မြန်မာကလပ်များ ပါဝင်မည့် AFC Cup 2021 ပြိုင်ပွဲအုပ်စုများထွက်ပေါ်
mmtimes.com
|
2021-01-27



မြန်မာကလပ်များ ပါဝင်မည့် AFC Cup 2021 ပြိုင်ပွဲအုပ်စုများထွက်ပေါ်

မြန်မာကလပ်အသင်းများပါဝင်ယှဉ်ပြိုင်မည့် AFC Cup 2021 ပြိုင်ပွဲ၏ အုပ်စုများမဲခွဲမှုကို ဇန်နဝါရီ၂၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲအတွက်အုပ်စုများ မဲခွဲပွဲကို ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားလျှက်ရှိသည့် Covid-19 ကပ်ရောဂါ အခြေအနေကြောင့် အွန်လိုင်းမှသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အုပ်စုမဲခွဲမှုအရ အာဆီယံဇုန်၏ အုပ်စု G တွင်ဗီယက်နမ်ကလပ် ဟနွိုင်း၊အင်ဒိုနီးရှားကလပ် ဘာလီ၊ကမ္ဘောဒီးယားကလပ် ဘန်ကတ်အန်ကောနှင့် Play-off အဆင့်မှ အနိုင်ရလာမည့် အသင်း၊ အုပ်စု H တွင် မလေးရှားကလပ် ကီဒါ၊ စင်ကာပူကလပ် ဆေးလ်လာ၊ဗီယက်နမ်ကလပ် ဆိုင်ဂုံ၊ Play-off အဆင့်မှ အနိုင်ရလာမည့် အသင်း၊ အုပ်စု I တွင်ဖိလစ်ပိုင်ကလပ် ကာယာ၊ မြန်မာကလပ်အသင်း၊ မလေးရှားကလပ် တီရန်ဂါနူ၊ စင်ကာပူကလပ် ဂေလန်းအင်တာနေရှင်နယ်တို့ ရင်ဆိုင်ရမည်ဖြစ်သည်။

MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက် အသင်းမှာ ACL ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ပါက ၂၀၂၁ ACL ပြိုင်ပွဲကို အုပ်စုအဆင့်ကို ကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ခြင်း မရှိခဲ့ပါက ၂၀၂၁ AFC Cup ၏ အုပ်စု I တွင် ကစားခွင့်ရမည်ဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် AFC Cup ကို ယှဉ်ပြိုင်ခွင့်ရထားသည့် ဟံသာဝတီ ယူနိုက်တက် အသင်းအနေဖြင့်မူ ၂၀၂၁ AFC Cup ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ခွင့် ရရှိထားကာ ရှမ်းယူနိုက်တက် အသင်း ACL သို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါမူ AFC Cup ပြိုင်ပွဲ၏ အုပ်စု G တွင် ကစားရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲ၏ အာဆီယံဇုန်ပွဲစဉ်များကို အကြိုခြေစစ်ပွဲများ၊ အုပ်စုအဆင့်ပွဲများ၊ ကွာတား၊ ဆီမီးနှင့် ဗိုလ်လုပွဲများကို တကျော့တည်းသာ ကစားစေမည်ဖြစ်ပြီး အုပ်စုပွဲများကို Centralized စနစ်ဖြင့် ကျင်းပမည်ဟု သိရသည်။

အကြိုပထမအဆင့်ပွဲများကို ဧပြီလ ၂၇ ရက်မှ ၂၈ရက်၊ Play-off ပွဲများကို ၁၈ ရက်မှ ၁၉ ရက်၊ အုပ်စုပွဲစဉ်များကိုဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိ၊ ဇုန်အလိုက် အကြိုဗိုလ်လုပွဲများကို ဩဂုတ် ၁၀ ရက်မှ ၁၁ ရက်နှင့် ဗိုလ်လုပွဲကို ဩဂုတ် ၂၅ရက်တို့တွင် ကျင်းပမည်ဟု သတ်မှတ်ထားသည်။

ယင်းအပြင် အခြားဇုန်များမှ အသင်းများပါပါဝင်လာမည့် Inter zone Play-off ပွဲများ၏ အကြိုဗိုလ်လုပွဲများကို စက်တင်ဘာ ၁၄ရက်မှ ၁၅ ရက်၊ စက်တင်ဘာ ၂၈ နှင့် ၂၉ ရက်၊ inter zone ဗိုလ်လုပွဲကို အောက်တိုဘာ ၂၀ နှင့် နိုဝင်ဘာ၃ရက်၊ နောက်ဆုံးအဆင့် ဗိုလ်လုပွဲကိုမူ နိုဝင်ဘာ၂၆ရက်တွင်ပြုလုပ်မည်ဖြစ်သည်။




Some text some message..