ဒဏ္ဍာရီထဲက သုံးပန်လှ ကျိန်စာ….
lotaya.mpt.com.mm
|
2020-02-12

ဒဏ္ဍာရီထဲက သုံးပန်လှ ကျိန်စာ….
စာရေးသူ : Scary Myanmar- Chilli 

“ရှင်စောဖြူထိပ်ထားလေး…။ အခုတလော ထိပ်ထားကိုကြည့်ရတာ အထိန်း တော်ကြီး စိတ်ချမ်းသာလိုက်ပါဘိတော့..။ ဘယ်လိုပျော်စရာ အကြောင်း တွေများရှိနေပါသလဲလို့ သိပါရစေဦးထိပ်ထားရယ်”

ရှင်စောဖြူ ထိပ်ထားလေးဆိုတာ သရေခေတ္တရာရဲ့ အနီးအနားမှာပဲ ရှိတဲ့ တိုင်းပြည်ငယ်လေးတစ်ခုရဲ့ဘုရင်(တောင်ညို) ဘုရင်ရဲ့ နှမတော်လေး တစ်ဦးဖြစ်ပါတယ်။

တိုင်းပြည်ငယ်လေးဆိုတာလည်း အခုပဲခူးတိုင်းဒေသကြီးထဲက နတ်တလင်း မြို့နယ်တကြောမှာရှိတာပါ။ အဲဒီတိုင်းပြည်ငယ်လေးရဲ့ ဘုရင်တောင်ညိုမင်း ရဲ့ ဒီညီမတော်လေးဟာ အတော်လေး ချောမောလှပတာကြောင့် တခြား သောမင်းသမီးတွေ ထက် လည်းနာမည်ဂုဏ်သတင်းကျော်ဇော လှပါတယ်။

တပင်တိုင်အဆောင်အယောင်တွေနဲ့ အဖိုးတန်လက်ဝတ်ရတနာတို့နဲ့ ပေါင်း စပ်လိုက်တဲ့အခါမှာတော့ ရှင်စောဖြူလေးဟာ သာမန်ထက်ပိုပြီး လင်းလက် တောက်ပနေတဲ့ ကြယ်ပွင့်လေးအလားထင်မှတ်မှားသွားမတတ်ပါပဲ။

“အထိန်းတော်ကြီး..ရှင်စောလေ..အခု အစ်ကိုတော် တောင်ညိုမင်းပြောပြ ထားတဲ့ သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးဆိုတဲ့ အသံ.. သူ့နာမည် ကို ကြားရယုံနဲ့ ရင်တွေတုန်လွန်းလှပါဘိတော့..။ ပြီးတော့ နှစ်သက်မြတ်နိုး စိတ်တွေ ရင်ထဲမှာ တဖွားဖွားပေါ်နေသလိုပဲ ခံစားနေရပါတယ်”

“အော်ဒါဘဝဘဝက တော်စပ်ခဲ့ဖူးတဲ့ရေစက်တွေရဲ့ ကံကြမ္မာကြောင့်ဖြစ်နိုင် ပါတယ်ထိပ်ထား…။ ထိပ်ထားလေးက အစ်ကိုတော်ရဲ့ နှစ်ပြည်တောင် ချစ်ကြည်ရေးအတွက် စွမ်းဆောင်ပေးနိုင်သူဆိုတော့ နိုင်ငံအတွက်လည်း ဂုဏ်တက်ရလို့ ကျေးဇူးတင်လှပါတယ်ထိပ်ထားရယ်” အထိန်းတော်ကြီးက ထိပ်ထားလေးအကြိုက်တွေ့ စေမယ့် စကားလုံးလေးတွေကို ရွေးချယ်ပြော ကြားနေပေမယ့်လည်း ထိပ်ထားကတော့ အထိန်းတော်ကြီးရဲ့ စကားတွေကို ကြားတစ်ချက်၊ မကြားတစ်ချက်နဲ့။

သူရဲ့ အာရုံတွေဟာ နန်းတော်ပြတင်းတံခါးဝကနေ သရေခေတ္တရာမြို့ကြီး ဖက်ဆီကိုသာ ရောက်ရှိနေပါတယ်။ တိုင်းပြည်ငယ်လေးတစ်ခုရဲ့ ဘုရင်ဖြစ် တဲ့ အစ်ကိုတော်တောင် ဒီလောက်တန်ခိုးသြဇာကြီးမားနေတာ သရေခေတ္တ ရာလို တိုင်းကြီးပြည်ကြီးက ဒွတ္တဘောင်ဆိုတဲ့ မင်းကြီးဟာ ဘယ်လောက် များ ဘုန်းတန်ခိုးတွေ ကြီးမားမှာပါလိမ့်…။

