
ဘရိုက်တန်စတား အီဗန်ဖာဂူဆန်တစ်ယောက် နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ယူရို ၂၀၂၄ ခြေစစ်ပွဲကန်မယ့် အိုင်ယာလန်လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
အသက် ၁၈ နှစ်သားဟာ နယူးကာဆယ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဟက်ထရစ် သွင်းယူနိုင်ခဲ့ပေမယ့် ပွဲအပြီးဆေးစစ်မှုခံယူပြီးနောက် နိုင်ငံအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့တုန်းက အသင်းနဲ့ ပူးပေါင်းခဲ့ပေမယ့် အခုနိုင်ငံတကာပွဲစဉ်တွေကို ကစားနိုင်မှာ မဟုတ်တော့တာကြောင့် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
စတီဖင်ကန်နီရဲ့အသင်းဟာ အုပ်စု (ဘီ) ပထမဆုံး ၃ ပွဲကနေ ၃ မှတ်ရယူနိုင်ခဲ့ပြီး ကြာသပတေးနေ့မှာကစားမယ့်ပွဲနဲ့ လာမယ့်အပတ် နယ်သာလန်မှာ ကစားမယ့်ပွဲတွေမှာ အမှတ်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိုင်ယာလန်ဟာ ပြင်သစ်အသင်းနဲ့ ၉ မှတ်အကွာ ၊ ဂရိအသင်းနဲ့ ၃ မှတ်အကွာ အနေအထားမှာ ရပ်တည်နေပါတယ်။
နယ်သာလန်အသင်းနဲ့အမှတ်တူနေပေမယ့် လက်ထဲမှာ ၁ ပွဲ ကျန်နေသေးတာဖြစ်ပါတယ်။ နည်းပြအတွက် တိုက်စစ်ပိုင်းမှာ နောဝစ်ချ်စတား အဒမ်အိုင်ဒက် ၊ ပရက်စ်တန်စတား ဝဲလ်ကိန်း၊ ဟူးလ်စီးတီးစတား ကိုနယ်လီ ၊ လူတန်တောင်းစတား အော့ဘီနီတို့ကို ရွေးချယ်လို့ရနိုင်တာဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက နော်ဝေအသင်းနဲ့ပွဲမှာ အိုင်ယာလန်အတွက် ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး မတ်လတုန်းက လက်ဗီးယား အသင်းနဲ့ပွဲမှာ နိုင်ငံအသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သလို ဇွန်လတုန်းကကစားခဲ့တဲ့ ဂျီဘရော့တာနဲ့ပွဲမှာ ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။