အိမ်ကွင်း၌ ဘိုလီးဗီးယားအား ဘရာဇီး ငါးဂိုးပြတ်အနိုင်ယူ ဘရာဇီးမှာ အမြဲတမ်းဂိုးသွင်းနိုင်ရန်လုပ်နေဟု ကာဆီမီယို ပြောကြား
mmtimes.com
|
2020-10-10



အိမ်ကွင်း၌ ဘိုလီးဗီးယားအား ဘရာဇီး ငါးဂိုးပြတ်အနိုင်ယူ ဘရာဇီးမှာ အမြဲတမ်းဂိုးသွင်းနိုင်ရန်လုပ်နေဟု ကာဆီမီယို ပြောကြား

ဘရာဇီးလက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၀ရက်က အိမ်ကွင်း၌ တောင်အမေရိကဇုန် ကမာ့ဖလားခြေစစ်ပွဲ ပွဲစဉ် (၁)အဖြစ် ဘိုလီးဗီးယားအား လက်ခံကစားခဲ့ရာ ငါးဂိုးပြတ်ဖြင့် အလွယ်တကူအနိုင်ယူခဲ့ကြောင်း သိရသည်။

ဘရာဇီးနှင့်ဘိုလီးဗီးယားတို့၏ပွဲကို ဆော်ပေါ်လို၌ ကစားခဲ့ခြင်းဖြစ်ပြီး ဘရာဇီးမှာ ပထမပိုင်း၌ နှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။ ဘရာဇီးနည်းပြတီတီသည် ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်၌ နေမာ ဖာမီနိုနှင့်အဲဗာတန် တို့ပါဝင်ခဲ့သည်။ ဘိုလီးဗီးယားသည် ခံစစ်အသားပေးကစားကွက်ဖြစ်သည့် ၅-၄-၁ ဖြင့် ဘရာဇီးကို ရင်ဆိုင်ခဲ့သော်လည်း ဘရာဇီး၏နေရာစုံမှ ထိုးဖောက်မှုများကို တောင့်မခံနိုင်ဘဲ ဂိုးများပေးခဲ့ရခြင်းဖြစ်သည်။ ပွဲအစ သုံးမိနစ်အတွင်း မာကွင်ဟိုနှင့် အဲဗာတန်တို့ အပိုင်ဂိုးအခွင့်အရေးရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။

ဘရာဇီးသည် ပွဲချိန် ၁၆ မိနစ်၌ ဦးဆောင်ဂိုးရခဲ့ပြီး မာကွင်ဟိုက ခေါင်းတိုက်သွင်းယူခဲ့သည်။ လီဗာပူးတိုက်စစ်မှူး ဖာမီနိုသည် ခြေစွမ်းပြခဲ့ပြီး ပွဲချိန်မိနစ် ၃၀ နှင့် ၄၉ မိနစ်၌ ဂိုးများသွင်းယူခဲ့သည်။

ဘိုလီးဗီးယားမှာ လျင်မြန်သည့် ဘရာဇီးတိုက်စစ်ကို ထိန်းရင်းသာ အချိန်ကုန်ခဲ့ရသည့်အပြင် ၆၆ မိနစ်၌ ကာရက်စ်စကို ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့၍ ဘရာဇီးမှာ စတုတ္တဂိုးရခဲ့သည်။ အဓိကတိုက်စစ်မှူး နေမာမှာ ဂိုးမသွင်းနိုင်ခဲ့သော်လည်း ဖာမီနို တတိယဂိုး သွင်းယူနိုင်ရန်နှင့် ကော်တင်ဟို အပိတ်ဂိုးသွင်းယူရန် ဖန်တီးမှုပြုလုပ်ပေးခဲ့သည်။

နေမာသည် နောက်ကျောဒဏ်ရာ ရနေသော်လည်း ဘိုလီးဗီးယားနှင့်အဖွင့်ပွဲကို ပါဝင် ကစားခဲ့ခြင်းဖြစ်ပြီး ၇၃ မိနစ်တွင် ကော်တင်ဟို ခေါင်းတိုက်ဂိုးသွင်းရန် ဖန်တီးမှုပြုလုပ်ပေးခဲ့သည်။ ဘရာဇီးသည် ဂိုးသွင်းပိုမိုသေချာပါက ဘိုလီးဗီးယားအား ယခုထက်ပို၍ ဂိုးပြတ်အနိုင်ရမည်ဖြစ်သည်။

ဘိုလီးဗီးယားနှင့်ပွဲ၌ ပွဲထွက်ကစားခဲ့သော ရီးရဲလ် မက်ဒရစ်ကွင်းလယ်လူ ကာဆီမီယိုက "ဘယ်အချိန်မဆို ကျွန်တော်တို့ ပေါ့ပေါ့တန်တန် မကစားခဲ့ပါဘူး။ပြိုင်ဘက်ကို အမြဲတမ်းလေးစားမှုရှိပြီးသားပါ။ ဒါကဘောလုံးပါ။ အခွင့်အရေးရလာရင် ဂိုးပိုသွင်းဖို့ကြိုးစားမယ်။ ဒီပွဲကို ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်းအပြည့်အလေးအနက်ထားခဲ့ပါတယ်။ ပွဲကစားတာစိပ်လာလေ ကျွန်တော်တို့အသင်း ပိုအသားကျပြီး ကောင်းလာဦးမှာပါ။ ဒါက အရေးကြီးပါတယ်။ ဒီနေ့အဖို့တော့ ကျွန်တော်တို့အသင်း ကွန်ဂရက် ကျူလေးရှင်းနဲ့ ထိုက်တန်ပါတယ်။ ဘရာဇီးဟာ အမြဲတမ်း ဂိုးတွေဘယ်လိုသွင်းမလဲဆိုတာ ချောင်းနေတာပါ"ဟု ပွဲအပြီး၌ ပြောသည်။

ကမာဖလား ငါးကြိမ်ရထားသော ဘရာဇီးသည် လက်ရှိဖီဖာကမာ့အဆင့်သတ်မှတ်ချကိအရ အဆင့် သုံးနေရာ၌ ရပ်တည်နေသည်။ ဘရာဇီးသည် တောင်အမေရိကဇုန်ခြေစစ်ပွဲ ပွဲစဉ်( ၁) အပြီး ဗင်နီဇွဲလားအား သုံးဂိုးပြတ်နိုင်ခဲ့သော ကိုလံဘီယာ၏အထက် အဆင့်တစ်၌ ဦးဆောင်ကာ အောက်တိုဘာ ၁၄ ရက်တွင် ပီရူးကွင်းသို့ သွားရောက်ကစားရမည်ဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။




Some text some message..