"သေစား သေစေ" ( ပရလောကသားတို့အကြောင်း )
lotaya.mpt.com.mm
|
2020-01-17



မြောက်ဒဂုံ ဘေလီထိပ်သို့ ခရီးသည်ပို့ပြီးပြန်ထွက်လာသည့်အချိန်တွင် ညရှစ်နာရီကျော်နေပြီ။ မနက် ကားစထွက်ကတည်းက ကားဆွဲမကောင်းသဖြင့် ကိုတင်ထူး စိတ်ညစ်နေသည်။ မနက်စာကို အီကြာကွေးနှင့် လက်ဖက်ရည်တစ်ခွက်နှင့်သာ နှစ်သိမ့်ခဲ့ရ သဖြင့် ဗိုက်လည်းအတော်ဆာနေပြီ။ မိုးဖွဲဖွဲရွာလိုက်သည်နှင့် ခရီးသည်မရသည်က အတော်ဆိုးသည်။ တစ်နေကုန် မနားမနေ မြို့ပတ်ပြီး ခရီးသည်ရှာနေရတာနှင့် ဆီကုန်လူပန်းရုံသာအဖတ်တင်သည်။ သမီးငယ်လေးကလည်း သွေးလွန်တုပ်ကွေးဖြစ်နေတာကြောင့် ဆေး ရုံတင်ထားရသည်။ အုံနာခဖယ်ပြီး တစ်နေ့တာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေရသည့်အပြင် သမီးငယ်လေးကို ဆေးရုံတင်လိုက်ရသဖြင့် ငွေလိုအပ်နေသည်။ သို့သော်လည်း ညရှစ်နာရီကျော်နေပြီမို့ ကားဆက်မဆွဲတော့ဘဲ သမီးလေးဆေးရုံတက်နေသည့် မြောက်ဥက္ကလာပ ကလေးဆေးရုံကြီးသို့သွားရန်ဆုံးဖြတ်လိုက်ပြီး စီးကရက်တစ်လိပ်ကို ဖွာရှိုက်ရင်း မြောက်ဒဂုံ ဦးဝိစာရလမ်းအတိုင်း မောင်းလာခဲ့သည်။ စီးကရက်ကို နှစ်နှစ်ကာကာကြိုက်သော်လည်း ခရီးသည်ပါလာသည့်အခါမျိုးတွင် သောက်ချင်ပေမယ့် အောင့်ထားရ သည်။ တဖွဲဖွဲရွာနေသည့်မိုးကြောင့် လမ်းပေါ်တွင် လူသွားလူလာပြတ်နေသည်။ ကုန်သွယ်ရေးတိုက်ခန်းများအကျော်လောက်တွင် လက်တားနေသည့် အမျိုးသားနှစ်ယောက်ကို မြင်တွေ့လိုက်ရသဖြင့် ရပ်ပေးသင့် မသင့်စဉ်းစားနေသော်လည်း ခြေထောက်က အလိုလိုဘရိတ် နင်းပြီးသားဖြစ်နေသည်။

“ကားအားလားဗြ”

“ဟုတ်ကဲ့.....အားပါတယ်။ ဘယ်သွားမလို့လဲဗျ”

“ခြောက်ကွေ့ကိုသွားမယ်။ ဘယ်လောက်ပေးရမလဲ”

ခရီးတိုဖြစ်သည့်အတွက် ကျသင့်မည့်ငွေကြေးကိုပြောလိုက်သည့်အခါ အမျိုးသားနှစ်ယောက်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြပြီး ကားပေါ်သို့တက်လာသည်။ ကားပေါ်ရောက်သည်နှင့် အချင်းချင်းစကားပြောဆိုနေကြသည့် လူလတ်ပိုင်းအရွယ် အမျိုးသား နှစ်ယောက်ကို နောက်ကြည့်မှန်မှတဆင့် အသေအချာကြည့်လိုက်မိသည်။ ပြောဆိုနေသည့်စကားများက ငွေကြေးကိစ္စများဖြစ်နေပြီး သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကြသဖြင့် ကိုတင်ထူးစိတ်ချသွားလေသည်။ ခရီးသည်များ ကားပေါ်ရောက်သည်နှင့် သောက်လက်စ စီးကရက် ကို အပြင်သို့တောက်ထုတ်လိုက်ပြီး ကားဘီးကို စတင်လှိမ့်လိုက်လေသည်။

ညပိုင်းကားဆွဲရသည်က အန္တရယ်များသည်။ ငွေကြေးလုရုံ၊ ကားကိုလုရုံသာမက အသက်ကိုပါ ရန်ရှာကြသဖြင့် ညဘက်ဆွဲသည့် အငှားယာဉ်များတွင် အဖော်တစ်ယောက်ပါမှ စိတ်ချရသည်။ အဖော်လိုက်ပေးသူကို ဘော်ဒါကြေးပေးရသည်လည်းရှိသည်။ များသော အားဖြင့် စိတ်ချရသည့် မိတ်ဆွေ၊ သူငယ်ချင်းနှင့် ဆွေမျိုးနီးစပ်များကို အဖော်ခေါ်တတ်ကြသည်။ အဖော်မခေါ်ဘဲ တစ်ယောက်တည်းဆွဲသည့် ကားဆရာများလည်းရှိကြသည်။ ထိုယာဉ်မောင်းများသည် သတ္တိကောင်းသည်လား၊ အဖော်ခေါ်ရန် လူမရှိ၍လားဆိုသည်ကိုတော့ ကိုတင်ထူးမသိပေ။ ကားအလုခံရပြီဆိုသည်နှင့် ကားဆုံးသည့်အပြင် ယာဉ်မောင်းလည်း အသက်ဆုံးရတတ်သည်။ ကားလုသူများက တစ်ယောက်တည်းမဟုတ်၊ အဖွဲ့နှင့်လုကြသည်။ အလုခံလိုက်ရသည့်ကားများကို ပြန်ရှာတွေ့သည်က နည်းပါးပြီး အစအနပျောက်သွား တတ်သည်။ လုယူလာသည့်ကားများကို ဒိုင်ခံဝယ်သည့် အဖွဲ့ရှိသည်ဟု ကိုတင်ထူး ကြားဖူးသည်။ အမဲဖျက်သည်ကမှ အချိန်ကြာချင်ကြာလိမ့်ဦးမည်။ ဆယ်မိနစ်အတွင်း ကားတစ်စီးလုံး တစ်စစီဖြစ်သွားအောင် ဖျက်ပစ်နိုင်စွမ်းရှိကြသည်ဟုလည်း ကြားမိသည်။

“ကိုနေဝင်းဆီအရင်ဝင်မှဖြစ်မယ်ကွ။ ကိုမျိုးလွင်ဆီက သိန်းငါးဆယ်သွားယူရမယ်”

“ငါ့ကိုလည်း သိန်းနှစ်ဆယ်ကျော်ပေးရမှာ။ ကိုမျိုးလွင်ကလည်းကွာ.....ဒီလိုအချိန်ကျမှ ပိုက်ဆံလာယူခိုင်းရတယ်လို့”

“အေးကွာ...။ ပိုက်ဆံက နည်းနည်းပါးပါးဆို ကိစ္စမရှိဘူး။ ကိုနေဝင်းနဲ့အရင်ဆုံးတွေ့ကြမယ်။ သူဘာဆက်လုပ်မလဲဆိုတာ ကြည့်ကြတာပေါ့”

“ကောင်းတယ်”

“အစ်ကိုရေ...”

