ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမယ်လို့ ကြိုသိနေခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဒီမာရီယာ
ballonestar.com
|
2022-12-21

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အာဂျင်တီးနား အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် တိုက်စစ်မှူး ဒီမာရီယာက သူ့ရဲ့ဇနီးဆီ ပေးပို့ခဲ့တဲ့ မက်ဆေ့ဂျ်တွေ ပေါက်ကြားလာခဲ့ပြီး ဒီမက်ဆေ့ဂျ်တွေထဲမှာ ဒီမာရီယာ အနေနဲ့ ထူးခြားတဲ့အရာတွေ ဖြစ်ပေါ်လိမ့်မယ်ဆိုတာ သိနေကြောင်း ဖော်ပြခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားက ပြင်သစ်ကို လူဆေးလ်ကွင်းအတွင်း ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပါတယ်။ လတ်တလောကာလတွေမှာတော့ ဒီမာရီယာက သူ့ရဲ့ဇနီးဆီ ဗိုလ်လုပွဲမတိုင်ခင်ပေးပို့ခဲ့တဲ့ မက်ဆေ့ဂျ်တွေ ပေါက်ကြားလာခဲ့ပါတယ်။

ဒီစာတိုတွေထဲမှာ ဒီမာရီယာက “အချစ်ရေ၊ ငါတော့ ကမ္ဘာ့ချန်ပီယံဖြစ်လာလိမ့်မယ်။ ဒါမျိုးတွေ ရေးခဲ့ဖူးပါတယ်။ ငါကိုယ်တိုင် ဂိုးလည်း သွင်းလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒါမျိုးတွေကို မာရာကာနာကွင်း(ကိုပါအမေရိက ၂၀၂၁ ဗိုလ်လုပွဲ)နဲ့ ဝင်ဘာလေကွင်း (Finalissima ဗိုလ်လုပွဲ ၂၀၂၂) မှာတုန်းကလည်း ရေးခဲ့ဖူးလို့ပါ။ ငါတို့တွေ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်တော့မှာမလို့ ဗိုလ်လုပွဲကျရင် ပျော်ပျော်ပါးပါးအားပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ သူတို့ရဲ့မိသားစုတွေဟာ ဒီအောင်ပွဲနဲ့ ထိုက်တန်လို့ပါ”လို့ ရေးသားခဲ့တာပါ။

အံ့သြစရာကောင်းသလိုပဲ ဒီမာရီယာက ဗိုလ်လုပွဲမှာ သွင်းဂိုးတစ်ဂိုးရရှိခဲ့ပေမယ့် အာဂျင်တီးနားကတော့ အကြိမ်ကြိမ်ပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်ကို အလွယ်တကူကျော်ဖြတ်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ အာဂျင်တီးနားက ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သလို ဒီမာရီယာရဲ့ ခန့်မှန်းချက်တွေကလည်း အကုန်ကွက်တိမှန်ကန်ခဲ့ပါတယ်။ ဒီဗိုလ်လုပွဲအပြီးမှာ ဒီမာရီယာက သူ့ရဲ့မိသားစုကို ဂုဏ်ပြုဖို့ Instagram လူမှုကွန်ရက်မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။

ဒီမာရီယာက “ကျွန်တော့်အနေနဲ့ အလွယ်တကူအရှုံးပေးသွားစေဖို့ သူတို့တွေက ဘယ်တော့မှ ခွင့်မပြုခဲ့ဘူး။ ကျွန်တော့်အတွက် အမြဲတမ်းရှိနေပေးလို့ သူတို့တွေကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီမိသားစုကို အကြွင်းမဲ့ချစ်မြတ်နိုးပါတယ်။ ကမ္ဘာ့ချန်ပီယံကွ” လို့ ရေးသားခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီမာရီယာနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်တွေဟာ မိခင်နိုင်ငံဆီ အောင်ပွဲနဲ့အတူ ပြန်ရောက်လာခဲ့ပြီး ဗျူနိုအေရိစ်မြို့တော်ရှိ လမ်းမတွေမှာ အာဂျင်တီးနားပြည်သူတွေက နိုင်ငံ့သူရဲကောင်းတွေကို ကြိုဆိုနှုတ်ဆက်ဂုဏ်ပြုခဲ့ကြပါတယ်။






Some text some message..