9-Ball Pool ဗိုလ်လုပွဲ၌ ဘုန်းမြင့်ကျော် နိုင်ငံအတွက် စတုတ္ထမြောက်ရွှေ ဆွတ်ခူး
ဖိလစ်ပိုင်ဆီးဂိမ်းဘိလိယက်အမျိုးသားတစ်ဦးချင်း 9-Ball Pool ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာမှ ဘုန်းမြင့်ကျော်က ဗီယက်နမ်ကစားသမားကို အနိုင်ယူပြီး နိုင်ငံအတွက် စတုတ္ထမြောက်ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့သည်။
9-Ball Pool ဗိုလ်လုပွဲတွင် ဘုန်းမြင့်ကျော်သည် ဗီယက်နမ်ကစားသမားကို (၉ - ၄)ရလဒ်ဖြင့် အနိုင်ယူပြီး ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
ဘုန်းမြင့်ကျော်သည် အဖွင့်ပွဲစဉ်တွင် ဘရူနိုင်း ကစားသမားကို (၉- ၄)၊၁၆ဦးအဆင့်တွင် လာအိုကစားသမားကို (၉- ၈)ဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်လှမ်းခဲ့သည်။ ကွာတားဖိုင်နယ်တွင် ဗီယက်နမ်ကစားသမားကို (၉- ၇)ရလဒ်ဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ်တွင် စင်ကာပူကစားသမားကို (၉- ၆)ရလဒ်ဖြင့် အနိုင်ယူ၍ ဗိုလ်လုပွဲတက်ခဲ့ခြင်းဖြစ်သည်။
9-Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင်လည်း ဘုန်းမြင်ကျော်နှင့် အောင်မိုးသူအတွဲက ရွှေတံဆိပ်ဆုဆွတ်ခူးထားနိုင်ခဲ့သဖြင့် မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့သည် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှစ်ခု ဆွတ်ခူးထားနိုင်ခဲ့ပြီဖြစ်သည်။
ဘုန်းမြင့်ကျော်သည် တရုတ်နိုင်ငံဆုကြေးစားလောကတွင် ကျင်လည်ခဲ့သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်နှစ်ခုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲကိုဆက်လက်ကျင်းပလျက်ရှိနေရာ ဒီဇင်ဘာ ၁ဝရက် ညနေ ၆နာရီအထိရရှိထားသော ရလဒ်များအရမြန်မာနိုင်ငံမှ ရွှေ ၄ခု၊ငွေ ၁၈ခု၊ကြေး ၅ဝခု စုစုပေါင်း ဆုတံဆိပ် ၇၂ခုဖြင့် နိုင်ငံအလိုက်အဆင့် ၇ နေရာ၌ ရပ်တည်လျက်ရှိသည်။