မမိုးစံ ဆုံးပြီဟူသောသတင်းကြောင့် ကျွန်မခင်ပွန်းမျက်နှာအနည်းငယ်
ညိုးငယ်သွားလေသည်။ သူလည်းနှစ်ပေါင်းများစွာသံယောဇဉ်ကြောင့်
အနည်းနဲ့အများတော့ခံစားရရှာပေမည်ဟုကျွန်မနားလည်မိသည်။
သို့သော်လည်းနားလည်သလိုနှင့် မနာလိုစိတ်ကလေးကတော့ကပ်
ပါလာစမြဲ။ ခင်ပွန်းသည်၏ပျက်ယွင်းသွားသောမျက်နှာကို အလိုမကျ
သလိုတစ်ချက်ကြည့်မိပြီးမှ ကိုယ့်စိတ်ကိုယ် ကိုယ်ပြန်လျော့ချလိုက်
ရသည်။
မမိုးစံဆိုသည်က ကျွန်မခင်ပွန်း ကိုပြည့်ဖြိုးအောင်၏ ပထမအိမ်
ထောင်ဖြစ်သည်။ မမိုးစံနှင့် ၁၃နှစ်တာပေါင်းသင်းပြီးမှ စိတ်သဘော
ထားခြင်းမတိုက်ဆိုင်၍ကွာရှင်းခဲ့ကြသည်။ ပထမအိမ်ထောင်နှင့် သား
လေးတစ်ယောက်လည်းရှိသည်။ သားကိုတော့မမိုးစံကခေါ်ယူစောင့်
ရှောက်ထား၏။ ၎င်းတို့ကွာရှင်းပြီး နှစ်နှစ်ခန့်အကြာတွင် ကျွန်မနှင့်
အကြောင်းဖန်လာပြီး လက်ထပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင်
ကျွန်မနှင့်လက်ထပ်ပေါင်းသင်းနေသည်မှာ ၃နှစ်ထဲပင်ရောက်နေ
ချေပြီ။
လက်မထပ်ခင်ကတည်းကသူ့တွင်သားတစ်ယောက်ရှိကြောင်းပွင့်
ပွင့်လင်းလင်းပြောပြခဲ့သူ၊ သူ၏အိမ်ထောင်ရေးအတွက်စိတ်မထင့်ရ
လေအောင် ကျွန်မနှင့်အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးမှ လက်ထပ်ဖြစ်ခဲ့ကြ
သည်။ သို့သော်ကျွန်မသည်လည်းလောကီသားပေမို့ တခါတရံ
သံသယကဖြစ်ဖြစ်ပေါ်လာတတ်သည်။ ကိုပြည့်ဖြိုးအောင်က မမိုးစံ
အကြောင်းကို ဘယ်သောအခါမှထုတ်မပြောတတ်ခြင်းကြောင့် ကျွန်မ
၏စိတ်ထဲ မကြာခဏဆိုသလိုသံသယဝင်ဝင်လာရ၏။
ကျွန်မကစကားကြောင်းလမ်းသည်ပင် စကားလွှဲပစ်တတ်လေသည်။
ခင်ပွန်းသည်ခပ်ဆိတ်ဆိတ်နေနေလျှင် ယခင်အိမ်ထောင်ကိုသတိများ
ရနေသလား၊ မမိုးစံကိုလွမ်းဆွတ်နေသည်လား စသဖြင့် အတွေးများကကြီးစိုးလာခဲ့သည်။ သို့သော်ကိုပြည့်ဖြိုးအောင်က ကျွန်မစိတ်ကို
သိနေသည့်အလား အခြားအကြောင်းအရာသို့လမ်းလွှဲသွား၍ စိတ်
ထဲတွင်မြိုသိပ်ခဲ့ရသည်ကအခါခါပင်။ ထိုအခါကျွန်မစိတ်ထဲပို၍ နွမ်းလျနေမိသည်ကတော့အမှန်တကယ်ဖြစ်သည်။
သက်ရှိထင်ရှားရှိစဉ်ကပင် အသေအချာသိခွင့်မရသောအရာကို
ဆုံးပါးပြီးမှ သိရှိနိုင်တော့မည်တော့မဟုတ်။ခင်ပွန်းဖြစ်သူ၏စိတ်ထဲ
သူမကိုပို၍တမ်းတနေမည်လား။ ထိုသို့တွေးမိလျှင် ကျွန်မစိတ်မချမ်း
သာပေ။ ကျွန်မအတ္တကြီးသည်ဟုဆိုဆို၊ ယခုအချိန်တွင်တော့
ကျွန်မ၏အိမ်ထောင်ဖက်သည်ကျွန်မဘဝပင်။ အချို့သူများက ကျွန်မ
ကို မယားငယ်ဟူသောအကြည့်ဖြင့်ကြည့်ရှုတတ်ကြသည်။ မယားငယ်
နှင့်နောက်အိမ်ထောင်မတူကြောင်းကို သဲသဲကွဲကွဲသိကြမည့်ပုံမရကြ
ချေ။
ကိုပြည့်ဖြိုးအောင်ကွာရှင်းပြီး ၂နှစ်ကြာမှကျွန်မနှင့်ဆုံဆည်းခဲ့ခြင်းဖြစ်
