ကျွန်တော်တို့မြို့မှာ ဦးစံလှဆိုရင်မသိသူမရှိသလောက်ပါပဲ။ ဘာဖြစ်
လို့လဲဆိုသူက မြို့မျက်နှာဖုံးသူဌေးကြီး။ နောက်ပြီး သူက မယား
နှစ်ယောက်ကိုတစ်အိမ်တည်းထားပြီးပေါင်းသင်းခဲ့တာဗျ။ ငွေရှိတော့
လည်း ဒီကိစ္စကို လူတွေကရေးကြီးခွင်ကျယ်လုပ်ပြီး မပြောကြပါဘူး။
မပြောကြတဲ့အပြင် သူ့မယားနှစ်ယောက်ဆို ဘယ်သွားသွားမျက်နှာ
ပန်းကတယ်လှသကိုးဗျ။ မမကြီး မမလေးနဲ့ သူတို့လာပြီဆို ပြေးပြေး
ဖားကြတဲ့သူတွေဒုနဲ့ဒေးရယ်။
အလှူမင်္ဂလာပွဲတွေဆို အယူသည်းတတ်တဲ့သူတချို့တောင် မယား
နှစ်ယောက်ခြံရံပြီးပွဲတက်လာတဲ့ ဦးစံလှကို နေရာထိုင်ခင်းပေးဖို့
အူယားဖာယားပဲဗျို့။ ဦးစံလှကအဲ့လောက်အထိ သြဇာတိက္ကမ ရှိ
တယ်။ ရှိဆို မြို့ထဲကလူ သုံးပုံတစ်ပုံလောက်က ဦးစံလှလုပ်ငန်းနဲ့
မလွတ်ကင်းကြပဲကိုး။ ဦးစံလှကစီးပွားရေးသမားပီပီလုပ်ငန်းလည်း
အမျိုးစုံတယ်။ လုပ်ငန်းတော်တော်များများလက်ညိုးထိုးမလွဲပဲ။
ဆေးဆိုင်ဆိုလည်းသူ၊ အီလက်ထရောနစ်ပစ္စည်းဆိုင်ဆိုလည်းသူ၊
ဆန်ပွဲရုံ၊ ဆီစက်ဆိုလည်းသူပဲ၊ Express ကားလိုင်းကြီးတစ်ခုလည်း
ပိုင်သေးတယ်ဗျ။
တခြားလုပ်ငန်းသေးသေးမွှားမွှားတွေ အတော်များများကျန်သေး
သဗျ။ ဒီလိုလူက မယားနှစ်ယောက်ယူတာအဆန်းတော့မဟုတ်ဘူး။
ဒါပေမယ့် မယားနှစ်ယောက်ကိုတစ်အိမ်တည်းထားတာကတော့
ဆန်းတယ်ဆိုရမယ်။ မယားကြီးက အညာသူ။ ရိုးရိုးအေးအေးကြီး။
မဝတ်တတ်မစားတတ်။ ဦးစံလှနဲ့ရတဲ့ သားသမီးက ၅ယောက်ရှိ
တယ်။ နောက်ယူတဲ့မယားက ဦးစံလှသမီးအလတ်မရဲ့သူငယ်ချင်း
ဗျ။ ကဲ ဘယ်လိုလုပ်ပြီးတစ်အိမ်တည်းနေကြသလဲမပြောတတ်ဘူး။
သူ့သမီးအလတ်မကတော့ သူငယ်ချင်းကိုမိထွေးတော်ရပြီဆိုက
တည်းက အိမ်ကထွက်သွားတာ တစ်ခေါက်တစ်လေတောင်ပြန်မလာ
တော့ဘူး။ဒါပေမယ့် မယားကြီးနဲ့ ကျန်တဲ့သားသမီးတွေကတော့ ဘာသိဘာသာဆက်နေနေကြတုန်းပဲ။ မယားအငယ်လေးက ရုပ်
