ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်။
မယ်ထွေးလိုလို့ ဝဲပါတယ်။
မယ်ထွေးမပါ ဒို့ချည်းသာ။
ပါပါလျက်သား နောက်ကထား။
မယ်ထွေးအသား ခါးလှတယ်။
တွင်းငယ်ရေနဲ့ ဆေးပါ့မယ်။
တွင်းငယ်ရေ နွေမှာခမ်း။
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။
ချောင်းငယ်ရေ နွေမှာခမ်း။
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။
မြစ်ငယ်ရေ နွေမှာခမ်း။
ပင်လယ်ရေနဲ့ ဆေးပါ့မယ်။
ပင်လယ်ရေ နွေမှာခမ်း။
ပင်လယ်ရေ ဘယ်မခမ်း... မယ်ထွေးအမိဖမ်း။
ဒါကတော့ ကျွန်မတို့ငယ်ငယ်က ဆော့ကစားခဲ့ရတဲ့ ရွှေစွန်ညို ကစားနည်းထဲက ကဗျာလေးပဲ ဖြစ်ပါတယ်။ ရွှေစွန်ညိုကစားနည်းဟာ လူ ၅ ယောက်ကနေ ၁၂ ယောက်ခန့်အထိ ပါဝင်ကစားနိုင်တဲ့ မြန်မာ့ရိုးရာကစားနည်း ဖြစ်ပါတယ်။
အားလုံးထဲမှ စွန်(ရွှေစွန်ညို)၊ မယ်ထွေးလေးနဲ့ ခေါင်းဆောင်ကို ရွေးချယ်ပြီး ခေါင်းဆောင်နဲ့ ကျန်ကစားသူတွေက မယ်ထွေးလေးကို စွန်ထံကနေ ဝိုင်းကာကွယ်ကြရပါတယ်။ ရွှေစွန်ညိုကလွဲပြီး ကျန်ကစားသူတွေဟာ ခေါင်းဆောင်လုပ်မယ့်သူအနောက်ကနေတန်းစီပြီး မယ်ထွေးလေးကို နောက်ဆုံးထားကြရပါတယ်။
ရွှေစွန်ညို လုပ်တဲ့သူကတော့ ငှက်သဏ္ဌာန်အတောင်ခတ်ပျံဝဲရင်း ` ရွှေစွန်ညို ငှက်ရဲ တိမ်တိုက်ထဲက ဝဲထွက်ခဲ့ပြီ´ ဆိုပြီး ဟစ်အော်ပြီး ပြောရပါတယ်။ ကစားပွဲမစမီ ပြေးသူလိုက်သူအချိန်ကိုက်စေဖို့ ခေါင်းဆောင်နဲ့ ရွှေစွန်ညိုက မျက်နှာချင်းဆိုင်ရပ်လျက်အထက်ပါကဗျာကိုအပြန်အလှန်အမေးအဖြေပုံစံနဲ့ ဆိုကြပါတယ်။ ကဗျာဆုံးတာနဲ့ ရွှေစွန်ညိုက မယ်ထွေးလေးကို ဖမ်းဖို့ပြေးသလို ကျန်တဲ့သူတွေကလည်း မယ်ထွေးလေးကို ဝိုင်းဝန်းကာကွယ်ကြပါတယ်။
ဒါကတော့ ကျွန်မတို့ငယ်ငယ်က ဆော့ကစားခဲ့ရတဲ့ ကစားနည်းတစ်မျိုးပါပဲ။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ ကလေးတွေအတွက် ရွှေစွန်ညိုဆိုတာ ပုံပြင်တစ်ပုဒ်လိုပါပဲ။ ယနေ့ခေတ်မှာတော့ ကလေးတွေဟာ ကလေးလို မဆော့တတ်ကြတော့ပါဘူး။ မြေမရှိတဲ့ တိုက်ခန်းနေ မိဘတွေအဖို့ သားသမီးတွေကို ထိန်းကျောင်းရာမှာ ခေတ်မီပစ္စည်းတွေ ဝယ်ပေးထားခြင်းဖြင့် ကလေးတွေကို ငြိမ်သက်နေအောင် ထိန်းကျောင်းကြပြန်တယ်။
