
ဈေးပွဲတော်ညများထဲက ထိတ်လန့်ခြောက်ခြားဖွယ်ရာ သံယောဇဉ်
အချိန်က ၂၀၀၆ ခုနှစ်…. အဲဒီအချိန်တုန်းက နယ်မြို့ကြီးတွေမှာ ဈေးပွဲတော်တွေခေတ်စားနေတဲ့ အချိန်ပေါ့။
ဒီအချိန်မှာ ညီအစ်မသုံးယောက်ပေါင်းပြီး ဈေးပွဲတော်ကျင်းပမယ့် ကုမ္ပဏီတစ်ခုကို ထောင်မယ်။ အများမိုးခါး ရေသောက်သလို ကိုယ်တွေလဲ သောက်မယ်ပေ့ါလေ..။ ဈေးပွဲတော်ကျင်းပဖို့ ကုမ္ပ ဏီဆိုတာ ပါးစပ်ကသာပြောတော့သာလွယ်မယောင်ယောင်ရှိတာပါ.. တကယ်တမ်းကြတော့ အင်မတန်ပင်ပန်းပြီး လက်ပေါက်ကပ်တဲ့ လုပ်ငန်းတစ်ခုဖြစ်မှန်း ကိုယ်တိုင်သေချာလုပ်ကြည့်မှ သိလာတော့တာပါပဲလေ။
တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဒီလုပ်ငန်းမှာ အတော့်ကို ထင်သာမြင်သာရှိတာ။ ဒီတာဝန်ယူမှု ကနေတာဝန်ခံမှုတွေကြောင့် ဈေးပွဲတော်ကြီးတွေကို ဧရာဝတီတိုင်းအတွင်းက မြို့ကြီးသုံးမြို့မှာ ဆယ်ရက်စီ လုပ်ပြီးကတည်းက နောက်ထပ်ဘယ်တော့မှ ဒီလုပ်ငန်းကို ခြေဦးမလှည့်တော့မယ့် ကိုယ်ဖြစ်ပါစေလို့ ဆုတောင်းခဲ့လိုက်မိတဲ့ အထိပါပဲ။
ပြသနာက ကိုယ်ကပဲ စခဲ့တဲ့ဇာတ်လမ်းလို့ပြောရမှာပါ။ ညီအစ်မသုံးယောက်တာဝန်ခွဲဝေကြတော့ ကိုယ်က ငွေကြေးမစိုက်နိုင်သူမို့ လုပ်အားစိုက်မယ်။ ကိုယ်က စကားပြောကျွမ်းကျင်သူမို့ ကိုယ့်ပွဲကြီး မှာ ပါဝင်ဈေးရောင်းမယ့် ဆိုင်ခန်းရှင်တွေကို ကိုယ်ရှာပေးမယ်ပေါ့။ အစ်မအကြီးဆုံးကတော့ သူ့ကုမ္ပ ဏီ၊ သူက အများဆုံးငွေကြေးစိုက်ထုတ်သူမို့ ကုမ္ပဏီပိုင်းဆိုင်ရာတွေနဲ့ လူကြီးတွေနဲ့ တွေ့ဆုံပြီးပွဲ ကျင်းပခွင့် တောင်းတာတွေ၊ ဈေးပွဲတော်မှာ ဖျော်ဖြေရေးအစီအစဉ်တွေအတွက် မော်ဒယ်ငှား မှု တွေ ကျင်းပမယ့် မြို့ကြီးတွေမှာ အဖွဲ့တွေတည်းခိုနိုင်ဖို့တွေ စီစဉ်မှုကိုလုပ်ပါတယ်။ နောက်အစ်မ တစ်ယောက် က ငွေကြေးစိုက်ဝင်သူရှယ် ယာရှင်။
ဒီတော့ အစ်မနှစ်ယောက်က သူ့လုပ်ငန်းတာဝန်တွေနဲ့သူမအားသလို.. ကိုယ်ကလည်း ဈေးဆိုင်ခန်း ပိုင်ရှင်တွေ၊ ဈေးပွဲတော်ရောင်းချဖူးသူတွေ၊ လုပ်ငန်းရှင်တွေကို စည်းရုံးဆွဲဆောင်ရတာနဲ့ မအားရှာပါ ဘူး။ ဒီလိုတွေရှင်းပြနေရတာ ဈေးပွဲတော်သဘောတရားကို နားလည်မှ၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆို တာ ဘယ်လောက်အရေးပါကြောင်း၊ လူ့အသက်တစ်ချောင်းဘယ်လောက်အရေးပါကြောင်း သိရှိစေ နိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းက မြို့ကြီးနံပတ်တစ်မှာ ဆယ်ရက်ခန့် ကျင်းပမှာဖြစ်တာကြောင့် မော်ဒယ်ဆယ်ဦး၊ ကိုယ်တွေ ညီအစ်မသုံးယောက်နှင့် လက်သမားဆရာ၊ မီးအဖွဲ့တို့ ခရီးထွက်ခဲ့ကြပါပြီ။ ကိုယ်က အိမ်ထောင်ကျစ အိမ်ထောင်ဦးကာလပေမယ့် အမျိုးသားကလည်းခရီးထွက်နေရတော့ တစ်မြို့မှာ ဆယ်ရက်နဲ့ကျင်းပမယ့် တစ်လတာ ခရီးကို စိတ်အေးလက်အေးလိုက်နိုင်ပါတယ်။
အစ်မရဲ့ အဆက်အသွယ်ကောင်းမှုကြောင့် ကိုယ်တွေညီအစ်မသုံးယောက်နဲ့ အစ်မရဲ့ သူငယ်ချင်း တစ်ယောက်၊ မော်ဒယ်ယောက်ျား လေး၊ မိန်းက လေးဆယ်ဦး စုစုပေါင်းဆယ့်လေးယောက်က အဲဒီ မြို့ကြီးရဲ့ ရုံးဌာနတစ်ခုမှာ တည်းခိုခွင့်ရရှိခဲ့ပါတယ်။
