အမေရေယာဉ့် စီးတော်ကျားနဲ့ ဖယ်ရှားမယ်လေး…..
lotaya.mpt.com.mm
|
2020-02-05

အမေရေယာဉ့် စီးတော်ကျားနဲ့ ဖယ်ရှားမယ်လေး…..
------------------


ခြေတံရှည်အိမ်ကြီးတစ်လုံးရဲ့ လသာဆောင်လိုထုတ်ထားတဲ့ ဝရံတာကျယ်ကြီး ပေါ်မှာ မိသားစုငါးယောက်ထိုင်ပြီး ခေါင်းချင်းဆိုင်ဆွေးနွေးနေကြပါတယ်။ သူတို့ဘာတွေကို ဆွေးနွေးနေတာလဲ ဆိုတာတော့ သူတို့မျက်နှာတွေ မသာမယာဖြစ်နေတဲ့ ပုံကို မြင် လိုက်တာနဲ့ သိပ်တော့ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးခြင်းမျိုးမဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။
“ကိုသန်းနိုင် ဘယ်လိုလုပ်ကြမလဲ..ဒီအတိုင်းဆိုရင်တော့ ကျုပ်တို့ ရှိတဲ့စည်းစိမ်တွေ အကုန်ပြောင်ကုန်လောက်တယ်တော့”

“ဘယ်တတ်နိုင်မလဲ မသိန်းရာငါ့ကံပေါ့ဟာ.. ဟိုဖက်ကမ်းကို ပစ္စည်းသယ်ဖို့ သွားတဲ့ အခါ ဘာအန္တရာယ်မှမကြုံရပေမယ့် ကုန်အပြည့်နဲ့ တင်လာမှ မှောက်တာတို့၊ မှောင်ခို ပစ္စည်းဆိုဖမ်းခံရတာတို့ ဆိုတာကတော့ ငါတို့မိသားစုတော်တော်ကံဆိုးနေတာပါ”

ဦးသန်းနိုင်ပြောမယ်ဆိုလည်းပြောလောက်ပါတယ်။ သူတို့ ဟာ ထိုင်းနိုင်ငံရနောင်းနဲ့ နယ်နိမိတ် ခြင်း စပ်ဆက်နေတဲ့ မြို့လေးမှာနေတာပါ။ မိသားစုပိုင်မော်တော် ဆယ့် သုံးစီးတိတိရှိပါ တယ်။ အဲဒီခေတ်ကာလက မှောင်ခိုပစ္စည်းတွေ ဝယ်တဲ့ သူတွေက စက်လှေငှားရင်လိုက်ပေးတာမျိုးလုပ်ပါတယ်။ ကိုယ်တိုင်လည်း ရသလောက်ဝယ်ပြီး မြန်မာ ဖက်ကမ်းမှာ ပြန်သွင်းတာမျိုးတွေလုပ်ကိုင်ရင်းနဲ့ ငွေကြေးအဆင်ပြေလာကြတဲ့ သူ တွေပါ။

အခုနောက်ပိုင်းမှာ စက်လှေတွေက တစ်စီးပြီးတစ်စီး အကြောင်းတစ်ခုမဟုတ်တစ်ခု နဲ့ ပျက်စီးလာတာမျိုးကြုံရပါတယ်။ စက်လှေပဲ့နင်းတွေ ထွက်ကုန်တာ၊ အချင်းချင်းရန်ဖြစ် ပြီး ဓားထိုးမှုဖြစ်တာက စလို့ အခုနောက်ပိုင်းကုန်တွေအပြည့်နဲ့ ပြန်လာတိုင်း ပင်လယ် ထဲလှေနစ်မြုပ်တာ၊ ရဲဖမ်းခံရတာ၊ ဓားပြတိုက်ခံရတာတွေ မျိုးစုံဖြစ်လာခဲ့လို့ပါပဲ။

ဦးသန်းနိုင် ဒေါ်အေးသိန်းတို့မှာ သားကြီးဝင်းအောင်၊ သားလတ်ဝင်းဆောင်နဲ့ သမီး ငယ်နှင်းဆောင် တို့ ရှိပါတယ်။ သားကြီးနဲ့ သားလတ်က အခုဆိုရင် မော်တော်လုပ် ငန်းတွေမှာ ဦးစီးပြီးဝင်ရောက်လုပ်ကိုင်ပေးနိုင်နေပြီမို့ ဦးသန်းနိုင် စိတ်ချလက်ချလွှတ် ထားလို့ ရနေပါပြီ။

ဒါပေမယ့် အခုသုံးလလောက်အတွင်းမှာပဲ သူတို့ စက်လှေ ခြောက်စီးခန့် ဆက်တိုက် ဆိုသလို ဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရတာကြောင့် လတ်တလော အလုပ်နားထားဖို့ မိသားစု တိုင်ပင်နေကြတဲ့ပွဲဆိုလည်း မမှားဘူးပေါ့လေ။

