" ကျွန်တော်နှင့် သည်းထိတ်ရင်ဖို "
lotaya.mpt.com.mm
|
2019-11-30



ခုတလော အိမ်က မိန်းမကိုတော်တောလေး ဂရုစိုက်နေမိသည်။ ဘာပဲပြောပြော ကျွန်တော်တို့ယောက်ျားလေးတွေရဲ့ အရှက်နဲ့သိက္ခာက အိမ်က ဇနီးမယားအပေါ်မှာ မူတည်နေတဲ့ ခေတ်ရောက်နေပြီလေ။ ဒီလိုပဲ သူ့ဘက်ကလည်း ကျွန်တော့်အပေါ်မှာ အရင်ကထက်ပိုမိုပြီး မျက်လုံးဒေါက်ထောက် ကြည့်လာတာကို တွေ့လာသည်။

“ မိန်းမရေ ကိုယ် လက်ဖက်ရည်ဆိုင်ခဏသွားလိုက်ဦီးမယ်”

“ဘယ်သူနဲ့လဲ”

“ဟိုကောင် ငတီးနဲ့လေ”

မိန်းမမှ မျက်စောင်းတစ်ချက်ထိုးရင်း

“နှစ်ယောက်တည်းလား”

“အင်းပေါ့”

“ ဒါဆို ကျွန်မလည်း လိုက်မယ်”

ဟိုတစ်ရက်လည်း ငယ်ပေါင်းဘော်ဒါတစ်ယောက် သင်္ဘောပေါ်က ပြန်ဆင်းလာတော့ မတွေ့တာကြာလို့ ဖက်လှဲတကင်းနှုတ်ဆက်မိသည်။ ဒါကိုမြင်တဲ့ အိမ်နီးနားချင်းတွေက ကျွန်တော့်မိန်းမကို

“ ဟဲ့ နင့်ယောက်ျားကို ကြည့်ထိန်းဦီးနော် ဟိုလမ်းကြားထဲမှာ သင်္ဘောပေါ်က ဆင်းလာတဲ့ အောင်ကြည်နဲ့ ဖက်လှဲတကင်းနဲ့ ရယ်ရယ်မောမောစကားတွေ ပြောနေတာတွေ့ခဲ့တယ်”

ကျွန်တော် အိမ်ပြန်ရောက်တော့ အဲဒီပြဿနာက တော်တော်လေးရှင်းယူလိုက်ရသည်။

“မဟုတ်ပါဘူး မိန်းမရယ် .. ဒီကောင်က တကယ်ယောက်ျားစစ်စစ်ပါ”

“ကျွန်မ သူ ယောက်ျားစစ်တာမစစ်တာကို စိတ်မဝင်စားဘူး ရှင် အဲဒီလို နေတာထိုင်တာကို မကြိုက်တာ”

“အိုးခိုင်မော့” လို့သာ ရေရွတ်ချင်မိတော့သည်။

ဒီရက်ပိုင်းအတွင်း ကျွန်တော် အလုပ်တွေ တော်တော်ပင်ပန်းနေတာနဲ့ စောစောအိပ်ဖြစ်သည်။ အဲဒီနေ့ကလည်း အလုပ်ကတော်တော်လေး ပင်ပန်းလာတော့ အိမ်ရောက်၊ ရေမိုးချိုး၊ ထမင်းစားပြီး အိပ်ရာထဲဝင်မယ်လုပ်တုန်း မိန်းမက

“ ရှင် အိပ်တော့မလို့လား”

“အေး .. မိန်းမရေ ကိုယ်ပင်ပန်းလာလို့ အိပ်ချင်နေပြီ”

အဲဒီလိုပြောရင်း သူ့ကို သေချာကြည့်မိတော့မှ သူက အလှတွေတော်တော်ပြင်ထားပြီး ညဝတ်အင်္ကျီခပ်ပါးပါးလေးနဲ့ သနပ်ခါးရေကျဲကျဲလေး လိမ်းထားတာကို တွေ့ရသည်။ ကျွန်တော်နည်းနည်းတော့ သဘောပေါက်သွားမိသည်။ ဒါပေမဲ့ ကိုယ်ကလည်း တော်တော်လေးပင်ပန်းနေတာကြောင့် ဘာမှမတတ်နိုင်။

“ ရှင် တကယ်အိပ်တော့မလို့လား”

“ အေးဆို”

ကျွန်တော်လည်း ဘာမှဆက်မပြောချင်တော့တာနဲ့ စောင်ကိုသာ ခေါင်းမြီးခြုံပြီး အိပ်လိုက်တော့သည်။

အလုပ်ပိတ်ရက်မှာ ကျွန်တော့်အိမ်ကို အဖေရောက်လာသည်။ ကျွန်တော်တို့အိမ်နဲ့ အဖေ့အိမ်နဲ့က သိပ်တော့ မဝေး။ ဒါပေမဲ့ အဖေက အကြောင်းကိစ္စမရှိဘဲ ကျွန်တော့်ဆီလာလေ့မရှိ။ ခုလည်း ကျွန်တော့်ဆီ ဘာကိစ္စရှိလို့လာလည်းမသိ။

“ သား.. မင်းနဲ့ စကားနည်းနည်းပြောစရာရှိလို့”

“ဟုတ်”

“ငါတို့ သားအဖချင်းကွာ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့”

“ အဖေ ဘာပြောမလို့လဲ”