ထိပ်ထားတို့လို တပင်တိုင်မြနန်းစံ မင်းသမီးလေးတွေဆိုတာက အပြင်ဖက် ကမ္ဘာကိုယောင်လို့တောင် သွားခွင့်ရတာမျိုးမဟုတ်ပါဘူး။ နန်းတွင်းထဲမှာပဲ မင်းသမီးလေးတို့ တပ်အပ်တဲ့ပညာတွေကိုသင်ကြားနေရသူပါ။ စည်းကမ်း တွေများပြားပြီး တင်းကြပ်လွန်းတဲ့ နန်းတော်ကြီးထဲမှာ တစ်ခါတစ်လေမှာ ထိပ်ထား စိတ်တွေလည်းမွန်းကြပ်လှပါရဲ့။

အပြင်ကမ္ဘာနဲ့ ဆက်စပ်ခွင့်ရရှိနေတဲ့ ပန်းတော်ဆက်တွေ၊ အထည်အလိပ် ရောင်းတဲ့ကုန်သည်တွေ၊ အချို့သော ဝါရင့်သမ္ဘာရင့် အထိန်းတော်ကြီးတွေ လောက်သာ အပြင်ကမ္ဘာက အကြောင်းတွေကို သိနိုင်တာကလား။ ထိပ် ထားဆီကိုလာတဲ့ ပန်းတော်ဆက်လေးတွေဆိုရင် ဒွတ္တဘောင်မင်းကြီးနဲ့ ချော မောလှပလွန်းတဲ့ တည်ကြည်တဲ့ရုပ်ရည်၊ ရဲစွမ်းသတ္တိတွေကို သီချင်းလုပ်ဆို ကြပြီး ရှင်စောရဲ့ နားတော်ကိုသွင်းကြသေးတာကိုး..။

သူတို့ပြောပြတဲ့ ဒွတ္တဘောင်မင်းကြီး…ဒီမင်းကြီးအကြောင်းကို ကြားတိုင်း နှလုံးသားတွေက တဖြတ်ဖြတ်တဆတ်ဆတ်တုန်နေလိုက်တာဆိုတာလေ… ရှင်စော ရင်ထဲက ဘုရင်မင်းကြီးဆီကို အခုများမကြာမီမှာ မိဖုရားတစ်ပါး အဖြစ်နဲ့ ရှင်စောသွားရတော့မယ်။ အားလုံးက သိပ်လှတယ်လို့ ပြောကြ တဲ့ ရှင်စောကို သူကြည်ကြည်ဖြူဖြူကြိုဆိုနိုင်မယ်လို့လည်း ရှင်စောက မျှော်လင့် မိပါတယ်။

နဖူးမှာ မှဲ့ရှင်ပါတဲ့ အဲဒီဘုန်းတန်ခိုးကြီးလှတယ်ဆိုတဲ့ မင်းကြီးဒွတ္တဘောင်ရဲ့ ရုပ်ပုံလွှာကို ရှင်စောဆီပန်းချီအကျော်အမော်တွေပို့ပေးထားလို့ အမြဲတမ်း ငေးကြည့်ရင်းစိတ်ကူးယဉ်မိတာလည်း အခါခါပါ။

