
“ဦးတူး......ကျွန်တော်ပြောတဲ့ ဆရာလွင်ဦးဟန်ဆိုတာလေ”
“တွေ့ရတာဝမ်းသာပါတယ်ဗျာ”
“ဟုတ်ကဲ့အန်ကယ်လ်။ ကျွန်တော်ကတော့ အန်ကယ်လ်နဲ့တွေ့ရတာ အတိုင်းမသိဝမ်းသာမိပါတယ်”
“ကျွန်တော့်ကိုတော့ ဖိုးခွားအမြဲပြောတယ်။ အားတော့နာတယ်ဗျာ။ ခင်ဗျားရေးတဲ့စာကိုတော့ မဖတ်ဖူးပါဘူး။ ကျွန်တော် မညာဘဲပြောတာပါ။ ကျွန်တော်က စာဖတ်တာ ဝါသနာမပါဘူးဗျ”
“ရပါတယ် အန်ကယ်လ်။ အန်ကယ်လ်စာမဖတ်ပေမယ့် စာဖတ်ချင်ကြတဲ့သူတွေအတွက် ဇာတ်လမ်းတစ်ပုဒ်မျှဝေပေးတယ်လို့ပဲ သဘောထားပေးပါခင်ဗျာ”
“ကျွန်တော်က သံတောင်ကြီးကိုပြန်တော့မလို့။ ဒီကောင်ဖိုးခွားက ခင်ဗျားနဲ့တွေ့ပေးချင်လို့ ခဏစောင့်ပါဦးဆိုလို့ စောင့်နေရတာ”
“ကိုဂျိမ်းကိုရော အန်ကယ့်လ်ကိုရော ကျေးဇူးတင်ပါတယ်”
“ရပါတယ်ဆရာရဲ့။ ကျွန်တော်က ဆရာ့စာဖတ်ပရိသတ်ပဲဟာ။ ဆရာရောက်နေတုန်း ဦးတူးနဲ့တွေ့ပေးချင်လို့ ဆရာ့ကိုဖုန်းဆက်လိုက်တာ။ ဦးတူးက ကျွန်တော့်အဖေရဲ့ညီ။ ကျွန်တော့်ဦးလေးပေါ့ဆရာ။ အရင်ကတော့ ဖိုက်တာပေါ့ဆရာရေ”
“တော်ပါတော့ ဖိုးခွားရာ။ သူ့ကို လက်ဖက်ရည်တိုက်ဦးလေ”
“ဟာ...ရပါတယ် အန်ကယ်လ်၊ ကျွန်တော် လက်ဖက်ရည်မသောက်တတ်ဘူးခင်ဗျ”
“ဦးတူး....။ ဆရာက အားတာမဟုတ်ဘူး။ ကျွန်တော့်ကို ဦးတူးပြောပြတဲ့ ဦးစောလှဖေအကြောင်းပြောပြလိုက်လေ”
“အေးပါဟ...၊ ပြောပြမှာပေါ့”
“ကျွန်တော်အချိန်ရပါတယ် ကိုဂျိမ်း။ အန်ကယ်လ် အေးအေးဆေးဆေးပြောပါစေ”
“ခင်ဗျားက သရဲအကြာင်းကို စိတ်ဝင်စားတယ်ဆို”
“ဟုတ်ပါတယ် အန်ကယ်လ်”
“အင်း......ကျွန်တော်လည်း အရင်က မယုံခဲ့ဘူးဗျ။ တကယ်ကြုံတော့မှ ယုံတော့တာ”
“ပရလောကဆိုတာ ကျွန်တော်တို့နဲ့ နီးနီးနားနားမှာတင်ရှိနေပါတယ် အန်ကယ်လ်”
“ဖြစ်နိုင်ပါတယ်။ ကျွန်တော် ပြောပြမယ့်အကြောင်းကို နားထောင်ပြီး ယုံချင်လည်းယုံ၊ မယုံချင်လည်းနေဗျာ”
“ယုံကြည်လို့ပဲ အန်ကယ့်လ်ဆီကို တကူးတကရောက်လာတာပေါ့”
“တကူးတကလာရအောင် ခဝဲခြံနဲ့ ခင်ဗျားနေတဲ့နေရာက အတော်ဝေးလို့လား”
“ဟား...ဟား...။ အန်ကယ့်လ်ကိုတော့ သဘောကျသွားပြီဗျာ။ ကျွန်တော့်ကို ဦးစောလှဖေအကြောင်းပြောပြပါခင်ဗျာ”
“ပြောပြမှာပါ။ ကျွန်တော်က ပြောချင်သလိုပြောမှာနော် အဆီအငေါ်တည့်ချင်မှတည့်မှာ။ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်ချင်လည်းဖြစ်မယ်။ ခင်ဗျားဟာခင်ဗျား အဆင်ပြေသလိုကြည့်လုပ်”
“ဟုတ်ကဲ့ အန်ကယ်လ်။ ကျွန်တော်နားထောင်ကြည့်ပြီး အဆင်ပြေအောင်ရေးပါ့မယ်”
“ကွန်တော်မကြိုက်တာတစ်ခုတော့ပြောမယ်ဗျ”
“ဟုတ်ကဲ့ အန်ကယ်လ်”
“ကျွန်တော့်အသက်က ငါးဆယ့်ရှစ်ပဲရှိသေးတယ်။ ကိုတူးလို့ခေါ်ချင်ခေါ်၊ မခေါ်ချင်လည်း ဦးတူးလို့သာခေါ်။ အန်ကယ်လ်ခေါ်တာ မကြိုက်ဘူး”
“ဟာ...ဆောရီး..အန်....အဲ...ဦးတူး”
“ရတယ်....ရတယ်...ကျွန်တော်ပြောပြမယ်။ နားထောင်ဗျာ”
“ဟုတ်ကဲ့ ဦးတူး”
-----------------------------
ဆောင်းဝင်ကာစမို့ ညနေစောင်းလာသည်နှင့် အေးစိမ့်လာသည်။ မှိုင်းညို့နေသည့် ပဲခူးရိုးမကြီးက အထီးကျန်ဆန်စွာ မှေးစက်ရန်ပြင်ဆင်နေလေပြီ။ ယနေ့မင်္ဂလာဆောင်တွင် ဓာတ်ပုံတော်တော်များများရိုက်ဖြစ်ခဲ့သဖြင့် ဦးစောလှဖေ ပျော်ရွှင်နေသည်။ ဓာတ်ပုံလုပ် ငန်းဆိုသည်က မိုးတွင်းဆိုလျှင်အလုပ်ပါးတတ်သည်။ ယခုလိုတောမြို့လေးတွင် လိုင်စင်ဓာတ်ပုံနှင့် အင်ဒိုးအလှဓာတ်ပုံရိုက်သူ မရှိသလောက်ရှားပါးသည်။ နွေရာသီနှင့် ဆောင်းရာသီလို ပွင့်လင်းရာသီ၌သာ အလုပ်ဖြစ်သည်။ မင်္ဂလာဆောင်နှင့် ရှင်ပြုနားသ အလှူဆိုလို့က ဓာတ်ပုံအလုအယက်ရိုက်ကြသည်။
ဦးစောလှဖေတွင် အခြားလုပ်ငန်းများရှိသော်လည်း ဝါသနာပါသည့်ဓာတ်ပုံရိုက်ခြင်းကို စီးပွားဖြစ်လည်း ရိုက်ကူးလေသည်။ ယခုလိုနေရာမျိုးတွင် ဓာတ်ပုံလုပ်ငန်းတစ်ခုတည်းကိုသာဇောက်ချလုပ်ကိုင်မည်ဆိုပါက ထမင်းငတ်၍အူခြောက်ရုံသာရှိပေလိမ့်မည်။ ယနေ့ ပြုလုပ်သည့် ဆင်ကူးရွာမင်္ဂလာဆောင်ကိုတော့ ဦးစောလှဖေ သဘောကျသည်။ အောက်ဒိုးရိုက်ကွင်းကလည်း သဘာဝရှုခင်းများကိုနောက်ခံထားပြီးရိုက်ရသဖြင့် ပိုအဆင်ပြေသည်။ မင်္ဂလာဆောင်က ရှင်ပြုနားသထက် ပုံများများရိုက်ခွင့်ရသည်။ ဓာတ်ပုံများများရိုက်ရ၍ဝမ်း သာပေမယ့် သွားရလာရသည့်ခရီးက မလွယ်ကူလှပေ။ ဆင်ကူးရွာက ပဲခူးရိုးမနှင့်ထိစပ်နေပြီး တောင်တက်တောင်ဆင်းများရှိသည်။ အကွေ့အဝိုက်ပေါသည်။ ပေတစ်ရာမှ ပေသုံးရာကျော်ခန့်အထိနက်သည့်ချောက်များလည်းရှိသည်။
အခန့်မသင့်လျှင် တောဆင်ရိုင်းများနှင့်ထိပ်တိုက်တွေ့နိုင်သည်။ ဆင်ကူးရွာနှင့်မြို့က သိပ်မဝေးလှသော်လည်း တောင်ဆင်းတောင်တက်ကြောင့် သွားရေးလာရေး အဆင်မပြေတာသာရှိသည်။ ဆင်ကူးရွာသည် ရွာကြီးတစ်ရွာဖြစ်ပြီး မီးသွေးဖုတ်သည့်လုပ်ငန်းကို လုပ်ကိုင်ကြသည်။ သစ်လုပ်ငန်းတွင်ဝင်ရောက်လုပ်ကိုင်နေကြသူများလည်းရှိသည်။
အပြန်ခရီးက ကုန်းဆင်းမို့ အဆင်ပြေသည်။ လမ်းက တောင်မြေလမ်းဖြစ်သော်လည်း မိုးတွင်းကာလ၌ တောင်မြေပြိုတတ်သဖြင့် သွားရေးလာရေးခက်ခဲတတ်သည်။ ကားကြီးနှစ်စီးရှောင်သာရုံမျှသာရှိပြီး တစ်ဖက်တွင် မတ်စောက်သည့်ချောက်ကမ်းပါးရှိနေသဖြင့် သတိထားမောင်းနှင်ရပေသည်။ သစ်ခိုးခုတ်သည့်အဖွဲ့များလည်း သွားလာလှုပ်ရှား တတ်ကြသည်။ ဆင်ကူးရွာမှ သတို့သား၏ဖခင် ဦးတင်ညွန့်က ဦးစောလှဖေနှင့် အလွန်ရင်းနှီးသောကြောင့် သားဖြစ်သူ၏မင်္ဂလာဆောင်တွင် ဓာတ်ပုံရိုက်ပေးရန် ကမ်းလှမ်းခဲ့သဖြင့် လက်ခံ ရိုက်ကူးပေးခဲ့ရခြင်းဖြစ်သည်။ တောင်အဆင်းဖြစ်သောကြောင့် ဆိုင်ကယ်ကိုထိန်းပြီးသတိဖြင့်ဆင်းလာရာမှ မြေပြန့်တစ်ခုသို့ အရောက်တွင် လူတစ်ယောက်လက်တားနေသည်ကိုမြင်လိုက်သဖြင့် ရပ်တန့်ပေးလိုက်သည်။
“( --- ) မြို့ကို ပြန်မလို့လားဗျ”
“ဟုတ်ကဲ့”
“လမ်းကြုံလိုက်ချင်လို့ဗျာ”
ထိုသူပြောဆိုသည့် စကားသံကြောင့် ဒေသခံတစ်ယောက်မဟုတ်ကြောင်း သိလိုက်ရသည်။ အခြားဒေသများမှ သစ်လုပ်ငန်းတွင်လာရောက်လုပ်ကိုင်သူများလည်းရှိနေကြသဖြင့် ထိုသူသည်လည်း အခြားဒေသမှဖြစ်ရမည်ဟု ဦးစောလှဖေတွေးလိုက်မိသည်။ ညနေ စောင်းနေပြီဖြစ်သောကြောင့် သစ်လုပ်ငန်းမှမော်တော်ယာဉ်များ အသွားအလာမရှိတော့ပေ။ မြို့ပေါ်သို့ရောက်အောင် ခြေလျင်လျှောက်မည်ဆိုပါက အနည်းဆုံး နှစ်နာရီခန့်လျှောက်ရပေမည်။ တောဆင်ရိုင်းများ၏အန္တရာယ်ကလည်းရှိနေသည်။
“တက်ဗျာ”
ဦးစောလှဖေက ကျောတွင်ပိုးထားသည့် ကျောပိုးအိတ်ကို ရှေ့သို့သိုင်းလွယ်လိုက်ပြီး ဆိုင်ကယ်ပေါ်သို့တက်ရန်ပြောလိုက်သည်။ ထိုသူ ဆိုင်ကယ်နောက်တွင် ထိုင်လိုက်သည်နှင့် DTဆိုင်ကယ်ကို အသေအချာထိန်းကာ ထွက်လာခဲ့လေတော့သည်။
“ခင်ဗျားက ဒီမြို့ကလား”
“ဟုတ်ပါတယ်။ ခင်ဗျားကရော”
“ရမည်းသင်းကပါ ”
“ ဩ…ရမည်းသင်းကနေ ဒီမှာအလုပ်လာလုပ်တာပေါ့ ”
“ ဟုတ်တယ် ”
အကွေ့အကောက်များရှိနေသဖြင့် စကားဆက်မပြောဖြစ်တော့ဘဲ ဆိုင်ကယ်ကိုသာ ဂရုတစိုက်မောင်းနှင်နေသည်။
“ရှေ့နားမှာခဏလောက်ရပ်ပေးလို့ရမလား။ အပေါ့သွားချင်လို့”
“မြေပြန့်ရောက်မှသွားပါလား။ ကုန်းဆင်းဖြစ်နေလို့ ။ ဘေးမှာလည်း ချောက်ရှိနေတယ်”
“အောင့်ထားလို့မရတော့ဘူးဗျ”
“ဟုတ်ကဲ့။ ရပ်ပေးပါ့မယ်”
ကုန်းဆင်းမို့ မရပ်ပေးချင်သော်လည်း ထိုသူက မအောင့်နိုင်တော့သဖြင့် အဆင်ပြေသည့်နေရာတစ်ခုတွင် ရပ်ပေးလိုက်ရသည်။
“အာ……အ….အ…ခင်…ခင်..ဗျား…”
ဆိုင်ကယ်ရပ်လိုက်ချိန်တွင် လည်ပင်းကိုသိုင်းချုပ်ပြီး ခါးနှင့်ဘေးနံစောင်းထဲသို့ ချွန်ထက်သောအရာတစ်ခုဖြင့် အဆက်မပြတ်ထိုးနှက်ခံလိုက်ရသဖြင့် ကြောက်လန့်တကြားရုန်းကန်သော်လည်း ထိုသူ၏သန်မာသည့်လက်ထဲမှ ရုန်းကန်၍မရနိုင်ပေ။ ခံစားရခက် သည့်နာကျင်မှုက အထွတ်အထိပ်သို့ရောက်နေလေပြီ။ ဆိုင်ကယ်လက်ကိုင်ကို ဆက်လက်ဆုပ်ကိုင်နိုင်စွမ်းမရှိတော့ပေ။
“အမလေးဗျာ……မ..မလုပ်ပါနဲ့။ ကျွန်….ကျွန်တော့်ကို ဘာ..ဘာလို့ လုပ်ရတာလဲဗျာ”
“အ……….”