“အမေ..သမီးကတော့ အဖေအမေတို့ ယုံချင်ယုံ မယုံချင်နေ..ဒါမရိုးသားဘူးလို့ထင် တယ်။ ပြီးတော့ သူများတွေ ရိုးရာနတ်တွေဘာတွေလည်း ဝါဝင်ဝါထွက်တင်ကြတယ်။ အမေတို့မှာ အလုပ်တအားများလို့လား ဘာလား တင်တာလဲ မတွေ့ဘူး”

“အေး ဟုတ်တယ်..ကိုသန်းရေ..ဒါဆို ရိုးရာလေးဘာလေးလည်း တင်မယ်ဟယ်။ ဟုတ် သော်ရှိမဟုတ်သော်ရှိပေါ့..ကိုယ့်ဖက်ကလုပ်စရာရှိတာလုပ်ထားတာတော့ မမှား လောက်ပါဘူးလေ”

ဒါနဲ့ပဲ မိသားစုငါးယောက် နတ်တင်ဖို့ ပြင်ဆင်လုပ်ကိုင်ကြပြီး တင်မြှောက်ပသ ဆုတောင်းတာမျိုးတွေလုပ်ပါတယ်။ နတ်ကတော်တစ်ယောက်ကို အပ်ပြီးလုပ်စေ တာ မို့ နတ်ကတော်က နတ်ဝင်တုန်း သိချင်တာတွေလည်းမေးကြပါတယ်။

“သမီးတော်ကြီးတို့ မိသားစု နင်တို့ ငါ့ပုံတော်ကို အမြန်ကိုးလိုက်ပါ…နင်တို့ကို ငါစောင့် ရှောက်ပါမယ်”

“ဟုတ်ကဲ့ပါ..အခုအမိန့်ရှိတာ ဘယ်လိုမယ်တော်ကြီးပါလဲရှင့်..သမီးတော်တို့ကလည်း မသိလို့ပါ..မှားမှာ စိုးရိမ်မိလို့ပါနော်”

“အေးအေး..ရေယာဉ်ကတော်တဲ့ဟေ့..ဟုတ်ပြီလား..ငါ့ပုံကိုးပြီး သုံးရက်မြောက်မှာ အထူးအဆန်းတွေသိရလိမ့်မဟဲ့နော်။ ငါ့ပုံကိုးပြီးတာနဲ့ ငါဘုရားဆပ်ကပ်ဖို့ အလင်း တိုင် အမွှေးတိုင်တွေ ငါ့ကိုပူဇော်ကြဟဲ့”

ပြောဆိုပြီး ထွက်သွားတာနဲ့ ဒေါ်သိန်းတစ်ယောက်လည်း သူတို့မြို့မှာ အမေရေ ယဉ်ရဲ့ ပုံတော်တစ်ခု ကို အမြန်လိုက်ရှာဝယ်ကာ ဘုရားစင်အောက်နားမှာ ခုံတစ်လုံးနဲ့ သေချာ လေး တင်မြှောက်ထားပါတယ်။

“အမေကြီးလိုချင်တာ လှူချင်တာလှူလို့ရအောင် အမေကြီးအတွက် ဆီမီး၊ အမွှေးတိုင်၊ နံသာ၊ ပန်းများနဲ့ ငွေသားများဆပ်ကပ်ပူဇော်ပါတယ်။ သမီးတော်တို့ မိသားစုမှာဘေး အန္တရာယ်တွေ ကင်းစင်ပပျောက်ပါစေသား”

ဆိုပြီး နေ့တိုင်း ဘုရားပူဇော်ပြီးတာနဲ့ ဆက်ပြီးအမေရေယာဉ်မယ်တော်ကိုပါ ပူဇော် လိုက်ပါတယ်။ ဒီနေ့ဆိုရင် အမေကြီးနတ်ဝင်တုန်းက ပြောထားတဲ့ သုံးရက်မြောက်နေ့ ကိုတောင်ရောက်လာပြီပေါ့။ ထူးခြားမှုပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆက်ပြီးတော့ ကိုးကွယ်ထားဖို့လည်း စဉ်းစားထားပါတယ်။

“တီလေးရေ..တီလေး…ဘာချက်ကြလဲ…သားအိမ်မှာထမင်းစားမကောင်းလို့ တီလေး တို့ ဆီလာစားမလို့”

ပြောပြောဆိုဆိုနဲ့ ခြံတံခါးကိုတွန်းဖွင့်ပြီး တော့ ယောက်ျားလေးစိတ်ပေါက်နေတဲ့ ခင်စန်းဆိုတဲ့ တူမလေးက ဝင်လာပါတယ်။ ဒေါ်အေးသန်းမှာ မောင်လေးတစ်ယောက် ရှိပြီး အခုခင်စန်းဟာ ပထမအိမ်ထောင်နဲ့ မွေးထားတဲ့ကလေးပါ။ မွေးပြီးပြီးချင်း ယောင်း မဖြစ်သူသေသွားခဲ့လို့ သူတို့မိသားစုလက်ပေါ်မှာ ကြီးတဲ့ကလေးဆိုလည်းမမှားပါဘူး။ သူ့အဖေဖြစ်သူ ဒေါ်အေးသန်းရဲ့ မောင်ကတော့ ခင်စန်းလေး ကြီးကောင်ဝင်လာမှ နောက် အိမ်ထောင်ပြုလိုက်ပါတယ်။

