ဖိုးသော်အကြောင်း လူသိနည်းသည့် စိတ်ဝင်စား ဖွယ်ရာအချက် ၅ ချက်
mmtimes.com
|
2019-05-29



ONE Championship ၏ မြန်မာကစားသမားများထဲတွင်အောင်လအန်ဆန်ပြီးလျှင် ဒုတိယ ပွဲအများဆုံး ကစားထားသူမှာ“ဘူရှီဒို”ဖိုးသော် ဖြစ်သည်။ ဖိုးသော်သည်အသက် ၃ဝ ကျော်မှအားကစားလောကထဲ ဝင်လာသူ ဖြစ်သော်လည်းအချိန်တိုအတွင်း နိုင်ပွဲများဆက်ကာ နာမည်ကျော်ကြားလာသူ ဖြစ်သည်။

ပြိုင်ပွဲများတွင် ပရိသတ်အားပေးမှုလည်း တခဲနက် ရရှိသည့် ဖိုးသော်၏ ဘဝတွင် လူသိနည်းသော စိတ်ဝင်စားဖွယ်ရာအချက်များစွာ ရှိသည်။ ၎င်းတို့အနက်မှ ထူးခြားသည့်အချက်တချို့ကို တင်ပြ လိုက်ရပါသည်။


၂၉ ကြိမ်မြောက် သွေးလှူရှင်

ONE Championship တွင် ပါဝင်ကစားနေသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမား တစ်ဦးဖြစ်သော ဖိုးသော်အတွက် ကြိုးဝိုင်းအတွင်း သွေးထွက်သံယိုဖြစ်ခြင်းမှာ ဆန်းကြယ်သည့် ကိစ္စတော့မဟုတ်ပေ။ သို့သော် ၎င်းသည် သွေးများဖြင့် လူ့အသက်ပေါင်း များစွာကို ကယ်တင်နေသူ တစ်ဦးဖြစ်သည်ကိုသိရှိသူ နည်းပါးလှသည်။ ဖိုးသော်သည် ပြိုင်ပွဲ တစ်ပွဲ ထိုးသတ်ပြီးတိုင်း စုပေါင်းသွေးလှူသည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ကာအရေးပေါ် သွေးလိုအပ်နေသည့် လူနာအများအပြားကို ကယ်တင်လျက်ရှိသည်။

ယခုဆိုလျှင် ၎င်း၏ သွေးလှူခဲ့သည့်အကြိမ်ပေါင်း ၂၉ ကြိမ်အထိပင် ရှိခဲ့ပြီဖြစ်သည်။အထက်တန်း ကျောင်းသား ဘဝကပင် သွေးလှူသည့်အတွေ့အကြုံရှိခဲ့သူ ဖိုးသော်သည် မေတ္တာလူငယ်အမည်ရသည့် သွေးလှူရှင်အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားကာအရေးပေါ် သွေးလိုသူများကို ၂၄ နာရီအခမဲ့လိုက်လံကူညီ ပေးလျက်ရှိသည်။ ထို့ပြင်အခြားပရဟိတလုပ်ငန်းများ ကိုလည်း စွမ်းဆောင်နိုင်သလောက် ပြုလုပ်နေသူ ဖြစ်သည်။


နိုင်ငံ့ဂုဏ်ဆောင် ညီအစ်ကို

ဖိုးသော်သည် ONE Championship တွင် မြန်မာနိုင်ငံ ကိုယ်စားပြုကာ ပါဝင်ယှဉ်ပြိုင် နေသကဲ့သို့ ၎င်း၏ ညီအရင်း ဖြစ်သူ ကောင်းစည်သူမှာလည်း မြန်မာ့လက်ရွေးစင် ဘောလုံးသမားတစ်ဦး ဖြစ်သည် ဆိုသည်ကို သိသူ သိပ်မများလှချေ။

