" သေရာပါအမုန်း " ( ပရလောကသားတို့အကြောင်း )
lotaya.mpt.com.mm
|
2020-02-14

မရောက်တာကြာပြီဖြစ်သည့် ကျွန်တော့်သူငယ်ချင်းထံသို့ အလည်အပတ်သွားရင်း ကျွန်တော်တို့ငယ်စဉ်က နာမည်ကျော်ခဲ့သည့်အိမ်ကို သတိတရဖြင့်ကြည့်ရှုဖြစ်ခဲ့ပေသည်။ နာမည်ကျော်ခဲ့သည့် ထိုအိမ်သည် ယခုအခါ သစ်လွင်တောက်ပသည့် တိုက်အိမ်ကြီးဖြစ်နေ ခဲ့လေပြီ။ နာမည်ကျော်ဆိုသည်က အခြားကြောင့်မဟုတ်၊ ခြောက်လှန့်လွန်း၍နာမည်ကျော်ရခြင်းဖြစ်သည်။ ထိုအိမ်သည် ကျွန်တော့်သူငယ်ချင်း ဌေးဌေးအောင်၏အိမ်နှင့်ခြံချင်းကပ်လျက်ရှိနေသဖြင့် ထိုအိမ်အကြောင်းကို သူကပိုသိပေသည်။

“ဌေးဌေး....ဟိုဘက်ခြံကအိမ်ကို အသစ်ဆောက်လိုက်တာလား”

“ဟုတ်တယ် အသောင်း “

“အရင်လို ခြောက်သေးလား”

“မခြောက်တော့ဘူးလေ”

“ဟိုလူကြီးက အခုဘယ်ရောက်နေလဲ”

“ငါက ဘယ်လိုလုပ်သိမှာလဲ။ အိမ်ရောင်းပြီးကတည်းက ဒီကိုမလာတော့ဘူး။ သေများသေသွားပြီလားမသိဘူး”

“နင်မှတ်မိသေးလား။ နင့်အိမ်မှာ ငါတို့စုပြီးစာကျက်ကြတုန်းက အိမ်သာမသွားရဲလို့ ဟိုဓာတ်တိုင်အောက်မှာ ရှုသွားပန်းခဲ့ရတာလေ”

“ငါရောဘာထူးလို့လဲ။ ရှုအိုးနဲ့ သွားရတာ...ဟီး...။ ဦးကျော်မြင့်က အိမ်ကိုသော့ခတ်ပြီးထွက်ပြေးသွားတော့ လွတ်သွားပေမယ့် ငါတို့အိမ်နီးနားချင်းတွေကတော့ အရူးမသရဲခြောက်တာ အတော်ခံလိုက်ရတယ်။ ညဘက်ဆို အိမ်ခေါင်မိုးပေါ်ကို ခဲတွေနဲ့ပစ်တယ်။ သူ တို့နေခဲ့တဲ့ အောက်ထပ်ကပြူတင်းပေါက် လူမရှိဘဲပွင့်နေလို့ သွားမကြည့်လိုက်နဲ့၊ သရဲမက ငါတို့အိမ်ဘက်ကို လှည့်ကြည့်နေတာတွေ့ရလိမ့်မယ်။ နေ့လယ်နေ့ခင်းမို့လို့ မခြောက်ဘူးမထင်နဲ့။ ပလပ်စတစ်ဝင်ကောက်တဲ့ကောင်လေးကို ခြောက်လွှတ်လိုက်တာ နောက်ဖေး လမ်းကြားမှာ တက်ပြီးသတိလစ်နေလို့ ဆေးရုံအမြန်ပို့လိုက်ရတယ်။ မီတာလာဖတ်တဲ့ လျှပ်စစ်ရုံးကဝန်ထမ်းတစ်ယောက်ဆိုရင် ထွက်ကိုပြေးရတာ"

"ဟေ...လုပ်စမ်းပါဦး"

"ဦးကျော်မြင့်က ခြံသော့ကို မျက်နှာချင်းဆိုင်အိမ်က ဦးတင်ငွေဆီမှာအပ်ထားတယ်။ မီတာလာဖတ်ရင် ခြံတံခါးဖွင့်ပေးဖို့လည်း အကူအညီတောင်းထားတယ်"

"အင်း...."

"မီတာလာဖတ်တဲ့သူလာတော့ ဦးတင်ငွေက ခြံတံခါးဖွင့်ပေးခဲ့ပြီး သု့အိမ်ကိုခဏပြန်သွားတယ်။ မီတာဖတ်တဲ့သူကလည်း အိမ်တံခါးဝနားမှာတပ်ထားတဲ့မီတာကို ဖတ်နေတာပေါ့။ မီတာပုံးက တင်မေဦးတို့နေခဲ့တဲ့အိမ်ခန်းတံခါးဝမှာလေ"

"ဆက်ပြောပါဦးဟ"

"မီတာဖတ်နေတုန်း အိမ်ထဲကလူရိပ်မြင်လိုက်လို့ သံဆန်ကာကနေ ခြောင်းကြည့်လိုက်တယ်တဲ့။ အိမ်တံခါးကလည်း အပြင်ကနေသော့ခတ်ထားတယ်။ ခြံတံခါးကလည်း သော့ခတ်ထားတယ်ဆိုတော့ သူခိုးထင်လို့ ကြည့်လိုက်မိတာတဲ့။ အဲဒီမှာတင် လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ တွဲလောင်းဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရတယ်တဲ့။ လက်ထဲမှာလည်း အရုပ်လေးတစ်ရုပ်ကိုင်ထားတယ်တဲ့။ မီတာဖတ်တဲ့သူက ဘာဖြစ်တာလဲဆိုပြီး အသေအချာကြည့်နေတဲ့အချိန်မှာပဲ လည်ပင်းကြိုးတန်းလန်းနဲ့မိန်းကလေးက ချက် ချင်းပျောက်သွားပြီး သံဆန်ခါနားမှာ ရုတ်တရက်ပေါ်လာလို့ ထွက်ပြေးတာတဲ့"

"မီတာလာဖတ်တဲ့သူက အဲဒီအိမ်အကြောင်းမသိဘူးထင်တယ်"

"ဟုတ်မှာပေါ့။ တင်မေဦးမသေခင်က မီတာလာဖတ်ပြီး တင်မေဦးသေပြီးရက်အတော်ကြာမှ မီတာလာဖတ်တာဆိုတော့ သူလည်းဘယ်သိပါ့မလဲ။ အဖေနဲ့ အမေဆိုရင် ခဏ ခဏမြင်ရတယ်။ ငါတို့ကတော့ အဲဒီအိမ်ဘက်ကို နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ယောင်လို့တောင် မကြည့်ဘူး။ ညဆို ခြံထဲမှာလျှောက်သွားနေတယ်တဲ့"

"နင့်အဖေနဲ့အမေက မကြာက်ဘူးလား"

"အမေကကြောက်ပေမယ့် အဖေကမကြောက်ဘူး။ သနားနေတာ"

"အမ်....နင့်အဖေက ဘယ်လိုဖြစ်လို့ အရူးမသရဲကို သနားရတာလဲ"

"ဝဋ်ကြွေးကြောင့်ဆိုပြီး သနားနေတာလေ"

"အခုအိမ်သစ်ဆောက်ထားတဲ့လူသစ်တွေဆီက ဘာသံမှမကြားရဘူးလား”

“မကြားရတော့ဘူး။ အဲဒီအိမ်ကိုဝယ်လိုက်တဲ့သူက စင်္ကာပူမှာ အလုပ်သွားလုပ်နေတဲ့ အင်္ဂျင်နီယာတဲ့။ ဝယ်ထားတာတော့ကြာပြီ။ အိမ်က မနှစ်ကမှပြန်ဆောက်လိုက်တာ။ သူ့ရှေ့မှာ မိသားစုတစ်စုရှိသေးတယ်။ အဲဒီမိသားစုက အခုအိမ်ပိုင်ရှင်ကို ရတဲ့ဈေးနဲ့ထိုး ရောင်းပြီး ပြေးကုန်ကြတာ။ အခုအိမ်သစ်ဆောက်ထားတဲ့သူတွေကျမှ အခြောက်မခံရတော့တာ။ အဲဒီအကြောင်း နောက်မှပြောပြမယ်”

“ဟေ.......ငါသိချင်တယ်ဟာ။ ပြောပြပါလား”

“ပြောပြပါ့မယ်ဆို။ နင်အချိန်ရတယ်မဟုတ်လား အသောင်း”

“အချိနတော့ရပါတယ်။ ညနေမှာ ချိန်းထားတာတစ်ခုတော့ရှိတယ်”

“ရောက်တုန်း အေးအေးဆေးဆေးပေါ့ဟာ။ သောက်ကောင်စုတ်၊ လာမယ်ဆိုလည်း ကြိုပြောပါလား။ ထမင်းကျွေးလို့ရတာပေါ့”

“အေးပါ....ထမင်းစားတာက နောက်မှလာစားပါ့မယ်။ အခုက အဲဒီအိမ်အကြောင်း သိချင်နေပြီ”