သူ့ရဲ့နောက်အိမ်ထောင်ရဲ့ အကျင့်စရိုက်ကို မကြိုက်လို့ မောင်ဖြစ်သူနဲ့တောင် ခပ်တန်း တန်းပဲ နေပေမယ့် ဒီတူမလေးကိုတော့ ခပ်တန်းတန်းမနေနိုင်ပါဘူး။ ဒါနဲ့ ခင်စန်းကိုခူး ခပ်ကျွေးမွေးပြီး ဒီမှာပဲ ညအိပ်လိုက်ဖို့ ပြောလိုက်ပါတယ်။ သူ့အဖေဆီကိုလဲ အိမ်က အလုပ်သမားတစ်ယောက်ကိုပြောခိုင်းလိုက်ပါတယ်။

ညဖက်မှာတော့ မိသားစုငါးယောက်ရယ်၊ ခင်စန်းရယ်၊ လှေနားထားတဲ့အလုပ်သမား တွေထဲကမှ ခေါင်းဆောင်သုံးယောက်လောက်ရယ် အကင်အသုပ်တွေနဲ့ လသာဆောင် ဝရံတာမှာ ထိုင်ပြီး စားကြသောက်ကြပါတယ်။ အရင်တုန်းက မော်တော်တွေပြန်ဝင်လာ ရင်လည်း ဒီလိုကျွေးမွေးနေကြပါပဲ။ အခုတော့အလုပ်နားထားတာ တစ်လ ကျော် လောက် ရှိနေပြီမို့ အလုပ်လုပ်ကြဖို့ ပြန်တိုင်ပင်ကြရင်းနဲ့ ကလေးတွေလည်း စိတ်ပျော် ရွှင်အောင် လုပ်ပေးတာပဲဖြစ်ပါတယ်။


ညဆယ့်နှစ်နာရီလောက်မှာတော့ အလုပ်သမားတန်းလျားကို ပြန်တဲ့သူတွေက ပြန်သွား ကြပြီး မိသားစုတွေချည်းပဲ ကျန်တဲ့အချိန်မှာ
“ဟီး ဟင်းဟင်းဟင်း”ညီးသံကြီးနဲ့အတူ ခင်စန်းက တကိုယ်လုံးတုန်လာပါတယ်။

“ခင်စန်း သား..သားလေးဘာဖြစ်တာလဲ..နေမကောင်းဘူးလား..တီလေးကိုပြစမ်း မှန်း”

“ဟား အီး….” ဆိုပြီး လည်ပင်းတွေကို ကုတ်ခြစ်နေပါတယ်။ သူ့ရဲ့ ဝမ်းကွဲ အစ်ကို၊ အစ်မတွေကလဲ ကြောင်ပြီး ကြည့်နေပါတယ်။ ဘာဖြစ်တာလဲ ခင်စန်းဆိုပြီး ဝိုင်းဝန်းမေး မြန်းကြပေမယ့်လည်း ခင်စန်းက ဘာမှပြန်မဖြေပဲ လေးဖက်ထောက်လိုက်ပါတယ်။ နောက်တော့ သူ့ပါးစပ်က နေ “ဝေါင်း” ဆိုတဲ့ ကျားဟိန်းသံ တစ်ချက်ထွက်လာပြီး လသာ ဆောင်ဝရံတာကနေ နောက်ကျွမ်းပစ်လို့ ခြံထဲကိုလွှားကနဲ တစ်ချက်ခုန်ဆင်း လိုက်ပါတယ်။

“အမလေး ကိုသန်းရေ..လိုက်ပါဦးဟဲ့…ဟဲ့ သားတို့ သမီးတို့ ခင်စန်းဘာဖြစ်တာလဲ မသိဘူး.. ခင်စန်းနောက်ကို လိုက်ကြပါဟဲ့.. ငါ့ကိုလည်းတစ်ယောက်လာတွဲ..ဒူးခေါင်း ကနာလွန်းလို့”

အော်မိအော်ရာတွေ အော်ဟစ်ပြီးသမီးဖြစ်သူနှင်းဆောင်ကို တွဲပြီး ခင်စန်းခုန်ဆင်းသွား တဲ့ ခြံဝန်းထဲကိုလိုက်ခဲ့ပါတယ်။ ခင်စန်းဟာမြေပြင်တွေကို သူ့လက်တွေနဲ့ ကုတ်ခြစ် နေပြီး ခြံပြင်ကို ကျားလိုခုန်ပြီး လွှားကနဲ လွှားကနဲ ပြေးပါတော့တယ်။