ဈေးပွဲတော်ကျင်းပမယ့်နေရာကတော့ မြို့နယ်ခန်းမကြီးမှာပါ။ ဆိုင်ခန်းပိုင်ရှင်တွေက အဲဒီနေရာ ရောက်မှ ဟိုနေရာမလိုချင်၊ ဒီနေရာမလိုချင်ပြဿနာပေါင်းသောင်းခြောက်ထောင်တွေ ဖြေရှင်းရ ပါတယ်။
“ဟဲ့ကလေးမလေး.. ညီးတို့ပြတုန်းက ဒီအခန်းမဟုတ်ပါဘူး။ ငါ့နေရာက မိန်းခလုတ်ဘုတ်ခုံကြီးနား မှာနေရတော့ သူများထက် ကျဉ်းနေသလိုပဲ.. အဲဒါလာလုပ်ပေး”
အဲဒီဦးလေးက ဦးမူးမူး (အမည်လွှဲ) ဖြစ်ပါတယ်။ သူကမျက်မှန်ဆိုင်ဖွင့်တဲ့သူပါ။ နည်းနည်းစကား ပြောရတာ လက်ပေါက်ကပ်သူမို့ မနည်းပြောပြ ဆွဲဆောင်ပြီးခေါ်လာရတာပါ။ ကိုယ့်ကာစတန်မာ မို့ အစ်မတွေနဲ့ ပြောလည်းမပြီးပါဘူး။ ရုပ်အတည်ပေါက်နဲ့ တစ်ခါတလေ ပေကပ်ကပ်နိုင်သလောက် တစ်ခါခါမှာလည်း အင်မတန်ပျော်ပြီး စနောက်နေတတ်တဲ့ ခန့်မှန်းရခက်တဲ့လူမျိုးပါ။
“ကဲ ပါဦးမူးမူးရယ်..။ နေရာလေးနည်းနည်းတိုးပေးမယ်..ဒီနေရာမှာ နေရတာက ဦးမူးမူးက မိန်းပဲ။ မိန်းခလုတ်နားမှာ နေရတာမို့ လူတွေက ဦးမူးမူးနားပဲလာမှာ”
ကိုယ်ကလည်း ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်တော့ သူကကျေနပ်သွားသလို ရီပါတယ်။
“ညီးရုပ်ကလေ စူပုပ်ပုပ်မို့စတာပါ… ဒီတိုင်းပဲနေလို့အဆင်ပြေပါတယ်။ ငါ့ဆီက ကြိုက်တဲ့မျက်မှန် တစ်လက်ယူ.. ငါလက်ဆောင်ပေးတာ.. ဒါပေမယ့် ငါ့မှာ ဈေးကူရောင်းဖို့ လူအပိုမပါဘူး။ ညီးလာ ရောင်းကူပေးရမယ်။ ငါမကျေနပ်ရင်တော့ မိန်းခလုတ်ကိုချပလိုက်မှာပဲ..အာ့ဆို ညီးတို့တော့ဒုက္ခ ရောက်ပြီပဲ. ”
သူလဲ ပြောချင်ရာပြော.. ကိုယ်လည်း ပြန်နောက်နဲ့ အဆင်ပြေသွားပါတယ်။
ဒီလိုနဲ့ အဆင်ပြေပြီး ဈေးပွဲတော်က ညနေလေးနာရီလောက်မှာစရောင်း၊ ညနေခြောက်နာရီလောက် မှာ စင်မြင့်ပေါ်မှာ မော်ဒယ်ရှိုးနဲ့ ဖျော်ဖြေပြီး ဈေးပွဲတော်လိုက်လာတဲ့ ဆိုင်ခန်းရှင်တွေရဲ့ ပစ္စည်းအချို့ ကို မော်ဒယ်ရှိုးလျှောက်ပြီးကြော်ငြာပေးနဲ့ အဆင်ပြေပြေပါပဲ။
ကိုယ်ကတော့ ဦးမူးမူးဆိုင်မှာ အားတဲ့အချိန်လေးပြေးကူပေးရသေးတာပေါ့လေ။ ဒီနေရာမှာ ဦးမူးမူး က နာမည်နဲ့လိုက်အောင် အရက်ကိုကြိုက်တာပါပဲ။ ညနေစောင်းပြီးဆို ပိုက်ဆံပုံးပါကိုယ်နဲ့ ထားပြီးထွက် သွားတတ်ပါတယ်။ အရက်ဆိုင်က ပြန်လာတိုင်းလဲ ကိုယ့်အတွက် ခေါက်ဆွဲကြော်လိုမျိုးတွေပါလာ တတ်ပါတယ်။ မစားဘူးပြောရင်လည်း “ညီး မစားဘူးလား.. ငါစေတနာနဲ့ ဝယ်လာတာ.. ဈေးပွဲတော်တစ်ခုလုံး မှောင်မည်းသွားအောင် မိန်းချလိုက်ရမလား” ဆိုပြီး ခြိမ်းခြောက်တတ်ပါတယ်။
တကယ်တော့လည်းမလုပ်ပါဘူး။ စစနောက်နောက်နေတတ်ပြီး သူ့ဆိုင်ကို အမှန်တကယ်လည်းလာ ကူတဲ့သူမို့ သူကလည်း တတ်နိုင်တာနဲ့ ပြန်လုပ်ပေးတဲ့သဘောပါပဲ။ဒါကြောင့် ဦးမူးမူးနဲ့ကိုယ်နဲ့ ဟာတခြားသူတွေထက်တော့ ပိုခင်လာပါတယ်။
ဈေးပွဲတော်ကျင်းပလို့ သုံးရက်မြောက်တဲ့နေ့မှာကိုယ်က တော်တော်လေးနေမကောင်းဖြစ်လာတာနဲ့ ဆေးခန်းသွားပြတဲ့ အချိန်မှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိလိုက်ရပါတယ်။ ဒါကြောင့် အစ်မတွေက လည်း ဝမ်းသာပြီးတည်းခိုတဲ့နေရာမှာပဲ ကိုယ့်ကိုနားနေစေပါတယ်။ ဈေးပွဲတော်ထဲမှာ လားလား လားလားနဲ့ သွားမနေရတော့ဘူးတဲ့လေ။