ကြောင်း၊ လွတ်လပ်သူဖြစ်နေ၍ကျွန်မလက်ခံခဲ့ကြောင်း လူတော်
တော်များများကို လိုက်ရှင်းပြနေရခြင်းအားကျွန်မစိတ်ပျက်ခဲ့မိသည်။
ခင်ပွန်းသည်နှင့် မမိုးစံအကြောင်းသိရှိထားသည့်လူရင်းများက ပိုဆိုး
သည်။ သူတို့၏မျက်လုံးထဲတွင်ကျွန်မကို မသတီစရာကောင်းနေသလို
လို ကြည့်နေသည်အားမြင်မြင်နေရသည်။ ထို့ကြောင့်လည်းသူတို့နှင့်
မဆုံချင်သဖြင့် ကျွန်မကပင်အရင်ရှောင်ထွက်ခဲ့သည်။
"" ကိုကို... ""
ကိုပြည့်ဖြိုးအောင်က ကားသော့ကိုင်ရင်းအခန်းထဲမှထွက်လာသဖြင့်
မမိုးစံဆီသွားမည်မှန်းမပြောဘဲကျွန်မသိနေခဲ့ပြီ။
"" ကိုကိုမကြာဘူး...ပြန်လာမယ်နော် ""
ကျွန်မခေါင်းငြိမ့်ပြရုံကလွဲ၍ မတားဆီးလိုက်နိုင်ပါ။ ခင်ပွန်းသည်ထွက်
သွားရာသို့ငေးမောကြည့်ရင်း အိမ်တံခါးလိုက်ပိတ်လိုက်သည်။ အချိန်
က ညနေ ငါးနာရီခန့်ရှိနေလေပြီ။ ခင်ပွန်းသည်အပြန်နောက်ကျမည်
ဖြစ်ပြီး ညစာပင်စားချင်မှပြန်စားပေလိမ့်မည်။ ထိုစဉ်ကျွန်မနှာခေါင်းထဲ
အနံ့အသက်တမျိုးကိုရလိုက်မိ၏။ ဆေးရုံနံ့လိုလို အနံ့မျိုးဖြစ်သည်။
အိမ်တွင်လည်း တခါမျှပိုးသတ်ဆေးမသုံးဖူးပါဘဲနှင့် ယခုလိုအနံ့က
မည်သည့်နေရာမှလာနေမှန်းမသိပေ။
ထို့ကြောင့်အနံ့ခံရင်း လိုက်ရှာကြည့်လိုက်မိသည်။ ဆေးရုံနံ့ကအိမ်
အပေါ်ထပ်တွင်ပို၍ပြင်းထန်နေသည်။ လှေကားမှပြေးတက်လိုက်ပြီး
သေချာအောင်အနံ့ခံကြည့်လိုက်သောအခါ ခင်ပွန်းသည်၏ စာဖတ်
ခန်းဆီမှ ထွက်လာနေသည်အား အသေအချာခံစားမိလိုက်၏။ ထို
အခန်းသည် လှေကားထောင့်တွင်ရှိပြီး ခင်ပွန်းသည်မှလွှဲ၍ ကျွန်မ
ပင် သိပ်မဝင်ရောက်ဖြစ်ချေ။ အခန်းတံခါးလက်ကိုင်ကိုလှည့်ဖွင့်ကြည့်
သည်။
လော့ပိတ်ထားသဖြင့် အခန်းသော့သွားယူရန်ပြန်လှည့်ထွက်လိုက်စဉ်
"" ရှလပ်...ရှလပ် '''' ဟူသော အခန်းထဲမှစာအုပ်များလှန်နေသံကို
နားဖြင့်ဆတ်ဆတ်ကြားလိုက်ရတော့သည်။ ယခုအိမ်ကြီးတွင် ကျွန်မ
နှင့်ခင်ပွန်းသည်နှစ်ယောက်တည်းသာနေထိုင်ကြသည်ဖြစ်ရာ ကျွန်မ
တို့၌ သားသမီးလည်းမရှိ၊ အိမ်မွေးတိရိ စ္ဆာန်လည်းမရှိ၊ အိမ်အကူဝေးစွ၊
မိဘများပင်လာရောက်နေထိုင်ခြင်းမရှိခဲ့ပေ။ ဤသည်ကို အခန်းထဲ၌
စာရွက်တဖျတ်ဖျတ်လှန်နေသံက မည်ကဲ့သို့ထွက်ပေါ်နေမှန်းစဉ်းစား
မရတော့။
ကျွန်မခေါင်းထဲသူခိုးများလားဟူသောအသိကြောင့် ခြေသံလုံလုံဖြင့်
အိမ်အောက်ထပ်သို့အမြန်ဆင်းပြေးပြီး အခန်းသော့ယူလာခဲ့လိုက်
သည်။ အခန်းသော့နှင့်အတူ လိုရမယ်ရ ဂေါက်ရိုက်တံပါယူလာခဲ့၏။
အခန်းနှင့်နီးလာလေ ဆေးရုံအနံ့ကပို၍နံလာလေ။ သော့ကိုလှည့်ဖွင့်
ပြီးတံခါးကိုအမြန်ဖွင့်ကြည့်လိုက်သည်။ ကျွန်မခြေထောက်နားသို့
စားပွဲပေါ်မှစာအုပ်တစ်အုပ်ပြုတ်ကျလာလေ၏။ အံ့သြစွာပင် အခန်းထဲ
၌သက်ရှိတစုံတရာမရှိပါဘဲ စာအုပ်စင်မှစာအုပ်များပြန့်ကျဲနေလေ