နောက်ခန်းမှနေ၍ ပခုံးကိုလက်ဖြင့်ကုတ်ပြီး ခေါ်နေသဖြင့် နောက်ကြည့်မှန်မှကြည့်ပြီး အကျိုးအကြောင်းမေးလိုက်သည်။

“ဟုတ်ကဲ့...”

“ခြောက်ကွေ့လမ်းဆုံရောက်ရင် ခဏလောက်စောင့်ပေးပါ။ စောင့်ဆိုင်းခ ထပ်ပေးပါ့မယ်။ ကျွန်တော်တို့မှာ ငွေကြေးကိစ္စအရေးကြီးနေလို့ပါ”

“ဟာ....မဖြစ်ဖူးထင်တယ်။ ကျွန်တော့်သမီးလေးက ဆေးရုံတင်ထားရတယ်ဗျ။ ခရီးသည်ချပေးပြီး သမီးလေးဆီသွားမလို့ဗျ။ အစ်ကိုတို့တားတာနဲ့ရပ်ပေးပြီး သိပ်မဝေးလို့လိုက်လာခဲ့တာ”

“ကျေးဇူးတင်ပါတယ်ဗျာ။ ပိုက်ဆံသွားယူရမယ့်ကိစ္စရှိနေလို့ပါ။ ပိုက်ဆံကများတော့ အပြန်မှာ ကားမရမှာစိုးတယ်။ မိုးကလည်း တဖွဲဖွဲဆိုတော့ ကားတွေစောစောသိမ်းကုန်ကြပြီဗျ”

အမျိုးသားနှစ်ယောက်ပြောသည်ကလည်းမှန်နေသည်။ ခြောက်ကွေ့ရောက်ခါနီးသည်အထိ တက္ကစီကားဆို၍ နှစ်စီးသာမြင်လိုက်ရသည်။

“ပိုက်ဆံပိုပေးပါ့မယ်ဗျာ။ စောင့်ဆိုင်းခလည်းပေးမယ်။ အသွားအပြန်ခရော အစ်ကို့အတွက် ဘီယာဖိုးပါပေးမယ်ဗျာ”

“ဟာ...အဲဒီလောက်မလိုပါဘူးဗျာ။ ကျွန်တော်အရက်ဘီယာမသောက်တတ်ပါဘူး”

“ဒါဆိုလည်း အုံနာခနဲ့ အစ်ကို့သမီးအတွက် မုန့်တွေဝယ်သွားဖို့ ပိုက်ဆံပိုပေးလိုက်မယ်ဗျာ။ ပိုက်ဆံအရမ်းများတော့ တက္ကစီစောင့်စီးဖို့မလွယ်ဘူး။ အချိန်မတော်ကြီးဆိုတော့ လုမှာကြောက်တယ်ဗျာ။ တောင်းပန်ပါတယ်ဗျာ... ကျွန်တော်တို့ကို ကူညီပါဦး”

တောင်းတောင်းပန်ပန်ဖြင့် အကူအညီတောင်းနေသည့် အမျိုးသားကို နောက်ကြည့်မှန်မှ အသေအချာကြည့်လိုက်မိသည်။ အသက်သုံးဆယ်ကျော်ခန့်ရှိမည့် ထိုအမျိုးသား၏မေးစေ့တွင် မှဲ့နက်တစ်လုံးက ထင်ထင်ရှားရှားရှိနေသည်။ ရုပ်ရည်မကြမ်းသည့်အပြင် စကား ပြောချိုသာသည့်အတွက် ကိုတင်ထူး အားနာသွားမိသည်။

“တောင်းပန်စရာမလိုပါဘူးဗျာ။ သိပ်မကြာဘူးဆိုရင် စောင့်ပေးပါ့မယ်”

“ကျေးဇူးတင်လိုက်တာ အစ်ကိုရာ။ ကိစ္စတွေပြီးရင် ကျွန်တော်တို့အတူ ထမင်းစားကြတာပေါ့”

မေးစေ့တွင်မှဲ့နှင့်အမျိုးသားပြောသည့်အခါမှ ဆာလောင်မှုကိုသတိရလာသည်။

“ရပါတယ်ဗျာ။ အစ်ကိုတို့သာ အဆင်ပြေအောင်လုပ်ကြပါ”

“လမ်းဆုံအကျော်က ကားမှတ်တိုင်နားမှာ ခဏရပ်ပေးအစ်ကို။ တိုးကြီး.....ကိုနေဝင်းဆီ မင်းပဲသွားတော့ကွာ။ ငါ ကားပေါ်ကနေစောင့်နေမယ်။ မကြာစေနဲ့နော်၊ ကားဆရာ အစ်ကို့ကိုအားနာဖို့ကောင်းတယ်”


“ရပါတယ်ခင်ဗျ။ လုပ်စရာရှိတာလုပ်ပါ”
 


ခြောက်ကွေ့လမ်းဆုံကိုကျော်ပြီး မင်္ဂလာဒုံဘက်သို့သွားသည့် ကားမှတ်တိုင်အကျော်လောက်မှ ကွမ်းယာဆိုင်ရှေ့တွင် ကားရပ်ပေးလိုက်သည်။ မိုးတဖွဲဖွဲကျနေပြီး ညရှစ်နာရီခွဲကျော်နေပြီဖြစ်သောကြောင့် ကားမှတ်တိုင်တွင်လူပြတ်နေသည်။ ကွမ်းယာဆိုင်ရှေ့တွင် ကွမ်းယာဝယ်နေသည့် အမျိုးသားတစ်ယောက်သာရှိပေသည်။
 


“ခဏလေးနော် အစ်ကို”
 

“ရပါတယ်ဗျာ။ အဆင်ပြေအောင်လုပ်ကြပါ”

ကားပေါ်မှဆင်းသွားသည့် အမျိုးသားက အားနာသည့်လေသံဖြင့်ပြောဆိုသွားသဖြင့် ကိုတင်ထူးလည်း အလိုက်သင့်ပြန်ပြောဆိုလိုက်သည်။ မိုးကလည်းအေး၊ ခံတွင်းကလည်းချဉ်လာသဖြင့် ဆေးလိပ်သောက်ရန် စီးကရက်ဘူးကိုလှမ်းကိုင်လိုက်ပြီးမှ ခရီးသည်ကို သတိထားလိုက်မိသည်။

“ကျွန်တော် ဆေးလိပ်သောက်ချင်လို့ဗျာ။ အနှောက်အယှက်များဖြစ်မလား”

