တစ်ချက်တစ်ချက်ထအော်လိုက်သည့် ပုစဉ်းရင်ကွဲသံများက ဓနိမိုးပေါ်သို့ တစ်ဖျောက်ဖျောက်ကျနေသည့် မိုးစက်သံ
များကိုဖုံးလွှမ်းနေသည်။ မှိန်ပြပြမီးရောင်လေးများဖြင့် ငြိမ်သက်နေသည့် အင်းမကျေးရွာလေးမှ အိမ်တစ်အိမ်တွင် ဘတ္ထရီမီး
ချောင်းများဖြင့် ထိန်ထိန်လင်းနေပြီး ငြင်းခုန်သံ၊ အော်ဟစ်ပြောဆိုနေသံများဖြင့် စည်ကားနေသည်။
ထိုအိမ်၏အရှေ့ ခြံအပြင်ဘက်ရှိ လေးတိုင်စင်ပေါ်တွင် အခေါင်းတစ်ခေါင်းက နေရာယူထားလေသည်။ ထိုအခေါင်း
ထဲတွင် အသက်မဲ့နေသည့် ခန္တာကိုယ်တစ်ခုက အေးချမ်းငြိမ်သက်စွာလဲလျောင်းနေသည်။ အခေါင်းအဖုံးကို တစ်တောင်သာ
သာခန့် ဖွင့်ဟထားပြီး အခေါင်းအဖုံးပေါ်တွင် အစားအသောက်များထည့်ထားသည့် ပန်းကန်တစ်ချပ်၊ ရေတစ်ခွက်၊ ဆေးလိပ်
ပြာခွက်နှင့် ဆေးပေါ့လိပ်အသစ်စက်စက်တစ်လိပ်တို့ကို တင်ထားလေသည်။ ထိုအခေါင်း၏ဘေးနှစ်ဖက်တွင်‘ ကိုထွန်းနေ -
အသက် ( ၄၆)နှစ်’ဟု စာရွက်အဖြူပေါ်တွင် ရေးသားပြီး ကပ်ထားလေသည်။
အခေါင်းထဲတွင် လဲလျောင်းနေသည့် ကိုထွန်းနေဆိုသူက အခြားသူမဟုတ်၊ အင်းမကျေးရွာနှင့် အနီးတစ်ဝိုက်ရှိကျေး
ရွာများကိုပါ ဩဇာညောင်းသည့် လူမိုက်တစ်ယောက်ဖြစ်ပေသည်။ လက်ရဲဇက်ရဲ သတ်ရဲဖြတ်ရဲသည်။ ရိုက်နှက်မှုဖြင့် ထောင်
လေးကြိမ်ကျဖူးသည်။ ယခုနောက်ဆုံး လူသတ်မှုဖြင့်ထောင်ဆယ်နှစ်ကျခံခဲ့ရသည်။ ထောင်မှလွတ်မြောက်လာသည့် အချိန်
တွင် ကျန်းမာရေးမကောင်းတော့သော်လည်း ထောင်ထွက်လူမိုက်ဆိုသည့်အရှိန်ဖြင့် လူတွင်ကျယ်လုပ်နေသေးသည်။ သို့ပါ
သော်လည်း ရောဂါဝေဒနာဖိစီးလာသည့်အခါ အလွန်မိုက်ပါသည်ဆိုသည့် ကိုထွန်းနေတစ်ယောက် သေမင်းနှင့် ယှဉ်ပြိုင်နိုင်
ရန် မစွမ်းသာတော့ပေ။ တစ်ချိန်က ဩဇာတိက္ကမကြီးမားပြီးကမ်းကုန်အောင်မိုက်ခဲ့သည့် လူမိုက်ကြီးကိုထွန်းနေတစ်ယောက်
ခေါင်းတလားထဲတွင် မလှုပ်မယှက်ငြိမ်သက်နေလေပြီ။ ကိုထွန်းနေသည် မျိုးနှင့်ရိုးနှင့် မိုက်သည့်လူမိုက်တစ်ယောက်ဖြစ်ပေ
သည်။ ကိုထွန်းနေ၏ အဘိုးဖြစ်သူသည်လည်း သူ့ခေတ် သူ့အခါက လူမိုက်တစ်ယောက်ဖြစ်ခဲ့သည့်အပြင် ကိုထွန်းနေ၏ဖခင်
ဦးသောင်းထွန်းနှင့် ဦးသောင်းထွန်း၏ညီ ဦးအောင်မင်းတို့သည်လည်း လူမိုက်များဖြစ်ကြလေသည်။ ဦးအောင်မင်းသည် ကို
ထွန်းနေ ထောင်ကျပြီး လေးလအကြာတွင် ရန်စရှိခဲ့ဖူးသူ၏လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရလေသည်။ ဦးအောင်မင်းက လူ
မိုက်တစ်ယောက်ဆိုသော်လည်း ကိုထွန်းနေတို့သားအဖလိုမဟုတ်ပေ။ ရပ်ရေးရွာရေး၊ လှူရေးတန်းရေးတွင် ရှေ့ဆုံးက တက်
တက်ကြွကြွပါဝင်တတ်သည်။ ကိုယ်တိုင်လည်း လှူသည်။ အခြားသူများ၏အလှူတွင်လည်း အကူအညီပေးတတ်သည်။ ကို
ထွန်းနေကတော့ ဦးအောင်မင်းလိုမဟုတ်ပေ။
“ ပြန်တော့မလို့လား ဇော်ဝမ်း ”
“ ပြန်တော့မယ်ကွာ။ ပါသမျှလည်း ကုန်ပြီ ”
“ နေပါဦးကွ….. တစ်ယောက်ယောက်ဆီကချေးပြီး ကစားလေကွာ။ ဖဲဆိုတာကတော့ ဒီလိုပါပဲ။ ချေးပြီးပြန်ကစားစမ်းပါ
ကွာ။ နိုင်မှာပါ”
“ တစ်ညလုံး ဖဲမကောင်းဘူးကွာ။ ကိုယ်က နှစ်ပူးဆိုရင် သုံးလုံးနဲ့ငြိတယ်။ စီနီယာချင်းတူရင်တောင်မှ အပွင့်နဲ့ကပ်ရှုံးသေး
တယ်”
“ စိတ်ဓာတ်မကျပါနဲ့ကွာ။ နောက်ရက်တွေ ကျန်ပါသေးတယ် ”
“ နောက်ရက်သာ ဆက်ကစားရင် နွားနဲ့မယားပါ ပေါင်ရတော့မယ် ငါ့ကောင်ရေ။ ရိုးချောင်းက ကိုအေးမောင်ကြီးကတော့
ကံကောင်းတာမှ တစ်ဝိုင်းလုံးကပိုက်ဆံတွေ သူ့ဆီမှာပုံနေပြီ ”
“ ဒီလောက်လည်းမဟုတ်သေးပါဘူးကွာ။ ဖဲသမားဆိုတာ အမြဲကံကောင်းနေတာမဟုတ်ပါဘူး”
“ သူ့ကြည့်ရတာ အောက်လမ်းတွေနဲ့လုပ်နေလားမသိဘူး”
“ ဒါဆိုလည်း ကိုထွန်းနေရဲ့အခေါင်းကိုခေါက်ပြီး အကူအညီတောင်းလိုက်ကွာ ”
“ ဟာ…..မလုပ်ပါနဲ့ကွာ။ နဂိုကတည်းမှ သူ့ကိုကြောက်နေရတာ သရဲဖြစ်နေရင် ပိုကြောက်စရာကောင်းမှာ ”
“ ဖဲနိုင်ဖို့က အဓိကမဟုတ်လား။ ငါပြောသလိုစမ်းကြည့်မလား ”
“ ဘယ်လိုစမ်းရမှာလဲ ”
“ ကိုထွန်းနေကြီးက အရက်ကြိုက်တယ်။ မကျန်းမမာဖြစ်တော့ အရက်သောက်လို့မရတော့ဘူးမဟုတ်လား။ သူ သောက်
ချင်တာတောင် သူ့မိန်းမက မတိုက်ဘူးလေ။ အခုတောင်ကြည့်ပါလား၊ အခေါင်းပေါ်မှာ အရက်ခွက်တောင် တင်ပေးမထား
ဘူး”
“ ဟုတျလား၊ ငါသတိမထားမိဘူး ”
