ချဲလ်ဆီးအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့တဲ့ ရာဖေးလ်လီအိုရဲ့ စိတ်ဆန္ဒ
ballonestar.com
|
2023-03-02

အေစီမီလန်ကြယ်ပွင့် ရာဖေးလ်လီအိုက လန်ဒန်မြို့ရဲ့ရာသီဥတုကို ကြိုက်နှစ်သက်ခြင်းမရှိဘူးလို့ ဝန်ခံပြောဆိုခဲ့ပြီးနောက် သူ့ကို ကာလရှည်ပစ်မှတ်ထားစောင့်ကြည့်လာတဲ့ ချဲလ်ဆီးအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

လက်ရှိဘောလုံးရာသီမှာလည်း ပေါ်တူဂီလက်ရွေးစင်ကစားသမားက အေစီမီလန်မှာ ခြေစွမ်းပြကစားနေပြီး ဥရောပရဲ့အထွန်းတောက်ကြယ်ပွင့်ကစားသမားတွေအနက် တစ်ဦးအဖြစ် ထင်ရှားလာခဲ့ကာ ထိပ်သီးကလပ်တွေရဲ့ စောင့်ကြည့်မှုကို ရရှိနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလကတည်းက ချဲလ်ဆီးဟာ ရာဖေးလ်လီအိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပြီး လက်ရှိမှာတော့ ကစားသမားရဲ့ ထူးခြားတဲ့ စိတ်ဆန္ဒတစ်ခုကြောင့် ဒီအပြောင်းအရွှေ့ဟာ တရားဝင်ဖြစ်မြောက်လာမယ့် အလားအလာနည်းပါးလာပါတယ်။

ပေါ်တူဂီအခြေစိုက်သတင်းဌာန A Bola နဲ့တွေ့ဆုံချိန် အသက်-၂၃ နှစ်အရွယ်ကစားသမားက “လန်ဒန်ကို ပထမဦးဆုံးအကြိမ် ဈေးဝယ်ထွက်ခဲ့ဖူးပါတယ်။ ကျွန်တော် လန်ဒန်မြို့ရဲ့ ရာသီဥတုကို မကြိုက်ပါဘူး။ မီလန်မြို့ရဲ့ ဆံပင်ညှပ်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေ၊ နိုက်ကလပ်တွေနဲ့ အစားအသောက်တွေက ကျွန်တော့် အကြိုက်တွေပါပဲ”လို့ အရွှမ်းဖောက်ပြောဆိုခဲ့ပါတယ်။

ရာဖေးလ်လီအိုက အီတလီမှာ အသားကျနေပြီဖြစ်ပေမယ့် အီတလီထိပ်တန်းလိဂ်က သူ့အတွက် လွယ်ကူလွန်းတယ်လို့ ဆက်ပြောခဲ့ပါတယ်။

“မှန်ပါတယ်။ စီးရီးအေက အရမ်းလွယ်လွန်းတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ကျွန်တော် စီရီးအေဆီ မရောက်ခင် ပြင်သစ်မှာ ကစားခဲ့ပါတယ်။ ပြင်သစ်မြေဆီ ရောက်ရှိတဲ့ ပထမဆုံးနှစ်ကတော့  ခက်ခဲတာပေါ့။ တကယ့်ကို ခက်ခဲခဲ့တာပါ။ ဒါပေမယ့် အစွမ်းအစတွေရှိလာချိန်၊ ပိုပြီးမြန်ဆန်လာချိန်မှာ မတူကွဲပြားမှုတစ်ခုကို ဖန်တီးပြုလုပ်နိုင်ပါတယ်။ ဒုတိယနှစ်မှာတော့ တော်တော်လေးကို ကောင်းလာခဲ့ပြီး ကျွန်တော် ပိုတိုးတက်လာခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကွင်းတွင်းကွင်းပြင် ဘာတွေလုပ်နိုင်သလဲဆိုတာ ကမ္ဘာကြီးကို ပြသသွားရပါမယ်”လို့ ရာဖေးလ်လီအိုက ပြောဆိုခဲ့ပါတယ်။

အခုဘောလုံးရာသီ၊ အေစီမီလန်အသင်းအတွက်ခြေစွမ်းပြနေတဲ့ ရာဖေးလ်လီအိုကို ခေါ်ယူဖို့ ချဲလ်ဆီးတင်မကဘဲ မန်စီးတီး၊ ပီအက်စ်ဂျီတို့ကပါ စိတ်ဝင်စားနေတာပါ။ အေစီမီလန်နဲ့ ကစားသမားတို့အကြား စာချုပ်သက်တမ်းကလည်း ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အေစီမီလန်ကတော့ သူတို့ရဲ့ကစားသမားကို ကာလရှည်ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ကစားသမားဘက်ကတော့ မီလန်မှာပဲ ဆက်ရှိချင်တယ်လို့ လတ်တလောကာလတွေအတွင်း လူသိရှင်ကြားပြောဆိုထားပါတယ်။






Some text some message..