ကရင်ပြည်နယ်မှ ထွက်ပေါ်လာသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံ သူရဲကောင်း သုံးဦး
mmtimes.com
|
2019-02-11

အာသာဆာလာဒိုက်(ဝဲ)နှင့် စောဘဦး(ယာ)။ ဓာတ်ပုံ- ဒဗလျူအယ်လ်စီ

ကရင်ပြည်နယ်သည် မြန်မာ့ရိုးရာလက်ဝှေ့သမားအများစုပေါ်ထွက်ရာဒေသအဖြစ်နိုင်ငံအတွင်း လူသိများသော ပြည်နယ်တစ်ခုဖြစ်သည်။

ကရင်ပြည်နယ်သည် ရှေးယခင်ကတည်းက ကရင်တိုင်းရင်းသားတို့၏ ကြံ့ခိုင်မှု၊ ရဲစွမ်းသတ္တိရှိမှုမှတစ်ဆင့် ရိုးရာလက်ဝှေ့သမားကောင်းများ ပေါ်ထွက်ခဲ့ရာဒေသဖြစ်ပြီး လက်ရှိအချိန်တွင်လည်း မြန်မာ့ရိုးရာ လက်ဝှေ့သမားများကို မွေးထုတ်ပေးလျက်ရှိသော ဒေသဖြစ်သည်။

ထို့ပြင် လက်ဝှေ့ကလပ်များရှိရာ ရေခံမြေခံ ကောင်းမွန်သည့် ကိုယ်ခံပညာကစားသမားကောင်းများ စုဝေးရာဒေသအဖြစ် နိုင်ငံတွင်း၌ လက်ခံထားကြသည်။

ကရင်ပြည်နယ်သည် ရှေးယခင်ကတည်းက မြန်မာပြည်အတွက် ကိုယ်ခံပညာကစားသမား ချန်ပီယံများစွာကို မွေးထုတ်ပေးနိုင်ခဲ့သော ဒေသဖြစ်ပြီး လက်ရှိအချိန်ထိလည်း သက်ဆိုင်ရာ ဝိတ်တန်းအလိုက် ချန်ပီယံများကို ပြုစုပျိုးထောင်ပေးနေသော ရိုးရာလက်ဝှေ့ကလပ်များ စုဝေးရာ ဒေသဖြစ်သည်။

ONE Championship ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကာအာရှအထိ လူသိများလာခဲ့သော မိုက်ရိုင်း၊ စောဘဦး၊ ရဲသွေးနီ စသည့်အားကစားသမားများသည် ကရင်ပြည်နယ်ရှိ ကလပ်အသင်းများမှ ထွက်ပေါ်လာသော ကစားသမားများ ဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ONE Championship ပြိုင်ပွဲများကို စတင်ကျင်းပလာခဲ့ပြီး ပြည်တွင်းမှ ရိုးရာလက်ဝှေ့သမားအများစုလည်း ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခွင့်ရလာခဲ့သည်။

၎င်း ကစားသမားများသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှဖြစ်ကြပြီး ထိုသူများထဲမှ ONE Championship ပြိုင်ပွဲနှင့် လက်တွဲနိုင်ခဲ့သောအားကစားသမားများလည်း ပါဝင်လာခဲ့သည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်ရှိ လက်ဝှေ့ကလပ်များဖြစ်သည့် ရွှေဖူး၊ တောင်ကလေး စသော ကလပ်များမှ မိုက်ရိုင်း၊ စောဘဦးနှင့် ရဲသွေးနီအစရှိသည့် ကစားသမားများသည် ONE Championship ပြိုင်ပွဲတွင် နေရာတစ်ခုသို့ ရောက်ရှိနေသော ကစားသမားများ ဖြစ်သည်။


ONE Championship ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကာအာရှအထိ လူသိများလာခဲ့သော မိုက်ရိုင်း

မိုက်ရိုင်းသည် ကရင်ပြည်နယ်တွင် တည်ရှိသော ရွှေဖူးကလပ်မှအားကစားသမားတစ်ဦးဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့အလွတ်တန်း မြန်မာပြည်ချန်ပီယံဟောင်း စောငမန်း၏ တပည့်တစ်ဦးလည်းဖြစ်သည်။

မိုက်ရိုင်းသည် ထိုးလုံးထိုးကွက်နှင့် နည်းစနစ်ပိုင်းပြည့်ဝသော ကရင်လူမျိုးအားကစားသမားတစ်ဦးဖြစ်သည်။ ခြေ၊လက်၊ဒူး၊တံတောင်နှင့် ခေါင်းတိုက်ချက်များပါဝင်သော ခန္ဓာကိုယ်ရှိအစိတ်အပိုင်းများကိုအချိုးကျစွာအသုံးပြုရသော တိုက်ခိုက်ခြင်းကို ပိုင်နိုင်သူအဖြစ်ထင်ရှားသည်။

