေသဖြင့် အခန်းထဲမှပြေးထွက်သွားလေတော့သည်။

*******************

“ ကတေီ…..”

“ မာမီ……”


“  စနေနေ့မနက်မှာ သမီးရဲ့ဒယ်ဒီလာရင် မွေးနေ့ကိတ်ယူလာလိမ့်မယ်။ သမီးအတွက် မွေးနေ့ပွဲကို အိမ်မှာပဲလုပ်ပေးမယ်
နော် ”

“ သူငယ်ချင်းတွေ မလာကြဘူးလား မာမီ ”

“ သမီးရဲ့သူငယ်ချင်းတွေက ဘယ်လာနိုင်ကြမလဲကွယ် ”

“ ဟွန့်……….”

မျက်နှာငယ်သွားသည့် ကေတီ၏ဆံပင်ကို မိခင်ဖြစ်သူက အသာအယာပွတ်သပ်ပေးလိုက်သည်။

“ အားမငယ်ပါနဲ့ကွယ်။ အဲဒီနေ့ကျရင် မာမီနဲ့ ဒယ်ဒီက သမီးနဲ့အတူရှိနေမှာပေါ့ ”

“ သမီးကို ဘယ်မှလိုက်မပို့ဘူးလား မာမီ ”


“ ဒယ်ဒီ ဘယ်လိုစီစဉ်မလဲမသိသေးဘူး။ မွေးနေ့မှာ ဒယ်ဒီလက်ဆောင်ပေးထားတဲ့ ဂါဝန်အဖြူလေးဝတ်ပြီး မွေးနေ့ကိတ်
ခွဲမယ်နော် ”


      ဂါဝန်အဖြူလေးဟု ကြားလိုက်ရသည့်အခိုက် ကေတီ အပေါ်ထပ်သို့ မော့ကြည့်လိုက်မိသည်။ ယခုအတိုင်းဆိုပါက မိခင်
ကို မပြော၍ မဖြစ်တော့ပေ။

“ မာမီ……..”

“ ဘာပြောမလို့လဲ ကေတီ ”

“ သမီးရဲ့ ဂါဝန်လေး ပျောက်သွားပြီ ”

“ ဟင်…….ဘုရားရေ…။ ဘယ်လိုဖြစ်ပြီး ပျောက်သွားရတာလဲ ”

ကေတီက မိခင်၏မေးခွန်းကို ပြန်မဖြေဘဲ အပေါ်ထပ်သို့ လက်ညှိုးထိုးပြလိုက်သည်။

“ ပြောလေ ကေတီ။ မာမီမေးနေတယ်လေ။ အင်္ကျီက ဘယ်လိုဖြစ်ပြီးပျောက်ရတာလဲ ”

“ သျှီ………..”

“ သျှီဆိုတာ ဘယ်သူလဲ ကေတီ ”

“ ကေ…ကေတီတို့ အိမ်မှာ သူရှိနေတယ် မာမီ ”

“ ဘုရားသခင်။ ဘယ်သူလဲ ကေတီ၊ မာမီ့ကို ပြောစမ်း ”

“ သူ့နာမည်က သျှီလို့ သူကိုယ်တိုင်ပြောတာ ”

“ မဟုတ်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ မာမီ့ကို အသေအချာပြောစမ်း ”


      ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ကေတီက ပြောပြသော်လည်း မိခင်က မယုံသင်္ကာမျက်လုံးများဖြင့် ကေတီ့ကို
ကြည့်နေသည်။

“ မဖြစ်နိုင်ဘူး ကေတီ။ မာမီ့ကို မလိမ်နဲ့ ”

“ ကေတီကျိန်ပြောရဲပါတယ်မာမီ။ မညာပါဘူး ”

“ ကေတီပြောတာ လုံးဝမဖြစ်နိုင်ဘူး။ မာမီ့ကို လိုက်ပြစမ်း ”

ကေတီက မိခင်၏လက်ကိုဆွဲကာ အပေါ်ထပ်ရှိ အိပ်ခန်းသို့ ခေါ်ဆောင်သွားလေသည်။

“ အဲဒီဗီရိုထဲမှာ သူရှိနေတယ် မာမီ ”


      ကေတီ၏မိခင်က အဝတ်ဗီရိုတံခါးကိုဆွဲဖွင့်ပြီး ချိတ်ဆွဲထားသည့်အဝတ်များကိုဖယ်ရှားကာ အသေအချာစစ်ဆေးကြည့်
လေသည်။

“ ဘယ်မှာလဲ ကေတီ။ မာမီ့ကို မှန်မှန်ပြောစမ်း ”

“ သမီး အမှန်အတိုင်းပြောတာပါ မာမီ ”

“ ဘယ်သူမှ မရှိဘူး ကေတီ။ ရူးနေတာလား ”

“ သမီးမရူးပါဘူး မာမီ။ သူက စကားပြောနိုင်တယ် ”

“ မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။ သမီးကို စိတ်ရောဂါဆရာဝန်နဲ့ပြမှဖြစ်တော့မယ် ကေတီ ”


     ကေတီ၏မိခင် စိတ်ဆိုးမာန်ဆိုးဖြင့် အခန်းထဲမှထွက်သွားသည့်အချိန်တွင် ကေတီက ခုတင်ပေါ်သို့ပြေးတက်ပြီးခေါင်းအုံး
ပေါ်တွင် မျက်နှာအပ်ကာ အားရပါးရ ငိုချလိုက်တော့သည်။

*******************


       တချက်ချက်မြည်နေသည့် စားပွဲတင်နာရီသံကို နားထောင်ရင်း မျက်နှာကျက်ပေါ်သို့ ကြည့်နေသည့် ကေတီ၏မျက်ဝန်း
တွင် မျက်ရည်ဥများက တွဲခိုနေကြသည်။ မွေးနေ့ပွဲပြီးမြောက်သည့်အခါတိုင်း သူငယ်ချင်းများနှင့်အတူ ညဆယ့်တစ်နာရီအ
ထိ ဆော့ကစားခဲ့ကြသည်။ အရင်နေခဲ့သည့် နေရာသည် ညသန်းခေါင်ကျော်သည့်တိုင် လူသွားလူလာရှိနေတတ်သည်။ ခရစ်စ
မတ်ရာသီချိန်တွင် မီးရောင်စုံများဖြင့် စည်ကားလှအနေတတ်သည်။ ယခုနေရာသည် အရင်နေရာကဲ့သို့မဟုတ်ပေ။ မနက်ခင်း
လောက်သာ လူသူအသွားအလာ ကားအသွားအလာတို့ကိုတွေ့မြင်ရပြီး ညနေစောင်းသည်နှင့် တိတ်ဆိတ်ငြိမ်သက်နေသည်။
 မကြာခင်ကျရောက်တော့မည့် မွေးနေ့ပွဲသည် ယခင်ကလို ပျော်စရာကောင်းလိမ့်မည်မဟုတ်ကြောင်း ကေတီသိနေပါသည်။
                                                      
“ ကျွီ………… ”


       ဗီရိုတံခါးပွင့်သံ တိုးတိုးလေးကြားလိုက်ရသဖြင့် မျက်နှာမလွှဲဘဲ မျက်လုံးကိုစွေ၍ ဗီရိုရှိရာသို့ ကေတီ ကြည့်လိုက်သည်။
 ဗီရိုထဲမှထွက်လာသည့် အဖြူရောင်ဂါဝန်ကို အိမ်အပြင်ဘက်တွင်ထွန်းထားသည့် မီးရောင်ဖြင့် မြင်တွေ့လိုက်ရသဖြင့် စားပွဲ
ပေါ်မှ စာကြည့်မီးခလုတ်ကိုဖွင့်ရန် ပြင်လိုက်သည်။

“ နိုး…ကေတီ….။ မီးမဖွင့်နဲ့…..ငြိမ်ငြိမ်လေးနေ ”


     အမိန့်ပေးသံမဟုတ်သော်လည်း ကြောက်ရွံ့နေသဖြင့် မီးခလုတ်ပေါ်မှလက်ကိုအမြန်ပြန်ရုတ်သိမ်းကာ မလှုပ်မယှက်ငြိမ်
သက်နေလိုက်သည်။ မှိန်ပြပြအလင်းရောင်အောက်တွင် ခုတင်အနီးသို့တရွေ့ရွေ့လာနေသည့် အဖြူရောင်ဂါဝန်သည် ကေတီ
၏ဂါဝန်ဖြစ်သော်လည်း အသက်ဝင်လှုပ်ရှားနေသည့်ဂါဝန်ကို ကေတီ မကြည့်ရဲပါ။  တိတ်ဆိတ်သည့်ညဉ့်ယံတွင် ကေတီ၏
အသက်ရှုသံက တချက်ချက်မြည်နေသည့် နာရီသံကိုဖုံးလွှမ်းနေသည်။

အဖြူရောင်ဂါဝန်က ခုတင်ဘေးသို့ရောက်လာပြီး ရပ်တန့်သွားသဖြင့် မျက်လုံးစွေပြီး မရဲတရဲကြည့်လိုက်မိသည်။

“ ငါ့ကို မကြောက်ပါနဲ့ကေတီ။ နင့်ကို ဘာမှ မလုပ်ပါဘူး ”

“ နင်ဘယ်သူလဲ ”


“ ငါ့နာမည်ကိုတော့ မသိချင်ပါနဲ့။ ဒီအိမ်မှာနေသွားခဲ့တဲ့သူတွေအားလုံးကတော့ ငါ့ကို သျှီလို့ပဲ ခေါ်ကြတယ်။ နင်လည်း ငါ့
ကို သျှီလို့ပဲ ခေါ်ပါ ”

“ နင့်ကို ငါကြောက်တယ် ”

“ ဘာဖြစ်လို့ ကြောက်တာလဲကေတီ ”

“ နင့်ကို ငါမမြင်ရဘူး။ နင်ဘယ်သူလဲဆိုတာ ငါမသိဘူး ”

“ ငါ ဘယ်သူလဲဆိုတာ လောလောဆယ်သိဖို့မလိုသေးပါဘူး။ ငါ့ကို မြင်ဖူးချင်ရင်တော့ နင့်ကိုပြပါ့မယ် ”


       ကေတီက စကားပြန်မပြောဘဲ အဖြူရောင်ဂါဝန်ကိုသာ မျက်လုံးစွေပြီး အသေအချာကြည့်နေလေသည်။ ကေတီကြည့်နေ
စဉ်မှာပင် အဖြူရောင်ဂါဝန်အတွင်းမှ လူရိပ်သဏ္ဌာန်ရေးရေးတစ်ခု တဖြည်းဖြည်းပေါ်လာလေတော့သည်။


     မကြာမီမှာပင် အဖြူရောင်ဂါဝန်ဝတ်ဆင်ထားသည့်မိန်းကလေးတစ်ယောက်၏အသွင်က အထင်အရှားပေါ်လာခဲ့လေ
သည်။

“ ငါ့ကို မြင်ပြီလား ကေတီ ”

ကေတီက စကားပြန်မဖြေဘဲ ခေါင်းကိုအသာညိတ်ပြလိုက်သည်။


“ နင်နဲ့ငါက သူငယ်ချင်းတွေဖြစ်သွားကြပြီ။ ဒီတော့ ငါ့အကြောင်းကို ပြောပြမယ်။ ငါ့မှာ မာမီမရှိတော့ဘူး။ ဒယ်ဒီပဲရှိတယ်
။ ငါက မိထွေးနဲ့နေရတယ်။ ငါ့မှာ အဖေတူ အမေကွဲ ညီမတစ်ယောက်ရှိခဲ့တယ်ကေတီ။ သူ့ကို ငါ့မိထွေးက မွေးခဲ့တာ ”


      စကားစဖြတ်ပြီး ပြူတင်းပေါက်လိုက်ကာကို ဆွဲဖွင့်လိုက်သည့် သျှီကို ကေတီအသေအချာကြည့်နေမိသည်။ သျှီ၏မျက်
နှာနှင့်နှုတ်ခမ်းတို့သည် သွေးမရှိသူတစ်ယောက်ကဲ့သို့ ဖြူဖွေးနေကြသော်လည်း ပြာလဲ့လဲ့မျက်လုံးများက ပြုတင်းပေါက်မှ
အလင်းရောင်ကြောင့် တောက်ပနေကြသည်။ မျက်နှာဝိုင်းပြီးနှာခေါင်းထိပ်က ပွယောင်းယောင်းရှိသည်။ ထိုမျက်လုံးနှင့်မျက်
နှာကို ကေတီ တရင်းတနှီးမြင်တွေ့ဖူးသည်။ မည်သည့်နေရာတွင်တွေ့ဖူးသည်ကို မမှတ်မိသော်လည်း တရင်းတနှီးမြင်တွေ့ဖူး
သည်ကတော့သေချာသည်။ လည်ကုပ်အထိသာရှည်လျားသည့် ရွှေရောင်ဆံပင်က မဖြီးမသင်ထားသဖြင့် ဆံပင်များက ထွေး
ရှုပ်နေကြသည်။