သည်။
ခြေထောက်နားကျနေသည့်စာအုပ်ကိုကောက်ကိုင်လိုက်သည့်အခါ
အချစ်ဝတ္တုစာအုပ်လေးတစ်အုပ်ဖြစ်နေ၏။ ထိုစာအုပ်ကိုဖွင့်ကြည့်
လိုက်မိသည်။ စာအုပ်ကြားထဲ၌ဓါတ်ပုံလေးတစ်ပုံ။ ဓါတ်ပုံထဲတွင်
မမိုးစံက အင်္ကျီအဖြူရောင်လေးဝတ်ကာ ရယ်မောနေ၏။ ဓါတ်ပုံ၏
ကျောဖက်ကိုကြည့်လိုက်သည့်အခါ ရက်စွဲတစ်ခုကို မညီမညာသော
လက်ရေးဖြင့်ရေးသားထားသည်။ '' 14.11.70 '' ဟူသောနေ့ရက်
ပင်။ ရက်စွဲ၏အောက်တွင် '' မမေ့နှင့် '' ဟုလည်းရေးသားထားလေ
သည်။ကျွန်မလည်း စာဖတ်ခန်းသို့ဝင်ရောက်ခဲ့ခြင်းကို ခင်ပွန်း
သည်အားမသိရှိစေလိုပေ။ သို့နှင့်စာအုပ်စင်ထဲ ပြုတ်ကျနေသည့်စာ
အုပ်များကို စီစီရီရီပြန်ထည့်လိုက်၏။ အခန်းတံခါးပြန်ပိတ်လိုက်သည့်အခါ ထူးဆန်းစွာပင် ဆေးရုံနံ့ကပျောက်ကွယ်သွားလေသည်။
မမိုးစံ၏ဓါတ်ပုံလေးကိုတော့ယူလာပြီး ကျွန်မဖွက်ထားမိသည်။ ကျွန်မ
အတွေးထဲ လူမရှိဘဲစာအုပ်များပြုတ်ကျနေခြင်း၊ စာရွက်လှန်သံများ
ကြားရခြင်းတို့ကိုပြန်တွေးနေမိသည်။ သရဲများခြောက်သလားဟုစဉ်း
စားမိသောအခါ ခေါင်းနဘန်းကြီးလာသလိုလိုဖြစ်လာရ၏။ ကြက်သီး
များတဖြန်းဖြန်းထလာသလိုခံစားမိသဖြင့် ထိုအဖြစ်အပျက်ကိုမေ့
ဖျောက်ကာ မီးဖိုခန်းသို့ဝင်ပြီး ခေါက်ဆွဲပြုတ်နေလိုက်၏။ ခေါက်ဆွဲ
ပြုတ်ပြီး ပန်းကန်ကိုလင်ဗန်းထဲထည့်ကာ TV ရှေ့သို့ယူလာခဲ့သည်။
DVD စက်ထဲ ကိုရီးယားဇာတ်လမ်းတွဲခွေထည့်ပြီးဖွင့်ကြည့်နေ၏။
ခေါက်ဆွဲပြုတ်လင်ဗန်းလေးကိုဘေးတွင်ချထားသည်။ ဇာတ်လမ်း
ကဆွဲဆောင်၍ခေါ်သွားသဖြင့်ခေါက်ဆွဲပြုတ်စားဖို့တောင်မေ့နေသ
ဖြင့် ကျွန်မ၏လက်က ခေါက်ဆွဲပန်းကန်ရှိတူသို့လက်လှမ်းလိုက်ပြီး
မျက်နှာက TV သို့သာငေးနေမိသည်။ ကျွန်မ ခေါက်ဆွဲစားရန်တူ
ကိုကိုင်လိုက်သော်လည်း တူမဟုတ်သော အေးစက်စက်လက်တစ်
ဖက်ကို စမ်းမိလိုက်လေတော့သည်။ အလွန်ထိတ်လန့်သဖြင့် လှည့်
ကြည့်လိုက်သောအခါ မမိုးစံသည် သွေးဆုပ်ဖြူလျော့နေသောမျက်
နှာဖြင့် ကျွန်မဘေးတွင်ထိုင်နေသည်ကို တွေ့မြင်လိုက်ရတော့သည်။
ကျွန်မနှလုံးသွေးများဆူပွက်ကာ တစ်ကိုယ်လုံးတုန်ယင်လာပြီး
လည်ချောင်းမှအသံပင်ထွက်မလာတော့ပေ။ ကြောက်ရွံ့လွန်းသဖြင့်
ထိုင်နေရာမှထရပ်ကာပြေးသော်လည်းထိုနေရာမှတလှမ်းမှရွေ့မရ
နေချေ။ ခေါက်ဆွဲပန်းကန်ပင်ကြောက်လန့်တကြားဖြင့်တွန်းထုတ်မိ
၍ ကော်ဇောပေါ်တွင်ခေါက်ဆွဲပြုတ်ရည်များပေကျံနေပေပြီ။ မမိုးစံ
သည် ကျွန်မကိုစူးစိုက်ကြည့်နေသည်။ ကျွန်မတစ်ကိုယ်လုံးချွေးစေး
များပျံနေပြီး သူမကိုကြည့်နေမိ၏။ သူမတစုံတခုကိုပြောနေသလိုပင်။
ကျွန်မကောင်းစွာမကြားရပါ။ သူမ ထိုစကားကိုသာထပ်ခါထပ်ခါပြော
နေသဖြင့် သေချာစွာနားထောင်ကြည့်မိသောအခါ....