သူ့နောက်က ဒေါ်အေးသိန်းတို့ မိသားစုတွေ ပြေးလိုက်ကြပြီး အလုပ်သမားတန်းလျား ထဲကရှိနေတဲ့ အလုပ်သမားတွေ အကုန်လုံးလည်း ပြေးလိုက်ကြပါတယ်။ ဒေါ်အေးသိန်း တို့ အိမ်က ရပ်ကွက်အဆုံး ပင်လယ်ကမ်းစပ်နားမှာဆောက်ထားတာမို့ တခြားသောရပ် ကွက်ထဲက လူတွေနဲ့ အင်မတန်အလှမ်းဝေးနေတာကြောင့် ဘယ်သူမှ မသိတာပဲ တော် လှပြီပြောရမှာပါ။

ရှေ့ကနေ လွှားကနဲ ခုန်ခုန်ပြီး မော်တော်ဆိပ်ဖက်ကို ပြေးဆင်းသွားတဲ့ ခင်စန်းကို ယောက်ျားရင့်မကြီးတွေ ခြေကုန်သုတ်ပြီး လိုက်တာ ဘယ်လို မှမမီခဲ့ပါဘူး။ ပထမဆုံး လရောင်ဖွေးဖွေးအောက်မှာ ဆိပ်ခံတံတားကနေတဆင့် ရပ်ထားတဲ့ မော်တော် တစ်စင်းရဲ့ ဝမ်းထဲကို ခင်စန်းဟာ ခုန်ဆင်းလိုက်ပါတယ်။ ပြီးတော့ ဟိုရှာသလို ဒီရှာ သလိုလုပ်နေပြီး ဘာမှမတွေ့တဲ့ ပုံနဲ့ နောက်တစ်စီးကို ခုန်ကူးလိုက်ပြန်ပါတယ်။

သူခုန်ကူးလိုက်တိုင်း နောက်က ကြည့်နေသူတွေဆီက “ဟာ ကနဲ ဟင်ကနဲ” တွေ ဖြစ် ပြီးအော်ကြပါတယ်။ အဲဒီဒုတိယလှေပေါ်လည်းရောက်ရော ခင်စန်းက မယုံနိုင်စရာ အပြုအမူမျိုးကို လုပ်တော့တာပါပဲ။ လှေဝမ်းက ပျဉ်ပြားတွေကို သူ့ပါးစပ်နဲ့ကိုက်ပြီး ခွာ လိုက်တာများ သံတွေ တဖြောင်းဖြောင်းပြုတ်ထွက်ကုန်ပါတယ်။

သူ့သွားသေးသေးလေးတွေကဘယ်လိုများကိုက်ခွာလိုက်သလဲဆိုတာ မယုံနိုင်လောက် ပေမယ့် ပျဉ်ပြားတွေက ကွာသွားခဲ့ပါတယ်။ ပြီးတော့ နောက်လှေ နောက်လှေ တွေ အကုန်လုံးကို ကူးကူးပြီး ကိုက်ခွာလိုက်တာ လှေခြောက်စီးလောက်မှာ တော့ ခင်စန်း ရပ်တန့် သွားပါတယ်။ နောက်ကလိုက်လာတဲ့ လူတွေကိုစိမ်းစိမ်းကြီးကြည့်ပြီး လှေဝမ်းထဲမှာပဲ ပစ်လဲကျသွားပါတော့တယ်။

“အမလေး ငါ့တူမလေး သေပြီလား..ဘာဖြစ်တာလဲ..အသက်မှရှိသေးရဲ့လားဟဲ့”

“သတိလစ်သွားတာ အန်တီသန်းရေ..ဒီမှာလှေဝမ်းထဲမှာ အိုးခြမ်းပဲ့တွေ၊ အရိုးတွေ အများကြီးပဲ..ဒါအောက်လမ်းနဲ့တိုက်ထားတာ။ ခင်စန်းကို တစ်ခုခုက ဝင်ပူးပြီးတော့ အန်တီသန်းတို့ကိုရှင်းပေးသွားတာပဲ လာလာ ခင်စန်းကို ပွေ့ကြပါဟဲ့”

နောက်ဆုံးမှာတော့ ခင်စန်းကို အိမ်ပြန်ခေါ်ပြီး သတိရလာအောင်ပြုစုကြရပါတယ်။ ဒီအဖြစ်အပျက်တွေကို ခင်စန်းက သတိရလာတော့ ဘာမှမမှတ်မိတော့ပါဘူး။ ဒေါ်အေး သိန်းအရမ်းအံ့သြတကြီးဖြစ်ရပါတယ်။ ဘယ်လိုလူတွေကများမလိုတမာနဲ့ သူများမော် တော်ဝမ်းထဲကို ဒီလို မကောင်းတဲ့ အရာတွေနဲ့ထည့်ထားတာပါလိမ့်။ ဒီမော်တော်တွေ ကို ပြင်ဆင်ခဲ့တာ လွန်ခဲ့တဲ့ခြောက်လလောက်က ဒေါက်တင်(မော်တော်ပြင်ဆင်တာ) ခဲ့တာပါ။ သူ့မောင် ခင်စန်းအဖေကိုယ်တိုင် ဦးစီးပြီး လုပ်ပေးခဲ့လို့ ကျေးဇူးတင်နေခဲ့ ကြတာပါ။ မောင်လေးက ဒီလိုယုတ်ညံ့တဲ့ ကိစ္စကို သူ့အစ်မကို လုပ်လိုက်တာလား။ တွေးရင်းဝမ်းနည်းလာလွန်းလို့ မျက်ရည်ကြမိပါတယ်။