“ဟာ..ရပါတယ်ဗျ။ သောက်ပါ”

ခရီးသည်အမျိုးသားက ခွင့်ပြုသဖြင့် ကားမှန်ကိုချပြီး စီးကရက်ကို အားရပါးရဖွာရှိုက်လိုက်သည်။ စီးကရက်နှစ်လိပ်ကုန်ပြီး ဆယ်မိနစ်ခန့်အကြာတွင် ကားပေါ်မှဆင်းသွားသူနှင့်အတူ အန္ဒိယနွယ်ဖွားအမျိုးသားတစ်ယောက်ပါလာခဲ့သည်။ အန္ဒိယနွယ်ဖွား အမျိုး သားက ကိုတင်ထူး၏ဘေးခုံတွင် ဝင်ထိုင်လိုက်ပြီး ကိုတင်ထူးကိုပြုံးပြသဖြင့် ကိုတင်ထူးကလည်း ပြန်ပြုံးပြလိုက်သည်။

“ကုလားကြီး....။ ကိုနေဝင်းလိုက်မလာဘူးလား”

“ကိုနေဝင်းက ဝါယာလက်ကိုသွားတယ်။ ငါတို့ အဲဒီကိုလိုက်သွားရမှာ”

“ဟာကွာ.....ကိုနေဝင်းကလည်း။ ငါတို့လာမယ်ပြောထားသားနဲ့”

“သူအရင်သွားနှင့်မယ်ပြောပြီး ညနေကတည်းကထွက်သွားတာ။ ကိုမျိုးလွင်က အကုန်ရှင်းပေးမယ်လို့ပြောတယ်။ နေ့လယ်ဆိုလည်း တော်သေးတယ်။ ညမိုးချုပ်တော့မှ ပိုက်ဆံတွေအများကြီးနဲ့ အန္တရာယ်များတယ်ကွ”

“ဒီအစ်ကို့ကို အသွားအပြန်ခေါ်ထားတယ်။ စိတ်မပူနဲ့၊ ဝါယာလက်က သိပ်မဝေးပါဘူး”

“ကားဆရာအစ်ကို့ကို ပိုက်ဆံပိုပေးလိုက်ကြမယ်ကွာ”

“ငါပြောထားပြီးပြီ။ ဒီအစ်ကိုက စိတ်ချရတယ်”

အချင်းချင်းပြောဆိုနေကြသည့်စကားသံကိုကြားကတည်းက မင်္ဂလာဒုံ ဝါယာလက်သို့ မောင်းခိုင်းတော့မည်ဖြစ်ကြောင်း ကိုတင်ထူးသိနေသည်။ သို့သော်လည်း ငွေကြေးကိစ္စသွားကြမည့်အပြင် မိမိအတွက်လည်း အပိုငွေကြေးပါပေးဦးမည်ဆိုသဖြင့် ကိုတင်ထူး သ ဘောကျနေသည်။ ကားဆွဲမကောင်းသည့်အတွက် စိတ်ညစ်ခဲ့သမျှ အခုမှနေသာထိုင်သာရှိတော့သည်။

“အစ်ကိုရေ...ကူညီလက်စနဲ့ ဆက်ပြီးကူညီပါဦးဗျာ”

“ခင်ဗျာ.....ဘယ်လိုကူညီပေးရမှာလဲ”

“ဝါယာလက်ဈေးနားကို လိုက်ပို့ပေးပါဗျာ”

“ဟာ...ဒါတော့ မဖြစ်နိုင်ဘူးဗျ။ အတော်နောက်ကျနေပြီ”

ဝါယာလက်သို့အသွားအပြန်ကားခအပြင် စောင့်ဆိုင်းခနှင့် အပိုကြေးပါရမည်ဆိုသဖြင့် ကျေနပ်သော်လည်း အနည်းအကျဉ်းတော့ ဟန်ဆောင်လိုက်ရသည်။

“လုပ်ပါအစ်ကိုရာ၊ ကားခမနည်းစေရပါဘူး။ စောင့်ဆိုင်းခရော အပိုကြေးပါပေးမယ်ဗျာ”

“ဟူး......အခက်အခဲဖြစ်နေတော့လည်း ကူညီရတော့မှာပေါ့ဗျာ”

“ကျေးဇူးတင်ပါတယ် အစ်ကိုရာ”

*************************

‘ န ‘ အက္ခရာ တိုယိုတာ ကိုရိုလာအမျိုးအစား အဖြူရောင်ကားလေးက မင်္ဂလာဒုံလမ်းခွဲသို့ထွက်ရန် ခရေပင်လမ်းသို့ ချိုးကွေ့လိုက်သည်။

“အစ်ကို....ဆီးသွားချင်လို့ ရှေ့နားမှာခဏလောက်ရပ်ပေးပါ”

“ဟုတ်ကဲ့..ဟုတ်ကဲ့”

ခရေပင်လမ်းသို့ချိုးကွေ့ပြီး တံတားအနီးသို့မရောက်မီ နောက်ခန်းတွင်ထိုင်လိုက်လာသည့် တိုးကြီးဆိုသူက ဆီးသွားရန်ရပ်ပေးဖို့ပြောဆိုသဖြင့် ကားကို လမ်းဘေးသို့ချရပ်လိုက်သည်။ ထိုနေရာသည် လူသွားလူလာပြတ်တောက်သည့်နေရာဖြစ်သည့်အပြင် မိုးက လည်း တဖွဲဖွဲရွာနေသဖြင့် လမ်းပေါ်၌ ရှင်းလင်းနေသည်။ သံလမ်းအကျော်ရှိ တန်းလျားများနှင့် ဆိုင်များ၌သာမီးလင်းနေပြီး လမ်းမီးများမလာသဖြင့် တစ်လမ်းလုံးမှောင်မိုက်နေသည်။ သို့သော်လည်း အမျိုးသားလေးယောက်ဖြစ်နေသောကြောင့် လုယက်မည့်သူများ မချဉ်း ကပ်နိုင်ကြောင်း ကိုတင်ထူးတွေးလိုက်မိသည်။ ထို့နောက် စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကိုထုတ်ကာ မီးညှိဖွာရှိုက်လိုက်ပြီး ကားမှန်ကို အောက်သို့ချလိုက်လေသည်။

“အ...အ........မ.....မ....အ...”

ကားရပ်လိုက်သည့်အချိန်တွင် လည်ပင်းကိုအနောက်မှသိုင်းဖက်ပြီးညှစ်ထားခြင်းကိုခံလိုက်ရသဖြင့် တန်းလျားများဖက်သို့မောင်းပြေးဖို့အတွက် ဂီယာထိုးရန်ပြင်လိုက်သည့်အချိနတွင် ဘေးခုံ၌ထိုင်နေသည့် ကုလားကြီးဆိုသူက ဂီယာတံကိုင်ထားသည့် ကိုတင် ထူး ၏လက်ကို လိမ်ချိုးပြီး ဘယ်ဖက်နံစောင်းထဲသို့ တစ်စုံတစ်ခုဖြင့်ထိုးသွင်းလိုက်သဖြင့် စူးအောင့်နာကျင်သွားလေသည်။

“အား.............မ.....မလုပျကွပါနဲ့.....”