"" သွား....သွား... သွား....""
ထိုအခါမှ ကျွန်မအားကုန်သုံးပြီးအော်ဟစ်ပစ်လိုက်မိတော့သည်။
မည်မျှကျယ်လောင်စွာအော်ဟစ်မိသည်မသိ။ မျက်စိစုံမှိတ်ကာအော်
နေရင်း မျက်လုံးဖွင့်ကြည့်သောအခါ မမိုးစံမရှိတော့ချေ။ ကျွန်မထို
နေရာမှ ကမန်းကတန်းထထွက်ပြီး ကားသော့နှင့် မမိုးစံဓါတ်ပုံကို
ယူကာ အိမ်ထဲမှထွက်လာခဲ့၏။ ခြံတံခါးပိတ်ဖို့ပင်မစဉ်းစားနိုင်တော့။
ကားကိုအမြန်မောင်းထွက်လာခဲ့မိသည်။ ကိုပြည့်ဖြိုးအောင် ကိုဖုန်း
ခေါ်သော်လည်း ဖုန်းမကိုင်သဖြင့် မမိုးစံအသုဘသို့လိုက်သွားရန်
ဆုံးဖြတ်လိုက်တော့သည်။
ကျွန်မနှင့်မမိုးစံမှာ အပြင်တွင်တစ်ခါသာဆုံတွေ့ဖူးသည်။ ကျွန်မတို့
ကြားတွင် ပထမအိမ်ထောင်၊ ဒုတိယအိမ်ထောင်ဟူသောကွာခြား
ချက်ကလွဲပြီး မည်သည့်အငြိုးအတေးမှမရှိခဲ့ချေ။ စကားပင်နှစ်ခွန်း၊
သုံးခွန်းသာပြောဖူးသည်။ ဤသည်ကိုအဘယ်အကြောင်းကြောင့်
ကျွန်မထံလာရောက်ခြောက်လှန့်နေသနည်း။ ကျွန်မစဉ်းစားမရနေပေ။
ခင်ပွန်းသည်ထံလာရောက်ခြင်းလော။ ထိုသို့ဆိုလျှင်ခင်ပွန်းသည်
ထွက်သွားပြီးမှ ကျွန်မကိုခြောက်လှန့်ခြင်းမှာအဘယ်အကြောင်း
ကြောင့်နည်း။ ကျွန်မတွင်အတွေးများစွာဖြင့်မမိုးစံအိမ်သို့ရောက်လာ
ခဲ့သည်။
အိမ်ရှေ့၌ခင်ပွန်းသည်၏ကားကိုရှာကြည့်သော်လည်းမတွေ့နေပေ။
မမိုးစံအိမ်ထဲ ခပ်တည်တည်ပင်ဝင်ခဲ့လိုက်သည်။ ညဝတ်အင်္ကျီဖိုသီ
ဖပ်သီနှင့် ချွေးတလုံးလုံးဖြစ်နေသောကျွန်မကို မမိုးစံဖက်ကအသိုင်း
အဝန်းဆွေမျိုးမိတ်ဆွေများကဝိုင်းကြည့်နေကြသည်။ ကျွန်မက စိတ်
ကိုတင်းကာ...
"" ကိုပြည့်ဖြိုးအောင်... ရောဟင်... ""
"" ပြန်သွားတာကြာပြီ "''
"" ရှင်... ""
ခင်ပွန်းသည်ကပြန်သွားပြီဆိုလျှင် ထိုနေရာ၌ကျွန်မမည်ကဲ့သို့ဆက်
ထိုင်ရမည်မှန်းမသိ။ သို့သော် မမိုးစံ၏ရုပ်အလောင်းကိုတော့ ကြည့်
ချင်မိသည်။ အလောင်းစင်မှန်နားသို့သွားကာ မမိုးစံကိုငုံ့ကြည့်လိုက်
သည်။ ကျွန်မအာခေါင်ပင်ခြောက်ကပ်လာခဲ့ရ၏။ သူမယခုဝတ်ဆင်
ထားသောအဝတ်ဖြင့် ခုနကကျွန်မနံဘေးတွင်ထိုင်နေသည်မဟုတ်ပါ
လား။
"" မမိုးစံ... ဘာရောဂါနဲ့ဆုံးတာလဲရှင့် ""
သူတို့အိမ်ကပြောပြချင်ဟန်မရပေ။ မမိုးစံ၏အဒေါ်က ကျွန်မနား
ကပ်ကာ ခပ်တိုးတိုးပြောသည်။
"" ရေချိုးကန်ထဲမှာ အသက်မဲ့နေတာတွေ့တာပဲ... ''''
"" ဘယ်လို... ဘာဖြစ်လို့လဲ ""
"" သေချာမသိရသေးဘူး... အမှုတော့ဖွင့်ထားတယ်... '''''
"" အသတ်ခံရတာလား... အလောင်းကိုအိမ်ပြန်သယ်လာကြတာ
လား ""
ကျွန်မသိချင်သည်များကိုတရစပ်မေးနေမိသည်။
"" အသတ်ခံရတဲ့လက္ခဏာလိုတွေ့တယ်ပြောတယ်... စုံစမ်းနေကြ
တုန်းပဲ... အလောင်းကိုရင်ခွဲရုံကနေအိမ်ပြန်သယ်လာတာ...