၎င်းသည် ဖယ်သာဝိတ်တန်း (၅၇ ကီလို)တွင်အကောင်းဆုံး လက်ဝှေ့သမားအဖြစ် လူသိများသည်။ မိုက်ရိုင်းသည် ရိုးရာလက်ဝှေ့လောကထဲသို့ စောဒါပို့အမည်ဖြင့် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၄ နောက်ပိုင်းမှသာ စောမိုက်ရိုင်းအမည်ဖြင့် ပြောင်းလဲထိုးသတ်ခဲ့သည်။

စောဘဦးသည် ကရင်ပြည်နယ်မှ လက်ဝှေ့သမားတစ်ဦးဖြစ်ပြီးအစဉ်အလာကြီးမားသော တောင်ကလေး ကလပ်မှ ပေါ်ထွက်လာသူဖြစ်သည်။ ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီး ကော့ကရိတ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး တောင်ကလေးရိုးရာ လက်ဝှေ့ကလပ်တွင် လေ့ကျင့်ကာ ပရိသတ်များ၏အားပေးမှုရလာသောအားကစားသမား တစ်ဦးဖြစ်သည်။စောဘဦးသည် ပြည်တွင်းမှ ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် တိုက်စစ်အားသန်ပြီး ခွန်အားကြီးမာသော လက်ဝှေ့သမားအဖြစ်ထင်ရှားသည်။

စောဘဦး၏ ဘယ်ညာလက်သီးတွဲလုံးများနှင့် ပြင်းထန်သောခြေကန်ချက်များမှာ ထင်ရှားပြီး WLC ပြိုင်ပွဲတွင် လိုက်မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲကို ထိုးသတ်ထားဖူးသူဖြစ်သည်။ ONE Championship မှကျင်းပသော ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် ၂ဝ၁၅ ခုနှစ်ကတည်းက ပါဝင်ထိုးသတ်ခဲ့ဖူးသည့်အားကစားသမားတစ်ဦးဖြစ်သည်။

စောဘဦး၏ ထင်ရှားသော ပွဲစဉ်မှာ ဖိုးသော်နှင့် ထိုးသတ်ခဲ့သောပွဲစဉ်ဖြစ်ပြီး ဖိုးသော်၏ ချုပ်ကွက်ကိုအလွတ်ရုန်းထွက်နိုင်ခဲ့သည့်အခိုက်အတန့်တွင် ပရိသတ်၏အံ့သြမှင်သက်စေမှုရရှိခဲ့သူဖြစ်သည်။

စောဘဦးသည် ONE Championship နှင့် ကာလရှည်လက်တွဲနိုင်သည့် ကရင်လူမျိုးကစားသမား တစ်ဦးလည်းဖြစ်ပြီး လာမည့် မတ်လအတွင်း မြန်မာနိုင်ငံတွင်လာရောက်ကျင်းပမည့် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ၌ ပါဝင်လာဖွယ်ရှိသူလည်းဖြစ်သည်။

ရဲသွေးနီသည် ၎င်း၏ လျင်မြန်တိကျသော လက်သီးချက်များကြောင့် ထင်ရှားလာသည့် လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး စောဘဦးကဲ့သို့ပင် ကရင်ပြည်နယ်အခြေစိုက် တောင်ကလေးကလပ်မှ လက်ဝှေ့သမားတစ်ဦးဖြစ်သည်။ရဲသွေးနီကို ကယားပြည်နယ် လွိုင်ကော်မြို့ ဘော်လခဲကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး မွန်ပြည်နယ်ရှိ မုဒုံသား ရိုးရာလက်ဝှေ့ကလပ်တွင် ကစားသမားဘဝကို စတင်ခဲ့သူဖြစ်သည်။ သို့သော်လည်း မုဒုံသား ကလပ်တွင် (၆)လအကြာ လေ့ကျင့်ခဲ့ပြီးနောက် ကရင်ပြည်ရှိ တောင်ကလေး ကလပ်ကိုရောက်ရှိခဲ့သူဖြစ်သည်။

အသက်(၂၃)အရွယ်ရှိ ရဲသွေးနီသည် ပွဲပေါင်း(၅ဝ)ကျော်ယှဉ်ပြိုင်ထားသည့် ဖယ်သာဝိတ်တန်း (၅၇ ကီလို)အားကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ကရင်ပြည်နယ်ရှိ တောင်ကလေးရိုးရာလက်ဝှေ့ကလပ်ကို ကိုယ်စားပြုကာ ယှဉ်ပြိုင်နေသူဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သောအားကစားသမား သုံးဦးသည် လက်ရှိအချိန်တွင် ကရင်ပြည်နယ်ကိုကိုယ်စားပြုကာ ပြိုင်ပွဲများယှဉ်ပြိုင်နေကြသူများဖြစ်သည်။ ၎င်းတို့၏ ရေကုန်ရေခမ်း ယှဉ်ပြိုင်သည့် ပွဲစဉ်များကို ONE Championshipတွင်ဆက်လက်တွေ့မြင်ရဖွယ်ရှိနေပြီး ကရင်ပြည်နယ်မှထွက်ပေါ်လာသည့် ONE Championshipတွင် ယှဉ်ပြိုင်ခွင့်ရခဲ့သော ကစားသမားများဖြစ်ကြသည်။




Some text some message..