ဆီးသွားရန် ကားအောက်သို့ဆင်းသွားသည့် တိုးကြီးဆိုသူကလည်း အပြင်ဘက်မှနေ၍ ကားသော့ကိုလှည့်ကာ စက်သတ်လိုက်သည်။

“ဒီကောင် ငါတို့မျက်နှာကို မြင်ထားတယ်ကွ။ ရှင်းပစ်လိုက်တော့”

မေးစေ့တွင် မှဲ့နက်နှင့်လူက ပြောဆိုလိုက်သည့်စကားအဆုံး၌ ဘေးထိုင်ခုံတွင်ထိုင်နေသည့် ကုလားကြီးက ကိုတင်ထူး၏ဘယ်ဖက်ရင်အုံထဲသို့ ဓားမြှောင်ဖြင့် ထိုးသွင်းလိုက်လေတော့သည်။ ထို့နောက်အပြင်ဘက်မှ တိုးကြီးဆိုသူက ကားတံခါးကိုဖွင့်ပြီး ကိုတင်ထူး ကို ဆွဲချလိုက်သောကြောင့် ကိုတင်ထူးတစ်ယောက် ကားပေါ်မှ မြေကြီးပေါ်သို့ ကျသွားလေသည်။

“လမ်းဘေးကို ဆွဲချထားလိုက် တိုးကြီး”

တိုးကြီးဆိုသူက ကိုတင်ထူးအား ချိုင်းမှဆွဲမကာ လမ်းဘေးချောက်ထဲသို့ ပစ်ချလိုက်သဖြင့် လူတစ်ရပ်ကျော်ကျော်မျှရှိသည့် လမ်းဘေးသို့ လိမ့်ဆင်းသွားလေသည်။

စူးအောင့်နာကျင်နေသော်လည်း လဲကျနေရာမှ အားတင်းထလိုက်သည့်အချိန်တွင် တိုယိုတာ ကိုရိုလာအဖြူရောင်ကားလေးက ကိုတင်ထူးကို ချန်ရစ်ကာ အပြေးနှင်သွားလေသည်။ ရင်ဘတ်နှင့် နံစောင်းကို လက်နှစ်ဖက်ဖြင့်ဖိထားရင်း ကားနောက်မီးကို ဝေဝါးနေ သည့်မျက်လုံးများဖြင့်ကြည့်ရင်း ရပ်နေရာမှ ပုံလျက်လဲကျသွားလေတော့သည်။

************************

“ဟေ့ကောင်......မင်းက ဘယ်သူလဲ”

အနားသို့ ရုတ်တရက်ရောက်လာပြီး မေးမြန်းနေသူအား ကိုတင်ထူးလှည့်ကြည့်လိုက်သည်။ အင်္ကျီဗလာ၊ ပုဆိုးတိုတိုဝတ်ဆင်ထားပြီး စူးရှသည့်မျက်လုံးများဖြင့်မေးမြန်းနေသူ၏အသွင်က လူမိုက်တစ်ယောက်ပုံပေါက်နေသဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက် သည်။

“ငါ့ကို မကြောက်နဲ့ဟေ့ကောင်။ မင်းလည်း ငါနဲ့အတူတူပဲ”

“ဗျာ.....”

“ မင်းက သေသွားပြီလေ။ ဟိုမှာတွေ့လား၊ မင်းရဲ့အလောင်း”

“ဟင်.......”

မိုးရေထဲတွင် မြက်ပင်ပေါ်၌ ခွေခွေလေးလဲကျနေသူကိုကြည့်ပြီး ကိုတင်ထူး အထိတ်တလန့်ဖြစ်သွားသည်။ ထိုသူသည် မိမိသာဖြစ်ကြောင်း ကိုတင်ထူးသိလိုက်ရသည့်အခိုက် ချုံးပွဲချငိုကြွေးလိုက်လေသည်။

“ငါ အကုန်လုံးမြင်တယ် ဟေ့ကောင်။ ငါက ဒီတံတားမှာနေတာ။ မင်းကို သတ်သွားတဲ့သူတွေနောက်ကိုလိုက်လေ။ ဘာရပ်လုပ်နေတာလဲ”

“ကျွန်........ကျွန်တော်...”

“မင်းက ဘာကိုကြောက်နေတာလဲ ဟေ့ကောင်”

“ဘာမှလုပ်လို့မရတော့တာဗျာ။ ကျွန်တော့်သမီးလေးဆီသွားမယ်။ မိန်းမကို အကျိုးအကြောင်းပြောပြရမယ်”

“အဲဒါတွေနောက်မှလုပ်။ မင်းကိုသတ်သွားတဲ့ကောင်တွေနောက်ကို အမန်လိုက်ဟေ့ကောင်။ ငါ ကူညီမယ်။ လာခဲ့.....”

အင်္ကျီဗလာနှင့်လူက ကိုတင်ထူး၏လက်ကိုဆောင့်ဆွဲပြီးခေါ်သွားသောကြောင့် ကိုတင်ထူးလည်း ထိုသူနှင့်အတူ အလိုက်သင့်ပါသွားရင်း အလွန်လျင်မြန်သည့်အရှိန်ဖြင့် လေထဲတွင်သွားလာနေသည်ကို တအံ့တဩဖြစ်နေသည်။

“ဟို...ဟိုမှာ..ကျွန်တော့်ရဲ့ကား.....”

အရှိန်ဖြင့်မောင်းနှင်နေသည့်ကားနှင့်ဘေးချင်းယှဉ်သွားနေရာမှ အင်္ကျီဗလာနှင့်လူက ကိုတင်ထူးကို ကားထဲသို့တွန်းလွှတ်လိုက်သည်။ အလုံပိတ်ထားသည့်မှန်ကို ထွင်းဖောက်ပြီး ကားထဲသို့ ပေါ့ပါးစွာရောက်ရှီသွားသဖြင့် ကိုတင်ထူးတအံ့တဩဖြစ်ကာ ကိုယ့်ကိုယ် ကို ပြန်ကြည့်မိသည်။ ခန္တာကိုယ်က နာကျင်ခြင်းများမရှိတော့ဘဲ ပေါ့ပါးသွက်လက်နေသည်။ ကားထဲတွင်ထိုင်နေကြသူများ၏ကိုယ်ပေါ်သို့ရောက်နေသော်လည်း မည်သူမှ သတိမထားမိကြပေ။ တိုယိုတာ ကိုရိုလာကားလေးက ထောက်ကြံ့ဘက်သို့ ဦးတည်ပြေးလွှားနေသဖြင့် မည်သည့်နေရာသို့သွားနေသည်ကို သိချင်နေမိသည်။

“ဟေ့ကောင်...ဘာလုပ်နေတာလဲ။ အဲဒီကောင်တွေကို လုပ်တော့လေကွာ”