ဖြိုးသူရလေး...သူ့အမေနောက်ဆုံးအချိန်ကန်တော့ရအောင်လို့ပါ ""
"" အော်... ''''
သားဖြစ်သူက စင်္ကာပူတွင်ကျောင်းတက်နေသဖြင့် နောက်ဆုံးအချိန်
မှီအောင် စောင့်နေပေးခြင်းဖြစ်သည်။ ကျွန်မလည်း စိတ်မကောင်း
ကြောင်းပြောပြီးပြန်လာသော်လည်း ထိုအိမ်မှလူများသည် ကျွန်မ
ကို ကြည့်ကာ တီးတိုးတီးတိုးအတင်းပြောနေသည့်ဟန်ရှိသည်။ ကျွန်မ
လည်းမမြင်ချင်ယောင်ဆောင်ပြီး ထွက်လာခဲ့၏။ ကားစက်နိုးရင်း
ခင်ပွန်းသည်ကိုဖုန်းထပ်ခေါ်ကြည့်သည်။ ဖုန်းမကိုင်ချေ။ ကျွန်မအိမ်
သို့ပြန်ရန်ကြောက်ရွံ့မိနေမိသည်။သို့သော်မပြန်၍လည်းမဖြစ်။
အားတင်းကာ အိမ်သို့ပြန်မောင်းလာခဲ့၏။ ကားပေါ်တွင်အနံ့ထပ်ရ
ပြန်ပြီ။ ယခုအခါပုပ်အဲအဲအနံ့ပင်။ ကျောရိုးထဲစိမ့်နေအောင်အေးခဲ
လာသလိုလိုခံစားလိုက်ရသည်။ နောက်ကြည့်မှန်မှကားနောက်ခန်း
ဆီသို့မဝံ့မရဲလှမ်းကြည့်မိ၏။ ကားပေါ်တွင်တော့မည်သည်မှမတွေ့။
သို့သော်ပုပ်အဲအဲအနံ့ကအိမ်ထိလိုက်ပါလာသည်။ အိမ်သို့ရောက်
သောအခါ ခင်ပွန်းသည်၏ကားရပ်ထားသည်ကိုတွေ့သဖြင့် ဝမ်း
သာသံားမိတော့သည်။ အိမ်ထဲဝင်ပြီး...
"" ကိုကို...ကိုကို... ""
ကျွန်မကတကြော်ကြော်အော်ခေါ်နေစဉ် အိမ်တံခါးကအနောက်ဖက်
မှပိတ်သွားလေသည်။ ကျွန်မလှည့်ကြည့်လိုက်သောအခါ ခင်ပွန်း
သည်က အိမ်တံခါးပိတ်လိုက်သည်ကိုတွေ့လိုက်ရသည်။
"" ကိုကို... သဲလေ... တစ်ယောက်တည်းမနေရဲလို့... "''
"" မင်းငါ့ကို checking လိုက်နေတာဘယ်လောက်ကြာနေပြီလဲ "''
"" ဟင်... ကိုကိုဘာတွေပြောနေတာလဲ ''''
"" ငါ့ကိုမယုံမကြည်ဖြစ်ပြီးတိတ်တိတ်လေးလိုက်စုံစမ်းနေတယ်...
ခုဘာတွေသိခဲ့ပြီလဲ...ပြောစမ်း... ""
"" သဲကဘာတွေသိမှာလဲကိုကိုရဲ့... ခုနကသရဲခြောက်လို့ ""
"" ဓါတ်ပုံဘယ်မှာလဲ ""
ခင်ပွန်းသည်၏ပုံသဏ္ဍာန်မှာအေးစက်စက်နိုင်ပြီးကြောက်စရာ
ကောင်းနေသည်။ ကျွန်မ စာဖတ်ခန်းထဲဝင်ပြီးဓါတ်ပုံယူလာခြင်းကို
မည်ကဲ့သို့သိသွားသည်မသိပေ။
"" ဓါတ်ပုံ ဘယ်မှာလဲ မေးနေတယ်လေ ""
ကျွန်မလည်း အချိုးပြောင်းနေသောခင်ပွန်းသည်ကိုအရိပ်အကဲကြည့်
ရင်း အင်္ကျီအိတ်ကပ်ထဲမှ မမိုးစံဓါတ်ပုံလေးကိုထုတ်ပေးလိုက်သည်။
"" ဟက်...ဟက်... ''''
ခင်ပွန်းသည်က ဓါတ်ပုံကိုယူပြီး ရယ်နေသည်။ ကျွန်မစိတ်ထဲအမျိုး
အမည်မသိတစုံတရာကိုခံစားနေရကာ ရင်တထိတ်ထိတ်ဖြစ်ပေါ်
လာ၏။
"" ကိုကို... စာဖတ်ခန်းထဲ သဲ တမင်ဝင်တာမဟုတ်ပါဘူး...