နောက်နေ့မနက်အစောပိုင်းမှာတော့ ဒေါ်အေးသိန်းရဲ့မောင်က ပျာယီးပျာယာနဲ့ ရောက် ချလာပြီး ခင်စန်းကိုလာခေါ်ပါတယ်။ သူက ဒီအကြောင်းတွေကို မသိသေးပါဘူး။ အိမ်မှာလည်း မော်တော်တွေကိုအကုန်သန့်ရှင်းရေးလုပ်ပြီး အန္တရာယ်ကင်းပရိတ်ရွတ် ဖို့ တွေစီစဉ်နေတာပါ..။ ဒါနဲ့ ဒေါ်အေးသိန်းက သူ့မောင်ကို အသာအိမ်ခန်းတွင်းခေါ် ပြီး ပွင့်ပွင့်လင်းလင်းမေးပါတော့တယ်။

ဒီလိုကိစ္စတွေကို သူလုံးဝမလုပ်ကြောင်းကိုပြောပေမယ့် သူ့မိန်းမခေါ်ပေးတဲ့ အလုပ် သမားအဖွဲ့နဲ့လုပ်ကြောင်းတော့ ပြောရှာပါတယ်။ အခုခင်စန်းကိုလာခေါ်ရတာက လဲ သူ့မိန်းမ ထမင်းရည်ပူအိုးမှောက်ကျလို့ ဆေးရုံတင်ရမှာမို့ ကူဖော်လောင်ဖက်ရလို ရငြားလာခေါ်တာလု့ိ ပြောပြပါတယ်။ ဒီလိုဖြစ်ပြီးနောက်ပိုင်းမှာတော့ မော်တော်တွေက လည်းပုံမှန်အတိုင်းပဲ ပြန်လည်လည်ပတ်လာပြီး လုပ်ငန်းကိုင်ငန်းတွေပိုကောင်းမွန်လာ ပါတယ်။ အမေရေယာဉ်ရဲ့ စီးတော်ကျားဝင်ပူးပြီး အတိုက်အခိုက်တွေကို ဖယ်ရှားလိုက် နိုင်တာ ဖြစ်လို့ အလှူအတန်းတွေလည်း ရည်စူးပြီးလုပ်ပေးခဲ့ကြပါတော့တယ်။


အမေရေယာဉ်ဆိုတာ
-----------

နတ်လောကမှာ အပြင်သုံးဆယ့်ခုနစ်မင်းနတ်စာရင်းမဝင်ပေမယ့် လူစင်စစ်က နေ လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်သွားတဲ့ အမေရေယာဉ်မယ်တော်ကြီးကတော့ ထင်ရှား လှပါတယ်။ အမေရေယာဉ်ဟေ့လို့ ဆိုလိုက်တာနဲ့ စိတ်ထက်လွန်းတဲ့ မယ်တော်ကြီး၊ ပုဂံပြည်ကိုတောင် သူ့အတတ်နဲ့ ဖျက်ဆီးမယ်လုပ်လို့ သိကြားမင်းဆင်းတားရတဲ့ သူ အဖြစ်တော်တော်များများကလည်း ရာဇဝင်တွေ ဖတ်ဖူးကြပါတယ်။

မွေးရာပါ အတတ် ပညာပါလာတဲ့ အမေရေယာဉ်ဟာ လူ့ ဘဝတုန်းက စောနန်းမူလို့ ခေါ်ပါတယ်။ အစ်ကိုဖြစ်သူ တောင်ဦးမြို့စားနဲ့ အမေကြီးအပါအဝင်ညီအစ်မလေးဖော် ရှိပါတယ်။ နောက်ပိုင်းနေရာတွေ အပိုင်စားရပြီး နတ်ဖြစ်သွားတဲ့ အခါမှာတော့ ယောက တော်(ရှင်ဦး)၊ မြောက်ဖက်ရှင်မ(ရှင်ဗြူး) ၊ဆည်ကတော် (ရှင်ကြူး)၊ အနောက်အမေကြီး (ရှင်ထူး) ရယ်လို့လည်း ကတော်လေးဖော်အဖြစ်လူသိများပါတယ်။

ကောဇာ သက္ကရာဇ် ၄၆၉-နှစ် မှာ ပုဂံမှာ ခဲလောင်းမင်း လက်ထက်မှာ ဖြစ်ခဲ့ကြတဲ့ ဇာတ်လမ်းလေးတပုဒ်လိုလည်းဆိုကြပါတယ်။အမေရေယဉ်တို့ မောင်နှမတွေက ပုဂံနန်းတော်ကို စားဆီဆက်ရတဲ့ မျိုးရိုးပါ ။မျိုးရိုးအစဉ်အဆက် နန်းတော်ထဲက လူတွေ စားဖို့ဆီပို့ပေးခဲ့တာပါ ။