ဆိုင်ကယ်နောက်တွင်ထိုင်နေသူက ဆိုင်ကယ်ပေါ်မှဆင်းကာ ဦးစောလှဖေ၏ရင်ညွန့်ထဲသို့ ဓားဖြင့်ထိုးသွင်းလိုက်ပြီး ဦးစောလှဖေအား ဆိုင်ကယ်ပေါ်မှဆွဲချလိုက်သည်။ ကူမည့်ကယ်မည့်သူမရှိမှန်းသိသော်လည်း အကူအညီရလိုရငြား အော်ဟစ်အကူအညီတောင်း လိုက်သည့်အခါတိုင်း အသံထွက်မလာဘဲ ပါးစပ်ထဲမှ သွေးများသာပွက်ပွက်ကျလာကြသည်။ ဆိုင်ကယ်နှင့် လမ်းကြုံလိုက်လာသူက ဦးစောလှဖေကို ချိုင်းမှဆွဲမလိုက်ပြီး တရွတ်တိုက်ဆွဲကာ ဘေးမှချောက်ထဲသို့ ပစ်ချလိုက်လေတော့သည်။
----------------------------
“တင်ထွန်း…အရက်သွားသောက်ရအောင်”
“မင်းတိုက်မလို့လား အောင်ကြီး”
“ငါတိုက်ပါ့မယ်ကွာ”
“တယ်ဟုတ်ပါလား။ ထောနေတယ်ပေါ့လေ ”
“ဒီလိုပါပဲကွာ”
“အခြေအနေကောင်းရင် ငါ့လည်းခေါ်စမ်းပါဦးကွ”
“ငါတောင် အဆင်မပြေတာ မင်းကဘာလုပ်ဦးမလို့လဲ”
“အဆင်မပြေတဲ့ကောင်က အိတ်ထဲမှာ ပိုက်ဆံအထပ်လိုက်နဲ့”
“မင်းမျက်လုံးတွေက အတော်လျင်ပါလားတင်ထွန်းရာ ”
“ပြောစမ်းပါဦး။ ဘယ်လိုလုပ်ပြီးထောလာတာလဲ”
“ဒီလိုပေါ့ကွာ”
“လျှိုတယ်ပေါ့လေ။ ရပါတယ်ကွာ၊ တိုက်တဲ့အရက်ပဲသောက်ပါတော့မယ် ”
“အဲဒီလိုလုပ်စမ်းပါကွာ။ စားချင်တဲ့အမြည်းမှာ၊ ကြိုက်သလောက်သောက်၊ ကျသလောက်ရှင်းမယ်ဟေ့ကောင် ”
“ကြိုက်ပြီကွာ။ ဆိုင်မှာတော့မသောက်ချင်ဘူး။ စကားလွတ်လွတ်လပ်လပ်ပြောလို့ရအောင် ငါ့အိမ်မှာပဲသောက်ကြမယ် ”
“ပိုကောင်းတာပေါ့။ အမြည်းနဲ့အရက်သွားဝယ်ကြမယ်”
---------------------------
“ကိုတင်ညွန့်ရေ……၊ ဦးစောလှဖေ အိမ်ပြန်ရောက်မလာသေးလို့တဲ့ဗျ ”
“ဟုတ်လား။ မင်္ဂလာဆောင်နေ့က ညနေပိုင်းပြန်သွားတယ်မဟုတ်လား”
“ဟုတ်တယ်။ အိမ်ပြန်မရောက်လို့ သူ့မိန်းမက ကျွန်တော့်ကို မေးနေတာ ”
“ဒီလူကြီး ဘယ်မှာ ဓာတ်ပုံသွားရိုက်နေသလဲမသိဘူး”
“ဓာတ်ပုံသွားရိုက်ရင်လည်း သူ့အိမ်ကိုအရင်ပြန်မှာပေါ့။ အခုက အိမ်ကိုပြန်မရောက်တာ နှစ်ရက်ရှိပြီတဲ့”
“ပျောက်စရာအကြောင်းတော့မရှိပါဘူးကွာ။ ကိုစောကို လူတိုင်းသိနေကြတာပဲ”
“ဟုတ်တော့ဟုတ်ပါတယ်။ ကျွန်တော်စိတ်ပူတာက ဆိုင်ကယ်တစ်ခုခုဖြစ်ပြီး ချောက်ထဲများပြုတ်ကျသွားလေသလား”
“ဖွဟဲ့၊ လွဲပါစေဖယ်ပါစေ။ ပါးစပ်ပုပ်ကြီးနဲ့ မပြောစမ်းပါနဲ့ကွာ”
“ကျွန်တော်စိတ်ပူတာကိုပြောပြတာပါ။ ပျောက်ရအောင်ကလည်း တစ်မြို့လုံးကရော အနီးအနားရွာတွေကပါ ဦးစောလှဖေကို မသိတဲ့သူမှမရှိတာ။ အခြားနေရာကိုသွားမယ်ဆိုရင်လည်း မြို့ထဲကိုဝင်ပြီးမှသွားလို့ရမှာလေ”
“မင်းပြောတာဟုတ်ပါတယ်။ မပြောသင့်လို့ မပြောခိုင်းတာပါ ”
“သူ့မိန်းမနဲ့ သားသမီးတွေတော့ မြို့ပတ်ပြီးလိုက်ရှာနေကြတယ်”
“ပြန်တွေ့မှာပါ။ ကိုစောက ဓာတ်ပုံဆရာဆိုတော့ အခြားနေရာတွေမှာ ဓာတ်ပုံသွားရိုက်ချင်ရိုက်နေမှာပေါ့ ”
“မပြောတတ်တော့ပါဘူးဗျာ။ ကိုစောရဲ့ညီတစ်ယောက်ရှိတယ်မဟုတ်လား”
“စောမြဝင်းကိုပြောတာလား”
“နာမည်တော့မသိဘူးဗျ။ သူ့ဆီများ သွားသလား”
“စောမြဝင်းက လက်နက်ကိုင်တွေနဲ့ပတ်သက်နေတဲ့အပြင် သစ်ခိုးခုတ်နေလို့ ကိုစောက သူ့ညီနဲ့မပတ်သက်တာကြာပြီကွ”
“ကျွန်တော်လည်း စဉ်းစားမိတာပြောပြတာပါ”
“ငါနားလည်ပါတယ်ကွာ။ စောမြဝင်းက သူ့အစ်ကိုကို တော်တော်ချစ်တာ။ ငါနဲ့လည်းခင်တယ်။ ကိုစောရဲ့မိန်းမက အစိုးရဌာတစ်ခုနမှာ အရာရှိတစ်ယောက်ဖြစ်နေတော့ သူနဲ့ပတ်သက်ရင် သူ့မိန်းမအလုပ်မှာထိခိုက်မှာစိုးလို့ မပတ်သက်ဘဲနေတာ”
“ညီအစ်ကိုက ညီအစ်ကိုပဲလေ။ သူ့ညီတစ်ခုခုဖြစ်လို့ သွားချင်သွားမှာပေါ့”
“စောမြဝင်းက အရင်က တောင်ငူမှာနေတယ်။ အခုတော့ ဘယ်မှာနေတယ်မသိဘူး။ သူ့လုပ်ကွက်က ဒီနားမှာရှိနေတာ ငါသိတယ်။ သူ့ကို ဟိုတစ်လောကတောင်တွေ့လိုက်သေးတယ်။ သူက ဆိုင်ကယ်နဲ့တောင်ပေါ်အတက်၊ ငါကတောင်ပေါ်ကနေ ဆင်နဲ့ဆင်း လာတာ။ သူကတောင် ငါ့ကိုလက်ပြသွားသေးတယ်။ တွေ့လိုက်ရဲ့သားနဲ့ ငါ့သား မင်္ဂလာဆောင်ကိုတောင် မဖိတ်လိုက်ရဘူး”
“ဒါဆို ကျွန်တော်ထင်တာ သေချာပါပြီ။ သူ့ညီက ဒီနားတစ်ဝိုက်မှာရှိနေတယ်ဆိုတော့ သူ့ညီဆီသွားတွေ့ရင်း အကြောင်းတစ်ခုခုကြောင့်ပြန်လို့မဖြစ်သေးတာဖြစ်မှာပါ”
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ငါခေါ်လို့လာရပြီး အခုထိအိမ်ပြန်မရောက်သေးဘူးဆိုတော့ ငါ့မှာတာဝန်ရှိတာပေါ့ကွာ။ စောမြဝင်းနဲ့တွေ့ရင်တော့ မေးကြည့်ရမှာပဲ”
“မေးကြည့်ပါဦး ကိုတင်ညွန့်ရယ်။ ဦးစောလှဖေက ခင်ဖို့ကောင်းတယ်ဗျ”
“တွေ့ရင်တော့ မေးကြည့်ပါ့မယ်”
“ကျွန်တော်လည်း သစ်လုပ်ငန်းကလူတွေကို ပြောပြထားလိုက်ပါ့မယ်”
“ကောင်းတယ်ကွာ….။ ဘာမှမဖြစ်လောက်ပါဘူး”
-----------------------------
အောင်ကြီးနှင့်တင်ထွန်းတို့နှစ်ယောက် ညနေစောင်းကတည်းက အရက်သောက်ရင်းစကားပြောဆိုနေကြသည်မှာ ညဆယ့်တစ်နာရီကျော်နေလေပြီ။
“မင်းရဲ့အသိတွေထဲမှာ ဓာတ်ပုံဆရာတွေရှိသလား တင်ထွန်း”
“ဘာလုပ်မလို့လဲ အောင်ကြီး”
“ငါမေးတာသာဖြေစမ်းပါကွာ”
“ရှိတာတော့ရှိတယ်။ ဓာတ်ပုံရိုက်ချင်လို့လား”
“ကင်မရာတစ်လုံးရောင်းချင်လို့ကွ”
“ဘယ်လိုကင်မရာလဲ”
“ဓာတ်ပုံရိုက်တဲ့ကင်မရာဆိုနေမှကွာ”
“ဓာတ်ပုံရိုက်တာတော့ဟုတ်တယ်လေ။ ကင်မရာအမျိုးအစားတွေက အများကြီးရှိတာ။ ဘယ်လိုကင်မရာမျိုးလဲလို့မေးတာ”
“ဓာတ်ပုံဆိုင်တွေမှာသုံးတဲ့ ကင်မရာမျိုးကွာ။ အကြီးစားပေါ့”
“တယ်ဟုတ်ပါလား။ ဘယ်ကရလာတာလဲ အောင်ကြီး”
“ဘယ်ကရရကွာ။ အဲဒီကင်မရာကိုရောင်းချင်တယ်”
“အမျိုးအစားသိမှပြောလို့ရမှာပေါ့ကွ။ ဝယ်မယ့်သူကမေးရင် ငါကဘယ်လိုပြန်ဖြေရမှလဲ”
“ရော့…ဟောဒီမှာကြည့်”
အောင်ကြီးက ကျောပိုးအိတ်ထဲမှ ကင်မရာကိုထုတ်ပြီး တင်ထွန်းကိုပြလိုက်သည်။ တင်ထွန်းက အောင်ကြီးထံမှ ကင်မရာကို အသေအချာကြည့်ကာ ခေါင်းတစ်ညိမ့်ညိမ့်လုပ်နေသည်။
“ကန်နွန်( Canon ) အမျိုးအစားပဲ။ ငါတော့ ကင်မရာအကြောင်းသိပ်မသိဘူးကွ။ ဈေးတော့ကြီးပုံရတယ်။ မင်းက ဈေးဘယ်လောက်ခေါ်ထားသလဲ”
“ဈေးခေါ်ရအောင် က်ငမရာဈေးနှုန်းတွေ ငါမသိဘူးလေကွာ”
“ဒါဆို ဓာတ်ပုံဆရာတစ်ယောက်ကိုပြကြည့်ပြီးမေးမှရမယ်။ ငါ့ဆီမှာ ကင်မရာထားခဲ့လေကွာ”
“မထားဘူး ဟေ့ကောင်။ ဝယ်ချင်တယ်ဆို အိမ်လာကြည့်ပေါ့ကွာ”
“အဲဒီလိုလုပ်လို့မရဘူးလေကွာ။ ကင်မရာကိုပြပြီး မေးမှဖြစ်မှာပေါ့။ မင်းက ငါ့ကိုမယုံလို့လား”
“မင်းကိုမယုံလို့မဟုတ်ဘူးတင်ထွန်း။ ဝယ်မယ့်သူရှိရင် ငါ့ဆီခေါ်လာခဲ့”
“ဒါဆိုလည်း မနက်ဖြန်ညနေကျရင် ငါ့အသိဓာတ်ပုံဆရာကိုခေါ်လာပြီး ပြကြည့်မယ်”
“အဲဒါအကောင်းဆုံးပေါ့ကွာ”
“ညနေငါးနာရီလောက်လာရင် ဖြစ်မလား”
“ဖြစ်တယ်။ မင်းလာမယ်ဆိုတာသေချာရင် အိမ်ကနေစောင့်နေမယ်”
“လာခဲ့မယ်အောင်ကြီး။ ပွဲခတော့ပေးရမယ်နော်….ဟဲဟဲ”
“မင်းကို အန်ထွက်တဲ့အထိပြူစုမယ်။ ပိုက်ဆံလိုနေလို့ကွ”
“အေးပါ…..မနက်ဖြန်မနက်ကျရင် ငါ့အသိဓာတ်ပုံဆရာဆီကိုသွားပြီး ချိန်းထားလိုက်မယ်”
“ကောင်းတယ်။ ထပ်သောက်ကြဦးမလား တင်ထွန်း”
“တော်ပြီကွာ။ တစ်လုံးခွဲရှိနေပြီကွ”
“ဆက်မသောက်တော့ဘူးဆိုရင်လည်း ပြန်တော့မယ်။ ငါလည်း မူးနေပြီ ”
“တော်ကြစို့ကွာ။ မိုးလည်းအတော်ချုပ်နေပြီ ”
“ငါပြန်တော့မယ်…..”
