မြန်မာစပါးအုံးအဖြစ် နာမည်ကြီးနေသူ နီကိုလာဘာ့ခ် ကို WLC က ရိုးရာလက်ဝှေ့ထိုးရန် စာချုပ်
mmtimes.com
|
2019-04-04

နီကိုလာဘာ့ခ်။ ဓာတ်ပုံ − ပေးပို့

အင်္ဂလန်နိုင်ငံသူ တိုက်ကွမ်ဒိုခါးပတ်နက် တိုက်ခိုက်ရေးသမား နီကိုလာဘာ့ခ်ကို WLC (World Lethwei Championship)က ဧပြီ ၂ ရက်တွင် တရားဝင်စာချုပ်ချုပ်ဆိုခဲ့သည်။

နီကိုလာဘာ့ခ်သည် လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာ စပါးအုံးမ (The Burmese Python) ဆိုသည့် နာမည်ကြောင့် မြန်မာပရိသတ်များ၏အာရုံစူးစိုက်မှုကို ရရှိထားသူဖြစ်သည်။

နီကိုလာဘာ့ခ်သည် တိုက်ကွမ်ဒိုအပြင် K-1ကစ်ဘောက်ဆင်နှင့်မွေထိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ထားသူ ဖြစ်သည်။လက်ရှိအင်္ဂလန်နိုင်ငံ လူတန်မြို့ရှိ Storm Gym တွင် လေ့ကျင့်လျက်ရှိသည် နီကိုလာ ကို WLC က ရိုးရာလက်ဝှေ့ပွဲစဉ်များတွင် ဝင်ရောက်ထိုးသတ်ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

''နီကိုလာကို ရိုးရာလက်ဝှေ့ထိုးဖို့ သီးသန့် စာချုပ်ချုပ်လိုက်တာပါ။ စာချုပ်သက်တမ်းကတော့ ကစားသမားသက်တမ်း တစ်လျှောက်လုံးပါ။WLC ဘက်ကအနည်းဆုံး တစ်နှစ်တစ်ပွဲ ထည့်ပေးရင် စာချုပ်သက်တမ်းကအလိုအလျောက်ထပ်တိုးပါတယ်''ဟု WLC ၏ မီဒီယာတာဝန်ခံကိုအောင်သူက မြန်မာတိုင်း(မ်)ကို ပြောသည်။

နီကိုလာသည် တိုက်ကွမ်ဒိုကစားသမား ဘဝမစတင်ခင် ဘဲလေးအကသမားအဖြစ် ရပ်တည်ခဲ့ပြီး တိုက်ကွမ်ဒိုကစားသမားဘဝတွင် ကမ္ဘာ့ချန်ပီယံဖြစ်သည်အထိအောင်မြင်မှုရခဲ့သည်။

နောက်ပိုင်းတွင် ကစ်ဘောက်ဆင်နှင့်မွေထိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ထိုးသတ်ခဲ့ပြီး ရှစ်ပွဲနိုင် တစ်ပွဲရှုံး မှတ်တမ်းကို ရရှိထားသည်။

ပြည်တွင်းအမျိုးသမီးရိုးရာလက်ဝှေ့သမားများထဲတွင် နီကိုလာနှင့် ဝိတ်တန်းတူကစား သမားရှားပါးခြင်းကြောင့် နိုင်ငံခြားသားပြိုင်ဘက်ဖြင့်ထိုးသတ်စေရန်စီစဉ်ထားပြီး ၂ဝ၁၉ ခုနှစ် နောက်ပိုင်းတွင် နီကိုလာဘာ့ခ်၏ ပထမဆုံးရိုးရာလက်ဝှေ့ပွဲကို မြင်တွေ့ရဖွယ်ရှိကြောင်း WLC က သတင်းထုတ်ပြန်ထားသည်။




Some text some message..