“ လုပ်ရဲရင်တော့လုပ်ကြည့်။ ငါ့အဖေပြောဖူးတာကို ပြောပြမယ် ”
“ ဘယ်လိုလုပ်ရမှာလဲ ”
“ ကိုထွန်းနေကြီးအတွက် အရက်တစ်လုံးဝယ်။ သူကြိုက်တဲ့ မြေပဲဆန်ကြော်နဲ့ အရက်ကို လူသူရှင်းတဲ့နေရာမှာချထား။
ပြီးတာနဲ့ ကိုထွန်းနေရဲ့အခေါင်းကိုခေါက်ပြီး ကိုထွန်းနေကြီးရေ…..ကျွန်တော်နဲ့လိုက်ခဲ့ပါ။ ခင်ဗျားကြိုက်တဲ့ အရက်နဲ့ အ
မြည်းကို ကျွန်တော်တိုက်ပါ့မယ်။ ကျွန်တော့်ကို ဖဲနိုင်အောင် ကူညီပေးပါ။ ဖဲနိုင်ရင် အရက်နဲ့ကြက်ကြော်ကျွေးပါ့မယ်လို့
ပြောကွာ ”
“ ဟာ….စိုးလွင်၊ ငါမလုပ်ရဲဘူးကွ ”
“ မင်းမလုပ်ရဲရင် ငါပါလိုက်ခဲ့ပေးပါ့မယ် ”
“ မင်းဟာက ဟုတ်ပါ့မလားကွာ ”
“ ငါ့အဖေတို့လုပ်ခဲ့တာကွ။ မသာအိမ်မှာဖဲသွားရိုက်တိုင်း အဲဒီလိုလုပ်ခဲ့တာတဲ့ ”
“ ဟုတ်လား။ နိုင်ရော နိုင်ရဲ့လားကွာ ”
“ နိုင်မနိုင်တော့မပြောနဲ့၊ ဖဲကြွေးမပေးနိုင်လို့ နွားတွေသွားသိမ်းတုန်းက ငါပါလိုက်သွားခဲ့ဖူးတယ်။ စမ်းကြည့်ပါလား ”
“ မင်းပြောတဲ့အတိုင်း အဆင်ပြေရင်တော့မဆိုးပါဘူး ”
“ လုပ်ကြည့်စမ်းပါကွာ။ အရက်ဖိုးနဲ့ မြေပဲဆန်ဖိုးပဲရင်းရတာ ”
“ ကိုထွန်းနေက သန်ဘက်ခါ မြေချမှာမဟုတ်လား”
“ ဟုတ်တယ်။ လုပ်စရာရှိတာ မြန်မြန်လုပ် ဇော်ဝမ်းရေ ”
“ မနက်ဖြန် စမ်းကြည့်မယ်ကွာ။ ဘယ်အချိန်စကြမလဲ ”
“ အခုညလုပ်ပါလား။ ဖဲဝိုင်းမှာပဲ အာရုံရောက်နေကြတော့ ဘယ်သူမှသိမှာမဟုတ်ဘူး ”
“ အရက်ကတော့ ငါ့အိမ်မှာရှိတယ်။ မြေပဲဆန်ကြော်တော့မရှိဘူး”
“ အမြည်းမရှိရင်လည်း အရက်ပဲလုပ်ပေါ့ကွာ ”
“ ဒါဆို ဒီမှာပဲခဏစောင့်နေ။ ငါအိမ်ပြန်ပြီး အရက်ယူလာခဲ့မယ် ”
“ အေး….ငါ ဖဲဝိုင်းမှာရှိမယ် ”
ဇော်ဝမ်းတစ်ယောက် အိမ်သို့အမြန်ပြန်ရင်း လုပ်သင့်၊ မလုပ်သင့်ကို တစ်လမ်းလုံးစဉ်းစားနေသည်။ ကိုထွန်းနေ၏
အသုဘတွင် ဖဲရှုံးခဲ့သည်မှာ စုဆောင်းထားသမျ တက်တက်စင်အောင်ကုန်ခဲ့သည့်အပြင် နွားတစ်ကောင်ကိုပါ ပေါင်ထားရ
သည့်အခြေအနေဖြစ်နေလေပြီ။ မည်မျှတန်ဖိုးကြီးသည့်ပစ္စည်းဖြစ်စေ ဖဲဝိုင်းတွင်ပေါင်ပါက ထက်ဝက်ဈေးကိုဖြတ်ပြီး အ
ပေါင်ခံကြသည်။ ထက်ဝက်ဈေးဖြတ်သည်ဆိုရာ၌လည်း ငွေကိုအကုန်ပေးခြင်းမဟုတ်၊ ဆယ်သိန်းတန်သည့်ပစ္စည်းကို ငါး
သိန်းနှင့်ဈေးဖြတ်ပြီး နှစ်သိန်းကိုသာအရင်ပေးသည်။ ဖဲဝိုင်းစကားဖြင့်ပြောရလျှင် ကိုယ့်တုတ်နှင့် ကိုယ်ပြန်အရိုက်ခံရမည်
စိုးသောကြောင့် ငွေများများထုတ်မပေးကြခြင်းဖြစ်ပေသည်။ တစ်ချပ်မှောက် ဖဲကစားရာတွင် ငွေများငွေနိုင်ဆိုသည့်အတိုင်း
ငွေများသူက အသာစီးရတတ်သည်။ နွားဝယ်ဖို့စုဆောင်းထားသည့်ငွေအပြင် နွားတစ်ကောင်ကိုပါ ပေါင်နှံထားရသဖြင့် စိတ်
သောက ရောက်နေရသည်။ နိုင်လေနိုးဖြင့် မျှော်ကိုး၍မဖြစ်ပြန်သည့်အခါ အရင်းပြန်ရလျှင်တော်ပြီဆိုသည့်စိတ်ဖြင့် ငွေမျော
ကို ငွေဖြင့်လိုက်ခဲ့မိသည်။ နှစ်ရက်ဆက်တိုက် ရှုံးပွဲဆက်လာသဖြင့် ဇနီးက တားမြစ်နေနေသော်လည်း ဆုံးရှုံးသွားသည့်ငွေ
နောက်သို့ လိုက်နေခဲ့မိသည်။ စိုးလွင်ပြောသည့်အတိုင်းလုပ်၍ အဆင်ပြေခဲ့ပါက အရင်းပြန်ရသည်နှင့် ဖဲကစားခြင်းကို ရပ်
တန့်လိုက်တော့မည်ဟု စိတ်ကူးထားလေသည်။ လူမစွမ်းနတ်မဆိုသည့်စကားအစား လူမစွမ်း၍ နာနာဘာဝကို မ စ ခိုင်းရ
ပေတော့မည်။
-----------------------------
“ ဟေ့ကောင်.. မြန်လိုက်တာ….”
“ အရက်ပုလင်းယူပြီးအမြန်ပြန်လာတာလေကွာ။ အမြည်းကတော့ ဝက်သားဟင်းပဲပါတယ်။ ကဲ…ဘာဆက်လုပ်ကြမလဲ ”
“ မြန်မြန်လာ……”
စိုးလွင်က အိမ်ပေါ်သို့တစ်ချက်လှမ်းကြည့်လိုက်ပြီး ဇော်ဝမ်းကို ပခုံးဖက်ကာ ကိုထွန်းနေ၏ အလောင်းရှိရာသို့
ထွက်သွားလေသည်။ ကိုထွန်းနေ၏အခေါင်းနားသို့ရောက်သည့်အခါ စိုးလွင်က ဇော်ဝမ်းကိုပခုံးပုတ်လိုက်ပြီး ပြောရမည့်စ
ကားကို ထပ်ပြောပြလိုက်သည်။
“ ရပြီနော်။ ငါပြောတဲ့အတိုင်းပြောတော့ ဇော်ဝမ်း ”
“ မင်းပြောလို့မရဘူးလား”
“ ငါ့အတွက်လုပ်တာမဟုတ်ဘူးလေ။ မင်းကိုယ်တိုင်ခေါ်ရမှာ ”
“ ဖြစ်ပါတယ်နော် ”
“ လုပ်မှာသာလုပ်စမ်းပါကွာ။ အခေါင်းနားကိုကပ်ပါကွ ”
“ ပုပ်စော်နံလို့ပါကွာ ”
“ လူတွေမြင်ကုန်လိမ့်မယ်။ မြန်မြန်လုပ်ကွာ ”
“ လုပ်ပါ့မယ်ကွာ ”
“ ဘုတ်…..ဘုတ်…..ဘုတ်…..”