ကားဘေးမှလိုက်လာသည့် အင်္ကျီဗလာနှင့်လူကပြောသည့်အခါမှ သတိဝင်လာပြီး ကားမောင်းနေသူ၏မျက်နှာကို လက်သီးဖြင့်အကြိမ်ကြိမ်ထိုးနှက်သော်လည်း ကားမောင်းနေသည့်တိုးကြီးဆိုသူက စကားပြောပင်မပျက်ပေ။ ကားမောင်းနေသည့် တိုးကြီးသည် ဆီး သွားရန်ကားရပ်ပေးဖို့ပြောဆိုခဲ့သူဖြစ်ပြီး ကားပေါ်မှဆွဲချခဲ့သူလည်းဖြစ်ပေသည်။ ယာဉ်မောင်းဘေးမှ ထိုင်ခုံပေါ်တွင်ထိုင်ကာ ကွမ်းဝါးနေသည့်ကုလားကြီးဆိုသူ၏မျက်နှာကို စူးစူးရဲရဲစိုက်ကြည့်လိုက်မိသည်။ ဓားဖြင့်ထိုးနှက်ခဲ့သူသည် ကုလားကြီးဖြစ်ပေသည်။ ကားနောက် ခန်းတွင် ခြေထောက်ချိတ်ပြီးထိုင်နေသည့် မေ့းစေ့တွင်မှဲ့နက်နှင့်လူအား ခြေထောက်ဖြင့် လှမ်းကန်သော်လည်း လေကိုသာကန်မိနေသည်။

“ဟေ့ကောင်.....စိတ်အာရုံကိုစု။ စိတ်ကိုဘယ်မှမလွင့်စေနဲ့။ မင်းလုပ်မယ့်ကိစ္စကိုသာတွေးထား။ လုပ်စရာရှိတာ ထောက်ကြံ့မကျော်ခင်လုပ်ဟေ့ကောင်။ ထောက်ကြံ့ရောက်ရင် ငါတို့ဆက်သွားလို့မရတော့ဘူး”

အင်္ကျီဗလာနှင့်လူပြောသည့်အတိုင်းလုပ်ဆောင်သော်လည်း အဆင်မပြေသဖြင့် လက်လျှော့ချင်လာသည်။ ဇနီးသည်နှင့် ဆေးရုံတက်နေသည့် သမီးလေး၏မျက်နှာကို မြင်ယောင်လာမိသည်။ မိမိ သေဆုံးခဲ့ပြီဆိုသည့် အသိစိတ်ကြောင့် ကိုတင်ထူး ငိုကြွေးမိပြန်သည်။ မိမိမရှိတော့သည့်နောက် ဇနီးနှင့်သမီးလေးတို့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ကြတော့မည်ကိုတွေးပြီး ပူပန်လာခဲ့သည်။

“တိုးကြီး....မိုးရွာနေတယ်၊ ဖြည်းဖြည်းမောင်းပါဟ။ မသာပေါ်ကုန်တော့မှာပဲ”

“ရန်ကုန်နယ်နိမိတ်က အမြန်ထွက်ဖို့အရေးကြီးတယ်ကွ ကုလားကြီးရ”

“ရှစ်ဆယ်လောက်ဆို တော်ရောပေါ့ကွ။ တစ်ရာကျော်နေပြီ”

“ကိုယ်သေရမှာကျတော့ ကြောက်တတ်သားပဲ”

“ခွေးမသား.....ဓားနဲ့ထိုးလိုက်လို့ အူပါထွက်သွားမယ်”

“မင်းတို့ကလည်းကွာ။ ပျဉ်းမပင်ရောက်တော့မယ် ကုလားကြီး။ အစစ်အဆေးရှိရင် ဟန်မပျက်စေနဲ့။ ထောက်ကြံ့မှာ အစစ်အဆေးရှိတတ်တယ်”

“သဘောပေါက်ပါတယ် မှဲ့ကြီးရာ”

“ကုလားကြီး။ မင်းလုပ်တာ သေချာပါတယ်နော်”

“မင်းကငါ့ကို မယုံလို့လားမှဲ့ကြီး။ ဘာဖြစ်လို့ ဒီလောက်တောင်ကြောက်နေရတာလဲ”

“ဟိုကောင်က ငါ့မျက်နှာကို မှတ်မိသွားတယ်ကွ”

“မင်းအခွက်ပေါ်ကမှဲ့ကို ဖြတ်ထုတ်ပစ်စမ်းပါကွာ။ ခွေးကအစမှတ်မိတယ်။ စိတ်ပူမနေနဲ့ မှဲ့ကြီး။ အခုလောက်ဆို မင်းကောင် မိုးရေထဲမှာ တောင့်နေလောက်ပြီ”

“သူ့သမီး ဆေးရုံတင်ထားရတယ်လို့တော့ပြောတယ်”

“မင်းက သနားနေလို့လား။ သနားရင်လည်း သူ့မိန်းမကို သွားစောင့်ရှောက်လိုက်ပေါ့ကွာ။ သမီးတစ်ယောက်ပါ အဆစ်ပါလာတော့ အရွယ်ရောက်တဲ့အထိ မွေးပြီးစားရုံပဲ”

ကုလားကြီးဆိုသူပြောဆိုနေကြသည့်စကားများက ကိုတင်ထူး၏ဒေါသကို နှိုးဆွလိုက်သည်။

“တောက်....ဟာကွာ.........”

စိတ်ခံစားချက်က ကားမောင်းနေသည့် တိုးကြီးဆိုသူနှင့် စတီရာရင်ပေါ်သို့ရောက်သွားပြီး ဒေါသကိုမထိန်းနိုင်တော့ဘဲ ကားစတီရာရင်ကို ဆွဲချလိုက်လေတော့သည်။

“ဟာ..........တိုး...တိုးကြီး...”

“သွား...သွားပြီဟ.....”

“ကျွီ.............”

တိုးကြီးဆိုသူက ဘရိတ်ကိုနင်းပြီး ကားစတီရာရင်ကို အမြန်ထိန်းသော်လည်း အချိန်မမီတော့ဘဲ လမ်းဘေးတွင်ရပ်ထားသည့် စစ်ကားကြီးနောက်သို့အရှိန်ဖြင့်ပြေးဆောင့်လေတော့သည်။

“ဂျိမ်း......ဒုန်း......”