“အေးကွာ အဖေ့အနေနဲ့ ဒါမျိုးတွေမပြောချင်ပါဘူး ဒါပေမဲ့ ခုမင်းတို့ အိမ်ထောင်ရေးပြိုကွဲမှာစိုးလို့ အဖေ လာပြောတာပါ”

ကျွန်တော် ဘယ်လိုမှ နားမလည်တော့။ လက်ရှိမှာ ကျွန်တော်တို့ အိမ်ထောင်ရေးမှာ ဘာပြဿနာမှ မရှိသလို ကတောက်ကဆဖြစ်တာမျိုးတောင် မရှိဖူးသေးဘူး။ ဒါကို အခု ကျွန်တော့်အဖေက လာပြောနေတော့ နားလည်ရခက်တာတော့ အမှန်ပဲ။

“ပြောပါ အဖေ”

“ မင်းခုတလော ယောက်ျားလေးတွေ တရုန်းရုန်းနဲ့ ပျော်မြူးနေပြီး သမီးကို ဂရုမစိုက်ဘူးလို့ မင်းမိန်းမက လာပြောတယ် အဲဒါ ဟုတ်လား”

“ဟာဗျာ ..”

ကျွန်တော် တော်တော်လေး ဆွံ့အသွားမိသည်။ ကျွန်တော့အဖေက ဆက်ပြီး

“ သား အမှန်အတိုင်းပြောပါ မင်းဂေးနေတာလား”

ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပဲ။

“ဒါမှမဟုတ် မင်းအနေနဲ့ မိန်းမတွေကို စိတ်ကုန်ပြီး လိင်တူချင်းစိတ်ဝင်စားလာတာလား”

မိုးကြိုးတင်မဟုတ် ကမ္ဘာကြီးပါ ပြိုကျလာသလိုပဲ။ ကျွန်တော့် အနေနဲ့ အကြောက်အကန်ငြင်းဖို့ လိုလာပြီ။

“မဟုတ်ဘူး အဖေ သားယောက်ျားစစ်စစ်တစ်ယောက်ပါ”

ကျွန်တော့် အဖေက ကျွန်တော့်ပေါင်ကို ပုတ်ပြီး

“ သား … ဒီကမ္ဘာပေါ်မှာ သားရဲ့ ဖြစ်တည်မှုတိုင်းကို နားလည်ပေးမှာ အဖေ တစ်ယောက်ပဲ ရှိတယ်ဆိုတာ သားယုံပါ အမှန်အတိုင်းဝန်ခံပါ”

“ဟာ အဖေကလည်း မဟုတ်ပါဘူးဆိုဗျာ”

“ သား စိတ်ကို အဖေ နားလည်ပါတယ်။ ဒါပေမဲ့ သားရဲ့ အပြုအမူအနေအထိုင်တွေကတော့ ငြင်းလို့မရတဲ့ အမှန်တရားတွေပါပဲ”

ဘယ်လိုမှ ရှင်းမရတော့။ ကျွန်တော့်အဖေက အစ ကျွန်တော့်ကို ဒီလိုထင်နေပြီကိုး။

“ မိန်းမ”

“ပြော”

“မင်းကိုယ့်ကို စိတ်ကောက်နေလို့ အဖေ့ကို ဒီလိုသွားပြောတာမလား”

ကျွန်တော့် မိန်းမက ကျွန်တော့်ကို တွေတွေကြီးကြည့်ပြီး

“ အမှန်အတိုင်းပြောရမှာလား”

“အင်း”

“စိတ်ကောက်လို့မဟုတ်ဘူး မယုံတော့လို့”

“ဘာ …”

သွားပြီ အကြီးကြီးကို သွားပြီ။ ဒီမိန်းမ ဘာတွေတွေးပြီး ဘာတွေဖြစ်နေလည်းဆိုတာ ကျွန်တော်နားမလည်တော့ဘူး။ ကျွန်တော့်မှာ ကျွန်တော်ယောက်ျားစစ်စစ်တစ်ယောက်ဖြစ်ကြောင်း ဘယ်လိုလုပ်မှ လူတွေယုံကြတော့မှာလဲ။

“ မိန်းမ ငါဘယ်လိုနေမှ မင်းငါ့ကို ယောက်ျားစစ်စစ်တစ်ယောက်လို့ ယုံမှာလဲ”

“ ကျွန်မကို ဂရုစိုက်ရမယ်၊ ယောက်ျားလေးတွေနဲ့ တရုန်းရုန်းမနေရဘူး နောက်ပြီး မိန်းကလေးတွေနဲ့လည်း တရုန်းရုန်းမနေရဘူး”

“အေးပါ ငါကြိုးစားပါ့မယ်”

ကျွန်တော့်အနေနဲ့ မိန်းမစိတ်တိုင်းကျ လေးငါးလလောက်နေလိုက်တော့ မိန်းမက ယုံကြည်လာသည်။ ကျွန်တော်လည်း နေရထိုင်ရတာ ပေါ့ပါးလာသည်။ ကျွန်တော့်မှာ လွန်ခဲ့တဲ့ လေးငါးလက အဖြစ်အပျက်ကို ပြန်တွေးရင်း စိတ်ထဲမှာ ကံသီပေလို့သာပဲလို့ တွေးမိနေတုန်း ဖုန်းသံမြည်လာသည်။

“ ဟဲလို အကိုကြီးလား အခန်းနံပတ် ၀၀၃ မှာရောက်နေပြီနော်”

“ အိုခေ ညီလေး ကိုယ်လာခဲ့မယ်” ။ ။

ခြူသစ်မောင်

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..