ရန်ကုန် ယူနိုက်တက်၏အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သူ ကောင်းစည်သူသည် ရန်ကုန်၊ ရတနာပုံ၊ ဇေယျာရွှေမြေ၊ ဇွဲကပင်အသင်းတို့တွင် ပါဝင်ကစားခဲ့ဖူးပြီး လက်ရှိတွင် Southern Myanmarအသင်းတွင် ကစားနေသူ ဖြစ်သည်။ ဖိုးသော် ကိုယ်တိုင်လည်း ငယ်စဉ်က ဘောလုံးအားကစားကို ဝါသနာပါခဲ့ပြီး ကျောင်းလက်ရွေးစင် ဂိုးသမားဖြစ်ခဲ့သည်။ ဝန်ကြီးဌာန ကလပ်တစ်ခုတွင်ညီအစ်ကို နှစ်ယောက်အတူသွားလေ့ကျင့်သည့်အခါ ထင်မှတ်မထားသည့် ပြဿနာအချို့ကြောင့်သာ ဖိုးသော်၏ ဘောလုံးအားကစားနှင့်အသက်မွေးလိုသည့်စိတ် ပျက်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ညီဖြစ်သူ၏အောင်မြင်မှုကိုအားကျအတုယူကာအားကစား လိုက်စားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဖိုးသော်က ဝန်ခံခဲ့သည်။


စီးပွားရေးသမား ဖြစ်လိုသူ

ဖိုးသော်သည် လက်ရှိတွင်အောင်မြင်သော ကိုယ်ခံပညာအားကစားသမားတစ်ဦး ဖြစ်နေသော်လည်း ငယ်စဉ်ကတည်းက ၎င်း၏ ရည်မှန်းချက်မှာအောင်မြင်သော စီးပွားရေးသမား တစ်ယောက် ဖြစ်လိုခြင်း ဖြစ်သည်။ ဖိုးသော်သည် ဘဝတစ်လျှောက်တွင် စီးပွားရေး လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးပြီး နံပါတ်အနက် တက္ကဆီသမားဘဝ၊ လုံခြုံရေး ဝန်ထမ်းဘဝ၊ ကားဝယ်ရောင်း ပွဲစားဘဝ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်ငယ်ဘဝ စသဖြင့် ဘဝပေါင်းများစွာ ဖြတ်သန်းခဲ့ရသည်။ နောက်ဆုံးတွင်မှ မခံချင်စိတ် တစ်ခုဖြင့် ကိုယ်ခံပညာအားကစားကို ဇောက်ချ လေ့လာလိုက်စားရင်းက ယခုကဲ့သို့အခြေအနေ ရောက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဖိုးသော်က ၎င်း၏ ငယ်ဘဝရည်မှန်းချက်ထဲတွင် ကိုယ်ခံပညာအားကစားသမား တစ်ဦးဖြစ်ရန် ဆိုသည့် ရည်မှန်းချက် မပါဝင်ခဲ့ဘဲ စီးပွားရေးသမားသာ ဖြစ်လိုခဲ့သည်ဟု ဝန်ခံခဲ့သည်။


ဘူရှီဒိုဆိုသည့်အမည်

ဖိုးသော်၏ ကြိုးဝိုင်းနာမည် ဖြစ်သော “ဘူရှီဒို” ဆိုသည်ကို မည်သည့်အတွက်ကြောင့် ပေးထားသည် ဆိုသည်ကိုလည်း ပြည့်စုံစွာ သိရှိသူ နည်းပါးသည်။ ဘူရှီဒို (Bushido) ဆိုသည့် စကားလုံးမှာ ဂျပန်ဘာသာ စကားဖြစ်ပြီးအနိုင်မခံအရှုံးမပေးသည့် ဆာမူရိုင်း စိတ်ဓာတ် ဟူ၍အဓိပ္ပါယ်ရသည့် စကားစု ဖြစ်သည်။

အဆိုပါ စကားလုံးကို ကြိုးဝိုင်းနာမည်အဖြစ်ထားရန် ဖိုးသော် စိတ်ကူးရခဲ့သည့်အကြောင်းရင်းမှာ ၂ဝ၁၆ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော နိုင်ငံတကာ ဖိတ်ခေါ် ကျိူရှင်းကရာတေး ပြိုင်ပွဲတွင် ၎င်းကို ဘူရှီဒိုဆု ချီးမြှင့်ခဲ့သောကြောင့် ဖြစ်သည်။အင်္ဂလိပ်နှင့် ဂျပန် ဘာသာစကား နှစ်ခုတတ်ကျွမ်းသည့် ဖိုးသော်သည် မည်သည့်အခါမျှအရှုံးမပေး (Never Give Up)

ဟူသည့်အဓိပ္ပါယ်ရသော ဘူရှီဒိုအမြတ်တနိုးဖြင့် ကြိုးဝိုင်းနာမည်ပေးခဲ့ခြင်း ဖြစ်သည်။




Some text some message..