အောင်ကြီးက ထိုင်ရာမှထလိုက်စဉ် ယိုင်လဲလုနီးနီးဖြစ်သွားသဖြင့် တင်ထွန်းက အမြန်ထိန်းလိုက်ရသည်။
“မင်းကို အိမ်လိုက်ပို့ပေးမယ် ”
“ပို့စရာမလိုဘူး။ ငါ့ဟာငါ ပြန်မယ် ”
“တစ်ယောက်တည်းဖြစ်ပါ့မလား ”
“ဖြစ်တယ် ဟေ့ကောင်။ မင်းနေခဲ့၊ ငါ့မှာ အဖော်ပါတယ်”
အောင်ကြီးက လွယ်အိတ်ထဲမှ ဓားမြှောင်ကိုထုတ်ပြပြီးပြောဆိုလိုက်သည်။
“ ဖြစ်တယ်ဆိုလည်း ပြီးတာပဲ။ မနက်ဖြန်ညနေကျမှ တွေ့ကြမယ် ”
“ အေး….”
အောင်ကြီးသည် ထားဝယ်လူမျိုးတစ်ယောက်ဖြစ်ပြီး အဝေးပြေးကုန်ကားကြီးများတွင် ယာဉ်အကူဖြင့်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီး လူသတ်မှုဖြင့်ထောင်ကျခဲ့သည် ။ ထောင်မှလွတ်လာသည့်အခါအလုပ်အကိုင်မရှိတော့သဖြင့် ထောင်ထဲတွင် ခင်မင်ရင်းနှီးခဲ့သူ ၏အကူအညီဖြင့် သစ်ခိုးခုတ်သည့်အဖွဲ့တွင်ဝင်ရောက်လုပ်ကိုင်ရာမှ ဆင်ကူးရွာအနီးရှိ ကြိုးဝိုင်းသို့ရောက်လာခဲ့သည်။ လောင်းကစားနှင့်အရက်သောက်စားခြင်းကို ခုံမင်သည့်အပြင် ဇနီးမယားနှစ်ယောက်ရှိနေသည့်အောင်ကြီးအတွက် ငွေကြေးက အချိန်တိုင်းလိုအပ်နေသည် ။ ဆင်ကူးရွာအနီး သစ်ခိုးခုတ်နေရာမှ မင်္ဂလာဆောင်နှင့်ကြုံကြိုက်သဖြင့် မင်္ဂလာဆောင်သို့သွားရောက် စားသောက်သည့်အချိန်၌ ဓာတ်ပုံရိုက်ကူးနေသည့် ဦးစောလှဖေအား သားကောင်အဖြစ်ရွေးချယ်ကာ ပြန်မည့်လမ်းမှစောင့်ကြိုခဲ့သည်။ ဦးစောလှဖေအား သတ်ဖြတ်ပြီး နောက် ဆိုင်ကယ်နှင့်အတူ ကင်မရာ၊ ငွေကြေးများကိုယူကာ ဒုတိယဇနီးနေထိုင်သည့် ရမည်းသင်းမြို့၌တိမ်းရှောင်နေသည်။ ထို့နောက် ဆိုင်ကယ်ကိုရောင်းချလိုက်ပြီး သောက်စားပျော်ပါး၍သုံးဖြုံးလေသည်။ အောင်ကြီးနှင့်တင်ထွန်းတို့ရင်းနှီးခင်မင်ခဲ့ခြင်းက အခြားကြောင့် မဟုတ်။ တင်ထွန်းသည် အောင်ကြီး၏ဒုတိယဇနီးနှင့်မောင်နှမတစ်ဝမ်းကွဲတော်စပ်သူဖြစ်ပြီး အောင်ကြီးနှင့်အသွင်တူကြသူချင်းမို့ ပေါင်းမိကြခြင်းဖြစ်ပေသည်။
ရန်အောင်မြင်လမ်းအတိုင်းလျှောက်လာရင်း စိတ်ထဲလေးလံသလိုခံစားနေရသည်။ အခ်ျန်အတော်ကြာသည့်အထိ လျှောက်လာခဲ့သော်လည်း အိမ်သို့မရောက်သေးသည်ကို သတိထားလိုက်မိသဖြင့် မျက်လုံးကိုပွတ်သပ်ပြီး ကြည့်လိုက်မိသည့်အခါမှ လယ်ကွင်းများကို မြင်တွေ့လိုက်ရသဖြင့် တအံ့တဩဖြစ်သွားလေသည်။
“တောက်…….မူးမူးနဲ့ ဘယ်တွေရောက်ကုန်တာလဲကွာ….”
မကျေမချမ်းဖြင့်တစ်ယောက်တည်း ဆဲဆိုရေရွတ်ပြီး နောက်သို့ပြန်လျှောက်လာသည့်အချိနတွင် အနောက်မှ ထပ်ချပ်မကွာလိုက်လာသည့်ခြေသံကိုကြားသဖြင့် နောက်သို့လှည့်ကြည့်သော်လည်း မည်သူမျှမရှိသဖြင့် အော်ဟစ်ဆဲဆိုကာ ရှေ့ဆက်လျှောက်လာခဲ့သည်။
“ဘုံး…….”
“အွန့်……”
ကျောပြင်ကို အားဖြင့်ရိုက်နှက်ခြင်းခံလိုက်ရသဖြင့် ရှေ့သို့မှောက်လျက်လဲကျသွားသည်။ မူးနေသော်လည်း ရန်သူဆိုသည့်အသိစိတ်ကြောင့် လဲကျနေရာမှကုန်းထရန်ပြင်လိုက်သော်လည်း ကျောကုန်းပေါ်သို့ တက်ဖိထားသဖြင့် ရုန်းထ၍မရပေ။
“ခွေးမသား။ ဘယ်ကောင်လဲကွ။ သတ္တိရှိရင် ဖယ်လိုက်စမ်း”
အောင်ကြီးဆဲဆိုလိုက်သည့်အခါမှ ကိုယ်ပေါ်သို့တက်ဖိထားရာမှလွတ်မြောက်သွားသဖြင့် ချက်ချင်းထရပ်လိုက်ပြီး ရန်သူကို ရှာဖွေလိုက်သည်။ မလှမ်းမကမ်း၌ရပ်နေသည့် ရန်သူကို အသေအချာကြည့်လိုက်သော်လည်း မူးနေသဖြင့် အမြင်မှုန်ဝါးနေသောကြောင့် သဲ သဲကွဲကွဲ မမြင်ရပေ။
“ဟေ့ကောင်.......မင်းဘယ်သူလဲ”
ရန်သူကို မေးလိုက်သော်လည်း ရန်သူက ပြန်လည်ဖြေကြားခြင်းမရှိသည့်အတွက် အောင်ကြီးဒေါသထွက်သွားလေသည်။
“မင်းက လူမိုက်လား။ မင်းမလာရင် ငါလာပြီဟေ့ကောင်”
ကျောပိုးအိတ်ထဲမှ ဓားမြှောင်ကိုထုတ်ကာ ရန်သူထံသို့ ဒယိမ်းဒယိုင်ဖြင့်သွားသော်လည်း ရန်သူက ထီမထင်သည့်ပုံစံဖြင့်ရပ်နေသဖြင့် အောင်ကြီးပို၍ဒေါသထွက်နေလေပြီ။ ရန်သူနှင့်လက်တစ်ကမ်းအကွာသို့ရောက်သည့်အခါ ရန်သူ၏မျက်နှာကို အသေအချာကြည့် လိုက်သည်။ ရန်သူသည် အသက်လေးဆယ်ကျော်ခန့်ရှိပြီး ထိပ်ပြောင်သည်။ အရပ်ပုသော်လည်း ဝဖိုင့်ခြင်းမရှိပေ။
“ခင်ဗျားဘယ်သူလဲ”
“---------------“
“ခင်ဗျားကို ကျုပ်မေးနေတယ်လေ”
အောင်ကြီးက ဒေါသတကြီးဖြင့် အော်ဟစ်ပြီးမေးမြန်းသော်လည်း ရန်သူက ပြန်လည်ဖြေဆိုခြင်းမရှိဘဲ နေရာ၌သာရပ်နေသည်။
“တောက်....အောင်ကြီးကို သွေးတိုးစမ်းတယ်ပေါ့လေ။ တွေ့ကြသေးတာပေါ့”
အောင်ကြီးက ရန်သူထံသို့ပြေးသွားပြီး လက်ထဲမှဓားမြှောင်ဖြင့်ထိုးနှက်လိုက်သည့်အခါ ရန်သူက ရုတ်တရက်ပျောက်ကွယ်သွားသည်။
“ဟာ...ဘာတုန်းဟ”
မကြုံဖူးသည့်အဖြစ်အပျက်မို့ အံ့အားသင့်သွားပြီး ရန်သူကိုအလျင်အမြန်ရှာဖွေသည့်အခါ ရန်သူက အနောက်သို့ရောက်နေလေသည်။
“တောက်.......ဒီတစ်ခါထပ်ပြီးရှောင်စမ်းကွာ....”
ဓားမြှောင်ကိုဝှေ့ယမ်းပြီး ရန်သူ၏ဝမ်းဗိုက်ကို ဝိုက်ပြီးထိုးလိုက်သည့်အခါ ရန်သူက ရုတ်ချည်းပျောက်ကွယ်သွားပြန်သည်။ ကြုံတွေ့နေရသည့်အခြေအနေက သာမန်အခြေအနေမျိုးမဟုတ်တော့သဖြင့် အောင်ကြီးသံသယရှိနေလေပြီ။ လူနေအိမ်များနှင့် အနည်းငယ် ဝေးပြီး လယ်ကွင်းများသာရှိသည့်နေရာသို့ မည်သို့ရောက်လာခဲ့သည်ကို စဉ်းစားမရဖြစ်နေလေသည်။ ထို့အပြင် ရင်ဆိုင်နေရသည့်ရန်သူကလည်း လူသားတစ်ယောက်မဟုတ်သည်က သေချာနေသဖြင့် အောင်ကြီးဇောချွေးပြန်လာခဲ့လေပြီ။ ထိုအချိန်မှာပင် အလွန်ဆိုးရွားသည့် အပုပ်နံ့က နှာခေါင်းထဲသို့တိုးဝင်လာပြီး လက်တစ်ကမ်းတွင် ရုတ်တရက်ပေါ်လာသည့်ရန်သူကိုမြင်လိုက်ရသည့်အခိုက် အောင်ကြီးတစ်ယောက် ဆံပင်မွေးများထောင်ထသွားလေတော့သည်။ ခန္တာကိုယ်တစ်ခုလုံး ဖူးယောင်ပုပ်ပွနေပြီး မျက်နှာပေါ်မှ အရေပြားများပဲ့ကျနေ သည့်သူသည် လူသားတစ်ယောက်မဟုတ်ဘဲ နာနာဘာဝတစ်ကောင်မှန်းသိလိုက်ရသည့်အခါ ထွက်ပြေးလေတော့သည်။
“ဘုံး......”