“ပြောပြပါ့မယ်ဆိုနေမှဟာ”

“လုပ်စမ်းပါ ဌေးဌေးရယ်။ သိချင်လို့ပါ”

“စိတ်ချ၊ အကုန်ပြောပြမယ်။ ငါ့အဖေကို ဦးကျော်မြင့်ပြောပြခဲ့တာတွေရော၊ ထင်မှတ်မထားတာတွေရော၊ ထူးဆန်းတာတွေရော အကုန်ပြောပြမယ်။ တင်မေဦးက အတော်ကြမ်းတယ်ဟ။ ပထမဆုံးဝယ်လိုက်တဲ့မိသားစုတွေလည်း ကြောက်လန့်ပြီးမနေရဲလို့ အိမ်ကို သော့ခတ်ပြီး ပစ်ထားခဲ့တယ်”

“အရူးမ တင်မေဦးသေတုန်းက ငါလာကြည့်သေးတယ်လေ။ လျှာတစ်လစ်ထွက်ပြီးသေနေတာ ကြောက်စရာကြီး။ ဟိုလူကြီးကို အသေအကြေခြောက်လို့ ပြူတင်းပေါက်နေခုန်ချတာ ခြေထောက်ထက်ပိုင်းကျိုးသွားတယ်လေ။ အဲဒါ ငါသိတယ်”

“နင်မသိသေးတာရှိသေးတယ် အသောင်း။ တင်မေဦး ဘာကြောင့်သေရတယ်။ ဘာကြောင့်ခြောက်ရတယ်ဆိုတာ ငါပြောပြရင် နင်အံ့ဩသွားလိမ့်မယ်”

"နင်က ဘယ်လိုလုပ်ပြီးသိရတာလဲ"

"ပြောပြမယ်လေ"

“ငါထင်တာတော့ ဟိုလူကြီးက တင်မေဦးကို တစ်ခုခုလုပ်ခဲ့လို့ တင်မေဦးက အသည်းအသန်ခြောက်တာဖြစ်နိုင်တယ်။ ငါ့ကိုပြောပြပါဟာ”

“ပြောပြပါ့မယ်ဆိုတာ ဘယ်လိုဖြစ်နေတာလဲ”

“သိချင်လို့ပေါ့ဟ။ နင့်အဖေကို ဦးကျော်မြင့်ပြောပြခဲ့တဲ့အကြောင်းနဲ့ အဲဒီအိမ်ကို ပထမဆုံးဝယ်လိုက်တဲ့မိသားစုတွေ ခြောက်လှန့်ခံရတဲ့အကြောင်းပြောပြ”

“အဲဒီအိမ်ကို ပထမဆုံးဝယ်လိုက်တဲ့သူတွေက ငါတို့နဲ့မှမခင်တာ။ သူတို့အခြောက်ခံရတယ်ဆိုတာပဲ သိတယ်လေ"

"ဒါဆိုလည်း အစအဆုံးသာပြောတော့ဟာ"

"အေးပါ.....ငါတို့ကို တင်မေဦးခြောက်တဲ့အကြောင်း မှတ်မိသေးလား”

“ဘယ်မေ့ပါ့မလဲ ဌေးဌေးရယ်။ ဟိုဘက်အိမ်က သရဲခြောက်တယ်ဆိုတာ ငါတို့တွေမေ့ပြီး ခြံထဲမှာလမ်းဆင်းလျှောက်လိုက်တာ သိန်းသိန်းရီဆို နှာနှပ်ယူလိုက်ရတယ်လေ။ ငါကတော့ ခြောက်တာမဟုတ်လောက်ဘူးလို့ထင်တာပဲ”

“ဒီလောက် အလုံးအထည်ပြပြီးခြောက်တာတောင် ခြောက်တာမဟုတ်ဘူးလို့ထင်ရင် အဲဒီတုန်းက လက်ယက်ခေါ်နေတဲ့ နင့်မယားဆီလိုက်သွားပါတော့လား။ ပြောရင်းနဲ့ ကြက်သီးတွေတောင်ထလာပြီ”

“ငါလည်း မကြောက်ဘဲနေမလား ဌေးဌေးရာ။ ကြောက်လို့ပဲ အိမ်သာမသွားရဲလို့ ဓာတ်တိုင်အောက်မှာ သေးပန်းခဲ့ရတာပေါ့။ ငါပြောတာက နုနုရီသတိလစ်သွားတော့ သူလည်းပျောက်သွားတယ်လေ။ နောက်တော့ ငိုသံကြားရတယ်မဟုတ်လား။ ငါထင်တာက သူ တစ်ခုခုများ ပြောချင်တာလား။ အကူအညီတောင်းချင်လို့များ ကိုယ်ထင်ပြသလားလို့ပါ။ အဲဒီတုန်းကတော့ အခုလိုမတွေးမိဘူးပေါ့ဟာ”

ဌေးဌေးပြောမှ ကျွန်တော်အမှတ်ရလာမိသည်။ ထိုနေ့က ဆယ်တန်းစာမေးပွဲဖြေဆိုရန် သုံးရက်သာလိုတော့သဖြင့် ကျွန်တော်တို့သူငယ်ချင်းလေးယောက် ဌေးဌေး၏အိမ်တွင်စုပြီး စာကျက်ကြသည်။ လက်ဖက်သုတ်စားလိုက် စာကျက်လိုက်ဖြင့် ညတစ်နာရီကျော် သွားသည်ကိုပင် သတိမထားမိကြပေ။ ကျွန်တော်တို့သူငယ်ချင်းလေးယောက် စာကျက်ခြင်းကို ခဏရပ်ပြီး ခြေလက်ဆန့်သည့်အနေဖြင့် ခြံထဲတွင်လမ်းဆင်းလျှောက်ကြသည်။ အရူးမ တင်မေဦးကိစ္စကို မေ့လျော့နေကြပြီး တစ်ယောက်နှင့်တစ်ယောက် နောက်ပြောင်ကျီ စယ်နေကြသည့်အချိန်တွင် တစ်ဖက်ခြံမှ အသံကြားလိုက်ရသဖြင့် အသံကြားရာသို့ ပြိုင်တူလှည့်ကြည့်လိုက်ကြသည့်အခါ ခြံစည်းရိုးတွင်စိုက်ထားသည့် ပုဏ္ဍရိက်အပင်များပေါ်သို့တက်ရပ်နေသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ကြရသည်။ ဆံပင်များပွယောင်းနေပြီး ခေါင်းက တစ်ဖက်သို့စောင်းကာ လျှာတစ်လစ်ထွက်နေသည်။ လက်ထဲတွင်လည်း အရုပ်တစ်ရုပ်ကိုင်ထားသဖြင့် ထိုမိန်းကလေးသည် ကြိုးဆွဲချပြီးသေသွားသည့် အရူးမ တင်မေဦးဖြစ်ကြောင်း ကျွန်တော်တို့အားလုံးသိလိုက်ကြရသည်။ တင်မေဦးက ကျွန်တော်တို့ကို လက် ယက်ခေါ်နေသဖြင့် ကျွန်တော်တို့လေးယောက် ထွက်ပြေးရန်ပြင်လိုက်စဉ် နုနုရီက သတိလစ်သွားခဲ့သည်။ ထိုအချိန်မှာပင်ပုဏ္ဍရိပ်ပင်များကြားမှ ငိုသံသဲ့သဲ့ကိုကြားလိုက်ရသည်။ ဌေးဌေးကအိမ်ပေါ်သို့တက်ပြေးသွားပြီး ကျွန်တော်နှင့်ခင်မောင်စိုးက နုနုရီကို ချိုင်းအောက်မှ လျှိုထမ်းပြီး အိမ်ပေါ်သို့ခေါ်သွားရသည်။ ဌေးဌေး၏မိဘများနိုးလာပြီး နုနုရီအား ဝိုင်းဝန်းပြုစုသည့်အခါမှ သတိလည်လာခဲ့သည်။

"ငါကတော့ အခုအထိကြောက်တုန်းပဲ။ အဲဒီအိမ်ကိုမဆောက်ခင်နေ့ကမှ ဘာကြောင့်သေရတယ်၊ ဘာကြောင့်ခြောက်ရတယ်ဆိုတာ သိခဲ့ရတယ်"

"လုပ်စမ်းပါဟာ.....သိချင်လှပြီ"

“အခုပြောပြမယ်။ ငါပြောနေတဲ့အချိန် ကြားဖြတ်ပြီးမေးတာမြန်းတာမလုပ်နဲ့။ နင့်ပါးစပ်ကို ခဏပိတ်ထား”

“အေးပါဟာ.....အပေါ်ရော အောက်ရော ပိတ်ထားပါ့မယ်”

“ပြီးရော....”