တစ်ချို့မိဘတွေကြပြန်တော့ ကလေးတွေကို မိုးလင်းမိုးချုပ် ကျောင်းစာတွေနဲ့သာအချိန်ကုန်ဆုံး စေခဲ့ပါတယ်။ ကျွန်မတို့ ငယ်စဉ်ကလေး ဘဝတုန်းကတော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မြန်မာ့ရိုးရာ ကစားနည်းတွေနဲ့သာ ကြီးပြင်းလာခဲ့ကြရတာပါ။
ကျွန်မတို့ မိဘတွေကလည်း ကျောင်းစာလည်း မပျက်ရအောင် ကျောင်းကပြန်လာပြီဆိုတာနဲ့ ခဏနား စာကြည့် ညနေစောင်းတာနဲ့ ကစားဖို့ကို ခွင့်ပြုပေးခဲ့ကြပါတယ်။ ညနေတိုင်း ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ့ရိုးရာ ကစားနည်းတွေကို ဆော့ကစားရင်း ငယ်ဘဝကို ဖြတ်သန်းခဲ့ကြရတာပါ။
မြန်မာ့ရိုးရာ ကစားနည်း မြောက်များစွာ ရှိပါတယ်။ ဘာသာတရားကိုအခြေခံတဲ့ ကစားနည်းတွေ၊ မြန်မာ့ယဉ်ကျေးမှုကိုအခြေခံတဲ့ ကစားနည်းတွေ၊ ဓလေ့ထုံးစံအရ ကစားနည်းတွေ ရှိခဲ့ပါတယ်။ တစ်ချို့သော ကစားနည်းတွေကတော့ ယနေ့ခေတ်မှာ ကွယ်ပျောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။
တစ်ဦးချင်းအပျော်တမ်း ကစားနည်းတွေကတော့ ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲ၊ မြန်မာ့လက်ဝှေ့၊ မြန်မာ့သိုင်း၊ ဗန်တို၊ ကျင်၊ ဂူလီ၊ ဂျင်ကစားနည်း၊ ဒိုးပစ် ကစားနည်း၊ ကျည်းသားရိုက် ကစားနည်း၊ ဇယ်တောက်ခြင်း ကစားနည်း စတာတွေပဲ ဖြစ်ပါတယ်။
အုပ်စုလိုက်အပျော်တမ်း ကစားနည်းတွေကတော့ ရွှေစွန်ညိုကစားနည်း၊ ခြင်းလုံး ကစားနည်း၊ ဘီးရောင်းတမ်း ကစားနည်း၊ ထုပ်စည်းတိုး ကစားနည်း၊ လွန်ဆွဲပွဲ ကစားနည်း၊ ညောင်ပင်တစ္ဆေ ကစားနည်း၊ မစာဥ ကစားနည်း၊ ခိုတွန်း ကစားနည်း၊ ပုဇွန်ဆိတ် ကစားနည်း၊ ကုလားမစည်းနင်း ကစားနည်း၊ လိပ်ဥဝှက်တမ်း ကစားနည်း၊ ညောင်ရေအိုးစင် ကစားနည်း၊ စိန်ပြေးတမ်း ကစားနည်း၊ ကြက်မခွတ်တမ်း ကစားနည်း၊ ဖန်ခုန်တမ်း ကစားနည်း၊ ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ကစားနည်း စတဲ့ ကစားနည်းတွေပဲ ဖြစ်ပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့အများအားဖြင့်အုပ်စုလိုက်အပျော်တမ်း ကစားနည်းတွေကိုသာ ဆော့ကစားကြပါတယ်။ ကျွန်မတို့ငယ်ငယ်က ဆော့ကစားခဲ့ကြတဲ့ ကစားနည်းတွေထဲကအနည်းအငယ်ကို ပြောပြပေးချင်ပါသေးတယ်။
ထုပ်စည်းတိုး ကစားနည်း