ညနေစောင်းတော့ အားလုံးဈေးပွဲတော်ရှိရာနေရာကို ထွက်သွားကြပါတယ်။ ကိုယ်ကတော့ အခန်းထဲမှာ အိပ်ပြီးကျန်နေခဲ့တာပါ။ မှေးကနည်းအိပ်ပျော်သွားပါတယ်။
“ဟဲ့ ကောင်မလေး ကောက်ကောက်.. ငါမသေသေးဘူးနော်.. သိလား.. ငါ့ကိုကယ်ပါ။ ငါမသေချင် သေးဘူး”
အသံကြီးက နားနားကပ်ပြီးပြောသလိုမျိုးကြီးကြားလိုက်ရပါတယ်။ ရင်ဘတ်ကြီးတစ်ခုလုံး ကလည်း တင်းကျပ်နေပြီး လန့်နိုးသွားပါတယ်။
အိပ်ယာနိုးလာတော့ အရမ်းကိုထိတ်လန့်ပြီး ဦးမူးမူးကို ငါဘာလို့ အိပ်မက်မက်ရတာလဲလို့ တွေးနေမိ ပါတယ်။ ဒီအချိန်မှာပဲ အခန်းတံခါးလာခေါက်သံကြားခဲ့ရပါတယ်။
“ညီမလေး.. ညီမလေး.. အခန်းထဲမှာရှိသလား.. တံခါးခဏဖွင့်ပေးပါလား”
တံခါးလာခေါက်တဲ့အစ်မက မော်ဒယ်အုပ်စုက ခေါင်းဆောင်ပါ.. သူကလဲ နေမကောင်းသလိုဖြစ်နေ လို့ဆိုပြီး တည်းခိုတဲ့နေရာမှာပဲ အိပ်ကျန်နေခဲ့တာပါ။ ဘာများပြောစရာရှိလို့ပါလိမ့်ဆိုပြီး တံခါးဖွင့် ပေးလိုက်ပါတယ်။
“ညီမလေး..အစ်မအခုပြောတာ သေချာနားထောင်ပါနော်.. အစ်မကို ယုံပါ.။ ကျိန်ပြောရဲတယ်သိလား။ နေမကောင်းလို့ အိပ်မလို့လုပ်နေတုန်း မအိပ်ခင်တရားထိုင်လိုက်ဦးမယ်လေဆိုပြီး တရားထိုင်နေတာ။ အဲဒါ ဟိုမျက်မှန်ဆိုင်က တအားရစ်တတ်တဲ့ဦးလေးလေ.. မျက်လုံးထဲကိုပေါ်လာပြီးတော့ ကယ်ပေး ပါ။ ကယ်ပေးပါ။ ငါမသေသေးဘူးလို့ အော်နေတယ်”
“ဟယ်..ဒါဆိုရင်တော့ မဖြစ်တော့ဘူး။ ညီမအိပ်နေတာလဲ အဲဒီလိုမျိုးပဲ မက်တယ်အစ်မရယ်။ အခုပဲ လန့်နိုးလာတာ..။ ဒီလောက်တိုက်ဆိုင်တာတော့ မဟုတ်လောက်တော့ဘူး..။ သွားမယ် လာလာ အစ်မ ပွဲခင်းထဲကို သွားကြည့်မယ်”
ပြောပြောဆိုဆို အဲဒီအစ်မလက်ကိုဆွဲပြီး ပွဲခင်းထဲသွားဖို့ အောက်ထပ်ကိုပြေးဆင်းလိုက်ပါတယ်။ အောက် ထပ်လဲ ရောက်ရော.. ရဲဝန်ထမ်းသုံးယောက်လောက်နဲ့ အစ်မကြီးကိုတွေ့လိုက်ရပါတယ်။ အစ်မကြီး မျက်နှာက စိုးရိမ်ထိတ်လန့်နေတဲ့ပုံစံနဲ့ ရဲတွေကို အတင်းဆွဲနေပါတယ်။
“အမလေး.. မကြီးရယ်.. ဘာတွေဖြစ်နေတာလဲ..ဘာတွေဖြစ်ကုန်တာလဲ”
“အော်ဒီက ညီမက ဈေးပွဲတော်တာဝန်ခံ မ--- လား” ရဲဝန်ထမ်းရဲ့ မေးသံအဆုံး..ကိုယ်တောင်မဖြေ ရသေးခင် အစ်မကြီးကဝင်ပြီး ကပြာကယာပြောပါတယ်။
“ဒီမှာ ကျွန်မက ဒီဈေးပွဲတော်ကုမ္ပဏီပိုင်ရှင်.. သူတာဝန်ခံဆိုတာမှန်တယ်..။ ကျွန်မကသာ သူ့ကို တာဝန်ခံခိုင်းခဲ့တာမို့ ကျွန်မနဲ့ ပြောလည်းပြီးတယ်လို့..ခုဏက ထဲကပြောနေတယ်လေ.။ သူက အခု မှကိုယ်ဝန်ဆောင်မို့ စိတ်လှုပ်ရှားလို့မရဘူး”
“အစ်မပြောတာမှန်ပါတယ်..။ ဒါပေမယ့် ဆိုင်ခန်းတွေကိုတာဝန်ခံလက်မှတ်မှာ ဦးမူးမူးနဲ့စာချုပ်မှာ လည်း ဒီက မ--- က ထိုးထားတာမို့ အစ်မတို့ အားလုံးတာဝန်ရှိတယ်ဆိုတာ သိရအောင်ပါ.. အလောင်းပြန်မပေါ်မချင်း.. ဘယ်သူမှ ဒီမြို့ကနေသွားလို့မရပါဘူး” ဆိုပြီး အသိပေးလာပါတယ်။
သွားပြီ…ဦးမူးမူးသေပြီလား…။ ဘာဖြစ်လို့လဲ ဘယ်မှာ ဘယ်လိုသေတာလဲ..ခေါင်းတွေကလည်းမူး လာလိုက်တာချာချာလည်လို့။