***************************

အိမ်ရောင်းမည်ဟု ခြံဝ၌သာမက လမ်းဆုံလမ်းခွနှင့်ကားမှတ်တိုင်တွင် ကြော်ငြာစာရွက်များကပ်၍ ကြော်ငြာထားသည့်တိုင် မေးမြန်းစုံစမ်းခြင်းပင်မရှိကြပေ။ မေးမြန်း စုံစမ်းစရာမလိုဘဲ နာမည်ကျော်နေသည့် ဦးကျော်မြင့်၏အိမ်ကို ဝယ်ယူမည့်သူမရှိရခြင်းက အ ဆန်းတော့မဟုတ်ပေ။ ခြေရင်း၊ ခေါင်းရင်းအိမ်များနှင့် အိမ်နောက်ဘက် ကျောချင်းကပ်အိမ်များက ညအချိန်ဆိုလျှင် ဦးကျော်မြင့်၏နေအိမ်ကို ယောင်လို့တောင်မကြည့်ကြပေ။ ဦးကျော်မြင့် ကိုယ်တိုင်လည်း မနေရဲတော့သဖြင့် ရသည့်ဈေးဖြင့်ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်ပေ သည်။

ဦးကျော်မြင့်၏နေအိမ်သည် အုတ်ခံပျဉ်ထောင်နှစ်ထပ်အိမ်ဖြစ်ပြီး ပေလေးဆယ်၊ ပေခြောက်ဆယ်မြေကွက်တွင် ဆောက်လုပ်ထားသည်။ အိမ်ထောင်ကွဲသွားပြီးနောက် တစ်ကိုယ်တည်းနေထိုင်ရင်း အဖော်လည်းရ၊ လစဉ်ဝင်ငွေလည်းရရန်အတွက် အိမ်အောက်ထပ် ကို အိမ်ငှားတင်ထားခဲ့သည်။ ပထမဆုံး လာရောက်နေထိုင်ကြသည့် မိသားစုက အေးအေးချမ်းချမ်းရှိသဖြင့် သဘောကျသော်လည်း တစ်နှစ်စာချုပ်မပြည့်ခင်ပြောင်းရွှေ့သွားကြသဖြင့် နောက်ထပ်အိမ်ငှားမည့်သူကို စောင့်မျှော်ရပြန်သည်။ ပထမ အိမ်ငှားများပြောင်းရွှေ့သွားပြီး နှစ်လခန့်အကြာတွင် မိသားစုတစ်စုကို အိမ်ငှားတင်လိုက်သည်။ ထိုမိသားစုသည် ယခင်ပြောင်းရွှေ့သွားကြသည့် မိသားစုကဲ့သို့မဟုတ်ဘဲ မိသားစုသုံးယောက်သာရှိသည်။ အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ယောက်နှင့်အတူ အသက်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေး တစ်ယောက်၊ အသက်ဆယ့်ခြောက်နှစ်အရွယ်မိန်းကလေးတစ်ယောက်တို့ နေထိုင်ကြသည်။ အမျိုးသမီးသည် မိခင်ဖြစ်ပြီး မိန်းကလေးနှစ်ယောက်အနက် ဆယ့်ရှစ်နှစ်အရွယ်မိန်းကလေးက တူမဖြစ်ပြီး အသက်ဆယ့်ခြောက်နှစ်အရွယ်မိန်းကလေးက သမီးဖြစ်ပေသည် ။ အ မျိုးသမီး၏အမည်သည် ဒေါ်တင်တင်အေးဖြစ်ပြီး လေဟာပြင်ဈေးတွင် အဝတ်အထည်ဆိုင်ဖွင့်ထားသည်။ ဒေါ်တင်တင်အေးသည် စိတ်ရောဂါသည်သမီးအား ပြုစုစောင့်ရှောက်ရန် တူမဖြစ်သူ အေးသီရိအား ခေါ်ယူထားပေသည်။ စိတ်ရောဂါသည် မိန်းကလေးသည် သာမန်အ ချိန်၌ အေးအေးဆေးဆေးဖြင့် ငြိမ်သက်နေသော်လည်း စိတ်ဖောက်ပြန်လာသည့်အခါ အလွန်ဆိုးရွားလှသည်။ ထိုစိတ်ရောဂါသည် မိန်းကလေး၏အမည်သည် တင်မေဦး ဖြစ်ပေသည်။ အိမ်ငှားစဉ်အခါက အမျိုးသမီးသုံးယောက်တည်းမို့ အေးအေးဆေးဆေးရှိမည်ဟု ထင်မှတ် ခဲ့သော်လည်း ပြောင်းရွှေ့လာပြီးရက်ပိုင်းအတွင်း စိတ်ရောဂါသည် တင်မေဦးအကြောင်း သိခဲ့ရလေတော့သည်။

တင်မေဦးသည် စိတ်ဖောက်ပြန်သည့်အချိနတွင် ထိန်းမနိုင်သိမ်းမရလောက်အောင်ဆိုးရွားလှသည်။ သူ့ကိုထိန်းရသည့် အစ်မတစ်ဝမ်းကွဲ အေးသီရိကလည်း အတော်သည်းခံရရှာသည်။ တင်မေဦးအကြောင်းသိလိုက်ရသဖြင့် ငွေပြန်အမ်းကာ ဆက်လက်နေထိုင်ခွင့်မ ပြုတော့လိုသော်လည်း တင်မေဦး၏မိခင် ဒေါ်တင်တင်အေးက တောင်းပန်ပြောဆိုထားသဖြင့် ဒေါ်တင်တင်အေး၏မျက်နှာကြောင့် သည်းခံခဲ့ရလေသည်။ ဒေါ်တင်တင်အေး၏မျက်နှာကြောင့်ဟုဆိုသည်ထက် ဒေါ်တင်တင်အေးကြောင့်ဟုပြောရပေမည်။ ဒေါ်တပ်ခေါ်ရသော် လည်း အသက်လေးဆယ်ကျော်သာရှိသေးသည့် မုဆိုးမဒေါ်တင်တင်အေးသည် အသားဖြူဖြူ၊ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်တင်းတင်းနှင့်ကြည့်ကောင်းရှုကောင်းသူဖြစ်သောကြောင့် မုဆိုးဖို ဦးကျော်မြင့်တစ်ယောက် တိတ်တခိုးသဘောကျနေခဲ့သည်။ ထို့ကြောင့် လည်း စိတ်ရောဂါသည်တင်မေဦး၏ဒဏ်ကို ဒေါ်တင်တင်အေးကြောင့် သည်းခံနေရခြင်းဖြစ်သည်ဟုဆိုက ပိုမှန်ပေလိမ့်မည်။

တင်မေဦးသည် မွေးရာပါ စိတ်ဝေဒနာသည်တစ်ယောက်ဖြစ်ပြီး သူ၏အသက် ဆယ့်တစ်နှစ်အရွယ်တွင် ဖခင်ရုတ်တရက်သေဆုံးခဲ့သွားသည်။ ဖခင်ဆုံးသွားပြီးနောက်ပိုင်း၌ စိတ်ဝေဒနာ ပို၍ဆိုးရွားလာခဲ့သည်။ ဆိုးရွားသည်ဆိုသော်လည်း အချိန်ပြည့်ဆိုးရွားနေခြင်း မဟုတ်ဘဲ စိတ်အလိုမသင့်သည့်အခါ စိတ်ဖောက်ပြန်လာပြီး ဆိုးရွားခြင်းသာဖြစ်ပေသည်။ တင်မေဦးက ဖခင်ကိုအလွန်ချစ်သည်။ မျက်စိအောက်မှ အပျောက်မခံနိုင်အောင် ချစ်ရှာသည်။ ထို့ကြောင့်လည်း အသက်ဆယ်နှစ်ပြည့်သည့်နေ့တွင်သူ၏ဖခင်လက်ဆောင်ပေးခဲ့သည့် မွေးပွအရုပ်ကို လက်မှမချဘဲ ကိုယ်နှင့်မကွာ တယုတယပွေ့ပိုက်ထားတတ်သည်။ ညစ်ထေးပြီး အရောင်အဆင်းမရှိတော့သဖြင့် လျှော်ဖွတ်ရန်တောင်းလျှင် အော်ဟစ်ဆူညံပြီး ဝုန်းဒိုင်းကြဲတတ်သဖြင့် သူအိပ်သည့်အခါမှ လျှော်ဖွတ်ပြီး အိပ်ရာမှမနိုးခင် သူ၏နံဘေးတွင်ပြန် ထားပေးရလေသည်။

ဦးကျော်မြင့်သည် အစိုးရဌာနတစ်ခုမှ စာရေးကြီးတစ်ယောက်ဖြစ်ပြီး တိုင်းရင်းဆေးဆရာတစ်ယောက်လည်းဖြစ်ပေသည်။ ခြံထဲတွင်လည်း ရှားပါးသည့် ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးထားသည်။ ထိုဆေးဖက်ဝင်အပင်များကို တင်မေဦး ဖျက်စီးပစ်လိုက်သည့် နေ့မှစတင်၍ တင်မေဦး၏ဘဝ နိဂုံးချုပ်ခဲ့ရသလို ဦးကျော်မြင့်သည်လည်း အိမ်၌မနေရဲတော့ဘဲ ပြေးခဲ့ရလေတော့သည်။

***************************

ရုံးပိတ်ရက်ဖြစ်သောကြောင့် စိတ်ရှိလက်ရှိအိပ်ပစ်လိုက်သည်မှာ မနက်ဆယ်နာရီကျော်မှ အိပ်ရာက နိုးလာခဲ့သည်။ မျက်နှာသစ်ပြီး အိမ်ရှေ့ပြူတင်းပေါက်ကိုဖွင့်လိုက်သည့်အချိန်တွင် အိမ်ရှေ့၌ပြန့်ကြဲနေသည့် ဆေးပင်များကိုမြင်တွေ့လိုက်ရသဖြင့် ဦးကျော်မြင့် မျက်လုံးများပြူးကျယ်သွားလေသည်။

“ဟာ......သွားပါပြီ....”