ရှင်စောဖြူထိပ်ထားဆိုတာ အလှအပအရာမှာ သတင်းကြီးလွန်းလို့ အများသူ ငါတွေက သုံးပန်လှမင်းသမီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။မနက်ခင်းနေ ရောင်ခြည်ထွက်စမှာ ရှင်စောရဲ့အလှက ကျက်သရေအပြည့်နဲ့ ရွှေစင်ရွှေမှုန် သဏ္ဍန်ရှိပါတယ်တဲ့..ဟောနေ့လည်ခင်းကျတော့ အစွမ်းကုန်ပွင့်လန်းနေတဲ့ ပန်းကလေးနဲ့ တူပြန်သတဲ့လေ။ ညနေခင်းမှာဆိုလည်း ရှင်စောအနီးနားမှာ လင်းလက်နေသယောင်ထင်ယောင်မှားမိပြန်တယ်ဆိုပြီး ရှင်စောဖြူနာမည် ပျောက်လို့ သုံးပန်လှမင်းသမီးလေးလို့ သူတို့ကပဲ မြှောက်ပင့်ခေါ်ကြပြန် တော့ ရှင်စောက ကျေနပ်မိရတော့တာပေါ့။ ဒီလိုအလှအပတွေနဲ့ ရှင်စော လေးကို ရှင်ကြီးဒွတ္တဘောင်က မချစ်မနှစ်သက်ပဲ ဘယ်လိုမှမနေနိုင်ပါဘူး လို့လည်း ရှင်စောက တဖက်သတ်တွေးထင်ထားမိပါတယ်။

မနက်ဖြန်ဆို နှစ်ပြည်ထောင်ရွှေလမ်း၊ငွေလမ်းဆက်ကြဖို့ ရှင်စောလေးက မိဖု ရားတစ်ယောက်ရဲ့ အဆောင်အယောင်တွေနဲ့ အတူသရေခေတ္တရာကို ကြွမြန်း ရ ပါတော့မယ်။ အစ်ကိုတော်တောင်ညိုမင်းကလည်း ညီမတော် လေး ရှင်စောကို မှာကြားစရာရှိတာတွေမှာကြားလို့ မဆုံးသလို အထိန်းတော် တွေ အားလုံးကိုလည်း ရှင်စောလေး မျက်နှာတော်ကို အညိုးမခံစေဖို့ အထပ်ထပ် မှာကြားလို့ နေပါတယ်။


မနက်မိုးသောက်အလင်းရောက်တဲ့ အချိန်မှာတော့ ရှင်စောဖြူမင်းသမီးလေး သို့မဟုတ် သုံးပန်လှမင်းသမီးလေးက သရေခေတ္တရာကို သတို့သမီးလေး တစ်ဦးရဲ့ အဆောင်အယောင်တွေနဲ့ ကြွလှမ်းခဲ့ပါတော့တယ်။
ဒီသတင်းကို ကြားလိုက်ရတဲ့ ဒွတ္တဘောင်မင်းရဲ့ မိဖုရားတွေဟာ ဆောက် တည် ရာမရဖြစ်ကုန်ကြပါတော့တယ်။ ဒီလိုလှပတဲ့ သုံးပန်လှသာ နန်းတွင်း ထဲကို ရောက်လာခဲ့မယ်ဆိုရင် သူတို့တွေရဲ့ ဘဝဟာ မထင်မရှားမိဖုရားတွေ ဘဝနဲ့ သာဇာတ်သိမ်းနိုင်မယ်လို့လည်း လွဲမှားစွာ မှတ်ယူလိုက်ကြပါတယ်။

သူတို့ဟာ တကယ်တော့ သူတို့ ဘုရင်ကြီး ဒွတ္တဘောင်နဲ့ အတူနီးကပ်စွာနေ ကြပေမယ့် သူတို့ ဘုရင်ကြီးရဲ့ စိတ်ထားကို နားမလည်နိုင်သူတွေလို့ပဲဆိုရ မှာပါ။ ဘုရင်ကြီးအနေနဲ့ကလည်း ဘုရင်တစ်ဦးအဆောင်အယောင်အဖြစ် မိဖုရားတွေ ကောက်ယူထားရပေမယ့်လည်း ပြုခဲ့ဖူးတဲ့ ဘဝဘဝက သစ္စာ တွေ ကြောင့် ဗိဿနိုးဘုရင်မ ပန်ထွာဧကရီကိုသာ စွဲလမ်းနေတယ်ဆိုတာ သူတို့ မသိလိုက်တာပဲ ဖြစ်ပါတယ်။