ရည်သိပ်မလှပါဘူး။ ဦးစံလှသမီးရဲ့သူငယ်ချင်းဆိုတော့ အရွယ်ကပြောမနေပါနဲ့တော့။အဖေနဲ့သမီးအရွယ်။ ဦးစံလှက သမာသမတ်တော့ကြတယ်။ အကြီးအငယ် တန်းတူပဲပြောဆိုဆက်ဆံတာပဲ။
မယားငယ်ငယ်လေးမလို့ ဖူးဖူးမှုတ်ထားမယ်မထင်နဲ့။ ဦးစံလှတစ်ခွန်း
ဆို မယားအငယ်လေးခမျာ ငြိမ်ကုတ်သွားရတာ။ မယားအငယ်နဲ့
သားတစ်ယောက်ရတယ်။ အငယ်ကမွေးတဲ့ကလေးကို မယားကြီးက
ထိန်းပေးတယ်ဗျာ။ ဒီလူရဲ့ကံလို့ပဲဆိုရမလား။ ဒါပေမယ့်ဘယ်လောက်
ချမ်းသာသာ နောက်ဆုံးအချိန်တော့ အကုန်လုံးကိုစွန့်ရတာပါပဲ။
ဦးစံလှက အသည်းကင်ဆာနဲ့ နောက်ဆုံးအချိန်ကိုစောင့်နေရပြီ
ဆိုတာသိလည်းသိရော ကောင်းပေ့တော်ပေ့ဆိုတဲ့ ဆရာဝန်တွေဆီ
ကုတော့တာပဲ။ သူလည်း ဒီစည်းစိမ်တွေကိုဘယ်စွန့်လွတ်ချင်ပါ့မလဲ။
ကျွန်တော်တို့တောင် သူ့လောက်မချမ်းသာပေမယ့် အစွဲလေးတော့
အနည်းနဲ့အများရှိကြစမြဲ။ သူ့လိုအရာရာပြည့်စုံနေတဲ့သူ မသေချင်
တာ အဆန်းတော့မဟုတ်ဘူး။ ဒါပေမယ့် ရောဂါသိပြီး သုံးလလောက်
နေတော့ ဦးစံလှဆုံးပါးသွားရတယ်။
လူတိုင်းကဒီလမ်းကိုသွားကြရမှာပဲဗျာ။ ကြားရတဲ့သတင်းကြောင့်
စိတ်မကောင်းတော့ဖြစ်မိပါတယ်။ ဦးစံလှအသုဘက စည်းကားလိုက်
တာဗျာ။ သူနဲ့မကင်းရာမကင်းကြောင်း လူတွေတင်မကဘူး တစ်မြို့
လုံးကလူတော်တော်များများ အသုဘလိုက်ပို့ကြတယ်။ သူအသက်
ရှင်စဉ်က ဦးစံလှဟာ လိုအပ်တဲ့သူတွေကိုအကူအညီပေးခဲ့ဖူးလို့ထင်
တယ်။ တခြားသူဌေးတွေနဲ့တော့မတူဘူး။ အဲ့ဒီလိုတော့စေတနာ
ကောင်းတဲ့သူဗျ။ ဒါကြောင့်မလို့လည်း သူ့အသုဘကစည်းကားနေ
တာဖြစ်မယ်လို့ ကျွန်တော်ကောက်ချက်ချမိတယ်။
အဲ့ဒါ ကျွန်တော်နဲ့ဘယ်လိုပတ်သက်လာရသလဲဆိုတာ ဇာတ်လမ်း
ကခုမှစမှာ။ ဦးစံလှလည်းဆုံးရော မယားကြီးနဲ့ မယားငယ်က တိုက်
ပွဲတွေစပြီပေါ့ဗျာ။ နောက်ဆုံးတော့သူတို့သင့်မြတ်နေတာ ငွေကြောင့်
ပဲကိုး။ သမီးအလတ်မကလည်းပြန်ရောက်လာပြီး မယားငယ်လေးကို
အိမ်ပေါ်ကဆွဲချပါလေရော။ မယားအငယ်ကလည်း ဇ မသေးဘူး။
ရဲခေါ်ပြီး ကိုယ်ထိလက်ရောက်ရိုက်နှက်မှု ဘာအမှု ညာအမှုပေါ့။