“အောင်မလေးဗျ.....”
ထိုနေရာမှ အမြန်ထွက်ပြေးစဉ် နောက်ကျောကိုဆောင့်တွန်းခြင်းခံလိုက်ရသဖြင့် မှောက်လျက်လဲကျသွားကာ ကျောပိုးအိတ်လည်း လွင့်စင်ထွက်သွားလေသည်။
“အ....အ........”
ရင်ဘတ်နှင့်မြေကြီးတို့ဆောင့်မိသည့်အတွက် ရင်ဘတ်တစ်ခုလုံး နာကျင်နေသည့်အပြင် အလွန်လေးလံသည့်အရာဖြင့် ကိုယ်ပေါ်သို့တက်ဖိထားသကဲ့သို့ခံစားနေရသဖြင့် အသက်ရှုမွန်းကျပ်နေသည်။ ထိုအချိန်မှာပင် ကျောပိုးအိတ်ထဲမှလွင်ါစင်ထွက်သွားသည့် ကင် မရာမှ မီးတဖျပ်ဖျပ်ပွင့်ကာ ဓာတ်ပုံရိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ချပ်....”
“ချပ်.....”
“အ.....အ...........”
အော်ဟစ်အကူအညီတောင်းရန်ကလည်း အနီးအနားတွင် လူသူဟူ၍မရှိသဖြင့် အောင်ကြီးတစ်ယောက် ကြောက်ရွံ့အားငယ်လာခဲ့သည်။ ယခုအတိုင်းဆိုပါက အသက်အန္တရာယ်အတွက်စိုးရိမ်စရာဖြစ်နေခဲ့ပြီမို့ အတင်းရုန်းကန်ကာ ကိုယ်ကိုတစ်ပတ်လှိမ့်လိုက်လေ သည်။ ထိုအခါမှ ကိုယ်ပေါ်သို့ဖိထားခြင်းခံနေရာမှလွတ်မြောက်ခဲ့လေသည်။ အသက်ကိုပြင်းပြင်းရှုလိုက်ပြီး လဲကျနေမှထိုင်လိုက်သည့်အခါ မလှမ်းမကမ်းတွင်ရပ်နေသည့် လူတစ်ယောက်ကိုမြင်တွေ့လိုက်ရသည်။ ထိုသူသည် သာမန်လူသားတစ်ယောက်မဟုတ်ဘဲ နာနာ ဘာဝတစ်ယောက်ဖြစ်ကြောင်း အောင်ကြီးသဘောပေါက်လိုက်သည်။ ထိုနေရာမှအမြန်ထွက်ပြေးရန်ပြင်လိုက်သည့်အချိန်တွင် ထိုသူလည်းတဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။ နာနာဘာဝပျောက်ကွယ်သွားသည်နှင့် ကင်မရာနှင့်ကျောပိုးအိတ်ကို အမြန်ကောက် ယူလိုက်ပြီး ရပ်ကွက်အတွင်းသို့ ရန်အောင်မြင်လမ်းအတိုင်း အားကုန်ပြေးလေတော့သည်။
-----------------------------
ဦးစောလှဖေပျောက်ဆုံးနေသည်မှာ ငါးရက်ကျော်ခဲ့လေပြီ။ ဦးစောလှဖေ၏မိသားစုများလည်း သတင်းအစအနမရသည့်အဆုံး ရဲစခန်းတွင်လူပျောက်တိုင်ထားလိုက်ကြသည်။ ဦးတင်ညွန့်တို့လည်း ဦးစောလှဖေ ဆင်ကူးရွာမှပြန်သွားပြီး အိမ်ပြန်မရောက်ဘဲ ပျောက် ဆုံးနေကြောင်း သတင်းကြားကတည်းက လိုက်လံရှာဖွေကြသော်လည်း ချောက်ကမ်းပါးများနှင့်သစ်တောများထဲအထိတော့ ရှာဖွေခြင်းမပြုလုပ်နိုင်ခဲ့ကြပေ။
“အဖေ….ကျွန်တော်တို့ မင်္ဂလာဆောင်ပုံတွေဘယ်လိုလုပ်မလဲ”
“မင်းကလည်းကွာ….လူတစ်ယောက်လုံးပျောက်နေလို့ စိတ်ပူနေကြတဲ့အထဲ”
“ကျွန်တော်က အဲဒီလောက်မဟုတ်ပါဘူးအဖေရာ။ အဖေ့သမီးက တစ်သက်မှာတစ်ခါပဲဆောင်ရတဲ့မင်္ဂလာဆောင်ပုံတွေမရသေးလို့တဲ့”
“မင်္ဂလာဆောင်ပုံတွေထက် လူတစ်ယောက်အသက်က အရေးကြီးနေတယ်လို့ မင်းမိန်းမကိုပြောလိုက်။ ငါတို့ဆီကပြန်သွားပြီးအိမ်ပြန်မရောက်ဘဲပျောက်နေတဲ့အတွက် ငါတို့မှာလည်းတာဝန်ရှိတယ် ”
“ဦးစောက ချောက်ထဲများကျသွားလားမသိဘူး”
“ငါလည်း အဲဒီလိုပဲထင်တယ်။ ငါတို့လည်း ချောက်တွေထဲအထိဆင်းပြီးမရှာနိုင်ဘူး။ ဆိုင်ကယ်တစ်ခုခုခုဖြစ်ပြီး ချောက်ထဲများကျသွားသလား။ ချောက်ထဲကျပြီးသေသွားခဲ့ရင်လည်း အခုလောက်ဆို တောကောင်တွေစားတာနဲ့ အရိုးတောင်ကျန်မှာမဟုတ်တော့ဘူး”
“ဦးစောရဲ့ဆိုင်ကယ်က DT ကြီးအဖေရ။ တောင်တက်တောင်ဆင်းအရမ်းကောင်းတာ”
“DTမကလို့ DTရဲ့ဘိုးအေဖြစ်ဖြစ်ပါကွာ။ စက်ပစ္စည်းဆိုတာ ပြောလို့ရတာမဟုတ်ဘူး”
“သူ့မိသားစုက လိုက်မရှာကြဘူးလား”
“မရှာဘဲနေပါ့မလားကွ။ လူပျောက်တောင်တိုင်ထားပြီးပြီတဲ့။ ငါလည်း သူ့မိန်းမဆီသွားတွေ့မလို့ပဲ။ မအားတာနဲ့မသွားနိုင်သေးဘူး”
“ချောက်ထဲကျသွားရင်တော့ အရိုးတစ်ခြား အသားတစ်ခြားဖြစ်မှာပဲ”
“ငါကတော့ အသက်ရှင်လျက်ရှိနေလိမ့်မယ်လို့မထင်တော့ဘူးကွာ။ ကိုစောက အသောက်အစားရော မိန်းမရောကင်းရှင်းတဲ့သူ။ အေးအေးဆေးဆေးသမား”
“ဟုတ်တယ်အဖေ။ မြို့က ကျဉ်းကျဉ်းလေးရယ်။ မြို့ပြင်ထွက်သွားရင်လည်း တစ်ယောက်မဟုတ်တစ်ယောက်တော့ တွေ့ကြမှာပဲ”
“ကံစီမံရာပေါ့ကွာ။ ငါခေါ်လို့ ဓာတ်ပုံလာရိုက်ပေးရတာဆိုတော့ ငါလည်းစိတ်မကောင်းဘူး”
“ကျွန်တော်လည်း သတင်းစုံစမ်းကြည့်ပါဦးမယ်။ ပေါင်းသတ်တဲ့သူတွေကိုလည်းမှာထားလိုက်မယ်အဖေ”
“တတ်နိုင်သလောက်တော့ ကူညီပေးရမှာပေါ့ကွာ”
-----------------------------
“အောင်ကြီး....။ ဘယ်လိုဖြစ်တာလဲ။ အရက်နာကျနေတာလား။ ပရုပ်ဆီနံ့က ထောင်းထောင်းထနေတာပဲ”
လူတစ်ယောက်နှင့်အတူ အိမ်ပေါ်တက်လာသည့် တင်ထွန်းက ဖျာပေါ်တွင်လှဲလျောင်းနေသည့် အောင်ကြီးကိုမေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူးကွာ...။ ရင်ဘတ်အောင့်လို့ ပရုပ်ဆီလိမ်းထားတာ”
“အစ်မရော”
“မင်းအစ်မစန်းစန်းမြင့်က ဘူတာဘက်ခဏသွားတယ်။ ထိုင်ကြကွာ”
“ငါ့အသိ ဓာတ်ပုံဆရာခေါ်လာတယ်။ ကင်မရာပြလိုက်ဦး”
“အေး....အေး....၊ အား...ကျွတ်..ကျွတ်...ကျွတ်...”
“တိုက်ပွဲကျသွားပြီလား အောင်ကြီး”
လှဲနေရာမှ အသာထရင်း ညည်းညူနေသည့်အောင်ကြီးကို တင်ထွန်းက ရယ်ကြဲကြဲဖြင့် လှမ်းမေးလိုက်သည်။
“မင်းအမေလင်။ ရင်ဘတ်အောင့်နေလို့ကွ”
“ဟေ...ဘယ်လိုဖြစ်တာလဲ”
“ချောလဲတာ”
“မူးြီးလဲတာနေမှာပေါ့။ တစ်လုံးခွဲဖြစ်သွားတာကိုး”
“တော်စမ်းပါကွာ။ တင်ထွန်း......ဟိုဗီရိုပေါ်က ကျောပိုးအိတ်ထဲမှာ ကင်မရာရှိတယ်။ သွားယူပြီးပြလိုက်ကွာ”
“အေး...အေး...မင်းဟာမင်း နေသာသလိုနေကွာ။ ငါပဲ ယူပြလိုက်မယ်”
တင်ထွန်းက ဗီရိုပေါ်မှ ကျောပိုးအိတ်ကိုယူလိုက်ပြီး ကင်မရာကိုထုတ်ကာ အတူပါလာသည့် ဓာတ်ပုံဆရာကို ပေးလိုက်သည်။
“တစ်ချက်ကြည့်ပြီး ဈေးဖြတ်ပေးပါဦး ကိုလှဝင်း”
ကိုလှဝင်းဆိုသည့် ဓာတ်ပုံဆရာက ကင်မရာကိုအသေအချာကြည့်ရှပြီး အောင်ကြီးကိုမေးလိုက်သည်။
“ခင်ဗျားက ဓာတ်ပုံဆရာလားဗျ။ ရိုက်ထားတဲ့ဓာတ်ပုံတွေက လက်ရာအပတော်ကောင်းတယ်။ ဘယ်ကမင်္ဂလာဆောင်မှာရိုက်ထားတာလဲ”
“ဗျာ......”