တခြားမူကွဲတစ်ခုမှာတော့ အမေရေယဉ်တို့က မောင်နှမ ငါးဦးရှိပါတယ် ။ တောင်ဦး ဘုရင်လို့ ခေါ်တဲ့ ဇီးတော်ကျော် ရယ် ၊ မြောက်ဖက်ရှင်မလို့ ခေါ်တဲ့ ယောကတော်ရယ် ၊ကင်းကတော် ၊ ဆည်ကတော်နဲ့ အနောက်အမေကြီးလို့ ခေါ်တဲ့ အမေရေယဉ် စောနန်း မူရယ်လို့လည်း လူသိများပါတယ်။ အမေရေယဉ် က မွေးကတည်းက မွေးရာပါ စုန်းအတတ် တတ်မြောက်ပါတယ် ။ ဝမ်းတွင်းစုန်းလို့ ခေါ်ကြပါတယ် ။


သူ့ကိုယ်သူ စုန်း အတတ်တတ်နေတယ်ဆိုတာလည်း စောနန်းမူကလေးက မသိရှာပါဘူး။
ဒါပေမဲ့အမေရေယဉ်ဝမ်းသာတဲ့ အခါ ဝမ်းနည်းတဲ့ အခါ ဒေါသထွက်တဲ့ အခါမျိုးမှာ ပြောလိုက်တဲ့ စကားတွေ အကုန်ဖြစ်တယ် ဆိုတာကတော့ အမေကြီးတို့ မောင်နှမတွေ အားလုံးသိကြပါတယ် ။ တစ်နေ့တော့ အမေရေယဉ်နဲ့ တောင်ဦးဘုရင် မောင်နှမ နှစ်ယောက် နန်းတော်ကို ဆီဆက်ဖို့အလာ တံခါးစောင့်အသစ်တွေ လဲထားလို့ အစောင့်အသစ်တွေက အမေကြီးရွက်လာတဲ့ အိုးထဲမှာ ဘာတွေလဲလို့ မေးပါတယ်။

နေပူကြီးထဲမှာ ဆီအိုးရွက်လာရလို့ စိတ်တိုနေတဲ့ အမေရေယဉ်က ဒီလောက်ခဏခဏ နန်းတော်ကို လာနေတဲ့ ငါတို့ကို မသိရကောင်းလား ဆိုပီး စိတ်ထွက်ထွက်နဲ့ “မြွေတွေဟေး... မြွေတွေ နင်တို့ ဘုရင်ကို လုပ်ကြံဖို့”လို့ အညာသူပီပီ ဘွင်းဘွင်းကြီး ပြောလိုက်ပါတယ် ။


အစောင့်တွေက “ရှာစမ်း ရှာစမ်း”ဆိုပြီး ဆီအိုးတွေကို အတင်းဖွင့်လိုက်ချိန် မှာတော့ တကယ်ကိုပဲ ဆီအိုးထဲမှာ မြွေတွေဖြစ်နေပါတယ် ။ အမတ်မင်းတစ်ယောက်မြွေ ပေါက်ခံရပြီးသေတယ်လဲ ဆိုရော တောင်ဦးဘုရင် က အတင်းတိုက်ခိုက်လို့ ညီမ လက်ကိုဆွဲပီး ပြေးပါတော့တယ် ။
အိမ်ကို ရောက်အောင်ပြန်ပြေးပီး ကျန်တဲ့ ညီမတွေကိုပါခေါ်လို့ မောင်နှမ ငါးယောက် ပုဂံအထက်ပိုင်းကို တက်ပြေးပါတယ် ။ ဒီလို ပြေးရာကနေ လမ်းမှာ သုံးစု ကွဲသွား ပါတယ် ။

ကင်းကတော်နဲ့ ဆည်ကတော်က ပြေးရင်လွှားရင်းနဲ့ ကျောက်ဆည် ဘက်ကိုရောက် သွားပီ အဲဒီမှာ ဆည် ဆောက်နေတာနဲ့ သွားတိုးပါတယ် ။ ဆည်ဆောက်တဲ့ နေရာမှာ မြေတွေ ပြိုကျပီး မအောင်မြင်လို့ ဗေဒင်မေးကြည့်တော့ လူစတေးမှ ရမယ်လို့ အဟောထွက်ပါတယ် ။

စတေးရမဲ့ လူရောက်မဲ့ အချိန်အခါကို စောင့်နေတုန်း မောကြီးပန်းကြီးနဲ့ ရောက်လာတဲ့ ညီအမကို မြင်လို့ နေ့နံ မေးလိုက်တော့ နေ့ကိုက် နံကိုက် ဖြစ်နေတာနဲ့ပဲဆည်ကတော် အမေကြီးကို ဆည်မှာ စောင့်ဖို့နဲ့ ကင်းကတော် အမေကြီးကို ဆည်အတွက် ကင်းမှာ စောင့်ဖို့ ညီအမ နှစ်ယောက်ကို ဆည်ရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ် မှာတင် ကွပ်မျက် လိုက်ပါတယ် ။