ကျယ်လောင်သည့်အသံထွက်ပေါ်လာပြီးနောက် ချက်ချင်းတိတ်ဆိတ်သွားလေသည်။ ကိုတင်ထူးက ကားထဲမှအမြန်ထွက်လာနိုင်သော်လည်း မှဲ့ကြီး၊ ကုလားကြီးနှင့် တိုးကြီးတို့လေးယောက်က စစ်ကားကြီးအောက်သို့ဝင်သွားသည့် ကားထဲတွင် သွေးအလိမ်းလိမ်း ဖြင့် ငြိမ်သက်နေကြလေပြီ။ စစ်ကားကြီးအောက်၌ တွန့်ကြေလိမ်ကောက်နေသည့် ကားလေးကိုကြည့်ပြီး ကိုတင်ထူး စိတ်မကောင်းဖြစ်နေမိသည်။

“ဘာရပ်လုပ်နေတာလဲ။ မင်းရဲ့သမီးဆီသွားမလို့ဆို”

“ဟုတ်...ဟုတ်ကဲ့”

“ နှစ်ကောင်ကတော့ ပွဲချင်းပြီးပဲ။ တစ်ကောင်ကတော့ ကံကောင်းနေသေးတယ်။ အဲဒီကောင်ကတော့ မင်းသဘောပဲ”

“ကျွန်တော့်ကို သတ်သွားတဲ့ကောင်တွေကို တစ်ယောက်မကျန် အကုန်သတ်ပစ်ချင်တယ်”

“ဘယ်လိုလုပ်ရမယ်ဆိုတာ သိသွားပြီပဲ။ ကျန်တာ မင်းရဲ့သဘောပဲ”

“ဟုတ်ကဲ့။ အစ်ကို့ရဲ့နာမည်က ဘယ်လိုခေါ်သလဲခင်ဗျ”

“ငါတို့ဆီမှာ နာမည်မရှိဘူး။ မကြာခင် မင်းမှာလည်း နာမည်မရှိတော့ဘူးဟေ့ကောင်။ သေချာတာကတော့ မင်းက ငါနဲ့အတူ တံတားနားမှာ နေရဦးမယ်။ ငါလည်း အဖော်ရတာပေါ့ကွာ။ သွားစရာရှိတာသွားတော့။ အရုဏ်တက်ရင် ဘယ်မှသွားလို့မရတော့ဘူး”

“ဟုတ်...ဟုတ်ကဲ့ အစ်ကို”

************************

အိပ်မောကျနေသည့် သမီးလေးကိုကြည့်ကာ ကိုတင်ထူး မျက်ရည်များကျဆင်းလာသည်။ လူနာခုတင်ဘေးရှိ လူနာစောင့်ထိုင်ခုံရှည်ပေါ်တွင်အိပ်ပျော်နေသည့် ဇနိးသည်၏ဆံပင်ကို ဖွဖွလေးပွတ်သပ်လိုက်ပြီး သမီးလေး၏နဖူးကို အသာနမ်းရှိုက်လိုက်သည်။ မိမိသေ ဆုံးခဲ့ပြီဖြစ်ကြောင်း မသိကြသေးသည့် ဇနီးနှင့်သမီးအား ကြုံတွေ့ခဲ့သမျှကို ပြောပြချင်မိသည်။ အိမ်သို့ချောချောမောမောပြန်ရောက်နေပြီဟုထင်မှတ်နေမည့် ဇနီးသည်ကို အသိပေးချင်နေမိသည်။ သမီးလေး၏အနားတွင်ရပ်ပြီး ငြိမ်သက်၍ စိတ်အာရုံကို စုစည်းလိုက်သည့်အခါ ဇနီးသည်၏ စိတ်ဝိညာဉ်ကို နေအိမ်၌ မြင်တွေ့လိုက်ရသည်။

“မွ.......မွရေ....”

“ဟင်...ကို.....။ အိမ်ပြန်နောက်ကျလိုက်တာ”

“ ..........”

ဇနီးသည်ကိုပြောပြမည့်စကားလုံးများက အပြင်သို့ထွက်မလာဘဲ မျက်ရည်များက တလိမ့်လိမ့်ကျဆင်းလာကြသည်။

“ကို.....ဘာဖြစ်လို့လဲ။ ဘာလို့ငိုရတာလဲ ကိုရယ်”

“ကို...ကို သေသွားပြီ မြရယ်”

“အို...မဟုတ်တာလျှောက်မပြောပါနဲ့။ မသေလို့ တွေ့နေရတာပဲ”

“မဟုတ်ဘူးမြ။ မြက အခု သမီးလေးဘေးနားမှာအိပ်နေပေမယ့် မြရဲ့ဝိညာဉ်က အိမ်ကိုရောက်နေတယ်။ မြကို ကိုလိုက်ရှာနေတာ”

“မဟုတ်တာတွေမပြောပါနဲ့ ကိုရယ်”

“ကိုပြောတာ အသေအချာနားထောင်ပါ မြရယ်။ ကိုပြောတာကို ယုံပါ”

ကိုတင်ထူးက ဇနီးသည် မမြမြအေးအား အကြောင်းစုံဖွင့်ပြောပြလိုက်သည်။

“ဟင့်အင်း......မြ မယုံဘူး ကို”

“ ကို့ရဲ့အလောင်းက တံတားနားမှာရှိလိမ့်ဦးမယ်။ ရဲကို အကြောင်းကြားပေးပါ”

“ဟင့်အင်း....မဖြစ်နိုင်ဘူး”

“ကိုပြောတာ ယုံပါမြရယ်”

“ မယုံဘူး ကို။ လုံးဝမယုံဘူး။ မြကိုချစ်ရင် အဲဒီလို မနောက်ပါနဲ့လား”

“ကို တကယ်ပြောတာပါမြရယ်။ သမီးလေးကို စောင့်ရှောက်ပေးပါ။ ကိုယ့်အလောင်းဆီ ပြန်သွားလိုက်ဦးမယ်။ ကိုပြန်လာခဲ့မယ်နော်”

“ကို...ကို...”

လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ပါးပြင်ကို ဖွဖွလေးနမ်းကာ မြူမှုန်များထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည့် ကိုတင်ထူးကို လှမ်းအော်ရင်း မမြမြအေးလန့်နိုးလာသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ လူနာကလေးငယ်များနှင့် လူနာစောင့်မိခင်များ အိပ် မောကျနေကြသည်။ စီးကရက်အနံ့က နှာခေါင်းထဲသို့တိုးဝင်လာသဖြင့် လက်ကိုနမ်းကြည့်လိုက်သည့်အခါ လက်တွင်စွဲနေသည့် စီးကရက်အနံ့ကို ရလိုက်လေသည်။

“ဘုရား......ဘုရား။ မဟုတျပါစနေဲ့”

သမီးလေးကို တစ်ယောက်တည်းထားခဲ့ရန်ကလည်းမဖြစ်သည့်အပြင် အချိန်ကလည်းညဉ့်နက်နေပြီမို့ ဘုရားကိုသာ အာရုံပြုပြီး ကိုတင်ထူး အန္တရာယ်ကင်းဝေးစေရန်ဆုတောင်းနေမိသည်။ မနက်မိုးမြန်မြန်လင်းပါစေဟု ဆုတောင်းရင်း ပြန်မအိပ်တော့ဘဲ သမီး လေး၏အနားတွင် ထိုင်နေလိုက်တော့သည်။