စာအုပ်တွေပြုတ်ကျသံကြားလို့ ""
"" နင်ဘာတွေထပ်သိထားလဲ ""
"" ဘာကိုလဲ ကိုကို ""
ကျွန်မနားမလည်ပါ။ ခင်ပွန်းဖြစ်သူဘာတွေပြောနေမှန်းလဲမသိ။
"" နင်လည်း မိုးစံနောက်လိုက်သွားချိန်ရောက်ပြီထင်တယ် ""
သူ၏အသံက ခြောက်ကပ်ကပ်ရှတတဖြစ်နေပြီး အလွန်ပင်ထိတ်လန့်
ဖွယ်ကောင်းနေသည်။
"" နင်အရမ်းသိချင်နေတာလေ... ငါနဲ့မိုးစံဘာလို့ကွာရှင်းလဲဆိုတာ...
အခုငါ့သားဆိုတာကလည်း ငါ့ကလေးမဟုတ်ဘူး... သူဗိုက်တစ်လုံးနဲ့
ဒုက္ခရောက်နေတုန်း သူ့အဖေကငါ့ကိုလှည်းကျိုးထမ်းခိုင်းခဲ့တာ...
ငါသိပ်စိတ်ကျဉ်းကြပ်လွန်းလို့မရမကကွဲခဲ့တယ်... ကွာရှင်းပြီးနင်နဲ့ယူ
ပြီးမှ ငါသိခဲ့တာ... သူ့အဖေကသူ့အတွက် ရွှေချောင်းတွေတော်
တော်များများထားခဲ့တယ်ဆိုတာပဲ... သူကထားခဲ့တဲ့နေရာသိတယ်...
ဒါပေမယ့် မီးခံသေတ္တာလျို့ဝှက်နံပါတ်ကမရှိဘူး... သူ့အဖေက နှလုံး
ဖောက်ပြီးဆုံးသွားပြီ... သူ့ဆီကရတာဆိုလို့ မိုးစံရဲ့ဓါတ်ပုံတစ်ပုံပဲရှိ
တယ်... ငါနှစ်တွေအကြာကြီးသူများကလေးအဖေအနေနဲ့နေပေးခဲ့ရတာတွေ... ငါဘာပြန်ရသလဲ... ""
ကိုပြည့်ဖြိုးအောင်မှာ သရဲသဘက်စီးသလိုကြောက်မက်ဖွယ်ကောင်း
နေချေပြီ။ သူ၏အသံမှာ ဒေါသနှင့်အလိုရမက်များဖုံးလွှမ်းနေ၏။
"" ဒါကြောင့် ဟိုညကငါ မိုးစံဆီသွားတယ်...အိမ်မှာဘယ်သူမှမရှိ
ချိန်သွားတာ... သူကငါ့ကိုမီးခံသေတ္တာနံပါတ်မပေးဘူး... ငါချော့
ပြောပြီးတောင်းတယ်... မရဘူး... အဲ့ဒါနဲ့ ခြောက်လိုက်တာ
ရေချိုးကန်ထဲခေါင်းနှစ်ထားတာနဲနဲကြာသွားတယ်... တောက်...""
"" ရှင်... ရှင်... လူသတ်သမား... ""
"" အေ... နင့်ပါးစပ်ကိုပိတ်ထားမလား... ငါပိတ်ပေးရမလား...ဟမ်""
ထိုသို့ကြောက်မက်ဖွယ်ကောင်းအောင်ပြောနေပြီးမှ သူ၏အသံကပြန်
လည်ပျော့ပြောင်းသွားသည်။
"သဲ...ကိုကိုပြောမယ်... ဒီရွှေချောင်းတွေရရင်...ကိုကိုတို့ဘာအလုပ်မှလုပ်နေစရာမလိုတော့ဘူး... အေးအေးဆေးဆေးနေနေရုံပဲ... သဲ
လည်း ကိုကို့ကိုကူပြီး ရှာကူပါသဲရယ်...နော်... ""
ခင်ပွန်းသည်က ကျွန်မကိုအပျော့ဆွဲနေချေပြီ။ ၁၃နှစ်တာပေါင်းသင်း
လာသောမိန်းမကိုတောင် သတ်ပစ်လိုက်နိုင်လျှင် ၃နှစ်သာရှိသေး
သည့် ကျွန်မတို့အိမ်ထောင်ရေးကိုလည်း အစဖျောက်ပစ်နိုင်ပေလိမ့်
မည်။ ကျွန်မချွေးစေးများပျံလာပြီး မည်ကဲ့သို့လုပ်ရမည်ကိုစဉ်းစား
မရတော့ပေ။
"" သဲ...သဲက မိုးစံအိမ်ကို ဝင်ထွက်ပြီး စုံစမ်းပေးပါကွာနော်...