“ ကိုထွန်းနေကြိုက်တဲ့ အရက်တိုက်ပါ့မယ်။ ကျွန်တော့်ကို ဖဲနိုင်အောင်ကူညီပေးပါ။ ဖဲနိုင်ရင် ကိုထွန်းနေကို အရက်နဲ့ကြက်
ကြော် ထပ်ကျွေးပါ့မယ်။ အခုကျွန်တော်နဲ့လိုက်ခဲ့ပါ ”
ကိုထွန်းနေ၏အခေါင်းကို သုံးချက်ပုတ်၍ ပြောဆိုပြီးသည့်အချိန်တွင် အခေါင်းအဖုံးက မသိမသာလှုပ်သွားပြီး အဖုံး
ပေါ်တင်ထားသည့်ဆေးပေါ့လိပ်က အောက်သို့ပြုတ်ကျသွားလေသည်။
“ ဟာ…စိုး…စိုးလွင်……”
“ ငါတွေ့တယ် ဇော်ဝမ်း။ လာ.... သွားကြမယ် ”
“ ဘယ်သွားမှာလဲ ”
“ ရွာတောင်ဘက်က ရိုးနားကိုသွားမယ်။ အဲဒီဘက်ကို ဘယ်သူမှမလာဘူး”
“ သွားမယ်ဆိုလည်း မြန်မြန်သွားကြမယ်ကွာ ”
“ မကြောက်စမ်းပါနဲ့ကွာ။ ငါ့နောက်က လိုက်ခဲ့ ”
စိုးလွင်က ပြောပြောဆိုဆိုနှင့်ထွက်သွားသဖြင့် ဇော်ဝမ်းလည်း အရက်ပုလင်းနှင့်အမြည်းထုပ်ကိုကိုင်ပြီး စိုးလွင်
၏နောက်မှကပ်လိုက်သွားလေသည်။
-----------------------------
ရွာတောင်ပိုင်းရှိ ရိုးချောင်းသည် အိမ်ခြေများနှင့်အတန်ငယ်ဝေးပြီး စပါးခင်းများသာရှိပေသည်။ ရိုးချောင်းအနီးသို့
ရောက်ခါနီးတွင် အနောက်မှလိုက်လာသည့် ခြေသံကိုကြားလိုက်သဖြင့် စိုးလွင်က ဇော်ဝမ်းကို သတိပေးလိုက်သည်။
“ နောက်လှည့်မကြည့်နဲ့နော် ”
“ ငါတော့ လန့်လာပြီ စိုးလွင်ရာ”
“ မကြောက်နဲ့ကွ။ ကြောက်ရင် ပိုခြောက်တယ် ”
“ ဟာကွာ…..မင်းကလည်း”
“ ရှေ့မှာ ရိုးစပ်ရောက်ပြီ။ ဒီမှာပဲရပ်လိုက်တော့ ”
“ ငါ ဘာဆကျလုပျရမလဲ ”
“ အမြည်းထုပ်ကိုဖြည်လိုက်။ ပြီးရင် အရက်ပုလင်းကိုအဖုံးဖွင့်ပြီး မြေကြီးပေါ်ချထားလိုက်။ အဲဒါတွေလုပ်ပြီးရင် ခုနကပြော
ခဲ့တဲ့အတိုင်း သုံးကြိမ်ပြန်ပြော။ ပြီးတာနဲ့ ငါတို့ ပြန်ကြမယ် ”
“ အေး….။ မင်းပြောတဲ့အတိုင်းလုပ်ပြီနော် ”
အမြည်းထုပ်ကိုဖြည်၍ အရက်ပုလင်းကိုအဖုံးဖွင့်ပြီး မြေကြီးပေါ်သို့ချထားလိုက်သည်။
“ ကို…ကိုထွန်းနေ….။ ကိုထွန်းနေကြိုက်တဲ့အရက်နဲ့ အမြည်းကိုကျွေးပါတယ်။ ကျွန်တော့်ကို ဖဲနိုင်အောင် ကူညီပေးပါ။
ဖဲနိုင်ရင် ကိုထွန်းနေကို အရက်နဲ့ကြက်ကြော် ထပ်ကျွေးပါ့မယ်။ ကျွန်တော်နဲ့လိုက်ခဲ့ပါ ”
သုံးကြိမ်သုံးခါပြောပြီးနောက် ထိုနေရာမှထွက်သွားရန်ပြင်လိုက်စဉ် အပုပ်နံ့ကိုရလိုက်သဖြင့် ဇော်ဝမ်း ကြက်သီးထသွား
လေသည်။
“ သွားကြမယ်။ နောက်လှည့်မကြည့်နဲ့တော့”
“ အေး…..မြန်မြန်ပြန်ကြမယ် ”
“ မင်းမှာပိုက်ဆံပါလား ဇော်ဝမ်း”
“ မပါဘူး။ ဘာလုပ်ဖို့လဲ ”
“ ဖဲရိုက်ဖို့လေကွာ ”
“ ရတယ်၊ ကိစ္စမရှိဘူးစိုးလွင်။ နွားပေါင်ထားတာ ငွေမပြည့်သေးဘူး။ ထပ်ယူလို့ရတယ် ”
“ ဒါဆိုလည်း ထပ်ယူကွာ။ ဒီည နိုင်ကိုနိုင်ရမယ် ”
“ နိုင်ရင်တော့ ကောင်းတာပေါ့ကွာ”
“ ငါ့ကိုယုံစမ်းပါကွာ ”
“ အေးပါ စိုးလွင်ရာ။ မင်းကို ယုံပါတယ် ”
“ လုပ်တော့ဟေ့ကောင်။ ငါအိမ်ပြန်လိုက်ဦးမယ်”
“ ဘာပြန်လုပ်မလို့လဲ။ အခြေအနေစောင့်ကြည့်ပါဦးလားကွာ”
“ အိမ်မှာ အမေတစ်ယောက်တည်းကွ။ အဖေက မနက်ဖြန်မှပြန်ရောက်မှာ ”
“ အေး…အေး…အဲဒါဆိုလည်းပြန်တော့ကွာ။ ငါစမ်းကြည့်လိုက်ဦးမယ် ”
“ စိတ်သာချဟေ့ကောင်။ နိုင်ကိုနိုင်မှာ ”
စိုးလွင်ပြောသည့်စကားက ကွက်တိမှန်ပါသည်။ ထိုနေ့ညက တစ်ဝိုင်းလုံးရှိပိုက်ဆံအားလုံး ဇော်ဝမ်း၏အိတ်ထဲသို့
ရောက်သွားခဲ့လေသည်။
“ ပြန်တော့မယ်ဗျာ ”
“ ဟာ…..ဟေ့လူ….။ အနိုင်မပိုင်းနဲ့လေ ”
“ ကျွန်တော် ကြိုပြီး ဝမ်နင်ပေးထားတယ်လေဗျာ ”
“ အခုမှ မနက်သုံးနာရီခွဲပဲရှိသေးတယ်။ ဆက်ကစားပါဦး ”
“ တော်ပြီဗျာ။ မကစားတော့ဘူး ”
“ ဒီလိုမလုပ်နဲ့လေ။ ငါတို့အရင်းပြန်ရအောင်တော့ ဆက်ကစားမယ် ”
“ ကျွန်တော်လည်း အရင်းပါပဲဗျာ။ နွားပေါင်ထားတာ ပြန်ရွေးပြီးတော့ အရင်းပြန်ရတယ်ဆိုရုံပဲရှိတာပါ ”
“ ဟေ့ကောင်…ဆက်ကစားမလား မကစားဘူးလား ”
ကစားဝိုင်းမှလူတစ်ယောက်က ခါးကြားမှဓားမြှောင်ကိုဆွဲထုတ်လိုက်ပြီး ခြိမ်းခြောက်နေသဖြင့် ဇော်ဝမ်း ထိတ်လန့်
သွားလေသည်။ ထိုသူသည် ရွာသစ်ကျေးရွာမှ လူမိုက်အေးစိုးဖြစ်ကြောင်း ဇော်ဝမ်းသိပေသည်။
“ ကျွန်တော် ဆက်ကစားရင် ပြန်ရှုံးမှာကြောက်လို့ပါ ”
“ ရှုံးမှာကြောက်ရင် လာမကစားနဲ့ပေါ့ကွ။ ဆက်မကစားရင် ငါ့ပိုက်ဆံပြန်ပေး”
“ မလုပ်ပါနဲ့ ကိုအေးစိုးရယ်။ ကျွန်တော်ရှုံးတာ ကိုအေးစိုးလည်းအမြင်ဘဲ။ အရင်းပြန်ရလို့ ဆက်မကစားတော့တာပါ ”
“ မရဘူးဟေ့ကောင်၊ အခုပြန်ထိုင်။ ဆက်မကစားတော့ဘူးဆိုရင် ငါ့ပိုက်ဆံပြန်ပေး။ မပေးရင်တော့ ဒီမှာတွေ့လား ”
“ မလုပ်ပါနဲ့ဗျာ။ ကျွန်တော် ဝမ်နင်ခေါ်ပြီးသားပါ ”
“ မင်းတော်တော် သောက်စကားများတဲ့ကောင်ပဲ….”