ဒွတ္တဘောင်မင်းကြီးက နာမည်ဂုဏ်သတင်းကြားယုံနဲ့ တစိမ့်စိမ့် တစ်ဖက် သတ် ချစ်မြတ်နိုးနေတာက ပန်ထွာဧကရီ၊ ဒွတ္တဘောင်ဆိုတဲ့ နာမည်နဲ့ နဖူးမှာ မှဲ့ရှင်ပါတဲ့ မင်းကြီးရဲ့ ရုပ်ပုံလွှာကို မြင်ပြီး ရင်ထဲက ချစ်ခင်စုံမက်စိတ် တွေ တဖွားဖွားပေါ်ပေါက်နေတဲ့ သုံးပန်လှမင်းသမီးလေး၊ ဒွတ္တဘောင်မင်း ကြီးကိုသာ အားထားရာ..ဒွတ္တဘောင်ရဲ့ အချစ်ကိုဘယ်သူ့ကိုထပ်ပြီး ခွဲေ၀ မပေးနိုင်တော့ပါဘူးဆိုတဲ့ ဒွတ္တဘောင်မင်းကြီးရဲ့ မိဖုရားတွေ….။

ဒီလိုအချစ်ဇာတ်လမ်းတွေ ကြားမှာ သုံးပန်လှမင်းသမီးလေးရဲ့ အချစ်ဇာတ် လမ်းလေးက ဘယ်လိုများဖြစ်လာမှာပါလဲ..။ နေပြည်တော်က ထွက်ကတည်း က လမ်းဘေးဝဲယာမှာ တောပန်းလေးတွေကို စတင်မြင်လာ ရပါပြီ။

လတ်ဆတ်တဲ့လေနုအေးလေးက ဝေါယာဉ်ရဲ့ လိုက်ကာကိုဖြတ်လို့ ရှင်စော ရဲ့ မျက်နှာနားကိုလာပြီးကလူကျီစယ်လိုက်ပါတယ်။ ဝေါယာဉ်ကို ခဏရပ်ခိုင်း လိုက်ပြီး ရှင်စောတောပန်းလေးတွေကို ဆင်းပြီးနှုတ်ဆက်လိုက် ပါတယ်။

“သခင်မ…အခုဆိုရင် အရှင်မဟာ ဘုရင့်မိဖုရားဖြစ်တော့မှာမို့ ဒီလိုတွေလမ်း မှာ ဝေါယာဉ်ကိုခဏခဏ မရပ်နားခိုင်းသင့်ပါ..။ ကျွန်တော်မျိုးမတို့ အနေနဲ့ ဒွတ္တဘောင်မင်းရဲ့ နေပြည်တော်အရိပ်မှာသာ စိတ်ချလက်ချ အနားယူသင့် ပါတယ်ဘုရား”

“အို အထိန်းတော်ကြီးနှယ်.. ရှင်စောက တစ်ခါမှ နန်းတော်ပြင်ပကိုထွက်ဖူး တာမှ မဟုတ်တာကွယ်..။ အခုလို ထွက်ခွင့်ရတုန်းလေး ပြင်ပမြင်ကွင်းလေး တွေကိုရှုစားကြည့်ချင်သေးလို့ပါ”


အထိန်းတော်ကြီး မယ်ဥက တော့ ရှင်စောဖြူထိပ်ထားလေးဘေးနားကနေ လိုက်ပါပြီး ကြည့်ရှုစောင့်ရှောက်နေပါတယ်။ ဒီအချိန်မှာပဲ မြင်းသည်တော် တွေ ရဲ့ မြင်းခွာသံ တခွပ်ခွပ်ကို ကြားလိုက်ရပါတယ်။
“ဟိတ်ရပ်စမ်း..ဘယ်သူတွေလဲ”

“မှန်ပါ့ သုံးပန်လှမိဖုရားလောင်းကို အကြိုတော်ထောက်လွှတ်လိုက်တဲ့ အဖွဲ့ တွေဖြစ်ကြောင်းပါ” ဒီလိုနဲ့ မင်းသမီးလေးသုံးပန်လှဟာ အထောက် တော် တွေရဲ့ တပ်ဖွဲ့နဲ့ အတူ သရေခေတ္တရာဖက်ဆီကို တဖြေးဖြေးချင်းထွက်ခွာ လာတော့ပါတယ်။

နန်းတွင်းထဲမှာတော့ ဒွတ္တဘောင်ရဲ့ မိဖုရားသုံးယောက်ဟာ စိတ်နှလုံးမသာ မယာနဲ့ လာဘ်ထိုးဖို့ အကြံအစည်တွေ၊ ကုန်းတိုက်လျှောက်ထားနိုင်မည့် အကြံအစည်တွေကို ထုတ်နေကြပါတယ်။