“ ဟိုးအရင်က ဒီနေရာလေးမှာ ငါရယ် ဒယ်ဒီရယ် မာမီရယ် အတူနေခဲ့ကြတယ်။ မာမီသေသွားတော့ ငါ့အသက်က သုံးနှစ်
ကျော်လောက်ပဲ ရှိသေးတယ်။ ဒယ်ဒီအလုပ်သွားရင် ငါတစ်ယောက်တည်း အိမ်မှာကျန်ခဲ့ရတယ်။ ဒယ်ဒီက ငါ့ကိုစိတ်မချ
လို့ဆိုပြီး အမျိုးသမီးတစ်ယောက်ခေါ်လာခဲ့တယ်။ သူ့နာမည်ကိုတော့ ငါ ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ သူ့နာမည်က ကက်
သရင်း။ မာမီရှိတုန်းက ငါ့မွေးနေ့ဆို အရမ်းပျော်စရာကောင်းတယ်။ ဒယ်ဒီက ဂီတာတီးပြီး မွေးနေ့သီချင်းဆိုပြတယ်။ ခြံထဲ
မှာ အသားကင်လုပ်စားကြတယ်။ မာမီသေသွားတော့ ငါ့ကိုစောင့်ရှောက်ဖို့ဆိုပြီး ဒယ်ဒီခေါ်လာခဲ့တဲ့ ကက်သရင်းက ငါ့ကို
မစောင့်ရှောက်ဘဲ ဒယ်ဒီနဲ့ပလူးနေတယ်။ ဒယ်ဒီနဲ့ အတူအိပ်တယ်။ ဒယ်ဒီမရှိတဲ့အချိန်တွေဆို သူခိုင်းသမျှအကုန်လုပ်ပေးရ
တယ်။ ငါ့ကို အမျိုးမျိုးနှိပ်စက်တယ်။ ဒယ်ဒီ့ကိုပြန်ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ငါ့ကို နေ့လည်စာမကျွေး
ဘူး။ ဒယ်ဒီပြန်လာမှ ညနေစာနဲ့ပေါင်းစားရတယ်။ ဒယ်ဒီပြန်မလာတဲ့ရက်ဆို ငါ ဘာမှမစားရဘူး ကေတီ။ အဲဒီလိုလုပ်တာ
များလာတော့ ငါလည်းမခံနိုင်တော့လို့ ဒယ်ဒီ့ကိုပြောပြမိတယ်။ ဒယ်ဒီက ငါပြောတာကိုမယုံဘူး။ အဲဒီနောက်ပိုင်း ဒယ်ဒီ
မရှိတဲ့အချိန်တွေမှာ ငါ့ကို မြေအောက်ခန်းထဲမှာထည့်ထားတယ်။ မြေအောက်ခန်းကို ငါမနှစ်သက်ဘူးကေတီ။ အဲဒီမြေ
အောက်ခန်းက မာမီ ပန်းချီဆွဲတဲ့အခန်းပဲ။ ငါကအသက်ရှုကျပ်တာကိုကြောက်တယ်။ ငါ့အသက် လေးနှစ်ပြည့်ပြီးတဲ့အချိန်
မှာ ကက်သရင်းက ဒယ်ဒီနဲ့ရပြီး ကလေးတစ်ယောက်မွေးတယ်။ အဲဒီကလေးကို ငါမချစ်ဘူး ကေတီ။ အဲဒီကလေးရပြီးက
တည်းက ငါ့ကို ဒယ်ဒီ ဂရုမစိုက်တော့ဘူး။ ဒါကြောင့် အဲဒီကလေးကိုငါမုန်းတယ်။ ကက်သရင်းက ငါ့ကို ကလေးထိန်းခိုင်း
တယ်။ နေ့လည်စာကို ညစာနဲ့ပေါင်းကျွေးတယ်။ သူ့သမီးငိုရင် ငါ့ကိုသေအောင်ရိုက်တယ်။ နောက်ပိုင်း ဒယ်ဒီ့ရှေ့မှာရိုက်တာ
တောင် ဒယ်ဒီက ဘာမှဝင်မပြောဘူး။ ဒယ်ဒီ့ကိုလည်း စိတ်နာခဲ့တယ်။ တစ်ရက်တော့ ဒယ်ဒီနဲ့ ကက်သရင်းတို့အိပ်ပျော်
နေတဲ့ညမှာ အိမ်ကိုမီးရှို့ပြီး ငါလည်း မြေအောက်ခန်းထဲကို ဝင်ပြေးခဲ့တယ်။ အိမ်မီးလောင်လို့ ဒယ်ဒီတို့ အော်ဟစ်နေတဲ့
အသံတွေကို မြေအောက်ခန်းထဲကနေကြားရတယ်။ ငါ အရမ်းဝမ်းသာခဲ့တယ်။ ဒယ်ဒီက ငါ့နာမည်ကိုအော်ခေါ်ပြီး လိုက်
ရှာနေတာကိုသိပေမယ့် မြေအောက်ခန်းထဲကနေမထွက်ဘူး ကေတီ။ ငါ မီးရှို့ခဲ့တာမှန်းသိခဲ့ရင် ဒယ်ဒီရော ကက်သရင်းက
ရော ငါ့ကို အသေသတ်ကြမှာ။ သူတို့သေတယ် မသေဘူးဆိုတာတော့ငါမသိဘူး။ မြေအောက်ခန်းထဲကို မီးခိုးတွေဝင်လာ
တော့ ငါ အသက်ရှုကျပ်လာတယ်။ အသက်ရှုကျပ်တာကို ငါ အကြောက်ဆုံးလို့ပဲ။ မီးခိုးတွေဝင်လာတော့ မြေအောက်ခန်း
ထဲကထွက်ပြေးဖို့လုပ်ပေမယ့် မရတော့ဘူး ကေတီ။ ငါအရမ်းကြောက်ခဲ့တဲ့ အသက်ရှုကျပ်တဲ့ဝေဒနာကိုခံစားခဲ့ရပြီး သေခဲ့
ရတယ်။ အိမ်ပေါ်ထပ်တက်တဲ့ လှေကားအောက်မှာ ငါနေတဲ့မြေအောက်ခန်းရှိတယ်။ နင်နေတဲ့အခန်းက ငါ အရင်ကနေခဲ့
တဲ့အခန်းပဲ ကေတီ။ ကက်သရင်းရိုက်ရင် မြေအောက်ခန်းနဲ့ ငါ့အခန်းထဲကဗီရိုက ငါပုန်းတဲ့နေရာတွေပဲ။ ဒါကြောင့် ဟော
ဒီအခန်းထဲက ဗီရိုထဲမှာ ငါရှိနေတာ။ ဗီရိုထဲမှာနေရတာ ငါပျော်တယ်။ မြေအောက်ခန်းထဲမှာ ငါ့အရိုးစုလည်း ရှိနေတုန်းပဲ။
ငါ့အရိုးစုရှိနေသရွေ့ ငါလည်း ဒီအိမ်မှာပဲ ရှိနေဦးမယ်  ”


       ပြူတင်းပေါက်တွင်ရပ်ကာ အဝေးသို့ငေးကြည့်ပြီး ဆွေးဆွေးမြည့်မြည့်ပြောနေသည့် သျှီပြောသမျှကို ကေတီက
အိပ်ရာပေါ်တွင် ပက်လက်လှန်ကာ မျက်နှာကျက်ကို စိုက်ကြည့်ရင်း အသေအချာ နားစိုက်ထောင်နေသည်။


“ မီးလောင်ခဲ့တဲ့ အိမ်ကြီးထဲမှာ ငါတစ်ယောက်တည်း နှစ်အကြာကြီးနေခဲ့ရတယ်။ ဟောဒီအိမ်ကြီးကို ဘယ်သူကဝယ်ပြီး
ပြန်ပြင်ဆောက်သလဲဆိုတာတော့ ငါမသိဘူး။ ပြန်ပြင်ဆောက်တဲ့သူတွေရော အရင်နေသွားခဲ့ကြတဲ့ မိသားစုတွေရော လှေ
ကားအောက်မှာ မြေအောက်ခန်းရှိတာ ဘယ်သူမှမသိကြဘူး။ အိမ်အသစ်ဆောက်ပြီးနောက်မှာ မိသားစု သုံးလေးစုလာနေ
ကြတယ်။ ဒီအိမ်မှာ ဘယ်သူမှလာနေတာမကြိုက်ဘူးကေတီ။ ဟောဒီနေရာ၊ ဟောဒီအိမ်က ငါတို့မိသားစုနေခဲ့တဲ့အိမ် ”

“ ဒါဆို ငါတို့နေတာကိုလည်း မကြိုက်ဘူးပေါ့ ”


“ နင်တို့ပြောင်းလာခါစတုန်းက ငါမကြိုက်ဘူးဆိုတာ ဝန်ခံတယ်။ ဒါပေမဲ့ နင်က ငါနဲ့ရွယ်တူ၊ နင့်ကိုမြင်မြင်ချင်း ခင်သွားလို့
နင်တို့ကို မနှောက်ယှက်တော့တာ ”

“ ကျေးဇူးတင်ပါတယ် သျှီ ”

“ နင့်ဂါဝန်လေးကို ယူမိတဲ့အတွက် ငါ့ကိုခွင့်လွှတ်ပါ ကေတီ။ နင့်ဂါဝန်လေးကို ငါအရမ်းကြိုက်တယ် ”

“ အဲဒီ ဂါဝန်က ငါ့မွေးနေ့အတွက် ဒယ်ဒီလက်ဆောင်ပေးထားတာ ”

“ ငါသိပါတယ်။ နင့်မာမီဆူတာကိုလည်း ငါကြားပါတယ်။ အခုလာမယ့် စနေနေ့က နင့်မွေးနေ့ဆိုတာ ဟုတ်သလား ”

“ ဟုတ်တယ်။ ငါးနှစ်မြောက် မွေးနေ့ ”

“ ပျော်စရာကောင်းလိုက်တာ ”

“ ငါကတော့ မပျော်ပါဘူး ”

“ ဘာဖြစ်လို့လဲ ”

“ ငါ့မွေးနေ့မှာ သူငယ်ချင်းတွေလာမှမလာကြတာ ”

“ သူငယ်ချင်းဆိုတာ တဒင်္ဂပါ ကေတီ။ နင့်မှာ ဒယ်ဒီနဲ့မာမီရှိနေတာပဲ ”

“ ငါ့ရဲ့မွေးနေ့တိုင်း မွေးနေ့ကိတ်ခွဲပြီးရင် သူငယ်ချင်းတွေနဲ့ သီချင်းဆိုတယ်။ ကစားတယ်။ အခုက ဘယ်သူမှမရှိဘူး ”

“ ငါရှိတယ်လေ ”

“ နင်က ငါ့သူငယ်ချင်းမှ မဟုတ်တာ ”

“ အခု သူငယ်ချင်းဖြစ်သွားပြီ ”

“ နင်က ကိုယ်ဖျောက်လို့ရတယ်လား သျှီ ”

“ ကိုယ်ဖျောက်လို့လည်းရတယ်။ အပေါ်ကိုပျံတက်လို့လည်းရတယ်။ အဝေးကြီးကို သွားလို့လည်းရတယ် ”

“ ဝိုး……ဟုတ်လား….။ ငါ့ကို လုပ်ပြပါလား ”

ကေတီက ဝမ်းသာအားရဖြင့် အိပ်ရာမှ ထထိုင်လိုက်သည်။

“ နင်ကြည့်ချင်ရင် ငါပြမယ်။ ဒီမှာကြည့် ”


     သျှီက မျက်နှာကျက်ပေါ်သို့ တဖြည်းဖြည်းတက်ပြသည်။ မျက်နှာကျက်ပေါ်တွင် တွယ်ကပ်ပြီး သွားလာပြသည်။ မျက်နှာ
ကျက်ပေါ်မှ ဇောက်ထိုးဆင်းပြသည်။ ခန္တာကိုယ်ကို လေထဲတွင်အမျိုးအမျိုးလှည့်ပတ်ပြသည်။ ကိုယ်ခန္တာကို ဖျောက်ပြသည်။
သျှီလုပ်ပြသမျှကိုကြည့်ပြီး ကေတီသဘောကျနေသည်။

“ နင့်လိုမျိုး လုပ်ချင်လိုက်တာ ”

“ နင်နဲ့ငါက မတူဘူးလေ ကေတီ။ ငါက စိတ်ထဲကနေ လုပ်ချင်တာကို လုပ်လို့ရတယ်။ ဟောဒီမှာကြည့် ”

သျှီက ကေတီ၏နံဘေးတွင်ရပ်ပြီး နံရံမှ မီးခလုပ်များကို ဖွင့်ပြ ပိတ်ပြသည်။ ပစ္စည်းများကို လေထဲသို့မြှောက်ပြသည်။

“ အဲဒီလိုလုပ်လို့ရအောင် လေ့ကျင့်ထားတာလား ”


“ အဲဒါကို Will Power လို့ခေါ်တယ် ကေတီ။ စိတ်စွမ်းအင်တန်ခိုးနဲ့လုပ်တာ။ စိတ်စွမ်းအင်ကို လေ့ကျင့်နိုင်ရင် ဘယ်သူမဆို
လုပ်လို့ရပါတယ်။ ဒါပေမဲ့ ငါစောစောကလုပ်ပြတဲ့ဟာမျိုးကိုတော့ ငါနဲ့ဘဝတူတွေပဲ လုပ်လို့ရတယ်ကေတီ ”

“ ဘဝတူဆိုတော့ နင်က ဘယ်ဘဝလဲ သျှီ ”

“ ငါက သေလွန်ပြီးတဲ့နောက်ဘဝပေါ့ ”

“ ဒါဆို နင်က တစ္ဆေလား ”

“ ဟုတ်တယ် …..။ နင်ကြောက်သွားပြီလား ”


“ နင့်ကိုတော့ မကြောက်ပါဘူး။ အခြားတစ္ဆေဆိုရင်တော့ ကြောက်ချင်ကြောက်မှာပေါ့။ ဒီအိမ်မှာနေသွားကြတဲ့အရင်လူတွေ
က နင့်ကို မကြောက်ကြဘူးလား ”


“ ကြောက်လို့ ပြောင်းပြေးကုန်ကြတယ်လေ။ ဒီအိမ်မှာနေတာမကြိုက်လို့ သူတို့ကို အမျိုးမျိုးလုပ်ပြတယ်။ ခြောက်လှန့်ပြ
တယ်။ ငါက ကလေးငယ်တွေဆိုရင် အရမ်းမုန်းတယ်။ ကလေးငယ်တွေကိုမြင်ရင် ကက်သရင်းရဲ့သမီးကို သွားသတိရတယ်။
နင်တို့ရှေ့က မိသားစုမှာ ရှစ်လအရွယ် မိန်းကလေးတစ်ယောက်ရှိတယ်။ ငါက သူ့ကိုကြည့်မရတော့ အမျိုးမျိုးလုပ်ပြတယ်။
ကလေးက ငါ့ကိုမြင်တာနဲ့ သေမတတ်ငိုတော့တာပဲ။ သူတို့က ဘုန်းကြီးခေါ်လာပြီး အိမ်ကို ရေစင်တွေဖြန်းတယ်။ ဘုန်းကြီး
က သမ္မာကျမ်းစာတွေရွတ်တယ်။ ငါ့ကို မနေနိုင်အောင်မောင်းထုတ်လို့ ငါကလည်းသူတို့ကို အမျိုးမျိုးလုပ်ပစ်တယ်။ နောက်
ဆုံးတော့ သူတို့လည်း ထွက်ပြေးရတာပဲ ”

“ ငါတို့ကိုတော့ အဲဒီလိုမလုပ်ပါနဲ့ ”

“ နင်နဲ့ငါက သူငယ်ချင်းတွေဖြစ်သွားပြီလေ။ နင်တို့ကို မလုပ်ပါဘူး။ နင်နဲ့ငါ ကစားလို့ရပြီ ”


“ ငါလည်း တစ်ယောက်တည်းပျင်းနေတာနဲ့ အတော်ပဲပေါ့ဟာ။ ဒါပေမဲ့ ဟိုတစ်နေ့ကလို ပီဇာယူမစားပါနဲ့ဟာ။ ပီဇာမှမဟုတ်
ဘူး၊ ဘာမှယူမစားနဲ့။ နင်စားချင်ရင် မာမီမသိအောင် ယူပြီး ကျွေးပါ့မယ်  ”