ဒီနေရာမှာပဲ ဒီဆည်နဲ့ ဒီကင်းကို အပိုင်စားရပီး အမေဆည်ကတော် နဲ့ ကင်းကတော် ဖြစ်လာပါတယ်လို့အဆိုရှိပါတယ်။ နောက်တစ်စုကတော့ တစ်ယောက်ထဲကွဲ ထွက် သွားတဲ့ မြောက်ဖက် ရှင်မပါ ။ သူက ပြေးရင်းလွှားရင်းနဲ့ ယောနယ်ထဲ ရောက် သွားပါတယ် ။ ဒီနေရာမှာ ယောနယ်က လူမျိုးစုရဲ့ အကြီးအကဲက မြောက်ဖက်ရှင်မကို မြင်တော့ သဘောကျပီး တော်ကောက်လိုက်ပါတယ် ။

လင်မယားပေါင်းနေရာက ကိုယ်ဝန်လဲရပီး မီးဖွားတဲ့ အချိန်မှာပဲ မမွေးနိုင်လို့ မြောက် ဖက်ရှင် မမှာမီးတွင်းထဲမှာပဲ ခန္ဓာစဲလို့ သူ့ညီမနှစ်ယောက်လိုပဲနတ်ဖြစ်လာပါတယ်။

အလယ်က သုံးယောက်က နတ်ဖြစ်နေတော့ ရာဇဝတ်ဘေးနဲ့ ပြေးနေတဲ့ အကို အကြီးဆုံး နဲ့ ညီမ အငယ်ဆုံး လေးပဲ ကျန်ပါတော့တယ် ။ မောင်နှမ နှစ်ယောက်ပြေး လာလိုက်တာ မုံရွာအနောက်ဘက် ယင်းမာပင် အထိ ရောက်လာခဲ့ပါတယ်။ ယင်းမာပင် နယ် ထဲလဲ ရောက်ရော ယမားဆိုတဲ့ ချောင်းထဲမှာ ဖောင်တုတ်ပီး ဖောင်စီးပြေးကြတာ ယခု ဇီးတော်ကျော် နန်းတည်တဲ့ ရွာလဲရောက်ရော ရေလယ်မှာ ဖောင်ပျက်ပါလို့ အကို အကြီးဆုံး တောင်ဦးဘုရင် ရေနစ်လို့ ဘဝဆုံးပါတယ် ။

ဒီနေရာမှာတင် အမေရေယဉ် ဒေါသက ထိပ်ဆုံးရောက်သွားပါပီ ။ ငါးယောက် ပြေးလာတာ ငါတစ်ယောက်ပဲ ကျန်တော့တဲ့ တူတူတော့ ဆက်ပြေးမနေတော့ဘူး ။ ပုဂံပြည်ကို မီးလောင်တိုက်သွင်းမဟဲ့ ဆိုပီး သူ့အကို ဆုံးတဲ့ နေရာကပဲ ပြန်လှည့်ပါတယ် ။ ဒါကြောင့် အဲဒီရွာကို ပြန်လှည့်ရွာလို့ ခေါ်ပီး နှစ်စဉ် တန်ခူးလဆိုရင် တောင်ဦးဘုရင် ( ဇီးတော်ကျော် နတ်ပွဲ ) ကျင်းပပါတယ် ။


ဒီသူငယ်မဟာ ဝမ်းတွင်းစုန်းပီပီ ဒေါသထွက်ထွက်နဲ့ ကျိန်စာတိုက်လို့ကတော့ ပုဂံပြည် ပျက်လိမ့်မယ်။ ပုဂံဆိုတာ သာသနာထွန်းမဲ့ အရပ်ဖြစ်လို့ ငါတားမှပဲလို့ ဆိုပီး လူပြည်ကို ဆင်းလို့ အမေရေယဉ်ကို ပုဂံကို မဖျက်ဖို့တားပါတယ် ။ ဒေါသထွက်နေတဲ့ အမေရေ ယဉ်ကို ဒီအတိုင်းတားလို့ မရမှန်းသိတော့ သိကြားမင်းက အပေးအယူလုပ်ပါတယ် ။ ညည်းပုဂံကို မဖျက်ရင် ညည်းကို လူတွေကို ကယ်ဖို့ဆေးပညာ ငါပေးလိုက်မယ် ။
ပြီးရင် ဒီနေရာ ဒီဒေသ တခွင်ကို အပိုင်စားပေးမယ်လို့ ကမ်းလှမ်းပါတယ် ။ အပေါ်က ပြောခဲ့အတိုင်းပဲ ဖြစ်ပြီး နောက်ပိုင်းမှာဒေါသထွက်နေပေမဲ့ သတ္တဝါတွေရဲ့ ကောင်း ကျိုးကို ကြည့်တဲ့ အနေနဲ့ အမေကြီးက နောက်ဆုံးမှာသဘောတူလိုက်ပါတယ် ။