ဓာတ်ပုံဆရာမေးလိုက်သည့်မေးခွန်းကြောင့် အောင်ကြီးမျက်နှာပျက်သွားလေသည်။
“အောက်ဒိုးရိုက်ထားတာ တော်တော်ကောင်းတယ်ဗျာ။ Portrait ရိုက်ထားတဲ့လက်ရာတွေက ဆရာကျလွန်းတယ်”
“ဟုတ်...ဟုတ်ကဲ့”
“ဝယ်ထားတာ ကြာပြီလား”
“မကြာသေး..အဲ....ကြာ..ကြာပြီဗျ”
“ဝယ်ထားတာ ကြာပြီသာဆိုတယ် ကောင်တာကနည်းနေသေးတယ်။ ပုံတွေသိပ်မရိုက်ဖြစ်ဖူးထင်တယ်။ Canon Mark II ကို ကျွန်တော်တောင် မကိုင်နိုင်သေးဘူး။ Full frame Pro camera တွေထဲမှာတော့ ကန်နွန်မာ့ခ်တူးကိုကြိုက်တယ်ဗျာ။ ဘော်ဒီထောင့်မှာ ပွန်းရာနည်းနည်းရှိတယ်။ lens ထိပ်မှာလည်း နည်းနည်းနာနေတယ်ဗျ”
ဓာတ်ပုံဆရာပြောသမျှကို နားမလည်သဖြင့်ခေါင်းညိမ့်နေရသော်လည်း စိတ်ထဲတွင်မလုံမလဲဖြစ်နေလေသည်။
“ဘော်ဒီပဲရောင်းမှာလား။ Lens ရောပါသေးလား”
“ဗျာ......ဘာ..ဘာပြောတာလဲ”
ဓာတ်ပုံဆရာကိုလှဝင်းက ကင်မရာကိုတစ်လှည့် အောင်ကြီးကိုတစ်လှည့်ကြည့်ပြီး မျက်မှောင်ကုတ်သွားလေသည်။
“ဒီကင်မရာက ခင်ဗျားရဲ့ကင်မရာလား”
“မ...မဟုတ်ပါဘူး။ အ..အသိတစ်ယောက်က ရောင်းခိုင်းထားတာပါ”
“ဪ....။ ကျွန်တော်တော့ ဈေးမဖြတ်တတ်ဘူး။ ကျွန်တော့်ဆရာတစ်ယောက်ကို ပြကြည့်ပေးမယ်။ အသစ်နဲ့ Second hand က ဈေးကွာတယ်။ ခင်ဗျားလည်း သဘောပေါက်မှာပါ။ ဒီလိုကင်မရာမျိုးက ဓာတ်ပုံသမားတွေလောက်ပဲကိုင်ကြဘူး။ lens မှာ Fungus (မှို) မရှိဘူး။ Shutter လည်းကောင်းကောင်းအလုပ်လုပ်တယ်။ Body နဲ့ Lens မှာနည်းနည်းထိထားတယ်ဗျ၊ လွတ်ကျထားတာလား”
“ဟုတ်..ဟုတ်တယ်။ ချော်လဲပြီးလွတ်ကျထားတာ”
“အနာနည်းနည်းရှိနေတော့ ခင်ဗျားလိုချင်တဲ့ဈေးရမှာတော့မဟုတ်ဘူး။ ကျွန်တော်လည်း ဈေးပြောရခက်နေတယ်။ လိုချင်တဲ့သူနဲ့တိုက်ရိုက်တွေ့ရင်တော့ ပိုကောင်းမယ်။ ကျွန်တော် ပြန်လိုက်ဦးမယ်။ ဝယ်မယ့်သူရှိရင် ခေါ်လာခဲ့မယ်နော်။ ခင်ဗျားလည်း ဈေးစုံစမ်း ထားကြည့်ပေါ့”
“ဟုတ်ကဲ့”
“ကျွန်တော် လိုက်မပို့တော့ဘူး ကိုလှဝင်း”
“ရတယ် တင်ထွန်း။ ကိုယ်လည်း ဝင်စရာရှိသေးတယ်။ သွားလိုက်ဦးမယ်”
“ဟုတ်ကဲ့........”
ဓာတ်ပုံဆရာ ကိုလှဝင်း ပြန်သွားသည့်အခါ တင်ထွန်းက ကင်မရာကို အသေအချာကြည့်နေလေသည်။
“ဘာတွေလုပ်နေတာလဲ တင်ထွန်း။ ပျက်သွားဦးမယ်”
“ပုံတွေကြည့်နေတာကွ”
“မင်းက နားလည်လို့လား”
“ကိုလှဝင်းလုပ်တာ ကြည့်ထားတယ်လေ”
တင်ထွန်းက ဓာတ်ပုံများကို တစ်ပုံချင်းစီကြည့်နေရာမှ တစ်နေရာသို့အရောက်တွင် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
“ဟာ.......”
“ဘာဖြစ်တာလဲ တင်ထွန်း”
“အောင်.....အောင်ကြီး....။ ဒီ....ဒီမှာကြည့်...”
တင်ထွန်းက အောင်ကြီးထံသို့ကင်မရာယူလာပြီး ပြလိုက်သည်။ မှောက်လျက်လဲနေသည့်အောင်ကြီး၏ကိုယ်ပေါ်တွင် လူတစ်ယောက်ရပ်နေသည့် သဏ္ဌာန်တစ်ခုကို ရိုက်ကူးထားသည့်ပုံထဲတွင်မြင်တွေ့လိုက်ရသည်။ ထိုလူအရိပ်၏နီရဲနေသည့်မျက်လုံးများကို ကင် မရာမီးရောင် (Camera flash light )ဖြင့် ထင်ထင်ရှားရှားမြင်တွေ့နေရသည်။
“အဲ...အဲဒါ မင်းမဟုတ်လား”
“ဟင်..........”
“မင်းကျောပေါ်မှာရပ်နေတဲ့ဟာကဘာကြီးလဲ”
တင်ထွန်းမေးသည့်မေးခွန်းကိုဖြေဆိုဖို့အတွက် အောင်ကြီးအခက်တွေ့နေသည်။
“ငါ..ငါလညျး မသိဘူးကှ”
“ဟုတ်လို့လား”
“ဟုတ်တယ်။ မင်းဆီကနေ မူးမူးနဲ့ပြန်သွားတာ ငါ့နောက်ကနေ လူတစ်ယောက်ကပ်လိုက်လာတယ်။ သတိထားနေတဲ့ကြားက ငါ့နောက်ကျောကိုဆောင့်တွန်းလိုက်လို့ မှောက်လျက်လဲကျသွားတယ်ကွ။ သူက ငါ့အပေါ်တက်ဖိထားလို့ အတင်းရုန်းပြီးထွက်ပြေးလာ ခဲ့တာ”
“လူလား”
“လူမဟုတ်ဘူး၊ သရဲကွ။ ဓားနဲ့ထိုးလိုက်တာနဲ့ ချက်ချင်းပျောက်သွားတယ်”
“ဒါဆို ဒီဓာတ်ပုံကို ဘယ်သူရိုက်တာလဲ”
“ငါပြောရင် မင်းယုံမှာမဟုတ်ဘူး။ ငါလဲကျသွားတဲ့အချိန်မှာ ကျောပိုးအိတ်လည်းလွင့်သွားတယ်။ ကင်မရာက ကျောပိုးအိတ်ထဲကနေ ဘယ်လိုကနေဘယ်လိုထွက်သွားသလဲမသိဘူး။ ကင်မရာမီးတွေလက်သွားတာပဲသိတယ်။ ဓာတ်ပုံရိုက်မှန်းမသိဘူးကွ”
တင်ထွန်းက အောင်ကြီးမျက်နှာကို အသေအချာစိုက်ကြည့်နေသည်။
“မင်းက ငါပြောတာကိုမယုံလို့လား”
“မယုံစရာတော့မရှိပါဘူး။ ဘယ်လိုဖြစ်တာလဲလို့ စဉ်းစားနေတာ”
တင်ထွန်ူက အောင်ကြီးကိုပြောဆိုပြီး ကင်မရာထဲမှပုံများကို ဆက်ပြီးကြည့်ရှုနေသည်။
“ဟာ......”
တင်ထွန်းက ကင်မရာထဲမှဓာတ်ပုံကိုကြည့်ပြီး အထိတ်တလန့်ဖြစ်သွားသဖြင့် အောင်ကြီးလည်း လန့်သွားလေသည်။
“ဘာဖြစ်ပြန်တာလဲ ဟေ့ကောင်”
“ဒီမှာကြည့်ဦး.....”
“ဟမျ..........”
ကျောကုန်းပေါ်တွင်ရပ်နေသူကို ထင်ထင်ရှားရှားမြင်တွေ့လိုက်ရသဖြင့် အောင်ကြီးမျက်လုံးပြူးသွားသည်။ ကျောကုန်းပေါ်တွင်ရပ်နေသူသည် အသက်ငါးဆယ်ကျော်ခန့်ရှိမည့် အမျိုးသားတစ်ဦးဖြစ်ပြီး မျက်နှာပေါ်မှအရေပြားများစုတ်ပြဲနေသည်။ ခန္တာကိုယ်က ဖော ယောင်ဖောင်းကားနေသည်။
“အောင်ကြီး။ သူ့ကိုသိလား”
“မသိဘူး”
“မင်းကျောကုန်းပေါ်ရပ်နေတာ သရဲဆိုတာဖြစ်နိုင်ကွ။ သူ့ကိုယ်လုံးကို အသေအချာကြည့်။ မင်းနဲ့မတူဘူး တွေ့လား။ သူက မီးခိုးငွေ့လိုဖြစ်နေပြီး နောက်ကအရာတွေကိုဖောက်မြင်နေရတယ်”
အောင်ကြီးက ကင်မရာထဲမှပုံကိုအသေအချာကြည့်ပြီး ကျောထဲစိမ့်ကနဲဖြစ်သွားသည်။ ထိုသူသည် ဆင်ကူးရွာ မင်္ဂလာဆောင်မှဓာတ်ပုံရိုက်ပြီးပြန်လာသည့် ဓာတ်ပုံဆရာမှန်း အောင်ကြီးသိလိုက်လေပြီ။
“ငါလည်းအဲဒါကြောင့် ထွက်ပြေးခဲ့တာပေါ့ကွ”
“ငါ့ကို အမှန်အတိုင်းပြောပြကွာ။ ဘယ်သူမှမပြောဘူး။ စိတ်ချ”
“ဘာကိုပြောပြရမှာလဲ”
“ဒီကင်မရာ ဘယ်ကရလာတယ်ဆိုတာ ပြောပြခိုင်းတာ”
“မင်းက ဘာလို့သိချင်ရတာလဲ”
“မင်းနဲ့ငါက ယောက်ဖတွေပါကွာ။ မင်းပြောပြထားရင် ငါလည်းကူညီပေးလို့ရတာပေါ့”
“နေစမ်းပါဦး၊ မင်းက ဘာဖြစ်လို့ငါ့ကို လာအစ်နေရတာလဲ”
“ကိုလှဝင်းမေးတုန်းက မင်းမျက်နှာကို အသေအချာကြည့်နေတာ။ မင်း အမူအရာပျက်နေတာ ငါသိတယ်အောင်ကြီး။ ငါ ဘယ်သူ့မှမပြောဘူး၊ စိတ်ချ”
“အဲဒီကင်မရာကို ခိုးလာတာကွာ။ ဟုတ်ပြီလား”
“အဲဒီလိုလုပ်စမ်းပါ ယောက်ဖရာ။ ငါဘယ်သူ့ကိုမှ မပြောပါဘူး”
တင်ထွန်းနှင့် မည်မျှပင်ရင်းနှီးခင်မင်စေကာမူ အမှန်အတိုင်းပြောဆိုဖို့မဖြစ်နိုင်ပေ။ မပြောပါကလည်းပြီးမည်မဟုတ်သဖြင့် ကင်မရာကိုခိုးယူလာခဲ့သည်ဟု လိမ်ညာပြောဆိုလိုက်သည်ကမှတော်ဦးမည်ဟုသဘောပိုက်ကာ လိမ်ပြောလိုက်ရလေသည်။
“ကင်မရာထဲကပုံတွေဖျက်တတ်လား တင်ထွန်း”
“မဖျက်တတ်ဘူးကွ”
“ဟိုဓာတ်ပုံဆရာတွေ့သွားသေးလားမသိဘူး”
“မတွေ့ပါဘူး။ သူ့ဘေးကနေ ငါရပ်ကြည့်နေတာပဲဟာ”
“တော်သေးတာပေါ့ကွာ”
“ဒီကင်မရာကို ဘယ်လိုလုပ်မလဲ အောင်ကြီး”
“ရတဲ့ဈေးနဲ့ရောင်းလိုက်တော့ကွာ။ အထဲကပုံတွေကိုဖျက်ချင်တယ်”
“ငါလည်း မလုပ်တတ်ဘူး။ ကိုလှဝင်းကိုပဲ ဖျက်ခိုင်းလိုက်ရမလား”
“ဖျက်ခိုင်းရင် သူသိသွားမှာပေါ့ကွ”
“သိတော့ဘာအရေးလဲ။ အတမင်ရိုက်ထားတာလို့ပြောလိုက်ရုံပေါ့။ ကိုလှဝင်းက စပ်စပ်စုစုလုပ်တတ်တဲ့သူမဟုတ်ပါဘူးကွာ”
“ငါတို့က ဘာမှနားမလည်တော့ အဲဒီလူကိုပဲ ဖျက်ခိုင်းလိုက်ကွာ”
“မင်းအလုပ်ကိုပြန်မသွားတော့ဘူးလား”
“မသွားချင်တော့လို့ကွာ”
“မင်းအလုပ်မဆင်းတာ ရက်ကြာရင် အလုပ်ရှင်က ဘာမှမပေါဘူးလား။ တော်ကြာအပြစ်ပေးနေဦးမယ်ဟေ့ကောင်။ အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်ဘူးနော်”