“ အေးပါ၊ ငါမလုပ်တော့ပါဘူး။ နင့်မွေးနေ့ကျရင်ဝတ်ဖို့ ဂါဝန်ပြန်ယူလိုက် ”

“ ကျေးဇူးတင်ပါတယ် သျှီ။ နင်နဲ့ငါက ကိုယ်လုံးချင်းရော အရပ်ချင်းရော အတူတူပဲ ”

“ ကေတီ………နင့်မာမီလာနေပြီ…..အိပ်ရာပေါ်တက်တော့။ ငါလည်း သွားတော့မယ် ”


     ကေတီတို့စကားပြောနေစဉ် အခန်းအပြင်ဘက်မှ ခြေသံကြားလိုက်သဖြင့် ကေတီက အိပ်ရာပေါ်သို့ပြေးတက်ပြီး အိပ်ဟန်
ဆောင်လိုက်သလို သျှီကလည်း ရုတ်တရက်ပျောက်ကွယ်သွားလေသည်။ ကေတီ၏ မိခင်က အခန်းတံခါးကို အသာဖွင့်ပြီးဝင်
လာကာ ကေတီ့ကို စောင်ခြုံပေးရင်း ခုတင်ဘေးတွင်ကျနေသည့် ဂါဝန်အဖြူလေးကို ကောက်ယူလိုက်လေသည်။

“ ဒီကလေးမတော့ စိတ်မှန်သေးရဲ့လားမသိပါဘူး ”


      ကေတီ၏မိခင်က ကေတီမကြားစေရန် တီးတိုးပြောဆိုပြီး ကေတီ၏နဖူးကို နမ်းရှိုက်လိုက်သဖြင့်အိပ်ဟန်ဆောင်နေသည့်
 ကေတီ၏မျက်နှာပေါ်တွင် အပြုံးတစ်ချက်လက်ကနဲဖြစ်သွားခဲ့လေသည်။

*******************

“ ဖြည်းဖြည်းလွှဲပါဟဲ့။ ငါပြုတ်ကျတော့မယ်…ခစ်ခစ်….ခစ် ”


       ယခုအိမ်ကြီးသို့ ရောက်စက တစ်ယောက်တည်း ပျင်းရိနေခဲ့သည့် ကေတီသည် ယခုအခါ အဖော်တစ်ယောက်ရှိနေပြီ
ဖြစ်သည့်အတွက် ပျော်ရွှင်နေလေပြီ။ သျှီက ဒန်းကို အားကုန်လွှဲနေသဖြင့် ကေတီတစ်ယောက် အသည်းတလှပ်လှပ်ဖြစ်နေ
သော်လည်း ပျော်ရွှင်နေသည်။


       သျှီနှင့်ကေတီတို့သည် အပေါ်ထပ်မှ အထပ်ခိုးလေးတွင် အတူဆော့ကစားကြသည်။ ဒန်းစီးကြသည်။ တူတူပုန်းတမ်း
ကစားကြသည်။ သျှီက ပစ္စည်းများကို လေပေါ်မြှောက်ပြခြင်း၊ စားပွဲခုံများကို ရွှေ့ပြခြင်းမျိုးလုပ်ပြလျှင် ကေတီ အလွန်သ
ဘောကျသည်။ ကေတီ့မိခင်၏ ဂါဝန်ကို မတော်တရော်ဝတ်ပြီးကပြလျှင် ကေတီ အူလှိုက်သည်းလှိုက် ရယ်မောတတ်သည်
။ သျှီကို မမြင်ရဘဲ ဝါဝန်အောက်အနားက မြေပေါ်ပုံနေပြီး တရွေ့ရွေ့သွားနေသည်ကို ကေတီသဘောကျသည်။ ညအချိန်
ကေတီအိပ်သော်လည်း သျှီကမအိပ်သဖြင့် ကေတီက သျှီဆော့ကစားရန် အရုပ်များကို ဗီရိုထဲသို့ထည့်ပေးထားတတ်သည်။

“ ငါ့မွေးနေ့ကျရင် အဲဒီလိုလုပ်ပြပါလား သျှီ ”

“ နင့်မိဘတွေ ကြောက်ပြီး ထွက်ပြေးကုန်လိမ့်မယ် ”

“ အဲဒါဆိုရင်တော့ မလုပ်ပါနဲ့။ ငါ့မွေးနေ့မှာ နင့်ကို ကိတ်မုန့်ကျွေးမယ်လေ။ စားမယ်မဟုတ်လား ”

“ နင်ကျွေးရင် စားမှာပေါ့ ”

“ ဘယ်ကိုလာပို့ပေးရမလဲ ”

“ ဗီရိုရှေ့မှာ ချထားလိုက် ”

“ အိုခေ……”



                                                             *******************
 

“ ဟက်ပီး ဘတ်ဒေးတူယူ……….”


     မွေးနေ့ဆုတောင်းသီချင်းသံပြီးဆုံးသွားသည့်အခါ ကေတီက မွေးနေ့ကိတ်မုန့်ပေါ်မှ ဖယောင်းတိုင်များကို လေဖြင့်မှုတ်
လိုက်သည်။

“ ဖြောင်း…..ဖြောင်း…ဖြောင်း….”


      မိခင်နှင့် ဖခင်တို့က လက်ခုပ်တီး၍ သြဘာပေးပြီး မွေးနေ့အနမ်းများပေးသော်လည်း ကေတီမပျော်ပါ။ လွန်ခဲ့သည့် မွေး
နေ့များကို ပြန်တမ်းတနေမိသည်။ သူငယ်ချင်းများက မွေးနေ့ဆုတောင်းသီချင်းကို သံပြိုင်သီဆိုကြပြီး မွေးနေ့ကိတ်ကို အလု
အယက်စားသောက်ကြသည့်ပုံရိပ်များအား ကေတီ မေ့မရပါ။ ယခုအိမ်ကြီးတွင် သူငယ်ချင်းအသစ် သျှီ ရှိနေသည်ကိုသိသော်
လည်း သျှီသည် တစ္ဆေဖြစ်နေသည့်အတွက် လူသိခံ၍မဖြစ်ပေ။

“ ကေတီ…….သမီး ဘာဖြစ်နေတာလဲ၊ မွေးနေ့ကိတ်ကို ခွဲတော့လေ ”

“ ဟုတ်ကဲ့ ….ဒယ်ဒီ ”


      ကေတီ၏ဖခင်က မွေးနေ့ကိတ်ကို ပလပ်စတစ်ဓားလေးဖြင့် လှီးနေသည့် ကေတီ့ကိုအသေအချာကြည့်ပြီး ခေါင်းကိုခါ
ယမ်းလိုက်သည်။

“ ကေတီ….မွေးနေ့မှာ ဘာဖြစ်နေတာလဲ ဘေဘီ ”

“ ဘာမှမဖြစ်ပါဘူး ဒယ်ဒီ ”

“ သမီးတစ်ခုခုဖြစ်နေတာ ဒယ်ဒီသိတယ် ”

“ သူငယ်ချင်းတွေကို သတိရလို့ပါ ဒယ်ဒီ ”

“ ဒယ်ဒီနဲ့ မာမီရှိတယ်လေ။ သမီးရဲ့မွေးနေ့ပွဲမှာ ဒယ်ဒီနဲ့မာမီတို့က အဓိကမဟုတ်ဘူးလား ”

“ ………………………. ”

ကေတီက ဖခင်ပြောဆိုနေသည့်စကားကို နားစိုက်ထောင်ရင်း ကိတ်မုန့်ကို လေးစိပ် စိပ်လိုက်သည်။

“ ဒါက ဒယ်ဒီ့အတွက်၊ ဒါက မာမီ့အတွက်၊ ဒါက သမီးအတွက်၊ ဒါက သျှီအတွက် ”

“ ဘယ်လို ကေတီ…..။ သျှီဆိုတာ ဘယ်သူလဲ၊ သမီးရဲ့သူငယ်ချင်းလား ”

“ ………………………… ”

ဖခင်မေးသည့်စကားကို ပြန်မဖြေဘဲ စိပ်ထားသည့် ကိတ်မုန့်များကို ပန်းကန်ပြားထဲသို့ထည့်နေသည်။

“ ကေတီ…ဒယ်ဒီမေးနေတယ်လေ။ သျှီဆိုတာ သမီးရဲ့သူငယ်ချင်းအသစ်လား။ သမီးရဲ့ မွေးနေ့ကို သူလာမှာလား ”

“ ဒယ်နီရယ်…… နောက်မှ ပြောပြမယ် ”

“ ကို နားမလည်တော့ဘူး ဆိုဖီ ”

ကေတီ၏မိခင်ဆိုဖီယာက ခင်ပွန်းဖြစ်သူ ဒယ်နီရယ်ကို ဘာမှမပြောရန် နှုတ်ခမ်းပေါ်တွင် လက်ညှိုးထောင်ပြလိုက်သည်။

“ ရော့…..ဒယ်ဒီ….။ ဒယ်ဒီ့အတွက် ”

“ ကျေးဇူး ကေတီ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ ”

“ ရော့…မာမီ….”

“ ဝိုး……..။ ကျေးဇူးအများကြီးတင်ပါတယ် ကေတီ ”

“ ခဏလေးနော်……….”


       ကိတ်မုန့်ပန်းကန်ကို လက်တွင်ကိုင်ပြီး အပေါ်ထပ်သို့ တက်သွားသည့် ကေတီကို ဖခင်ဖြစ်သူ ဒယ်နီရယ်က နားမလည်
သလိုကြည့်ပြီး ဇနီးဖြစ်သူ ဆိုဇီယာကို ဘယ်လိုလဲဟူသည့်သဘောဖြင့် မျက်ခုံးပင့်ပြလိုက်သည်။

“ ကျွန်မလည်း ရှင့်ကိုပြောမလို့ပဲ ဒယ်နီရယ် ”

“ ဘာပြောမလို့လဲ ဆိုဖီ ”

“ အခုတလော ကေတီ့ကိုကြည့်ရတာ စိတ်သိပ်မမှန်သလိုပဲ ”

“ ဘယ်လို ”


“ ဟုတ်တယ် ဒယ်နီရယ်။  သူငြိမ်နေလို့ စိတ်မချတာနဲ့ ကျွန်မသွားခြောင်းကြည့်ရင် အပေါ်ထပ်ခိုးမှာ တစ်ယောက်တည်း
အရုပ်တွေနဲ့ကစားပြီး စကားတွေပြောနေတယ် ”

“ ကလေးတွေက ဒီလိုပဲလေ။ အရုပ်တွေကို သက်ရှိလိုသဘောထားပြီး ဆော့တတ်ကြတာပဲ ဆိုဖီ။ ဘာထူးဆန်းလို့လဲ ”


“ မဟုတ်ဘူး ဒယ်နီရယ်။ အရုပ်တွေနဲ့ စကားပြောနေတာမဟုတ်ဘူး။ တစ်ယောက်ယောက်နဲ့ စကားပြောနေတာ။ သူပြော
ပုံဆိုပုံက သူငယ်ချင်း အချင်းချင်းပြောသလိုပြောနေတာ။ သူပြောတာကို ကျွန်မပြောပြမယ် ”

ဆိုဖီယာက ဒယ်နီရယ်အား ကေတီဂါဝန်ပျောက်သည့်အကြောင်းမှစတင်ပြီး အလုံးစုံပြောပြလိုက်လေသည်။

“ သူ့ဂါဝန်ကို ခုတင်ဘေးမှာတွေ့လို့ ကျွန်မကောက်လာပြီး သိမ်းခဲ့တာ ”

“ ကိုယ့်အထင်တော့ သူငယ်ချင်းတွေနဲ့မတွေ့ရဘဲ တစ်ယောက်တည်းနေရတာများလို့ စိတ်ဝေဒနာခံစားတာများလား ”

“ ကျွန်မလည်း မပြောတတ်ဘူး ဒယ်နီရယ်။ ကောင်းတာက ဆရာဝန်နဲ့ပြပြီး တိုင်ပင်သင့်တယ်လို့ထင်တာပဲ ”

“ မလောနဲ့ဦး ဆိုဖီ။ ကိုယ်တို့တွေ စောင့်ကြည့်ကြတာပေါ့ ”

“ ကျွန်မ စဉ်းစားထားတာတစ်ခုရှိတယ် ”

“ ဘာများလဲ ဆိုဖီ ”


“ ရှေ့နှစ်မှ ကျောင်းတက်ရမှာဆိုတော့ အခုနှစ်မှာ သူ့ကိုစောင့်ရှောက်ဖို့ အမျိုးသမီးတစ်ယောက် ခေါ်ထားရင် မကောင်းဘူး
လား။ အဖော်ရှိနေရင် သူလည်း အဆင်ပြေသွားမယ်ထင်တယ် ”


“ အင်း…..မင်းပြောတာလည်း ကောင်းတာပဲ။ မနက်ကနေ ညနေအထိခေါ်ထားမလား။ မင်းအလုပ်ကပြန်လာတဲ့အချိန်
သူပြန်ပေါ့ ”


“ အဲဒီလိုကျတော့လည်း လစာပေးရတာသိပ်မကွာဘူး ဒယ်နီရယ်။ သွားတဲ့လာတဲ့ခရီးနဲ့ လမ်းမှာတင် အချိန်ကုန်မယ်။ ညပါ
အိပ်ခိုင်းပြီး စနေတနင်္ဂနွေရုံးပိတ်ရက်ကျတော့ သူ့ကိုလည်း နားရက်ပေးလိုက်တာပေါ့  ”

“ မဆိုးပါဘူး။ အဲဒီအစီအစဉ်ကောင်းသားပဲ။ အသက်ဘယ်အရွယ်လောက်ခေါ်မယ်လို့ စဉ်းစားထားသလဲ ”


“ ကျွန်မကတော့ အသက်နှစ်ဆယ်ကျော်လောက်လိုချင်တယ်။ ကေတီနဲ့လည်း ကူပြီးဆော့ပေးလို့ရတယ်။ စာလည်းသင်
ပေးနိုင်မယ့် မိန်းကလေးပေါ့ ဒယ်နီရယ် ”