အေးစိုးဆိုသူက ထိုင်ရာမှထကာ ဇော်ဝမ်းဆီသို့ပြေးလာမည်ပြုစဉ် အိမ်ထရံအား ထုနှက်လိုက်သည့်အသံကို ကျယ်
လောင်စွာကြားလိုက်ရသဖြင့် အကုန်လုံး ငြိမ်သက်၍ မှင်တက်သွားကြလေသည်။
“ ဘုံး…ဘုံး…ဘုံး…….”
“ ဟ…ဘာလဲကှ….”
“ ဘယ်ခွေးမသား ခဲနဲ့ထုတာလဲကွ….ဟေ ”
“ ကိုထွန်းနေကြီး ခြောက်ပြီနဲ့တူတယ် ”
“ မဖြစ်နိုင်ပါဘူး။ ဒီမှာ လူအများကြီးရှိနေတာ ။ တစ်ယောက်ယောက် ခဲနဲ့ထုတာပဲဖြစ်မယ် ”
“ ခဲနဲ့ထုရင် ခေါင်မိုးပေါ်ပဲထုမှာပေါ့။ အခုက နံရံကိုဆက်တိုက်ထုတာလေ ”
တစ်ယောက်တစ်မျိုးဝေဖန်နေကြစဉ် အိမ်နောက်ဖေးမှ အိုးခွက်ပန်းကန်များပြုတ်ကျသည့်အသံကို ထပ်မံကြားလိုက်
ကြရပြန်သည်။
“ ဂလုံး…..ဂွမ်း..”
“ ဟ….ဒီတစ်ခါ နောက်ဖေးကကွ။ သွားကြည့်ကြပါဦး ”
“ ကိုထွန်းနေရေ….အမျှ..အမျှ….အမျှ ”
ရုတ်ရုတ်သဲသဲဖြစ်နေသည့်အချိန်တွင် ဇော်ဝမ်းလည်း အိမ်သို့ အမြန်ပြန်သွားလေတော့သည်။
-----------------------------
“ ဘယ်လိုလဲ ဇော်ဝမ်း။ မနေ့က ဖဲနိုင်တယ်မဟုတ်လား ”
“ ဟာ…ဟေ့ကောင်။ ဟုတ်တယ်…..တစ်ဝိုင်းလုံးကို သိမ်းလိုက်တာ ”
“ ငါကြားပါတယ်။ ကိုအေးစိုးက မင်းကို ဓားကြိမ်းကြိမ်းနေတယ်။ တစ်နေရာမှာသွားရှောင်နေလိုက် ”
“ အဲဒီလူကလည်းကွာ။ ငါနိုင်တယ်ဆိုတာ အရင်းပြန်ရရုံပါစိုးလွင်ရာ”
“ ဒါကတော့ မင်းကိစ္စလေ။ သူတို့ကတော့ သူတို့ဆီကပိုက်ဆံပါသွားတာ ဘယ်ကျေနပ်ပါ့မလဲ ”
“ အဲဒီလူက ရွာကျော်ပြီး လူစွာလာလုပ်နေတာ။ ကိုထွန်းနေရှိတုန်းကဆို အသံတောင်မထွက်ရဲဘူး”
“ ကိုထွန်းနေက သူ့ဆရာကိုးကွ။ ဘာပဲဖြစ်ဖြစ် ရှောင်နေလိုက်ပါကွာ။ ဘာမဟုတ်တာနဲ့ အသတ်ခံနေရလိမ့်မယ် ”
“ ဘယ်မှမရှောင်ပါဘူး စိုးလွင်ရာ။ ငါ့အိမ်မှာပဲ ငါနေပါ့မယ်”
“ ဒါဆိုလည်း ဖဲသွားမရိုက်နဲ့တော့ ”
“ အေး…မရိုက်တော့ပါဘူး။ မင်းက အခုဘယ်သွားမလို့လဲ ”
“ အသုဘအိမ်သွားမလို့လေ။ မနက်ဖြန် မြေချမယ်ဆိုတော့ အကူအညီပေးလိုက်ဦးမယ် ”
“ ငါပါလိုက်ခဲ့မယ် ”
“ မလိုက်နဲ့ ဇော်ဝမ်း။ ကိုအေးစိုးတို့ရှိချင်ရှိနေလိမ့်မယ်။ သွေးအေးသွားတော့မှ သွားချင်သွား”
“ အေး…။ ဒါဆိုလည်း မနက်ဖြန်မှသွားတော့မယ် ”
“ အေး…။ ငါသွားမယ် ဇော်ဝမ်း ”
“ အေး…အေး…”
----------------------------
မနေ့ညက ဖဲနိုင်ခဲ့သည့်အကြောင်းကို စဉ်းစားရင်း ဖဲဝိုင်းသို့သွားချင်လာမိသည်။ သို့သော်လည်း ကိုအေးစိုး၏လက်
ထဲမှ ဓားမြှောင်ကိုပြန်မြင်မိသည့်အခါ ထိတ်လန့်လာပြန်သည်။ ကိုအေးစိုးကလည်း ကိုထွန်းနေကဲ့သို့ လက်စလက်နရှိသူတစ်
ယောက်ဖြစ်သည်။
“ ဒီနေ့ည ဖဲသွားမရိုက်တော့ဘူးလား အစ်ကို ”
“ မရိုက်တော့ပါဘူးဟာ ”
“ ကောင်းပါတယ် အစ်ကိုရယ်။ စုထားဆောင်းထားတာလေးကုန်သွားတော့ ကျွန်မဖြင့် ငိုချင်လိုက်တာ ”
“ အခုပြန်ရပြီပဲဟာ…ငါလည်းမကစားတော့ပါဘူး”
“ အစ်ကို ဘယ်မှမသွားဘူးဆိုရင် ကျွန်မအိပ်တော့မယ်နော်။ အစ်ကို အပြင်သွားရင် တစ်ယောက်တည်းမအိပ်ရဲလို့ ”
“ အေး…အေး.။ ဘယ်မှမသွားဘူး။ ငါလည်း ခဏနေအိပ်တော့မှာ ”
“ ဟုတ်ကဲ့ အစ်ကို ”
“ ဘုံး…ဘုံး…ဘုံး….”
“ အမလေး…..ဘာသံကြီးလဲ ”
“ ဟာ….”
ကြမ်းပြင်ကို ထုနှက်နေသည့်အသံကိုကြားလိုက်ရသဖြင့် ဇော်ဝမ်းတို့လင်မယားနှစ်ယောက် အထိတ်တလန့်ဖြစ်
သွားကြသည်။
“ အောက်ကနေ ကြမ်းကို ထုတာအစ်ကို ”
“ ငါ အောက်ဆင်းကြည့်လိုက်ဦးမယ် ”
ဇော်ဝမ်းက အိမ်အောက်သို့ဆင်းပြီး နေရာအနှံ့သို့ကြည့်သော်လည်း လူသူအရိပ်အယောင်မမြင်ရသဖြင့် အိမ်ပေါ်သို့ပြန်
တက်လာခဲ့သည်။
“ ဘယ်သူလဲ အစ်ကို ”
“ ဘယ်သူမှမရှိပါဘူး ”
“ ဟင်….ကျွန်မတို့နှစ်ယောက်စလုံးကြားလိုက်တာနော်။ တစ်ယောက်ယောက်များလာနောက်သလား။ နွားတွေဘာဖြစ်သ
လဲမသိဘူး ”
“ ဘာမှမဖြစ်ပါဘူးကွာ၊ အိပ်မယ်ဆိုလည်း သွားအိပ်တော့။ ငါလည်း ခဏနေအိပ်မယ် ”
“ ဟုတ်ကဲ့ အစ်ကို ”
ဇော်ဝမ်း၏ ဇနီးအေးအေးသန်းက အခန်းထဲသို့ဝင်ရန်ဟန်ပြင်လိုက်သည့်အချိန်တွင် အိမ်အောက်မှနွားတစ်ကောင်က
ရုန်းကန်ပြီး အော်ဟစ်နေသံကြားလိုက်ရသည်။
“ ဘွဲ……ဘွဲ….”