တင်ထွန်းပြောမှ အောင်ကြီးသတိထားမိလိုက်သည်။ သစ်ခိုးခုတ်သည့်အလုပ်သည် ဥပဒေနှင့်မကင်းလွတ်သည့်အလုပ်ဖြစ်နေသဖြင့် လုပ်ငန်းခွင်မှအလုပ်သမားတစ်ယောက် မပြောမဆိုဖြင့် ရုတ်တရက်ပျောက်သွားခဲ့ပါက ထိုသူကိုအသည်းအသန်ရှာဖွေကြသည်။ ထို သို့ အသည်းအသန်လိုက်ရှာရခြင်းက သစ္စာဖောက်မည်စိုးသောကြောင့်ဖြစ်ပေသည်။ လုပ်ကွက်သိနေသည့် ထိုအလုပ်သမားသာ သစ္စာဖောက်ခဲ့ပါက တစ်ဖွဲလုံးဒုက္ခရောက်သွားနိုင်သည်။ ထို့ကြောင့်လည်း သူစိမ်းများကို ဝင်ရောက်လုပ်ကိုင်ခွင့်မပေးဘဲ ပတ်သက်ရာပတ်သက် ကြောင်းနှင့် ယုံကြည်စိတ်ချရသူထံမှစေလွှတ်သည့်အလုပ်သမားများကိုသာ လက်ခံသည်။ အကြောင်းတစ်စုံတစ်ခုပြောဆိုခဲ့ခြင်းမရှီဘဲ လုပ်ငန်းခွင်မှထွက်လာခဲ့သည်မှာ ရက်အတော်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် လိုက်ရှာနေကြတော့မည်ဖြစ်ကြောင်း အောင်ကြီးတွေးလိုက်မိ သည်။ ထိုအလုပ်ရရှိရန်အာမခံပေးသူသည် နာမည်ကျော်လူမိုက်တစ်ယောက်ဖြစ်ပြီး နာမည်ကျော်တန်းစီးတစ်ယောက်လည်းဖြစ်ပေသည်။ တပည့်တပန်းပေါများသူဖြစ်သည့်အတွက် ထောင်ထဲတွင်ပြဿနာတက်ခဲ့သူကို ထောင်မှလွတ်သည်နှင့် သေရွာသို့ပို့ဆောင်ပေးတတ်သူ ဖြစ်ကြောင်း အောင်ကြီးသိထားခဲ့သည်။ တစ်စုံတစ်ရာအကြောင်းပြချက်မရှိဘဲ မိမိသဘောအလျောက် လုပ်ငန်းခွင်မှထွက်သွားခြင်းသည် လုပ်ငန်းကိုလာရောက်ထောက်လှမ်းသူဟုယူဆပြီး လက်စဖျောက်ပစ်တတ်ကြသည်။
“အေး…မင်းပြောမှ သတိရတယ်။ ငါ့ကို လိုက်ရှာနေလောက်ပြီ။ မသွားလို့မဖြစ်ဘူးကွ”
“ငါပြောသားပဲ။ ဆက်မလုပ်ချင်ရင်လည်း အကျိုးအကြောင်းပြောပြီးထွက်လာခဲ့ပေါ့ကွာ”
“မနက်ဖြန် အလုပ်ကိုပြန်သွားမယ်”
“ကင်မရာကို ဘယ်လိုလုပ်မှာလဲ”
“မင်းဆီမှာထားခဲ့မယ်။ ရတဲ့ဈေးနဲ့ရောင်းလိုက်ကွာ။ ပုံတွေတော့ဖျက်လိုက်ဦးတင်ထွန်း”
“အေးပါ။ ဒါဆို ကင်မရာကို ငါယူသွားတော့မယ်”
“ယူသွားလိုက်”
“ဒီနေ့ညနေ သောက်ကြဦးမလား”
“ရင်ဘတ်နာနေတာ သက်သာသွားအောင် နည်းနည်းပါးပါးတော့သောက်မယ်ကွာ”
“ညနေခြောက်နာရီလောက်လာခဲ့မယ်။ အိမ်ကပဲစောင့်နေ”
“အေး…စောင့်နေမယ်”
-----------------------------
မှိုင်းညို့နေသည့် ပဲခူးရိုးမကြီးကိုကြည့်ကာ အောင်ကြီးတစ်ယောက် စိတ်ထဲလေးလံနေသည်။ မလာချင်ပေမယ့် မဖြစ်မနေလာခဲ့ရလေပြီ။ အချိန်မီလာရောက်နိုင်ခဲ့ခြင်းက အောင်ကြီးအတွက်ကံကောင်းခဲ့သည်။ လုပ်ငန်းခွင်မှ ရတ်ုတရက်ပျောက်ဆုံးသွားသောကြောင့် အပူတပြင်းစုံစမ်းနေကြကြောင်းသိလိုက်ရသည်။ ရမည်းသင်းတွင်ရှိနေကြောင်းသိရသဖြင့် လူလွှတ်ပြီးခေါ်ရန်စီစဉ်နေကြောင်းကြားလိုက်ရသည့်အခါ အောင်ကြီး ကြက်သီးထသွားလေသည်။ လူလွှတ်ပြီးခေါ်သည်ဆိုခြင်းမှာ လူကိုခေါ်ခြင်းမဟုတ်ဘဲ ဝိညာဉ်ကိုနှုတ်ပြီးခေါ်ခိုင်း ခြင်းဖြစ်ပေသည်။
“မင်းကိုလိုက်ရှာနေကြတာ”
“ကျွန်တော်လည်း မိန်းမအသည်းအသန်ဖြစ်နေလို့ အမြန်ပြန်သွားရတာပါ ကိုတူး”
“ဟုတ်လား။ မင်းမိန်းမအသည်းအသန်ဖြစ်နေတယ်ဆိုတာ ဘယ်သူကလာပြောတာလဲ”
“အဲ....အဲဒါ...ဟို....ဆင်ကူးက မင်္ဂလာဆောင်ကိုသွားရင်း အသိတစ်ယောက်နဲ့တွေ့တယ်။ သူပြောလို့သိရတာနဲ့ ချက်ချင်းလိုက်သွားခဲ့တာ”
“မင်းကို ဆရာစော ဒေါကန်နေတယ်ကွ”
“ဆရာ့ကို ကျွန်တော်တောင်းပန်လိုက်ပါ့မယ်”
“မင်းကို ထောက်ခံပေးတဲ့ ခေါင်းကြီးက ဆရာစောရဲ့တပည့်ကွ”
“ဟုတ်ကဲ့။ ကျွန်တော် သိပါတယ်”
“သိရင်လည်းပြီရော။ ငါတို့ တောင်ပေါ်တက်ကြမယ်”
“အခုလား”
“အခုမတက်ဘဲ နောက်နေ့မှတက်ရင် မင်းရောငါရော နောက်နေ့နေထွက်တာမြင်ရမှာမဟုတ်ဘူး ဟေ့ကောင်။ နေမဝင်ခင် တောင်ပေါ်ရောက်မှဖြစ်မယ်”
“ဟုတ်......ဟုတ်ကဲ့”
“သွားကြမယ်ဟေ့ကောင်။ ဆိုင်ကယ်ပေါ်တက်တော့”
အလုပ်သမားခေါင်းဆောင် ကိုတူးဆိုသူက ဆိုင်ကယ်ပေါ်သို့တက်ခိုင်းနေသဖြင့် DT ဆိုင်ကယ်နောက်တွင်ခွထိုင်လိုက်သည်နှင့် လေးညှို့မှပစ်လွှတ်လိုက်သည့်မြားတစ်စင်းလို အရှိန်ပြင်းစွာဖြင့် ပဲခူးရိုးမကြီးဆီသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။
-----------------------------
ညနေစောင်းချိန်မို့ တောင်ပါ်သို့တက်လာကတည်းက အေးစိမ့်စိမ့်ဖြစ်လာသည်။ တောင်ပေါ်သို့ ရုန်းကန်တက်နေသည့် DT ဆိုင်ကယ်သံက တောတောင်များကိုရိုက်ခတ်ကာ ပဲ့တင်ထပ်နေသည်။ တစ်တောင်တက် တစ်တောင်ဆင်းရင်း အကွေ့အဝိုက်များကို အရှိန်မ လျှော့ဘဲ ကွေ့လိုက်သည့်အခါတိုင်း ဘေးမှချောက်ကိုကြည့်ကာ အောင်ကြီး အသည်းတလှပ်လှပ်ဖြစ်နေလေသည်။ မည်မျှပင် ကျွမ်းကျင်စွာမောင်းနှင်နိုင်သည်ဆိုသော်ငြား မိမိကိုယ်တိုင်မောင်းနှင်ရသည်လောက် စိတ်မချပေ။
“ဟေ့ကောင်...ပခုံးကို ညှစ်မထားနဲ့လေ”
“ဟုတ်ကဲ့...ဟုတ်ကဲ့”
“ကြောက်နေပြီလား အောင်ကြီး”
“ကွေ့တွေကို အရှိန်နဲ့ကွေ့ရင် အသည်းယားလို့ပါ”
“ချောက်ထဲကျမှာစိုးလို့လား”
“ဟုတ်ကဲ့....”
“ဟား...ဟား...ဟား....”
ဆူညံနေသည့်ဆိုင်ကယ်သံကိုဖုံးလွှမ်းသွားသည်အထိ ကိုတူးဆိုသူ၏ အားရပါးရရယ်မောလိုက်သံက အောင်ကြီး၏ရင်ထဲတွင် တစ်မျိုးတစ်ဖုံဖြစ်သွားစေခဲ့သည်။ မကြာမီ ဓာတ်ပုံဆရာကိုသတ်ဖြတ်ခဲ့သည့်နေရာသို့ရောက်တော့မည်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ အောင်ကြီး၏ခန္တာကိုယ်တစ်ခုလုံး တောင့်တင်းသွားလေသည်။ ခဏအကြာတွင် ဆိုင်ကယ်ရပ်တန့်သွားပြီး ကိုတူးဆိုသူက ဆိုင်ကယ်ကို ဒေါက်ထောက်လိုက်သည်။
“ဆင်းတော့ ဟေ့ကောင်”
“ဗျာ......”
“ဆင်းလို့ပြောနေတယ်လေ”
ကိုတူးဆိုသူ၏အသံက မာထန်ပြီးအမိန့်သံပါနေသဖြင့် အန္တရာယ်အငွေ့အသက်ကိုရလိုက်လေပြီ။ ဆိုင်ကယ်ပေါ်မှဖြည်းဖြည်းချင်းဆင်းရင်း ကျောနောက်ဘက် ဘောင်းဘီကြားတွင်ထိုးထားသည့် ဓားမြှောင်ကို မသိမသာစမ်းလိုက်သည်။
“တီ...တီ...တီတီတီ....”
“တီ...တီ...”
ကိုတူးဆိုသူက အချက်ပေးသည့်အနေဖြင့်ဆိုင်ကယ်ဟွန်းကို တီးလိုက်သည့်အချိနတွင် တောင်ပေါ်မှ ဆိုင်ကယ်ဟွန်းသံနှင့်အတူ စက်နှိုးသံကို တစ်ဆက်တည်းကြားလိုက်ရလေသည်။
“ကိုတူး.......ဆိုင်ကယ်ကို ဘာဖြစ်လို့ရပ်တာလဲ”
“ခဏလေးပါကွာ။ မင်းသိချင်တာ မကြာခင်သိရပါ့မယ်”
“ကျွန်တော့်ကို ဘာလုပ်မလို့လဲဗျ”
“ဟေ့ကောင်.....မင်းသိချင်တာ အကုန်သိရမယ်။ စကားများမနေနဲ့”
အခြေအနေမကောင်းတော့ကြောင်း သဘောပေါက်လိုက်သဖြင့် လက်ကိုနောက်သို့ပစ်ကာ ဓားမြှောင်ပေါ်သို့လက်တင်ထားရင်း သတိဖြင့်စောင့်ကြည့်နေလိုက်သည်။ မကြာခင်မှာပင် တောင်ပေါ်မှဆင်းလာသည့် DT ဆိုင်ကယ်နှင့်အတူ ဆရာစောကို မြင်တွေ့လိုက်ရ သည်။ ဆရာစောက ဆိုင်ကယ်ကို ခပ်လှမ်းလှမ်းတွင်ရပ်လိုက်ပြီး အောင်ကြီးတို့ထံသို့ အေးအေးလူလူလျှောက်လာလေသည်။
“ဟေ့ကောင်......၊ ပြေးမယ့်ပြေးရင်လည်း နိုင်ငံခြားအထိပြေးစမ်းပါကွာ။ နိုင်ငံခြားဆိုတာတောင် တရုတ်ပြည်နဲ့ ယိုးဒယားမပါဘူးနော်”
“ကျွန်,,,,ကျွန်တော် ထွက်ပြေးတာမဟုတ်ပါဘူး။ ကျွန်တော့်မိန်းမ အသည်းအသန်ဖြစ်နေလို့ ခဏပြန်သွားတာပါ”
“ မင်းက အတော်လာတဲ့ကောင်ပါလား။ ငါစီးလာတဲ့ဆိုင်ကယ်ကိုကြည့်စမ်းဟေ့ကောင်။ ဘယ်သူ့ဆိုင်ကယ်လဲဆိုတာ ကြည့်စမ်း။ သွားကြည့်စမ်းပါ ”
အောင်ကြီးက ဆိုင်ကယ်ရှိရာသို့သွားမကြည့်ဘဲ အဝေးမှလှမ်းကြည့်နေသဖြင့် ဆရာစောက လက်မောင်းကိုဆွဲကာ တွန်းလွှတ်လိုက်သည်။ ဆရာစောကို မလွန်ဆန်ရဲသဖြင့် ဆိုင်ကယ်ရပ်ထားရာသို့သွားကြည့်သည့်အခါ အောင်ကြီး၏ခန္တာကိုယ်တစ်ခုလုံး တောင့် တင်းသွားပြီး အသက်ရှုရပ်တန့်သွားသည်အထိဖြစ်သွားခဲ့လေသည်။
“ဟေ့ကောင်......အဲဒါ ဘယ်သူ့ဆိုင်ကယ်လဲ”
ထိုဆိုင်ကယ်သည် ဓာတ်ပုံဆရာ၏ဆိုင်ကယ်ဖြစ်ကြောင်း အောင်ကြီးသိပေသည်။
“ငါမေးနေတယ်လေ.....အဲဒါ ဘယ်သူ့ဆိုင်ကယ်လဲ”
“ကျွန်..ကျွန်တော် မ...မသိဘူး”
“ဘာ...ကှ...”