ထုပ်စည်းတိုး ကစားနည်းကိုလည်း မြန်မာနိုင်ငံက မိန်းကလေးအများစု ကြိုက်နှစ်သက် ခဲ့ကြပါတယ်။ ကစားရာမှာတော့ ခြောက်ယောက်၊ ရှစ်ယောက်၊ ၁ဝ ယောက်နဲ့ ၁၂ ယောက် စသဖြင့် ဆော့ကစားနိုင်ပါတယ်။ ခြောက်ယောက် ကစားရင် တစ်ဘက်ကို သုံးယောက်စီကျ ခွဲပြီး ကစားကြရပါတယ်။ ဘယ်နှစ်ယောက်ဆော့ဆော့အဖွဲ့၂ဖွဲ့ကိုအညီအမျှခွဲပြီး ကစားကြရပါတယ်။
ကစားရာမှာ မြေကြီးပေါ်ကို တုတ်တစ်ချောင်းနဲ့ ဖြစ်စေ၊ ရေဖြင့်လောင်းချ၍ ဖြစ်စေ၊ စည်းတွေတားပြီး ကစားကြရတာပါ။ ထုပ်စည်းကို ကစားသူများလျှင် များသလို စည်းပိုတားပြီး ကစားကြပါတယ်။အဖွဲ့လိုက်အောင်နိုင်ထူအောင် ဆော့ကစားရတာကြောင့် စည်းလုံးခြင်း စိတ်ဓာတ်ကိုပြတဲ့ ကစားနည်းတစ်ခုပါပဲ။
ကြက်မခွတ်တမ်း ကစားနည်း
ကြက်မခွတ်တမ်း ကစားခြင်းကို မြန်မာကလေးတွေ နှစ်ခြိုက်ကြပါတယ်။အခုချိန်ထိတော့ လွတ်လပ်ရေးနေ့ ပြိုင်ပွဲတွေမှာ ထည့်သွင်းကစားကြပါတယ်။ ကစားရာမှာတော့အရေအတွက်ကို မကန်သတ်ထားပါဘူး။ ကစားသူတွေက ရပ်နေကြပြီးလျှင် ခြေတဘက်ကို တလှည့်စီ မြောက်ပြီးရင် “ကြက်ဖတိန်ညင် တောကိုဝင် မောင်ရင်လာ လေးနှင့်ပစ် မပစ်ပါနှင့် မောင်ရင်ရယ် ကြက်တက်စူးပမယ် ဘယ်ဘက်က စူစူး ညာဘက်က စူးစူး ခွပ်လိုက်ကြစို့ သူငယ်ချင်းအောက်အစ်အစ်အွတ်” လို့ သံပြိုင်သီဆိုကြပါတယ်။
ပြီးတာနဲ့အားလုံး ဆောင့်ကြောင့်ထိုင်လိုက်ကြပြီး ခြေတဘက်ကို တလှည့်စီ ရှေ့ကိုထိုးလိုက် ပြန်သိမ်းလိုက် လုပ်ပြီးလျှင်အခြားတဘက်ကိုလည်း ရှေ့ကိုထိုးလိုက် ပြန်၍သိမ်းလိုက်လုပ်ကာ ကစားကြပါတယ်။ လက်တွေကိုတော့ ခါးမှာထောက်ထားရပါတယ်။အဲ့ဒါကို ကြက်ခွပ်တယ်လို့ ခေါ်တာပါ။အဲ့သလို ကြက်ခွက်ကြတဲ့အခါ တစ်စုံတစ်ယောက်က မောပန်းပြီး မခွပ်နိုင်တော့တဲ့အထိ ကစားကြရတာပါ။ ဒီကစားနည်းကလည်း တစ်ဦးနဲ့တစ်ဦးအပြိုင်အဆိုင် မကျရှုံးအောင် ခွပ်ရတဲ့အတွက်အလွယ်တကူအရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မွေးဖွားပေးလိုက်သလိုပါပဲ။
ညောင်ပင်တစ္ဆေ ကစားနည်း
ဒီကစားနည်းမှာတော့ မြေကြီးပေါ်မှာ စည်းဝိုင်းပြီးအပြင်ဘက်မှာ ညောင်ပင်တစ္ဆေ လုပ်သူက နေရပါတယ်။ စက်ဝိုင်းအတွင်းတွင်း မယ်ထွေးလုပ်သူက နေရပါတယ်။ ကျန်ကစားသူများက မယ်ထွေးလုပ်သူကို ကျောပေးပြီးလျှင် စက်ဝိုင်းအပြင်ဘက်ကို မျက်နှာမူထားကြပါတယ်။