“ အစ်ကိုရေ…သားတွေဘာဖြစ်သလဲမသိဘူး ”
“ ငါဆင်းကြည့်လိုက်ဦးမယ် ”
“ လက်နှိပ်မီးယူသွားအစ်ကို။ တော်ကြာ အကောင်ရှည်နဲ့တိုးနေဦးမယ် ”
“ အေး…အေး…ဓာတ်မီးယူပေးစမ်း”
ဇနီးသည်ထံမှ ဓာတ်မီးယူပြီးနောက် အိမ်အောက်သို့ဆင်းပြီး နွားများကိုကြည့်လိုက်သည့်အခါ နွားတစ်ကောင်က
ရုန်းကန်နေပြီး ကျန်တစ်ကောင်က ငြိမ်သက်နေသည်။
“ တောက်….ဟမ်း..ဘာဖြစ်နေတာလဲ ”
ဇော်ဝမ်းအော်ငေါက်လိုက်သဖြင့် ရုန်းကန်နေသည့်နွားက ငြိမ်သက်သွားလေသည်။ ဓာတ်မီးဖြင့် နေရာအနှံ့သို့ကြည့်
သော်လည် ထူးထူးခြားခြားမရှိသောကြောင့် အိမ်ပေါ်သို့ပြန်တက်သွားလေတော့သည်။
“ အစ်ကို…သားတွေဘာဖြစ်တာလဲ”
“ ဘာမှမဖြစ်ဘူး”
“ တော်သေးတာပေါ့ ”
“ အိပ်ကြစို့ကွာ…..”
“ ဟုတ်ကဲ့အစ်ကို ”
-----------------------------
“ ဂလုံ…….ဂွမ်း….”
ဇော်ဝမ်းတို့ဇနီးမောင်နှံ အိပ်မောကျနေစဉ် အိမ်နောက်ဖေးမီးဖိုဆောင်မှ အိုးခွက်သံများကြားလိုက်ရသဖြင့် နှစ်
ယောက်စလုံး လန့်နိုးသွားကြလေသည်။
“ အစ်ကို…နောက်ဖေးက ဘာသံလဲ ”
“ ပန်းကန်တွေကိုကြွက်တိုးတာနေမှာပေါ့။ ဟင်းကျန်တွေသိမ်းထားတယ်မဟုတ်လား ”
“ ဟင်းကျန်တွေကို ထမင်းစားပွဲမှာ ဆန်ခါနဲ့အုပ်ထားတယ် ”
“ အင်း…ထမင်းစားပွဲမှာထားတော့ ကြွက်ကအလွယ်တကူတက်မှာပေါ့ကွာ။ ပြန်အိပ် ”
“ နေဦး အစ်ကို။ ကျွန်မ နောက်ဖေးသွားကြည့်လိုက်ဦးမယ် ”
“ အေး…”
အေးအေးသန်းက အိပ်ရာထဲမှထွက်ပြီး ဘတ္ထရီမီးချောင်းကိုထွန်းလိုက်စဉ် အိမ်နောက်ဖေးမှ အရိပ်မည်းမည်းတစ်ခု
ကို လှစ်ကနဲမြင်တွေ့လိုက်ရသည်။
“ အစ်ကို..ထပါဦး…။ နောက်ဖေးမှာလူလားမသိဘူး ”
“ ဟေ…… ”
အေးအေးသန်းက လေသံဖြင့်ပြောဆိုလိုက်သဖြင့် ဇော်ဝမ်းလည်း အိပ်ရာထဲမှလူးလဲထကာ နောက်ဖေးမီးဖိုဆောင်
သို့ ဝင်သွားလေသည်။
“ အစ်ကို ..အတင့်မရဲနဲ့လေ”
မီးဖိုဆောင်သို့ရောက်သည့်အခါ ထမင်းစားပွဲပေါ်မှ ဟင်းခွက်များအားလုံး ကြမ်းပြင်ပေါ်သို့ကျနေလေသည်။
“ သွားပြီအေးသန်းရေ။ ဟင်းတွေတော့ ကုန်ပြီ ”
“ ဟယ်…….ကုန်ပါပြီ ”
“ ဟင်းတွေကို ကြောင်အိမ်ထဲထည့်ပါလားကွာ ”
“ မဖြစ်လောက်ဘူးထင်လို့ပါအစ်ကိုရယ်။ အရင်ကလည်း ဒီလိုပဲထားနေကျပါ။ အစ်ကို…ကြမ်းပေါ်ကို သေသေချာချာကြည့်
စမ်း”
“ ဘာဖြစ်လို့လဲ”
“ ကြွက်စားမယ်ဆိုရင် ဟင်းတုံးတွေပဲကုန်မှာ။ ကြမ်းပေါ်မှာ ဟင်းအနှစ်တွေတောင်မကျန်ခဲ့ဘူး ”
“ ကြွက်မဟုတ်ရင် ကြောင်ဖြစ်မှာပေါ့ကွာ။ ကြမ်းပေါ်က ဟင်းအနှစ်တွေကိုပါ လျှာနဲ့လျက်သွားမှာပေါ့။ သွားအိပ်တော့။ ငါ
အပေါ့သွားလိုက်ဦးမယ်။ နောက်ဖေးမီးဖွင့်ထား ”
“ ဟုတ်ကဲ့ ”
အေးအေးသန်း ထွက်သွားသည့်အချိန်တွင် ဇော်ဝမ်းက အိမ်နောက်ဘက်လှေကားမှ အိမ်အောက်သို့ဆင်းပြီး ခြံထောင့်
တွင်ရှိသည့် အိမ်သာသို့မသွားတော့ဘဲ အဆင်ပြေသည့်နေရာတွင် အပေါ့စွန့်လိုက်လေသည်။
“ ဘာကြီးတုန်းဟ ”
အပေါ့စွန့်နေစဉ် ခြံထောင့်မှ တရွေ့ရွေ့လာနေသည့် အနီရောင်အရာနှစ်ခုကိုမြင်တွေ့လိုက်ရသဖြင့် ထိုအရာကို အသေ
အချာကြည့်ပြီး စူးစမ်းနေသည်။ အနီရောင်နှစ်ခုက တဖြည်းဖြည်းနီးကပ်လာသည့်အခါ နီရဲနေသည့်မျက်လုံးများဖြစ်ကြောင်း
သိလိုက်ရသည်။
မျက်လုံးများက တောက်ပပြီးနီရဲနေခြင်းမဟုတ်ကြဘဲ သွေးနီရောင်သမ်းနေသည့်ပုံသဏ္ဌာန်ဖြစ်နေပေသည်။ ထူးဆန်း
နေသဖြင့် အပေါ့သွားခြင်းကို ရပ်တန့်လိုက်ပြီး အသေအချာကြည့်နေစဉ် တဖြည်းဖြည်းနီးကပ်လာသည့် အနီရောင်မျက်လုံး
များသည် အနက်ရောင်ခွေးကြီးတစ်ကောင်၏မျက်လုံးများဖြစ်ကြောင်း သိလိုက်ရလေသည်။
“ ဟဲ့ခွေး……ရှုး…သွားစမ်း..ရှုး..”
ခြောက်လှန့်မောင်းထုတ်သော်လည်း ထွက်မသွားဘဲ တဖြည်းဖြည်းတိုးကပ်လာနေသည့် ခွေးနက်ကြီးက ရုတ်တရက်
ပတတ်ထရပ်လိုက်ပြီး လူတစ်ယောက်အသွင်သို့ ပြောင်းသွားလေတော့သည်။
“ ဟာ…….အာ…..အာ….….”
လက်နှစ်လံအကွာတွင်ရပ်နေသူကို အိမ်ပေါ်မှမီးရောင်ဖြင့် ထင်ထင်ရှားရှားမြင်တွေ့လိုက်ရသည့်အခါ ကြောက်လန့်
တကြားဖြင့် အိမ်ပေါ်သို့ပြေးတက်ပြီး တံခါးကိုအမြန်ပိတ်လိုက်လေတော့သည်။
------------------------------
“ ကဲ…ဘုန်းကြီးတို့ ပြန်ကြွတော့မယ် ဒကာကြီး။ အခုနေပြန်မှ ကျောင်းကို ညနေလောက်ရောက်မှာ”
“ တင်ပါ့ဘုရား။ လှည်းစီစဉ်ထားပါတယ်ဘုရား ”
“ မြေချဖို့ လုပ်ကြတော့ဒကာကြီး။ ဘုန်းကြီးတို့က အရေးမကြီးပါဘူး”
“ အခု မြေချဖို့လုပ်နေကြပါပြီဘုရား။ လှည်းအထိ လိုက်ပို့ပေးပါ့မယ်ဘုရား ”
“ ကျောင်းလာခဲ့ဦးနော် ဒကာမောင်စိန် ”
“ တင်ပါ့ဘုရား။ လာခဲ့ပါ့မယ် ”
“ တရားစာအုပ်ပေးမလို့ မေ့လာခဲ့တယ် ”
“ ဘုံး…..”