တရားပါစွဲရော။ မယားကြီးနဲ့မွေးတဲ့ သားသမီးတွေကလည်း အခုမှ
ပါဝါတွေပြလာတာပေါ့။
ဒါပေမယ့် ထူးဆန်းတာက မယားကြီးက မယားငယ်လေးကမွေးတဲ့
ကလေးကို သံယောဇဉ်တွယ်နေတာပဲ။ ကလေးကိုမပေးချင်ဘူးဖြစ်
ရော။ မယားငယ်လေးကလည်း သူ့သားကို မပေးနိုင်ဘူး။ ဟုတ်တော့
လည်းဟုတ်ပါတယ်။ ဘယ်သူကမှကိုယ့်သားသမီးကို ပေးချင်ပါ့မလဲ။
နောက်ဆုံး ဘယ်လိုညှိနှိုင်းလိုက်ကြလဲမသိဘူး။ မယားငယ်လေး
ရသင့်ရထိုက်တာခွဲပေးပြီး ကလေးကို တစ်ပတ်တစ်ရက် အိမ်မှာ
ခေါ်ထားဖို့ သဘောတူလိုက်ကြတော့တယ်။
အဲ့ဒါနဲ့ပဲ ကလေးကို ကြိုဖို့ပို့ဖို့အတွက် ကျွန်တော့ကို ဒါရိုင်ဘာအလုပ်
ခန့်လိုက်တာပါပဲ။ ကျွန်တော်လည်း သက်သာတဲ့အလုပ်လည်းဖြစ်၊
လစာလည်းမဆိုးတော့ အချိန်ဆွဲမနေဘဲ အလုပ်ဝင်လုပ်လိုက်တယ်။
ကျွန်တော်အလုပ်ဝင်တဲ့နေ့က ကလေးမကြိုရသေးဘူး။ ရက်မရောက်
သေးလို့စောင့်နေရသေးတယ်။ သူတို့ကလေးခေါ်ရမယ့်ရက်က
သောကြာညတစ်ရက်ပဲ။ သောကြာနေ့ညနေလည်းရောက်ရော သွား
ကြိုရတာပေါ့။ မယားအငယ်နေတဲ့အိမ်နဲ့ သူတို့အိမ်ကတောင်စွန်
မြောက်စွန်။
ကျွန်တော်အိမ်မသိလို့ မယားအကြီးကလိုက်ပြပေးတယ်။ အိမ်ရှေ့
ရောက်တဲ့အခါ မယားအကြီးက ကားပေါ်ကပဲစောင့်နေတာဗျ။
ကျွန်တော့်ကိုအိမ်ထဲဝင်ပြီး ကလေးသွားခေါ်ခိုင်းတာ။ ကျွန်တော်လည်း
ခပ်လန့်လန့်ရယ်။ အိမ်ထဲဝင်သွားတော့ မယားအငယ်လေးက သူ့သား
ကို ကျွန်တော်နဲ့ထည့်ပေးလာပါတယ်။ သူလည်း အိမ်ရှေ့မထွက်ပို့
ဘူး။ ကျွန်တော့အထင် မျက်နှာချင်းမဆိုင်ချင်ကြဘူးထင်ပါတယ်။
ကလေးလေးက ဝလုံးလုံးနဲ့ ချစ်စရာကောင်လေးပဲဗျ။ သွက်လည်း
သွက်တယ်။ ဦးစံလှနဲ့ရုပ်တော်တော်လေးဆင်တာပဲ။ ကလေးခေါ်
လာတော့ မယားကြီးက ' သားရေ...သားရေ ' ဆိုပြီး ချစ်လိုက်တာ
ဗျာ။ သူ့ကိုကြည့်ပြီး ကျွန်တော်ဖြင့် စိတ်မကောင်းတောင်ဖြစ်မိတယ်။
ဘယ်နှယ့် မယားငယ်ကလေးကို ခုလို သူ့သားအရင်းလိုမျိုး ချစ်နေ
တာ တော်ရုံမေတ္တာတော့မဟုတ်ဘူး။ ကလေးကလည်း သူ့အမေလို
