ဖာဂီလက်ထက် ပရီးမီးယားလိဂ် အဝေးကွင်းနိုင်ပွဲဆက်အကြာဆုံး စံချိန် မန်ယူအသင်းလိုက်မီ
mmtimes.com
|
2020-11-08



ဖာဂီလက်ထက် ပရီးမီးယားလိဂ် အဝေးကွင်းနိုင်ပွဲဆက်အကြာဆုံး စံချိန် မန်ယူအသင်းလိုက်မီ

မန်ယူသည် ပရီးမီးယားလိဂ်ပွဲစဉ်(၈)တွင် အဲဗာတန်ကွင်း၌ ဦးဆောင်ဂိုးပေးခဲ့ရပြီးမှ သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရခဲ့ရာ နည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန်လက်ထက်က စံချိန်ကောင်းတစ်ခုကို လိုက်မီခဲ့ဟု မယ်ရာကဖော်ပြခဲ့သည်။

မန်ယူသည် ဘားနက်ဒ်၏ဂိုးကိုခွင့်ပြုခဲ့ရသော်လည်း ကွင်းလယ်လူဖာနန်ဒက်စ်က ပထမပိုင်း၌ နှစ်ဂိုးသွင်းယူကာ ကာဗာနီက ပွဲပြီးလုချိန်တွင် တတိယဂိုးသွင်းခဲ့သောကြောင့် အဝေးကွင်းနိုင်ပွဲဆက်ခဲ့သည်။ ထို့ကြောင့်မန်ယူသည်နည်းပြဟောင်း ဖာဂီလက်ထက် ပရီးမီးယားလိဂ်စတင်ခဲ့သည့် ၁၉၉၂-၉၃ ရာသီက လိဂ်အဝေးကွင်း ခုနစ်ပွဲဆက်ဖြင့် နိုင်ပွဲဆက် အကြာဆုံးစံချိန်ကို ယခုအခါ ဆိုးလ်ရှားလက်ထက် လိုက်မီနိုင်ခဲ့သည်။

ဖာဂူဆန်လက်ထက်က မန်ယူသည် အဆိုပါ စံချိန်ကို ၁၉၉၃ ခုနှစ်ဧပြီလမှ သြဂုတ်လအတွင်းရခဲ့ခြင်းဖြစ်သည်။ ဆိုးလ်ရှားလက်ထက် မန်ယူသည် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၀ ရက်က စပါးကွင်းတွင် တစ်ဂိုးစီသရေကျခဲ့ပြီးနောက် ဘရိူက်တန်ကို နှစ်ပွဲနိုင်ကာ ဗီလာ ပဲလေ့စ် လက်စတာ နယူးကာဆယ်နှင့်အဲဗာတန်တို့ကို အနိုင်ရခဲ့ပြီး ဂိုး ၂၀ သွင်းယူကာ လေးဂိုးသာ ပေးခဲ့ရကြောင်းသိရသည်။

မန်ယူသည် ယခုနှစ်ပရီးမီးယားလိဂ် ခုနစ်ပွဲကစားပြီးချိန် သုံးပွဲနိုင် တစ်ပွဲသရေ သုံးပွဲရှုံးနိမ့်ကာ လာမည့်နိုဝင်ဘာ ၂၁ ရက်တွင် ဝက်စ်ဘရွန်းအား လက်ခံကစားပြီးနောက် ၂၈ ရက်၌ ဆောက်သမ်တန်ကွင်းသို့သွားကစားရမည်ဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။




Some text some message..