ကာလသားခေါင်း ကိုမောင်စိန်နှင့် ဆရာတော်ကြီးတို့ စကားပြောဆိုနေကြစဉ် ရုတ်ရုတ်သဲသဲဖြစ်သွားသဖြင့် စကား
ပြောပြတ်သွားကြသည်။
“ ဟဲ့….လုပျကွပါဦးဟ ”
“ အမလေး… ”
“ အမလေး…..ကျွန်မ..ကျွန်မယောက်ျားကို လုပ်ကြပါဦး….”
ကိုထွန်းနေ၏အလောင်းအား မြေချရန် အခေါင်းကိုမလိုက်သည့်အချိန်တွင် အခေါင်းကျွံကာ ကိုထွန်းနေ၏အလောင်း
ကြီးထွက်ကျလာလေသည်။ ကြောက်လန့်တကြားဖြင့် ထွက်ပြေးကြသူများ၊ အပြေးအလွှားလာရောက်ကြည့်ရှုသူများဖြင့် ဝ
ရုန်းသုန်းကားဖြစ်သွားကြသောကြောင့် ကိုမောင်စိန်က ဆရာတော်ကြီးနှင့်စကားပြောနေရာမှ အပြေးရောက်ချလာလေသည်။
“ ဘယ်လိုဖြစ်တာလဲဟ…”
“ အခေါင်းကျွံကျတာ ”
“ ဟာ…အခေါင်းကျွံကျတာ တစ်ခါမှမကြားဖူးပါဘူးကွာ ”
“ သံရိုက်တာ မသေသပ်လို့ဖြစ်မယ်ထင်တယ်ဗျ ”
“ လုပ်….လုပ်…အခေါင်းထဲပြန်မထည့်နဲ့။ အခေါင်းကို ကျင်းထဲအရင်ချပြီး အလောင်းကို အခေါင်းထဲထည့်မြှုပ်လိုက်တော့။
ငါက ခေါင်းဘက်ကမမယ်၊ အလယ်က တစ်ယောက်ဝင်။ ခြေထောက်ကို တစ်ယောက်မပေး။ ဖိုးထိန်နဲ့ နောက်သုံးယောက်က
ကျင်းထဲအရင်ဆင်းပြီး အလောင်းကို လက်ဆင့်ကမ်းကြကွာ ”
“ ဟုတ်ကဲ့ ကိုမောင်စိန် ”
ကာလသားခေါင်းကိုမောင်စိန်က ကိုထွန်းနေ၏အလောင်း မြေချရန်စီစဉ်ညွှန်ကြားနေချိန်တွင် အသုဘလိုက်ပို့သူများ
ထဲမှ အင်းမရွာသူ ဒေါ်ကြင်မြိုင်တစ်ယောက် ဒေါသတကြီးဖြင့် ဝုန်းဒိုင်းကြဲလေတော့သည်။
“ ဟိုကောင်….ဇော်ဝမ်း….။ ဇော်ဝမ်းဘယ်မှာလဲ……”
အသုဘပို့ဆောင်ကြသည့် လူအုပ်ထဲသို့ မျက်ထောက်နီဖြင့်ကြည့်ကာ အသားတဆတ်ဆတ်တုန်နေသည့် ဒေါ်ကြင်မြိုင်
အား ကြောက်လန့်ကုန်ကြပြီး အဝေးသို့ရှောင်ပြေးကြလေသည်။
“ ဟိုကောင်…ဇော်ဝမ်း။ သောက်ကတိမတည်တဲ့ကောင် ”
“ ဇော်ဝမ်းတဲ့ဟေ့…..ဇော်ဝမ်း…..ဇော်ဝမ်းရှိလား ”
“ အသုဘ လိုက်မပို့ဘူးနဲ့တူတယ် ”
“ ဒေါ်ကြင်မြိုင်….ဒေါ်ကြင်မြိုင်…သတိထား ”
“ မကြင်မြိုင်….သတိထားလေ ”
“ ငါ ကြင်မြိုင်မဟုတ်ဘူး။ ထွန်းနေကွ ”
“ ဟာ……..”
“ ဟင်….”
ဒေါ်ကြင်မြိုင်ထံမှထွက်လာသည့်အသံသည် ယောက်ျားသံဖြစ်နေသဖြင့် အသုဘလိုက်ပို့ကြသူများ အလန့်တကြားဖြစ်
ကုန်ကြသည်။
“ ဒေါ်ကြင်မြိုင်ကိုဝင်ပူးနေတာ ကိုထွန်းနေလား ….”
ကာလသားခေါင်း ကိုမောင်စိန်က ဒေါ်ကြင်မြိုင်ထံရောက်လာပြီးမေးလိုက်သည်။
“ ဟုတ်တယ် ”
“ သေချာရင် ခင်ဗျားမိန်းမနာမည်ပြောပါ ”
“ မင်းက လူပါးဝလှချည်လား။ မင်းအစ်ကို အေးထွန်းရဲ့ခေါင်းက အမာရွတ်မျိုးလိုချင်ပြီထင်တယ် ”
“ ဒါဆို သေချာသွားပြီ။ ဒေါ်ကြင်မြိုင်ကို ဘာဖြစ်လို့ဝင်ပူးရတာလဲ ကိုထွန်းနေ ”
“ ဟိုခွေးမသား ဇော်ဝမ်းက ဖဲနိုင်အောင်လုပ်ပေးရင် ငါ့ကို အရက်နဲ့ကြက်ကြော်ကျွေးမယ်ဆိုပြီး အခေါင်းလာခေါက်တယ်”
“ ဟာ…..”
“ အမလေး…..”
“ ဟိုကောင် စိုးလွင်လည်းပါတယ် ”
“ ကိုထွန်းနေက ဇော်ဝမ်းကိုဖဲနိုင်အောင်ကူညီပေးလိုက်တာလား”
“ ဟုတ်တယ်။ ဟိုကောင် အောင်စိုးက သူ့ကိုဓားနဲ့ထိုးမယ်လုပ်လို့တောင် ငါကူညီပေးလိုက်သေးတယ်။ အခု ဘယ်မလဲ အဲဒီ
ခွေးမသား ”
“ ဇော်ဝမ်း လိုက်မပို့ဘူးထင်တယ် ”
“ အေး…ဘယ်ပို့လိမ့်မလဲ။ ငါလုပ်ထားလို့ သူ့နွားနှစ်ကောင်စလုံး သေမလိုဖြစ်နေပြီလေ”
“ ဟာ……. ”
“ ဟောတော်…..”
“ ဇော်ဝမ်းကိုပြောလိုက်စမ်း။ ငါ့ကို ကတိအတိုင်းလုပ်မပေးရင် သူတို့လင်မယားပါ သေကုန်မယ်လို့ ”
“ ဟာ……..”
