ရော်နယ်ဒိုကို ထွက်ခွာခွင့်ပြုဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ဂယ်ရီနဗီးလ်
ballonestar.com
|
2022-08-05

ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က အသင်းဟောင်းအနေနဲ့ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပြုသင့်တယ်လို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လတွေကတည်းက ရော်နယ်ဒိုရဲ့အနာဂတ်ဟာ မသေချာတဲ့သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်သားကလည်း ချန်ပီယံလိဂ်ကစားခွင့်ရတဲ့အသင်းကို ပြောင်းချင်နေပါတယ်။ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့အပတ်က ဗယ်လက်ကာနိုအသင်းနဲ့ခြေစမ်းပွဲမှာ ၄၅ မိနစ်ပါဝင်ကစားခဲ့ပြီး ပွဲမပြီးဆုံးခင်မှာ ယူနိုက်တက်ကွင်းကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

တန်ဟက်ကတော့ ရော်နယ်ဒိုကို သူ့ရဲ့အစီအစဉ်ထဲမှာ ထည့်သွင်းထားဆဲဖြစ်ပေမယ့် နဗီးလ်က ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းမရှိလည်း အသင်းအနေအထားက အဆင်ပြေနေပြီလို့ ယုံကြည်နေပါတယ်။

“ရော်နယ်ဒိုက သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတစ်ဦးပါ။ ဒါပေမယ့် အသင်းအဝတ်လဲခန်းကို ဦးဆောင်နိုင်သလို ပရိသတ်တွေကလည်း သူ့ကိုအသင်းမှာ ဆက်ရှိနေစေချင်တယ်ဆိုတာ နားလည်ပါတယ်။ သို့ပေမယ့် သူအသင်းကနေ ထွက်ခွာချင်တယ်ဆိုရင် ထွက်ခွာခွင့်ပေးသင့်ပါတယ်”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။

နဗီးလ်နဲ့အတူ ကာရေဂါကလည်း “ဒီလိုအခြေအနေမျိုးဖြစ်လာမယ်လို့ ကျွန်တော် အမြဲတမ်းခံစားနေရပါတယ်။ ရော်နယ်ဒိုတစ်နှစ်လောက်အကောင်းဆုံး လုပ်ပြနိုင်ပေမယ့် ဒီရာသီမှာဆို သူ့အသက်က ၃၈ နှစ်ဖြစ်နေပါပြီ။ သူက ထိပ်တန်းဂိုးသွင်းရှင်းတစ်ဦးပါ။ ဒါပေမယ့် တူညီတဲ့ ကစားသမားတစ်ဦးတော့ မဟုတ်တော့ပါဘူး။ ဥရောပက ဘယ်ကလပ်အသင်းမှလည်း မလိုချင်လောက်တော့ပါဘူး။ တန်ဟက်က အလိုရှိလားဆိုတာ မသေချာသလို အဝတ်လဲခန်းကြောင့်အလိုရှိလားဆိုတာလည်း မသေချာပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၁၈ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး အသင်းကို အဆင့် ၆ နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ အခုလာမယ့် တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ ဘရိုက်တန်အသင်းနဲ့ ပွဲဦးထွက် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။






Some text some message..