ဒီလိုနဲ့ အမေကြီးဟာ သူအပိုင်စားရတဲ့ နေရာတဝိုက်မှာ ဆေးအတတ်ပညာနဲ့ လူတွေကို အကျိုးပြုရင် သူအသက်ကြီးလာတဲ့ အခါ သူ့ကိုယ်တိုင် သူ့အသက်ကို အသက်စေ့ ပြုလုပ်ထားခဲ့ပြီးနတ်ဘဝကို ကူးသွားတယ်လို့ အဆိုရှိပါတယ် ။
နှစ်စဉ် တပေါင်းလ ဆိုရင် အမေကြီးပွဲ ကျင်းပပါတယ် ။ သက်ဆိုင်ရာ အနီးအနား ရွာများမှ လှည်းများစွာဖြင့် လာရောက်ကြသောကြောင့် လှည်းဦးချပွဲလို့လည်း ခေါ်ပါတယ်။ နတ်နန်းတည်နေရာမှာ အထက်အညာဒေသ မုံရွာခရိုင် ယင်းမာ ပင်မြို့အနိးရှိ မောင်းတုံရွာဖြစ်သည်။ဒါပေမဲ့ ပွဲကိုတော့ ဇီးတော်ရွာမှာ ကျင်းပတာပါ

နတ် ဘဝမှာတော့ ဓားပိုင်၊ ရေပိုင်၊ မီးပိုင်၊ ကျားပိုင်၊ မြွေပိုင်တယ်လို့လည်း အားလုံက အသိ အမှတ်ပြုထားကြပါတယ်။

အမေရေယာဉ်ဟာ မဟုတ်မခံစိတ်ရှိသူဖြစ်လို့ မကောင်းတဲ့ အတတ်ပညာနဲ့ ပြုစားခြင်း များကို လုံးဝလက်မခံပါဘူး။ ကိုယ်တိုင်ကလဲ ပညာရှင်များရဲ့ အရှင် သခင်ဖြစ်တာ ကြောင့် ပညာရှင်များအားလုံးဟာ သူ့ရဲ့နတ်နန်းကို ပွဲတော်ရက်မှာ လာရောက်ဂါ ရဝပြုကြပါတယ်။

အမေရေယာဉ်ရာဇဝင်မှာ ထင်ရှားတာကတော့ ပုဂံပြည်ကြီးကိုပင်ဖျက်ဆီးပစ် မယ်လို့ ကြိမ်းဝါးတာကြောင့် သိကြားမင်းသိတဲ့အခါ ချက်ချင်းဆင်းပြီး ပညာတွေကို အလှူခံ လိုက်ပါတယ်။ အမေကြီးဟာ ပညာတွေမပေးချင်ပေမယ့် မကောင်းတတ်လို့ မြွှေတစ် ကောင် ဖန်ဆင်းပြီး အဲဒီမြွေထံမှာ ပညာများထည့်သွင်းလိုက်ပါတယ်။

သိကြား မင်းက သိလို့ မြွေကိုဖျက်ဆီးတဲ့အခါ မြွေဟာ သုံးပိုင်းပြတ်သွားပါတယ်။ အမေကြီးက စိတ်တိုပြီး မြွေသုံးပိုင်းကို ပစ်လွှတ်တဲ့အခါ ခေါင်းပိုင်းဟာ ယင်းမာပင်မြို့တော်ကို ကျ ရောက်သွားပြီး အဲဒီမြို့မှာရှိသမျှ ရေမြွှေပင်ဖြစ်ပါစေ..အဆိပ်ပြင်းလွန်းလှပါတယ်။ အမြှီး ပိုင်းဟာ မုံရွာမြို့နားမှာ ကျရောက်တဲ့အတွက် အဆိပ်ရှိတဲ့မြွေအလွန်နည်းပါတယ်။ ဝမ်း ဗိုက်ပိုင်းဟာ ယောနယ်ဘက်ကို ကျရောက်တဲ့အတွက် ယောမြို့ ဆောမြို့ အနီးက လူ တွေဟာ ဝမ်းတွင်းပညာအလိုလို တတ်မြောက်ကြတယ်လို့ဆိုပါတယ်။

အလောင်းစည်သူမင်းကြီး မိဖုရားရဲ့ အကောက်ကြံမှုနဲ့ မင်းဒဏ်သင့်တဲ့ အခါမှာ အသက် အန္တရာယ်က ကင်းဝေးစေရန် ကဝေသာရ ဘိုးဘိုးက အမေကြီးရဲ့ အသက်ကို ဗူးသီးခြောက်အတွင်းထည့်သွင်းထားပါတယ်။ ဒါ ကြောင့်သက်ဆိုင်သူများ ပညာသည် မျာက တပေါင်းလမှာ ဗူးသီးမစားကြပါဘူး..။ တခြားမူကွဲတွေလည်းရှိနိုင်တာမို့ အမှားပါ ခဲ့ရင် မင်မင့် အမှားသာဖြစ်ပါကြောင်းတောင်းပန်အပ်ပါတယ်နော်..။

https://www.facebook.com/Scary-Myanmar-Chilli-336517150312232/ အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..