“ ဘွဲ့ရပြီး အလုပ်ရှာနေတဲ့ ဒီနိုင်ငံကမိန်းကလေးတွေကတော့ ဒီလိုအလုပ်မျိုးလုပ်မှာမဟုတ်ဘူး။ မက္ကှဆီကိုဘက်က ခိုးဝင်
လာတဲ့ မိန်းကလေးတွေဆိုရင်တော့ ဖြစ်နိုင်တယ်။ အဲဒီအထဲမှာ ဘွဲ့ရပညာတတ်တွေပါတယ်။ လစာလည်း အများကြီးပေး
စရာမလိုဘူး ဆိုဖီ ”

“ ဒါဆို သတင်းစာကနေ ကြော်ငြာလိုက်ရမလား ”

“ မင်းသဘောပဲဆိုဖီ။ ကေတီ့အတွက် အဆင်ပြေဖို့ အဓိကပဲ ”

“ အိုကေလေ။ ကျွန်မ စီစဉ်လိုက်မယ် ”

“ ကေတီ ဘာလုပ်သလဲလို့ ကိုယ်အပေါ်ကို တက်ကြည့်လိုက်ဦးမယ် ”

“ ကျွန်မလည်း လိုက်မယ် ”


        ဒယ်နီရယ်နှင့် ဆိုဖီယာတို့နှစ်ယောက်ခြေသံမကြားအောင် အပေါ်ထပ်သို့တက်လာကြပြီး ကေတီ့အိပ်ခန်းတံခါးကို
အသာဟကြည့်လိုက်သည်။

“ ဒီနေ့ည ငါ့ကို ကပြရမယ်နော်။ သီချင်းလည်းဆိုပြရမယ်။ နေဦး…..ဘယ်သွားမလို့လဲ…ဟေး….သျှီ…နေဦးလေ ”


      အဝတ်ဗီရိုရှေ့တွင် တစ်ယောက်တည်းစကားပြောနေသည့် ကေတီ့ကိုမြင်လိုက်သည့်အခိုက် ကေတီ၏ဖခင် ဒယ်နီရယ်
တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားလေသည်။ ကေတီအား ယခုလိုဖြစ်နေလိမ့်မည်ဟု ဒယ်နီရယ် မထင်မှတ်ခဲ့ပေ။
ကလေးသဘာဝ အရုပ်များကို သက်ရှိကဲ့သို့သဘောထားပြီး စကားပြောဆိုသည်ဟုသာ ထင်မှတ်ထားခဲ့သည်။ ယခုတော့
 ကေတီသည် ဒယ်နီရယ်ထင်မှတ်ထားသလိုမဟုတ်ဘဲ ဗီရိုရှေ့တွင် ကိတ်မုန့်ပန်းကန်ချကာ တစ်ယောက်တည်းစကားပြော
ဆိုနေလေပြီ။

“ ဘေဘီ……….”

“ ဟင်….ဒယ်ဒီ……”


“ ဂျိမ်း…….”
 
        အနောက်မှ ခေါ်လိုက်သံကြောင့် ကေတီ အထိတ်တလန့်ဖြစ်သွားပြီး လှည့်ကြည့်ကာ ဗီရိုတံခါးကို အမြန်ပိတ်လိုက်
သည်။

“ ဘာလုပျနတောလဲ ကတေီ ”

“ ဘာမှမလုပ်ပါဘူး ဒယ်ဒီ ”

“ ဒယ်ဒီ့ကို မှန်မှန်ပြောပါ ကေတီ ”

“ သမီးရဲ့ သူငယ်ချင်းကို ကိတ်မုန့်ကျွေးရင်း စကားပြောနေတာ ”

“ ဟုတ်လား…..သမီးရဲ့သူငယ်ချင်းကဘယ်မှာလဲ ”

“ ပြမယ်………..”

ကေတီက ဗီရိုတံခါးကို ပြန်ဖွင့်လိုက်ပြီး ဗီရိုထဲမှ ဘာဘီရုပ်တစ်ရုပ်ကို ယူပြလိုက်သည်။


“ ဝိုး..သမီးရဲ့သူငယ်ချင်းနဲ့ စကားပြောနေတာလား။ ဟယ်လို...ဘာဘီ၊ မင်းက ကေတီရဲမွေးနေ့ကို လာတာလား။ ကြိုဆို
ပါတယ် ဘာဘီ….”


         ဒယ်နီရယ်က ကေတီ့လက်ထဲမှ ဘာဘီအရုပ်မလေးကို လက်ပြနှုတ်ဆက်ပြီး ဆိုဖီယာကို မျက်ရိပ်ပြကာ အခန်းထဲမှ
ထွက်သွားလေတော့သည်။  


                       
                                                             *******************
 
 
       ကေတီ့အတွက် အဖော်အဖြစ်ခေါ်ပေးထားသည့် မက္ကစီကန်အမျိုးသမီးလေးဆယ်လ်ဗီယာသည် သဘောမနောကောင်း
ပြီး ကေတီ့ကိုလည် ဂရုစိုက်ရှာသည်။ သို့သော်လည်း ကေတီက ဆယ်လ်ဗီယာကို သဘောမကျပါ။ ဆယ်လ်ဗီယာရောက်လာ
သည့်အတွက် သျှီနှင့် ဆော့ကစားရသည်မှာ အဆင်မပြေတော့ပါ။ သျှီကလည်း ဆယ်လ်ဗီယာကို မနှစ်သက်ပါ။ ဆယ်လ်ဗီယာ
က ကေတီ့ကို သီချင်းဆိုပြသည်။ စာသင်ပေးသည်။ အတူဆော့ကစားပေးသည်။ ဆယ်လ်ဗီယာရှိနေသဖြင့်သျှီနှင့် ကေတီတို့
အရင်လိုအတူဆော့ကစားဖို့မဖြစ်နိုင်တော့ပေ။ ကေတီ အိပ်မည့်အချိန်အထိ ဆယ်လ်ဗီယာက ကေတီ၏အနီးတွင် အချိန်ပြည့်
ရှိနေတတ်သည်။ ကေတီက အိပ်ပျော်ချင်ယောင်ဆောင်ပြီး ဆယ်လ်ဗီယာအိပ်သည့်အချိန်မှ အခန်းတံခါးကို ချက်ချကာ သျှီနှင့်
အတူ ဆော့ကစားကြသည်။


     တစ်ညလုံးဆော့ကစားပြီး မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွား၍ အခန်းချက်ကို ပြန်မဖွင့်မိပါက သျှီက သတိထားပြီးပြန်
ဖွင့်ပေးထားရသည်။ မနက်မိုးလင်း၍ ကေတီ အိပ်ရာမှမထသေးလျှင် ဆယ်လ်ဗီယာက အခန်းတံခါးဖွင့်ကြည့်တတ်သော
ကြောင့်ဖြစ်ပေသည်။ ရုံးဖွင့်ရက်များတွင် ဆယ်လ်ဗီယာရှိနေသဖြင့် လွတ်လွတ်လပ်လပ်ဆော့ကစား၍ မရနိုင်သလို၊ ရုံးပိတ်
ရက်များတွင်လည်း ကေတီ၏မိဘများရှိနေပြန်သဖြင့် သျှီနှင့်ကေတီတို့ လွတ်လွတ်လပ်လပ် ဆော့ကစား၍ မရပေ။


      အခန်းထဲတွင် ဆော့ကစား၍အသံထွက်လျှင်လည်း ဆယ်လ်ဗီယာကြားသွားမည်စိုးသဖြင့် သျှီနှင့်ကေတီတို့အနေကျဉ်း
ကျပ်ခဲ့သည်။


“ ဆယ်လ်ဗီယာကို ငါအရမ်းမုန်းတယ်။ ငါ့ဒယ်ဒီက ငါ့ကိုစောင့်ရှောက်ဖို့ဆိုပြီး ကက်သရင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်
ခေါ်လာတယ်။ အဲဒီအမျိုးသမီးမက ငါ့မာမီထက်လှတယ် ကေတီ။ အခု ဆယ်လ်ဗီယာလည်း သူ့လိုပဲ။ ဆယ်လ်ဗီယာက
နင့်မာမီထက်လှတယ်။ အသက်လည်းအရမ်းငယ်တယ်။ အသားအရေက ကျစ်လစ်တယ်။ ငါတို့လို မှဲ့ခြောက်တွေနဲ့အသား
အရေမျိုးမဟုတ်ဘူး ကေတီ။ ကက်သရင်း ငါတို့ဆီရောက်ခါစက အသက်သုံးဆယ်ကျော်နေပြီ။ ဆယ်လ်ဗီယာက အသက်
နှစ်ဆယ်ကျော်လေးရှိသေးတယ်”


       သျှီပြောသမျှစကားကို အသေအချာနားထောင်ပြီး ကေတီ ခေါင်းကိုတွင်တွင်ယမ်းလိုက်သည်။ မိခင်နှင့်ဖခင်တို့ကို မပြို
ကွဲစေချင်ပါ။ သျှီပြောသကဲ့သို့ ဆယ်လ်ဗီယာသည် မိခင်ထက်လှပကြောင်း ကေတီသိနေပါသည်။

“ ဟုတ်တယ်။ သူရှိနေတော့ ငါတို့ ကောင်းကောင်းမကစားရဘူး ”

“ သူမနေနိုင်အောင် ငါလုပ်လိုက်ရမလား ”

“ လုပ်ချင်လုပ်လိုက်လေ။ သူမရှိရင် ငါတို့နှစ်ယောက် အေးအေးဆေးဆေး ကစားလို့ရပြီ ”

“ ငါတကယ်လုပ်မှာ ကေတီ ”

“ ငါ ဘာကူညီပေးရမလဲ ”

“ နင့်ကိုယ်ထဲကို ငါဝင်ချင်တယ် ”

“ ဘာလုပ်ဖို့လဲ။ ငါ့ကိုယ်ထဲကို နင်ဝင်သွားရင် ငါက ဘယ်နေရာမှာနေရမှာလဲ ”


“ နင်က ဘယ်မှသွားစရာမလိုပါဘူး။ နင့်ကို ဘယ်သူမှလည်း မမြင်နိုင်ဘူး ကေတီ။ ဆယ်လ်ဗီယာကို နှင်ထုတ်ပြီးရင် နင်နဲ့ငါ
နေရာချင်းပြန်လဲမယ် ”

“ ဒါဆို ငါက နင့်လိုဖြစ်သွားတာပေါ့ ”

“ ဟုတ်တယ် ကေတီ။ ငါကလွဲရင် နင့်ကို ဘယ်သူမှ မမြင်ရတော့ဘူး ”


     သျှီကဲ့သို့ ကိုယ်ဖျောက်နိုင်တော့မည်ဖြစ်သောကြောင့် ကေတီသဘောကျသွားပြီး သျှီပြောသည့်စကားကို သဘောတူလိုက်
လေသည်။

“ အိုကေ…..ဘယ်တော့စမှာလဲ ”


“ နေ့လည်ကျမှ ကေတီ။ ငါပြောတဲ့အချိန်မှာ နင်က အိပ်ရာပေါ်မှာပက်လက်လှန်ပြီး မျက်လုံးမှိတ်ထား။ စိတ်ကိုလျှော့ထား။
အိပ်ချင်လည်း အိပ်နေလိုက် ”

“ ငါ ဘာမှမဖြစ်ပါဘူးနော် ”

“ ငါ့ကိုယုံပါ ကတေီ ”

“ ယုံပါတယ်။ နင်ပြောသလို လုပ်ပါ့မယ် ”

“ အိုကေ…..”

*******************



      နေ့လည်စာ စားသောက်ပြီး ပန်းကန်ဆေးနေသည့် ဆယ်လ်ဗီယာ၏အနီးမှ ပန်းကန်တစ်ချပ်က လေထဲသို့မြောက်တက်
သွားပြီး ကြမ်းပြင်ပေါ်သို့ကျကာ အစိပ်စိပ်အမွှာမွှာ ကွဲသွားလေသည်။

“ အိုး…….ဘုရားသခင် ”


      မထင်မှတ်သည့် မြင်ကွင်းကြောင့် ဆယ်လ်ဗီယာက ရင်ဘတ်ကိုဖိကာ ကျကွဲသွားသည့်ပန်းကန်ကို စိုက်ကြည့်နေသည်။
ထိုအချိန်တွင် မီးဖိုဆောင်မှ ဗီရိုတံခါးများ ရုတ်တရက်ပွင့်သွားပြီး ဆင်နားရွက်ကဲ့သို့ တဖျပ်ဖျပ်ရိုက်ခတ်နေကြသည်။

“ အိုး…….ဘုရားရေ……”


     မီးဖိုဆောင်ထဲမှ ဆယ်လ်ဗီယာ ထွက်ပြေးရန်ပြင်လိုက်စဉ် လူတစ်ယောက်က လွှဲပစ်နေသကဲ့သို့ ပန်းကန်ပြားများက လေ
ထဲတွင်ပျံဝဲ၍ နံရံဆီသို့ပြေးသွားပြီး နံရံနှင့်ထိမှန်ကာ ကွဲကြေသွားကြလေသည်။

“ ခွမ်း……ချွမ်း…..”


      ထိတ်လန့်ဖွယ်ရာမြင်ကွင်းကြောင့် ဆယ်လ်ဗီယာ သွေးပျက်မတတ် ကြောက်လန့်ကာ ဖီးဖိုဆောင်ထဲမှပြေးထွက်ပြီး ကေ
တီ၏အိပ်ခန်းဆီသို့ တက်ပြေးလာခဲ့သည်။

“ ဒုန်း….ဒုန်း…ဒုန်း….”

“ ကေတီ……ကေတီ……အိပ်ခန်းထဲက မြန်မြန်ထွက်။ တို့တွေ ပြေးကြမယ်…ကေတီ….”

ကေတီ၏အခန်းတံခါးကို တွန်းဖွင့်သော်လည်း ပွင့်မသွားသဖြင့် တံခါးကိုထုနှက်ကာ ကေတီ့ကို ခေါ်နေလေသည်။

“ ကေတီ…..တံခါးအမြန်ဖွင့်ပါ ……ကေတီ….”


      တံခါးကို အတင်းတွန်းဖွင့်လိုက်စဉ် တံခါးက အလိုလိုပွင့်သွားသဖြင့် အရှိန်လွန်ကာ ကေတီ၏အခန်းထဲသို့ တလိမ့်ခေါက်
ကွေးဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။

“ အိုး……..ဘုရားသခင် ကယ်တော်မူပါ….”


      ခုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လေထဲသို့မြောက်တက်နေသည့် ကေတီကိုမြင်လိုက်ရသဖြင့် ဆယ်လ်ဗီယာ
ထိတ်လန့်သွားလေသည်။

“ ကေ…ကတေီ……..”

“ ဆယ်လ်….ဗီ….ယာ……..”


