
ထိုင်းနိုင်ငံမှာ ဂိမ်းကစားဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ကွန်ပျူတာတွေ ရောင်းအားတက်နေပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ဂိမ်းမာတွေ e-sports ကို ပိုကစားလာကြတဲ့အတွက်ကြောင့် အခုလို ရောင်းအားတက်လာတာ ဖြစ်ပါတယ်။
E-sports ကို မကြာသေးခင်ကမှ တရားဝင်အားကစားတစ်မျိုးအဖြစ် အာဏာပိုင်တို့က သတ်မှတ်ပေးခဲ့တာကြောင့်လည်း e-sports ကစားတဲ့ ဂိမ်းမာတွေ ပိုများလာခဲ့ပါတယ်။
Dell Technologies မှ Asia Emerging Markets and South Asia Consumer Business ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ Anothai Wettayakorn က “ကပ်ရောဂါ ဖြစ်ပွားချိန်ကစလို့ ဂိမ်းအပြင်းစားတွေ ကစားကြတဲ့ဂိမ်းမာတွေအပြင် သာမန်ဂိမ်းတွေ ကစားကြတဲ့ ကျောင်းသူကျောင်းသားတွေ ပိုများလာတယ်။ အွန်လိုင်းမှာ ဂိမ်းကစားကြတဲ့ အချိန်လည်း ပိုများလာတယ်” လို့ Bangkok Post သတင်းမီဒီယာကို ပြောပြပါတယ်။
ဂိမ်းနဲ့ e-sports သုတေသနလုပ်ငန်း NewZoo ရဲ့ အဆိုအရ ထိုင်းနိုင်ငံမှာ ဂိမ်းမာဦးရေ ၃၂ သန်း ရှိနေပြီး ဂိမ်းဈေးကွက်တန်ဖိုးက ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ဖြစ်ပါတယ်။
“ထိုင်းဈေးကွက်က အရှေ့တောင်အာရှမှာ ဂိမ်းရေချိန် မြင့်တဲ့ နိုင်ငံတစ်နိုင် ဖြစ်ပါတယ်” လို့ Mr Anothai က ပြောကြားပါတယ်။
ထိုင်းနိုင်ငံမှာ ဂိမ်းမာတွေရဲ့ ၈၄% က တစ်ကိုယ်ရေသုံး ကွန်ပျူတာ ( PC) နဲ့ ကစားကြပါတယ်။
Dell က ဂိမ်းကစားတဲ့ ကွန်ပျူတာတွေကို Alienware အမည်အမှတ်တံဆိပ်ဖြင့် ဖြန့်ဖြူးပါတယ်။
Alienware လတ်တလောမှာ လက်ပ်တော့မော်ဒယ်အသစ်တွေကို X-Series နဲ့ M-Series အဖြစ်ဖြင့် ထုတ်လုပ်လျက် ရှိပြီး အာရှရဲ့ ဂိမ်းကွန်ပျူတာဈေးကွက်အတွက် မော်ဒယ်အသစ်များအဖြစ် G-Series တွေ စတင်ထုတ်လုပ်ခဲ့ပါတယ်။
“Alienware ဈေးကွက်ထဲ ဝင်ရောက်လာတာကို အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ မြန်မာနဲ့ မွန်ဂိုးလီးယားတို့မှာ ဂိမ်းမာတွေ ကြိုဆိုကြလိမ့်မယ်လို့ ကျွန်တော် တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အတွက် မိုင်တိုင်တစ်ခုပါပဲ” လို့ Mr Anothai က ပြောကြားပါတယ်။
ချစ်ပ် ထုတ်လုပ်တဲ့ Intel နဲ့ AMD တို့နဲ့အတူ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကွန်ပျူတာဂိမ်းကစားခြင်းကို နောက်ထပ်အဆင့်တစ်ခုရောက်အောင် မြှင့်တင်သွားမယ်လို့ သူက ပြောပြပါတယ်။
မော်ဒယ်အသစ်တွေရဲ့ ရောင်းဈေးတွေက
Alienware x15 (113,490 baht),
Alienware m15 Ryzen Edition R5 (72,590 baht),
Alienware m15 R6 (74,490 baht),
Dell G15 Ryzen Edition (38,090 baht)
Dell G15 (35,990 baht)
သာမန်ဂိမ်းများ ကစားဖို့နဲ့ ဂိမ်းအပြင်းစားများ ကစားဖို့အတွက် ကွန်ပျူတာတွေ အမျိုးမျိုး ရောင်းချလျက် ရှိပြီး ရောင်းဈေးတွေက ဘတ် ၂၀,၀၀၀ မှ ဘတ် ၁၀၀,၀၀၀ အထိ အစားစား ရှိပါတယ်။