
ရန်ကုန်ယူနိုက်တက် ဂိုးသမား ကျော်ဇင်ထက်။ဓာတ်ပုံ- ရန်ကုန်ယူနိုက်တက်
လက်စွမ်းပြ
အေအက်ဖ်စီဖလားပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တစ်ပွဲအဖြစ် မေ ၁၅ရက် ညနေ ၄နာရီခွဲက သုဝဏ္ဏကွင်း၌ ရန်ကုန်ယူနိုက်တက်နှင့် ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ရန်ကုန်ယူနိုက်တက်က နှစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။
အဆိုပါပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက် ဂိုးသမား ကျော်ဇင်ထက်မှာ လက်စွမ်းပြနိုင်ခဲ့သဖြင့် ယခုကဲ့သို့ ရွေးချယ်ခံရခြင်းဖြစ်သည်။ တစ်ပတ်တာအကောင်းဆုံးအသင်းစာရင်းတွင်အင်ဒိုနီးရှားကလပ် ပါစီဂျာ ဂျာကာတာအသင်းမှ ကစားသမားသုံးဦးအထိအများဆုံးရွေးချယ်ခံရပြီး ဗီယက်နမ်ကလပ် ဟနွိုင်းအက်ဖ်စီ ကစားသမားတစ်ဦးလည်း ရွေးချယ်ခံရသည်။
ပြစ်ဒဏ်ချ
ရန်ကုန်ယူနိုက်တက်ဂိုးသမား ကျော်ဇင်ထက်သည် ယခုနှစ်ဘောလုံးရာသီတွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် နေရှင်နယ်လိဂ်ပထမအကျော့ပွဲစဉ်အားလုံးကို လွဲချော်ခဲ့ရပြီးအေအက်ဖ်စီပွဲစဉ်များ၌သာအသင်းအတွက် ပွဲထွက်ကစားခဲ့ရသည်။၎င်းသည် ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီး၏ ပင်နယ်တီပေးသည့် ဆုံးဖြတ်ချက်ကို မကျေနပ်၍ ရန်ပြုရန် ကြိုးစားခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီကအနီးစပ်ဆုံး ၁၂ပွဲပယ်နှင့် ဒဏ်ကြေး ကျပ် ၁၀သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ကျေနပ်ခဲ့ရ
လက်ရှိအချိန်တွင် ဂိုးသမားကျော်ဇင်ထက်၏ ပွဲပယ်ပြစ်ဒဏ်စေ့ခဲ့ပြီဖြစ်၍ ဇွန် ၁၅ရက်တွင် ရခိုင်ယူနိုက်တက်နှင့် ယှဉ်ပြိုင်မည့် နေရှင်နယ်လိဂ် ဒုတိယအကျော့အဖွင့်ပွဲစဉ်၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်သည် ယခုနှစ်ရာသီ နေရှင်နယ်လိဂ်အမှတ်ပေးဇယားအဆင့် ၃တွင် ရပ်တည်နေသော်လည်းအေအက်ဖ်စီပြိုင်ပွဲ၌အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။