ဦးမူးမူးက ညနေလေးနာရီလောက်က မြစ်ဆိပ်မှာရေဆင်းချိုးပါသတဲ့။ တံတားလေးပေါ်ကနေ မြစ်ထဲကရေကို ခွက်နဲ့ ခပ် ချိုးနေတာကို သမ္ဗာန်ပေါ်ကလူတစ်ယောက်ကလည်းတွေ့နေရပါတယ်။ ဆပ်ပြာတိုက်တော့ ဆပ်ပြာ ကလက်က လွတ်သွားတာကို ယောင်ပြီးဖမ်းလိုက်ရာကနေ ရေထဲပြုတ်ကျပြီး ရေစီးနဲ့မျောသွားပါသ တဲ့။ ဒါကြောင့် မြင်လိုက်တဲ့လူတွေ လိုက် ဆယ်နေကြတုန်းပဲရှိသေးတယ်လို့ အစ်မက ငိုပြီးပြောပြ ပါတယ်။
ကိုယ့်ကို မြစ်ဆိပ်ကို လုံးဝအစ်မက မခေါ်ပါဘူး..။ ဒါပေမယ့် ဘယ်လိုမှ နေလို့မရတာမို့ မော်ဒယ် အစ်မကို လက်ဆွဲပြီး မြစ်ဆိပ်ကိုသွားကြည့်ပါတယ်။ ဒုတိယ အစ်မက ကယ်ဆယ်ရေးစက်လှေ နဲ့ လိုက်သွားတာပါ။ စိတ်ထဲကလဲ အမြန်တွေ့ပါစေ။ သူမသေသေးဘူးလို့ပြောတယ်ဆိုတဲ့ စကား ကိုလည်း အထပ်ထပ်ပြောနေပါတယ်။
ညနေခြောက်နာရီကလည်းထိုးပြီမို့ ပွဲခင်းထဲကို အစ်မကပြန်စေပါတယ်။ ဦးမူးမူး ရှင်သေးရင်ဖြစ်ဖြစ် သေသွားရင်ပဲဖြစ်ဖြစ်။ အခုဖြစ်နေတဲ့ အကြောင်းကိုတော့ သူ့ရဲ့ ရန်ကုန်ဆိုင်လိပ် စာကနေ တဆင့် သူ့မိသားစုကို အကြောင်းကြားရပါတယ်။ ပြီးတော့ သူ့ဈေးဗန်းတွေကို အစိမ်းရောင် အစတွေနဲ့ အုပ်ကြပါတယ်။ ဒါတွေကို အစီအစဉ်တကျဖြစ်လားမဖြစ်လားမသိနိုင်ပဲ မျက်ရည်တွေ ကလည်း ကျနေတဲ့ ကြားထဲက လုပ်ရပါတယ်။
အစ်မကြီးကော အစ်မငယ်ကော ရဲကိစ္စ၊ ဦးမူမူကို ရှာဖွေရေးကိစ္စတွေနဲ့ ဘယ်တွေရောက်နေကြမှန်းလဲ မသိပါဘူး။ ဒါပေမယ့် ပွဲခင်းကလည်း သုံးရက်မြောက်မို့ ပိုစည်ပြီး ရှုပ်ရှက်ခတ်နေပါတယ်။ ဦးမူးမူးနဲ့ နီးတဲ့ ဆိုင်နီးနားချင်းတွေက သူတို့ဆိုင်မှာပဲ ကိုယ့်ကို ခုံ တစ်လုံးနဲ့ ခဏထိုင်နေခိုင်းပါတယ်။ သူတို့ လဲ ကိုယ့်ကို ဧည့်ခံမနေအားဘူးလေ။ ဈေးဝယ်တွေနဲ့ ရှုပ်ရှက်ခတ်နေတာကိုး။
ကိုယ်ကလဲ ဦးမူးမူးအကြောင်းတွေး၊ သူ့ဆိုင်လေးကိုကြည့်ပြီး ထိုင်နေလို့မှမကြာသေးဘူး..။
မီးပျက်သွားပါတယ်။
“ဟား.. မီးတွေပျက်ကုန်ပြီ.. သေချာပစ္စည်းတွေသိမ်းကြဟေ့”
ဈေးပွဲတော်ဆိုတာမီးပျက်လို့မရပါဘူး..။ ဒါကြောင့်လဲ ဒေသဆိုင်ရာနဲ့ သေချာညှိနှိုင်းပြီးသားပါ။ အရမ်းရှုပ်နေတဲ့ အချိန် မီးပျက်တုန်း ပိုက်ဆံပုံးပျောက်သွားတာ။ ရုန်းရင်းဆန်ခတ်ဖြစ်သလိုနဲ့ အကုန်ပါသွားတတ်တာမို့ မီးမပျက်ပါဘူးဆိုတဲ့ အဲဒီတစ်ချက်ကို စာချုပ်မှာထည့်ချုပ်ထားတာပါ။
မီးစက်ဆိုတာကလည်း လက်ဆွဲစက်အသေးလေးပဲ ပါခဲ့တာပါ။ သေချာကြည့်လိုက်တော့ ကျွန်မတို့ ပွဲခင်းထဲပဲ ပျက်နေတာပါ။ အပြင်မှာ လမ်းမီးတွေတောင်လာနေပါတယ်။ ဘယ်နေရာက ဘယ်လို ပျက်သလဲဆိုတာရှာဖို့ ထလိုက်ချိန်မှာပဲ..။
လက်သမားခေါင်း ဆောင်ဦးလေးရယ် မီးသမားရယ် မိန်းခလုတ်ခုံနားပြေး လာပါတယ်။ ကိုယ်က လည်းဝမ်းသာသွားပြီး သူများပေးထားတဲ့ ဓာတ်မီးကိုယူပြီး သူတို့ကို ထိုးပြလိုက်ပါတယ်။
တစ်ဆက်တည်း “ဦးလေး.. အီးပီစီကို ဆက်ကြပါဦး..မီးက ဘယ်လိုဖြစ်လို့ ပျက်ရတာလဲလို့။ ဒီခန်းမကြီးတစ်ခုပဲ ပျက်နေတာဖြစ်မှာ..လုပ်ပါဦး”