ချစ်ရှာတယ်။ မယားကြီးရင်ခွင်ထဲ ချွဲနွဲ့လို့။
ကလေးကို အိမ်ပို့ပေးပြီးတာနဲ့ ကျွန်တော့ကို အလုပ်ဆင်းလို့ရပြီလို့
ခွင့်ပြုတော့ အိမ်ပြန်လာခဲ့တာပေါ့။ ဒါပေမယ့် စိတ်ထဲက ဒီကိစ္စကို
တွေးတွေးမိနေတုန်းဗျ။ ကလေးကို မွေးကတည်းကထိန်းခဲ့ရလို့
သံယောဇဉ်တွေကြီးရတာများလား။ မိန်းမတွေရဲ့မိခင်စိတ်ကြောင့်
လား။ ကျွန်တော်ဝေခွဲမရခဲ့ဘူး။ နောက်တစ်နေ့ည ၆နာရီခွဲလောက်
ရောက်တော့ကလေးကိုကျွန်တော်ပြန်ပို့ရတယ်။ အိမ်သားတွေတစ်
ယောက်မှမလိုက်ကြဘူး။ ကျွန်တော်နဲ့ ကလေးပဲရှိတယ်။ ကျွန်တော်
လည်းကားကိုဖြည်းဖြည်းလေးမောင်းရင်း ကလေးနဲ့ရင်းနှီးအောင်ကြိုးစားခဲ့တယ်။
ဒီကောင်လေးက နှယ်နှယ်ရရမဟုတ်ဘူးလေ။ မယားကြီးကတောင်
ဖူးဖူးမှုတ်ထားရတဲ့ကလေး။ လမ်းမှာသူကလည်း သူမြင်သမျှထဲ မသိ
တာရှိရင်ကျွန်တော့ကိုမေးတယ်။ ခဏလေးနဲ့ သူနဲ့ကျွန်တော်ရင်းနှီး
သွားကြပါတယ်။ ဒါပေမယ့်လမ်းတစ်ဝက်လည်းရောက်ရော ကားက
ဆီကုန်သွားရော။ ကားဆီထည့်ဖို့မေ့ခဲ့တာ ဒုက္ခရောက်တာပေါ့ဗျာ။
အနီးအနားပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဆီဆိုင်တစ်ဆိုင်မှမရှိ
ဘူး။
စိတ်ပူနေကြမှာစိုးလို့အိမ်ကိုဖုန်းဆက်လိုက်တော့ မယားကြီးက
လာပို့ခိုင်းမယ် ခဏစောင့်ဆိုလို့ ကျွန်တော်လည်း ကားပေါ်ပြန်ဝင်
ထိုင်လိုက်တယ်။ နောက်ကြည့်မှန်ကိုအမှတ်မထင်တစ်ချက်ကြည့်
လိုက်မိတာ ညမှောင်မှောင်ထဲမှာ ရုတ်တရက်တွေ့လိုက်ရတာက
ကားနောက်ခန်းထဲ ဦးစံလှ တောင့်တောင့်ကြီးထိုင်လိုက်ပါလာတာ
ကိုပဲ။ ကျွန်တော်အမြင်မှားတာများလားဆိုပြီး ကြောက်ကြောက်နဲ့
အမြန်နောက်လှည့်ကြည့်လိုက်တယ်။ ကလေးက အရုပ်နဲ့ဆော့
နေတာ။ ဘယ်သူမှမရှိဘူး။
ကားမှန်ကိုပြန်ကြည့်လိုက်တော့ ကလေးရဲ့ဘေးမှာ ထိုင်နေတဲ့
ဦးစံလှကို ထပ်တွေ့ပြန်ရော။ အဲ့ဒီအချိန် ကျွန်တော်ခေါင်းနဘန်းတွေ
ကြီးပြီး ဆံပင်မွှေးတောင်ထောင်တက်သွားတာ အဟုတ်။ ဇောချွေး
တွေလည်းပျံ။ ကျောလည်းချမ်းသွားမိတယ်။ ဘယ်လောက်တောင်