အိမ်အောက်သို့ ပြေးဆင်းလာပြီး တင်မေဦးကိုလိုက်ရှာသည့်အခါ အိမ်ရှေ့တံခါးပေါက်ဝတွင်ထိုင်၍ ဆေးပင်များကိုချေမွဖျက်စီးနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ဦးကျော်မြင့်တစ်ယောက် ဒေါသမီးတောင် ပေါက်ကွဲသွားလေသည်။

“ငါ့အပင်တွေကို ဘာဖြစ်လို့ ဖျက်စီးပစ်ရတာလဲ။ တောက်...”

“.........”

ဦကျော်မြင့်ကို ပြန်မဖြေဘဲ မကျေမနပ်ဖြင့် မျက်လုံးအောက်စိုက်ကာ စူးစူးရဲရဲကြည့်နေသည့်တင်မေဦးကို ရိုက်နှက်ရန် တင်မေဦးထံသို့ပြေးသွားသည့်အချိန်တွင် ဘေးအိမ်မှ အမျိုးသမီးတစ်ယောက်အဝတ်လှမ်းရင်းကြည့်နေသဖြင့် ကိုယ်ရှိန်သတ်လိုက်ရသည်။

“နင်လာခဲ့....”

အဝတ်လှမ်းနေသည့် ဘေးအိမ်မှအမျိုးသမီး အိမ်ပေါ်ပြန်တက်သွားသည့်အချိန်တွင် ဦးကျော်မြင့်က တင်မေဦး၏လက်မောင်ရင်းကို ဆုပ်ကိုင်ကာ အေးသီရိအား အော်ခေါ်လိုက်သည်။

“အေးသီရိ.....အေးသီရိ....”

အတန်ကြာအော်ခေါ်သည့်တိုင် အေးသီရိထွက်မလာသဖြင့် တင်မေဦးကိုဆွဲခေါ်ကာ အိမ်ထဲသို့ဝင်သွားလေသည်။

“အေးသီရိ..... တောက်...။ ဘယ်သူမှ မရှိကြဘူးလားကွ”

ထိုအချိန်မှာပင် တင်မေဦးက ဦးကျော်မြင့်၏လက်ကို ကိုက်လိုက်လေသည်။

“အား.....အ...။ ခွေးမ......ငါ့ကိုကိုက်တယ်ဟ....”

နာကျင်သွားသဖြင့် တင်မေဦးကို ထိုးကြိတ်ရန် လက်ရွယ်လိုက်သော်လည်း အရွယ်မမျှသဖြင့် စိတ်လျှော့လိုက်ရသည်။

“နင်တော့ ငါလုပ်လိုက်ရင် သေတော့မယ်”

ဦးကျော်မြင့်က အံကြိတ်ပြီးကြိမ်းဝါးလိုက်သည့်အခိုက် တင်မေဦးက ဦးကျော်မြင့်ကို စူးစူးစိုက်စိုက်ကြည့်ပြီး အနီးရှိအပ်ချုပ်စက်ခုံပေါ်တင်ထားသည့် ကတ်ကြေးကိုကောက်ယူကာ ဦးကျော်မြင့်ထံသို့ တစ်လှမ်းချင်းတိုးကပ်လာလေသည်။

“အမယ်....အရူးမက အလာကြီးပါလား။ နင်က ငါ့ကိုကတ်ကြေးနဲ့ထိုးမလို့ပေါ့လေ”

“ဟင်း..........”

ကတ်ကြေးကိုင်ပြီး ရုတ်တရက်ပြေးဝင်လာသည့် တင်မေဦး၏လက်ကိုဖမ်းချုပ်၍ ကတ်ကြေးကို အမြန်လုယူလိုက်သည်။ အသက်ကိုရန်ရှာလာသည့် တင်မေဦးအား သတ်ပစ်ချင်သည်အထိဖြစ်မိသော်လည်း ဘဝနှင့်မလဲနိုင်သဖြင့် တင်မေဦး၏ ဆံပင်စုကိုဆုပ်ကိုင် ကာ ကက်ကြေးဖြင့် ညှပ်ချလိုက်လေတော့သည်။

"ဒီလောက်တောင်ဖြစ်လှတဲ့ဟာမ...၊ ငါ့အပင်တွေကိုဖျက်စီးတော့ နင့်ဆံပင်ကိုလည်းဖျက်စီးတယ်။ ကဲကွာ...ကဲကွာ....."

“အီး..........ဟင်း......”

“ဒုန်း........ဝုန်း....”

ဆံပင်စုကို ဖြတ်လိုက်သဖြင့် တင်မေဦးတစ်ယောက် ထိန်းမနိုင်သိမ်းမရအောင်ကြမ်းလေပြီ။ ဗီရိုကို ခေါင်းဖြင့်ပြေးဆောင့်လိုက်၊ ဧည့်ခန်းထဲရှိပစ္စည်းများကို ကိုင်ပေါက်လိုက်လုပ်နေသဖြင့် ဦးကျော်မြင့်လည်း အိမ်ထဲမှအမြန်ပြေးထွက်ကာ အပေါ်ထပ်သို့ တက်သွား လေသည်။ ခဏအကြာတွင် အေးသီရိပြန်ရောက်လာပြီး တင်မေဦးကိုချော့မော့ကာ ထိန်းလိုက်မှ ငြိမ်သက်သွားတော့သည်။

“ညီမလေး...ဘာဖြစ်နေတာလဲ။ မမဈေးသွားနေတုန်း ဘာတွေလျှောက်လုပ်နေတာလဲ။ ဟိုလူကြီးရဲ့အပင်တွေကိုလည်း ဖျက်စီးထားလိုက်တာ။ ဟိုလူကြီးမတွေ့သေးလို့ပေါ့။ ဟယ်...ညီမလေး။ ဆံပင်တွေဘယ်ရောက်သွားလဲ”

“အီး...ဟီး...ဟီး.....”

အောက်ထပ်မှ အေးသီရိ၏အသံနှင့် တင်မေဦး အော်ငိုလိုက်သည့်အသံကို ကြားလိုက်ရသည့်အခါမှ ပြူတင်းပေါက်ဆီသို့ပြေးကာ တင်မေဦး၏ဆံပင်အား ပစ်ချခဲ့သည့်နေရာသို့ငုံ့ကြည့်လိုက်သည်။ ခြံတံခါးပေါက်ဝအနီး၌ ခေါင်းစည်းကြိုးဖြင့်စုစည်းထားသည့် လက် တစ်ထွာကျော်ခန့်ရှိမည့် ဆံပင်စုကိုတွေ့လိုက်ရသဖြင့် အိမ်ပေါ်ထပ်မှအမြန်ဆင်း၍ ဆံပင်စုကိုကောက်ကာ တင်မေဦးဆွဲနှုတ်ထားသည့် ဆေးပင်များနေရာတွင် မြှုပ်ထားလိုက်သည်။ ထို့နောက် ဆေးပင်များဆွဲနှုတ်ထားခြင်းကို ယခုမှသိသလိုဖြင့် အေးသီရီကို လှမ်းခေါ်လိုက် သည်။

"အေးသီရိ......အေးသီရိ"

"ရှင်......ဦးလေး..."

"ဒီမှာကြည့်စမ်း....။ နင့်ညီမ တင်မေဦးလုပ်ထားတာမဟုတ်လား"

"ဟုတ်....ဟုတ်ပါတယ်ဦးလေး....။ သမီးတောင်းပန်ပါတယ်နော်။ တီတီပြန်လာရင် သမီးပြောလိုက်ပါ့မယ်"

"ငါ တော်တော် စိတ်ညစ်နေပြီ။ တောက်......."

ဦးကျော်မြင့် စိတ်ဆိုးမာန်ဆိုးဖြင့် အိမ်ပေါ်တက်သွားသည့်အချိန်တွင် တင်မေဦးက ဦးကျော်မြင့်နောက်သို့ပြေးလိုက်သွားသဖြင့် အေးသီရိတစ်ယောက် တင်မေဦးကို အတင်းဆွဲထားလိုက်ရလေသည်။

"ညီမလေး.......မလုပ်ရဘူးလေ။ သူ့အပင်တွေကို ညီမလေးဖျက်စီးလိုက်တော့ သူလည်းစိတ်ဆိုးမှာပေါ့"

"ဟင်း........ဟင်း......"

"ဒုန်း.....ဒုန်း..."