စည်းဝိုင်းထဲကသူတွေနဲ့ ညောင်ပင်တစ္ဆေ လုပ်တဲ့သူက “ညောင်ပင်တစ္ဆေ - ဝေလေလေ၊ နင်ဘယ်ကိုင်းမှာနေ - ညောင်ကိုင်းမှာနေ၊ နင်ဘာသီးစား - ညောင်သီးစား၊ နင်ဘာထမင်းစား - ညောင်ထမင်းစား၊ နင်ဘာဟင်းစား - ညောင်ဟင်းစား၊ နင်ဘာရေသောက် - ညောင်ရေသောက်၊ နင်ဘာကွမ်းသီးစား - ညောင်ကွမ်းသီးစား၊ ညောင်ပင်တစ္ဆေ နင်ထမင်းစားပြီးပြီလား - မစားရသေးဘူး ဘာဟင်းချက်သလဲ၊ ကြက်သားဟင်းချက်တယ် - ငါ့တစ်ခွက်ပေး၊ ဘာလုပ်ဖို့ - ငါစားဖို့၊ မပေးနိုင်ဘူး မယ်ထွေးလေးရလျှင် ယူတော့” ဆိုပြီးအပြန်အလှန်ပြေဆိုကြရပါတယ်။
အဲ့သလိုပြောဆိုပြီးတဲ့အခါမှာတော့ ညောင်ပင်တစ္ဆေ လုပ်တဲ့သူက မယ်ထွေးကို စည်းဝိုင်းအပြင်ကို ဆွဲထုတ်နိုင်ဖို့ လှည့်ပတ်ကြိုးစားရပါတယ်။ တစ်ယောက်ယောက် လဲတဲ့အခါ ညောင်ပင်တစ္ဆေက မယ်ထွေးကို ဝင်၍ဆွဲယူပါတော့တယ်။ ကစားသူတွေကလည်း မယ်ထွေးကို စည်းဝိုင်းအလယ်မှာသာ ရှိနေစေရန် ပြန်ဆွဲယူကြပါတယ်။ နောက်ဆုံး ညောင်ပင်တစ္ဆေက မယ်ထွေးကို တစိတ်တဒေသအားဖြင့် စည်းကိုကျော်အောင် ဆွဲယူနိုင်လျှင် မယ်ထွေးက ညောင်ပင်တစ္ဆေလုပ်ပြီး ကစားပွဲကိုအစမှ ပြန်ကစားကြရပါတယ်။
စိန်ပြေးတမ်း ကစားနည်း
ဒီကစားနည်းက ကစားသူအရေအတွက် မကန့်သတ်ဘဲ ကစားနိုင်ပါတယ်။ ပထမစပြီး လိုက်တဲ့သူအမည်က မောင်မောင်ဖြစ်ရင် ကစားသူတွေက မောင်မောင်လေးရေ စိန်၊ ထမင်းစားလို့မြိန် ဆိုပြီးအထပ်ထပ်ဆိုပြီးသော် မောင်မောင်လိုက်သည်ကို ရှောင်ကာရှားကာ လွတ်အောင် ပြေးကြရပါတယ်။ လွတ်အောင်မပြေးနိုင်ဟု ထင်လျှင် “ကျောက်ရုပ်”လို့ ပြောပြီး ဆောင့်ကြောင့် ထိုင်လိုက်က သူ့ကိုမလိုက် နိုင်တော့ချေ။
ကျန်ကစားနေသူတွေကို သူကို “ကျောက်ဖျက်” ဆိုပြီး လက်နဲ့လာတို့ပြီး ဖျက်ပေးရင်တော့ ပြန်ပြေးလို့ရပါတယ်။ မောင်မောင်လိုက်ဖမ်းလို့ မိရင်တော့ မိတဲ့သူက တစ်ကြော့ပြန်ဖမ်းရတဲ့ ကစားနည်းပဲ ဖြစ်ပါတယ်။
ဖန်ခုန်တမ်း ကစားနည်း
ဒီကစားနည်းကိုတော့ မိန်းကလေးတွေပဲအများဆုံး ဆော့ကစားကြပါတယ်။ ကစားရာမှာ ဦးစွာ မိန်းကလေးနှစ်ဦးက မြေကြီးပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်ကြရပြီးမှ ခြေထောက်တွေကို ဆင်းထားကြပြီးရင် ခြေဖဝါးချင်းထိတဲ့အထိ ပြင်၍ထိုင်ကြပါတယ်။အဲ့ဒီနောက် ခြေထောက်တစ်ဖက်ရဲ့ ခြေချောင်းကလေးတွေအပေါ်မှာအခြားခြေထောက်တစ်ဖက်ရဲ့ ဖနောင့်ကို တင်လိုက်ပြီးလျှင်အခြား တစ်ယောက်ကလည်း သူ့ခြေထောက်ရဲ့ ဖနောင့်ကို ပထမ ကစားသူရဲ့ ဒုတိယ ခြေထောက်က ခြေဖျားတွေပေါ်မှာ တင်လိုက်ပါတယ်။
