အကောင်းဆုံးပြင်ဆင်ထားပြီး နောက်ဆုံးပွဲစဉ်တစ်ပွဲကဲ့သို့ ရေကုန်ရေခမ်းအစွမ်းကုန်ကြိုးစားသွားမည့် ဖိုးသော်
yoyarlay.com
|
2019-05-30



တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင်ကျင်းပမည့် ONE: Legendary Quest ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား ဖိုးသော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ၎င်းအနေဖြင့်အကောင်းဆုံးပြင်ဆင်ထားပြီး နောက်ဆုံးပွဲစဉ်တစ်ပွဲကဲ့သို့ ရေကုန်ရေခမ်းအစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၃၄) နှစ်အရွယ်ရှိ ဖိုးသော်သည် ONE: Legendary Quest ပြိုင်ပွဲကြီးတွင် ၎င်းထက်အသက် (၃) နှစ်ခန့်ကြီးသောအင်ဒိုနီးရှားကစားသမား Victorio “Indra” Senduk နှင့် ဖယ်သာဝိတ်တန်းတွင် ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။


Senduk သည်အင်ဒိုနီးရှားလက်ရွေးစင်ဝူရှူးအားကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင်အင်ဒိုနီးရှားနိုင်ငံအတွက် ကြေးတံဆိပ်ရယူပေးထား

“ကျွန်တော်အနေနဲ့ ပြိုင်ဘက် Senduk ရဲ့အကြောင်းကိုအနည်းအကျဉ်းပဲသိထားပါတယ်။အသေးစိတ်တော့ မသိရှိထားပါဘူး။ ပွဲအတွင်းမှာ ဘယ်လိုရင်ဆိုင်မယ်ဆိုပြီး စဉ်းစားထားတာမျိုး Game Plan ချထားတာမျိုးမရှိပါဘူး။ ဖြစ်ပေါ်လာတဲ့ပွဲအခြေအနေပေါ်မှာကြည့်ပြီးအကောင်းဆုံးထိန်းကျောင်းသွားမယ်။ ကိုယ့်ဘက်ကတော့အကောင်းဆုံးပြင်ဆင်ထားပါတယ်။” ဟု ဖိုးသော်ကဆိုသည်။

မြန်မာပရိသတ်၏ တခဲနက်အားပေးမှုကိုရရှိထားသည့် ဖိုးသော်သည်အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ရှိ Citadel Martial Arts Gym နှင့် Florian Martial Arts Center တို့တွင် သွားရောက်လေ့ကျင့်လျက်ရှိသည်။

“ကျွန်တော်ရဲ့အမေရိကန်နိုင်ငံ လေ့ကျင့်ရေးခရီးစဉ်မှာအတွေ့အကြုံရှိပြီးဝိတ်တန်းမတူတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတွေနဲ့ လေ့ကျင့်နေပါတယ်” ဟု ဖိုးသော်က ဆိုသည်။

၎င်း၏အမေရိကန်လေ့ကျင့်ရေးခရီးစဉ်သည် ခက်ခဲကြမ်းတမ်းမှုများရှိသော်လည်း ပရိသတ်များ၏အားပေးမှုများကိုမြင်တွေ့ရတိုင်း ပင်ပန်းခဲ့သမျှသက်သာသွားကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

“အားပေးနေတဲ့သူတွေရှိနေတယ်ဆိုတဲ့အသိလေးနဲ့တင် ပင်ပန်းတာတွေသက်သာပါတယ် ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်အကောင်းဆုံးကြိုးစားနေပါတယ်။ ကျွန်တော်အောင်မြင်ခဲ့ရင်အားလုံးနဲ့သက်ဆိုင်ပါတယ်။ မအောင်မြင်မချင်း ကြိုးစားနေမှာပါ” ဟု ဖိုးသော်က ရေးသားခဲ့သည်။

ဖိုးသော်သည် ONE Championship တွင် (၈) ပွဲကစားထားပြီး (၇) ပွဲနိုင် (၁) ပွဲရှုံးနိမ့်ထားသည်။ ၎င်းယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအားလုံးသည် မြန်မာနိုင်ငံအတွင်း၌သာယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ONE: Legendary Quest ပြိုင်ပွဲသည် ဖိုးသော်အတွက် ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားတွင် ယှဉ်ပြိုင်ရမည့်ပွဲဖြစ်သည်။

“ဒီပွဲက ကျွန်တော်အတွက်အရမ်းအရေးကြီးတဲ့ပွဲပါ။ ဒါကြောင် နောက်ဆုံးပွဲစဉ်တစ်ခုလို သဘောထားပြီးအကောင်းဆုံးကြိုးစားကစားသွားမှာပါ။ နောက်ပြီး ဒီပွဲမှာ ကျွန်တော့်အနေနဲ့ မတ်တပ်ရပ်တိုက်စစ်နည်းရော ဂျုဂျစ်ဆုနည်းပါ နှစ်ခုလုံးကိုအသုံးပြုဖို့ လေ့ကျင့်ထားပါတယ်” ဟု ဖိုးသော်ကဆိုသည်။

ဖိုးသော်၏ ပြိုင်ဘက်ဖြစ်သူ Senduk ကမူ ဖိုးသော်ထက် တိုက်စစ်ဖွင့်ပြီး ပြင်းပြင်းထန်းထန် မာန်ဖြင့် ကစားမည်ဟု ကြုံးဝါးထားပြီး ဖိုးသော်ကိုလည်း ဇွဲနပဲကြီးပြီးအရေထူသူဟု ချီးကျူးထားသည်။

Senduk သည်အင်ဒိုနီးရှားလက်ရွေးစင်ဝူရှူးအားကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင်အင်ဒိုနီးရှားနိုင်ငံအတွက် ကြေးတံဆိပ်ရယူပေးထားသည်။ ၎င်းအနေဖြင့် ONE Championship နှင့်အတူ (၄) ပွဲ ကစားထားပြီး (၂) ပွဲနိုင် (၂) ပွဲရှုံးနိမ့်ထားသည်။ ၎င်းသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင်ကျင်းပခဲ့သည့် ONE: Conquest of Heroes ပြိုင်ပွဲပြီးနောက် ဒဏ်ရာအခြေအနေကြောင့် (၇) လခန့်အနားယူခဲ့ရသည်။


Ref: ONE Championship
Team (ရိုးရာလေး)


YOYARLAY Media & Online News



Some text some message..