ကြောက်သလဲဆိုတာ ပြောမပြတတ်အောင်ပဲ။ ထွက်ပြေးမယ်ဆို
လည်းမဟုတ်ဗျာ။ ကလေးက ကျွန်တော့တာဝန်လေ။ တစ်ခုခုဆို
ကျွန်တော်ခေါင်းခံရမှာ။ နောက်ကြည့်မှန်ကိုမျက်နှာလွှဲပြီး အသက်
ွှုရှုမှန်အောင်ရှုနေရတယ်။ နောက်ကြည့်မှန်ကို လုံးဝထပ်မကြည့်ရဲ
တော့ဘူး။
၁၅မိနစ်လောက်နေတော့ အိမ်ကကားတစ်စီးရောက်လာတဲ့အခါမှ
ကားပေါ်ကအမြန်ဆင်းပြေးရတော့တာပဲ။ ဦးစံလှသားက ဓါတ်ဆီ
ပုံးကြီးကားနောက်ခန်းကနေထုတ်ပြီး ဆီလာဖြည့်ကူပေးတယ်။ ကျွန်
တော်ဘယ်ကစပြောရမှန်းမသိဘူး။ သူ့အဖေမကျွတ်ဘဲ ကားနောက်
ခန်းမှာပါလာတယ်လို့ပြောရင် ကြိုက်မှာမဟုတ်ဘူးလေ။ ကားပေါ်
လည်းပြန်မဝင်ရဲလို့ ဆီဖြည့်တာလုပ်ကူရင်း စကားစရှာနေတုန်း
ဆီဖြည့်ပေးပြီးသူက ပြန်ဖို့ကားဖက်ကိုသွားနေပြီ။ ကျွန်တော်လည်း
နောက်ဆုံး အလုပ်ပြုတ်ချင်လည်းပြုတ်တော့ ပြောမှဖြစ်မယ်ဆိုပြီး
" ကိုမျိုးနိုင်... ကျွန်တော်ပြောစရာလေးရှိလို့ ''
" ပြော... ဘာပြောမှာလဲ ''
" ဟို... ကျွန်တော်ကားမမောင်းရဲလို့... ဖြစ်နိုင်ရင် အစ်ကို့ကားနဲ့
လဲမောင်းလို့ရမလားဗျာ... "
" ဟ... မင်း ကလေးကိုပို့ဖို့ ကားသပ်သပ်ထားထားပေးတာလေကွာ...
ငါ့ကားကို ငါကဘာလို့ပေးရမှာလဲ ''
" ကျွန်တော်... တွေ့လိုက်တယ်... ဦးလေးက ကားနောက်ခန်းထဲ
ထိုင်လိုက်လာတာ "
ကျွန်တော်ထင်တာက ကျွန်တော့ကိုဒေါသတကြီးနဲ့ ရန်လုပ်တော့
မယ်လို့ထင်လိုက်တာ။ ကျွန်တော့စကားကြားတော့ ကိုမျိုးနိုင်က
ကားနောက်ခန်းကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ဗျ။ ပြီးတော့...
" သူ့သားကိုစိတ်မချလို့နေမှာ... မြန်မြန်သာပြန်ပို့လိုက်ကွာ "
" ဗျာ... ကိုမျိုးနိုင်လည်း တွေ့လိုက်တာလား ''
ကိုမျိုးနိုင်က ကျွန်တော့ကို လှည့်ကြည့်လာတယ်။ မျက်နှာသိပ်
မကောင်းဘူး။
" အဖေကသူ့သားကိုစိတ်မချဘူးကွာ... ငါတို့တော့ခဏခဏတွေ့
လို့ရိုးသွားပါပြီ.... ဘာမှမကြောက်နဲ့... မင်းကိုဘာမှမလုပ်ဘူး...