အိမ်တံခါးနှင့် ခေါင်းကိုဆောင့်နေသည့် တင်မေဦးအား အေးသီရိက ချော့မော့၍ အိမ်ထဲသို့ခေါ်သွားလေတော့သည်။

******************************

"အမလေး........လာကြပါဦး.....။ ညီမလေး....ညီမလေးရေ......။ လာကြပါဦး....."

နေ့လယ်ခင်း အိပ်စက်အနားယူနေသည့်အချိန်တွင် အိမ်အောက်ထပ်မှ စူးစူးဝါးဝါးအော်လိုက်သံကြောင့်ဦးကျော်မြင့်လန့်နိုးလာပြီး အောက်ထပ်သို့ဆင်းပြေးသွားလေသည်။

"ဟဲ့....ဘာဖြစ်တာလဲ.....မီးလောင်တာလား"

အိမ်ရှေ့တံခါးဝ၌ ခုန်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းနေသည့် အေးသီရိကိုတွေ့လိုက်ရသဖြင့် မီးလောင်သည်အထင်ဖြင့် အထိတ်တလန့်ဖြစ်သွားလေသည်။

"မ...ဟုတ်ဘူး.....ညီ..ညီမလေး......."

"နင့်ညီမ ဘာဖြစ်လို့လဲ"

"ညီမလေးကို ကယ်ကြပါဦး....သမီးညီမလေးကို ကယ်ကြပါဦး...."

အထိတ်တလန့်ဖြစ်ပြီး တစ်ကိုဘ်လုံးတဆတ်ဆတ်တုန်နေသည့် အေးသီရိကိုကြည့်ပြီး တင်မေဦးတစ်ခုခုဖြစ်ပြီဟု ဦးကျော်မြင့်တွေးလိုက်မိသည်။

"တင်မေဦးဘာဖြစ်လို့လဲ"

အေးသီရိက ဦးကျော်မြင့်ကို စကားပြန်မပြောဘဲလက်ကိုအတင်းဆွဲပြီး အိမ်ထဲသို့ခေါ်သွားသဖြင့် ဦးကျော်မြင့်လည်း ဘုမသိဘမသိဖြင့် လိုက်သွားရလေသည်။

"အဲ...အဲဒီမှာ....."

"ဟာ....ဗုဒ္ဓော......"

"ဟီး......ညီမလေးရေ......."

အေးသီရိက အိပ်ခန်းထဲသို့လက်ညှိုးထိုးပြသဖြင့် ကြည့်လိုက်သည့်အခါ အဝတ်လှမ်းသည့်ကြိုးဖြင့် လည်ပင်းကိုရစ်ပတ်ပြီး ကြိုးဆွဲချသေဆုံးနေသည့် တင်မေဦးကို မြင်တွေ့လိုက်ရလေသည်။

"ငါ...ငါ လမ်းထဲကလူတွေသွားခေါ်လာမယ်။ နင် ဘယ်မှမသွားနဲ့"

ဦးကျော်မြင့်တစ်ယောက် အိမ်ပြင်သို့ပြေးထွက်သွားပြီး အိမ်နီးနားချင်းများကို အော်ဟစ်အကူအညီတောင်းသဖြင့် မကြာခင်မှာပင် အိမ်နီးချင်းများရောက်လာကြလေသည်။ တင်မေဦးသည် ကြိုးဆွဲချသေဆုံးနေသည့်အတွက် ရဲတပ်ဖွဲ့ကို အကြောင်းကြားရပြန်သည်။ ထို့အပြင် အေးသီရိအား ဒေါ်တင်တင်အေးထံသို့အမြန်သွားပြီး အကြောင်းကြားခိုင်းရပြန်သည်။ တင်မေဦး၏အလောင်းကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးကြပြီး အိမ်ရှင်ဖြစ်သည့် ဦးကျော်မြင့်ကိုလည်း မေးမြန်းကြသည်။ တင်မေဦးသည် စိတ်ဝေဒနာသည်တစ်ယောက်ဖြစ်ပြီး စိတ်ဖောက်ပြန်သည့်အခါ ထိန်းသိမ်း၍မရနိုင်လောက်အောင်ဆိုးရွားလွန်းကြောင်း အိမ်နီးချင်းများက သက်သေထွက်ပေးကြသည်။ တင်မေဦးတစ်ယောက် စိတ်ဖောက်ပြန်ပြီး သူ့ကိုယ်သူသတ်သေသွားရခြင်းသည် မိမိကြောင့်ဖြစ်နိုင်ကောင်းသည်ဟု ဦးကျော်မြင့်တွေးလိုက် မိသည်။ လစဉ် ပုံမှန်ဝင်ငွေလေးရအောင် အိမ်ငှားမိခြင်းအတွက် နောင်တရနေမိလေသည်။

**************************

တင်မေဦး၏ရက်လည်ပြီးမြောက်ပြီး ငါးရက်အကြာ၌ ဒေါ်တင်တင်အေးတို့ ပြောင်းရွှေ့သွားကြသည်။ ဦးကျော်မြင့်ကလည်း စပေါ်ငွေအပြည့်ပြန်ပေးသည့်အပြင် တစ်လစာမယူဘဲ ထိုတစ်လစာကို တင်မေဦးအတွက်အလှူအတန်းပြုလုပ်ပေးဖို့ပြောဆိုပြီး ပြန်ပေး လိုက်သည်။ တင်မေဦးကြိုးဆွဲချပြီး သတ်သေခဲ့သည့်အတွက် နောက်ထပ်အိမ်ခန်းငှားမည့်သူများ မရှိတော့ပေ။ ဦးကျော်မြင့်ကိုယ်တိုင် အောက်ထပ်မှအိမ်ခန်းထဲသို့ မဝင်ရဲပေ။ မဝင်ရဲရခြင်းက ညစဉ်ညတိုင်း အိမ်အောက်ထပ်မှ လမ်းလျှောက်သံ ပစ္စည်းများတွန်းရွှေ့သည့်အ သံနှင့် ညည်းသံကို ကြားနေရသောကြောင့်ဖြစ်ပေသည်။ ယခင်က တစ်ယောက်တည်းနေထိုင်ခဲ့သော်လည်း ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။ ယခုအခါမှာတော့ အိမ်တွင်ဆက်လက်မနေရဲတော့သဖြင့် အိမ်ရောင်းမည်ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားလိုက်ရလေသည်။ အဖော်ခေါ်အိပ်ရန် ကလည်း ဆွေမျိုးသား ချင်းများက နယ်စွန်နယ်ဖျားတွင်နေထိုင်ကြသူများဖြစ်နေသဖြင့် လာရောက်ဖို့မလွယ်ကူပေ။ လမ်းထဲမှ အသိမိတ်ဆွေများကိုအကူအညီတောင်းဖို့ကလည်း အကြောင်းသိနေကြသူများဖြစ်သည့်အတွက် လာရောက်အိပ်စက်ဖို့ထက် ညဆိုလျှင် အိမ်ဘက် သို့လှည့်မကြည့်ရဲကြသူများဖြစ်နေသဖြင့် မည်သူ့ကိုမှ အကူအညီတောင်းဖို့မဖြစ်နိုင်ပေ။

တင်မေဦး သေဆုံးသွားပြီးရက်လည်သည့်ညမှစတင်ကာ ဦးကျော်မြင့်တစ်ယောက် ကောင်းမွန်စွာအိပ်စက်ခွင့်မရခဲ့ပေ။ ညရောက်မှာကို စိုးရိမ်လာမိသည်။ ပရိတ်တရားခွေကို အဆက်မပြတ်ဖွင့်ထားသော်လည်း သန်းခေါင်ကျော်လျှင် ကက်ဆက်ခလုတ်က အလို လိုပိတ်သွားပြီး ခဏအကြာတွင် တစ်အိမ်လုံးမီးများပိတ်သွားတတ်သည်။ မီးပျက်သွားသည်က တစ်လမ်းလုံးပျက်ခြင်းမဟုတ်ဘဲ ဦးကျော်မြင့်၏တစ်အိမ်ထဲသာကွက်ပြီးပျက်ခြင်းဖြစ်ပေသည်။ တစ်ညလုံးအားရအောင်ခြောက်လှန့်ပြီး မနက်ငါးနာရီထိုးသည့်အခါမှ မီးများပြန် လင်းလာခဲ့သည်။ ညဆယ့်နှစ်နာရီကျော်မှ မနက်ငါးနာရီအတွင်း ဦးကျော်မြင့်တစ်ယောက် အိပ်မရသဖြင့် ငုတ်တုပ်ထိုင်ခဲ့ရသည်။

တင်မေဦးသေဆုံးခဲ့သည်မှာ ဆယ့်သုံးရက်တိုင်ခဲ့လေပြီ။ ထိုရက်များအတွင်း ညသန်းခေါင်ယံရောက်ပြီဆိုသည်နှင့် အသံပေးခြောက်လှန့်တတ်သည်။ ရုပ်မမြင်ရသော်လည်း လှေကားမှတက်လာသည့်ခြေသံ၊ လှေကားအဖုံးကိုထုနှက်သည့်အသံ၊ ညည်းညူသံများကို ညစဉ်လိုလိုကြားနေရပြီး အခန်းတံခါးဆွဲဖွင့်ခြင်း၊ ခြင်ထောင်ကြိုးများဆွဲဖြုတ်ခြင်းဖြင့် ခြောက်လှန့်နေခဲ့သည်။ ယခုညလည်း ဆက်လက်ခြောက်လှန့်နေဦးမည်ဆိုပါက မိတ်ဆွေတစ်ယောက်၏အိမ်၌ ခေတ္တသွားရောက်နေထိုင်ပြီး အိမ်ကိုအမြန်ရောင်းတော့မည်ဟု ဆုံးဖြတ် ထားလေသည်။ သို့မဟုတ်ပါက အိပ်ရေးပျက်လွန်းသဖြင့် ကျန်းမာရေးထိခိုက်လာဖို့သာရှိတော့သည်။

***************************

"ဒုန်း.......ဒုန်း.......ဒုန်း......ဒုန်း........."