      ကေတီ့ထံမှ ထွက်ပေါ်လာသည့်အသံသည် ကေတီ၏အသံမဟုတ်ဘဲ အမျိုးသမီးကြီးတစ်ယောက်၏ အသံမျိုးဖြစ်နေလေ
သည်။ ကေတီ့ကို ကြောက်ကြောက်လန့်လန့်နှင့်ကြည့်နေစဉ်မှာပင် ကေတီ၏ခန္တာကိုယ်က ပက်လက်အနေအထားမှ မတ်တပ်
ရပ်လျက်အနေအထားသို့ပြောင်းသွားပြီး လေထဲတွင်ရပ်ကာ စူးစူးစိုက်စိုက်ကြည့်နေသဖြင့် လဲကျနေရာမှအမြန်ထကာ
အောက်ထပ်သို့ ဆင်းပြေးလေတော့သည်။

“ ဆယ်လ်…ဗီ….ယာ………”


       အနောက်သို့ ဆယ်လ်ဗီယာ လှည့်မကြည့်ရဲပါ။ လေထဲတွင်မြောက်တက်နေသည့် ကေတီက အနောက်မှ ထပ်ချပ်မကွာ
လိုက်လာနေသည်ကို ဆယ်လ်ဗီယာသိနေသည်။

“ ဂျိမ်း…….”


       အိမ်ရှေ့တံခါးမကြီးက အလိုလိုပွင့်သွားသဖြင့် အိမ်အပြင်ဘက်သို့ပြေးထွက်သွားလေသည်။ အိမ်အပြင်သို့ ဆယ်လ်ဗီ
ယာ ရောက်သွားသည်နှင့် အိမ်ရှေ့တံခါးက ပြန်ပိတ်သွားလေတော့သည်။


 
                                                             *******************



“ ကျွီ…………..”


       အိမ်ရှေ့သို့အရှိန်ဖြင့်ထိုးဆိုက်လာသည့်ကားသံကြောင့် ကေတီနှင့် သျှီတို့ ပြူတင်းပေါက်သို့ပြေးကာ လိုက်ကာကိုဆွဲဖွင့်
လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ ကားထဲမှ စိတ်ဆိုးမာန်ဆိုးဖြင့်ထွက်လာပြီး အပေါ်သို့မော့ကြည့်နေသည့်မိခင်ကို
မြင်လိုက်သဖြင့် ကေတီ ကြောက်လန့်သွားလေသည်။

“ ဘုရားရေ……မာမီပြန်လာပြီ။ ငါ့ကို နေရာပြန်လဲပေးတော့ ”

“ ခဏလေးနေပါဦး။ နင့်အမေ စိတ်ဆိုးနေတယ်။ ငါထင်တာတော့ ဆယ်လ်ဗီယာက နင့်အမေကို ပြောလိုက်ပြီထင်တယ် ”

“ ငါ့ကို မာမီဆူတော့မယ်။ ဘယ်လို လုပ်ကြမလဲ။ ငါ့ကို နေရာမြန်မြန်လဲပေးပါ ”

“ နင်အသာလေးနေ။ ငါရှင်းပေးမယ် ”

ခဏအကြာတွင် အိမ်တံခါးဆောင့်ဖွင့်သံနှင့်အတူ ကျယ်လောင်သည့် ဒေါက်ဖိနပ်သံကိုကြားလိုက်ရသည်။

“ ကတေီ……ကတေီ……”


     ဆိုဖီယာက အိမ်ပေါ်ထပ်သို့တက်မည်ဟန်ပြင်လိုက်စဉ် အပေါ်ထပ် လှေကားထိပ်တွင်ရပ်နေသည့် ကေတီကိုမြင်တွေ့လိုက်
ရသဖြင့် ကိုယ်ရှိန်သတ်ကာ ရပ်တန့်လိုက်သည်။

“ မာမီ…………”

“ ကေတီ….ဆယ်လ်လ်ဗီယာကို ဘယ်လိုလုပ်လိုက်တာလဲ ”

“ ကေတီ ဘာမှမလုပ်ပါဘူး မာမီ ”

“ မာမီ့ကို မညာနဲ့။ မာမီ့ကို ဆယ်လ်ဗီယာ ဖုန်းဆက်ပြီးပြီ ”

“ ကတေီ တကယျ မညာပါဘူး ”

“ ကေတီ………..။ သမီး တစ်ခုခုဖြစ်နေတယ်ဆိုတာ မာမီသိတယ် ”

“ မာမီ………”


      လှေကားထစ်ကို တစ်ထစ်ချင်းနင်းပြီး ဆင်းလာနေသည့် ကေတီကို ကြည့်ကာ ဆိုဖီယာက နောက်သို့ တစ်လှမ်းချင်း
ဆုတ်လိုက်သည်။

“ အဲဒီမှာပဲ ရပ်နေပါ ကေတီ ”

“ မာမီဆီကို မလာရဘူးလား ”

“ မာမီပြောနေတယ်။ အဲဒီမှာပဲ ရပ်နေပါ ”

“ ကေတီက ဘာဖြစ်နေလို့လဲ မာမီ ”

“ ဆယ်လ်ဗီယာကို ဘယ်လိုလုပ်ပြလိုက်သလဲဆိုတာ သမီးကိုယ်သမီးသိမှပေါ့ ”

“ မာမီ…..ဆယ်လ်ဗီယာက မာမီ့ကိုဘာပြောလို့လဲ။ သမီး သူ့ကို ဘာမှမလုပ်ခဲ့ပါဘူး ”


       ဆိုဖီယာက ကေတီမေးသည့်မေးခွန်းကို ပြန်မဖြေဘဲ မီးဖိုဆောင်သို့သွားကာ စစ်ဆေးလေသည်။ မီးဖိုဆောင်ထဲတွင်ပန်း
ကန်များကွဲထားသည့် အစအနများကို မမြင်တွေ့ရသည့်အပြင် အိုးခွက်ပန်းကန်များက နေသားတကျရှိနေသဖြင့်စဉ်းစားမရ
နိုင်အောင်ဖြစ်သွားခဲ့လေသည်။

“ ကတေီ….”

“ မာမီ…..”

“ ဆယ်လ်ဗီယာကို ဘာမှမလုပ်ခဲ့တာ သေချာလား ”

“ ကေတီ နေ့လယ်စာစားပြီးကတည်းက အခန်းထဲမှာရှိနေတယ်မာမီ။ ကေတီ ဘာမှမသိဘူး။ ကျိန်ပြောရဲပါတယ် ”


“ အိုကေလေ။ ဘာမှမလုပ်ခဲ့ရင် ပြီးတာပဲ။ အလုပ်မလုပ်ချင်တော့လို့ အကြောင်းပြပြီး ထွက်သွားတာဖြစ်မှာပေါ့။ မာမီ အလုပ်
ကို ပြန်သွားဦးမယ်။ ကောင်းကောင်းနေနော် ”

“ ဟုတ်ကဲ့ မာမီ ”


       ဆံပင်ကို ပွတ်သတ်ကာထွက်သွားသည့် ဆိုဖီယာ၏ကျောပြင်ကိုကြည့်ပြီး ကေတီ၏မျက်နှာပေါ်တွင် ပြုံးယောင်သမ်း
သွားလေသည်။

“ မာမီ သွားပြီလား ”

“ သွားပြီ ”

“ ငါ့ကို နေရာပြန်လဲပေးလေ ”

“ လဲပေးမယ်။ အပေါ်ထပ်ကို သွားကြမယ် ကေတီ ”

*******************


      စနေနေ့နေ့မနက်တွင် ကေတီ၏ဖခင် ဒယ်နီရယ်နှင့်အတူ ကေတီချစ်သော၊ ကေတီ့ကိုချစ်သည့် ဘွားဘွားကက်သရင်း
ရောက်လာခဲ့သည်။

“ ကေတီ…….၊ ဘေဘီရေ…ဧည့်သည်လာတယ်။ ဘယ်သူလဲဆိုတာ လာကြည့်ဦး ”


      အိမ်အောက်ထပ်မှ မိခင်ဆိုဖီယာ၏ခေါ်သံကြောင့် အိပ်ခန်းထဲမှ အောက်ထပ်သို့ဆင်းပြေးလာပြီး ဖခင်ဒယ်နီရယ်နှင့်အတူ
ပါလာသည့်ဧည့်သည်ကို မြင်လိုက်ရသည့်အခါ ကေတီ ဝမ်းသာလွန်း၍ ခုန်ပေါက် အော်ဟစ်လိုက်လေသည်။

“ ဘွားဘွား……”

“ ဘွားမြေးလေး….နေကောင်းတယ်နော် ”

“ နေကောင်းတယ် ဘွားဘွား ”

“ မြေးလေးကြိုက်တဲ့ ကွတ်ကီတွေ ဘွားဘွားယူလာတယ် ”

“ ယေး…….”

“ သမီး….ဒယ်ဒီ့ကိုလည်း နှုတ်ဆက်လိုက်ဦးလေ ”

“ မောနင်း ဒယ်ဒီ ”

“ မောနင်း ဆွိတီ ”

“ မာမီ ….. ဧည့်ခန်းမှာ ထိုင်ပါဦး ”

“ ထိုင်ပါ့မယ် ဆိုဖီယာရယ်။ ဒီအိမ်ကိုမရောက်တာ အိမ်ပြန်ဆောက်ပြီးကတည်းကဆိုတော့ အတော်ကြာခဲ့ပြီပဲ ”

“ ဘယ်နှစ်နှစ်လောက်ရှိပြီလဲ မာမီ ”

“ နှစ်ပေါင်း သုံးဆယ်လောက်ရှိရောပေါ့ ”

“ အတော်ကြာပြီပဲ ”


“ ဟုတ်တယ်။ တိုနီက ဒီနေရာကို ပြန်မလာချင်တော့လို့ ကန်ထရိုက်နဲ့ပဲ အိမ်ဆောက်တယ်။ အိမ်ဆောက်ပြီးတော့ မရောင်း
ဘဲပစ်ထားခဲ့တယ်။ မာမီက အလကားထားမယ့်အတူတူ အိမ်ငှားဖို့ပြောတော့မှ အိမ်ငှားဖြစ်တယ် ”

“ ဘွားဘွား……ဒီအိမ်က ဘွားဘွားရဲ့အိမ်လား ”

“ ဘွားဘွားရဲ့အိမ်တော့မဟုတ်ပါဘူး၊ သမီးရဲ့ဘိုးဘိုး တိုနီရဲ့အိမ်ပါ ”


      ဘွားဘွားကက်သရင်းပြောသမျှကို တအံ့တသြနားထောင်နေရာမှ အပေါ်ထပ်သို့တက်သည့် လှေကားကို အမှတ်မထင်
လှမ်းကြည့်လိုက်သည်။ သျှီကို မတွေ့ရသဖြင့် ကေတီ စိတ်သက်သာရာရသွားခဲ့သည်။ ဘွားဘွားကက်သရင်းသည် သျှီ ပြော
သည့် ကက်သရင်းသာဖြစ်ခဲ့မည်ဆိုပါက သျှီသည် ဘွားဘွားကက်သရင်းကို အန္တရာယ်ပေးတော့မည်ဟုတွေးမိပြီးကေတီ စိုး
ရိမ်နေမိသည်။

“ ဘွားဘွား……သမီး အပေါ်ထပ်မှာ သွားကစားလိုက်ဦးမယ်နော် ”

“ ကေတီ…ဘွားဘွားကက်သရင်းရောက်တုန်း စကားပြောပါလား ”

“ သူ့ဟာသူကစားပါစေ ဆိုဖီယာ။ တနင်္လာနေ့မနက်မှ ဒယ်နီရယ်နဲ့အတူပြန်မှာ။ အချိန်တွေရှိပါသေးတယ် ”


      ကေတီက ဘွားဘွားကက်သရင်း၏ပါးကို နမ်းလိုက်ပြီး အိမ်ပေါ်ထပ်သို့ ပြေးတက်သွားလေသည်။ အပေါ်ထပ်သို့ ရောက်
ရောက်ချင်း အိပ်ခန်းထဲသို့ ပြေးဝင်ပြီး သျှီကို တိုးတိုးလေး ခေါ်လိုက်သည်။

“ သျှီ……..ဘယ်မှာလဲ ”

“ ငါ အထပ်ခိုးပေါ်မှာ ”

“ ငါ လာလို့ရမလား ”

“ ရတယ်လေ ”


      အထပ်ခိုးပေါ်သို့ ကေတီ တက်သွားသည့်အခါ ကေတီ့ဆီသို့လျှောက်လာပြီးလက်ထောင်ပြနေသည့် ဘာဘီအရုပ်မလေးကို
မြင်တွေ့လိုက်ရသဖြင့် ကေတီ သဘောကျသွားသည်။

“ သျှီ……….နင် အရုပ်ထဲမှာလား ”

ဘာဘီအရုပ်မလေးက ခေါင်းကို ဘယ်ညာလှည့်ပြလိုက်သည်။

“ အရုပ်ထဲမှာမဟုတ်ရင် ဘယ်မှာလဲ ”

“ ငါ ဒီမှာ ”

အသံကြားရာသို့ ကြည့်လိုက်သည့်အခါ မျက်နှာကျက်ပေါ်တွင် တွယ်ကပ်နေသည့် သျှီကိုရေးရေး မြင်လိုက်ရသည်။

“ နင် ဘာလုပ်နေတာလဲ သျှီ ”

“ ပျင်းလို့ ”

“ ငါနဲ့ လာကစားလေ ”

သျှီက မျက်နှာကျက်ပေါ်မှ ညင်သာစွာဆင်းလာပြီး ကေတီ့အနားတွင် ရပ်လိုက်သည်။

“ အောက်မှာ ဧည့်သည်ရောက်နေတယ်မဟုတ်လား ကေတီ ”

“ ဧည့်သည်မဟုတ်ပါဘူး။ ငါ့အဘွားပါ ”

“ နင့်အဘွားနဲ့အတူနေပေးလိုက်ပါ။ ငါက အရေးမကြီးပါဘူး ”

“ ရပါတယ်။ ငါ့ အဘွားက တနင်္လာနေ့မှပြန်မှာ။ အဘွားရှိနေတဲ့အချိန် ငါ့အခန်းထဲကနေ ဘယ်မှမသွားနဲ့နော် ”

“ နင့်အဘွားကို ငါမြင်ဖူးချင်တယ် ကေတီ ”


      သျှီပြောလိုက်သည့် စကားကိုကြားလိုက်ရသည့်အခါ ကေတီ အလန့်တကြားဖြစ်သွားလေသည်။ ဘွားဘွားကက်သရင်း
သည် သျှီပြောသည့် နာမည်နှင့်ဆင်တူရုံသာမက ယခုအိမ်အကြောင်းကိုလည်း ပြောပြနိုင်သဖြင့် ကေတီ စိုးရိမ်နေမိသည်။
 ဘွားဘွားကက်သရင်းနှင့် ပေးမတွေ့ဟုပြောလျှင်လည်း သျှီက မည်သည့်နေရာကိုမဆို အလွယ်တကူသွားရောက်နိုင်သူဖြစ်
သောကြောင့် တား၍ရနိုင်မည် မဟုတ်ပေ။ အတင်းအကျပ်တားမြစ်လျှင်လည်း သံသယက ပိုကြီးထွားလာပေလိမ့်မည်။

“ သျှီ…..ငါ့ရဲ့ ဂါဝန်အဖြူလေးကိုကြိုက်ရင် နင်ပဲယူလိုက်တော့လေ ”

“ တကယ်ပြောတာလား ကေတီ ”

“ တကယ်ပြောတာ။ နင်ကြိုက်ရင်ယူလိုက်လေ ”

“ နင့်မာမီမေးရင် ဘယ်လိုပြောမလဲ ”

“ မွေးနေ့မှာဝတ်ပြီးပြီပဲ။ နောက်တော့ မေ့သွားမှာပေါ့ ”

“ အဲဒီဂါဝန်လေးကို ငါကြိုက်တယ်။ ငါယူလိုက်တော့မယ် ”

စကားလမ်းကြောင်းလွှဲလိုက်နိုင်သဖြင့် စိတ်သက်သာရာရသွားသော်လည်း ကံကြမ္မာက ကေတီ့ဘက်သို့ ပါမလာခဲ့ပါ။

“ ဒေါက်…ဒေါက်…ဒေါက်…. ဘွားရဲ့မြေးလေး……….”