“အစ်မတော်တို့ ဒွတ္တဘောင်မင်းကြီး ယုံကြည်ရတဲ့ အမတ်ကြီးကို ချည်းကပ်ပြီး တစ်ခုခု စီစဉ်ကြရမယ်။ သုံးပန်လှမင်းသမီးကို ကြည့်ခိုင်းလိုက် တဲ့ အထောက်တော် ရောက်လာတာနဲ့ လုပ်ငန်းစမယ်”

“မိဖုရားကွီးဘုရား..မိဖုရားကွီးဘုရား”

“ဟေ့ ဝင်ခွင့်ပြုလိုက်စမ်းဟေ့”

“ကဲ မြန်မြန်လျှောက်တင်စမ်း..သုံးပန်လှမင်းသမီးကို မောင်မင်းတွေ့ခဲ့ သလား”

“မှန်ပါ..ကျွန်တော်မျိုး မျက်စိနဲ့ တပ်အပ်မြင်လာကြောင်းပါဘုရား”

“သူ့ရုပ်ရည် ဘယ်သို့များရှိသတဲ့လဲ”


“အင်မတန်ကိုကြည်စင်ပြီး ချောမောလှပကြောင်းပါဘုရား။ သူ့လို လှပမှုမျိုး ရှိတဲ့ မင်းသမီးမျိုးကို အကျွန်ုပ် ဟိုအရင်တစ်ခါမှ မတွေ့ဖူးပါဘုရား”
“ရပြီ ရပြီ ရော့ မောင်မင်း..ဆုတော်လာဘ်တော်များယူပြီး ဒီသတင်းကိုမ ပေါက်ကြားစေပဲ နေရော့”

အထောက်တော်ရဲမက်ကို မြန်မြန်ထွက်သွားစေလိုက်ပြီး အမတ်မင်းဘိုးဘိုး ဆီအမြန်လှမ်းလာခဲ့တဲ့ မိဖုရားကြီးရင်တွေပူလွန်းစွာ ခံစားနေရပါပြီ။ နောက် ဆုံးမှာ ဘိုးဘိုးရဲ့ အကူအညီနဲ့ပဲ ဘုရင်မင်းကြီးထံကို သုံးပန်လှမင်းသမီးရဲ့ မကောင်းသတင်းအချို့ နားသွင်းနိုင်ခဲ့ပါတယ်။

တကယ်တော့ လူစင်စစ်ဆိုပါလျှင် တစ်နေ့တစ်သမတ်တည်းသာလှရမှာ ဖြစ် ကြောင်း၊ တစ်နေ့ကို သုံးကြိမ်သုံးခါ အသွင်မတူပဲ လှပနေတယ်ဆိုကတည်း က စုန်းအတတ်ပညာနဲ့သာ ပြုပြင်ထားတာ ဖြစ်နိုင်ပါကြောင်းစတာတွေကို ယုတ္တိတန်အောင် ကြိုတင်လျှောက်ထားလိုက်နိုင်ပါတယ်။

ဒွတ္တဘောင်မင်းကြီးရင်ထဲမှာ နဂိုကမှ နှစ်ပြည်ထောင်ရွှေလမ်းငွေလမ်း ဖောက် လို့ညီမတော်ဆက်လာလို့ လက်ခံထားရမယ်ဆိုတဲ့ စိတ်ကလွဲရင် သူ့ရင်ထဲမှာ ပိုင်စိုးမှုရှိတဲ့ ပန်ထွာဧကရီက လွဲပြီးဘာမှမရှိ….ဒီတော့ တကယ် ချောသည်ဖြစ်စေ၊ မချောသည်ဖြစ်စေ.. စုန်းအတတ်တတ်သည်ဖြစ်စေ၊ မတတ် သည်ဖြစ်စေ ဘာဆိုဘာမှမရှိ…။

ဒါပေမယ့် ပန်ထွာအတွက် နေရာရှိရဦးမည်..။ ဒီလိုစုန်းမျိုးရိုးအတတ်ကို မိဖု ရားမြှောက်မိလိုက်မှဖြင့် တစ်နေ့ ပန်ထွာကို ပိုင်ဆိုင်ရတဲ့အခါ ပန်ထွာဟာ စုန်းမ တစ်ယောက်နဲ့ ပြိုင်ပြီးနေရာတစ်ခုကို လုနေရဦးမယ်..။ သင့်တော်တာ တွေ မသင့်တော်တာတွေ တွေးမနေနိုင်တော့..အခုလာဆက်သတဲ့ သုံးပန်လှ မိဖုရားလေးကို နန်းတော်ထဲမဝင်မီ ဆုလာဘ်တွေ ပေးသနားပြီး အမြန်ဆုံးပြန်လွှတ်လိုက်တာဟာ ငါ့အတွက် အသင့်တော်ဆုံးသာဖြစ်မယ် ဟဲ့ဆိုပြီး အတွေးလွန်သွားပါပြီ…။