*********************

မမြမြဝင်း၏ဆုတောင်းမပြည့်ခဲ့ပေ။ မနက်ရှစ်နာရီကျော်၌ လမ်းထဲမှ အိမ်နီးချင်းအချို့နှင့် ယာဉ်ထိန်းရဲနှစ်ယောက် ဆေးရုံသို့ရောက်လာကြပြီး ကိုတင်ထူးမောင်းနှင့်သည့် တိုယိုတာ ကိုရိုလာ ( န/ xxxx ) မော်တော်ယာဉ်သည် ပျဉ်းမပင်အနီး၌ စစ်ကားကြီးအား အနောက်မှဝင်တိုက်ကြောင်းနှင့် ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အသက်မသေဘဲ ကျန်ရစ်သူတစ်ဦးအား အရေးပေါ်ဌာနတွင် ကုသထားရကြောင်း၊ ယခုအထိ သတိမရသေးသဖြင့် စစ်ဆေးမေးမြန်း၍မရသေးကြောင်း။ ယာဉ်မောင်း သူအား ယာဉ်မောင်းလိုင်စင်နှင့်တိုက်ဆိုင်စစ်ဆေးကြည့်သော်လည်း မျက်နှာပျက်ယွင်းနေသဖြင့် ယာဉ်မောင်း ကိုတင်ထူးဟုတ်၊ မဟုတ် အတည်ပြုနိုင်ရန်အတွက် ရင်ခွဲရုံသို့လိုက်လံကြည့်ရှုပေးရန်ပြောဆိုကြသဖြင့် မမြမြအေးတစ်ယောက် မူးမိုက်လဲကျမတတ်ဖြစ်သွားခဲ့ သည်။ သမီးလေးအား အိမ်နီးချင်းများနှင့် ခဏထားခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီး အရေးပေါ်ဌာနသို့ သွားရောက်ကြည့်ရှုသည့်အခါ မသက်မသေဘဲကျန်ရစ်သည့်လူနာသည် ကိုတင်ထူးမဟုတ်သည့်အပြင် ရင်ခွဲရုံသို့သွားရောက်ကြည့်ရှုသည့်အခါ၌လည်း သေဆုံးနှစ်ဦး စလုံးသည် ကိုတင်ထူးမဟုတ်ကြောင်းသိလိုက်ရသဖြင့် ရင်အေးသွားခဲ့ရသည်။

သို့ပါသော်လည်း မမြမြအေးတစ်ယောက် ဆုတောင်းမပြည့်ခဲ့ပေ။ ရင်ခွဲရုံထဲမှ ပြန်ထွက်မည်ပြုစဉ် ရင်ခွဲရုံထဲသို့ဝင်လာသည့် အလောင်းတင်သည့်လှည်းပေါ်မှ အမျိုးသားအလောင်းကို မြင်တွေ့လိုက်ရသည့်အခိုက် ရုတ်တရက် အသက်ရှုရပ်တန့်သွားပြီး ပြေးဖက်ကာ အော်ဟစ်ငိုကြွေးလေတော့သည်။

“ကိုရေ......ကိုရဲ့...ဟီး......အဖြစ်ဆိုးလှချည်လား ကိုရဲ့။ မြကို အိပ်မက်ပေးခဲ့တာ အမှန်ပဲပေါ့.....ဟီး.....”

“အစ်မ...အစ်မ။ အဲဒါ အစ်မရဲ့ အမျိုးသားလား”

“ဟုတ်ပါတယ်....ဟီး...”

အလောင်းနှင့်အတူ လိုက်ပါလာသည့် ရဲတပ်ဖွဲဝင်တစ်ဦးက မေးမြန်းသဖြင့် ငိုကြွေးနေရာမှ ပြန်ဖြေလိုက်သည်။

“အဲဒီအလောင်းကို ဘယ်ကတွေ့တာလဲဗျ”

“ ခရေပင်လမ်းက တံတားနားမှာအလောင်းတွေ့တယ်ဆိုလို့ ကျွန်တော်တို့ သွားကြည့်ပြီး ယူလာတာ”

ယာဉ်ထိန်းရဲတစ်ယောက်က ကိုတင်ထူး၏အလောင်းကို သယ်ဆောင်လာသည့် ရဲတပ်ဖွဲ့ဝင်ကို မေးလိုက်သဖြင့် မမြမြအေးက နားစွင့်လိုက်သည်။

“တစ်ခုခုတော့ လွဲနေပြီဗျ”

“ဘယ်လိုကြောင့်လဲ”

“ တက္ကစီကားတစ်စီးက ပျဉ်းမပင်နားက လမ်းဘေးမှာရပ်ထားတဲ့ စစ်ကားကို နောက်ကနေဝင်တိုက်တယ်။ ယာဉ်မောင်းနဲ့ ယာဉ်မောင်းဘေးကထိုင်ခုံမှာထိုင်လာတဲ့သူနှစ်ယောက်စလုံးပွဲချင်းပြီးသွားတယ်။ နောက်ခန်းကလူကတော့ မသေသေးဘူး။ ဒါပေမယ့် အခုထိသတိမလည်သေးဘူး။ အဲဒီသုံးယောက်ရဲ့ နာမည်တွေနဲ့ နေရပ်လိပ်စာတွေကိုလည်း မသိသေးဘူး။ ဒက်ရှ်ဘုတ်ထဲမှာထည့်ထားတဲ့ ပိုက်ဆံအိတ်ထဲက ယာဉ်မောင်းလိုင်စင်ကို စစ်ကြည့်တော့ ယာဉ်မောင်းလိုင်စင်က ကိုတင်ထူးရဲ့လိုင်စင်။ ဒီအစ်မရဲ့အမျိုးသားပေါ့။ ဟိုအလောင်းနှစ်လောင်းက ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့တဲ့အလောင်းတွေ။ ဒီအစ်မကို အတည်ပြုခိုင်းတော့ သူ့ယောက်ျားမဟုတ်ဘူးလို့ပြောတယ်။ အခု ခင်ဗျားယူလာတဲ့သူက သူ့ယောက်ျားအလောင်းဆိုတော့ တစ်ခုခုမှားနေပြီ။ ကားလုပြေးတာဖြစ်ဖို့များတယ်”

“ဟာ.....ဒါဆို ဟိုအလောင်းနှစ်လောင်းက ကားလုပြေးတဲ့ကောင်တွေဖြစ်နိုင်တာပေါ့။ ကျွန်တော်ယူလာတဲ့အလောင်းက ဘယ်ဘက်ရင်အုံမှာ ထိုးသွင်းထားတဲ့ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်နံရိုးအောက် တစ်လက်မအကွာမှာ ထိုးသွင်းဒဏ်ရာတစ်ချက်တွေ့တယ်။ ”

“ဒါဆို ဖြစ်နိုင်ဖို့များတယ်”

“ကျွန်တော် အခုပဲ စခန်းကို သတင်းပို့လိုက်ပါ့မယ်”

“ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့လည်း သတင်းပို့ဖို့လုပ်ရဦးမယ်။ အမှုက နှစ်မှုဖြစ်နေပြီ”

“ကိုရေ....ဟီး....။ ကျွန်မယောက်ျားကို သတ်တဲ့သူတွေကို မကျေနပ်ဘူး...ဟီး”

“စိတ်မပုပါနဲ့အစ်မ။ ကျွန်တော်တို့ ဥပဒေအတိုင်း အရေးယူပေးမှာပါ”

“ငါ့ယောက်ျားကို သတ်တဲ့ကောင်တွေ.....”

