နာပိုလီနဲ့ ပွဲစဉ် မတိုင်မီ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ လီဗာပူး ကွင်းလယ်လူ သီယာဂို
ballonestar.com
|
2022-09-06

တံကောက်ကြော ဒဏ်ရာ ရရှိနေမှုကြောင့် အသင်းနဲ့ ကာလရှည် မပူးပေါင်းနိုင်ခဲ့တဲ့ လီဗာပူး ကွင်းလယ်လူ သီယာဂိုက လာမယ့် ကြာသပတေးနေ့ မနက်ပိုင်း၊ နေပယ်လ်မြို့မှာ နာပိုလီနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ် မတိုင်မီ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ The Liverpool Echo ရဲ့သတင်းအရ သိရပါတယ်။ စပိန်လက်ရွေးစင် ကွင်းလယ်လူက လက်ရှိပရီမီးယားလိဂ် ဘောလုံးရာသီ အဖွင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ လီဗာပူးတို့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အတွင်း တံကောက်ကြော ဒဏ်ရာရရှိကာ လူစား လဲလှယ်ခဲ့ရပါတယ်။





ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နည်းပြယာဂန်ကလော့ပ်က သီယာဂိုဟာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး အခုသီတင်းပတ်အစောပိုင်းမှာ အသင်းနဲ့ ပူပေါင်းနိုင်ဖို့ရှိတယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။ အခုလို အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်ခဲ့တာကြောင့် ကွင်းလယ်လူ သီယာဂိုဟာ နာပိုလီနဲ့ ပွဲစဉ်အတွက် ပွဲနေ့လူစာရင်းမှာ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။ အခုလို သီယာဂို ပြန်လာနိုင်မှုက ကြိုးကြာနီ ပရိသတ်တွေအတွက် ပျော်ရွှင်စရာ သတင်းကောင်း ဖြစ်စေမှာပါ။




လီဗာပူးက အခု ရာသီအစောပိုင်းမှာပဲ စီနီယာအသင်းရဲ့ ကွင်းလယ်လူစာရင်းမှာ ဒဏ်ရာပြဿနာတွေ အကြီးအကျယ် ကြုံတွေ့ခဲ့ရတာပါ။ အခုဆိုရင် ကာလရှည် အနားယူနေရတဲ့ နာဘီကီတာ၊ ချိန်ဘာလိန်တို့ဆီ အသင်းခေါင်းဆောင် ဟန်ဒါဆန်လည်း ဒဏ်ရာပြဿနာနဲ့ အတူ ပူးပေါင်းလာပါပြီ။ စွယ်စုံရ လူငယ် ကွင်းလယ် ကစားသမား ဖေဘီယိုကာဗယ်လ်ဟိုကလည်း ပြီးခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ဒဏ်ရာရရှိပြီးနောက် လာမယ့် ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်ကို ပါဝင်နိုင်မယ့်အလားအလာအပေါ် သံသယ ရှိလာခဲ့ပါတယ်။




အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ အာသာမယ်လိုက နည်းပြ ယာဂန်ကလော့ပ် အသင်းအတွက် ရွေးချယ်စရာ တစ်ခုဖြစ်သလို ဒဏ်ရာ ပြဿနာကနေပြန်လာတဲ့ ကာတစ်ဂျုံးစ်ကလည်း အသင်းနဲ့အတူ ပွဲထွက်ကစားပေးဖို့ အဆင်သင့်ရှိနေပါပြီ။ အာသာမယ်လိုက အဲဗာတန်နဲ့ ပွဲစဉ်အတွင်း အသင်းအရန်ခုံတန်းမှာ ရှိနေခဲ့သူဖြစ်ပြီး ကာတစ်ဂျုံးစ်မှာလည်း နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွက် အရန် လူစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။`





Some text some message..