“သမီးက ဒီမှာကိုး… မီးပျက်ကတည်းက အီးပီစီကို ဆက်ပြီးပြီ.. ဘာလိုင်းမှ မပျက်ဘူးလို့ပြော တယ် သမီးရေ…အဲဒါ ကြောင့် အခုလာကြည့်တာ” ပြောပြောဆိုဆိုမိန်းခလုတ်ကိုကြည့်လိုက်တော့။
“အော်ဖြစ်မှဖြစ်ရပလေ.. ဘယ်သူကလာပြီးမိန်းခလုတ်ချသွားတာတုန်း”
မိန်းခလုတ်ခုံမှာ ခလုတ်ကြီးက ကျနေတာကို မြင်လိုက်ရပါတယ်။
ချက်ချင်းပဲ မိန်းပြန်တင်လိုက်ကြတော့ ပွဲခင်းတစ်ခုလုံးလင်းထိန်သွားပါတယ်။ ဒါနဲ့ပဲ သူတို့လဲ အဲဒီနားမှာပဲ ရပ်နေပြီး ဦးမူးမူးအကြောင်းတွေပြောနေကြတုန်း ဗြုန်းဆို မီးကထပ်ပျက်သွားပြန်ပါတယ်။
ပွဲခင်းထဲက ဆိုင်ခန်းရှင်တွေလည်း ထပ်အော်ကြပြန်ပါရော။
ဒါနဲ့ ချက်ချင်းပြန်ကြည့်လိုက်တော့ မိန်းခလုတ်က ကျနေပြန်ပါတယ်။ မိန်းခလုတ်ဆိုတာ သူ့ဖာသာသူ ကျရအောင် သေးသေးလေးလည်းမဟုတ်ပါဘူး။ ယောက်ျားလေးတွေတောင် မနည်းအားနဲ့ဆွဲချ ရတာပါ။
ဒီလိုမျိုးသုံးခါလောက်ဖြစ်အပြီးမှာ ညကိုးနာရီခန့်ရှိနေပါပြီ..။ ထူးဆန်းတာတစ်ခုက မိန်းခလုတ်ခုံ နားမှာ လူတစ်ယောက်ရေစိုနဲ့ ရပ်ထားသလို ရေတွေစိုနေတာကိုတွေ့ပါတယ်။ ဒါဆို ဦးမူးမူး များ သေဆုံးခဲ့ပြီလား..။ သေပြီးလို့ ကိုယ့်ကို သူအမြဲ ခြိမ်းခြောက်နေကြစကားအတိုင်း မိန်းခလုတ်ခုံ နားမှာထားလို့ သူကမိန်းပဲ။ ဒါကြောင့်ညီးကို ပြောမရရင် မိန်းချပစ်လိုက်မယ်ဆိုတဲ့စကားကို မှတ်မိ အကောင်အထည်ဖော်နေသလားဆို တွေးကြောက်လာပါတယ်။
ဒီမှာပဲ တခြားနေ ရာကလူတွေ မသိသေးပေမယ့် ဦးမူးမူးနဲ့ ဆိုင်ချင်းကပ်လျှက်တွေ မျက်နှာချင်း ဆိုင်က ဆိုင်ခန်းတွေက သိနေကြပါပြီ။ လန့်လဲ လန့်နေကြပါပြီ။
“ညီမလေး တစ်ခုခုလုပ်ဦးနော်..အစ်မတို့ကြောက်တယ်… အစ်မတို့က ဒီဆိုင်ခန်းထဲမှာ အိပ်ကြ တာ။ ဒီလိုသာဆို မအိပ်ရဲဘူး.. တည်းခိုခန်းရှာပေး။ ပစ္စည်းတွေကိုတော့ ညီမတို့ တာဝန်ယူစောင့်ပေးရမှာ”
ဒီလိုတွေပြောလာကြပါပြီ..။ လေးကြိမ်မြောက်မီးပျက် အပြီးမှာတော့ ကိုယ်ကိုယ်တိုင်လည်း တော် တော်ဖြုံလာပါပြီ။ လက်သမားဦးလေးကြီးကလည်းပြောပါတယ်။ မစဖို့ မနောက်ဖို့ ဒီလိုတွေလုပ် ရင် အဆင်မပြေကြောင်းတောင်းပန်ကြောင်းပြောတာလဲ မရပါဘူး။
ဒီတော့ သူတို့တွေအားလုံးကပြောပါတယ်။
“ညီမလေးက သူ့ကို တာဝန်ယူပြီးခေါ်လာတာဆိုတော့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ညီမလေးလုပ် ပေးနိုင်တာတွေ ပြောကြည့်ပါလား” သူတို့တိုက်တွန်းလာတော့ ကိုယ်ကလည်း အားလုံးဝိုင်းပြောလို့ အရဲစွန့်ပြီးပြောကြည့်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီနားကို တစ်ယောက်ထဲ ကပ်ပြီးမသွားရဲပါဘူး။
“ကောင်းပြီ အစ်မရယ်.. ညီမပြောကြည့်ပါ့မယ်.. တူတူတော့ စောင့်ပေးနေပါ.. ညီမလည်း ကြောက်တယ်” …။
“ဦးမူးမူး.. ဒီလိုတော့မနောက်သင့်ပါဘူးနော်.. ဦးမူးမူးရဲ့ ပစ္စည်းတွေ ပိုက်ဆံ တွေမပျောက်ရအောင် ညီမစောင့်ရှောက်ထားတယ်။ မနက်ဖြန်မိသားစုတွေရောက်ရင် အားလုံးရှေ့မှာစာရင်း နဲ့ အကုန်ပြန် အပ်ပေးပါမယ်.။ ပြီးတော့ အလောင်းကိုလည်း အမြန်ဆုံးတွေ့အောင်ရှာပေးပြီး ကောင်းကောင်း မွန်မွန်သဂြိုလ်ပေး ပါမယ်။ ကုသိုလ်အလှူလည်းပေးပါမယ်”