ပြီးလျှင် နောက်ခြေတစ်ဖက်ရဲ့ ဖနောင့်ကိုပါ ပထမ ခြေထောက်ရဲ့ ခြေချောင်းတွေပေါ်မှာ တင်လိုက်ပြန်ပါတယ်။အဲ့သလို ခြေဖဝါးလေးခု တစ်ခုပေါ်တစ်ခု တင်ထားတာကို ကစားသူ တယောက်က လွတ်အောင် ခုန်ရပါတယ်။အဲ့သလို ခုန်လိုက်ရာမှာ လွတ်လျင် မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ကစားသူနှစ်ဦးအနက် တစ်ဦးက သူ့ရဲ့လက်ကို တင်လိုက်ပြီးလျှင် လက်မကို ခြေမပေါ်တွင်တင်ပြီးအပေါ်သို့မြောက်ပြီး ထွာထားလိုက်ပါတယ်။
ပြီးလျှင် ခုန်သူကို ထပ်ခုန်ခိုင်းပါတယ်။ ထပ်ခုန်တဲ့အခါ လွတ်လျင် နောက်တစ်ဖန် ကျန်လက်တစ်ဖက်ကို ပထမ လက်တစ်ဘက်ကဲ့သို့ ထွာထားပြန်တယ်။ ပြီးလျှင် ခုန်စေပြန်တယ်။ ထိုအချိန်မှာလည်း လွတ်သေးလျှင်အခြားတစ်ယောက်ရဲ့ လက်ကို ထွာစေပြီးလျှင် ထပ်ခုန်ခိုင်းပြန်တယ်။ ထိုအချိန်မှာလည်း လွတ်အောင် ခုန်နိုင်သေးလျှင်အခြားလက်တစ်ဖက်နဲ့ ထွာထားပြန်တယ် ပြီးလျှင် ခုန်စေပြန်တယ်။ လွတ်အောင် မခုန်နိုင်လျှင် ထိုသူဟာ ထိုင်သူအဖြစ် ဆောင်ရွက်ရပါတယ်။
လွတ်အောင် ခုန်နိုင်လျှင် ဘေးမှကစားသူ တစ်ယောက်က ထိုင်နေသူနှစ်ယောက်အနက် တစ်ယောက်အနီးဘေးမှာ ဝင်ထိုင်လိုက်ပြီးလျှင်ကူ၍ ထွာပေးရပါတယ်။ ထိုနှစ်ထွာကိုပင် လွတ်အောင်ခုန်နိုင်လျှင်အခြားကစားသူ တစ်ဦးက ဝင်ကူသူနှင့် မျက်နှာချင်းဆိုင်ဘက်ရှိ ကစားသူရဲ့ ဘေးမှာ ဝင်ထိုင်လိုက်ပြီးလျှင် သူရဲ့အထွာတွေနဲ့ ကူ၍ မြင့်စေပါတယ်။လွတ်အောင် မခုန်နိုင်သူက ခြေထောက်တွေကို ဆင့်၍ပေးခြင်းဖြင့် တစ်လှည့်စီ ကစားသွားနိုင်ပါတယ်။
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကစားနည်း
ဒီကစားနည်းကိုတော့ ငယ်ရွယ်တဲ့ ကလေးတွေက နှစ်ခြိုက်ကြပါတယ်။ ကစားရာမှာ ကလေး၆ယောက်ကနေ ၁၂ယောက်အထိ ကစားနိုင်ပါတယ်။ ကစားသူတွေက လက်တွေကို ဆက်ထားကြပြီးလျှင် ဝိုင်းထားကြပါတယ်။အရွယ်အကြီးဆုံး၊ ဒါမှမဟုတ် ကစားတတ်တဲ့ ကလေးကအလယ်မှာ ရပ်နေပြီးလျှင် “မဧခြင်ထောင် ဘယ်လောက်ပေးရတယ်” ဟုအော် မေးလိုက်တဲ့အခါအားလုံးကဝိုင်းပြီး “ငါးမူးတစ်ကျပ်ပေးရတယ်”လို့ ပြန်အော်ပြောကြပါတယ်။