“ ဒကာကြီးက ဆုံးသွားတဲ့ ဒကာကြီးမဟုတ်ဘူးထင်တယ်။ ဦးပဉ္ဇင်းသိတယ်နော် ဒကာကြီး။ ဘာဖြစ်လို့ အယောင်ဆောင်
ပြီးဒုက္ခပေးချင်ရတာလဲ ”
ဆရာတော်ကြီးနှင့်အတူကြွလာသည့် သံဃာတော်များထဲမှ ဦးပဉ္ဇင်းတစ်ပါးက ဒေါ်ကြင်မြိုင်နှင့် ကိုမောင်စိန်တို့အနီး
သို့ရောက်လာပြီး ဒေါ် ကြင်မြိုင်ကို ခြေအဆုံးခေါင်းအဆုံးကြည့်ကာ ပြောဆိုနေသဖြင့် အားလုံးအံ့အားသင့်ကုန်ကြသည်။
“ ဦးပဉ္ဇင်းကို ညာချင်သေးလား ဒကာကြီး။ ဒကာထွန်းနေကို ဦးပဉ္ဇင်းကောင်းကောင်းသိပါတယ်။ ဒကာထွန်းနေ ပြောပုံ
ဆိုပုံနဲ့ ကွာနေတယ် ”
“ ဘုန်းကြီးက ဘုန်းကြီးအလုပ်လုပ်ပါ။ လောကီကိစ္စမှာ ဝင်မရှုပ်ပါနဲ့ ”
“ တယ်ဟုတ်ပါလား။ သံဃာကိုတောင် အန်တုရဲတယ်ဆိုတာ နည်းတဲ့အစွမ်းတော့မဟုတ်ဘူး။ ဦးပဉ္ဇင်းက လူအများရှေ့မှာ
မပြောချင်ပါဘူး။ ဒကာကြီးက ဦးပဉ္ဇင်းအကြောင်းကို ပိုသိမှာပါ။ မြင်လည်းမြင်မှာပါ။ ဘာဖြစ်လို့ အခုလိုလုပ်ရတာလဲ”
“ ကိုယ့်လမ်းကိုယ်သွားပါ။ မဆိုင်တာ ဝင်မပါနဲ့ ”
“ အင်း….သံဃာနဲ့ ဒကာ ဒကာမတွေဆိုတာ ကျေးဇူးအပြန်အလှန်ရှိကြတယ်။ မဆိုင်လို့မရဘူးဗျ။ ဒကာ ဒကာမတွေကျွေး
တဲ့ဆွမ်းကိုစားပြီး ဆွမ်းအဟာရနဲ့ သာသနာကိုစောင့်ရှောက်နိုင်ကြတယ်။ တရားဘာဝနာ ပွားများနိုင်ကြတယ်။ ဆွမ်းအလှူ
ရှင်တွေကလည်း ဆွမ်းလှူရတဲ့အကျိုးကြောင့် ကုသိုလ်ရကြတယ်။ ဦးပဉ္ဇင်းတို့က တရားပြန်ပြပေးကြတယ်။ မဆိုင်ဘူးဆို
တာမဟုတ်ဘူးဗျ၊ ဆိုင်ကို ဆိုင်တယ်။ ဒါ့ကြောင့်မို့ ကျောင်းကိုပြန်ကြွခါနီး အခုလိုဖြစ်ကုန်တော့ ဆရာတော်ကြီးကိုခွင့်ပန်ပြီး
ဝင်ပါရတာပေါ့ဗျာ။ ကိုင်း… ဦးပဉ္ဇင်းမေးတာကိုဖြေပါ။ ဘာကြောင့် အခုလိုလုပ်ရတာလဲ ”
“ ခေါ်လို့လာတာ ”
“ ဘယ်သူက ဘယ်သူ့ကိုခေါ်တာလဲ”
“ ဇော်ဝမ်းဆိုတဲ့ကောင်က ထွန်းနေရဲ့အခေါင်းကိုခေါက်ပြီး ဖဲနိုင်အောင်လုပ်ပေးပါဆိုပြီး ခေါ်တယ်။ ဇော်ဝမ်းနဲ့ စိုးလွင်ဆိုတဲ့
ကောင်က အရက်တိုက်မယ်ဆိုပြီး ရွာတောင်ပိုင်းကိုခေါ်သွားတယ် ”
“ အဲဒီတော့ ဒကာထွန်းနေက လိုက်သွားသလား”
“ ကျုပ်လိုက်သွားတာ ”
“ ခေါ်တာက ဒကာထွန်းနေကိုခေါ်တာလေ။ ဒကာကြီးက ဘာဖြစ်လို့လိုက်သွားရတာလဲ ”
“ ထွန်းနေမရှိဘူး။ ကျုပ်က ထွန်းနေအတွက်ပြင်ထားတဲ့စမြိန်စာကို စားနေရတာ ”
“ အင်း….ဒကာကြီးက ဝင်ကစွပ်ပေါ့။ ဒကာကြီးကရော ဒီရွာကပဲလား ”
“ ဟုတ်တယ် ”
“ အပန်းမကြီးရင် နာမည်ပြောပြပါလား ဒကာကြီး ”
“ အောင်မင်း……”
“ ဟာ……….”
“ အမလေး…..ဦးအောင်မင်းကြီးတဲ့တော့ ”
“ ကောင်းပြီ ဒကာကြီးဦးအောင်မင်း။ အခု ဘာအလိုရှိတယ်ဆိုတာပြောပါ။ ဦးပဉ္ဇင်းက ဆရာတော်ကြီးကို လျှောက်ထား
ပေးမယ် ”
“ ကျုပ်ကို အရက်နဲ့ကြက်ကြော်ကျွေးမယ်ဆိုတဲ့ကောင်ကို သတ်ချင်နေတာ။ ကတိမတည်တဲ့ကောင်။ ဇော်ဝမ်းကို အခုခေါ်ပေး
”
“ ဒကာဇော်ဝမ်း ရှိသလား ”
“ မရှိဘူးဘုရား။ အခုပြေးခေါ်နေကြပါတယ် ”
“ ခဏလေးစောင့်ပါ ဒကာကြီး။ ဒကာဇော်ဝမ်းလာတဲ့အခါ အကုန်လုံးရှင်းပေးပါ့မယ် ”
ခဏအကြာတွင် ဇော်ဝမ်းတစ်ယောက် အမောတကောဖြင့် ရောက်လာခဲ့သည်။
“ ကို…..ကို..မောင်စိန်….”
“ အမောဖြေဦး ဇော်ဝမ်း ”
“ ဘာ…..ဘာတွေဖြစ်ကုန်ကြပြီလဲ….။ အိမ်မှာလည်း နွားနှစ်ကောင်လုံး ပိုးထိပြီးသေမလိုဖြစ်နေလို့ အသုဘလိုက်မပို့နိုင်ဘူး
။ နွားတွေက မျက်လုံးတွေပြူးပြီး လျှာတစ်လစ်ဖြစ်နေကြတယ် ”
“ အဲဒီကိစ္စနောက်မှပြောကြမယ်။ အရှင်ဘုရား…ဇော်ဝမ်းရောက်လာပြီ ”
“ လာ…ဒီကိုလာပါ ဒကာ”
“ တင်….တင်ပါ့ဘုရား ”
ဒေါ်ကြင်မြိုင်က ဇော်ဝမ်းကို မျက်ထောက်နီဖြင့်ခါးထောက်ပြီး ကြည့်နေသဖြင့် ဇော်ဝမ်းက နားမလည်သလို ပြန်ကြည့်
လိုက်သည်။
“ ခွေးမသား…မင်းက ငါ့ကိုဘယ်ပုံစံနဲ့ကြည့်တာလဲ ”
“ ဗျာ……”
“ ကဲ….ကဲ…..ထားတော့။ ဒကာဇော်ဝမ်း…..”
“ တင်ပါ့ဘုရား ”
“ ဒကာက ဖဲနိုင်ချင်လို့ ဒကာထွန်းနေရဲ့အခေါင်းကိုခေါက်ပြီး ခေါ်တယ်ဆို ”
“ တင်…တင်ပါ့ဘုရား။ စိုး…စိုးလွင်ပြောလို့ လုပ်ကြည့်တာပါ ”
“ အဲဒါကို ထားပါလေ။ ဒကာက မလုပ်သင့်တာ လုပ်ခဲ့တာပဲ။ ဒကာခေါ်တဲ့သူက ဒကာထွန်းနေမဟုတ်ဘူးဗျ။ ဒကာ ဦး
အောင်မင်း ဖြစ်နေတယ် ”
“ တင်…တင်ပါ့ဘုရား….”
“ ဒီကောင်သိတယ်….မနေ့ညက ကျုပ်ဘယ်သူဆိုတာ သူ့ကိုပြပြီးပြီ ”
“ သူပြောတာဟုတ်သလား ဒကာဇော်ဝမ်း ”
“ ဟုတ်..ဟုတ်ပါတယ်ဘုရား။ တပည့်တော် အိမ်အောက်မှာ အပေါ့ဆင်းစွန့်နေတုန်း မျက်လုံးအနီနဲ့ ခွေးနက်ကြီးတစ်
ကောင်ရောက်လာပါတယ်။ အနားကိုရောက်တော့ ရုတ်တရက် ပတတ်ထရပ်လိုက်တဲ့အချိန်မှာ ဦးအောင်မင်းကြီးဖြစ်သွား
ပါတယ်ဘုရား။ တပည့်တော်လည်း ကြောက်လန့်ပြီး အိမ်ပေါ်တက်ပြေးခဲ့ပါတယ် ”
“ ခွေးမသား….မင်းအိမ်က ဟင်းတွေငါယူစားတာရော သိသလား။ ကတိတည်မလားလို့စောင့်နေတာ။ မင်းက ကတိမတည်
တဲ့ကောင် ”
“ ဗျာ….”