ဆရာစော၏အသံက မိုးကြိုးပစ်လိုက်သလို ဟိန်းထွက်သွားသဖြင့် အောင်ကြီးတစ်ကိုယ်လုံးတုန်သွားသည်။
“တ..တကယ်ပြောတာပါ ဆရာ။ ကျွန်....ကျွန်တော်မသိပါဘူး”
“သေချာလား အောင်ကြီး။ ငါ ထပ်မေးမယ်နော်။ အဲဒါ ဘယ်သူ့ဆိုင်ကယ်လဲ”
“ကျွန်..ကျွန်တော် တကယ်မသိပါဘူး”
“တောက်......”
“ကလစ်.....”
ဆရာစောက တောက်တစ်ချက်ခတ်လိုက်ပြီး ချိုင်းကြားမှ ပစ္စတိုသေနတ်ကိုဆွဲထုတ်ကာ မောင်းတင်၍ အောင်ကြီးကိုချိန်ရွယ်လိုက်သဖြင့် အောင်ကြီး ထိတ်လန့်သွားသည်။
“ငါ့အကြောင်းသိတယ်နော် အောင်ကြီး”
“ဟုတ်...ဟုတ်ကဲ့”
“နောက်ဆုံးအကြိမ်မေးမယ်။ အဲဒီဆိုင်ကယ် ဘယ်သူ့ဆိုင်ကယ်လဲ”
အောင်ကြီး အမှန်အတိုင်းမပြော၍မဖြစ်တော့ပေ။ နဖူးတည့်တည့်သို့ချိန်ရွယ်ထားသည့်သေနတ်မှ အပြေးအလွှားထွက်လာမည့် ကျည်ဆန်သည် တစ်စက္ကန့်အတွင်း ဇီဝိန်ကိုချွေသွားနိုင်သည်။
“ဟို...ဟို....ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဆိုင်ကယ်ပါ”
“အဲဓီဓာတ်ပုံဆရာဆီက ဆိုင်ကယ်ကို ဘယ်လိုလုပ်ပြီးယူသွားတာလဲကွ။ အမှန်အတိုင်းပြောနော်”
“ဟုတ်..ဟုတ်ကဲ့။ သူ့..သူ့ကို သတ်ပြီး ဆိုင်ကယ်ယူသွားတာပါ”
“ကောင်းပြီ။ ဟောဒီဆိုင်ကယ်ကို ဘယ်မှာရောင်းခဲ့တာလဲ”
“ပျဉ်း...ပျဉ်းမနားမှာပါ”
“မှန်လိုက်တာကွာ။ မင်းဆီက ဆိုင်ကယ်ဝယ်လိုက်တဲ့ကောင်က ငါ့ကျေးဇူးနဲ့မကင်းတဲ့ကောင်ဆိုတာရောသိသလား”
“ဗျာ........မ....မသိပါဘူး။ ကျွန်..ကျွန်တော်လည်း ဆိုင်ကယ်ဆိုင်တွေကို လည်ရောင်းရင်း ဝယ်သူနဲ့တွေ့ခဲ့တာပါ”
“မင်း တော်တော်ကံဆိုးတယ်အောင်ကြီး။ မင်းသတ်လိုက်တဲ့ ဓာတ်ပုံဆရာက ငါ့အစ်ကိုကွ...ခွေးမသားရ”
“ဗျာ...........”
ဆရာစော၏စကားကြောင့် အောင်ကြီးတစ်ယောက် သွေးများအေးခဲကာ မူးမေ့လဲမတတ်ဖြစ်သွားလေသည်။
“ငါ့အစ်ကိုပျောက်နေတယ်ကြားလို့ လိုက်စုံစမ်းနေတာ။ ဆိုင်ကယ်သွားလာနိုင်မယ့်မြို့တွေကို ငါ့လူတွေလွှတ်ပြီးစုံစမ်းခိုင်းထားတာကွ။ ဆိုင်ကယ်က တောင်ငူဘက်ကို ဆင်းမလာဘူး။ တောင်ငူဘက်ကိုသာ ဆင်းလာခဲ့ရင်တော့ အဲဒီအချိန်ကတည်းက မင်းသေသွား ပြီ။ မင်းနဲ့ စည်သူထွန်းနဲ့ ဆင်ကူးရွာက ဦးတင်ညွန့်သားရဲ့မင်္ဂလာဆောင်ကို သွားကြတယ်။ စည်သူထွန်း ပြန်ရောက်လာပေမယ့် မင်းရောက်မလာဘူးလို့ မောင်တူးပြောတယ်။ ဟုတ်လား မောင်တူး”
“ဟုတ်တယ်ဆရာ။ စည်သူထွန်းက ဦးတင်ညွန့်ရဲ့သားနဲ့ရင်းနှီးနေလို့ မင်္ဂလာဆောင်သွားချင်တယ်ဆိုလို့ ကျွန်တော်ခွင့်ပြုလိုက်တာ။ ကျွန်တော့်ကိုမပြောဘဲ ဒီကောင်လိုက်သွားတယ်။ စည်သူထွန်းပြန်ရောက်လာတော့ ဒီကောင်ပြန်ပါမလာတော့ဘူး”
“ငါတို့အလုပ်က ထောင်နှုတ်ခမ်းပေါ်နင်းပြီးလုပ်နေရတဲ့အလုပ်မို့ ငါတို့ကိုအသိမပေးဘဲ ဘယ်မှမသွားပါနဲ့လို့ အတန်တန်ပြောခဲ့တယ်။ မင်းက စည်းကမ်းဖောက်ရုံတင်မဟုတ်ဘူး၊ ငါ့အစ်ကိုကိုပါ သတ်ပစ်ခဲ့တဲ့ကောင်”
“ကျွန်...ကျွန်တော် မှားပါပြီ ဆရာ”
“ဟေ့ကောင်......ငါမေးတာဖြေ။ ငါ့အစ်ကိုကို ဘယ်နေရာမှာ သတ်ခဲ့တာလဲ”
“ဗျာ.........”
“ငါ့အစ်ကိုကို ဘယ်နေရာမှာ သတ်ခဲ့တာလဲ”
ဒေါသတကြီးဖြစ်နေသည့် ဆရာစောကိုကြည့်ပြီး အောင်ကြီးချွေးစေးများပြန်လာသည်။ ထိုအချိန်မှာပင် အနီးအနားမှသစ်ပင်များ လေမတိုက်ဘဲ ယိမ်းထိုးလှုပ်ခါနေကြသဖြင့် ဆရာစောနှင့် အောင်ကြီးတို့စကားပြတ်သွားကြသည်။ ထို့နောက် ဆိုင်ကယ်နှစ်စီး၏ ရှေ့မီး များ ရုတ်တရက်ပွင့်လာပြီး ဦးစောလှဖေ၏ဆိုင်ကယ်ထံမှ ဟွန်းတီးသံ ဆက်တိုက်ထွက်ပေါ်လာလေသည်။
“တီ...................”
“ဆရာစော......ဘယ်လိုလဲ”
“အေး....ငါလည်း ကြည့်နေတာ။ အစ်ကိုများရောက်လာသလား”
ဆရာစောနှင့် ကိုတူးတို့ ပတ်ဝန်းကျင်ကို သတိထားပြီးစောင့်ကြည့်နေကြစဉ် အခွင့်အရေးကိုလက်လွတ်မခံနိုင်သည့်အောင်ကြီးက အနီးဆုံးတွင်ရှိနေသည့် ဆရာစောကို ထိုးသတ်ရန် ခါးနောက်မှဓားမြှောင်ကိုအလျင်အမြန်ဆွဲထုတ်လိုက်သည်။ သို့ပါသော်လည်း ဓား မြှောင် ဆွဲထုတ်လိုက်သည့်လက်က အရှေ့သို့ရောက်မလာဘဲ တစ်စုံတစ်ယောက်က လက်ကို နောက်မှသိုင်းချုပ်ထားသကဲ့သို့ဖြစ်နေပြီး လှုပ်ရှား၍မရတော့ပေ။
“ကဲ...ဟေ့ကောင်၊ အချိန်မရှိတော့ဘူး။ ငါ့အစ်ကိုကို ဘယ်နေရာမှာသတ်ပြီး ပစ်ထားခဲ့သလဲ”
“အူး.....အူး.......အ.......အစ်..အစ်...”
ဆရာစောမေးလိုက်သည့်အချိန်မှာပင် အောင်ကြီးတစ်ယောက် လက်တစ်ဖက်နောက်ပစ်ကာ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေသဖြင့် ဆရာစောနှင့် ကိုတူးတို့ အံ့အားသင့်သွားလေသည်။
“ဟေ့ကောင်.....ဝက်ရူးပြန်မနေနဲ့။ မြန်မြန်ပြောစမ်း”
“အစ်....အစ်...လည်....လည်..ပင်း...ကို....ညှစ်......ညှစ်...”
အားယူပြီး ပြောဆိုနေသည့် အောင်ကြီးကိုကြည့်ပြီး ဆရာစောက ပြုံးလိုက်သည်။
“ရုပ်ရှင်မင်းသားလုပ်စားပါလား အောင်ကြီး”
“ဆရာစော.......သူတစ်ခုခုဖြစ်နေတယ်။ သူ့လည်ပင်းကို တစ်ယောက်ယောက်ညှစ်ထားသလိုဖြစ်နေတယ်။ အသေအချာကြည့်ဆရာ”
ကိုတူးပြောလိုက်သဖြင့် ဆရာစောက အောင်ကြီး၏လည်ပင်းကို အသေအချာကြည့်လိုက်သည့်အခါ လည်ပင်းနေရာတွင် လက်ဖြင့်ဖိညှစ်ထားသကဲ့သို့ နစ်ဝင်နေသည်ကို ထူးဆန်းစွာမြင်တွေ့လိုက်ရသည်။
“အောင်ကြီးလည်ပင်းကိုညှစ်ထားတာ အစ်ကိုလား။ ဟုတ်တယ်ဆိုရင် တစ်ခုခုလုပ်ပြပါ”
“တီ...တီ.....တီ...”
ဆရာစော၏စကားအဆုံးတွင် ဦးစောလှဖေ၏ဆိုင်ကယ်ထံမှ ဟွန်းသံထွက်ပေါ်လာလေသည်။
“ဆရာစော.....သေချာပြီဗျ”
“အစ်ကို...သူ့ကို လွတ်ပေးလိုက်ပါ။ ကျွန်တော် မေးစရာတွေရှိသေးတယ်”
“အွန့်.......”