မိုးစံသေတာလူသတ်မှုဆိုပြီး အရမ်းစစ်ဆေးနေလို့... ကိုကိုသွားလို့မ
ဖြစ်လို့ပါသဲရာ... ""
ခင်ပွန်းသည်မှာ ကျွန်မကိုချစ်ခင်၍အလျော့ပေးနေခြင်းမဟုတ်ချေ။
လူသတ်တရားခံအဖြစ်ဖမ်းမိသွားမည်စိုး၍ ကျွန်မကိုအသုံးချနေခြင်း
ပင်။
"" ဝုန်း ''''
ကျွန်မတို့အခန်းတံခါးသည်ရုတ်တရက်ပွင့်သွားလေသည်။ ကိုပြည့်ဖြိုး
အောင်နှင့်ကျွန်မထိတ်လန့်စွာဖြင့်အခန်းထဲသို့လှည့်ကြည့်မိလိုက်၏။
အခန်းထဲမှ ပုပ်အဲအဲအနံ့အသက်ကပြင်းထန်စွာထွက်ရှိလာသည်။
ကျွန်မတို့လည်း ခြေလှမ်းကိုဖြည်းဖြည်းချင်းလှမ်းကာ အခန်းထဲကြည့်
လိုက်သည်။ အခန်းမျက်နှာကျတ်ပေါ်မှ ဇောက်ထိုးကြီးဖြင့် ကျွန်မတို့
နှစ်ယောက်ကိုကြည့်နေသော မမိုးစံကိုတွေ့လိုက်ရလေတော့သည်။
ကျွန်မသည်ကြောက်လန့်လွန်းသဖြင့် ဒူးနှစ်ဖက်ပင်ပျော့ခွေကျသွား
ရသည်။ ခင်ပွန်းဖြစ်သူကတော့ ဒေါသတကြီးဖြင့် တွေ့ရာပစ္စည်းများ
ဖြင့် အခန်းမျက်နှာကျတ်ကို ကောက်ပစ်နေလေသည်။ ကျွန်မလည်း
တုန်ယင်နေသောခြေအစုံကို အားတင်းကာအိမ်ထဲမှထွက်ပြေးလာ
ရင်း ဖုန်းခေါ်လိုက်သည်။
"" ဟဲလို... စခန်းကပါလား... မမိုးစံလူသတ်မှု သတင်းပေးချင်လို့ပါ...
သတ်တဲ့သူက...က... ကိုပြည့်ဖြိုး...အောင်... အား...""
ခင်ပွန်းသည်က ဖုန်းကိုလှမ်းယူပြီး ကျွန်မဆံပင်ကိုဆောင့်ဆွဲကာ
အိမ်ထဲသို့ဆွဲခေါ်ဝင်လာသည်။ ကျွန်မ မရုန်းနိုင်ဘဲ ပါသွားရ၏။
ကျွန်မမျက်နှာကို လက်သီးဖြင့် သုံးလေးချက်ဆင့်ထိုးလာသည်။
ကျွန်မ လုံးဝမလှုပ်နိုင်တော့ချေ။ ကြမ်းပြင်ပေါ်တွင်မျော့မျော့လေး
သာ လဲကျနေ၏။ ကျွန်မ မျက်လုံးထဲတွင် ဝိုးတဝါးပုံရိပ်များက တိုး
ဝင်လာခဲ့သည်။
မမိုးစံသည် ကိုပြည့်ဖြိုးအောင်၏ နောက်ကျောဖက်သို့ခုန်တက်ကာ
ပုခုံးပေါ်တက်ခွထား၏။ ထို့နောက်... သူမ၏လက်နှစ်ဖက်ဖြင့် ဂျွတ်ကနဲ ဇက်ကိုချိုးပစ်လိုက်လေသည်။ ထိုမြင်ကွင်းအပြီး ကျွန်မလည်း
လောကကြီးနှင့်အဆက်ပြတ်သွားလေတော့သည်။
ကျွန်မသတိရလာသောအခါ ဆေးရုံပေါ်တွင်ဖြစ်သည်။ ကျွန်မသတိရ
ပြီး အမှုအတွက်အစစ်ဆေးခံရသည်။ ကျွန်မပြောပြသည်ကိုယုံကြည်
ကြမည်တော့မဟုတ်ချေ။ သို့သော်ကျွန်မအမှန်အတိုင်းသာပြောပြ
ခဲ့သည်။ အမှုစစ်များကတော့ ကိုပြည့်ဖြိုးအောင်ကကျွန်မကိုရိုက်
နှက်ပြီး ကျွန်မလဲကျချိန်လောက်တွင် သူလည်းအုတ်လှေကားပေါ်
ခြေချော်ကျကာ ဇက်ကျိုးပြီးသေဆုံးသည်ဟု ကောက်ချက်ချကြ
သည်။ ကိုပြည့်ဖြိုးအောင်ကို မမိုးစံက ကျွန်မနံဘေးတွင်ဇက်ချိုး
လိုက်သည်ကိုတွေ့မြင်ခဲ့သော်လည်း ကိုပြည့်ဖြိုးအောင်၏အလောင်း
ကိုမူ အိမ်နောက်ဖေးအုတ်လှေကား၌ရှာတွေ့ခဲ့သည်ဟုပြောကြသည်။
ကျွန်မလည်းသို့လောသို့လောနှင့်စဉ်းစားမရခဲ့ပေ။ ထိုညကကျွန်မ
အိပ်မက်မက်ခဲ့သည်။ မမိုးစံသည် ကျွန်မထံလာကာ...