ဒီလိုပြောပြီး နာရီဝက်လောက်စောင့်ကြည့်နေတော့ လုံးဝထပ်မဖြစ်တော့ပါဘူး။ ညဆယ်နာရီလောက် ကြတော့ အစ်မနှစ်ယောက်ပြန်ရောက်လာပါတယ်။ သူတို့တွေ ဦးမူးမူးကိုမတွေ့ခဲ့ကြပါဘူး..။ အစ်မရဲ့ သူငယ်ချင်း နဲ့ ကိုယ်နဲ့က တူတူတစ်ခန်းထဲ အိပ်ကြတာပါ။
ကိုယ်တွေတည်းတဲ့နေရာကိုပြန်ရောက်ပြီး ခဏလေးမှေးတုန်းရှိသေးတယ်။ လက်သမားခေါင်းဆောင် ဦးလေး လာနှိုးပါတယ်။ အဲဒီလက်သမားဆရာအဖွဲ့နဲ့ မီးဆရာက ပွဲခင်းထဲမှာပဲ အိပ်တာပါ။ သူက ကိုယ့်အစ်မတွေအခန်းကိုမသွားပါဘူး.. အစ်မတွေက နည်းနည်းစိတ်ဆတ်ပြီး ပင်ပန်းနေရင် စကား ပြောအဆင်မပြေတတ်ပါဘူး။
ဒါကြောင့်ဆိုင်ခန်းရှင်တွေနဲ့ ကျန်တဲ့ကိစ္စတွေက ကိုယ့်ခေါင်းပဲ လာလာဆောင့်နေပါတယ်။
“သမီးရေ.. ပွဲခင်းထဲ ခဏလိုက်ခဲ့မှရမယ်ထင်တယ်..။ ပြဿနာတက်နေပြီ”
“ဘာပြဿနာလဲ ဦးလေး..ဘာဖြစ်တာလဲ.. သမီးလိုက်ခဲ့မယ်။ အခုဘာဖြစ်တာလဲ အရင်ပြောပြပါဦး”
“ပြဿနာက ဆိုင်ခန်းကလူတွေ အိပ်မရကြတာသမီး.။ ဆယ့်နှစ်ထိုးမှ ဦးတို့ နားလိုက်ကြတာ။ ဆိုင်မီး ကြီးတွေ အကုန်ပိတ်ပြီး တစ်ဆိုင်တစ်လုံးမီးပြောင်းလိုက်ချိန်မှာ တစ်ချို့အခန်းက မီးကပျက်လိုက်လာ လိုက်ဖြစ်တယ်။ တစ်ချို့ အခန်းက မီးလုံးတွေ လေမတိုက်ပဲ ယမ်းပြီးကွဲကုန်တယ်.. ဦးမူးမူးနဲ့ခင်တဲ့ အနီးဆုံး အင်္ကျ ီဆိုင်ကကောင်လေးတွေနှစ်ယောက်တော့ ထွက်ပါ ပြေး ရတယ်။ ဆိုင်ခန်းခုံပေါ် အိပ်နေတုန်းဆွဲ ချလို့တဲ့”
“ဟင်..အဲဒါသမီးကလိုက်ပြီး ဘာလုပ်ပေးရမလဲဟင်.. တကယ်သမီးမလုပ်တတ်ဘူး”
“ဆိုင်ခန်းလိုင်းသုံးလိုင်းမှာ ဦးမူးမူးလိုင်းနဲ့ နီးတဲ့ တစ်လိုင်းလုံးက ဒီည ကိုယ့်ဆိုင်မှာ ကိုယ်မအိပ် ဘူးပြောတယ်သမီး။ သူတို့က နီးစပ်ရာ ဘုန်းကြီးကျောင်းတို့ တည်းခိုခန်းတို့ အိပ်မယ်ပြောတယ်။ အဲဒါနယ်မြေမကျွမ်းလို့ ကူပေးရမယ်တဲ့.. ဆိုင်ခန်းက ပစ္စည်းတွေလည်း စောင့်ပေးဖို့ စီစဉ်ပေးပါ ပြောတယ်”
ဒါနဲ့ပဲ အမြန်လိုက်ပြီး တစ်ချို့လူတွေကို ဘုန်းကြီးကျောင်းပြောပေး။ တစ်ချို့ကို ဈေးသက်သာတဲ့ တည်းခိုခန်းကိုပြောပေးလုပ်ပြီးတာနဲ့ ဦးမူးမူးဆိုင်ခန်းထဲကို အခြားသူတွေနဲ့အတူဝင်လိုက်ပါတယ်။ အစ်မရဲ့ သူငယ်ချင်းကလည်း အကုန်လိုက်ကူပေးပါတယ်။ ကိုယ့်အစ်မနှစ်ယောက်မှာလဲ တကယ် ပင်ပန်းလွန်းတာကြောင့် ပြောနေနှိုးမနေတော့ပါဘူး။ လူစောင့်မရှိတဲ့ဆိုင်ခန်းတွေကို အဆင်ပြေ အောင် အဲဒီမှာပဲ အိပ်တဲ့ လက်သမားဆရာ၊ မီးဆရာနဲ့ အဖွဲ့ကို အကူညီတောင်းပြီး စောင့်အိပ် စေ လိုက်ပါတယ်။
အားလုံးစီစဉ်ပြီးစီးချိန်မှာ မနက်သုံးနာရီလောက်ဖြစ်နေပါပြီ..။
ဒီတော့ကျန်တဲ့သူတွေကို ထပ်မခြောက်လှန့်စေဖို့ ဦးမူးမူးဆိုင်ခန်းထဲကို သွားပြောမယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။ လူနှစ်ယောက်သုံးယောက်လောက်အဖော်ခေါ်ပြီး ဦးမူးမူးဆိုင်ခန်းထဲကို ဝင်ပါတယ်။
“ညီမလေး နင့်မှာကိုယ်ဝန်ကြီးနဲ့ ဖြစ်ပါ့မလား..။ တော်ကြာ ဝင်ပူးတာ ခွာတာတွေဖြစ်နေရင် ဘယ်လို လုပ်မလဲ..အစ်မစိတ်ပူတယ်” လို့ အစ်မဖြစ်သူရဲ့ သူငယ်ချင်းက ပြောပါတယ်။ ဒါပေမယ့်လည်း ကိုယ် သိနေတာ တစ်ခုက ဦးမူးမူးက သေချာပြောပြရင်ရမှာပါဆိုတဲ့ ယုံကြည်ချက်ပါပဲ။
