
မီလန်အသင်းရဲ့ စတားတိုက်စစ်မှုး အီဗရာဟီမိုဗစ်ဟာ ဆွီဒင်ရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ၁၂ ကြိမ်တိုင် ရရှိထားသော်လည်း ၂၀၂၁ ခုနှစ်မှာတော့ လိုက်ပ်ဇစ်အသင်းရဲ့ကွင်းလယ်ကစားသမား အီမီလ်ဖော့စ်ဘတ် ထံသို့ လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။
အသက် ၄၀ အရွယ် ကစားသမားဟာ ၂၀၂၀ခုနှစ်တွင် အယ်လ်အေဂလက်စီကနေ ပြောင်းရွေ့လာကတည်းက မီလန်အသင်းအတွက် ကူညီကစားပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အသင်းအား စီးရီးအေမှာ ဒုတိယနေရာတွင် ရာသီပိတ်သိမ်းနိုင်အောင် ကူညီခဲ့ကာ ၇ ရာသီကြာ ကင်းကွာနေတဲ့ ချန်ပီယံလိဂ်သို့ ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
လက်ရှိရာသီမှာတော့ တိုက်စစ်မှုးဟာ စီးရီးအေမှာ ၁၁ ပွဲကစားထားပြီး ၇ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးပေးထားပါတယ်။ သို့သော်လည်း ၂၀၂၁ခုနှစ်အတွက် ဆုပေးပွဲမှာတော့ တိုက်စစ်မှုးကြီးဟာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အဆိုပါ ဆုကို ၂၀၀၇ခုနှစ်နှင့် ၂၀၁၆ခုနှစ်တို့ကြာ ၁၀ ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၀ခုနှစ်မှာ ဇလာတန်ဟာ ဆွီဒင်ရဲ့အကောင်းဆုံးကစာသမားဆုကို ပြန်လည်ရရှိခဲ့သော်လည်း ယခုနှစ်မှာတော့ ကွင်းလယ်ကစားသမားဖြစ်သူ ဖော့စ်ဘတ်ထံသို့ လွှဲပြောင်းပေးလိုက်ရပြီဖြစ်ပါတယ်။ အဆိုပါဆုကို ဆွီဒင်ရှိအားကစားဆိုင်ရာ သတင်းထောက်တွေက ပေးအပ်တာဖြစ်ပြီး ဖော့စ်ဘတ်ဟာ ပြီးခဲ့တဲ့ရာသီ က ၉ ဂိုး သွင်းယူကာ ၆ ဂိုး ဖန်တီးခဲ့ပြီးနောက် အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီ မှာလည်း ကွင်းလယ်ကစားသမားဟာ လိုက်ပ်ဇစ်အတွက် ၆ ဂိုး သွင်းယူပေးထားပြီလည်းဖြစ်ပါတယ်။
အီဗရာဟီမိုဗစ်ဟာ စံချိန်တင်ဆု ရရှိထားသူဖြစ်ပြီး သူ့ကိုကျော်သွားနိုင်မယ့် ကစားသမားက မရှိသေးကာ သူ့ကို အနီးကပ်ဆုံး စိန်ခေါ်နိုင်ခဲ့တဲ့ သူတွေကတော့ လင်ဒီလာ့ဖ်၊ ရွန်းဘတ်၊ ဘရိုလင်၊ ပက်ထရစ်အန်ဒါဆင်၊ ဂလန်းဟေ ဆင်၊ ဟယ်လ်စတွန်းမ်၊ လာဆင်နှင့် စတွန်းမ်ဘတ်တို့ပဲဖြစ်ပါတယ်။