      အခန်းတံခါးခေါက်သံနှင့်အတူ ဘွားဘွား ကက်သရင်းက အခန်းထဲသို့ဝင်လာသဖြင့် ကေတီ မျက်စိမျက်နှာပျက်ပြီး ဘွား
ဘွား ကက်သရင်းကို အပြင်သို့ ဆွဲခေါ်ထုတ်သွားလေသည်။

“ ဘွားဘွား……လာ….သမီးအခန်းက ရှုပ်ပွနေတယ် ”


     ဘွားဘွားကက်သရင်းကို အခန်းထဲမှဆွဲခေါ်ထုတ်ရင်း သျှီကို လှည့်ကြည့်လိုက်သည့်အခါ သျှီ၏မျက်နှာပေါ်တွင် အံ့သြ
ခြင်း၊ ထင်မှတ်မထားခြင်းများဖြင့် ပြည့်နှက်နေကြောင်း ကေတီ သတိထားလိုက်မိသည်။ သျှီ ပြောခဲ့သည့် ကက်သရင်းဆို
သည့်အမျိုးသမီးသည် ဘွားဘွား ကက်သရင်းသာဖြစ်နိုင်သည်ဟု ကေတီ နားလည်လိုက်မိလေသည်။



                                                             *******************

“ ကျွီ…..ကျွီ…….”


     အိမ်သာတက်နေရင်းမှ တစ်စုံတစ်ခုကို ကုန်ခြစ်နေသည့်အသံကိုကြားလိုက်ရသဖြင့် အသံကြားရာကို လိုက်ရှာနေသည့်
ကက်သရင်းအား ဒေါသစွက်နေသည့်မျက်လုံးများဖြင့်ကြည့်နေသည့် သျှီက လက်ဆေးဘေစင်ပေါ်မှ ကြည့်မှန်ကို လက်သည်း
ဖြင့် ထပ်မံကုတ်ခြစ်လိုက်သည်။

“ ကျွီ…ကျွီ….”


     ကက်သရင်းသည် တော်ရုံဖြင့်ကြောက်လန့်တတ်သူမဟုတ်ကြောင်း သျှီ သိနေပြီးသားဖြစ်သည်။ ရုပ်ချောသလောက်စိတ်
ထားယုတ်ညံ့သည့် ကက်သရင်းသည် ကေတီ၏ အဘွားဖြစ်နေခဲ့ခြင်းကို သျှီ လက်မခံချင်ပါ။ ကေတီ့ကို သျှီ သံယောဇဉ်ရှိပါ
သည်။ စိတ်ကောင်းနှလုံးကောင်းရှိသည့် ကေတီ၏ အဘွားက သျှီအလွန်မုန်းတီးသည့် ကက်သရင်းဖြစ်နေခဲ့လေပြီ။ သို့ဆိုပါ
က ကေတီ၏မိခင် ဆိုဖီယာသည် သျှီမုန်းခဲ့သည့် ကက်သရင်း၏သမီးသာဖြစ်မည်ဟု သျှီ တွေးလိုက်မိသည်။ ဆိုဖီယာပင် အ
သက်သုံးဆယ်နီးနီးရှိပြီဆိုပါက မိမိသည် ဆိုဖီယာထက် အသက်ငါးနှစ်နီးပါးကြီးသူဖြစ်လေသောကြောင့် မိမိ၏အသက်သည်
သုံးဆယ်ကျော်ခန့်ရှိတော့မည်ဟု သျှီ တွေးလိုက်မိသည်။

“ အစ္စဘယ်လ်လာ…ကလေးကို ခဏကြည့်ထားပေး။ ငါ အလုပ်တွေလုပ်လိုက်ဦးမယ် ”

“ အစ္စဘယ်လ်လာ……ငါ့သမီးရဲ့ပါးစပ်ထဲကို ဘာဖြစ်လို့အဝတ်တွေဆို့ထားတာလဲ။ ငရဲသွားမယ့်ဟာမ။ ကဲဟာ….”


“ အစ္စဘယ်လ်လာ….အစ္စဘယ်လ်လာ…..။ ငါ့နာမည် အစ္စဘယ်လ်လာ။ နိုး….ငါက သျှီ…..ဒယ်ဒီ….မာမီ…ကက်သရင်း..
အစ္စဘယ်လ်လာ…”

“ ဒယ်ဒီ….”

“ အစ္စဘယ်လ်လာ……”

“ သမီးလေ..မြင်းတစ်ကောင်လောက်မွေးချင်တယ်။ ဝယ်ပေးပါလား ”

“ ဘာလုပ်ဖို့လည်း အစ္စဘယ်လ်လာ။ မြင်းမွေးတယ်ဆိုတာ ခွေးတွေကြောင်တွေလို မဟုတ်ဘူး ”


“ သမီး ပျင်းလို့ပါ။ ဒယ်ဒီ အပြင်သွားနေရင် သမီးတစ်ယောက်တည်းလေ။ မြင်းလေးတစ်ကောင်ရှိနေရင် သမီးလည်း မပျင်း
တော့ဘူးပေါ့ ”

“ အင်း…………ဒယ်ဒီ နားလည်ပြီ အစ္စဘယ်လ်လာ။ ဒယ်ဒီ စီစဉ်ပေးမယ် ”


     ဖခင်ဖြစ်သူစီစဉ်ပေးသည့် အစီအစဉ်က အစ္စဘယ်လ်လာ၏ နှလုံးသားကိုအပ်ဖြင့် ထိုးဆွရုံမက ပုဆိန်ဖြင့်ပါ ပေါက်သကဲ့
သို့ရှိလေပြီ။ အစ္စဘယ်လ်လာလိုအပ်နေသည်က မြင်းတစ်ကောင်ဖြစ်သော်လည်း ဖခင်ခေါ်လာပေးသည်က အစ္စဘယ်လ်လာ
၏နှလုံးသားကို နှုတ်ယူသွားမည့် သက်ရှိလူသားအမျိုးသမီးတစ်ယောက်ဖြစ်နေလေသည်။

“ ဝေါ….. ”


      အိမ်သာရေဆွဲချသံကြောင့် သျှီ၏အတွေးများပျံ့လွင့်သွားပြီး ကက်သရင်းကို အသေအချာစိုက်ကြည့်လိုက်မိသည်။ တစ်
ချိန်က ကက်သရင်းနှင့် ယခုကက်သရင်းက ခြားနားသွားခဲ့လေပြီ။ ရှုံ့တွနေသည့်အရေပြားပေါ်မှ ဖောင်းအစ်နေသည့်သွေး
ကြောများထဲသို့ အလုအယက်တိုးဝင်နေသည့်သွေးများက အရှိန်နှေးနေခဲ့လေပြီ။ သန်မာသည့်အညိုရောင် ဆံပင်ရှည်များက
စွတ်စွတ်ဖြူကာ တိုနံ့နံ့ဖြစ်နေခဲ့လေပြီ။ တင်းရင်းစိုပြည်ခြင်းမရှိတော့သည့် နှုတ်ခမ်းများက ခြောက်သွေ့အက်ကွဲနေကြလေ
ပြီ။

“ ကျွီ…ကျိ..ကျိ………..”


     လက်ဆေးဘေစင်အပေါ်မှ သွားတိုက်ဆေးနှင့် သွားပွတ်တံများထည့်သည့် ဗီရိုကိုဆွဲဖွင့်ကာ သွားတိုက်ဆေးကိုယူ၍ မှန်
ပေါ်ရေးနေသည့် သျှီသို့မဟုတ် အစ္စဘယ်လ်လာ၏လက်တို့က တုန်ခါနေကြသည်။


     အိမ်သာကို ရေဆွဲချပြီး အပြင်သို့ထွက်မည်ပြုစဉ် ဘေစင်အပေါ်မှ မှန်ဗီရိုတံခါးပွင့်သွားပြီးသွားတိုက်ဆေးဘူးက မည်သူမျှ
ကိုင်တွယ်ထားခြင်းမရှိဘဲ မှန်သားပေါ်တွင် ရေးခြစ်နေသဖြင့် ကက်သရင်း၏ ခြေလှမ်းများ တုန့်ကနဲ ရပ်တန့်သွားကြသည်။
မှန်သားပေါ်မှ စာကို အသေအချာဖတ်ကြည့်လိုက်သည့်အခါ ကက်သရင်း ထိတ်လန့်သွားလေသည်။
          
“ ကက်…သရင်း…။ ငါ…… အစ္စဘယ်လ်လာ ”


     ထိုအချိန်မှာပင် အစ္စဘယ်လ်လာ၏ ပုံရိပ်က မှန်ထဲတွင်ပေါ်လာသဖြင့် ကက်သရင်းက အသံကုန်အော်ဟစ်ကာ အိမ်သာထဲ
မှ ထွက်ပြေးသွားလေသည်။ ကက်သရင်း၏ အော်ဟစ်သံကြောင့် ဒယ်နီရယ်နှင့် ဆိုဖီယာတို့ နိုးလာကြပြီး ကက်သရင်းထံသို့
အပြေးအလွှား ရောက်လာကြသည်။

“ မာမီ….ဘာဖြစ်လို့လဲ ”

“ အစ္စ…အစ္စဘယ်လ်လာ….”

“ အစ္စဘယ်လ်လာဆိုတာ ဘယ်သူလဲ မာမီ။ ဘာဖြစ်လို့ အထိတ်တလန့်ဖြစ်နေရတာလဲ။ ခဏလောက်ထိုင်ပါဦး ”


     ဆိုဖီယာက ကြောက်လန့်တကြားဖြင့် နေရာအနှံ့သို့ ကြည့်ရှုနေသည့် ကက်သရင်းကို တွဲခေါ်ပြီး ဧည့်ခန်းမှ ဆိုဖာပေါ်တွင်
ထိုင်ခိုင်းလိုက်သည်။

“ ဒီ…..ဒီအိမ်မှာ မနေချင်တော့ဘူး ဒယ်နီရယ်။ ငါ့အိမ်ကို အမြန်ပြန်ပို့ပေးတော့ ”

“ ခဏလေးနေပါဦး မာမီ။ အစ္စဘယ်လ်က ဘယ်သူလဲဆိုတာ အရင်ပြောပါဦး ”


“ အစ္စဘယ်လ်လာဆိုတာ တိုနီရဲ့ ပထမမိန်းမနဲ့ရခဲ့တဲ့ သမီးပဲ ဆိုဖီယာ။ ဒီအိမ်က နောက်မှ အသစ်ဆောက်တာ။ အရင်အိမ်က
မီးလောင်သွားတယ်။ မီးလောင်တဲ့အထဲမှာ အစ္စဘယ်လ်လာပါသွားခဲ့တယ်ဆိုဖီယာ။ မီးလောင်နေတဲ့အချိန်မှာ မာမီနဲ့ တိုနီတို့
အစ္စဘယ်လ်လာကို ရှာကြသေးတယ်။ တိုနီက မီးတောက်တွေကြားထဲဝင်ရှာရင်း သူ့ကိုယ်ပေါ်ကို အုတ်ချပ်တွေပြုတ်ကျလို့
ခြေထောက်နှစ်ဖက်စလုံးကျိုးသွားတယ်။ တိုနီက သတ္တိအတော်ကောင်းတယ်။ ခြေထောက်ကျိုးသွားတာတောင် မီးတွေထဲက
ထွက်လာနိုင်ခဲ့တယ်။ အသက်မသေခဲ့ပေမယ့် ခြေထောက်နှစ်ဖက်စလုံးအစိတ်စိတ်အမွှာမွှာကျိုးကြေပြီး မျက်နှာနဲ့ ခန္တာကိုယ်
အနှံ့မီးလောင်သွားခဲ့သေးတယ်။ အစ္စဘယ်လ်လာကို မတွေ့ခဲ့ဘူး။ အဲဒီတုန်းက သမီးက ရှစ်လသမီးပဲ ရှိသေးတယ် ”
           
“ ဟင်…. အဲဒီအကြောင်းတွေ မာမီ တစ်ခါမှ မပြောခဲ့ဖူးပါလား ”


“ ပြီးခဲ့တဲ့ ကိစ္စတွေကို အစပြန်မဖော်ချင်လို့ မပြောခဲ့တာပါ။ တိုနီက ဒီနေရာကိုပြန်လာပြီး သူ့သမီးကိုထပ်ရှာဖို့ကြိုးစားပေ
မယ့် ခြေထောက်နှစ်ဖက်စလုံး ပေါင်ရင်းကနေ ဖြတ်လိုက်ရတော့ မရှာနိုင်တော့ဘူး။ အဲဒီကတည်းက တိုနီလည်း စိတ်ကျရော
ဂါ ခံစားခဲ့ရရှာတယ် ”

“ ဒါနဲ့ ဒယ်ဒီပြောတော့ ကားအက်ဆီးဒင့်ဆို ”

“ သမီးကို မသိစေချင်လို့ လိမ်ပြောခဲ့တာ ”

