ဇွန်လတွင် ကျင်းပမည့်အမ်အမ်အေ ပွဲစဉ်တွင်အင်ဒိုနီးရှားဖိုက်တာ ဗစ်တိုရီယိုနှင့် ယှဉ်ပြိုင်ရမည့် ဖိုးသော်
mmtimes.com
|
2019-05-02

လာမည့် ဇွန်လအတွင်းကျင်းပမည့် One Championship ၏အမ်အမ်အေပြိုင်ပွဲတွင် မြန်မာကိုယ်ခံပညာအားကစားသမား ဖိုးသော်သည်အင်ဒိုနီးရှားဖိုက်တာ ဗစ်တိုရီယို ဆန်းဒက်ခ် (Victorio Senduk) နှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။

ONE Hero Series June ဟုအမည်ပေး ထားသောအဆိုပါ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကြီးကို ဇွန် ၁၄ ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်သည်။

ပရော်ဖက်ရှင်နယ်အမ်အမ်အေမှတ်တမ်း ခုနစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ် ရရှိထားသည့် ဖိုးသော်သည် နောက်ဆုံးပြိုင်ပွဲအဖြစ် မတ်လအတွင်းက ယှဉ်ပြိုင်ခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံသား ရိုဟန်ကို ပထမအချီအတွင်းအလဲထိုးဖြင့်အနိုင်ရရှိထားသည်။

ယခုယှဉ်ပြိုင်ရမည့် ပြိုင်ဘက် ဗစ်တိုရီယို ဆန်းဒက်ခ်သည်လည်းအင်ဒိုနီးရှားနိုင်ငံသား တစ်ဦးဖြစ်ပြီး သုံးပွဲနိုင်၊ နှစ်ပွဲရှုံးအမ်အမ်အေ ပြိုင်ပွဲမှတ်တမ်းကို ရရှိထားသည်။

ထူးခြားချက်မှာ ဗစ်တိုရီယို ဆန်းဒက်ခ်သည် ဖိုးသော်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသော ကမ္ဘောဒီးယားဖိုက်တာ ဆော်ဆေး၊အင်ဒိုနီးရှားဖိုက်တာ ရိုဟန်တို့နှင့် ထိုးသတ်ခဲ့ဖူးပြီး ရိုဟန်ကိုအနိုင်ရကာ ဆော်ဆေးကို ရှုံးနိမ့်ထားသည်။

''ကျွန်တော်နဲ့ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ရိုဟန်၊ ဆော်ဆေး တို့ကို သူလည်း ယှဉ်ပြိုင်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ ပြိုင်ဘက်အပေါ် လေ့လာနေဆဲပါ''ဟု ဖိုးသော်က မြန်မာတိုင်း(မ်)ကို ပြောသည်။ယင်းပွဲစဉ်မတိုင်ခင် ဖိုးသော်သည်အမေရိကသို့ သွားရောက်၍ လေ့ကျင့်ပြင်ဆင်မည် ဖြစ်သည်။

''မေလအတွင်းအမေရိကကို သွားရောက်လေ့ကျင့်မှာပါ။ ပြိုင်ပွဲမတိုင်ခင်အထိဆိုတော့ တစ်လကျော်လောက်ကြာမယ်။ ဟိုမှာကအစစအရာရာကောင်းမွန်တဲ့ Gym တွေ ရှိတဲ့အတွက် ဒီခရီးစဉ်က ကျွန်တော်ရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်တက်လာအောင်အထောက်အပံ့ပေးမှာပါ''ဟု ဖိုးသော်က ပြောသည်။




Some text some message..