ထိုအခါအလယ်မှာနေသူက “ဘယ့်လောက် ရှည်သလဲ”လို့အော်၍ မေးလိုက်တဲ့အခါ လက်တွေကို ဆက်ထားကြတဲ့ ကလေးတွေက “ဟောသည်လောက်ကြီး ရှည်တယ်”လို့အော်ပြောကြပြီးရင် သူတို့ရဲ့ လက်ကလေးတွေကို ဆန့်နိုင်သမျှ ဆန့်လိုက်ကြပါတယ်။ “ဘယ်လောက်ကျဉ်းသလဲ”လို့အော်ပြီး မေးပြန်တဲ့အခါ “ဟောသည်လောက်ကလေး ကျဉ်းတယ်”လို့ဆိုပြီးအော်ပြောလိုက်ကြ ပြီးလျှင် သူတို့ရဲ့ လက်ကလေးတွေကို ကျုံလိုက်ကြပြန်တယ်။
ပြီးလျှင်အလယ်၌ နေသူက “ငါ့ကိုရောင်းပါကွယ်”လို့ ပြောလိုက်ရာ “မေမေ ဆူလိမ့်မယ်” လို့အားလုံးက ဝိုင်းအော်ကြပြန်တယ်။ ထိုအခါအလယ်မှာရှိသူက “မေမေဆူလျှင် ငါ့ဆီလာခဲ့”လို့ ပြောလိုက်ပြီးလျှင် “ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ” ဟုဆိုကာ လှည့်ပတ်ပြီး ပြေးကြရပါတယ်။
အဲ့သလိုပြေးနေရကနေ ရပ်တန့်လိုက်ပြီး “နင့်အနောက်မှာ ဘယ်သူလည်း” လို့မေးရင် ကိုယ့်အနောက်မှာ ရပ်နေတဲ့သူကို မှန်အောင်ဖြေရပါတယ်။ မှန်ခဲ့ရင်တော့ ရပ်နေတယ်သူက ဝိုင်းထဲကိုပြန်ဝင်ပြီး နောက်တစ်ပွဲ ပြန်စရပါတယ်။
လိပ်ဥဝှက်တမ်း ကစားနည်း
ဒီကစားနည်းကတော့ “လိပ်ဥပျောက်လို့ လိပ်မရှာ သူ့ခမျာ ငိုမဲ့ငိုမဲ့” လို့အော်ပြီး ဆော့ကြရတဲ့ ကစားနည်းပါ။ စည်းဝိုင်းတစ်ခုအတွင်း လိုက်ရမယ့် လိပ်မလုပ်သူက ဖင်အောက်မှာ ဖိနပ်(လိပ်ဥ) တွေကို ခုထိုင်ထားရပါတယ်။ ကျန်စည်းအပြင်က သူတွေက ထိုဥကို လှမ်းနိုက်ရပါတယ်။အဲ့လိုလှမ်းနိုက်တဲ့အခါ လက်မြန်ဖို့လိုပါတယ်။ လှမ်းယူတဲ့သူက လက်မမြန်လို့ လိပ်မလုပ်သူက ဖမ်းမိရင်တော့အဖမ်းခံရသူက လိပ်မပြန်လုပ်ရပါတယ်။
ဖိနပ်(လိပ်ဥ)ကို ထုတ်နိုင်လျှင် ထိုဖိနပ်တွေကို တစ်နေရာမှာဝှက်ထားပြီး လိပ်မက လိုက်ရှာရတာပါ။ လိုက်ရှာတဲ့အခါ “လိပ်ဥပျောက်လို့ လိပ်မရှာ”လို့ ဝိုင်းအော်ကြရတာပါ။ သူမရှာနိုင်လျှင် သူက လိပ်မထပ်လုပ်ရပါတယ်။ ဖိနပ်အားလုံးကို တွေ့ခဲ့ရင်တော့ ပထဆုံးရှာတွေ့ခဲ့တဲ့ ဖိနပ်ကိုဝှက်ခဲ့သူက လိပ်မပြန် လုပ်ရတာ ဖြစ်ပါတယ်။
ဒါတွေက ကျွန်မတို့ ငယ်ငယ်ကဆော့ကစားခဲ့ကြတဲ့ မြန်မာ့ရိုးရာ ကစားနည်းတွေပါပဲ။ ဒီကစားနည်းတွေက တစ်ဦးနဲ့တစ်ဦး စည်းစည်းလုံးလုံးနဲ့အရမ်းကို ပျော်ရွှင်စရာ ကောင်းလွန်းလှပါတယ်။
ဒီဘက်ခေတ်မှာတော့ ညောင်ပင်တစ္ဆေကြီးလည်း ဘယ်ဆီရောက်လို့ ရွှေစွန်ညိုလည်း ဘယ်ဆီဝဲနေပါလိမ်မယ်လို့ တွေးမိရင် ငယ်ဘဝကို ပြန်တမ်းတမိနေပါတော့တယ်။
comments
Publish reply