အိမ်ပေါ်ထပ်သို့ လှေကားဟောင်းအတိုင်းတက်လာသည့်ခြေသံကိုကြားလိုက်ကတည်းက အသံမျိုးစုံပေးပြီးခြောက်လှန့်တော့မည်ဖြစ်ကြောင်း ဦးကျော်မြင့်သိနေလေပြီ။ အောက်ထပ်သို့ဆင်းသည့်လှေကားသည် နှစ်ခုရှိပေသည်။ အိမ်ထဲ၌ရှိသည့်လှေကားသည် အိမ် ထဲ၌ရှိပြီး ကျန်လှေကားသည် အိမ်အပြင်ဘက်၌ရှိပေသည်။ အိမ်အပြင်ဘက်၌ရှိသည့်လှေကားသည် အိမ်အောက်ထပ်ကို ငှားရမ်းဖို့အတွက်ပြင်ဆင်ကတည်းက အသစ်ပြန်လည်ဆောက်လုပ်ထားသည့်လှေကားဖြစ်ပေသည်။ အိမ်ငှားများစတင်နေထိုင်ချိန်တွင် အိမ်ထဲမှလှေ ကားဟောင်းကို အသုံးမပြုတော့ဘဲ အပေါ်ထပ်မှသုံးထပ်သားဖြင့် အသေပိတ်ထားလိုက်လေသည်။

လှေကားကိုဖုံးပိတ်ထားသည့် သုံးထပ်သားအားထုနှက်နေသည့်အသံကိုကြားလိုက်ရစဉ် လက်နှိပ်ဓာတ်မီးကို လက်ထဲတွင်ကိုင်ထားပြီး အိပ်ရာဘေးမှ ကုလားထိုင်ပေါ်တွင်ထိုင်၍ မျက်လုံးမှိတ်ကာ ကက်ဆက်မှတရားသံကို နာယူနေလိုက်သည်။

"ချောက်........"

ကက်ဆက်ခလုတ်ပိတ်သံကြားလိုက်ရပြီး တရားသံရပ်သွားသည့်အခိုက် လက်နှိပ်ဓာတ်မီးကို ခလုတ်ဖွင့်လိုက်သည်။ မကြာခင် တစ်အိမ်လုံးမီးပျက်တော့မည်။ ရုံးမှအပြန် ဓာတ်ခဲဝယ်ဖို့မေ့လျော့သွားသဖြင့် အားနည်းနေသည့်ဓာတ်မီးရောင်မှိန်ပြပြကိုသာ အားကိုးရ ပေတော့မည်။ ငါးနာရီကြာသည်အထိ ခံမည့်ပုံမမြင်သောကြောင့် ဓာတ်အားကိုချွေတာသည့်အနေဖြင့် ပိတ်ချည်ဖွင့်ချည်ပြုလုပ်ရပေတော့မည်။ ဖယောင်းတိုင်ထွန်းလျှင်လည်း ဖယောင်းတိုင်ကို ငြှိမ်းသတ်သဖြင့် လမ်းမီးရောင်နှင့် ဓာတ်မီးကိုသာ အားကိုးရပေသည်။

ဦးကျော်မြင့်တွက်ထားသည့်အတိုင်း မကြာခင်မှာပင် တစ်အိမ်လုံး မီးပျက်သွားလေပြီ။ အခန်းပြူတင်းပေါက်ကိုဖွင့်ထားသဖြင့် သုံးအိမ်ကျော်ရှိလမ်းမီးတိုင်မှမီးရောင်က အခန်းထဲ၌ ဖြန့်ကြက်ထားသည်။ လမ်းမီးရောင်အလင်းက အားနည်းသည်ဆိုသော်လည်း ဓာတ် မီးထက်စာလျှင်တော့ တော်ပေသေးသည်။ လက်နှိပ်ဓာတ်မီးကိုကိုင်ထားရင်း မေတ္တာသုတ်ကိုအသံထွက်ရုံမျှရွတ်ဆိုနေစဉ် အခန်းတံခါးက အလိုလိုပွင့်လာလေသည်။ မျက်လုံးကို ပွင့်သည်ဆိုရုံမျှဖွင့်ကြည့်လိုက်သည့်အခါ အခန်းတံခါးဝ၌ ရပ်နေသည့်တင်မေဦးကို မြင်တွေ့ လိုက်ရသဖြင့် ဦးကျော်မြင့် နားထင်မွေးများထောင်ထပြီး အသက်ရှုရပန်တန့်မတတ်ဖြစ်သွားလေသည်။ ဇက်ကျိုးကျနေပြီး လက်တစ်ဖက်တွင် မွေးပွဝက်ဝံရုပ်ကိုင်ထားသည့် တင်မေဦး၏မျက်လုံးများက ဖြူဖွေးနေကြသည်။ ထိုအချိန်မှာပင် ထိုင်နေသည့်ကုလားထိုင်က တင်မေဦးရပ်နေသည့် တံခါးပေါက်ဝသို့ အလိုလိုရွေ့သွားသဖြင့် ထိုင်ရာမှထကာ ခုတင်ပေါ်သို့ ပြေးတက်လိုက်စဉ် တံခါးဝ၌ရပ်နေသည့် တင်မေဦးလည်း ပျောက်ကွယ်သွားသည်။ မကြာခင်မှာပင် ခုတင်အောက်မှ ဝမ်းလျားထွက်လာသည့် တင်မေဦးကိုမြင်တွေ့လိုက်ရသည်။

ကြောက်လန့်လွန်းသဖြင့် ဒူးနှစ်ဖက်က တဆတ်ဆတ်တုန်နေပြီး ချွေးသီးချွေးပေါက်များက နဖူးနှင့်နားထင်မှ စီးကျနေကြသည်။

"အဟမ်း.....အဟမ်း.."

ခေါင်းရင်းအိမ်မှချောင်းဟန့်သံကြားလိုက်သဖြင့် ပြူတင်းပေါက်မှကြည့်လိုက်သည့်အခါ အိမ်သာထဲမှထွက်လာသည့် ဌေးဌေးအောင်၏ဖခင် ဦးစိန်အောင်ဖြစ်နေသဖြင့်အားတက်သွားမိသည်။ ဦးစိန်အောင်အား ဓာတ်မီးဖြင့်အချက်ပြရန်ပြင်လိုက်ချိန်တွင် ဦးစိန်အောင် က အိမ်ထဲသို့ဝင်သွားသဖြင့် လက်လျှော့လိုက်ရလေသည်။ ယခင်ရက်များက အသံဖြင့်သာခြောက်လှန့်ခဲ့ပြီး ယခုအခါ ကိုယ်ထင်ရှားခြောက်လှန့်နေလေပြီ။ သည်အတိုင်းဆိုပါက ညတွင်းချင်းပြေးရပေတော့မည်။ နောက်ကျောဘက်တွင် တစ်ယောက်ယောက်ရှိနေကြောင်း သ တိပြုလိုက်မိသဖြင့် နောက်သို့လှည့်ကြည်လိုက်သည့်အချိန်တွင် ခုတင်ပေါ်၌ဒူးထောက်နေသည့် တင်မေဦးနှင့် မျက်နှာချင်းဆိုင်လိုက်မိလေတော့သည်။

"အမလေးဗျ.....ကယ်....ကယ်ကြပါဦး...."