မင်းနေပြည်တော်နားနီးလာလေ.. သုံးပန်လှမင်းသမီးရဲ့ ရင်တွေတဒိတ်ဒိတ် နဲ့ခုန်လာနေဖြစ်နေပါပြီ..။ “မင်းကြီးကဘယ်လိုများကြိုဆိုပါ့မလဲ.. မင်းကြီးက ငါ့ကို နှမတော်လေးလို့ ခေါ်မှာ များလား…အို သရေခေတ္တရာပြည်ကြီး လှပ လွန်းပါဘိ”

နန်းတော်ရဲ့ မုခ်ဦးဝကိုရောက်တယ်ဆိုရင်ပဲ…

“ရပ်..ဘယ်သူလဲ”

“သုံးပန်လှမိဖုရားလေး ဆက်သ ရောက်ရှိကြောင်းပါ”

“ဒါဆို နန်းတော်ထဲကို ဝင်ခွင့်မပြုနိုင်ဘူး..။ ဒီမှာဘုရင်မင်းမြတ်ဆုချထားတဲ့ ဆုတော်လာဘ်တော်တွေကို ယူပြီးပြန်တော့”

“ဘုရား..ဘုရား..ငါဘာများ မင်းကြီးအပေါ်အမှားလုပ်မိပါလိမ့်..။ ရှက်ဖို့ ကောင်းလိုက်ပါဘိ၊ ငါ့အစ်ကိုတော် တောင်ညိုမင်းကို ငါဘာပြန်ပြောရမှာ ပါလိမ့်..ဘာကြောင့် ငါ့ကို ကြည့်တောင်မကြည့်ပဲ နှင်ထုတ်ရက်ရတာလဲ။ ရက်စက်လွန်းလိုက်တာ မင်းကြီးရယ်။ တကယ်ဆို ဆက်သမယ်ဆိုကတည်း က မကြိုက်မနှစ်သက်ရင် ငြင်းပါတော့လား..အခုတော့ မိဖုရားတစ်ယောက် အဆောင်အယောင်နဲ့လာခဲ့ရသူကို ရင်ဝကိုဆောင့်ကန်လိုက်သတဲ့လား”

“အို အရှင်မ..အရှင်မ စိတ်ထိန်းတော်မူပါ…ဒါအထင်မြင်လွဲမှု သက်သက်ပါ အရှင်မ..စိတ်ကိုထိန်းတော်မူပါ”

“ငါသိရမှ ဖြစ်မယ် အထိန်းတော်ကြီး၊ သုံးပန်လှဆိုတာ ပြည်နယ်ငယ်လေး တစ်ခုက မင်းသမီးမို့ မတူမတန်လုပ်သလား၊ ဘာကြောင့်ငါ့ကို ထွက်တောင် မကြည့်ပါပဲ နှင်ထုတ်ရသလဲ..သူပေးတဲ့ဆုလာဘ် ငါမက်တယ်များထင်နေ သလား”

“ဟေ့ တံခါးစောင့် နင်တို့ ဘုရင်ဘာကြောင့်ငါ့ကို ငြင်းသလဲ သိသလား.. ငါမေးတယ်လို့ ပြန်လျှောက်တင်လိုက်စမ်း”

“မင်းသမီးဟာ အင်မတန်လှပတယ်ဆိုတာ စုန်းအတတ်နဲ့ဲပြုစားထားလို့ ဆိုပြီး သတင်းတွေ နန်းတော်ထဲမှာ ပျံ့နှံ့နေပါတယ်။ တကယ်တော့ မင်းသမီး ရဲ့ရုပ်ရည်ဟာ ဘီလူးရုပ်လို့လည်း ပြောနေကြပါတယ်ဘုရား။ ဒါကြောင့်မင်း ကြီးဟာ အခုလို မင်းသမီးကို ငြင်းပယ်လိုက်ခြင်းဖြစ်ပါတယ်”