ဆိုင်ခန်းထဲရောက်တော့ သူရှိနေ တဲ့ ခံစားချက်မျိုးကို ရရှိပါတယ်။ အရက်နံ့လိုလို ဆပ်ပြာနံ့လိုလို အပုပ်နံ့လိုလိုရပါတယ်။ ကိုယ်လဲ စိတ်နှစ်ပြီး အားတင်းပြောလိုက်ပါတယ်။ စိတ်ထဲမှာလည်း ဦးမူး မူး သေဆုံးသွားပြီဆိုတာ သိလို့ အတော်လေးကို စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းမိပါတယ်။
ဆိုင်ခန်းထဲဝင်လိုက်တော့ “ဦးမူးမူး…” ဆိုပြီးခပ်ကျယ်ကျယ်ခေါ်လိုက်ပါတယ်။ ပြီးတော့ဆက်ပြော လိုက်ပါတယ်။ ကိုယ့်စကားတွေက ကြောင်တောင်တောင်နိုင်ချင်လည်း နိုင်မှာဖြစ်ပေမယ့် စိတ်ထဲ မှာ ပြောချင်တာကို ပြောချလိုက်ပါတယ်။
“သမီးပြောပြဦးမယ်သိလား။ သမီးမှာကိုယ်ဝန် ရှိနေပြီတဲ့။ အဲဒါပျော်နေတာ..။ ဒါပေမယ့် ဦးဒီနေ့ လိုဖြစ်တော့ သမီးအတော် စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းတယ်။ ဦးဒီအဖြစ်နဲ့ကြုံတော့ သမီးမှာ လည်းရဲက လာစစ်တာခံရတယ်။ ဒီလိုတွေ ဦးကပွဲခင်းထဲမှာလျှောက်စလို့လဲ အခုထိမနားရသေးဘူး။ သမီး အိပ်ချင်နေပါပြီ။ ဒီလိုသာဆက်ဖြစ်နေရင် သမီးမှာကိုယ်ဝန်ကြီးနဲ့ နားလည်းနားရတော့မှာ မဟုတ်ဘူး။ သမီးတောင်းပန်ပါတယ်နော်..။ အေးအေးဆေးဆေးနေကြရအောင် မေတ္တာရပ်ခံပါတယ်”
ပြောပြီးတဲ့ အချိန်မှာ ရင်ထဲကနေ ဆက်သွယ်မှုတစ်ခုရသလို ယုံကြည်သွားပါတယ်။ သူထပ်လုပ်မှာ မဟုတ်တော့ဘူးဆိုတာ အလိုလိုသိနေတာပါ။ စိတ်ထဲကနေ ထပ်ပြောလိုက်ပါတယ်။ ပြောချင်တာ တွေရှိရင် တကယ်လို့ အိပ်မက်ပေးလို့ရရင် သမီးအိပ်မက်ထဲကို လာခဲ့ပါလို့ လည်း အထပ်ထပ်ဖိတ် ခေါ်လိုက်ပါတယ်။
တည်းခိုတဲ့နေရာကို ပြန်တဲ့ လမ်းတစ်လျှောက်လုံးမှာလည်း ရန်ကုန်မှာ ရှိတဲ့ သူ့ဆိုင်ကိုသွားပြီး ဒီဈေးပွဲတော်ကိုရောင်းဖို့ သွားပြီးမားကတ် တင်းဆင်းဖို့ ခေါ်နေချိန်တုန်းက “သူမလိုက်ချင်ဘူး၊ စိတ်မဝင်စားဘူး” ဆိုပြီး အတန်တန်ငြင်းခဲ့တဲ့ ပုံတွေကို မြင်ယောင်ပြီးမျက်ရည်တောင်ကျမိပါတယ်။
ကိုယ်အတင်း မားကတ်တင်းဆင်းလို့သာ သူမလိုက်ချင်ပဲလိုက်ခဲ့ရတာ။ သူ့ကိုသာ ကိုယ်အတင်း ဆိုင်ခန်းမရောင်းခဲ့ရင် သူလည်း လိုက်ရောင်းဖြစ်မှာမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ်သာ အပြစ်တင် နေမိပါတယ်။ တည်းခိုခန်းရောက်တော့ မနက်ငါးနီထိုးကာနီးနေပါပြီ။ အိပ်မပျော်ခင်လဲ ဒီအကြောင်း တွေပဲ ခေါင်းထဲရောက်ရောက်လာပါတယ်။
“သမီးလေးကောက်ကောက်.. ဦးဝမ်းနည်းတယ်..။ ကြောက်နေတယ်။ ဦးဒီနေရာမှာ မနေခဲ့ချင်ဘူး။ အခု ဦးရဲ့ ခန္ဓာကိုယ် ကရေထဲမှာ မျောနေတုန်းပဲ နောက်ထပ်သုံးရက်မြောက်တဲ့နေ့မှာမှ မတွေ့ရင် ပင်လယ်ဝကိုရောက် သွားတော့မှာ.။ သမီးတို့ ဆိုင်ရာပိုင်ရာတွေနဲ့ ပွဲပေးပြီး တောင်းပန်ပါ။ အစောင့် အဖြစ်နဲ့ မနေခဲ့ချင် ဘူး။ ကိုယ့် အဖြစ်ကိုကိုယ်သိပါတယ်။ ဦးသေဆုံးပြီး မကြာခင်အစောင့်ဖြစ်ရတော့ မယ်။ သမီးကို သနားလို့နောက်ကိုလူတွေကို မစတော့ပါဘူး။သမီးနဲ့ မ---(မော်ဒယ်ကောင်မလေး)ကို ဆက်သွယ်လို့ရနေတာမို့ သမီး တို့ကူညီပေးကြပါနော်”