မမြမြအေးက ကိုတင်ထူးအလောင်းကို ဖက်ငိုနေရာမှ ကားတိုက်ပြီးသေဆုံးသွားခဲ့သည့်အလောင်းများဆီသို့ ဒေါသတကြီးပြေးသွားသဖြင့် ရဲတပ်ဖွဲ့ဝင်များက အတင်းဆွဲထားလိုက်ကြရလေသည်။

*************************

“ဘယ်လိုလဲ မှဲ့ကြီး၊ မင်းလည်း မကြာခင်သေရတော့မှာပါ။ ငါ့ကို အသေအချာကြည့်စမ်း”

မှဲ့ကြီးက ကိုတင်ထူးကို တောင်းပန်တိုးလျှိုးသည့်မျက်နှာဖြင့် မဝံ့မရဲကြည့်လိုက်သည်။

“ငါ့မိန်းမနဲ့သမီးလေး ဘယ်လိုခံစားနေရတယ်ဆိုတာကို မပြောခင် ငါဘဘ်ခေါက် နာကျင်ခံစားခဲ့ရတယ်ဆိုတာ မင်းသိအောင်ပြောပြမယ်”

“ကျွန်...ကျွန်တော် မှားသွားခဲ့ပါတယ်။ တောင်းပန်ပါတယ်ဗျာ”

“မရတော့ဘူး မှဲ့ကြီး။ အကုန်လုံးပြီးသွားပြီ။ ငါ့မိသားစုလည်း ဘဝပျက်ကုန်ပြီ။ မင်းကို သတ်ရမှကျေနပ်မယ် မှဲ့ကြီး”

“မ...မလုပျပါနဲ့”

“ငါ့မျက်လုံးကို အသေအချာကြည့်စမ်း မှဲ့ကြီး”

မှဲ့ကြီးက မီးဝင်းဝင်းတောက်နေသည့် ကိုတင်ထူး၏မျက်လုံးများကို ရင်မဆိုင်ရဲသဖြင့် မျက်လွှာချက်ချင်းချလိုက်သည်။

“မင်းအလှည့် မကြာခင်ရောက်တော့မယ် မှဲ့ကြီး။ အခု မင်းကို သက်သက်သာသာသေလို့ရအောင် ငါလုပ်ပေးမယ်”

“မ...မလုပ်ပါနဲ့ဗျာ။ ကျွန်တော် တောင်းပန်ပါတယ်”

ကိုတင်ထူးက မှဲ့ကြီး၏မျက်လုံးကို အသေအချာစိုက်ကြည့်နေသည်။

“ သေရမယ်ဆိုတော့ ကြောက်တယ်လား။ အေးပေါ့ကွာ၊ အသက်တစ်ချောင်းဆိုတာ ရဖို့လွယ်တာမှတ်လို့။ မင်းသေသွားရင် အမှုက ပြီးသွားလိမ့်မယ်။ မင်း သတိပြန်လည်လာတဲ့အခါ ရဲတွေကို အမှန်အတိုင်းဖွင့်ပြောလိုက်ပေါ့ကွာ။ မပြောဘူးဆိုရင်လည်း ကိစ္စမရှိပါ ဘူး။ မင်းသေရမယ့်နေ့အထိ မင်းနားမှာ ငါအမြဲရှိနေမယ် မှဲ့ကြီး။ သေစား သေစေပေါ့ကွာ”

“ဘုံး.....”

“အူး.......အု...အု....”

ကိုတင်ထူးက မှဲ့ကြီး၏ရင်ဘတ်ကို အားကုန်ထုနှက်လိုက်သဖြင့် မှဲ့ကြီးတစ်ယောက် နာကျင်သွားပြီး မျက်လုံးများပြူးသွားလေတော့သည်။

“လူနာ သတိရလာပြီ။ ဆရာ့ကို အမြန်သွားခေါ်ကြ”

*************************

ကိုတင်ထူး၏ ရက်လည်ပြီးမြောက်သည့်နေ့တွင် မှဲ့ကြီးတစ်ယောက်လည်း ဆေးရုံပေါ်၌ လူ့လောကထဲမှ အပြီးထွက်ခွာသွားခဲ့လေသည်။ သို့သော်လည်း အမှန်အတိုင်းဖွင့်ဟဝန်ခံသွားခဲ့သည်။ မှဲ့ကြီး၊ ကုလားကြီး၊ တိုးကြီးတို့သုံးယောက် လူ့လောကထဲမှထွက်ခွာသွား ကြသော်လည်း သူတို့ပြုခဲ့သည့်အမှုက ကျန်ရစ်နေခဲ့သည်။ ကိုတင်ထူးသည် မှဲ့ကြီးနှင့်ပြောဆိုခဲ့သည့်အကြောင်းအား မမြမြအေးကို အိပ်မက်ပေးခဲ့သည်။ ထို့အပြင် ရက်လည်မည့်နေ့၌ မှဲ့ကြီးသေဆုံးလိမ့်မည်ဟုလည်း အတိအကျ အိပ်မက်ပေးခဲ့လေသည်။ မှဲ့ကြီးအား ကိုတင် ထူးသတ်သည် မသတ်သည်ကိုတော့ မမြမြအေးသာ အသိဆုံးဖြစ်ပေလိမ့်မည်။ မမြမြအေးသည် ကိုတင်ထူး သေဆုံးခဲ့ပြီး ခြောက်လနီးပါးအထိ ညစဉ်ညတိုင်း ခရေပင်လမ်းမှတံတားအနီး ကိုတင်ထူးသေဆုံးခဲ့သည့်နေရာ၌ ထမင်းထုပ်နှစ်ထုပ် လာရောက်စွန့်ပစ်လေ့ရှိသည်။ ထိုသို့စွန့်ပစ်ရခြင်းကလည်း ကိုတင်ထူးက အိပ်မက်ပေးပြီး မှာကြားထား၍ဖြစ်ပေသည်။ နောက်ပိုင်းတွင် မမြမြအေးတစ်ယောက် ယိုးဒယားတွင် အလုပ်သွားရောက်လုပ်ကိုင်သဖြင့် ထိုတာဝန်အား ပျက်ကွက်ခဲ့ရလေသည်။ ကိုတင်ထူးနှင့် အင်္ကျီဗလာနှင့်အမျိုးသားတို့ ထိုနေ ရာ၌ ရှိသေးသည်၊ မရှိတော့သည်ကိုတော့ မည်သူမှ သိနိုင်ကြလိမ့်မည်မဟုတ်ပေ။

ပြီးပါပြီ

ချစ်ခင်လေးစားလျက်

လွင်ဦးဟန်




Some text some message..