"" ညီမရေ... ဓါတ်ပုံနောက်က ရက်စွဲလေးကို ဓါတ်ပုံထည့်ထားတဲ့
စာအုပ်လေးနဲ့တိုက်ကြည့်ပါနော်... အစ်မအတွက်လည်းအလှူလုပ်
ပေးပါ... ညီမလည်းတချို့တဝက်ယူပါ... သားလေးကိုလည်းပေး
ပေးပါညီမရယ် ""
သူမ ကျွန်မကိုယုံကြည်သည်လားမသိ။ သူ့ဖခင်မဆုံးပါးခင်က
ကိုပြည့်ဖြိုးအောင်ကို မယုံမကြည်ဖြစ်မိ၍ လျို့ဝှက်နံပါတ်ကို ဝှက်ထား
ခဲ့ခြင်းဖြစ်ပေမည်။ ကံမကောင်းစွာဖြင့်နှလုံးဖောက်ပြီးဆုံးပါးခါနီးတွင်
ထိုဝတ္တုစာအုပ်ကိုသာ တောင်းနေသဖြင့် ကိုပြည့်ဖြိုးအောင်က ရိပ်မိ
ပြီး ယူထားခဲ့ခြင်းဖြစ်၏။ မမိုးစံကတော့ ဖွင့်မရသည့် မီးခံ
သေတ္တာကြီးသာထိုင်ကြည့်နေခဲ့ရသည်။ မီးခံသေတ္တာဖွင့်နိုင်သူများ
ကိုအကူအညီတောင်းသော်လည်းဘယ်လိုမှဖွင့်မရခဲ့။ ထို့ကြောင့်
လျို့ဝှက်နံပါတ်ကို ရှာဖွေကြတော့သည်။
ကျွန်မအိမ်သို့ပြန်ရောက်သောအခါ စာဖတ်ခန်းမှ ဝတ္ထုစာအုပ်ကို
ရှာကြည့်လိုက်သည်။ ထို့နောက် ဓါတ်ပုံနောက်ကျောတွင်ရေးထား
သည့်အတိုင်းစာမျက်နှာများဖွင့်လိုက်သည်။ 14.11.70 ဖြစ်သဖြင့်
စာမျက်နှာ 14 ကိုဖွင့်ကြည့်လိုက်သည်။ စံပါယ်၂၄ ပွင့်ဆိုသည်တွင်
၂၄ ကိုမျဉ်းတားထား၏။ တဖန် စာမျက်နှာ 11 ကိုဖွင့်ကြည့်လိုက်
သည်။ ငါးလေးတွေ ဆိုသည်၌ ငါးလေးကိုမျဉ်းတားထားပြန်သည်။
စာမျက်နှာ 70 ကိုလှန်လျောကြည့်သည့်အခါ ဆယ့်နှစ်နာရီ ကိုမျဉ်း
တားထားလေသည်။
ထိုဂဏန်းများကိုစီလိုက်သည့်အခါ ၂၄၅၄၁၂ ဆိုသည့်နံပါတ်ကို
ရရှိလာခဲ့သည်။ နံပါတ်များကိုမှတ်ယူပြီး မမိုးစံ၏ သားကိုသွား
တွေ့ဆုံကာရှင်းပြပြောဆိုခဲ့သည်။ မမိုးစံ၏သားကလည်းသဘောတူ
သဖြင့် မီးခံသေတ္တာကိုဖွင့်ကြည့်သည့်အခါ ဖွင့်၍ရသွားတော့သည်။
သေတ္တာထဲတွင် ရွှေချောင်းအချို့နှင့်အတူ လက်ဝတ်ရတနာများ
ကိုတွေ့ရသည်။
မမိုးစံအတွက်အလှူဒါနပြုလုပ်ပေးပါဟုမှာခဲ့ပြီး ကျွန်မပြန်လာခဲ့၏။
သူတစ်ပါး၏ပစ္စည်းကိုတပ်မက်မိခြင်းမျိုးမဖြစ်အောင် ကျွန်မကြိုးစား
ထိန်းသိမ်းနိုင်ခဲ့ပေပြီ။ မမိုးစံကတော့အိပ်မက်ထဲတွင်ကျွန်မကိုလာ
နှုတ်ဆက်သွားပြန်သည်။ ကျွန်မနှင့်မမိုးစံက ပထမအိမ်ထောင်၊
ဒုတိယအိမ်ထောင်ဖြစ်လင့်ကစား အမုန်းတရားမရှိခဲ့။ အမုန်းတရား
ဟူသည်က ကိုယ်ကိုယ်တိုင်ရှာဖွေနေကြခြင်းဟုပင်ကျွန်မထင်မြင်
မိသည်။ မုန်းတီးမှုများမရှိလေ စိတ်၏ငြိမ်းချမ်းခြင်းကိုရရှိလေ။
အလိုရမက်လောဘများလျော့နည်းလေ စိတ်၏ချမ်းသာခြင်း
ပြည့်စုံလေပင်မဟုတ်ပါလား။ ယခုအချိန်တွင်တော့ ကျွန်မသည်
သံဝေဂများရကာ အရာရာကိုနားလည်ပေးတတ်သူဖြစ်နေခဲ့လေပြီ။
အများသူငှါ မဲ့ရွဲ့ပြီး ဒုတိယဇနီး ဟုပြောဆိုစေကာမူ ကျွန်မနှင့် မမိုးစံ
အတွက်သက်ရောက်မှုမရှိနိုင်တော့ချေ။ ကျွန်မ ဒုတိယဇနီးသည်ပါ။
သော်တာလမင်းစန္ဒာ
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။