“ အဲဒီအချိန်က အစ္စဘယ်လ်လာက ဘယ်အရွယ်လဲ မာမီ ”

“ ငါးနှစ်လောက်ပဲရှိသေးတယ် ”

“ အို…ကေတီ့အရွယ်ပါလား။ သနားပါတယ် ”

“ ကို သမီးဆီသွားကြည့်လိုက်ဦးမယ် ဆိုဖီ ”

“ ကောင်းတယ် ဒယ်နီရယ် ”


    ကေတီ့ထံသို့သွားရန် ဒယ်နီရယ် ထိုင်ရာမှထမည်ပြုစဉ် ဧည့်ခန်းရှိမီးများက တဖျပ်ဖျပ်ဖြင့် ဖွင့်ချည်ပိတ်ချည်ဖြစ်သွားလေ
သည်။

“ ဘာဖြစ်တာလဲ ဒယ်နီရယ် ”

“ ကိုလည်း မသိဘူး ဆိုဖီ။ လျှပ်စစ်ချို့ယွင်းမှုဖြစ်တယ် ထင်တယ် ”


     ထိုအချိန်မှာပင် ဆိုဖီယာ၏နံဘေးတွင်ထိုင်နေသည့် ကက်သရင်းအား တစ်ယောက်ယောက်က ဆွဲခေါ်သွားသကဲ့သို့ တ
ရွတ်တိုက်ပါသွားလေသည်။

“ မာမီ…မာမီ….။ ဒယ်နီရယ်….လုပ်ပါဦး ”


     ဆိုဖီယာနှင့် ဒယ်နီရယ်တို့နှစ်ယောက် ကက်သရင်းထံသို့ပြေးပြီး လက်ကို အတင်းဆွဲထားလိုက်သည့်အချိန်တွင် အပေါ်
ထပ်လှေကားပေါ်မှဆင်းလာနေသည့် အဖြူရောင်ဂါဝန်ဝတ်ဆင်ထားသည့်ကေတီကို မြင်တွေ့လိုက်ကြသည်။

“ ကေတီ……အခန်းထဲမှာပဲနေ ”

“ ကက်….သ…ရင်း…………..။ ငါ့ကို မှတ်မိသေးလား။ ငါ အစ္စဘယ်လ်လာလေ ”

“ ဘုရားရေ….”

“ အိုး…..ဘုရားသခင် ”


      ကေတီ့ထံမှ စကားပြောသံက ကေတီ၏အသံမဟုတ်ဘဲ အမျိုးသမီးတစ်ဦး၏အသံဖြစ်နေသဖြင့် ဆိုဖီယာတို့အားလုံး
မှင်တက်သွားကြသည်။


“ နင် ငါ့ကို အမျိုးမျိုးနှိပ်စက်ခဲ့တယ်။ ဒယ်ဒီ့ကို ငါ့လက်ထဲကနေ လုယူသွားခဲ့တယ်။  ငါ့ကို ဒယ်ဒီဂရုမစိုက်တော့အောင်၊မချစ်
တော့အောင် နင်လုပ်ခဲ့တယ်။ ငါ့ကို မြေအောက်ခန်းထဲမှာထည့်ထားတယ်။ အစာအငတ်ထားပြီး နေ့လည်စာနဲ့ညစာ ပေါင်း
ကျွေးတယ်။  အဲဒါတွေကို မှတ်မိသေးရဲ့လား ကက်သရင်း။ ငါကတော့ တစ်သက်လုံး မမေ့ဘူး။ ဒယ်ဒီ့ကိုချစ်ပေမယ့် ငါ့ကိုမ
ချစ်တော့တဲ့ ဒယ်ဒီနဲ့ နင်တို့သားအမိကိုပါ မီးရှို့သတ်ခဲ့တယ်။ နင်တို့က မသေခဲ့ဘူး ကက်သရင်း။ နင်တို့ကို  မတွေ့ရတော့ဘူး
လို့ ထင်နေတာ ”

“ ဘုရားရေ……….”

“ ကတေီ ….. ”


      ဒယ်နီရယ်က ကေတီ့ဆီသို့ ပြေးသွားစဉ် ကေတီ၏ခန္တာကိုယ်ထဲသို့ဝင်နေသည့် သျှီက ဒယ်နီရယ်ကို လက်ကာပြီး တွန်း
လွှတ်လိုက်သဖြင့် ဒယ်နီရယ် လေထဲသို့မြောက်တက်သွားပြီး နံရံနှင့်ပြေးဆောင့်ကာ ကြမ်းမြင်ပေါ်သို့ ပြုတ်ကျသွားလေတော့
သည်။

“ ဒယ်နီရယ်……”


     ဆိုဖီယာက ဒယ်နီရယ်ကို ပြေးထူရန်ထိုင်ရာမှ ထလိုက်သည့်အချိန်တွင် သျှီက လက်ကိုလေထဲသို့မြှောက်ပြီးတစ်စုံတစ်ခု
ကိုဆွဲမလိုက်သကဲ့ပြုလုပ်လိုက်ရာ ဆိုဖီယာလည်း လေထဲသို့မြောက်ပြီး လည်ပင်းကို လက်ဖြင့်ဆုပ်ကိုင်ထားလေသည်။

“ အစ္စဘယ်လ်လာ၊ မ…မလုပ်ပါနဲ့။ ငါတောင်းပန်ပါတယ် ”

“ မာမီ…….မာမီ…၊ ဒယ်ဒီ…….သျှီ……မလုပ်နဲ့….။ ငါ့ကိုယ်ထဲက ထွက်ပေးပါ၊ မာမီ့ကို အခုလွှတ်….အခုလွှတ်ပေး ”

ကေတီ၏ခန္တာကိုယ်မှ ကေတီ၏အသံထွက်ပေါ်လာပြီး ဆိုဖီယာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

“ သျှီ….ငါ့ကိုယ်ထဲက ထွက်ပေးစမ်း……သျှီ….”

“ နင် အသာနေစမ်း ကေတီ ”


      ကေတီ့ထံမှ အမျိုးသမီးအသံနှင့် ကေတီ၏အသံတို့ထွက်ပေါ်လာပြီး ကေတီ၏ ခန္တာကိုယ်က လေပေါ်သို့မြောက်တက်
သွားလေသည်။

“ သျှီ….မလုပ်ပါနဲ့….”

“ ကေတီ…နင့်ကိုပါ သတ်ရမလာ.း ”

“ ဒယ်ဒီ…..ဒယ်ဒီ။ မာမီ…….”

“ ကတေီ……”


      ဒယ်နီရယ်က ကြမ်းပေါ်တွင် လဲကျနေရာမှ ကေတီ့ထံသို့ ပြေးသွားရန်ဟန်ပြင်လိုက်သည့်အချိန်တွင် ကေတီပြောလိုက်
သည့်စကားကြောင့် လှေကားဆီသို့ပြေးလေတော့သည်။

“ ဒယ်ဒီ…….လှေကားအောက်မှာ မြေအောက်ခန်းရှိတယ်။ အဲဒီမြေအောက်ခန်းထဲမှာ သူ့အရိုးစုရှိတယ်။ ဖျက်စီးလိုက်ပါ ”

“ ကေတီ….နင်က ဒီလိုလား ”


     ကေတီ၏ခန္တာကိုယ်မှ ကေတီ၏အသံနှင့်အတူ အမျိုးသမီးတစ်ဦး၏အသံက ထပ်ဆင့်ထွက်ပေါ်လာပြီး လေထဲတွင်
မြောက်တက်နေသည့် ကေတီ၏ခန္တာကိုယ်က ကြမ်းပြင်ပေါ်သို့ပြုတ်ကျလာသည်။

“ အား………မာ…မီ.. ”

“ ကတေီ…ကတေီ……..”


      ဆိုဖီယာက ကေတီ့ကိုပြေးပွေ့ပြီး ဖက်ထားသည့်အချိန်မှာပင် ဧည့်ခန်းထဲမှ မီးလုံးများ ပေါက်ကွဲကုန်ပြီး အိမ်ရှေ့တံခါး
မကြီးလည်း အလိုလို ပွင့်သွားလေတော့သည်။

“ ကက်….သ….ရင်း…..”


     တံခါးဝတွင် ရပ်နေသည့် လူရိပ်သဏ္ဌာန်က လှမ်းခေါ်လိုက်သဖြင့် ဆိုဖီယာနှင့် ကက်သရင်းတို့ အထိတ်တလန့်ဖြင့် ကြည့်
လိုက်ကြသည်။ လူရိပ်သဏ္ဌာန်သည် ကေတီနှင့်ရွယ်တူမျှသာရှိဦးမည့်မိန်းကလေးတစ်ဦး၏အရိပ်သဏ္ဌာန်သာဖြစ်သော်လည်း
အသံက အမျိုးသမီးတစ်ယောက်၏အသံဖြစ်နေပေသည်။ ထိုအချိန်တွင် ဒယ်နီရယ်က လှေကားအောက်မှပစ္စည်းအတိုအထွာ
များထည့်သည့် စတိုတံခါးကို အမြန်ဖွင့်ပြီး အတွင်းထဲမှ ပစ္စည်းများကို အပြင်သို့ဆွဲထုတ်နေသည်။

ဆိုဖီယာက ကေတီ့ကိုပွေ့ထားစဉ် ကေတီ လှုပ်ရှားလာပြီး မိခင်ကို မျက်လုံးဖွင့်ကြည့်သည်။

“ မာမီ…..”

“ ကေတီ…….၊ သမီးဘာမှမဖြစ်ဘူးနော် ”

“ ခါးနည်းနည်းနာသွားတယ် မာမီ။ ဒယ်ဒီ့ကို မြန်မြန်လုပ်ခိုင်းပါ။ သူ့အရိုးစုတွေကို မြန်မြန်ဖျက်စီးပစ်ပါ မာမီ ”

“ ဒယ်နီရယ်ကို မာမီသွားကူလိုက်မယ်။ ဘွားဘွားကက်သရင်းကို စောင့်ရှောက်လိုက်နော် ”

“ ဟုတ်ကဲ့ မာမီ ”

“ ဆိုဖီ…ကိုယ့်ကို လက်နှိပ်ဓာတ်မီး အမြန်ယူပေးပါ ”

“ အိုကေ ဒယ်နီရယ် ”


     ဒယ်နီရယ် အလုပ်ရှုပ်နေစဉ် တံခါးဝမှ သျှီ၏အရိပ်အယောင်က ပို၍ ပီပြင်လာလေပြီ။ အောက်ထပ်တစ်ခုလုံး အလင်း
ရောင်မရှိသော်လည်း အပြင်ဘက်မှအလင်းရောင်နောက်ခံဖြင့် သျှီကို ကောင်းစွာမြင်နေရသည်။

“ ကက်သရင်း……ဒီနေ့က နင်သေရမယ့်နေ့ပဲ”


      သျှီပြောလိုက်သည့်စကားကြောင့် ကြမ်းပြင်ပေါ်တွင် ကြောက်လန့်စွာထိုင်နေသည့် ကက်သရင်း တုန်လှုပ်ခြောက်ခြားစွာ
ဖြင့် ထပြေးလေသည်။ သို့ပါသော်လည်း နေရာမှမရွေ့သည့်အပြင် လေထဲသို့ တဖြည်းဖြည်းချင်းမြောက်တက်သွားလေသည်။


“ သျှီ….ကျေးဇူးပြုပြီး ဘွားဘွားကက်သရင်းကို မလုပ်ပါနဲ့။ သျှီ…..နင်က ငါ့သူငယ်ချင်းပါ။ ငါ့ကိုချစ်ရင် ဘွားဘွားကက်သ
ရင်းကို ဘာမှမလုပ်ပါနဲ့ ”


“ ကေတီ….နင့်အကြောင်းမသိခင်တုန်းက နင်က ငါ့သူငယ်ချင်းပဲ။ နင်က အမျိုးယုတ်သွေးတွေနဲ့လူဖြစ်လာတဲ့အတွက် ငါ့
သူငယ်ချင်းမဟုတ်တော့ဘူး။ နင်တို့အားလုံးကို မီးရှို့သတ်ပစ်မယ် ”

“ ဂျိမ်း ”

သျှီထံမှစကားဆုံးသွားသည်နှင့် အိမ်ရှေ့တံခါးမကြီးက အလိုလိုပိတ်သွားလေသည်။

“ ဘွားဘွား….ဘွားဘွား….”


     လေထဲသို့မြောက်တက်နေသည့် ကက်သရင်း၏ခြေထောက်ကို ကေတီက မမှီမကမ်းလှမ်းဆွဲရင်း အိမ်ထဲသို့ တရွေ့ရွေ့
ဝင်လာနေသည့် သျှီကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ဒယ်နီရယ်နှင့် ဆိုဖီယာတို့နှစ်ယောက် မြေအောက်ခန်းတံခါး
ကို တွေ့ရှိသွားကြလေပြီ။


     တရွေ့ရွေ့လာနေသည့် သျှီ၏မျက်လုံးများက ယခင်ကကဲ့သို့ အပြာရောင်မဟုတ်တော့ဘဲ ရဲရဲနီနေသည်ကို ကေတီသတိ
ထားလိုက်မိသည်။ ဘွားဘွားကက်သရင်းကို အန္တရာယ်မပြုနိုင်ရန် တစ်ခုခုလုပ်မှဖြစ်တော့မည်ဟု ကေတီဆုံးဖြတ်လိုက်သည့်
အချိန်တွင် သျှီပြောခဲ့သည့်စကားကို ပြန်သတိရလာခဲ့သည်။ သျှီသည် မီးခိုးမွှန်ပြီး သေဆုံးခဲ့သည်။ အသက်ရှုကျပ်ခြင်းကို အ
လွန်ကြောက်သည်ဟု ပြောခဲ့ဖူးသည်။ အိမ်ထဲတွင် မီးခိုးမွှန်ပါက သျှီနေနိုင်မည်မဟုတ်ကြောင်း ကေတီ စဉ်းစားလိုက်မိသည်။
 ထိုသို့စဉ်းစားလိုက်မိသည်နှင့် စားပွဲခုံပေါ်မှ ဒယ်နီရယ် ဆေးလိပ်သောက်သည့် မီးခြစ်ကို ပြေးယူပြီးဂါဝန်ကိုချွတ်ကာ မီးရှို့
လိုက်လေတော့သည်။

*******************

“ ဒယ်နီရယ်…သတိထား ”