ဆရာစောပြောလိုက်သည်နှင့် အောင်ကြီးအား တစ်စုံတစ်ယောက်က နောက်မှတွန်းလွတ်လိုက်သလိုဖြစ်သွားပြီး မြေကြီးပေါ်သို့ မှောက်လျက်ကျသွားလေသည်။
“ငါ့အစ်ကိုကတော့ မင်းကိုသတ်ပစ်ချင်နေပြီ။ ပြောစမ်းဟေ့ကောင်၊ ငါ့အစ်ကိုကို ဘယ်မှာသတ်ပြီးပစ်ထားခဲ့သလဲ”
“ဟို....တောင်ပေါ်မှာ သတ်..သတ်ပြီး ချောက်ထဲပစ်ချခဲ့ပါတယ်”
“တောက်..............။ ခွေးမသား”
“ဆရာ........မှောင်လာပြီ။ လုပ်စရာရှိတာ မြန်မြန်လုပ်တော့”
“ငါသိတယ် မောင်တူး။ ခွေးမသားပြောတာ ဟုတ်၊မဟုတ် ဒီကောင်နဲ့အတူ ချောက်ထဲဆင်းရှာမလို့”
“မနက်မှ ရှာကြမယ်ဆရာစော။ သူသတ်တယ်ဆိုတာ သေချာနေပြီပဲ။ လုပ်စရာရှိတာ လုပ်လိုက်တော့”
“ကျွန်....ကျွန်တော့်ကို မ..မသတ်ကြပါနဲ့”
“စိတ်ချ၊ မင်းကို ငါတို့မသတ်ဘူး အောင်ကြီး။ ငါ့အစ်ကို မင်းကိုပြန်သတ်လိမ့်မယ်။ ငါ့ကို အစအဆုံးအမှန်အတိုင်းပြောပြစမ်း။ လိမ်ဖို့တော့ မကြိူးစားနဲ့”
“ဟုတ်....ဟုတ်ကဲ့။ ပြောပြပါ့မယ်”
အောင်ကြီးက ဦးစောလှဖေ ဆိုင်ကယ်နှင့်အပြန်ကိုစောင့်ဆိုင်းခဲ့ပြီးသတ်ဖြတ်ခဲ့ကြောင်းမှအစ တင်ထွန်းနှင့်နောက်ဆုံးပြောဆိုခဲ့ကြသည်အထိ ဆရာစောအား အပြည့်အစုံပြောပြလိုက်သည်။
“မင်းပြောတာ အမှန်ပဲလား အောင်ကြီး”
“အ..အမှန်ပါ”
“လာ...ဟေ့ကောင်.....ငါ့အစ်ကို သတ်ခဲ့တဲ့နေရာကို သွားမယ်။ မင်းရှေ့ကသွား၊ ငါတို့ မင်းနောက်က လိုက်လာမယ်”
“ဟုတ်...ဟုတ်ကဲ့”
“ဆိုင်ကယ်တွေထားခဲ့မလား ဆရာ”
“ထားခဲ့ မောင်တူး။ ဒီကောင့်နောက်က လိုက်ကြမယ်”
“ဟုတ်ကဲ့ဆရာ”
အောင်ကြီးက ကြောက်ကြောက်လန့်လန့်ဖြင့် တောင်ပေါ်သို့တက်ရင်း နောက်သို့ မကြာခဏလှည့်ကြည့်နေသည်။
“ထွက်ပြေးမလို့လား အောင်ကြီး။ ကျည်ဆန်က မင်းထက်မြန်တယ်နော်”
“မ...မဟုတ်ပါဘူးဆရာ.....။ ကျွန်တော် ပြေးလို့လည်းမရပါဘူး။ ကျွန်တော့်ကုပ်ကို ဆွဲထားတယ်”
“မင်းအလှည့်လာတော့မှပေါ့ကွာ။ ငါ့အစ်ကိုက မင်းကိုစောင့်နေပုံရတယ်”
မကြာခင် ဦးစောလှေဖေအား သတ်ဖြတ်ခဲ့သည့်နေရာသို့ ရောက်လာခဲ့သည်။
“ဒီ....ဒီနေရာမှာ သတ်ပြီး ဟောဒီချောက်ထဲပစ်ချခဲ့တာပါ”
“သေချာတယ်နော် ဟေ့ကောင်”
“ကျွန်...ကျွန်တော် မညာပါဘူးဆရာ။ ကျွန်တော့်ကို မ..မသတ်ပါနဲ့”
“မင်းကိုခေါ်လာတုန်းကတော့ ငါ့အစ်ကိုကို ဘဘ်မှာသတ်ခဲ့လဲမေးပြီး မင်းကိုသတ်ပစ်မလို့ပဲ။ အခုတော့ မင်းကို ငါမသတ်တော့ဘူး အောင်ကြီး”
ဆရာစောက မသတ်တော့ဘူးဆို၍ အောင်ကြီးစိတ်သက်သာရာရသွားသော်လည်း တဒင်္ဂမျှသာဖြစ်ပေသည်။
“အစ်ကို...အနားမှာရှိသလား”
“ဘုံး.....”
“အမလေးဗျ.......”
ဆရာစောမေးလိုက်သည့်အချိန်မှာပင် ကျောကုန်းကိုထုနှက်ခံလိုက်ရသဖြင့် အောင်ကြီးတစ်ယောက် ကျောကော့သွားလေသည်။
“အစ်ကို့ကိုသတ်ခဲ့တဲ့ကောင်ကို အစ်ကိုကိုယ်တိုင်ပဲ သတ်ပေတော့”
“အ...အ.........မ....လုပ်ပါနဲ့.......ကြောက်....ကြောက်ပါပြီ....”
အောင်ကြီး၏လက်တစ်ဖက်က နောက်သို့ရောက်သွားပြီး ကျန်လက်တစ်ဖက်က လည်ပင်းကို ကိုယ်တိုင်ညှစ်ထားလေသည်။ ထို့နောက် ခါးနောက်တွင်ထိုးထားသည့် ထားမြှောင်ကို ဆွဲထုတ်လိုက်သည်။ အောင်ကြီး၏မျက်လုံးများက ထိတ်လန့်တုန်လှုပ်နေကြလေ ပြီ။
“ကယ်....ကယ်ကြပါယီးဗျာ..ကျွန်....ကျွန်တော့်ကို သတ်တော့မယ်”
“ငါ့အစ်ကို သတ်တုန်းက အေးအေးဆေးဆေးသတ်ခဲ့တာမဟုတ်လား။ အခုလည်း အေးအေးဆေးဆေးငြိမ်ခံလိုက်ပေါ့ကွာ”
“အား.........။ အမလေးဗျ........အား.....”
အောင်ကြီး၏ဓားမြှောင်ကိုင်ထားသည့်လက်က သူ၏ ခါး၊ နံစောင်းနှင့် ရင်ညွန့်ဆီသို့ ဆက်တိုက်ထိုးသွင်းလိုက်လေသည်။
“ကယ်..ကယ်ကြပါဦးဗျာ.....”
ဒူးညွတ်ကျသွားပြီး မြေကြီးပေါ်သို့ လက်ထောက်ထားရာမှ အကူအညီတောင်းနေသည့်အောင်ကြီး၏ပါးစပ်နှင့် ရင်ညွန့်ဆီမှ သွေးများတပွက်ပွက်ထွက်ကျလာနေကြသည်။ ထိုစဉ် အောင်ကြီး၏ခန္တာကိုဘ်က မြေကြီးပေါ်တွင်တရွတ်တိုက်ပါသွားပြီး ချောက်ထဲသို့ပြုတ် ကျသွားလေတော့သည်။
-----------------------------
“ဘယ်လိုလဲဗျ။ ကျွန်တော်ပြောတာ ယုံရဲ့လား”
“ယုံပါတယ် ဦးတူး။ ဦးတူးပြောပြတဲ့အဖြစ်မျိုး ကျွန်တော်ကြားခဲ့ဖူးပါတယ်”
“သရဲတစ္ဆေတွေက လူကိုထိလို့မရဘူးလို့ ကျွန်တော်ထင်ခဲ့တာဗျ”
“အဲဒီလိုလည်း မဟုတ်ပါဘူး။ ဝိညာဉ်ဆိုတာက စိတ်ပါပဲ။ လူတစ်ယောက်သေဆုံးသွားပြီးရင် သူ့စိတ်က အသုံးမတည့်တော့တဲ့ခန္တာကိုယ်ကနေ ထွက်သွားတယ်။ မသေခင်က စွဲလန်းခဲ့တဲ့အရာတွေအပေါ်မှာပဲ စိတ်ကဖြစ်တည်နေတယ်။ အဲဒါကို အစွဲလို့ခေါ်ကြတယ်။ အချို့လူတွေဆိုရင် စိတ်နဲ့စေစားပြီး အရာဝတ္ထုတွေကို မလို့ရတယ်။ ရွှေ့လို့ရတယ်။ ကွေးညွတ်လို့ရတယ်”
“ကျွန်တော်လည်း ကြားဖူးတယ်ဗျ”
“အင်္ဂလိပ်လိုပြောရင်တော့ Willpower ပေါ့။ မြန်မာလိုဆိုရင်တော့ စိတ်တန်ခိုး၊ စိတ်စွမ်းအင်ပေါ့။ ဦးတူးလည်း ကြားဖူးမှာပါ။ သေသွားတဲ့သူတွေက မိသားစုကို အသိပေးချင်လို့ တံခါးလာခေါက်တာ၊ ခြင်ထောင်ကြိုးဆွဲဖြုတ်တာ၊ ပန်းကန်တွေလွှတ်ချတာမျိုးလေ”
“ကြားတော့ကြားဖူးပါတယ်”
“ရုတ်တရက်သေသွားတဲ့သူတွေလည်ူ အဲဒီလိုပဲ။ သူတို့ကိုယ်သူတို့ သေသွားမှန်းမသိကြဘဲ အရင်လိုသွားလာလှုပ်ရှားနေကြတယ်။ ဝိညာဉ်တိုင်းမှာ စွမ်းအင်တွေရှိကြတယ်။ အသုံးမချသူနဲ့ အသုံးချသူသာကွာတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာတော့ ဝိညာဉ်ဆိုတဲ့ အရာက အခြားဘုံဘဝကိုမရောက်ခင် စပ်ကြားကာလမှာ လွင့်မြောနေကြရတဲ့ ဘုံသားတွေပေါ့။ မသေခင်က ပြုခဲ့တဲ့ကုသိုလ်ကံ၊ အကုသိုလ်ကံအတိုင်း အခြားဘုံဌာနကိုပြောင်းရွှေ့သွားကြတဲ့သူတွေရှိသလို ဝိညာဉ်ဘဝမှာပဲကျင်လည်နေကြတဲ့သူတွေလည်းရှိကြတယ်။ အကျယ်ချဲ့ပြီးရှင်းပြရရင် အချိန်ကြာသွားလိမ့်မယ်”
“ကျွန်တော် သဘောပေါက်ပါတယ်”
“ဦးစောလှဖေရဲ့အလောင်းကိုရော ရှာကြသေးလား”
“ဘယ်နေလိမ့်မလဲ။ ဆရာစောက သူ့လက်ရုံးတပည့်သုံးယောက်ကို ပြန်ခေါ်ပြီး သူနဲ့ကျွန်တော်တို့မနက်ခြောက်နာရီအလင်းရောင်လာတာနဲ့ ချောက်ထဲကိုဆင်းလိုက်ကြတာ မနက်ရှစ်နာရီလောက်မှသူ့အစ်ကို ဦးစောလှဖေရဲ့အလောင်းကို တွေ့ရတယ်။ ချောက်က လည်း အတော်နက်တာ။ သစ်ပင်ကြီးတစ်ပင်မှမရှိဘူးဗျ။ ဦးစောလှဖေက ပေနှစ်ရာလောက်က ကျောက်တုံးတစ်ခုအပေါ်မှာတင်နေတယ်။ ဟိုကောင်ကတော့ ဟိုးအောက်ခြေမှာ။ ဦးစောလှဖေရဲ့အလောင်းက ပုပ်ပွပြီး အသားတွေပဲ့ကျနေပြီ”
“အလောင်းကို ပြန်မသယ်ကြဘူးလား”
“မသယ်လို့ရမလားဗျာ။ တောင်ပေါ်ရောက်အောင် ခက်ခက်ခဲခဲတင်ခဲ့ရတယ်။ သူ့မိသားစုကိုခေါ်ပြီး အလောင်းအပ်ပြီးတာနဲ့ ကျွန်တော်တို့လည်း ကိုယ်ရောင်ဖျောက်ရတော့တာပဲ”
“ဘာဖြစ်လို့လဲ ဦးတူး”
“ဘာဖြစ်ရမလဲဗျာ၊ လူသတ်မှုလေ။ ရဲတွေရောက်လာတော့မှာလေဗျာ။ ရဲရယ် သစ်တောရယ်က ကျွန်တော်တို့နဲ့ထိပ်တိုက်တွေ့လို့မဖြစ်ဘူးလေဗျာ”
“ကျွန်တော် နားလည်ပါပြီ။ ကင်မရာရောပြန်ရလား”
“ပြန်ရပါတယ်။ ဆရာစောကိုယ်တိုင် ရမည်းသင်းကိုလိုက်သွားပြီး အောင်ကြီးရဲ့ယောက်ဖဆီကနေပြန်ဝယ်လိုက်တယ်”
“ဪ......။ နောက်ထပ်ဘာတွေ ထူးခြားသေးလဲ ဦးတူး”
“ဘာတွေထူးခြားသေးလဲဆိုတော့ ဆရာစောက သူ့အစ်ကိုရဲ့ဝိညာဉ်ကို ခေါ်သွားတယ်ဗျ”
“ဗျာ....”
“ကျွန်တော်နဲ့လိုက်ခဲ့ဆိုပြီး သူ့အစ်ကိုရဲ့အင်္ကျီစကိုယူပြီး ခေါ်သွားတယ်”
“ဦးစောလှဖေရဲ့ဝိညာဉ်က တကယ်ရောလိုက်သွားရဲ့လား”
“အဲဒါတော့ ကျွန်တော်မသိဘူး။ လိုက်ချင်လည်း လိုက်သွားမှာပေါ့”
“ဆရာစောရော ရှိသေးလား ဦးတူး။ အခုဘယ်မှာနေလဲ”
“ရှိပါ့ဗျာ။ အခု မဲဆောက်မှာနေတယ်လို့ကြားတယ်။ ကျွန်တော်နဲ့တော့ မတွေ့တော့ဘူး”
“ဦးစောလှဖေရဲ့မိသားစုကရော”
“ရှိမှာပေါ့။ သူတို့နဲ့ကအဆက်အသွယ်မရှိဘူးလေ။ ဦးစောလှဖေနဲ့သာခင်တာ”
“အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်။ ဘုရားသခင်စောင့်ရှောက်တော်မူပါစေခင်ဗျာ”
“ကျေးဇူးတင်ပါတယ်ဗျာ။ ယုံတာမယုံတာက ခင်ဗျားအပိုင်းနော်”
“ယုံပါတယ် ဦးတူး။ အခုအကြောင်းကိုရေးတဲ့အခါလည်း ဦးတူးပြောသလို ထည့်ရေးမှာပါ”
“ဘာကိုလဲဗျ”
“ယုံခြင်း မယုံခြင်းက စာဖတ်သူတွေရဲ့အပိုင်းပါခင်ဗျာလို့”
“ခင်ဗျားလည်း အလာကြီးပဲ...ဟား...ဟား.....”
---------------------------------
ပြီးပါပြီ
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်