လျှာက လက်တစ်မိုက်ခန့်အပြင်သို့ထွက်နေပြီး ဖြူဖွေးနေသည့်မျက်လုံးများဖြင့်ကြည့်နေသည့်တင်မေဦး၏မျက်နှာကို အနီးကပ်မြင်လိုက်သည်နှင့် ဦးကျော်မြင့်တစ်ယောက် အသံကုန်အော်ဟစ်ကာ ပြူတင်းပေါက်မှအောက်သို့ခုန်ချလိုက်လေတော့သည်။

******************************

“ပြူတင်းပေါက်ကခုန်ချတာ ခြေထောက်ကျိုးရုံမို့လို့တော်သေးတာပေါ့။ ဇက်ကျိုးပြီးသေသွားရင် သရဲနှစ်ကောင်ပေါင်းပြီးပဲခြောက်မလား။ သရဲအချင်းချင်း ရန်ဖြစ်နေကြမလားမသိဘူး”

"နင်ကတော့လေ။ ပေါက်ကရပြောတဲ့နေရာမှာတော့ စံပဲ”

“နင့်အဖေကို ဦးကျော်မြင့်ပြောတဲ့ဟာ ဆက်ပြောဦးလေ”

“ငါအခုပြောခဲ့တာတွေက ငါ့အဖေကို ဦးကျော်မြင့်ပြောပြခဲ့တာတွေလေ”

“ဟုတ်လား။ ဒါဆိုရင် တင်မေဦးသေရတာ ဦးကျော်မြင့်ကြောင့်ပေါ့။ ငါပြောတာက ”

”နင်ကဘယ်လိုထင်ထားသလဲ အသောင်း”

“အခြားအကြောင်းကိစ္စတစ်ခုခုတော့ ရှိလိမ့်မယ်ထင်တယ်”

“အေး...အဲဒါပြောချင်တာ။ ဦးကျော်မြင့်က အိမ်မရောင်းရသေးခင်စပ်ကြား သူ့မိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာနေတယ်။ တစ်လတစ်လခါလောက် အိမ်ကိုလာကြည့်တယ်။ အိမ်ထဲကိုဝင်ကြည့်မယ်ဆိုရင် ငါ့အဖေနဲ့ဦးတင်ငွေကို အဖော်ခေါ်သွားပြီး ဝင်ကြည့်တယ်။ နင် တို့မိသားစု ပြောင်းသွားပြီးတော့ တစ်နှစ်လောက်အကြာမှာ အိမ်ရောင်းလို့ထွက်သွားတယ်။ အဲဒီအိမ်ကိုဝယ်လိုက်တဲ့မိသားစုလည်း တစ်လတောင်မခံပါဘူးဟာ။ သရဲအရမ်းခြောက်တယ်ဆိုပြီး မနေကြတော့ဘူး။ ဟုတ်လည်းဟုတ်တယ်ဟ။ အဲဒီအိမ်မှာနေတဲ့သူတော့ မပြော နဲ့ ဘေးချင်းကပ်နေတဲ့ငါတို့တောင် ပြောင်းပြေးချင်စိတ်ပေါက်တယ်။ နောက်တော့ အခုအိမ်သစ်ကိုဆောက်ထားတဲ့သူတွေက အဲဒီအိမ်ကိုဝယ်လိုက်ကြတယ်။ သူတို့ဝယ်လိုက်ပြီး အိမ်ကိုဒီအတိုင်းပစ်ထားကြတယ်။ အခုတိုက်ကိုဆောက်တာ တစ်နှစ်လောက်ပဲရှိဦးမယ်”


“အခုအိမ်သားတွေက သရဲခြောက်တယ်ဆိုတာမသိဘဲနဲ့ဝယ်လိုက်တာလား”
 

“သိတယ်”

“ဟေ......သရဲခြောက်မှန်းသိရက်နဲ့ဝယ်ရဲတာ အံ့ရောဟာ”

“နားထောင်ဦးဟ။ ငါပြောလို့မပြီးသေးဘူး”

“ဆက်ပြောပါဦးဟာ”

“ဈေးချိုချိုနဲ့ရလို့ဝယ်လိုက်ပြီး အိမ်ကိုဒီအတိုင်းပဲထားတယ်။ ဝယ်ပြီး သုံးနှစ်လောက်ကြာမှ အခုတိုက်အိမ်ကိုဆောက်တာ။ အိမ်ဆောက်ခါနီးမှာ တင်မေဦးရဲ့အမေနဲ့ သူ့အစ်မတစ်ဝမ်းကွဲရောက်လာတယ်”

“ဟမ်......သူတို့က ဘယ်လိုကြောင့်ရောက်လာရတာလဲ”

“အခုတိုက်အိမ်ကိုဆောက်ဖို့ အရင်အိမ်ကို ဖျက်ဈေးနဲ့ရောင်းလိုက်တယ်။ နောက်တော့ မြေလှန်တယ်ဆိုလား ဘာလား၊ ဘုန်းကြီးတွေပင့်ပြီး ကမ္မဝါရွတ်ဖို့လုပ်ကြတယ်။ အဲဒါလုပ်မယ့်ရက်မတိုင်ခင်မှာ တင်မေဦးရဲ့အမေရယ်၊ သူ့အစ်မဝမ်းကွဲရယ်ရောက်လာကြပြီး အိမ်ဝယ်ထားတဲ့ ပိုင်ရှင်နဲ့တွေ့ချင်တယ်လို့ပြောကြတယ်။ ဦးတင်ငွေက အိမ်ရှင်နဲ့တွေ့ချင်ရတဲ့ကိစ္စကိုမေးကြည့်တော့ သူ့သမီးတင်မေဦးက အိပ်မက်ပေးတယ်တဲ့။ ခြံထောင့်နားက ဆေးပင်တွေစိုက်ထားတဲ့နေရာမှာ သူ့ဆံပင်ကိုမြှုပ်ထားတယ်တဲ့။ အဲဒါကိုပြန်ဖော်ပြီး ရေထဲ မျှောပေးပါလို့ပြောလို့ လာရတာပါတဲ့”

“ဟေ.....အဲဒါနဲ့ ဘာဆက်လုပ်ကြသလဲ”

“ဦးတင်ငွေက အိမ်ဝယ်ထားတဲ့ အိမ်ရှင်ကိုချက်ချင်းဆက်သွယ်ပြီး အကျိုးအကြောင်းပြောပြရတာပေါ့။ အိမ်ရှင်ဘကြီးကလည်း တင်မေဦးရဲ့အမေပြောတာကို ယုံတယ်ဟဲ့။ သူတို့ကိုယ်တိုင်လိုက်လာပြီး ဝိုင်းရှာပေးကြတယ်။ ဆေးပင်တွေစိုက်တဲ့နေရာလို့ပြောပေမယ့် ဆေးပင်တွေက သေကုန်ပြီဆိုတော့ နေရာအတိအကျမသိဘူးပေါ့ဟာ။ နှစ်ကြာနေပြီဆိုတော့ ဆံပင်တွေလည်းဆွေးကုန်လောက်ပြီလေ။ အဲဒါနဲ့ အိမ်ရှင်ဘကြီးက ညမိုးချုပ်မှ စီစဉ်ကြမယ်ဆိုပြီး တင်မေဦးရဲ့အမေနဲ့အစ်မကို သူ့အိမ်ခေါ်သွားတယ်။ အဲဒီဘကြီးရဲ့သားက စင်္ကာ ပူမှာ အလုပ်လုပ်နေတဲ့ အင်္ဂျင်နီယာတဲ့။ သူ့သားဝယ်ထားတဲ့အိမ်ပေါ့ဟာ။ ညနေခြောက်နာရီလောက်ကျတော့ ပြန်ရောက်လာကြတယ်။ ဆရာဆိုတဲ့သူနဲ့ မိန်းမကြီးတစ်ယောက်လည်းပါလာတယ်။ ဘာဆရာလည်းတော့ ငါလည်းမသိဘူး။ ငါ့အဖေနဲ့ ဦးတင်ငွေကလွဲပြီး ခြံထဲ ကို ဘယ်သူမှအဝင်မခံဘူး။ အမေနဲ့ငါတို့က ပုဏ္ဍရိက်ပင်တွေကြားကခြောင်းကြည့်ကြတာ”

“လုပ်စမ်းပါဦးဟ။ စိတ်ဝင်စားဖို့ကောင်းနေပြီ”

“အေးပါ.....။ ညခုနစ်နာရီကျော်လို့ မှောင်လည်းမှောင်ရော ဆရာဆိုတဲ့ဦးလေးကြီးက ဆေးပင်တွေစိုက်ထားတဲ့နေရာမှာ ဖယောင်းတိုင်တစ်တိုင်ထွန်းတယ်။ ဘာတွေရွတ်မှန်းလည်းမသိဘူး။ ခဏနေတော့ ဟိုမိန်းမကြီးကို တင်မေဦးဝင်ပူးပါလေရော”

“ဟိုမိန်းမကြီးဆိုတာ တင်မေဦးရဲ့အမေလား”

“မဟုတ်ဘူးလေဟာ။ သူတို့နဲ့ပါလာတဲ့ မိန်းမကြီးလေ”

“အော........”

“ပြောရင်းနဲ့ ကြက်သီးထတယ်ဟာ။ တင်မေဦးဝင်ပူးနေတဲ့ မိန်းမကြီးက သူ့အမေကိုဖက်ပြီးငိုပါလေရော။ တင်မေဦးက စကားတစ်လုံးမှမပြောတော့ ငါတို့လည်းမယုံကြဘူး။ လိမ်နေတယ်ပဲထင်တာ။ ဘယ်ဟုတ်ပါ့မလဲ အသောင်းရယ်။ သူ့အမေနာမည်ရော သူ့အစ်မ ဝမ်းကွဲနာမည်ရော သေသွားတဲ့သူ့အဖေရဲ့နာမည်နဲ့ ကားမှောက်ပြီးသေသွားတာဆိုတာကအစ အကုန်ပြောပြတာ။ အဲဒီအပြင်.............”