အိပ်မက်ကနေလန့်နိုးတော့ မနက်ဆယ့်တစ်နာရီတောင်ထိုးတော့မှာပါ။ အစ်မနှစ်ယောက်နဲ့အတူ မြစ် ဆိပ်မှာ အလောင်းပြန်တွေ့ဖို့ကို ဆရာကြီးတစ်ဦးကို ပင့်ဖိတ်ပြီး ပွဲပေးခြင်း ဆုတောင်းခြင်းများလုပ် ဆောင်ကြပါတယ်။ စက်လှေသမားတွေနဲ့ အဆုန်အဆန်ရှာကြသလို သူ့မိသားစု ရောက်လာပြီမို့လည်း အပ်သင့်တာအပ် ဂရုဏာကြေးပေးတာတွေလုပ်ပါတယ်။
ဈေးပွဲတော်ကတော့ သူ့ဟာသူစည်ကားနေတာမို့ အဆင်ပြေမပြေလဲ ဆိုင်ခန်းပိုင်ရှင်တွေကို လှည့် မကြည့်နိုင်တော့လောက်တဲ့အထိပါပဲ။
ဦးမူးမူးရေနစ်ပြီး သုံးရက်မြောက်တဲ့နေ့မနက်အစောမှာ မော်ဒယ်အစ်မက အစ်မကြီးဆီကို ခပ်သုတ် သုတ်ပြေးလာပြောပါတယ်။
“မမတို့ ပင်လယ်ဝနားက ---ရွာနားမှာ ပိုက်ချပြီး ဆွဲပါ..။ အလောင်းကပ်ပါလာလိမ့်မယ်”
တိုက်ဆိုင်မှုတွေရှေ့မှာလည်းရှိထားတာမို့ ပြောတဲ့ အတိုင်းရှာကြတဲ့ အခါမှာ ဦးမူးမူးအလောင်းကို တွေ့လိုက်ရပါတယ်။ အစ်မတွေက ဘယ်လိုမှ မလိုက်နဲ့ မကြည့်နဲ့ ပြောပေမယ့် မနေနိုင်ပါဘူး။ ကိုယ်နဲ့ သိပ်ခင်ပြီး ကိုယ့်ကိုအိမ်မက်ပေးလို့ရတယ်ဆိုတော့ ကိုယ်နဲ့ သူ့ပဌာန်းဆက်ပါလို့နေမှာပါ။ ဒီလိုပဲ ယူဆပြီးပြေးကြည့်လိုက်တဲ့အခါမှာတော့ တော်တော်လေးကို စိတ်မကောင်းစရာမြင်ကွင်း ပါ။
စက်လှေထဲကို ရေနူးနေတဲ့ အလောင်းတင်ဖို့ မဖြစ်နိုင်တော့ ရေထဲကပဲ အလောင်းကိုကြိုးနဲ့ချည်ပြီး ဆွဲလာတာပါ။ ပုပ်စော်တွေလဲနံလို့နေပါတယ်။ ဦးမူးမူးကနဂိုကတည်းကဝတဲ့လူမို့ ရေနူးပြီး အကြီး ကြီးဖြစ်နေပါတယ်။ လက်တစ်ဖက်က လက်ငါးချောင်းထောင်ထားပြီး လက်တစ်ဖက်က လက်နှစ် ချောင်းထောင်ထားတဲ့ပုံကြီးဖြစ်နေပါတယ်။ (အဲဒါကို ၅၂ ဆိုပြီး နှစ်လုံးထီထိုးကြတာ တစ်မြို့လုံးနီး ပါးပေါက်လို့ ဒိုင်တွေတောင်ပြေးတယ်ဆိုပြီး ပြန်သိရ)
အလောင်းကို ကမ်းပေါ်တင်။ အဝတ်ဖြူနဲ့ ထုပ်။ ရဲစခန်းကစစ်ဆေးပြီး အဲဒီနေ့ပဲ သဂြိုလ်လိုက်ပါ တော့တယ်။ သူကဘာသာခြားဆိုတော့ မိသားစုကျေနပ်စေမယ့် နည်းလမ်းအတိုင်းပြုလုပ်ပေးခဲ့ ပြီး ကိုယ်တွေကလည်း ဦးမူးမူးအတွက် ပွဲတော်ကျင်းပရာနေရာ(နေ့လည်ပိုင်းတွင် ဆိုင်တွေမဖွင့်ပါ) မှာပဲ ဘုန်းကြီးဆွမ်းကပ်အမျှဝေပေးခဲ့ပါတယ်။
အဲဒီညမှာတော့ ဦးမူးမူးဆီက အိပ်မက်ကို စောင့်နေပါသေးတယ်။ သူဘာမှ ထပ်လာမပေးတော့ပါဘူး။ မော်ဒယ်အစ်မကိုတော့ ပေးပါတယ်။ သူကရေထဲကိုပဲ သွားရမယ့်သူဖြစ်နေပါပြီ။ နှုတ်ဆက်ပါတယ်လို့ ပြောသွားတယ်လို့ဆိုပါတယ်။
ဈေးပွဲတော်ရှစ်ရက်မြောက်နေ့မှာ ဦးမူးမူးဆိုင်ခန်းနေရာလေးက လွတ်နေခဲ့ပါပြီ။ အဲဒီနေရာနားက နေ ဖြတ်လျှောက်မိတိုင်း ဟာတာတာ ကြီးခံစားရပြီး နားထဲမှာ ငါမကျေနပ်ရင် မိန်းခလုတ်ကို ချပလိုက် မှာနော် ဆိုတဲ့ သူ့ရဲ့ ခြိမ်းခြောက်စကားအတိုင်း လုပ်ပြခဲ့တာကို သတိရနေမိပါတော့တယ်။
https://www.facebook.com/Scary-Myanmar-Chilli-336517150312232/
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။