“ ဒကာဦးအောင်မင်းကို ဦးပဉ္ဇင်းမေတ္တာရပ်ပါတယ်။ ဒကာဇော်ဝမ်းကို ခွင့်လွှတ်ပေးပါ။ ဆရာတော်ကြီးနဲ့ ဦးပဉ္ဇင်းတို့ ဆုံးမ
ပေးပါ့မယ် ”
“ တောက်….ခွေးမသား။ မင်းကိုသတ်ချင်နေတာ ”
“ဒကာကြီး ဦးအောင်မင်း။ ဒေါသ၊ လောဘ၊ မောဟတွေကြောင့် မကျွတ်မလွတ်ဘဲ အခုလိုဘဝမှာနေရတာကို ကျေနပ်နေတာ
လား ”
“ ---------------- ”
“ ဦးပဉ္ဇင်းမေးနေတာကို ဖြေလေ ”
“ ကျေနပ်မနေလည်း ဘာမှလုပ်လို့မရတော့ဘူး ”
“ လုပ်လို့ရပါတယ်။ လူ့ခန္တာကိုယ်ထဲကိုပူးဝင်ပြီး ပြောဆိုနိုင်၊ ကြားနိုင်ကတည်းက ဒကာကြီးမှာ ကုသိုလ်တရားအခံလေး
ရှိနေသေးလို့ပါ။ ခန္တာကိုယ်ထဲဝင်ပူးကပ်ပြီး တရားနာလို့ရပါတယ်။ အလှူလည်းပြုလို့ရပါတယ်။ အချို့ပေတတွေသာ ခန္တာ
ကိုယ်ထဲပူးဝင်တွယ်ကပ်လို့မရနိုင်ကြတာပါ။ ဦးပဉ္ဇင်းတို့ အကူအညီပေးမယ်ဆိုရင် ဒကာကြီးလုပ်နိုင်ပါ့မလား ”
“ ဘာလုပ်ရမှာလဲ ”
“ အခုလို ပူးကပ်နေတဲ့အချိန်မှာ သံဃာတော်တွေကို ဒကာကြီးကိုယ်တိုင် လှူဒါန်းပါ။ တရားနာပါ။ အမျှဝေတဲ့အခါ သာဓု
ခေါ်ပါ။ လုပ်နိုင်မလား ”
ဒေါ်ကြင်မြိုင်အား ပူးကပ်နေသည့် ဦးအောင်မင်းက ဦးပဉ္ဇင်း၏စကားကို အသေအချာနားထောင်ပြီး အတန်ကြာငြိမ်
သက်နေလေသည်။
“ အချိန်မရဘူး ဒကာကြီး။ ဦးပဉ္ဇင်းတို့လည်း ကျောင်းကိုပြန်ကြွရဦးမယ်။ လုပ်နိုင်မယ်ဆိုရင် အခုပြောပါ ”
“ အင်း……လုပ်ပါ့မယ် ”
“ သာဓု….သာဓု…သာဓုပါဗျာ။ ကိုင်း…ဒကာဇော်ဝမ်းခေါ်လို့လာရတဲ့အကျိုးက နပ်ပြီဗျာ။ ဆရာတော်ကြီးဘုရား…. တ
ပည့်တော် ဦးတင်လျှောက်ထားပါတယ်ဘုရား…”
“ အကုန်လုံးကြားပြီပြီပဲ။ ကိုယ်တော်က အခုလိုကိစ္စတွေမှာ ကျုပ်ထက်ပိုသိတယ်။ လုပ်စရာရှိတာ ဆက်လုပ်ပါ”
“ တင်ပါ့ဘုရား။ ဒကာကိုမောင်စိန်…. အလှူအတွက် တစ်ခုခုစီစဉ်ပေးပါ ”
“ ဘယ်လိုစီစဉ်ပေးရမလဲဘုရား”
“ သံဃာတော်တွေ ဘုဉ်းပေးနိုင်မယ့် ဆန်တို့ ဆီတို့ရရင်လည်းဖြစ်ပါတယ်။ ရေစက်ခွက်ပါပြင်ပေးပါ ဒကာ ”
“ တင်ပါ့ဘုရား။ ခဏစောင့်တော်မူပါ။ အခု ရွာထဲကိုသွားပြီး ချက်ချင်းပြန်လာခဲ့ပါမယ် ”
“ ကောင်းပါပြီဗျာ….ဒကာထွန်းနေရဲ့အလောင်းကို မြေချတဲ့သူက ချလိုက်ကြပါတော့။ သူနဲ့ မသက်ဆိုင်ပါဘူး ”
“ တင်ပါ့ဘုရား…..”
“ ဟေ့ကောင်ဇော်ဝမ်း…”
“ ဗျာ……”
ဒေါ်ကြင်မြိုင်က ဇော်ဝမ်းကို စေ့စေ့ကြည့်ပြီးခေါ်နေသဖြင့် ဇော်ဝမ်းက မကြည့်ရဲကြည့်ရဲဖြင့် ကြည့်လိုက်လေသည်။
“ မင်းအိမ်ပြန်တဲ့ရောက်တဲ့အခါနွားတွေအကောင်းအတိုင်းပြန်ဖြစ်နေလိမ့်မယ် ”
“ ဟုတ်…ဟုတ်ကဲ့…..ဒေါ်လေး…အဲ…အဘ….”
“ အိမ်း……ခေါ်လို့လာတယ်။ အခေါ်ခံရတဲ့သူက တစ်ယောက်၊ လာတဲ့သူက တစ်ယောက်။ ခေါ်တုန်းကတော့ အကျိုးမရှိတဲ့
ကိစ္စအတွက် အပေးအယူလုပ်ပြီးခေါ်လိုက်တာပဲ။ လာတဲ့သူကလည်း အကျိုးအမြတ်အတွက် ခေါ်တဲ့သူခိုင်းသမျှ လုပ်ပေးခဲ့
တယ်။ ခေါ်တဲ့သူဘက်က ကတိကဝတ်ပျက်တဲ့အခါ ဒေါသစိတ်ဖြစ်လာခဲ့တယ်။ ပျက်စီးရာပျက်စီးကြောင်း ကြံစည်မိတယ်။
အခုဘဝမှာ ပြိတ္တာဖြစ်နေရတဲ့ဒုက္ခကို မမြင်ရှာဘူး။ အခုတော့ ခေါ်လို့လာခဲ့ရတဲ့ အကျိုးကျေးဇူးကို နှစ်ဦးနှစ်ဖက်လုံးရကြ
တော့မယ်။ ခေါ်တဲ့သူကြောင့် လာခဲ့ရတဲ့သူက အခုဘဝကနေ ကျွတ်လွတ်ခွင့်ရတော့မယ်။ တကယ်အခေါ်ခံခဲ့ရတဲ့ ဒကာထွန်း
နေကတော့ ဘယ်ဘုံဘဝကိုရောက်နေတယ်ဆိုတာ မသိနိုင်တော့ဘူး။ ဒကာဦးအောင်မင်းလည်း ပြုခဲ့ဖူးတဲ့ကုသိုလ်ကြောင့် အ
ခုလိုကြုံကြိုက်ခဲ့ရတာပဲ။ ဒကာ ဒကာမတို့တွေလည်း မှတ်ထားကြပါ။ အပယ်ဘုံသားတွေနဲ့ အလောင်းအစား၊ အပေးအယူ
ဘယ်တော့မှ မလုပ်မိကြပါစေနဲ့။ မကောင်းကျိုးအတွက် မခေါ်ကြပါနဲ့။ ကောင်းကျိုးအတွက်ခေါ်ပြီး အလှူဒါနနဲ့ အမျှပေးဝေ
ကြပါ။ နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ် ”
“ တင်ပါ့ဘုရား…….”
မကြာမီ ကာလသားခေါင်းကိုမောင်စိန်တို့ ပြန်ရောက်လာကြပြီး ဆရာတော်ကြီးနှင့် သံဃာနှစ်ပါးအား ဆန်၊ ဆီ၊ ပဲ
များဖြင့် ဦးအောင်မင်းဝင်ရောက်ပူးကပ်နေသည့် ဒေါ်ကြင်မြိုင်အား ကိုယ်ထိလက်ရောက်လှူဒါန်းစေသည့်အခါ အမျှဝေသံနှင့်
သာဓုအနုမောဒနာခေါ်ဆိုသံများက အင်းမရွာသုသာန်မှသည် ဘဝဂ်သို့တိုင်လွင့်ပျံသွားလေတော့သတည်း။
-----------------------------
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။