     မြေအောက်ခန်းထဲသို့ ဆင်းသည့် အပေါက်ဝမှ အော်ဟစ် သတိပေးနေသည့် ဆိုဖီယာကို ဒယ်နီရယ် ပြန်မဖြေနိုင်ပါ။ လှေ
ကားအောက်ခြေရှိအရိုးစုကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးပြီး အသေအချာကြည့်နေမိသည်။ ဆွေးမြည့်နေသည့်ဂါဝန်စများအောက်
မှ အရိုးစုသည် ပင့်ကူမျှင်များတွယ်ယှက်ပြီး ဖုန်အလိမ်းလိမ်းဖြစ်နေသည်။ မြေအောက်ခန်းအနှံ့ကို လက်နှိပ်ဓာတ်မီးဖြင့်ထိုး
ကြည့်လိုက်သည့်အခါ ဟောင်းနွမ်းဆွေးမြည့်နေသည့် ပန်းချီကားချပ်များ၊ ကင်းပတ်စများ၊ စုတ်တံနှင့် ဆေးခွက်များကို မြင်
တွေ့လိုက်ရသည်။ မြေအောက်ခန်းဒအကျယ်အဝန်းသည် ပေနှစ်ဆယ်မျှကျယ်ဝန်းသော်လည်း ပန်းချီပစ္စည်းဖြင့်ပြည့်နှက်နေ
သည်။ အစ္စဘယ်လ်လာသည် မြေအောက်ခန်းထဲတွင် ပုန်းနေရင်း မီးခိုးငွေ့များကြောင့် အသက်ရှုကျပ်ကာသေဆုံးခဲ့ပုံရသည်။
 မီးခိုးငွေ့များဝင်လာသည့်အချိန်တွင် ထွက်ပေါက်ကိုလိုက်ရှာရင်း လှေကားအောက်ခြေအရောက်၌သေဆုံးခဲ့ပုံရသည်ဟု ဒယ်
နီရယ် တွေးလိုက်မိသည်။ အိမ်ပြင်ဆင်သည့်သူများက မြေအောက်ခန်းအား မမြင်တွေ့ခဲ့ခြင်းကို ဒယ်နီရယ် အံ့သြနေမိသည်။

“ ဒယ်နီရယ်……မြန်မြန်လုပ်လေ ”


      ဆိုဖီယာ၏အသံကိုကြားလိုက်သည့်အခါမှ ဒယ်နီရယ်အသိပြန်ဝင်လာပြီး အစ္စဘယ်လ်လာ၏ အရိုးစုကို ကောက်ယူလိုက်
လေသည်။ အရိုးစုကို ကောက်ယူသည့်အခါ အဆစ်များမှပြုတ်ထွက်ကုန်သဖြင့် ဝတ်ထားသည့်တီရှပ်ကိုအမြန်ချွတ်ပြီး တီရှပ်
ကိုဖြန့်ကာ အရိုးများကို တစ်ခုမကျန်ကောက်ထည့်လိုက်လေသည်။

*******************

“ ကတေီ…သမီး ဘာလုပျတာလဲ ”

မီးစွဲနေသည့်ဂါဝန်ကို လက်တွင်ကိုင်ထားသည့် ကေတီအား ဆိုဖီယာက အထိတ်တလန့်ဖြင့် မေးလိုက်သည်။

“ သူက မီးခိုးမွှန်ပြီးသေခဲ့တာမာမီ။ အသက်ရှုကျပ်တာကို ကြောက်တယ်လို့ ပြောခဲ့ဖူးတယ် ”

“ ကေတီပြောတာဖြစ်နိုင်တယ်ဆိုဖီ။ အခုတောင် မီးတောက်ကိုမြင်ပြီး နောက်ဆုတ်သွားပြီ ”


       မီးတောက်နှင့်ဝေးရာသို့ တဖြည်းဖြည်းချင်းဆုတ်သွားသည့် သျှီကိုကြည့်ပြီး ဒယ်နီရယ်ပြောသည်မှာ ဖြစ်နိုင်ကြောင်း ဆို
ဖီယာ တွေးလိုက်မိသည်နှင့် အိပ်ခန်းထဲသို့ပြေးကာ အိပ်ရာခင်းနှင့် စောင်များကိုယူလာပြီး မီးရှို့လေတော့သည်။ ထိုအချိန်တွင်
 အပေါ်သို့မြောက်တက်ပြီး ရုန်းကန်နေသည့် ကက်သရင်းလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

“ ဆိုဖီ….ကက်သရင်းဆီကို အမြန်ပြေး ”


     ဒယ်နီရယ်က ဆိုဖီယာကို အော်ဟစ်ပြီး သတိပေးလိုက်သဖြင့် ဆိုဖီယာက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့် မိခင်ထံသို့
သွားရန်ပြင်လိုက်သော်လည်း မီးခိုးများကြောင့် ကက်သရင်းကိုမမြင်ရတော့ပေ။

မီးခိုးငွေ့များက အိမ်အောက်ထပ်တစ်ခုလုံးဖုံးသွားသည့်အချိန်တွင် အိမ်ရှေ့တံခါးက အလိုလိုပွင့်သွားလေသည်။

“ ကက်သရင်း……နင်တို့ကို မီးလောင်တိုက်သွင်းဖို့ အချိန်ရောက်ပြီ ”

“ ဒယ်ဒီ…သူ့အရိုးတွေကို မြန်မြန်ဖျက်စီးပစ်ပါ ”

“ ဒယ်နီရယ်….သူ့အရိုးတွေကို မီးထဲပစ်ထည့်လိုက်။ ကေတီ….မာမီ့ဆီကို အမြန်လာခဲ့ ”


     ဆိုဖီယာထံသို့ ကေတီပြေးသွားသည့်အချိန်တွင် ဒယ်နီရယ်က အစ္စဘယ်လာ၏ အရိုးစုများကို မီးလောင်နေသည့်စောင်နှင့်
အိပ်ရာခင်းများပေါ်သို့ ပစ်တင်လိုက်စဉ် လိုက်ကာများက အလိုလို မီးလောင်သွားသည်ကို ဒယ်နီရယ် တအံ့တသြမြင်တွေ့
လိုက်ရလေတော့သည်။

“ ဆိုဖီ……ကေတီကိုခေါ်ပြီး အိမ်နောက်ဘက်ကိုပြေး။ ကက်သရင်းကို ကိုခေါ်ခဲ့မယ် ”


      မီးတောက်များက ပို၍ကြီးထွားလာပြီး ဆိုဖာများ ဆက်တီများလည်း အလိုလိုမီးလောင်ကျွမ်းကုန်ကြသည်။ ဒယ်နီရယ်
က မီးခိုးငွေ့များကြားမှ ကက်သရင်းကိုမရမကရှာဖွေကာ ပခုံးပေါ်ထမ်း၍ နောက်ဘေးမှ ထွက်ပြေးသွားလေတော့သည်။


“ ဆိုဖီ…ကိုယ် ဘေးအိမ်တွေကို နှိုးပြီး မီးသတ်နဲ့ ရဲစခန်းကို ဖုန်းဆက်လိုက်ဦးမယ်။ ကေတီနဲ့ကက်သရင်းကို စောင့်ရှောက်
ထားလိုကျပါ ”

“ စိတ်ချ ဒယ်နီရယ် ”


      ဆိုဖီယာက ကက်သရင်းနှင့် ကေတီကို လက်တစ်ဖက်စီကိုင်ဆွဲကာ အိမ်နောက်ဘက်မှပတ်ပြီး အိမ်ရှေ့လမ်းမပေါ်သို့ ပြေး
ထွက်သွားလေသည်။  အိမ်အောက်ထပ်တစ်ခုလုံး မီးတောက်များဝါးမြိုပြီး မီးခိုးလုံးများတလှိုက်လှိုက်တက်နေလေပြီ။

“ မာမီ….မာမီ…ဟိုမှာကြည့်…”

“ ဘာလဲ ကတေီ ”

“ သမီးရဲ့ အခန်းကိုကြည့်လိုက်မာမီ ”


     ကေတီပြောသည့်နေရာသို့ ကက်သရင်းနှင့် ဆိုဖီယာတို့ ကြည့်လိုက်သည့်အခါ ကေတီ၏ အခန်းပြူတင်းပေါက်တွင်ရပ်နေ
သည့် ဂါဝန်အဖြူနှင့် အစ္စဘယ်လ်လာကို မြင်တွေ့လိုက်ကြလေသည်။ ပြူတင်းပေါက်မှန်ကို လက်နှစ်ဖက်ဖြင့်ထောက်ကာ
ကေတီတို့မိသားစုကိုကြည့်နေသည့် အစ္စဘယ်လ်လာကို ကေတီ သနားနေမိသည်။

“ သျှီသနားပါတယ် မာမီ ”

“ မသနားနဲ့ကေတီ။ မာမီတို့ကို သတ်မလို့လုပ်တဲ့ကလေးမကို သနားစရာမလိုဘူး ”


“ ဆိုဖီယာ…..တကယ်တော့ အစ္စဘယ်လ်လာက ကေတီပြောသလို သနားဖို့ကောင်းပါတယ်။ သူစိတ်နာမယ်ဆိုလည်း နာစ
ရာပါ။ မာမီက တစ်ကိုယ်ကောင်းဆန်ခဲ့တယ်ဆိုဖီယာ။ တိုနီက အစ္စဘယ်လ်လာကို အရေးပေးလွန်းလို့ သူ့ကို မာမီ မုန်းခဲ့
တယ်။ မိခင်မေတ္တာငတ်နေရှာတဲ့ အစ္စဘယ်လ်လာကို မာမီနှိပ်စက်ခဲ့တယ်။ အိမ်မီးလောင်တဲ့အချိန်က မြေအောက်ခန်းထဲ
မှာ သူရှိနေမယ်ဆိုတာ မာမီသိပေမယ့် သွားမကယ်ခဲ့ဘူး။ အိမ်ကိုပြန်ပြင်တော့ မြေအောက်ခန်းကိုမထိဖို့ လက်သမားဆရာ
တွေကို မာမီ အသေအချာမှာခဲ့တယ်။ တိုနီက ဒီအိမ်ကိုလာချင်တာ မာမီက ခွင့်မပြုခဲ့ဘူး ဆိုဖီယာ ”

“ မာမီရယ်…….”

“ ဟုတ်တယ် ဆိုဖီယာ။ မိခင်မရှိတဲ့ ကလေးတစ်ယောက်ကို မာမီ ရက်စက်ခဲ့ပါတယ်။ ငါ့ကို ခွင့်လွှတ်ပါ အစ္စဘယ်လ်လာ ”


      မီးတောက် မီးညွှန့်များက အိမ်အောက်ထပ်မှအိမ်ပေါ်သို့ တလိပ်လိပ်တက်နေလေပြီ။ အနီးဝန်းကျင်မှအိမ်များလည်း နိုး
လာကြပြီး ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ အဝေးဆီမှ မီးသတ်ကားဥသြသံနှင့် ရဲကားသံများကို ကြားနေရသည်။  မီးတောက်
များကြားမှ လက်ပြနှုတ်ဆက်နေသည့် အစ္စဘယ်လ်လာကို ကေတီက ပြန်လည်လက်ပြနှုတ်ဆက်ရင်းအော်ဟစ်ပြီးဆုတောင်း
ပေးလိုက်သည့်အချိန်မှာပင် သျှီခေါ် အစ္စဘယ်လ်လာ၏ပုံရိပ်က ပြာမှုန်များကဲ့သို့ဖြစ်ကာ ပျောက်ကွယ်သွားလေတော့သည်။

“ သျှီ……..နင့်ကို ဘုရားသခင်စောင့်ရှောက်ပါစေ ”

“ မာမီပြောတဲ့အတိုင်းဆို အစ္စဘယ်လ်လာက သနားဖို့ကောင်းလိုက်တာ ”

“ အစ္စဘယ်လ်လာကို အသေအချာမြင်လိုက်ရဲ့လား ဆိုဖီယာ ”

“ မြင်တော့မြင်လိုက်တယ် မာမီ ”

“ တိုနီနဲ့ ရုပ်ချင်းမဆင်ဘူးလား ”

“ ဟင်..ဟုတ်လား။ မျက်နှာကိုတော့ အသေအချာမမြင်လိုက်ရဘူး ”


      ဘွားဘွားကက်သရင်းပြောသည့်အခါမှ သျှီ၏မျက်နှာသည် ဘိုးဘိုးတိုနီနှင့် ရုပ်ချင်းဆင်ကြောင်းကေတီ နားလည်လိုက်
တော့သည်။ ဘိုးဘိုးတိုနီဆုံးပြီး သုံးနှစ်အကြာမှ ကေတီကိုမွေးဖွားခဲ့သဖြင့် ဘိုးဘိုးတိုနီကို သက်ရှိထင်ရှားမမြင်တွေ့ဖူးခဲ့သော်
လည်း ဘွားဘွားကက်သရင်း၏အိမ်တွင် ချိတ်ဆွဲထားသည့် ဘိုးဘိုးတိုနီ၏ဓာတ်ပုံကိုတော့ မကြာခဏမြင်တွေ့ခဲ့ပါသည်။ ထို့
ကြောင့်လည်း  သျှီ၏မျက်နှာကို တရင်းတနှီးမြင်ခဲ့ဖူးသည်ဟု ကေတီ တွေးခဲ့ခြင်းဖြစ်ပေသည်။

“ ဆိုဖီယာ…ကေတီနဲ့ ကက်သရင်းကိုခေါ်ပြီး မီးလွတ်ရာကိုသွားတော့။ ကိုတို့နောက်မှတွေ့ကြမယ် ”

“ အိုကေ ဒယ်နီရယ် ”


       မိခင်နှင့် အဘွား၏လက်ကိုဆွဲကာ မီးလွတ်ကင်းရာသို့ထွက်လာရင်း သျှီတစ်ယောက် ဘုရားသခင်၏မေတ္တာရိပ်တွင်
အေးချမ်းစွာခိုလှုံနိုင်ပါစေ။ ဘိုးဘိုးတိုနီနှင့် အမြန်ဆုံးပြန်တွေ့ပါစေဟု ကေတီဆုတောင်းနေမိတော့သည်။
        

*******************

ပြီးပါပြီ


( ယခုဇာတ်လမ်းသည် မည်သည့် နိုင်ငံခြားရုပ်ရှင်၊ စာပေဝတ္ထု၊ ဇာတ်လမ်းများအား တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်
၎င်း၊ ဇာတ်လမ်းကျောရိုးယူ၍သော်၎င်း မှီငြမ်းရေးသားခြင်းမဟုတ်ကြောင်း စာချစ်သူတို့အား အသိပေးအပ်ပါသည် )



                                                             *******************

ချစ်ခင်လေးစားလျက်

လွင်ဦးဟန်

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..