“ဆက်ပြောလေဟာ”

“နေပါဦးဟာ၊ ဘယ်လိုပြောပြရမှန်းမသိလို့ စဉ်းစားနေတာ”

“ပြောမှာသာပြောစမ်းပါဟာ”

“နင့်ကို ငါပြောခဲ့တယ်လေ။ တင်မေဦးဘာကြောင့်သေရတယ်၊ ဦးကျော်မြင့်ကို ဘာကြောင့်ခြောက်ရတယ်ဆိုတာလေ”

“အေးလေ..ငါလည်း အဲဒါကိုသိချင်နေတာ”

“မထူးပါဘူးဟာ။ ပြောမယ့်ပြောတော့ ပွင့်ပွင့်လင်းလင်းပြောတာပဲကောင်းပါတယ်။ သူ့အစ်မတစ်ဝမ်းကွဲ မအေးသီရိက မနက်ဆို သူ့အဒေါ်ကို ကားဂိတ်လိုက်ပို့ပြီးရင်ဈေးသွားဝယ်တယ်။ တင်မေဦးကို ကြည့်ပေးဖို့ ဦးကျော်မြင့်ကိုမှာခဲ့တယ်။ ဦးကျော်မြင့်က ရုံးမ သွားခင်အချိန်အထိ တင်မေဦးကို အိမ်ပေါ်ထပ်မှာ ခေါ်ထားတယ်။ ပြီး..ပြီးတော့....”

“ပြီးတော့ ဘာဖြစ်လဲ”

“မဖွယ်မရာတွေလုပ်တယ်တဲ့ဟာ”

“ဟာ....အဲဒီလူကြီးက မဖွယ်မရာလုပ်တယ်၊ ဟုတ်လား....။ ဝင်ပူးပြီးပြောတာဆိုတော့ ဟုတ်ပါ့မလားဌေးဌေးရာ”

“ဟုတ်ပါတယ်ဆိုမှ။ သူ့ကို ဘယ်လိုလုပ်တယ်။ ဘယ်နေရာတွေကို ကိုင်တယ်ကအစ အကုန်ပြောတာ”

“ငါတော့ မယုံဘူး”

“နင့်လိုပဲ ငါလည်းမယုံဘူး။ ဆရာဆိုတဲ့ဦးလေးကြီးကလည်း သေချာအောင် စစ်စစ်ပေါက်ပေါက်ကိုမေးတာ”

“သူ့အစ်မတစ်ဝမ်းကွဲက မသိဘူးလားဟာ။ သူစိမ်းယောက်ျားကို စိတ်ချရသလား”

“အဲဒါပြောတာပေါ့။ ငါ့အဖေကို ဦးကျော်မြင့်ပြောခဲ့တာတွေအကုန်လုံးက အလိမ်တွေချည်းပဲ။ တင်မေဦးရဲ့ဆံပင်ကိုဖြတ်လိုက်တဲ့နေ့က သူ့အစ်မ မအေးသီရိက အိမ်မှာမရှိဘူး။ ဦးကျော်မြင့်က တင်မေဦးကို အပေါ်ထပ်မှာ မတော်မတရားလုပ်ဖို့ကြိုးစားတယ်တဲ့။ အဲ ဒါကြောင့် တင်မေဦးက အောက်ကိုဆင်းပြေးလာတယ်။ တင်မေဦးက အဲဒီအချိန်မှာစိတ်ဖောက်နေပြီ။ သူ့ကို ဦးကျော်မြင့် မတရားလုပ်လိုက်တာကိုမကျေနပ်တော့ ဦးကျော်မြင့်ရဲ့ဆေးပင်တွေကိုဖျက်စီးပစ်တယ်။ ဦးကျော်မြင့်က အောက်ကိုဆင်းလာပြီး တင်မေဦးနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်ကြတယ်။ တင်မေဦးနဲ့ဦးကျော်မြင့်တို့ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ခြေရင်းအိမ်က ဒေါ်ရီခင်ကိုယ်တိုင် အဝတ်လှမ်းရင်းမြင်ခဲ့တာ။ တင်မေဦး စိတ်ဖောက်နေလို့ ဦးကျော်မြင့်က ထိန်းနေတယ်ပဲထင်တာတဲ့။ နောက်တော့ ဦးကျော်မြင့်က တင်မေဦးကို အောက် ထပ်ကအိမ်ခန်းထဲ ဆွဲခေါ်သွားတယ်တဲ့။ တင်မေဦးက ကတ်ကြေးနဲ့ထိုးတော့ ဦးကျော်မြင့်က လက်ကိုချုပ်ပြီး ဆံပင်ကိုဖြတ်ပစ်လိုက်တယ်တဲ့။ ဦးကျော်မြင့်ကို သတ်ပစ်ချင်လောက်အောင်မုန်းပေမယ့် ဦးကျော်မြင့်ကို သတ်ဖို့မလွယ်တော့ နောက်ဘဝကျရင် သတ်မယ်ဆိုပြီး သူ့ကိုသူသတ်သေခဲ့တာတဲ့။ သူမြတ်နိုးတဲ့ဆံပင်ကိုဖြတ်ပစ်ပြီး ဆေးပင်တွေစိုက်တဲ့နေရာမှာမြှုပ်ထားတယ်တဲ့။ အဲဒီဆံပင်တွေကိုဖော်ပြီး ရေထဲမှာမျှောပေးဖို့ပြောတယ်”

“ဝင်ပူးပြီးပြောနေတော့ ယုံရခက် မယုံရခက်ပဲ ဌေးဌေးရာ။ ဆံပင်တွေကိုရှာတာ တွေ့ရောတွေ့ရဲ့လား”

“တွေ့တာပေါ့ဟဲ့။ ဆံပင်တွေက နဂိုအတိုင်းပဲရှိသေးတယ်”

“ဟေ......။ ဆံပင်တွေက ဆွေးမနေဘူးလား”

“ဘာမှမဖြစ်ဘူး။ ဆံပင်ကိုစည်းထားတဲ့ကြိုးတောင် အကောင်းအတိုင်းရှိသေးတယ်”

“ဟာ........”

“ဆရာဆိုတဲ့ဦးလေးကြီးက ဆံပင်တွေကိုဘယ်နေရာမှာမြှုပ်ထားတယ်ဆိုတာမသိလို့ ကိုယ်တိုင်ဖော်ပေးပါလို့လည်းပြောလိုက်ရော ဟိုမိန်းမကြီးက ဆေးပင်တွေစိုက်ခဲ့တဲ့နေရာကို သူကိုယ်တိုင်တူးပြီး ဖော်ပေးလိုက်တာ”

“ထူးဆန်းလှချည်လားဟာ”

“သူက လူတွေကိုအကူအညီတောင်းတာ သူ့ကို ဘယ်သူမှမကူညီကြဘူးတဲ့”

“ခြောက်တာမဟုတ်နိုင်ပါဘူးလို့ ငါပြောခဲ့သားပဲ။ ဒါဆို သရဲမက အဲဒီအိမ်မှာမရှိတော့ဘူးပေါ့”

“မရှိတော့ဘူးလေ။ သူ့ဆံပင်ကို သူ့အမေနဲ့အစ်မတို့ ယူသွားကတည်းက ဘာသံမှမကြားရတော့ဘူး”

“ယုံရခက် မယုံရခက်ကြီးပါလား ဌေးဌေးရာ”

“ငါလည်း မျက်စိနဲ့တပ်အပ်မြင်လို့ ယုံတာပေါ့ဟာ”

“တင်မေဦးက ဦးကျော်မြင့်ကို စောင့်နေမလားမသိဘူး”

“မပြောတတ်ဘူး။ သေရာပါတဲ့အထိနာကျည်းထားတော့ စောင့်ချင်စောင့်နေမှာပေါ့”

“အေးပေါ့ဟာ..... လောကမှာ ငါတို့မသိသေးတာတွေ မယုံနိုင်စရာအဖြစ်အပျက်တွေ အများကြီးရှိနေသေးတယ်”

“ညနေစာစားပြီးမှပြန်ဟာ။ တို့သူငယ်ချင်းနှစ်ယောက် မတွေ့တာကြာတော့ စကားတွေပြောချင်သေးတယ်”

“နောက်နေ့မှလာမယ်လေဟာ”

“ပြီးရော...သောက်ကောင်စုတ်။ လာမယ်ဆိုရင် ကြိုပြီးဖုန်းဆက်ဦး”

“ဟင်ကောင်းကောင်းချက်ထားမလို့လား”

“အိမ်တံခါးပိတ်ပြီး အပြင်ထွက်နေမလို့”

“ဟား...ဟား....ဟား....”

***************************

ပြီးပါပြီ

ချစ်ခင်လေးစားစွာဖြင့်

လွင်ဦးဟန်

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..