စိတ်ချ ''
သူ့စကားကြောင့် ကျွန်တော်ပိုကြောက်သွားမိတယ်။ ဦးစံလှ မကျွတ်
ဘူးဆိုတာ သေချာသွားပြီလေ။ ကျွန်တော် မမောင်းရဲဘူးဆိုတော့
သူက အနောက်ကလိုက်မောင်းကူပေးမယ်ဆိုလာတော့လည်း
ကြောက်ကြောက်နဲ့ ဆက်မောင်းရတော့တာပေါ့။ ကလေးရဲ့အိမ်
ရောက်တဲ့အခါ သူ့အမေကအပြင်မှာထွက်စောင့်နေတယ်။ အပြန်
ပို့တာနောက်ကျလို့ဆိုပြီး ကျေနပ်ပုံမရဘူး။ ကျွန်တော်လည်းဘာမှ
မပြောရဲဘူး။ ကားပေါ်လည်းတက်ရမှာ လန့်နေတယ်။ အခုဆိုကျွန်
တော်တစ်ယောက်တည်းပြန်ရတော့မှာလေ။
ကလေးက လက်လေးပြပြပြီး ကျွန်တော့ကိုနှုတ်ဆက်ရင်း သူ့အမေ
နောက်လိုက်ဝင်သွားတယ်ဗျ။ ခြံမီးရောင်နဲ့ ကျွန်တော်မြင်နေရတာ
က ကလေးရဲ့နောက်မှာ ဦးစံလှက လှုပ်လှုပ် လှုပ်လှုပ်နဲ့ လိုက်ဝင်
သွားတယ်ဆိုတာပါပဲ။ မျက်စိနဲ့တပ်အပ်မြင်ရတာမလို့ ကားပေါ်မရှိ
တော့တာလည်းသိရော အမြန်မောင်းပြန်မိတော့တာပဲ။
လမ်းအကွေ့မှာစောင့်နေတဲ့ ကိုမျိုးနိုင်က သူ့နောက်လိုက်ခဲ့ဆိုလို့
လိုက်မောင်းသွားရတယ်။ လက်ဖက်ရည်ဆိုင်ကိုခေါ်သွားပြီး ကျွန်
တော့ကို ရှင်းပြတယ်။ ကျွန်တော်အလုပ်ထွက်မှာစိုးလို့ ခုလိုရှင်းပြ
မှန်းရိပ်မိပါတယ်။ သူတို့လိုလူကုံထန်တွေက သတင်းပေါက်ကြားမှာ
စိုးတာကိုးဗျ။ နောက်လူထပ်ထပ်ပြောင်းနေရရင် သတင်းကပိုပိုကြီး
တော့မယ်လေ။ ဒါကြောင့်ကျွန်တော့ကို လစာတိုးပေးပြီး အခွင့်အရေး
တွေပေးလာတာပဲပေါ့ဗျာ။
ကိုမျိုးနိုင်ပြောပြတာက ဦးစံလှဟာ သူ့သားအငယ်ဆုံးကို တုန်နေ
အောင်ချစ်သတဲ့။ ခုမှ အသက် ၅နှစ်အရွယ်ကလေးကို လူ့လောက
မှာထားခဲ့ရမှာ စိတ်မဖြောင့်ခဲ့ရှာဘူး။ ဒါကြောင့် သေဆုံးပြီးသွား
လည်း မကျွတ်နိုင်ဘဲ အိမ်မှာတွေ့တွေ့နေရတုန်း။ မယားကြီးကို
လည်း အိပ်မက်ပေးခဲ့တယ်။ သူ့သားကိုစောင့်ရှောက်ပေးဖို့။
မဆုံးခင်ကလည်း ကတိတောင်းခဲ့သေးသတဲ့။ မယားကြီးက သူ့
လက်ပေါ်ကြီးလာတဲ့ကလေးလည်းဖြစ်၊ သံယောဇဉ်လည်းဖြစ်ခဲ့၊