“ဘုရားဘုရား… ငါ့ကို ငါ့လို လူစစ်စစ်ကို ..မတန်လိုက်တာ ရှင်စောဖြူ၊ ညီး ကျိတ်ချစ်ခဲ့ရတဲ့သူက အဲဒီလို သူများပြောတိုင်းအလွယ်တကူယုံတတ်တဲ့ လူ မျိုးလား…ကောင်းပြီလေ”

ပင်တိုင်စံမင်းသမီးတစ်ပါးမို့ ရှင်စောဖြူမှာလည်း မာနရှိပါတယ်။ ဒါကြောင့်ဆု တော်လာဘ်တော်တွေကို ငါလက်မခံဘူး..။ အခုပင် ငါ့တိုင်းပြည်ကို ငါပြန် မယ်။ ဝေါယာဉ်သမားတွေ ခပ်သုတ်သုတ်လျှောက်ချည်တော့ဟဲ့…။

အလာတုန်းက နှစ်ပြည်ထောင် အကြိုတော် အထောက်တွေနဲ့ စည်ကားခဲ့တဲ့ ဒီခရီး အပြန်မှာကျတော့ ရှင်စောဖြူတို့ ဖက်က အထိန်းတော်တွေနဲ့သာ။ တစ်လမ်းလုံးစကားမပြောနိုင်ပဲ ရာဇမာန် အမျက်မာန်ကြီးတဲ့ ရှင်စောဖြူ တစ်ယောက် တိတ်ဆိတ်လို့နေပါတယ်။

“သုံးပန်လှမင်းသမီးဟာ စုန်းမတစ်ယောက်” ဆိုတဲ့ စကားကိုပဲ နားထဲမှာ အထပ်ထပ်ကြားယောင်လို့ နေပါတယ်။ ပါးပြင်မှာကျနေတဲ့ မျက်ရည်တွေကို လဲ လုံးဝမသုတ်ခဲ့ပါဘူး။ ရင်ထဲမှာ ရှက်ခြင်း၊ နာကြည်းခြင်း၊ ဝမ်းနည်းခြင်း တွေက တဖိတ်ဖိတ်တလက်လက် တံလျှပ်တွေကိုဖြစ်နေခဲ့ပါတယ်။

တောင်ညိုနယ်ကို ဒီတောအုပ်ထူထူကို ကျော်ဖြတ်ပြီးရင်ရောက်တော့မှာပါ။ တောအုပ်ထဲကိုရောက်တော့ မင်းသမီးဟာ ဝေါယာဉ်ကိုရပ်ခိုင်းလိုက်ပြန်ပါ တယ်။

“အထိန်းတော်ကြီး ငါ့ရုပ်ဟာ တကယ်ပဲ ဘီလူးရုပ်လား…မှန်းစမ်းမှန်းစမ်း ငါကြည့်ရမယ်..ငါကြည့်ဖို့လိုတယ် အထိန်းတော်ကြီးရဲ့”

ပြောပြောဆိုဆို သခင်မရှင်စောဖြူဟာ မြေကြီးကိုလက်နဲ့ယက်ပြီး ရေထွက် အောင်ပြုလုပ်ပါတော့တယ်။ ရေထွက်လာရင် သူ့မျက်နှာကိုရေပြင်မှာ ပြန် ကြည့်မယ်ဆိုပြီးတော့ပဲ ဘယ်သူတားတား နားမထောင်တော့ပဲ ရေကန်တစ် ခုကို ပြုလုပ်ပါတော့တယ်။


ဒီနေရာဟာလည်း ခောတ်ကာလ ကြာမြင့်လာတော့ လက်သည်းရေကန်ဆို ပြီး အခုထိရှိနေပါသေးတယ်။ နောက်ဆုံးမှာတော့ မင်းသမီးလေးဟာ အဆုံး စွန်ထိ စော်ကားခံရလေခြင်းဆိုတဲ့ ဝေဒနာတွေရင်မှာ ပိုက်ပြီးတောအုပ်ထဲ က မထွက်ခွာမီ ရင်ကွဲနာကျပြီး ကွယ်လွန်ခဲ့ပါတော့တယ်။
ဒွတ္တဘောင်မင်းကလည်း မင်းသမီးလေးကို ငါမြင်တောင်မမြင်ရသေးပဲ နန်း တော်က ပြန်ခိုင်းလိုက်တာ မှားများသွားပြီလားလို့ အတွေးတစ်ချက်ဝင်လာ ပြီးတဲ့နောက် သူကိုယ်တိုင် နောက်ကလိုက်ခဲ့ပါတယ်။ အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့တဲ့မင်းကြီးဟာ အလွန်အင်မတန်မှ ချောမောလှပလွန်းတဲ့ မင်းသမီးလေးရဲ့ အလောင်းကိုသာတွေ့လိုက်ရပါတော့တယ်။