ဦးစံလှကိုကတိလည်းပေးထားတော့ မယားငယ်ရဲ့ကလေးကို ခေါ်
မွေးဖို့ထိဆုံးဖြတ်ခဲ့တယ်။
မယားငယ်ကလည်း ကလေးကိုချစ်ကြမှန်းသိတော့ အကြောင်းပြ
ပြီး ရသမျှအကုန်ယူတော့တာ။ သူရသင့်တာထက်ပိုပေးပြီး တစ်ပတ်
တစ်ခါ ကလေးခေါ်ခွင့်ကိုရအောင်ညှိယူခဲ့ကြတယ်။ ဘာကြောင့်လဲ
ဆို ဦးစံလှဝိဉာဉ်ကို အိမ်မှာမြင်မြင်နေရလို့ပဲ။ ကလေးလေးရှိနေရင်
သူ့ဝိဉာဉ်လည်း စိတ်ချပြီးကျွတ်လွတ်သွားမယ်လို့ မယားကြီးကယုံ
ကြည်နေတယ်။ အခုကျွန်တော်တွေ့သလိုပဲ သူ့သားနားမှာ ရှိရှိနေ
တာကို မယားကြီးရော မယားအငယ်ရော တခါတခါမြင်ကြရတယ်
တဲ့။
သူတို့အချင်းချင်းက မျက်နှာချင်းဆိုင်မရအောင်မုန်းတီးသွားကြပေ
မယ့် ဦးစံလှနဲ့ ကလေးရဲ့ သံယောဇဉ်ကြောင့် မပတ်သက်ချင်လည်း
ပတ်သက်နေကြရတယ်။ ကျွန်တော့ကို မကြောက်ဖို့ အထပ်ထပ်
ပြောပြီး လစာလည်းတိုးပေးပါမယ်၊ ကလေးကြိုပို့ တစ်ပတ်တစ်ရက်
ပဲလုပ်ရမှာမလို့ ကျန်တဲ့ရက်တွေမှာ တခြားအလုပ်လုပ်ချင်လည်း
ခွင့်ပြုပါတယ်လို့ပြောပါတယ်။ အလုပ်ကကျွန်တော့အတွက်အခွင့်
သာပေမယ့် ခုနကမြင်တွေ့ခဲ့တဲ့ဦးစံလှကို ပြန်မြင်ယောင်မိတဲ့အခါ
ကြောက်ဒူးတွေတုန်လာမိတယ်။
ကျွန်တော်ဒီအလုပ်ဆက်လုပ်သင့်သလားထွက်ရမလား မဆုံးဖြတ်
နိုင်သေးဘူး။ လောလောဆည်တော့ ကိုမျိုးနိုင်ကသူ့ကားသူမောင်း
ပြန်သွားပြီ။ ကျွန်တော်တစ်ယောက်တည်း ကားသော့ကိုင်ပြီး ကား
ဘေးမှာရပ်နေမိတယ်။ မကြာခင်ပိုပြီးမှောင်လာတော့မယ်။ ဒီကား
ထဲ ကျွန်တော်ဝင်ထိုင်ဖို့ မဝံ့ရဲနေဘူး။ ဦးစံလှကိုထပ်တွေ့ရင် ကျွန်
တော် ဘာလုပ်ရမလဲဆိုတာ မသိတော့ပါဘူး။ ဒါပေမယ့် ကြောက်
ရေးထက် ဝမ်းရေးကပိုခက်နေရတဲ့ဘဝတွေမလားဗျာ။ ကျွန်တော်
ကားပေါ်စွေ့ကနဲတက်ပြီး ကားစက်နိုးလိုက်တယ်။ ဘယ်တော့မှ
နောက်ကြည့်မှန်ကိုမကြည့်မိဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးရင်းပေါ့။
နောက်ကြည့်မှန်က ကျွန်တော့အတွက် မလိုအပ်တော့ပါဘူးလေ။
သော်တာလမင်းစန္ဒာ