ကိုယ့်အမိန့်တစ်ချက်နဲ့ သက်ဆိုင်ပြီးအသက်ဆုံးခဲ့ရတဲ့ မင်းသမီးလေးကို အဲ ဒီနေရာမှာပဲ ဂူဗိမာန်ဆောက်စေပြီး သင်္ဂြ ိုလ်ပေးခဲ့ပါတယ်။ မင်းသမီးလေးရဲ့ အခြွေအရံတွေကိုလဲ အဲဒီနားမှာပဲ ကျေးရွာတည်လို့ မင်းသမီးရဲ့ဂူကိုစောင့် ရှောက်ဖို့ နေစေလိုက်ပါတယ်။

အမုန်းတွေ အညိုးတွေနဲ့ ကွယ်လွန်သွားရတဲ့မင်းသမီးလေးဟာ သူ့အ လောင်း ကို မြှုပ်ခဲ့တဲ့ အခုမှော်ဇာထဲက ကိုယ်ကြီးမြှုပ်ရွာမှာပဲ နတ်စိမ်း မလေး အဖြစ်နေနေရပါတော့တယ်။ ကုန်းတိုက်တဲ့လူတွေကြောင့် သူသေ ခဲ့ရတယ်ဆိုတဲ့ အစွဲကနေ ကျိန်စာဖြစ်ပြီး ကျေးရွာအတွင်းကုန်းချော တဲ့လူတွေကို အနာကြီးရောဂါဖြစ်စေပြီး နူသွားတဲ့အထိ ကျိန်စာသင့်လေ့ရှိ စေတယ်လို့ လူတွေက ယနေ့ထက်တိုင် ယုံကြည်နေကြပါတော့တယ်။

ဒါပေမယ့် မှန်မှန်ကန်ကန်နဲ့ နေထိုင်ပြီး ဘုရားတရားမြဲတဲ့သူတွေကိုကြတော့ သီးနှံအထွက်ကောင်းအောင်၊ မိုးလေဝသကောင်းမွန်အောင်စောင့်ရှောက်ပေး တတ်ပြီး သူသေပြီးနောက်မှ ဒွတ္တဘောင်မင်းထံ အိပ်မက်ပေး နေရာတောင်း တာကြောင့် ဘုရင်ကလည်း သူ့ရွာဖြစ်လာမယ့်နေရာမှာ နတ်ကွန်းဆောက် ပြီး အပိုင်စားပေးလိုက်ပါတယ်။ မင်းသမီးကိုပူဇော်ပွဲပြုလုပ်တဲ့ အခါမှာတော့ ပုဝါသုံးမျိုး၊ အုန်းသီး၊ ငှက်ပျောသီး၊ မုန့်မျိုးစုံတို့နဲ့ ပူဇော်ကြလေ့ရှိပြီး ရိုးရာ နတ်တင်တိုင်းလည်း သခင်မပွဲဆိုပြီး ထည့်ပြီး တင်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကုန်းတိုက်သူတွေကို နူအောင်ကျိန်စာတိုက်လေ့ရှိပေမယ့် ကိုးကွယ်ပူဇော်ပသသူတွေကိုတော့ အစစအရာရာ ကူညီစောင့်ရှောက်ပေး နေတယ်ဆိုတဲ့ သုံးပန်လှမင်းသမီလေးအကြောင်းကတော့ မှော်ဇာရွာထဲမှာ ပြောစမှတ်ပြုနေတဲ့ ဒဏ္ဍာရီ တစ်ပုဒ်သဖွယ် ယနေ့တိုင်တည်ရှိနေပါသေး တယ်ဆိုတဲ့ အကြောင်း တင်ဆက်ပေးလိုက်ပါတယ်နော်…။

https://www.facebook.com/Scary-Myanmar-Chilli-336517150312232/ အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..